ဒွန်ချင် ကျောင်းတော်၏ အပြင်ဘက်မှ လူအုပ်ကြီး တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ထိုလွန်စွာ မောက်မာသော စကားက သူတို့၏ ဦးခေါင်းများ ပေါက်ကွဲလုမတတ် ခံစား သွားရစေသည်။
အကယ်၍ ရီဖူရှင်း၏ လုပ်ကြံခံရမှုက ခုနစ်ရက်အတွင်း မဖော်ထုတ်နိုင်ပါက ကော့တေးက ခေ့ကေးမြို့အား သိမ်းပိုက်ကာ ဒွန်ချင် ကျောင်းတော်ကလည်း တည်ရှိစရာ မလိုတော့ဟု သူမက ပြောသည်။
သူမက ရူးနေသည်လား။ ကော့တေး… မောင်ငယ်လေး…။
လူအများအပြားက အလွန်အမင်း ထိတ်လန့် သွားကြသည်။ နတ်သမီးအလား မိန်းကလေးက မည်သူ ဖြစ်သည်ကို သူတို့၏ ခေါင်းထဲ ရေးတေးတေး ပေါ်လာသည်။
ကော့တေး၏ အကြီးဆုံး တပည့်ကား ဓားသခင် ဖြစ်သည်။ တတိယ အစ်ကိုကား ဂူတုံးလျိုဖြစ်ကာ အစ်ကိုလေးက ရွှီယီဖြစ်သည်။ လျိုဖန်းက အစ်ကိုငါး ဖြစ်၏။
ဤသို့ဆိုလျှင် ထိုမိန်းကလေးက မည်သူ ဖြစ်သည်ကို သူတို့ ခန့်မှန်း၍ ရသည်။
ကော့တေး၏ ဒုတိယ တပည့်က စာအုပ်တောင်မှ ဆင်းလာသည်။
ကော့တေး၏ အစ်ကိုကြီးက တောင်ပေါ်မှ ဆင်းကာ ဖူယွန်ဓားကလန်အား စိန်ခေါ်ခဲ့သည်။ အစ်ကိုသုံးက တောင်အောက်ကို ဆင်းက ထိပ်သီး အင်အားစု တစ်ခုအား သုတ်သင် ဖယ်ရှားခဲ့သည်။
ယခု ဒုတိယ တပည့်ကလည်း တောင်အောက်ကို ဆင်းလာသည်။ စကား အနည်းငယ်မျှက သူမအား လူတိုင်းက မှတ်မိစေသည်။
ကော့တေးကား ကော့တေးသာ ဖြစ်သည်။ ဘာမှ မပြောင်းလဲပေ။ ထို့အပြင် သူမက အလွန် အရှိန်အဝါ ကြီးသည်သာ မဟုတ်ဘဲ အလွန်လည်း ချောမောသည်။
သူမက ဘာကို ဆိုလိုသည်ကိုလည်း လူတိုင်းက သိသည်။ ရီဖူရှင်းက ခေ့ကေးမြို့တွင် လုပ်ကြံခံရရာ ချင်ပြည်ထောင်တွင် တာဝန်ရှိပေသည်။ ဤနေရာကား ချင်ပြည်ထောင်၏ နယ်မြေ ဖြစ်သည်။ ကော့တေးက ဤနေရာကို အခမ်းအနား တက်ရောက်ရန် ဖိတ်ခေါ်၍ ရောက်လာခြင်း ဖြစ်သည်။ သူမ၏ မောင်ငယ်လေးက အသတ်ခံရလုနီးပါး ဖြစ်ခဲ့သော်လည်း ချင်ပြည်ထောင်က ပွဲအား ဆက်လက် ကျင်းပနေသည်။
သူတို့က ထိုလုပ်ကြံမှုကို အရေးလုပ်သလော။ သူတို့က ကော့တေးအား မျက်လုံးထဲ ထည့်ထားသလော။ လူသတ်သမားကား သေသွားပြီး ဖြစ်သည်။ သူတို့က တရားခံကို ရှာရမည်ဆိုလျှင် ချင်ပြည်ထောင် တစ်ခုသာ ရှိသည်။ မဟုတ်လျှင် ကော့တေးက ခေ့ကေးမြို့အား သိမ်းကာ ဆက်လက်၍ စုံစမ်းမည် ဖြစ်သည်။ ရီဖူရှင်း၏ လုပ်ကြံမှုကို မတွေ့လျှင် ကော့တေးက ခေ့ကေးမြို့အား မြေလှန်မည်ဟု ဆိုလိုနေသည်။
ကော့တေးမှ ဒုတိယတပည့်၏ စကားက ကော့တေး၏ သဘောထားကို ထင်ဟပ်နေသည်။ မည်သူမှ ကော့တေး၏ တပည့်အား လုပ်ကြံ၍ မရပေ။ နောက်ကွယ်မှ လူအား မဖြစ်မနေ ဖော်ထုတ်ရမည် ဖြစ်သည်။ မဟုတ်လျှင် နောင်တွင်လည်း ဤသို့ လုပ်ကြံမှုများ ဖြစ်လာနိုင်သည်။
ချောမောသော မိန်းကလေးကား ပျောက်ကွယ် သွားပြီး ဖြစ်သည်။ သို့သော် လူတိုင်းက ကောင်းကင်ကို ငေးကြည့်နေကြဆဲ ဖြစ်သည်။ ထိုပုံရိပ်က သူမ၏ စိတ်ဝိညာဉ် စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်ကြောင်း သူတို့အားလုံး သိသည်။ ထိုအရာက အလွန် ဆန်းကြယ်သော နည်းစနစ် ဖြစ်သည်။ သူမက ကိုယ်တိုင် မလာမီကပင် သူမ၏ စိတ်ဝိညာဉ်က ဤနေရာကို ရောက်လာကာ ထိုစကားများကို ပြောသည်။
ကော့တေးအား လူတိုင်း၏ မုန်းတီးခြင်းနှင့် လေးစားမှု ဒွန်တွဲနေသော နေရာဖြစ်သည်။ သို့သော် သူတို့၏ အတွင်းစိတ်ထဲတွင်မူ လူတိုင်းက ထိုသို့သော နေရာတွင် လေ့ကျင့်ချင် ကြသည်။
“ငါ့မှာ ဘာလို့ ဒီလို စီနီယာ အစ်မမျိုး မရှိရတာလဲ…” လျိုဖေးယွန်က စိတ်ပျက်ဟန်ဖြင့် ပြောသည်…. “ချန်းယွီ… ကော့တေးက တပည့်အသစ် လက်ခံသေးလား ဆိုတာကို ငါတို့က ရီဖူရှင်းကို မေးသင့်လား….”
လျိုချန်းယွီက သူမ၏ အစ်ကိုအား မျက်လုံးပြူးလျက် ကြည့်သည်…. “အစ်ကိုလား… မေ့လိုက်ပါ….”
ကော့တေးက မည်သို့သော နေရာနည်း။ ယနေ့အထိ တပည့် ရှစ်ယောက်မျှသာ ရှိသည်။
“ဟ… ဘယ်လို ကြည့်တာလဲ….” သူ့ညီမ၏ အထင်သေးသော အကြည့်ကို မြင်လျှင် လျိုဖေးယွန်က စိတ်ပျက်စွာ ပြောသည်။ သူမက သူ၏ ညီမအရင်းမလား။
လစန္ဒာကလန်၏ လူအုပ်ထဲတွင် ချူယောင်ယောင်၏ စိတ်အားရုံများ ထွေပြားနေပုံ ရသည်။ သူမ၏ ရုပ်ရည်မျှဖြင့် ခုနက လေထဲတွင် ပေါ်လာသော မိန်းကလေးအား ယှဉ်နိုင်ပေသည်။ သို့သော်လည်း သူမကား ကော့တေး၏ ဒုတိယ တပည့်ဖြစ်သည်။ သူမ ရောက်ရှိလာခြင်းက ဤနေရာမှ မိန်းကလေးတိုင်းအား သိမ်ငယ် စေနိုင်သည်။
လစန္ဒာကလန်၏ သမီးတော် ဖြစ်သော သူမက ကော့တေး၏ ဒုတိယ တပည့်ဘေးတွင် ရပ်လိုက်ပါက မည်သို့ ဖြစ်မည်ကို သူမက ခန့်မှန်း၍ ရသည်။ သူမ၏ တည်ရှိမှုက လုံးဝ ပျောက်ပျက် သွားနိုင်ပေသည်။
ချူယောင်ယောင်၏ မျက်လုံးထဲတွင် ပြင်းထန်သော ဆန္ဒများ ဖုံးလွှမ်းလာသည်။ မိန်းကလေးတိုင်းက သူမ၏ စွမ်းရည်နှင့် ရုပ်ရည်တို့ ထပ်တူကျရန် မျှော်လင့်ကြသည်။ ထိုမှသာလျှင် သူမက ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဖြစ်မည်။
သူမကား ရီဖူရှင်း၏ စီနီယာအစ်မ ဖြစ်ကာ သူမက ရီဖူရှင်းအတွက် ရောက်လာခဲ့သည်။
တော်ဝင် ချန်ကျောင်းတော်၏ ဘက်တွင် ဟာစီရို၏ ခန္ဓာက အနည်းငယ် တုန်ခါသွားကာ မျက်နှာကလည်း ပြာနှမ်းသွားသည်။ တခြားလူများ သတိမထားမိစေရန် အလို့ငှာ သူမက ခေါင်းအား အသာငုံ့လိုက်သည်။ သူမက မိမိကိုယ်ကို အမြဲတမ်း ယုံကြည်ခဲ့သည်။ လုပ်ကြံမှုက ကျရှုံးခဲ့သည့်တိုင် မည်သူမှ သူမအား သံသယ ဖြစ်မည် မဟုတ်ဟု သူမက ယုံကြည်သည်။ မည်သူမှ ဟူတောင်အား မသိပေ။ များစွာသော အင်အားစုများ အတွက် သူကား အရေးမပါသော ဖြစ်တည်မှုသာ ဖြစ်သည်။
သို့သော်လည်း ယခုတွင်ကား သူမက တုန်လှုပ်ရသည်။
တစ်စုံတစ်ခုကို လုပ်သရွေ့ သဲလွန်စ ဆိုသည်မှာ ရှိနေမြဲသာ ဖြစ်သည်ကို သူမသိသည်။ အရေးကြီးသည်က ဖော်ထုတ်သူက ထိုမျှသော စွမ်းရည် ရှိသလား မရှိသလား ဟူ၍ ဖြစ်သည်။
ကော့တေး၏ ဒုတိယတပည့် ရောက်ရှိလာခြင်းက သူမ၏ စိတ်သဘောကို တွေ့နိုင်သည်။
သူမက ယခင်ကလို ယုံကြည်မှု မရှိတော့သည်ဟု ခံစားလာရသည်။ ယခုကား သူမက တစ်နည်းနည်းဖြင့် ကြောက်ရွံ့နေမိသည်။ သူမ သတိမထားမိသော သဲလွန်စများ ကျန်နေမလား။
ထို့နောက် လူတိုင်းက ဒွန်ချင် ကျောင်းတော်နှင့် ချင်ယွီတို့အား ကြည့်လိုက်ကြသည်။ ကော့တေး၏ ဒုတိယ တပည့်ကား အလွန် မောက်မာလှသည်။ ချင်ပြည်ထောင်က မည်သို့ တုံ့ပြန်မည်နည်း။
ကျူးကော့ဟွေက သူမ၏ သဘောထား ထုတ်ပြောခဲ့ပြီး ဖြစ်သည်။ ဒွန်ချင် ကျောင်းတော်၏ ပွဲက ယခုတွင် ပြီးဆုံးလေပြီ။ မဟုတ်လျှင် သူမက ချင်ပြည်ထောင်နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ပေတော့မည်။
ချင်ယွီက ထိုနေရာတွင်ပင် တစ်စုံတစ်ခုအား စဉ်းစားနေဟန် တူကာ တိတ်ဆိတ်စွာ ရပ်နေသည်။ အတန်ကြာလျှင် သူက လူအုပ်ကြီးအား ကြည့်ကာ ပြောသည်… “သူမပြောတာ မှန်တယ်…. ဒီကိစ္စမှာ တကယ်ပဲ ချင်ပြည်ထောင်က တာဝန်ရှိတယ်…. ဒါကြောင့် ကျုပ်တို့က လုပ်ကြံသူကို ဖော်ထုတ်တဲ့ ကိစ္စမှာ ကော့တေးနဲ့ ပူးပေါင်းပေးမယ်…. နောက် ခုနစ်ရက်ကြာမှ ပွဲကို ဆက်လက် ကျင်းပမယ်….” ထို့နောက် ချင်ယွီက နောက်လှည့်ကာ ထွက်သွားသည်။
ထိုနေရာ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွား ကြပြန်သည်။
ချင်ပြည်ထောင်၏ မင်းသား ချင်ယွီက အမှန်ပင် လိုက်လျောခဲ့သည်လား။
ချင်ယွီက ကော့တေးမှ ရောက်ရှိလာသော ဒုတိယ တပည့်ကို ကြောက်ရွံ့သော ကြောင့်လော။
ကော့တေး၏ ဒုတိယ တပည့်က အကြောင်းပြချက် တစ်ခုဖြင့် ရောက်လာသော်လည်း တစ်ဖက် အဖွဲ့အစည်းကား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ ဖြစ်ကြသည်။ ချင်ယွီ၏ လိုက်လျောမှုက သူတို့ မျှော်လင့်ထားသော ပုံစံ မဟုတ်ပေ။
ထိုအရာက ချင်ပြည်ထောင်၏ ပုံစံနှင့် မတူပေ။
ထိပ်သီး အင်အားစု နှစ်ခုက ပူးပေါင်းကာ ဒွန်ချင် ကျောင်းတော်အား တည်ခြင်းမှာ အဘယ်ကြောင့်နည်း။ ကော့တေးနှင့် အရှေ့မြေရိုင်း ကျောင်းတော်ကို ယှဉ်ပြိုင်ရန် မဟုတ်ပါလော။ ချင်ယွီ၏ လိုက်လျောမှုက သူတို့က အားနည်းသည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။
ထိုအခိုက်တွင် ချင်ယွီကား ဒွန်ချင် ကျောင်းတော်၏ အတွင်းပိုင်းသို့ လျှောက်သွားနေပြီ ဖြစ်သည်။ ဒွန်ချင် ကျောင်းတော်မှ လူများကလည်း သူ့အား စိုက်ကြည့် နေကြသည်။ သူတို့က အလွန်အမင်း မပျော်မရွှင် ဖြစ်နေသော်လည်း ချင်ယွီက ဤသို့ ဆုံးဖြတ်ပြီးမှတော့ ပြိုင်ပွဲအား အဆုံးသတ်ရုံသာ ရှိသည်။
ဒွန်ချင် ကျောင်းတော်မှ လူများက ကျောင်းဆောင်ထဲကို ပြန်လည် ဝင်ရောက် သွားကြသည်။
ချင်ယွီက ဒွန်ချင် ကျောင်းတော်၏ ဂိတ်ပေါက် အနီးကို ရောက်သောအခါ သူက ပျက်စီးနေသော ဂိတ်တံခါးကို ကြည့်ပြီး မဲ့ပြုံးပြုံးသည်။ ထို့နောက် သူက ဒွန်ချင် ကျောင်းတော် အထဲသို့ ဆက်လက် လျှောက်သွားသည်။
***
ခေ့ကေးမြို့ကား ကျူးကော့ဟွေ၏ စကားများကြောင့် ထိတ်လန့်ကြရသည်။ မရေမတွက် နိုင်သော လူများက ကော့တေး၏ ဒုတိယတပည့်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
အတန်ကြာလျှင် ကျူးကော့ဟွေက ခေ့ကေးမြို့မှ လူအများ စိတ်ဝင်စားစွာ ပြောဆိုရသောသူ ဖြစ်လာသည်။
ကော့တေး၏ ဒုတိယ တပည့်က မည်မျှ အားကောင်းမည်ကို သူတို့ ခန့်မှန်းကြသည်။
သူမ၏ စကားများအရ သူမက ဂူတုံးလျိုထက် အားနည်းမည့်ပုံ မရပေ။
သတင်းက တည်းခိုခန်းကို ရောက်လာသောအခါ ရွှီယီက သက်ပြင်းချသည်။ တောင်ပေါ်မှ ဆင်းလာသည့်တိုင် အစ်မနှစ်ကား အရှိန်အဝါ ကြီးမားနေဆဲ ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ် သူမ ရင်ဆိုင်နေရသည်က ချင်ပြည်ထောင် ဖြစ်သည်။
သတင်းအား ကြားသောအခါ အကြီးအကဲ ကျူးချိန်ကား အတန်ကြာ မှင်တက်သွားကာ သက်ပြင်းချသည်။ ယခုကား အရှေ့မြေရိုင်း ဒေသက လူငယ်များ၏ လွှမ်းမိုးမှု အောက်ကို ရောက်ရှိနေပြီး ဖြစ်သည်။
သူမ၏ အပြုအမူက အရှိန်အဝါ ကြီးမားနေပြီး ဖြစ်သည်ဟု သူမက ထင်မှတ်ခဲ့သည်။ သို့သော်လည်း ကော့တေးမှ ဒုတိယ တပည့်၏ အပြုအမူက ကျူးချိန်ကို ဆွံ့အစေသည်။ နှိုင်းယှဉ်ရလျှင် သူမ၏ တုံ့ပြန်မှုက အလွန် အားနည်းပေသည်။
ခေ့ကေးမြို့ကား ကျူးကော့ဟွေ၏ စကားကြောင့် ပိုမို ဖိအားများ ဖြစ်ပေါ်လာသည်။ ချင်ပြည်ထောင်ကလည်း လုပ်ကြံမှုကို စတင်၍ စုံစမ်းသည်။ သူတို့က လုပ်ကြံခံရသော နေ့တွင် ထိပ်သီး အင်အားစုများ၏ တပည့်များက ပြင်ပမှ အဆက်အသွယ် လုပ်ခြင်း၊ အပြင်ထွက်ခြင်း များကိုပါ စေ့စပ်စွာ လိုက်လံ စုံစမ်းကြသည်။
ထိုစုံစမ်းမှုများ အားလုံးကို လျှို့ဝှက်စွာ လုပ်ဆောင်ကြသည်။ မဟုတ်လျှင် ထိပ်သီး အင်အားစုများနှင့် မျက်နှာပျက်ရမည် ဖြစ်သည်။ ထို့အပြင် လူတိုင်းက အဖြစ်အပျက် တစ်ခုလုံးကို မြင်ခဲ့ကြသည်။ ချင်ပြည်ထောင်က လေ့လာ စုံစမ်းသည်ကို ထိပ်သီး အင်အားစုများက မပျော်မရွှင် ဖြစ်သော်လည်း သူတို့က ချင်ပြည်ထောင်အား အပြစ်မတင်နိုင်ပေ။
လူတိုင်းက ကော့တေး၏ အရှိန်အဝါကြီးသော အပြုအမူကို မြင်ကြရသည်။ ချင်ပြည်ထောင်အပြင် ကျောင်းတော်ကလည်း သူတို့၏ လေ့လာ စုံစမ်းမှုများဖြင့် အလုပ် ရှုပ်နေသည်။ မမြင်ရသော ဖိအားက ခေ့ကေး တစ်မြို့လုံးအား ပြည့်နှက်နေသည်။
မကြာမီ နောက်ထပ် သုံးရက် ကုန်ဆုံး သွားသည်။
ဤသုံးရက် အတွင်းတွင် ဒွန်ချင် ကျောင်းတော်၏ ပြိုင်ပွဲကလည်း နောက်ဆုတ်ခဲ့ရသည်။ ထို့အတူ ထိပ်သီး အင်အားစုများ ကလည်း ခေ့ကေးမြို့မှ ထွက်သွား၍ မရပေ။ သူတို့က မပျော်မရွှင် ဖြစ်ရသည့်တိုင် အဖြစ်အပျက်က မည်သည့် အခြေအနေကို ရောက်ရှိ လာမည်ကို သူတို့ သိလိုကြသည်။
ထိုအခိုက်တွင် နာမည်ကျော် စားသောက်ဆိုင် တစ်ခုအတွင်း ထိပ်သီး အင်အားစုများက စားသောက်ရင်း စကားပြော နေကြသည်။
တစ်စုံ တစ်ယောက်က သရော်ဟန်ဖြင့် ပြောသည်… “ချင်ပြည်ထောင်က ဒီအတွက် တကယ်ပဲ ကြိုးစား လုပ်ဆောင် နေတာပဲ….”
“ချင်ပြည်ထောင်က ဒီကိစ္စအတွက် တကယ်ပဲ တာဝန်ရှိတယ်… သူတို့က လုပ်ကြံတဲ့သူကို တကယ် မတွေ့ခဲ့ရင် သူတို့ ကိုယ်တိုင်က သံသယဖြစ်စရာ အကောင်းဆုံးပဲ…. ကော့တေး၏ ဒုတိယ တပည့် ပြောသလိုပဲ သူတို့က လုပ်ကြံတဲ့လူကို မတွေ့ရင် တိုက်ပွဲဖြစ်မှာ သေချာတယ်… ချင်ပြည်ထောင်က စစ်ဖြစ်ဖို့အတွက် အဆင်သင့် ဖြစ်ပုံမရသေးဘူး…. ဒါကြောင့် သူတို့က ကူပြီး စုံစမ်း ဖော်ထုတ်ရုံပဲ ရှိတယ်….” တစ်စုံတစ်ယောက်က ပြုံးလျက် ပြောသည်။ ပြောလိုက်သူကား ဖူယွန် ဓားကလန်မှ ဖြစ်သည်။ သူတို့က ကျောင်းတော်နှင့် ပတ်သက်၍ သိပ်ကျေနပ်ခြင်း မရှိကြပေ။
“စုံစမ်းတဲ့ အခြေအနေရော ဘယ်လောက်အထိ ရောက်နေပြီလဲ… သိကြလား….” ကျိမိသားစုက တစ်ယောက် ပြောသည်။
“ချင်ပြည်ထောင်က ယန်မိသားစုနဲ့ တခြား အဓိက မိသားစုတွေကို သူတို့ရဲ့ အဆက်အသွယ် တွေကို သုံးပြီး လေ့လာ စုံစမ်းနေတယ် ကြားတယ်…. လုပ်ကြံမှုဖြစ်တဲ့နေ့က လူတိုင်းရဲ့ တည်နေရာကို သူတို့က အတည်ပြုနေတယ် ကြားတယ်… ချင်ပြည်ထောင်က သံသယ ဖြစ်ဖွယ်ရာ လူစာရင်းတွေကို တောင်မှ စစ်ထုတ်ပြီးပြီ ကြားတယ်…” တစ်စုံတစ်ယောက်က ပြောသည်။ လူတိုင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ကြည့်ရသည်မှာ ချင်ပြည်ထောင်က သူတို့၏ ကျယ်ပြန့်သော အဆက်အသွယ် များကို သုံးလျက် အရှိန်အဟုန် ပြင်းစွာ စုံစမ်းနေပုံ ရသည်။
ခေ့ကေးမြို့ကား မည်သို့ပင်ဆိုစေ ချင်ပြည်ထောင်၏ နယ်မြေ မဟုတ်ပါလား။
စားပွဲ တစ်လုံးတွင် ဟာစီရိုနှင့် လျိုဂျန်လန်တို့ ထိုင်နေကြသည်။ ဟာစီရို၏ မျက်လုံးထဲတွင် စိုးရိမ်ဟန်များ ရှိနေသည်။ သူမက ဟူတောင်ကို အမိန့်ပေးခဲ့စဉ်က အမှန်ပင် တော်ဝင် ချန်ကျောင်းတော် တည်းနေရာ တည်းခိုခန်းမှ ထွက်ခဲ့ပေသည်။
ချင်ပြည်ထောင်က ခေ့ကေးမြို့ကို မြေလှန် တော့မည်လော။
လျိုဂျန်လန်က ဟာစီရိုအား ကြည့်လိုက်သည်။ သူက အနည်းငယ် ခြမ်းခြောက် ခံနေရသည်။
***
ကော့တေး တည်းနေရာ တည်းခိုခန်းတွင် ကျူးကော့ဟွေက နာမည်များ ရေးမှတ်ထားသော စာရွက်တစ်ခုကို ရသည်။ ထို့အပြင် လုပ်ကြံသောနေ့က သူတို့၏ လုပ်ဆောင်မှု များကိုလည်း ရေးမှတ် ထားသည်။
ထိုစာရွက်အား ချင်ပြည်ထောင်မှ ပို့ပေးခဲ့ခြင်း ဖြစ်သည်။
“မောင်ငယ်လေး … တစ်ချက်ကြည့်….” ကျူးကော့ဟွေက စာရွက်ကို ရီဖူရှင်းအား ပေးသည်။
ရီဖူရှင်းက စာရွက်အား ယူကာ မှတ်ချက်များကို သေချာစွာ ဖတ်သည်။ ထိုစာရွက်အား ဖတ်ပြီးသည်နှင့် သူက စာရွက်ပေါ်မှ တစ်နေရာအား သေချာစွာ ကြည့်သည်။
ထိုနေရာတွင် ရေးထားသည်ကား ဟာစီရို၏ နာမည်ဖြစ်သည်။
ဟာစီရိုကား တော်ဝင် ချန်ကျောင်းတော် သခင်ငါး၏ သမီးဖြစ်သည်။ သူ လုပ်ကြံခံရသော နေ့တွင် သူမက တည်းခိုခန်းမှ အမည်မသိသော တစ်နေရာကို သွားခဲ့ပြီး မကြာမီ ပြန်လာခဲ့သည်။
ရီဖူရှင်းက ဟာစီရိုအား သေချာစွာ မှတ်မိသည်။ သူမကား လျိုဂျန်လန်၏ ရည်းစား ဖြစ်သည်။
စာရင်းအတွင်းမှ နာမည်များ အားလုံးက ထိပ်သီး အင်အားစုများမှ ဖြစ်ကြသည်။ ဟာစီရိုကား သူနှင့် ရန်ငြိုးရှိသော တစ်ခုတည်းသော နာမည်ဖြစ်သည်။ သူမတွင် သူ့အား လုပ်ကြံရန် လုံလောက်သော အကြောင်းပြချက် ရှိသည်။
ထိုနေ့တွင် သူက ချိန်ရှင်းမူနှင့် ချင်မင်အား အနိုင်ယူခဲ့သည်ကို လူတိုင်းက မြင်သည်။ သူပြသခဲ့သော ပါရမီများအရ နောက်နှစ် အနည်းငယ်တွင် သူ့အား သတ်ရန် အလွန် ခက်သွားမည်ကို သူမသိသည်။
ထိုသို့ တွေးမိလျှင် ရီဖူရှင်းက စာရွက်ပေါ်မှ နာမည်တစ်ခုအား သူ၏ အစ်မနှစ်ကို ထောက်ပြလိုက်သည်။
***