Switch Mode

အပိုင်း (၂၈၂)

ပဉ္စမသခင် ရောက်ရှိလာခြင်း

တော်ဝင် ချန်ကျောင်းတော်…. ဟာစီရို။

ကျူးကော့ဟွေက ရီဖူရှင်း ထောက်ပြသော နာမည်ကို ကြည့်ကာ မေးသည်… “မောင်ငယ်လေး… မင်း သူ့ကို သံသယ ရှိတာလား…”

ရီဖူရှင်းက ကျူးကော့ဟွေအား ကန်ယီနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည် များအား ပြောပြသည်။ ထို့နောက် သူက ပြောသည်… “အစ်မနှစ်… ကျွန်တော်က သိပ်မသေချာဘူး… ပြီးတော့ နာမည်တွေက ချင်ပြည်ထောင်က ပေးခဲ့တာ ဆိုတော့ ဒါက ဖြစ်နိုင်တယ်လို့ပဲ ပြောနိုင်တယ်….”

ကျူးကော့ဟွေက ခေါင်းညိတ်သည်။ အကယ်၍ လုပ်ကြံမှုအား ချင်ပြည်ထောင်ကသာ စီစဉ်ခဲ့ခြင်း ဖြစ်ပါက သူတို့က ကော့တေးအား တခြား လမ်းကြောင်း တစ်ခုသို့ ရောက်အောင် တွန်းပို့မည်ကို ကျူးကော့ဟွေကလည်း သိသည်။

“မင်းက ဒါက သံသယ ဖြစ်ဖို့ ကောင်းတယ် ဆိုမှတော့ ဒါက လုံလောက်ပြီ…. သူမက တကယ် လုပ်ခဲ့တယ်ဆိုရင် ပြေးလို့ လွတ်မှာလည်း မဟုတ်ဘူး….” ကျူးကော့ဟွေ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်…. “သွားစို့…”

“အစ်မနှစ် … ကျွန်တော်တို့ ဘယ်ကို သွားမှာလဲ…” ရွှီယီက မေးသည်။

“ငါတို့က တော်ဝင် ချန်ကျောင်းတော်က လူတွေ အားလုံးကို သွားပြီး ထိန်းသိမ်းမယ်….” ကျူးကော့ဟွေက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ရွှီယီက ဆွံ့အသွားသည်။ အစ်မနှစ်ကား အစ်မနှစ်သာ ဖြစ်သည်။ အစ်မနှစ်အတွက် ဘာသက်သေမှ လိုဟန်မရပေ။ မောင်ငယ်လေးက ဟာစီရိုက သံသယ ရှိဖွယ် ကောင်းသည်ဟု ယူဆလျှင် သူမက တော်ဝင် ချန်ကျောင်းတော်မှ လူများ အားလုံးကို အရင် ထိန်းသိမ်းကာ စုံစမ်း စစ်ဆေးမည် ဖြစ်သည်။ သူတို့က အပြစ်မရှိလျှင် မြားဦးအား ချင်ပြည်ထောင် ဘက်သို့ လှည့်မည်။

ထိုအခိုက်တွင် ချင်ပြည်ထောင်၏ တပည့်များကား သူတို့၏ ကိုယ်ပိုင် ကိစ္စဝိစ္စများကို လုပ်ဆောင် နေကြသည်။ တချို့က တန်ခိုးကျင့် နေကြသလို တချို့က လူသတ်မှုနှင့် ပတ်သက်၍ ပြောဆို နေကြသည်။ ကြံစည်သူက မည်သူဖြစ်မည်ကို သူတို့ကလည်း သိလိုကြသည်။

ထိုကိစ္စက ထိပ်သီး အင်အားစုများ အကြား အမှန်တကယ် စစ်ဖြစ်စေမည်လော။

တည်းခိုခန်း အပြင်ဘက်တွင် တော်ဝင် ချန်ကျောင်းတော်၏ တပည့် နှစ်ယောက်က အေးဆေးစွာ စကား ပြောနေကြသည်။ ရုတ်တရက် အဝေးမှ တန်ခိုးရှင်အုပ်စု တစ်စု ပျံသန်းလာရာ တည်းခိုခန်းအား ဝန်းရံလိုက်ကြသည်။

“ဘာဖြစ်တာလဲ….” တော်ဝင် ချန်ကျောင်းတော်၏ တပည့်များက မှင်တက် သွားကြသည်။

“ဒါ ကျောင်းတော်ကပဲ…”

သူတို့၏ မျက်နှာများ ပြာနှမ်းသွားသည်။ ထို့နောက် သူတို့က သတင်းပို့ရန် တည်းခိုခန်းထဲသို့ လျင်မြန်စွာ ပြေးဝင် သွားကြသည်။ မကြာမီ တော်ဝင် ချန်ကျောင်းတော် အထဲမှ လူများအားလုံးက အခြေအနေကို သိသွားကာ ထိတ်လန့် သွားကြသည်။ အမှန်တကယ် မည်သို့ ဖြစ်ပျက် နေသနည်း။

တော်ဝင် ချန်ကျောင်းတော်၏ တပည့်များက အကြီးအကဲ တစ်ယောက်၏ ဦးဆောင်မှုဖြင့် အပြင်ကို ထွက်လာကြ၏။ အကြီးအကဲက ဝန်းရံထားသော လူများကို ကြည့်ကာ မေးသည်… “ခင်ဗျားတို့က ဘာလုပ် နေကြတာလဲ…”

ရွှီယီက ရှေ့ကို တက်ကာ အေးစက်စွာ မေးသည်… “ဟာစီရို ရှိလား…”

ချက်ချင်းပင် တော်ဝင် ချန်ကျောင်းတော်မှ လူများ၏ မျက်နှာများ ပြာနှမ်း သွားကြ၏။ ဤမျှ လူအင်အားဖြင့် ကျောင်းတော်က ဟာစီရိုအား အဘယ်ကြောင့် ရှာဖွေနေသည်ကို သူတို့ ရိပ်မိလိုက်ကြသည်။

ကျောင်းတော်က ဤနေ့ရက်များတွင် ဘာကို လေ့လာ စုံစမ်းနေသည်ကို လူတိုင်း သိကြ၏။

ချက်ချင်းပင် တော်ဝင် ချန်ကျောင်းတော်မှ လူများက လွန်ခဲ့သော တစ်နှစ်ခန့်က ကန်ယီနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များကို မှတ်မိလိုက်ကြသည်။ သူတို့၏ မျက်နှာများ တစ်မုဟုတ်ချင်း နက်မှောင် သွားကြ၏။

ဟာစီရိုက ဒီကိစ္စကို လုပ်ခဲ့သည်လား။

ထိုအခိုက်တွင် ဟာစီရိုနှင့် လျိုဂျန်လန်တို့ အတူတူ ရှိနေကြ၏။ တည်းခိုခန်းက လွန်စွာ ရှုပ်ထွေးသော အခြေအနေတွင် ရှိနေရာ အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို သူတို့ သိကြသည်။

ဟာစီရို၏ မျက်နှာကလည်း အလွန်အမင်း ပြာနှမ်းနေသည်။ နောက်ဆုံးတွင် သူမအား ရိပ်မိ သွားကြပြီလား။

ဒါက မည်သို့ ဖြစ်နိုင်မည်နည်း။ လူသတ်သမားကား သေဆုံးသွားပြီး ဖြစ်ကာ သက်သေများလည်း ရှိမနေပေ။ သဲလွန်စ တချို့ရှိလျှင်ပင် သူတို့က သူမအား ဖမ်းချုပ်ရန် အကြောင်းပြချက် မရှိပေ။

ရုတ်တရက် လက်တစ်ဖက်က သူမ၏ လက်ဝါးအား လာရောက် ဆုပ်ကိုင်သည်။ လျိုဂျန်လန်က ညင်သာစွာ ပြောသည်… “စီရို… ဘာပဲဖြစ်ဖြစ်… ငါမင်းနဲ့ အတူတူ ရှိနေမယ်….”

ဟာစီရို၏ မျက်လုံးက နီရဲလာသည်။ သူမက လျိုဂျန်လန်၏ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ရင်းက သူမက ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ ချလိုက်သည်။ သူမက လျိုဂျန်လန်အား စူးစိုက် ကြည့်လျက် ပြောသည်… “မဟုတ်ဘူး… တစ်ခုခုဖြစ်ခဲ့ရင် ငါက ဒီအတွက် တာဝန်ယူမယ်…. နင် အသက် ရှင်နေမယ်လို့ ငါ့ကို ကတိပေး…” သူမကား အဆိုးဆုံး အခြေအနေ အတွက် ကြိုတင် ပြင်ဆင်ပြီးပြီ။ ကော့တေးက သူမလုပ်ခဲ့သည်ဟု ယုံကြည်ထားလျှင် တော်ဝင် ချန်ကျောင်းတော်၏ သခင်တစ်ပါး ဖြစ်သော သူမ၏ အဖေပင်လျှင် ကယ်နိုင်မည် မဟုတ်သည်ကို သူမသိသည်။

“မဟုတ်ဘူး…” လျိုဂျန်လန်၏ မျက်နှာတွင် မလိုလားသော အမူအရာများ ဖြစ်ပေါ်လာသည်။

ဟာစီရိုက သူ့အား ညင်သာစွာ ပြုံးပြသည်။ ထို့နောက် သူမက လျိုဂျန်လန်အား အသာအယာ နမ်းရှုပ်ကာ တိုးညင်းစွာ ပြော၏…. “ငါ နင့်ကို ဘာမှ မဖြစ်စေချင်ဘူး…. ငါ့ကို ကတိပေးပါ… ဟုတ်ပြီလား….”

လျိုဂျန်လန်၏ မျက်လုံးထဲတွင် နာကျင်မှုများကို တွေ့ရသည်။ သူက ဟာစီရိုအား တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

ရုတ်တရက် လေတိုးသံ တစ်ခု ကြားရသည်။ ဟာစီရိုက လျိုဂျန်လန်၏ ပွေ့ဖက်မှုမှ ရုန်းထွက်ကာ ရောက်ရှိလာသူအား ကြည့်လိုက်သည်။

“ဟာစီရို… အကြီးအကဲက မင်းကို တွေ့ချင်တယ်…” ထိုလူက ပြောသည်။

“ကောင်းပြီ….” ဟာစီရို ခေါင်းညိတ်သည်။ ထို့နောက် သူမက လျိုဂျန်လန်အား ပြောသည်… “ဒီမှာ နေခဲ့….” ထို့နောက် သူမက ထိုလူနဲ့ ထွက်ခွာ သွားသည်။

အတန်ကြာလျှင် ဟာစီရိုက တည်းခိုခန်းမှ ထွက်လာကာ ကျောင်းတော်မှ လူများကို ကြည့်သည်။

“မင်းက ကိုယ့်ဘာသာ ကြံစည်ခဲ့တာလား… ဒါမှမဟုတ် တော်ဝင် ချန်ကျောင်းတော်ရဲ့ အစီအစဉ်လား…” ရွှီယီက ဟာစီရိုအား ကြည့်ကာ မေးသည်။

“ရှင်က ဘာကို ပြောနေလဲ ကျွန်မ မသိဘူး…” ဟာစီရိုက ရွှီယီအား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သူမက ဤအတိုင်းတော့ အသက် အသေမခံနိုင်ပေ။ တော်ဝင် ချန်ကျောင်းတော်က အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစု တစ်ခုဖြစ်သည်။ ဟူတောင်ကား သေဆုံးသွားပြီး ဖြစ်ကာ သက်သေများလည်း မရှိပေ။ ကော့တေးက သံသယ ဝင်လျှင်ပင် အဘယ် အရေးနည်း။

“မင်းက ဝန်မခံသေးဘူးပေါ့….” ရွှီယီက အေးစက်စွာ ပြောသည်။

“ရီဖူရှင်းကို ကျွန်မက လုပ်ကြံခဲ့တယ်လို့ ကျောင်းတော်က ထင်တာလား…” ဟာစီရိုက ရွှီယီအား နှာခေါင်းရှုံ့လျက် ကြည့်ကာ မေးသည်… “ဘာလို့လဲ….”

“မင်းက ဝန်ခံတာ ဝန်မခံတာက ပြဿနာ မရှိဘူး…. ကျောင်းတော်က တော်ဝင် ချန်မြို့ကို သွားပြီး မင်း တစ်နှစ်အတွင်း မင်းသွားခဲ့တဲ့နေရာ မင်းတွေ့ခဲ့တဲ့ လူတွေ အကုန်လုံးကို စစ်ဆေးမယ်…. မင်းက ပြေးလို့ လွတ်မယ် ထင်နေလား….” ရွှီယီက ပြောသည်။

“ကျွန်မ မလုပ်ခဲ့တဲ့ အရာတစ်ခု အတွက် ရှင်တို့က ဘယ်တော့မှ သက်သေရှာလို့ ရမှာ မဟုတ်ဘူး…” ဟာစီရို၏ အသံက တည်ငြိမ်လွန်း လှသည်။ သို့တိုင်အောင် သူမ၏ စိတ်ကား လွန်စွာ လှုပ်ရှား နေလေပြီ။

သူမက အဆုံးသတ် လုနီးပြီကို သိသည်။ သို့တိုင်အောင် သူမက လက်လျှော့ ချင်သောစိတ် မရှိသေးပေ။

“ဒီလိုဆိုရင်လည်း တော်ဝင် ချန်ကျောင်းတော်က လူတွေက ဒီရက်ပိုင်း တည်းခိုခန်းကနေ ဘယ်မှ မသွားဖို့ ကျုပ်က မျှော်လင့်တယ်…” ရွှီယီက ထပ်ပြောသည်။

တော်ဝင် ချန်ကျောင်းတော်မှ အကြီးအကဲ၏ မျက်လုံးက တင်းမာ သွားသည်… “သေသေချာချာ မစုံစမ်းရသေးဘဲ ကျောင်းတော်က တည်းခိုခန်းကို ဝန်းရံတယ်… အခု ကျုပ်တို့ကို ထိန်းသိမ်းမယ်… ဒါက မလွန်လွန်းဘူးလား…”

“ကျုပ်တို့က တရားခံကို တွေ့မှတော့ ခင်ဗျားတို့ကို ဒီမှာပဲ နေခိုင်းမယ်လို့ ယုံနေလား…” ရွှီယီက အေးစက်စွာ ပြောသည်… “ဒါက တော်ဝင် ချန်ကျောင်းတော်ရဲ့ အစီအစဉ် မဟုတ်ဖို့ မျှော်လင့်တယ်… မဟုတ်ရင် မင်းတို့လောက်နဲ့ မလုံလောက်ဘူး မှတ်ပါ…”

တော်ဝင် ချန်ကျောင်းတော်မှ လူများ၏ မျက်နှာများ သုန်မှုန် သွားကြသည်။ သူကား အမှန်ပင် မောက်မာလွန်းသည်။

တော်ဝင် ချန်ကျောင်းတော်၏ အကြီးအကဲက နောက်လှည့်ကာ တည်းခိုခန်းကို ဝင်သွားသည်။ သူကား ကျောင်းတော်ကိုသာ မဟုတ် ဟာစီရိုကိုလည်း အလွန် စိတ်ဆိုး ဒေါသထွက် နေသည်။ ကျောင်းတော်က ဟာစီရိုအား သံသယ ရှိသည်ဆိုပါက သူမလုပ်ခဲ့သည်မှာ သေချာသလောက် ရှိနေသည်။ သူမကသာ အမှန်တကယ် လုပ်ခဲ့သည် ဆိုပါက ဘယ်သူမှ သူမအား သနားကြမည် မဟုတ်ပေ။

***

သတင်းများ ပျံ့နှံ့သွားလျှင် ခေ့ကေး တစ်မြို့လုံး ထိတ်လန့် အံ့အားသင့် ကြရသည်။

အရာအားလုံးက အမှန်ပင် တော်ဝင် ချန်ကျောင်းတော်၏ အစီအစဉ် များလား။

သူတို့ သိသလောက် ဟာစီရို၏ ရည်းစားဖြစ်သူ လျိုဂျန်လန်က ရီဖူရှင်းကဲ့သို့ နယ်မြေတစ်ရာ ဒေသမှ ဖြစ်ပြီး တော်ဝင် ချန်ကျောင်းတော်၏ ပဉ္စမသခင် လက်အောက်တွင် သင်ယူ လေ့ကျင့်နေသော ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူနှင့် ရီဖူရှင်းအကြား ကြီးမားသော ရန်ငြိုးရှိသည်။ ရီဖူရှင်း၏ ပါရမီကို မြင်သောအခါ နောင်တွင် လျိုဂျန်လန် အတွက် အန္တရာယ် ဖြစ်လာမည်ကို စိုးရိမ်သော ဟာစီရိုက ဤလုပ်ကြံမှုကို စီစဉ်ခဲ့သည်။ ဤသို့ဆိုလျှင် သူမကား အမှန်ပင် မိုက်မဲ၏။ သူမက ယောက်ျား တစ်ယောက် အတွက် ကော့တေးမှ တပည့်အား လုပ်ကြံရန် ကြိုးပမ်းခဲ့သည်။

ကျောင်းတော်မှ လူများက တော်ဝင် ချန်ကျောင်းတော် နေထိုင်ရာ တည်းခိုခန်းကို ဝန်းရံသောအခါ လျိုဂျန်လန်က လုံးဝ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ မိန်းမများက ခံစားချက် ပြင်းထန်ကာ အချစ်၏ လှည့်ဖြားမှုကို အလွယ်တကူ ခံရတတ်သော်လည်း လျိုဂျန်လန်ကား ထိုသို့ မဟုတ်ပေ။

မကြာမီ ကျောင်းတော်က သူတို့၏ တပည့်များအား အရှေ့မြေရိုင်း ဒေသ၏ တောင်ဘက်ဒေသသို့ စေလွှတ်ခဲ့သည့် သတင်းကို လူတိုင်း ကြားကြရသည်။ သူတို့က လူသတ်သမား၏ ရုပ်အလောင်းကိုပင်လျှင် ထိုနေရာသို့ သယ်ယူ သွားခဲ့သည်။ အကယ်၍ လုပ်ကြံမှုက ဟာစီရို၏ လက်ချက်ဖြစ်လျှင် သူမက ထိုအကျိုးဆက်မှ လုံးဝ လွတ်မြောက်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ ကော့တေး၏ ဒုတိယ တပည့်၏ စကားများက အမှန်ပင် ထိရောက်ပေသည်။ ချင်ပြည်ထောင်က အမှန်ပင် လေ့လာ စုံစမ်းမှုများတွင် ဝင်ရောက် ကူညီသည်။ မဟုတ်လျှင် ဤမျှ ထိရောက်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လုပ်ကြံမှုက ခေ့ကေးမြို့တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ဖိအားများ အားလုံးက တော်ဝင် ချန်ကျောင်းတော်ထံသို့ ရောက်ရှိသွားသည်။ အင်အားစုတိုင်းက စုံစမ်းမှု အခြေအနေကို နားစွင့် နေကြသည်။

ဤရက်ပိုင်းအတွင်း တော်ဝင် ချန်ကျောင်းတော်၏ တပည့် အများအပြားက ခေ့ကေးမြို့မှ တည်းခိုခန်းတွင် ထိန်းသိမ်း ခံနေရကာ မည်သူမှ ထွက်သွားခွင့် မရှိပေ။ အကယ်၍ လုပ်ကြံမှုက တော်ဝင် ချန်ကျောင်းတော်၏ အစီအစဉ် ဖြစ်ပါက ထိုလူများ အားလုံး အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်သည်မှာ ထင်ရှားသည်။

ရက်အနည်းငယ် ကြာသောအခါ တော်ဝင် ချန်ကျောင်းတော် တည်းနေရာ တည်းခိုခန်းသို့ စွမ်းအားမြင့် တန်ခိုးရှင်တစ်စု ရောက်ရှိ လာကြသည်။ သူတို့ ရောက်ရှိ လာသောအခါ ခေါင်းဆောင် ဖြစ်သူက တည်းခိုခန်းအား ဝိုင်းထားသူများအား အေးစက်စွာ ကြည့်သည်… “မင်းတို့က သေသေချာချာ မစုံစမ်းရသေးဘဲ တော်ဝင် ချန်ကျောင်းတော်က လူတွေကို ဝိုင်းထားတယ်… အရမ်း ကောင်းတယ်….” ထို့နောက် သူက တည်းခိုခန်းသို့ တိုက်ရိုက် ဝင်ရောက် သွားသည်။

လူတချို့ တည်းခိုခန်းမှ ထွက်လာကာ သူ့အား ဦးညွှတ်ကြသည်… “ပဉ္စမသခင်ကို ကြိုဆိုပါတယ်….”

တော်ဝင် ချန်ကျောင်းတော်၏ ပဉ္စမသခင် ရောက်ရှိလာပြီ ဖြစ်သည်။ သူ၏ သမီး ဟာစီရိုလည်း သူ့ရှေ့ကို ရောက်လာသည်။

“ငါ့နောက်က လိုက်ခဲ့…” ဟာယွီလူက ဟာစီရိုအား ခေါ်သွားသည်။ သူတို့က ဟာစီရို နေထိုင်ရာ နေရာသို့ ရောက်လာသည်။ ဟာစီရိုအား ကြည့်ကာ သူက အေးစက်စွာ မေးသည်… “မင်း ဘာလို့ လုပ်ခဲ့တာလဲ…”

“အဖေ…” ဟာစီရိုက ခေါင်းမော့ကာ သူမ၏ အဖေကို ကြည့်သည်။

“ပြီးခဲ့တဲ့ လတွေတုန်းက တော်ဝင်ချန်မြို့မှာ တစ်စုံတစ်ခု ဖြစ်ခဲ့တယ်…. အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်က အင်အားကြီး မိသားစုတစ်ခုကို ဆန့်ကျင်မိတယ်…. သူ့တစ်မိသားစုလုံး ခြိမ်းခြောက် ခံရတယ်…. မင်းက အဲဒီကိစ္စကို ကူပြီး ဖြေရှင်း ပေးခဲ့တယ်…. ဟုတ်တယ်မလား…” ဟာယွီလူက ဟာစီရိုအား ကြည့်သည်။

ဟာစီရို၏ မျက်နှာက အလွန်အမင်း အေးစက် သွားသည်။

“ငါက ဒါကို ရှာတွေ့တယ် ဆိုမှတော့ ကျောင်းတော်က မတွေ့ဘူးလို့ မင်းထင်လား…” ဟာယွီလူ၏ မျက်လုံးထဲတွင် နာကျင်မှုများကို မြင်နေရသည်။ သူမကား သူ၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ ယခု သူမက အလွန် ဆိုးရွားသော အမှားတစ်ခုကို လုပ်ခဲ့သည်။

“အဖေ…” ဟာစီရို၏ မျက်လုံးများ နီရဲလာသည်။ သူမက ထပ်မံ၍ မဖုံးကွယ်နိုင်တော့ပေ။

ဟာယွီလျိုက သူ၏သမီးအား ကြည့်လိုက်လျှင် သူ၏ နှလုံးသားက နူးညံ့သွားသည်။ သူက သက်ပြင်းချ၍ ပြောသည်… “ငါက ဟူတောင်ရဲ့ မိသားစုတွေကို ဖြေရှင်းခဲ့ပြီးပြီ…. စီရို… မင်းဘာလို့ ဒီလို လုပ်တာလဲ… သူက မင်းကို တွန်းအား ပေးလို့လား….”

ဟာစီရို တုန်ယင် သွားသည်။ သူမ၏ အဖေက မည်သူ့ကို ပြောသည်ကို သူမသိသည်။

“အဖေ…. ကျွန်မက ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့တာပါ…. သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး…” ဟာစီရိုက မျက်လုံးများ နီရဲနေလျက် ပြောသည်။ “ဒီလို ဖြစ်လာမှတော့ သမီးက ဒီအတွက် တာဝန်ယူပါ့မယ်…. အဖေ… သမီး မိုက်မဲမိပါတယ်…. တကယ်လို့ တစ်ခုခု ဖြစ်သွားပြီး သမီးက အဖေ့ကို မပြုစုနိုင်တော့ရင် သမီးကို ခွင့်လွှတ်ပါ….”

ဟာစီရို၏ မျက်ရည်များ ထွက်လာသည်ကို မြင်လျှင် ဟာယွီလျိုလည်း ဝမ်းနည်း ရသည်။ သူ၏ ရင်ထဲတွင် ကော့တေးနှင့် ကျောင်းတော်ကို လွန်စွာ မုန်းတီးမိသည်။

သူ့တွင် အင်အားရှိလျှင် ကော့တေးက ဤမျှ သူတို့အား ဖိနှိပ်နိုင်မည် မဟုတ်ပေ။

သူသာ စွမ်းအားရှိပါက ရီဖူရှင်း၏ အသက် သေဆုံးခဲ့ခြင်း မရှိရာ ကော့တေးက သူ၏ သမီးအား ဘာမှ လုပ်၍ ရမည် မဟုတ်ပေ။

သို့သော်လည်း သူ့တွင် လုံလောက်သော စွမ်းအားမရှိရာ ကော့တေးက အမှန်ကို ရှာဖွေ တွေ့ရှိသွားပါက သူတို့က သူ၏ သမီးအား လုံးဝ လွှတ်ပေးမည် မဟုတ်သည်ကို သူသိသည်။

“အဖေ… သမီးမှာ တခြား ဆန္ဒ မရှိတော့ပါဘူး…. တကယ်လို့ သမီးတစ်ခုခု ဖြစ်သွားရင် အဖေက သူ့ကို ကာကွယ်ပေးပါ…” ဟာစီရိုက သူမ၏ အဖေအား မျှော်လင့်ချက်ကြီးစွာ ကြည့်သည်။ အမှန်တရားသာ ထွက်ပေါ်လာပါက ရီဖူရှင်းက လျိုဂျန်လန်အား လုံးဝ လွှတ်ပေးမည် မဟုတ်သည်ကို သူမသိသည်။

“မင်းက သူ့အကြောင်းကို တွေးနေတုန်းလား….” ဟာယွီလူက ဒေါသတကြီး ပြောသည်… “သူ့ကြောင့် မဟုတ်ရင် မင်းက ဒီလို ဖြစ်မှာ မဟုတ်ဘူး… သူ့ကို တပည့်အနေနဲ့ လက်ခံခဲ့တာ တကယ် နောင်တရတယ်….”

“အဖေ… သမီး တကယ် တောင်းပန်ပါတယ်…. ဒါက သမီးရဲ့ နောက်ဆုံး ဆန္ဒပါ….” ဟာစီရို၏ ပါးပြင်များကား မျက်ရည်များဖြင့် ပြည့်နေသည်။ ဟာယွီလူ၏ ရင်ဘတ်များ ပေါက်ကွဲ ထွက်မတတ် ခံစားရသည်။ သူ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

အရွယ်ရောက်ပြီး သမီး တစ်ယောက်အား အိမ်တွင် ထိန်းသိမ်းထားရန် အမှန် ခက်ပေသည်။ သူက ဘာပြော နိုင်တော့မည်နည်း။ သူက ဟာစီရိုအား အပြစ်တင် နိုင်မည်လော။

***

Comment

Leave a Reply

Options

not work with dark mode
Reset