အပိုင်း (၂၈၃)

ဟာစီရို သေဆုံးခြင်း

လူတစ်စုက ကောင်းကင်မှ ဆင်းသက်လာကာ တည်းခိုခန်းအား ဝန်းရံသူများထံသို့ ရောက်ရှိလာသည်။ သူတို့ကား တော်ဝင်ချန်မြို့ကို သွားရောက် စုံစမ်း စစ်ဆေးခဲ့ကြသူများ ဖြစ်သည်။ သူတို့က စစ်ဆေးမှု ရလဒ်ကို ယူလာသည်။

တော်ဝင်ချန်မြို့တွင် ဟာစီရိုက ဟူတောင် ဟူသော တစ်ယောက်ဖြင့် အဆက်အသွယ် ရှိခဲ့သည်။ ဟူတောင်အား သိသူတစ်ယောက်က ပြောပြခဲ့သည်မှာ ဟူတောင်က မြေဓာတ် အထူးပြု အကာနာ တန်ခိုးရှင် ဖြစ်သည်။ ဟာစီရိုက ဟူတောင်၏ မိသားစုအား တစ်ကြိမ်တစ်ခါက ကူညီခဲ့ဖူး၏။ ထို့နောက် ဟူတောင် ပျောက်ဆုံး သွားခဲ့သည်။

ကျောင်းတော်မှ လူများက ဟူတောင်၏ မိသားစုကို သွားရောက် ရှာဖွေခဲ့သော်လည်း သူတို့ မရောက်မီ ရက်အနည်းငယ်ခန့်က တစ်မိသားစုလုံး အစအန မကျန်အောက် ပျောက်ဆုံး သွားခဲ့သည်။

ထိုသတင်းအား သယ်ဆောင် လာပြီးနောက် အရာအားလုံးက ရှင်းလင်းသွားပြီ ဖြစ်သည်။ လူသတ်သမားက သေဆုံးသွားပြီး ဖြစ်ကာ သူ၏ မိသားစုကလည်း ပျောက်ကွယ် သွားသည်။ သက်သေလုံးဝ မရှိတော့ပေ။

ကော့တေး အုပ်စုတွင် ကျူးကော့ဟွေနှင့် တခြားလူများက ထိုင်နေကြသည်။ ထိုသတင်းအား နားထောင်ကာ ကျူးကော့ဟွေက ပြုံးလိုက်သည်။ သက်သေ မရှိတော့ဘူးတဲ့လား။

“မောင်ငယ်လေး… သွားရအောင်…” သူမက ရီဖူရှင်းအား ပြုံးလျက် ပြောသည်။ အရာအားလုံးက ရှင်းလင်းနေပြီ ဖြစ်သည်။ သက်သေရှာရန် လိုအပ်သေးသလော။ သက်သေက ဖျက်ဆီး ခံရသည် မခံရသည်က အရေးမကြီးတော့ပေ။

“ဟုတ်ကဲ့….” သတင်းအား ကြားပြီးနောက် ရီဖူရှင်းကလည်း နားလည်သည်။ ဟာစီရိုကား အမှန်ပင် လုပ်ကြံသူ ဖြစ်သည်။

ထိုစဉ်က ဟာစီရိုက ကန်ယီနိုင်ငံကို သွားကာ သူ၏ မိသားစုအား အန္တရာယ်ပေးရန် ကြိုးပမ်းခဲ့သည်။ ယခု သူမက လျိုဂျန်လန် အတွက် သူ့အား သတ်လိုသည်။

သူမအား ခွင့်လွှတ်၍ မရနိုင်ပေ။

ထိုစဉ်က သူက ကော့တေးအား မဝင်ရသေးဘဲ ကန်ယီနိုင်ငံမှ စောင့်ကာ အင်အားစုများ၏ ဖိတ်ခေါ်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူက တော်ဝင် ချင်ကျောင်းတော်၏ မင်းသမီးအား ထိရန် မစွမ်းသေးပေ။

ယခုကား ကျောင်းတော်နှင့် ကော့တေးက သူ၏ နောက်တွင် ရှိသည်။ သူ၏ အစ်မနှစ်ကလည်း ကိုယ်တိုင် ကူညီ ဖြေရှင်း ပေးနေသည်။ သူက ကိုယ်တိုင် မဖြေရှင်း နိုင်သေးသည့်တိုင် သူ၏ ရင်ဘတ်က နွေးထွေးရသည်။

သူတို့ အုပ်စုက တော်ဝင် ချန်ကျောင်းတော် အုပ်စု ရှိနေရာသို့ လျှောက်သွား လိုက်ကြသည်။ လူအများက သူတို့ သွားရာနောက်ကို လိုက်ပါလာကြရာ လူအုပ်ကြီးက လွန်စွာ ကြီးမားသည်။

ဤရက်ပိုင်းတွင် ရီဖူရှင်း၏ ကိစ္စက ခေ့ကေးမြို့၏ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံး ကိစ္စဖြစ်သည်။ ကျောင်းတော်က ဝန်းရံထားသော တည်းခိုခန်း အနီးတွင် များစွာသော တန်ခိုးရှင်များက အခြေအနေကို စောင့်ကြည့် နေကြသည်။ ယခု ကျောင်းတော်၏ စုံစမ်း စစ်ဆေးသူများက ပြန်ရောက်လာကာ ကျောင်းတော်မှ လူများက တည်းခိုခန်းထဲကို ဝင်လာသည်။ ကိစ္စက ဖြေရှင်းတော့မည့် အခြေအနေကို ရောက်လာပြီဟု သူတို့ သိကြသည်။

စွမ်းအားမြင့် တန်ခိုးရှင်များစွာက တော်ဝင် ချန်ကျောင်းတော် တည်းနေရာ တည်းခိုခန်း၌ စုစည်းနေကြသည်။ သူတို့က အခြေအနေကို သိလိုကြသည်။

မမြင်ရသော ဖိအားက တည်းခိုခန်း တစ်ခုလုံးအား လွှမ်းခြုံလာသည်။ တော်ဝင် ချန်ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များက တည်းခိုခန်းထဲမှ ထွက်လာကြကာ ကျောင်းတော်မှ လူများအား အေးစက်စွာ ကြည့်ကြသည်။ လူအုပ်က လမ်းကြောင်း တစ်ခုကို ဖွင့်ပေးသည်။ ဟာယွီလူက တည်းခိုခန်းမှ ထွက်လာကာ ကျောင်းတော်အား ကြည့်သည်။

“ဒါက ဘာအဓိပ္ပာယ်လဲ….” သူက အေးစက်သော အမူအရာဖြင့် မေးသည်။

ကျူးကော့ဟွေက သူ့အား ကြည့်ကာ ပြုံးသည်…. “လုပ်ကြံသူက ဘယ်သူလဲဆိုတာ တော်ဝင် ချန်ကျောင်းတော်က သိပြီး ဖြစ်မယ်လို့ ကျွန်မ ယူဆတယ်…. ဟူတောင်က ဘယ်သူလဲ ဆိုတာ ရှင်းပြဖို့ မလိုတော့ဘူး ထင်တယ်… ရှင်က သူ့မိသားစုတွေကိုလည်း အစဖျောက်ပစ်တယ်… ကျွန်မက ဒါကို လျစ်လျူရှုလိုက်လို့ ရတယ်…. ဒါပေမဲ့ ကျွန်မက လုပ်ကြံသူကို ဖမ်းဆီးတဲ့နေရာမှာ တစ်စုံတစ်ယောက်က တားရဲရင်တော့ ဒါကို တော်ဝင် ချန်ကျောင်းတော်ရဲ့ ဆန္ဒလို့ သတ်မှတ်ရလိမ့်မယ်…” ကျူးကော့ဟွေ၏ လေသံက ချက်ချင်း အေးစက်သွားသည်…. “ဒီလို ဆိုရင်တော့ ရှင်တို့ထဲက ဘယ်သူမှ အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူး…”

သူမက တော်ဝင် ချန်ကျောင်းတော်နှင့် ပြိုင်မငြင်းလိုပေ။ ကော့တေးတွင် ကိုယ်ပိုင်စည်းမျဉ်း ရှိသည်။ မိသားစုများအား ထိခွင့်မရှိပေ။ ယခုမူကား ဟာစီရိုက တစ်ဦးတည်းသော တာဝန်ရှိသူ ဖြစ်သည်။ သို့သော် တော်ဝင် ချန်ကျောင်းတော်က သူမအား ကာကွယ်ပါက သူတို့က ရီဖူရှင်းအပေါ် ဟာစီရို၏ လုပ်ကြံမှုက သူတို့၏ အလိုတူ မလိုပါဟု ဆိုလိုရာ ရောက်ပေသည်။ ဤသို့ဆိုလျှင် သူမက တော်ဝင် ချန်ကျောင်းတော် ကိုလည်း လွှတ်ပေးမည် မဟုတ်ပေ။

ဂူတုံးလျိုက ထိုစဉ်က တောင်အောက်မှ ဆင်းသွားသောအခါ သူက တရားခံကိုသာ အပြစ်ပေးလိုခဲ့သည်။ သို့သော် ထိုထိပ်သီး အင်အားစုက ထိုလူအား ကာကွယ်လိုခဲ့ရာ ထိုအင်အားစု တစ်ခုလုံးအား ရှင်းပစ်ခဲ့သည်။ ထိုကိစ္စအား ပြန်တွေးမိလျှင် တော်ဝင် ချန်ကျောင်းတော်မှ လူများ၏ အမူအရာများ ပျက်ယွင်း လာကြသည်။ ကျူးကော့ဟွေ၏ ခြမ်းခြောက်မှုက အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ထို့အပြင် သူတို့က ဟာစီရို၏ ထိုမိုက်မဲသော ကိစ္စတွင် ပါဝင် ပတ်သက်နေရခြင်း အတွက် ဒေါသ ထွက်ကြသည်။

ဤမိုက်မဲသော မိန်းမကြောင့်သာ မဟုတ်လျှင် ဤသို့သော အခြေအနေ ဖြစ်လာမည်လော။ ယခု ပဉ္စမသခင် ရောက်ရှိ လာသည်။ သူက သူ၏ သမီးအား ကာကွယ်ရန် ကြံစည် နေသည်လား။ ဤသို့ဆိုလျှင် ကော့တေး၏ ဒုတိယ တပည့်က ပြောသလို လုပ်မည်ဟု သူတို့ သိသည်။ ကော့တေးက ယခင်ကလည်း ထိုသို့ လုပ်ဖူးသည်။

တော်ဝင် ချန်ကျောင်းတော်၏ စွမ်းအားမြင့် တန်ခိုးရှင်များ ပင်လျှင် ဟာယွီလူအား ကြည့်နေကြသည်။ သူက သူ၏ မိသားစုအား ယခုထိ စွန့်လွှတ်နိုင်သေးပုံ မရပေ။ သူက ဟာစီရို၏ အမှားအတွက် လူတိုင်းအား စတေးရန် ကြံစည် နေသည်လား။

ထိုအနီးမှ လူများအားလုံး စိတ်ဝင်စားစွာ ကြည့်နေကြသည်။ သူတို့က နတ်သမီးအလား မိန်းကလေးအား ကြည့်ကြသည်။ ကော့တေး၏ ဒုတိယ တပည့်ကား အလွန်ပင် အရှိန်အဝါ ကြီးမားသည်။ သူမအား တားဆီးသူ ရှိပါက တော်ဝင် ချန်ကျောင်းတော်မှ မည်သူမှ ထွက်သွားနိုင်မည် မဟုတ်ပေ။ သူမ၏ ရှေ့မှ ပဉ္စမသခင်ကိုလည်း ဂရုစိုက်ပုံ မရပေ။

ဟာယွီလူက မည်သို့ ပြန်ပြောရမည် မသိပေ။ သူ၏ သမီးက အမှားကြီး လုပ်ခဲ့သော်လည်း သူမကား သူ၏ သမီးအရင်း ဖြစ်သည်။ အဖေတစ်ယောက် အနေဖြင့် သူမအား မည်သို့ လက်လွှတ် ရမည်နည်း။ လက်ရှိတွင်ကား သူက ကော့တေးကို အရိုးထဲက မုန်းတီးသည်ကိုသာ သိသည်။

ထိုစဉ် တော်ဝင် ချန်ကျောင်းတော် အုပ်စုက လမ်းဖယ် ပေးကြသည်။ နောက်ထပ် နှစ်ယောက် ရောက်ရှိလာသည်။ ထိုအခိုက်တွင် မရေမတွက်နိုင်သော မျက်လုံးအစုံများက ဟာစီရိုထံ ရောက်လာသည်။

လက်ရှိတွင်ကား သူမ၏ ပုံစံက အားနည်းပုံ ရနေသည်။ သို့သော်လည်း သူမ၏ မျက်လုံးများက ကော့တေးကို ကြည့်ရာတွင် အေးစက်နေဆဲ ဖြစ်သည်။ ထိုလူများက သူမအား သေခိုင်းရန် ရောက်လာကြသည်။

“လူသတ်သမားကို ကျွန်မ လွှတ်လိုက်တာ…” ဟာစီရိုက တွန့်ဆုတ်စွာ ပြောသည်။

ဤသို့သော အခြေအနေကို ရောက်လာပြီးမှ သူမက ငြင်းဆန်လျှင်ကော ကော့တေးက နောက်ဆုတ်မည်လော။ မဖြစ်နိုင်ပေ။

ဟာစီရိုက ကျူးကော့ဟွေအား အေးစက်စွာ ကြည့်သည်။ ဒါဆို သူမက ကော့တေး၏ ဒုတိယ တပည့် ဖြစ်ရမည်။ ကော့တေး၏ ဒုတိယ တပည့်က သူမအား လာရောက် အနိုင်ကျင့်ပုံက လွန်စွာ အရှိန်အဝါ ကြီးမားလှသည်။

“အရင်တုန်းက ကျွန်မက ဟူတောင်ရဲ မိသားစုတွေကို ကယ်ခဲ့ဖူးတယ်… ဒါကြောင့် သူက ကျွန်မအပေါ် အသက်ကြွေး တင်ခဲ့တယ်…. အဲဒီကတည်းက ဒီလို အကြံမျိုး ရှိခဲ့တယ်…. ဟူတောင်က ကျွန်မ ခိုင်းတာကို လက်ခံခဲ့ပြီး ရီဖူရှင်းကို လုပ်ကြံတယ်…” ဟာစီရိုက တည်ငြိမ်စွာ ပြောသည်… “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ တစ်ယောက်တည်းက တာဝန်ရှိတယ်….”

“ငါ မင်းကို ဘာလုပ်ခဲ့လို့လဲ…” သူမက သူ့အား ဤမျှ မုန်းတီးသည်။

“နင်က အရမ်း ပါရမီ ကောင်းနေလို့လေ…. ငါတစ်ယောက်တည်း မဟုတ်ဘူး…. အရှေ့မြေရိုင်း ဒေသက အင်အားစု အများအပြားက နင်နဲ့ ကော့တေးကို သေစေချင်ကြတယ်…. သူတို့က ဘာမှ မလုပ်တာပဲ ရှိတာ…” ဟာစီရိုက ရုတ်တရက် ရယ်မောလိုက်သည်။ သူမက အမှန်ကို ပြောနေခြင်း ဖြစ်ကြောင်း လူတိုင်းက သိသည်။

ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ဖူယွန်ဓားကလန်တို့ အားလုံးက ကော့တေး၏ တည်ရှိမှုကို ရှင်းပစ်လိုကြသည်။ ကော့တေး၏ တပည့်များက လွန်စွာ ပါရမီကောင်းကာ စွမ်းအားမြင့်လွန်း လှသည်။ သူတို့၏ တစ်ခုတည်းသော အပြစ်က လွန်စွာ အောင်မြင်လွန်း နေခြင်း ဖြစ်သည်။ လူအများအပြား အတွက် ကော့တေး၏ ပါရမီက မကောင်းမှု တစ်ခုဖြစ်သည်။ သို့သော်လည်း ရီဖူရှင်း၏ ပါရမီ တစ်ခုတည်းက ဟာစီရို၏ အကြောင်းပြချက် မဟုတ်ပေ။ ပို၍ အရေးကြီးသည်က သူ၏ ပါရမီက လျိုဂျန်လန်အား ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ လုပ်ခဲ့တာ အတွက် ကျွန်မက တာဝန်ယူတယ်…. ကျွန်မ ဝန်ခံတယ်…” ဟာစီရိုက ထပ်ပြောသည်။ သူမကား သေရန် ပြင်ဆင်ပြီး ဖြစ်သည်။

“မင်း ပါးစပ်ကို ပိတ်ထား…” ဟာယွီလူက အေးစက်စွာ အမိန့်ပေးသည်။ သူက ကျူးကော့ဟွေအား ကြည့်သည်…. “ကျုပ်သမီးက အမှားတစ်ခု လုပ်ခဲ့တယ်…. အဖေတစ်ယောက် အနေနဲ့ ကျုပ်က ကောင်းကောင်း မသင်ပေးခဲ့မိဘူး…. အခု ရီဖူရှင်းက အသက် ရှင်နေသေးတာ ကံကောင်းတယ်…. ကျုပ်က ခင်ဗျားတို့ကို တောင်းပန်ပြီးတော့ ဘယ်တောင်းဆိုမှုမျိုး မဆို လက်ခံပေးမယ်…” ဟွာယွီလူကား သူ၏ သမီးကို ကယ်တင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

“ဘာကမှ မပြောင်းလဲနိုင်ဘူး….” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။

လုပ်ကြံခြင်း၏ အကျိုးသက်ရောက်မှု ဤမျှဖြင့် မရပ်တန့်ပေ။ ယနေ့ သူမက ဟာစီရိုအား လွှတ်ပေး လိုက်ပါက တခြား အင်အားစုများ ကလည်း မကြိုးစားဘဲ နေမည်လော။

“မင်း ကိုယ်တိုင်လုပ်…” ဟာယွီလူအား လျစ်လျူရှုလျက် ကျူးကော့ဟွေက ဟာစီရိုအား ပြောသည်။

ဟာစီရိုက ခေါင်းငုံ့ကာ သူမ၏ လက်များအား အားနည်းစွာ ဆုပ်လိုက်သည်။ သူမက အဆင်သင့် ဖြစ်နေပြီဟု တွေးခဲ့သော်လည်း တကယ်တမ်း မူကား မသေချင်သေးပေ။

“ကော့တေးက မလွန်ဘူးလား….” ဟာယွီလူက အေးစက်စွာ ပြောသည်… “ရီဖူရှင်းက အသက်ရှင်နေတုန်းပဲ… ဒါတောင်မှ ကျုပ်သမီး သေတဲ့အထိ ဖိအား ပေးချင်သေးလား…”

“ဟုတ်တယ်….” ကျူးကော့ဟွေက တစ်ခွန်းတည်း ဖြေသည်။ သူမက ကော့တေးက လွန်ကဲသည်ဟု ပြောလျှင်ကော အဘယ်အရေးနည်း။

ဟာယွီလူက လက်သီးအား တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူ၏ ခန္ဓာမှလည်း ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါ ထွက်ပေါ်လာသည်။ သို့သော် ကျူးကော့ဟွေက သူ့အား တည်ငြိမ်စွာ ကြည့်နေသည်။ သူမထံမှ မည်သည့် ကိုယ်ရောင်ကိုယ်ဝါမှ ထွက်ပေါ်လာခြင်း မရှိပေ။ သို့သော်လည်း သူမက တည်ငြိမ်လေလေ လူအများက ထိတ်လန့် လေလေ ဖြစ်သည်။

အကယ်၍ ဟာယွီလူက ပြန်တိုက်ရဲပါက အကျိုးဆက်က မည်သို့ ဖြစ်မည်နည်း။ ကျောင်းတော်မှ လူများက ရှေ့ကို တက်လာကြသည်။ လုပ်ကြံခြင်းက ကျရှုံးခဲ့ပြီး ကျောင်းတော်က လွန်ကဲသည်ဟု သူက စွပ်စွဲနေသည်။ ဘယ်လောက် ရယ်စရာ ကောင်းသလဲ။

တော်ဝင် ချန်ကျောင်းတော်မှ လူများက ဟာယွီလူအား စိုးရိမ်စွာ ကြည့်ကြသည်။ သူက ပြန်တိုက်ခိုက်လျှင် တော်ဝင် ချန်ကျောင်းတော်၏ တပည့်များက မည်သို့ ဖြစ်မည်နည်း။

“အဖေ…” ဟာစီရိုက ခေါ်လိုက်သည်။ သူမက ခေါင်းယမ်းကာ ပြောသည်… “ကျွန်မက လုပ်ခဲ့ပြီးမှတော့ တစ်ယောက်တည်းပဲ ခံပါ့မယ်…” သူမ၏ မျက်လုံးများက နီရဲလာသည်။ သူမက လျိုဂျန်လန်အား လွမ်းဆွတ်စွာ ကြည့်သည်။ မကြာမီ သူတို့က ထာဝရ ခွဲခွာရတော့မည်။ သူမ၏ မျက်လုံးများတွင် မလိုလားသော အငွေ့အသက်များ ပြည့်နေ၏။

“အဖေ… သမီး စိတ်မကောင်းပါဘူး…” သူမက ပြောပြီးသည်နှင့် သူမ၏ အနီးမှ သဘာဝ စွမ်းအင်များ လှုပ်ခတ်သွားပြီး ဓားသွားများအဖြစ် ဖြစ်ပေါ်လာသည်။

“စီရို….” ဟာယွီလျို၏ အမူအရာက လုံးဝ ပျက်ယွင်း သွားသည်။ သူမအား တားရန် လက်ဆန့်တန်း လိုက်သည်။

“အဖေ… သမီးကို ကတိပေးခဲ့တာကို မမေ့ပါနဲ့…” သူမက ထိုသို့ ပြောပြီးသည်နှင့် ဓားသွားများက သူမ၏ ရင်ဘတ်များအား ထွင်းဖောက် သွားသည်။ သူမ၏ အဖြူရောင် ဝတ်စုံက သွေးခြင်းခြင်း နီရဲသွားကာ မြေပြင်သို့ လဲပြိုသွားသည်။ ဟာယွီလျိုက သူ၏  သမီးအား လျင်မြန်စွာ လှမ်းပွေ့ လိုက်သည်၏။ ဟာစီရို၏ မျက်လုံးများက သူမ၏ အဖေအား ကြည့်နေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများက မျက်ရည်များ စီးကျလာသည်။ နောက်ဆုံးတွင် သူမ၏ မျက်လုံးများ မှိတ်သွားပြီး ကိုယ်ရောင်ကိုယ်ဝါ ကလည်း ပျောက်ကွယ် သွားသည်။ ဟာယွီလူက ပတ်ဝန်းကျင်မှ လူများအား နီရဲသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ကော့တေးက ကျုပ်ရဲ့ သမီးကို အတင်း သေခိုင်းတယ်… ကျုပ် ဟာယွီလူက ဒါကို မှတ်ထားတယ်…” သူက ဒေါသထွက်လွန်း သောကြောင့် တုန်ယင်စွာ ပြောသည်။

“ကော့တေးက ခင်ဗျားသမီးကို အတင်း သေခိုင်းတာ မဟုတ်ဘူး…. ခင်ဗျားရဲ့ တပည့်နဲ့ ခင်ဗျားသမီးရဲ့ မကောင်းတဲ့ စိတ်က သူမကို သတ်ခဲ့တာ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

ရှေ့မှ မြင်ကွင်းကား လွန်စွာ ကံဆိုးမိုးမှောင်ကျမှု ဖြစ်ပြီး လူအများအပြားက သူတို့အား သနား ကရုဏာ သက်ကြသည်။ သို့သော်လည်း သူတို့က သနားစရာ လိုအပ်လို့လား။ သူမက ဤသို့ဖြစ်အောင် လုပ်ခဲ့ခြင်း ဖြစ်ကာ အပြစ်အား ကော့တေးထံကို ပုံချနေလျက် ကော့တေးအား အနိုင်စားသူများ အဖြစ် လူအများကို ထင်မြင်စေသည်။

ရီဖူရှင်း လက်မခံနိုင်ပေ။

သို့သော်လည်း ဤကိစ္စက မပြီးဆုံးသေးပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset