အခန်း ( ၇၄ )

ငါ အစွမ်းရှိသမျှ တိုက်ခိုက်မယ်

လီချန်ရှို့ နားမလည်နိုင်အောင် ဖြစ်သွားသည်။
‘ ဘာလို့လဲ… ’

‘ ဘာလို့ချုံတောင်လေးကို ရုတ်တရက်ကြီး ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့သူ သုံးယောက် ရောက်လာရတာလဲ ’

‘ အဲဒီအထဲက နှစ်ယောက်က ဂိုဏ်းက အကြီးအကဲတွေ၊တစ်ယောက်က အပြင်ကသူစိမ်းပဲ။ ဒါပေမဲ့ ငါ သူ့ကို လင်းဟိုင်မြို့အပြင်ဘက်မှာ တွေ့လိုက်တယ်။ ပြီးတော့ သူ့ကိုယ်ရောင်ကိုယ်ဝါကို တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ… ’

‘ ဘာလို့လဲ… ’

‘ အောင်းရိနဲ့ ဆရာဦးလေးကျိုးဝူက အပြင်ဘက်က မန္တန်အစီအရင်ထဲမှာ လျှောက်သွားနေတာလား ’

‘ အရှေ့က နဂါးဦးချိုပါတဲ့လူငယ်လေးနဲ့ အနောက်မှာက အရပ်ပုပု တာအိုရသေ့၊ ရှေ့ကတစ်ယောက်က အလျင်လိုနေပြီး.. နောက်ကတစ်ယောက်က ငါးခူပြုံးပြုံးနေတယ်… ’

‘ သူတို့က သစ်သားဆိုင်းဘုတ်တွေက လမ်းညွှန်ထားတာကိုလိုက်ပြီး ငါလုပ်ထားတဲ့ ဆုံဆည်းရာနေရာကို သွားနေတယ်… ’

‘ ဘယ်လိုလုပ် ဒီနှစ်ယောက်က အတူတူလာရတာလဲ.. ’

‘ သူတို့နှစ်ယောက် အတူတူလာအောင် ဆန်းကြယ်တဲ့ကံကြမ္မာက ဖန်တီးပေးလိုက်တာလား.. ’

‘ ဘာတွေဖြစ်နေတာလဲ… ’

‘ ဆရာဦးလေးကျိုးဝူ အကောက်ကြံပြန်ပြီလား… ’

‘ မဟုတ်လောက်ပါဘူး။ ဒီနှစ်ပိုင်းအတွင်းမှာ ငါနဲ့ ဆရာဦးလေးကျိုးဝူတို့ရဲ့ ဆက်ဆံရေးကကောင်းတာပဲ။ ပြီးတော့ သူက တာအိုကျမ်းသစ္စာလည်း ဆိုထားသေးတယ်… ’

‘ ဟမ်… ’
ကောင်းကင်ခွင်း‌တောင်တွင် ကောင်းကင်နတ်မင်းများ၏ ကိုယ်ရောင်ကိုယ်ဝါများ အမြောက်အမြားရှိနေ၏။ သူတို့သည် ပုံမှန်ဆိုလျှင် ပိတ်ထားလေ့ရှိသော တုနတ်ဝိဇ္ဇာခန်းမတွင် စုရုံးနေကြလေ့ရှိသည်။

လီချန်ရှို့ လျင်မြန်စွာ တုန့်ပြန်လိုက်သည်။

သူသည် လင်းဟိုင်မြို့အဝင်ဝတွင် ကျဲကျောင်းတော်မှ သူများနှင့် မတော်တဆဆုံခဲ့ပြီး သူတို့ပြောနေသည့် စကားအနည်းငယ်ကို ကြားခဲ့ရ၏။ သူတို့သည် နတ်ဝိဇ္ဇာဂိုဏ်းများသို့သွားကာ တာအိုတရားဆွေးနွေးပြီး တပည့်ငယ်များကို လက်ရည်စမ်းခိုင်းနေသည့်ပုံ ပေါ်၏။

ကျဲကျောင်းတော်သည် တုနတ်ဝိဇ္ဇာဂိုဏ်းသို့လာ၍ တာအိုတရားဆွေးနွေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အောင်းရိသည် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် ရန်ငြိုးရှိ၏။

အောင်းရိသည် အရှေ့သမုဒ္ဒရာ နဂါးနန်းတော်မှ ဒုတိယမင်းသားလေးဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း၌ နဂါးနန်းတော်နှင့် အရှေ့ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းများ၏ အကြားတွင် အခြေအနေတင်းမာနေခဲ့သည်။
‘ ဒီနဂါးလေးက အုပ်စုနှစ်စုကြားမှာ ပြဿနာထဖြစ်အောင် လုပ်ချင်လို့လား… ’

‘ အဲဒီလိုတော့ မဟုတ်နိုင်ဘူး။ အောင်းရိက ဦးနှောက်မရှိတဲ့ ပုံတော့ မပေါ်ပါဘူး။ သူသာ တကယ် အဲဒီလုပ်ခဲ့ရင် ကျဲကျောင်းတော်က ဂိုဏ်းချုပ်ကြောင့် နဂါးမျိုးနွယ် မျက်စိတစ်မှိတ်အတွင်း ပျက်ဆီးသွားမှာပဲ… ’

‘ ဒါပေမဲ့ ဒီနဂါးလေးက ပြောရလောက်အောင်လည်း ဉာဏ်ကောင်းတဲ့ကောင်မဟုတ်ဘူး ’

‘ မိန်းမလှညှို့ဓာတ်တွေ အများကြီးသောက်မိသွားလို့ ဦးနှောက်ထိသွားတာလား… ’
လီချန်ရှို့ တွေးတောနေသည်။ အစပိုင်းတွင် သူသည် ထိုအခြေအနေများကို နားမလည်နိုင်သော်လည်း လျင်မြန်စွာပင် အခြေအနေကို သုံးသပ်နိုင်လာ၏။

ထိုအခိုက်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းမှ လူများအားလုံးသည် ချုံတောင်လေးသို့ ကြည့်နေကြကြောင်း အာရုံခံမိလိုက်သည်။ သူတို့သည် သူတို့၏ နတ်အာရုံများ၊ စိတ်အာရုံများကို သုံးကာ ဆေးဖော်ဆောင် တစ်ဝိုက်ရှိ နေရာကို အာရုံခံစောင့်ကြည့်နေလေ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းမှ တပည့်များအကြားတွင် လီချန်ရှို့ဖော်ပြထားသော ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ်ထက် မြင့်၏။ ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

အကျိုးရှိလျှင် အကြောင်းရှိရပေမည်။

သူသည် ကောင်းကင်ပြစ်ဒဏ်မခံယူရသေးခင်တုန်းကလည်း အောင်းရိနှင့် တွေ့ခဲ့လေသည်။ ထိုကိစ္စသည် တိုက်ဆိုင်မှုဖြစ်သည်။

အောင်းရိသည် ထိုအချိန်တုန်းက သူ့ကို မမှတ်မိကြောင်း သူသေချာသိ၏။ သူသည် ထိုအချိန်က အေးစက်စက်မျက်နှာထားရှိသည့် တာအိုရသေ့အိုကြီးအဖြစ် ရုပ်ဖျက်ထားခြင်းပင်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါနှင့် ရနံ့များကိုလည်း ပြောင်းလဲထားခဲ့၏။
‘ ဒီလိုဆိုရင် အရှေ့သမုဒ္ဒရာမှာ ကျင်းပခဲ့တဲ့ မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့်ဖြစ်မယ်… ’

‘ ဒီနဂါးလေးက အဲဒီအခေါက်မှာ ငါ့ကို တမင်အရှုံးပေးတာ မအောင်မြင်လို့ မကျေမနပ်ဖြစ်နေတာ နေမယ်။ အဲဒါကို အခုထိ မမေ့နိုင်သေးဘူးထင်တယ်။ ဒီလောက် နှစ်တွေအများကြီး ကြာမှ လီသောင်းပေါင်းများစွာဖြတ်ပြီး ဒီကိုလာပြီး ငါ့ကိုထပ်လာရှာတာပေါ့… ’
လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်းထဲတွင် သက်ပြင်းချလိုက်သည်။
“ အဲဒီနဂါးနဲ့ အဆိပ်မ တွေးနေတာကို ငါ ဘယ်တော့မှ မှန်းနိုင်မှာ မဟုတ်ဘူး… ”

ယခုတွင် သူမည်သို့လုပ်ရမည်နည်း။

လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်း၌ ထိုင်နေသော စက္ကူကိုယ်ပွားကို အာရုံခံကြည့်လိုက်သည်။ သူ၏ နတ်အာရုံကြောင့် စက္ကူကိုယ်ပွား၏ ခါးတွင်ချိတ်ထားသော အာရုံခံကျောက်တုံးလေးသုံးတုံးသည် လင်းလာ၏။

ခေတ္တမျှချီတုံချတုံဖြစ်နေပြီးနောက် သူသည် အစိမ်းရောင်အခိုးအငွေ့အဖြစ်ပြောင်းကာ ဆေးဖော်ဆောင်အတွင်းသို့ ပြန်သွားလိုက်သည်။

ထိုအစိမ်းရောက်အခိုးအငွေ့များသည် ဆေးဖော်ဆောင်ထဲတွင် ပျံ့နှံ့သွားပြီး ပြန်စုစည်းသွားကာ လီချန်ရှို့၏ ခန္ဓာကိုယ်ပေါ်လာလေတော့သည်။

သူသည် ဆေးပေါင်းဖိုနောက်ရှိ တရားထိုင်ဖျာပေါ်တွင် ထိုင်၍ မျက်လုံးမှိတ်ကာ တရားမှတ်လိုက်သည်။ သူသည် ဆရာတူညီမလေးနှင့် ဇာတ်တိုက်ထားသကဲ့သို့ တာအိုဉာဏ်အလင်းပွင့်မှုကို အာရုံစိုက်နေဟန် ဆောင်လိုက်သည်။

လီချန်ရှို့သည် အခန်းအောင်းကျင့်ကြံရင်း ဉာဏ်အလင်းပွင့်သွားဟန်ဆောင်ထားလျှင် အမှန်ပင် ဉာဏ်အလင်းပွင့်ကြောင်းပြရပေမည်။ ထို့ကြောင့် သူသည် ချီငြိမ်မန္တန်ကိုသုံးကာ ကျင့်ကြံခြင်းအဆင့်ကို ချိန်ညှိလိုက်ပြီး သုံးလွှာဖုံးကွယ်မှုကို သုံးလိုက်သည်။ အပေါ်ယံတွင် ဗလာနတ္ထိပဥ္စမအဆင့်ကို ဖော်ပြလိုက်ကာ အလယ်တွင် ဗလာနတ္ထိ နဝမအဆင့်ကို ဖော်ပြလိုက်ပြီး အောက်ဆုံး၌ မူလနတ်ဝိဇ္ဇာအဆင့်ကို ဖော်ပြလိုက်၏။

ထိုအရာများလုပ်ပြီးသောအခါ လီချန်ရှို့သည် မိမိကိုယ်ကို သေချာပြန်လေ့လာလိုက်သည်။ သူ၏ ဝှက်ဖဲများကို ဖောက်မြင်နိုင်မည့်သူ ချုံတောင်လေးတွင် မရှိချေ။

ထိုအချိန်တွင် လင်းအယ်သည် ရိုကျိုးစွာဖြင့် သူမ၏ ကောက်ရိုးတဲအတွင်း ကျင့်ကြံနေဟန် ဆောင်နေလေ၏။
‘ ဒီတစ်ခေါက် ညီမလေးက ကောင်းကောင်းလုပ်နေတာပဲ ’

‘ နောက်မှ သူ့ကို ချီးကျူးပေးရဦးမယ် ’
လီချန်ရှို့သည် အခန်းအောင်းကျင့်ကြံရင်း တာအိုဉာဏ်အလင်းပွင့်မှုကို သုံးသပ်နေဟန်သာ ဆက်၍ ဆောင်နေရမည်ဖြစ်ကြောင်း သိ၏။ ဂိုဏ်းရှိ အကြီးအကဲတစ်ဦးမှ သူ့ကို နှိုးခြင်းဖြစ်စေ၊ မန္တန်အစီအရင်များအတွင်းမှ လှုပ်ရှားမှုများကြောင့် နိုးလာခြင်းဖြစ်စေ စသည်တို့ကြောင့်သာ သူ နိုးလာနိုင်ပေသည်။

ထိုးမည့်ဆင် ခြေတစ်လှမ်းဆုတ်ဆိုသည့်အတိုင်း ယခုအချိန်တွင် အသာငြိမ်နေ၍ အခွင့်အ‌ရေးကောင်းကိုစောင့်ကာ ထိုလူတို့၏ အာရုံကိုလွှဲရပေမည်။

အောင်းရိနှင့် ကျိုးဝူတို့သည် မန္တန်အစီအရင်အတွင်း၌ ရှိနေကြ၏။

သူတို့သည် သစ်သားဆိုင်းဘုတ်လေးများ၏ လမ်းညွှန်မှုနောက်ကို လိုက်ကာ လက်ဖက်ရည်အိုးနှင့် စားပွဲပုလေးပြင်ဆင်ပေးထားသော မြေကွက်လပ်သို့ရောက်သွား၏။ အောင်းရိနှင့် ကျိုးဝူတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

အောင်းရိ၏ ခန္ဓာကိုယ်သည် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ်သာ ရှိပေသေးသည်။ သူ၏ ဦးချိုအပါအဝင် အရပ်ခြောက်ပေရှည်ပြီး ကျိုးဝူထက် ခေါင်းတစ်လုံးစာ ပိုမြင့်လေသည်။

အောင်းရိသည် သူ၏ရှေ့ရှိ သစ်သားဆိုင်းဘုတ်ပေါ်တွင် ရေးထားသော စာများကိုဖတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် နားမလည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။

ကျိုးဝူသည် ပြုံး၍ ပြောလိုက်၏။
“ မင်းသားလေး အောင်းရိ.. ဒါက နောက်ထပ် လမ်းခွဲတစ်ခုပါ… ”

အောင်းရိ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
“ ကျွန်တော် ဒီအခြေခံ မန္တန်အစီအရင်တွေကနေ ထွက်နိုင်မယ့် လမ်းကို ရှာပြီးသွားပြီပဲ။ ဘာလို့ ကျွန်တော် ဒီထဲက မထွက်နိုင်ရသေးတာလဲ ”

“ ဒါက ဆက်စပ်မန္တန်အစီအရင်ပါ။ တူလေးချန်ရှို့ ဖန်တီးထားတာလေ… ”
ကျိုးဝူက ပြန်ပြောလိုက်၏။
“ မန္တန်အစီအရင်တစ်ခုထဲက ထွက်နိုင်ရင် နောက်တစ်ခုထဲ ရောက်သွားမှာပဲ။ ဒီမန္တန်အစီအရင်တွေထဲက ထွက်ချင်ရင် မန္တန်အစီအရင်အတတ်ကို ဆရာတစ်ဆူအဆင့်လောက်ထိ ကျွမ်းကျင်နေမှ ရမယ်… ”

“ မင်းသားလေး အောင်းရိ… ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့… ”

“ ဟွန်း… ”
အောင်းရိသည် နှာခေါင်းရှုံ့လိုက်ပြီး အရေးမစိုက်သလို ပြောလိုက်သည်။
“ ကျွန်တော် ဒီနေ့ ဒီထဲမှာ ပိတ်မိနေမယ်ဆိုတာ မယုံပါဘူး… ”

ထို့နောက် သူသည် ရင်ဘတ်ရှိ အိပ်ကပ်အတွင်းမှနေ၍ အပြာနုရောင် ပုလဲလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလဲလုံးသည် အရောက်တောက်ပသွားပြီး မန္တန်အစီအရင်အတွင်းရှိ စိတ်တန်ခိုးများကို ချက်ချင်းပင် ရပ်တန့်လိုက်၏။

အောင်းရိသည် အရေးမစိုက်ဟန်ပြုံး၍ နောက်သို့လှည့်ကာ လျှောက်သွားလိုက်သည်။ မကြာမီမှာပင် သူ အခြားလမ်းတစ်လမ်း ထပ်တွေ့သွားလေသည်။

ကျိုးဝူသည် အောင်းရိ၏ နောက်သို့ အလျင်အမြန် ပြေးလိုက်,လိုက်ရသည်။ သို့သော် ကျိုးဝူ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပေါ်လွင်လာ၏။

သူ၏ တာအိုလက်တွဲဖော် ကျိုးရှစ်နှင့် အတူလာစဉ်က သူတို့သည် ဤဆက်စပ်မန္တန်အစီအရင်အတွင်း၌ ပိတ်မိနေခဲ့ဖူးသည် မဟုတ်ပါလား။ ယခုလက်ရှိ ဆက်စပ်မန္တန်အစီအရင်သည် သူတို့ကြုံခဲ့ရသော မန္တန်အစီအရင်ထက် ပို၍ ပြီးပြည့်စုံ၏။

သဘောတရားအရ ထိုဆက်စပ်မန္တန်အစီအရင်သည် အခြေခံမန္တန်အစီအရင် တချို့ဖြင့် ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ သို့သော် လီချန်ရှို့၏ ကောင်းမွန်သော အသေးစိတ်ပုံစံကြောင့် ထိုဆက်စပ်မန္တန်အစီအရင်သည် ပြောင်မြောက်နေခြင်းပင်။

တစ်နာရီကြာပြီးနောက်…

အောင်းရိသည် သူ့ရှေ့ရှိ သစ်သားဆိုင်းဘုတ်ကိုကြည့်ရင်း နှုတ်ခမ်းစွန်းနှစ်ခု ကွေးညွတ်သွား၏။

သစ်သားဆိုင်းဘုတ်ပေါ်တွင်‌ရေးထားသည်ကား…
‘ သင် လမ်းပျောက်နေပါသလား ’ ဟူသော စာသားပင်။

သူသည် မူလနေရာသို့ ပြန်ရောက်လာခြင်းပင်။

“ သေစမ်း… ”
အောင်းရိသည် အံကြိတ်လိုက်ရာ သူ၏ ခံ့ညားသောမျက်နှာလေးသည် ရှုံ့တွသွား၏။ ထို့နောက် သူသည် ခေါင်းခါယမ်းကာ အခြားလမ်းတစ်လမ်းကို ရွေးလိုက်သည်။

ဆေးဖော်ဆောင်ထဲတွင် လီချန်ရှို့သည် လက်ဝဲမျက်လုံးကို ဖွင့်လိုက်၏။

‘ ဒီနဂါးလေးမှာ မန္တန်အစီအရင်ကို ဖျက်နိုင်တဲ့ ဓမ္မရတနာရှိတယ် ထင်တယ်။ ဒါပေမဲ့ သူက မန္တန်အစီအရင်ထဲ စက်ဝိုင်းပုံပတ်လျှောက်နေတာပဲ။ သူက မန္တန်အစီအရင်တွေအကြောင်း သိပ်မသိဘူးဆိုတာ သိသာတယ်… ’
ထိုသို့တွေးပြီးသောအခါ လီချန်ရှို့သည် ဆေးဖော်‌ဆောင်တစ်ဝိုက် အချင်းကျန့်(၁၀၀)အတွင်းရှိ မန္တန်အစီအရင်အများအပြားကို ပိတ်ပေးလိုက်သည်။ ထိုမှ စောင့်ကြည့်နေသော ကောင်းကင်နတ်မင်းအဆင့်ရှိသူများသည် သူဆေးဖော်ဆောင်ထဲတွင် အခန်းအောင်းကာ တရားကျင့်နေသည်ကို မြင်ရမည်ဖြစ်၏။

ထိုသို့ဆိုလျှင် ပို၍ အကြောင်းအကျိုးညီညွတ်ပေလိမ့်မည်။

******

နောက်ထပ် တစ်နာရီကြာပြီးနောက်…

ချုံတောင်လေး၏ အပေါ်တွင် လှည့်ပတ်ပျံနေသော ကောင်းကင်နတ်မင်းသုံးဦး၏ မျက်နှာထားသည် တစ်ဦးနှင့် တစ်ဦး မတူကြတော့ချေ။ တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည် ပြုံးနေသော်လည်း အလွန်အကျွံရယ်မော၍ မဖြစ်ပေ။

တာအိုရသေ့အိုကြီး ယွမ်ကျဲသည် ပြုံးနေသော်လည်း တစ်ချက်တစ်ချက်တွင် မျက်မှောင်ကြုတ်ကြုတ်သွား၏။

သူတို့သည် မန္တန်အစီအရင်အတွင်း၌ ဖြစ်ပျက်နေသည်များကို အကြမ်းဖျင်းမြင်ရလေသည်။ ယွမ်ကျဲသည် အောင်းရိတစ်ယောက် ခေါင်းမပါသော ယင်ကောင်တစ်ကောင်ကဲ့သို့ လှည့်ပတ်သွားနေသည်ကို တွေ့ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေ၏။

မန္တန်အစီအရင်ထဲ၌ အောင်းရိ၏မျက်လုံးများသည် ရဲရဲတွတ်နေပေပြီ။ သူ၏ စိတ်သည်လည်း ချောက်ချားနေ၏။ သူသည် လက်ထဲ၌ ဓားတစ်လက်နှင့် ပုလဲတစ်လုံးကို ကိုင်ကာ မန္တန်အစီအရင်အတွင်း ခက်သွက်သွက် သွားနေလေသည်။

ကျိုးဝူသည် နောက်မှနေ၍ ခပ်ဖြည်းဖြည်း ပျံသန်း၍ လိုက်နေလေသည်။ သို့သော် သတိလက်လွတ်တော့မနေချေ။ အောင်းရိသည် သူ၏ နတ်ရတနာကိုသုံး၍ မန္တန်အစီအရင်များကို ဖျက်ဆီးပစ်ရန် လုပ်လာနိုင်၏။

ခေတ္တကြာလျှင် ကျိုးဝူသည် သူတို့နှစ်ယောက်ကို မန္တန်အစီအရင်အတွင်းမှ ထုတ်ပေးရန် သူ၏ ဆရာကို လှမ်း၍ အကြောင်းကြားမည် ဖြစ်သည်။ ထိုအခါ နဂါးနန်းတော်မှ မင်းသာလေးလည်း ရှုံးကြောင်းဝန်ခံရပေလိမ့်မည်။
‘ တူလေးချန်ရှို့ အခန်းအောင်းကျင့်ကြံတာကတောင် ထွက်လာစရာမလိုတော့ဘူး။ ငါအကုန်လုံးကို အဆင်ပြေအောင် လုပ်ထားပြီးပြီပဲ… ’

တဖြည်းဖြည်းဖြင့် အောင်းရိ၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာ၏။

သို့သော် အောင်းရိသည် သတိရှိနေဆဲပင်။ သူသည် စိတ်လှုပ်ရှားနေသော်လည်း အရှက်ရမည့် ကိစ္စများကိုတော့ မလုပ်ပေ။

သူသည် မန္တန်အစီအရင်ကို ဖြေရှင်းရန် သ‌ဘောတူခဲ့၏။ ထိုသို့လုပ်နိုင်လျှင် သူနိုင်ပေလိမ့်မည်။
‘ ဒီက မန္တန်အစီအရင်တွေက တကယ်ကို ဗလာနတ္ထိအဆင့်ရှိသူတစ်ယောက် ဆင်ထားတဲ့ အခြေခံ မန္တန်အစီအရင်တွေပါပဲ။ ဒါပေမဲ့ ငါဘာလို့ မထွက်နိုင်ရတာလဲ… ’

‘ ပြောရရင် ငါ မန္တန်အစီအရင်ရဲ့ အဓိကနေရာကိုတောင် ရှာမတွေ့ဘူး… ’

‘ ငါ နဂါးနန်းတော်မှာ ရှိတုန်းက မန္တန်အစီအရင်တွေ အကြောင်းကို သင်ခဲ့ဖူးပါတယ်။ နဂါးနန်းတော်က မန္တန်အစီအရင်အတတ်မှာ လူသားမျိုးနွယ်နဲ့ယှဉ်ရင် တော်တော်အားနည်းနေတာလား.. ’

‘ မဟုတ်ဘူး။ နဂါးမျိုးနွယ်လည်း ပြန်ပြီး ဦးမော့လာနိုင်တာပဲ …’

ကျိုးဝူ တီးတိုးပြောလိုက်၏။
“ မင်းသားလေး အောင်းရိ… ဒီလက်ရည်စမ်းတာကို မေ့လိုက်ပြီး… ”

“ ကျွန်တော် ဒီမန္တန်အစီအရင်တွေကို ရအောင် ဖောက်ထွက်မယ်… ”
အောင်းရိသည် နောက်လှည့်၍ အော်ပြောလိုက်သည်။

“ ကောင်းပါပြီ။ အဲဒါဆိုလည်း ဆက်လုပ်ပါ… ”
ကျိုးဝူသည် ပြုံး၍ နောက်မှသာ ကပ်၍လိုက်နေလိုက်သည်။ သူသည် အောင်းရိကို မျက်ခြေပြတ်သွားမည်ကို စိုး၏။

မန္တန်အစီအရင်အပြင်ဘက်ရှိ တိမ်ပေါ်တွင် ကောင်မလေးနှစ်ဦးသည် ခေတ္တမျှဆွေးနွေးနေကြ၏။

ဟန်ကျစ်သည် နူးညံ့စွာပြောလိုက်သည်။
“ ဆရာ… ဆရာက သမီးကို မန္တန်အစီအရင်ဆင်တာနဲ့ ပတ်သက်တဲ့ ပညာတွေ အများကြီးသင်ပေးထားတာပဲ… ”

“ သမီးလည်း အစ်မရိုရိုနဲ့အတူ သွားပြီး ဖြေရှင်းကြည့်ချင်တယ်။ ဒါက အစ်ကိုအောင်းရိယှဉ်ပြိုင်တာနဲ့ မသက်ဆိုင်ပါဘူး။ သမီး ဒီအတိုင်း စိတ်ဝင်စားလာလို့ပါ ”

တာအိုရသေ့အိုကြီး ယွမ်ကျဲသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲနှစ်ဦးကို လှမ်းကြည့်လိုက်သည်။ ထိုအကြီးအကဲနှစ်ဦးသည် သ‌ဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။

ထိုအကြီးအကဲနှစ်ဦးသည် ချုံတောင်လေး၏ ဆေးဖော်ဆောင်တစ်ဝိုက်ရှိ မန္တန်အစီအရင်များ မည်မျှ နက်နဲသည်ကို ကိုယ်တိုင်တွေ့လို၏။ သူတို့သည် ထိုကောင်မလေးနှစ်ယောက်ကို သွားခွင့်ပြုလိုက်လျှင် မန္တန်အစီအရင်အတတ်တွင် ထူးချွန်သော လူများ ထိုမန္တန်အစီအရင်အား ဖြေရှင်းနေသည်ကို လက်တွေ့မြင်နိုင်မည် ဖြစ်သည်။
‘ ဒီကိစ္စပြီးရင်တော့ ပိုင်ဖန်ခန်းမကလူတွေကို ချန်ရှို့ကိုသေချာ ပျိုးထောင်ဖို့ပြောရမယ်… ”

“ သွား..သွား… ”
တာအိုရသေ့အိုကြီး ယွမ်ကျဲသည် သူ၏ လက်ကိုဝှေ့ယမ်းပြလိုက်သည်။ ဟန်ကျစ်နှင့် အခြားကောင်မလေးသည် အောက်သို့ပျံ၍ ဆင်းသွားပြီး မန္တန်အစီအရင်အတွင်းသို့ ဝင်သွားလေတော့သည်။

ခေတ္တမျှကြာပြီးနောက်….

မူလနတ်ဝိဇ္ဇာအဆင့်ရှိသော ကောင်မလေးနှစ်ဦးသည် သူမတို့ရှေ့ရှိ သစ်သားဆိုင်းဘုတ်ကို ကြည့်လိုက်ပြီး ကြောင်တောင်တောင်ဖြစ်သွား၏။

‘ သင် လမ်း‌ပျောက်နေပါသလား ’
ဟန်ကျစ်သည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ဒီမန္တန်အစီအရင်ကို ဆင်ထားတဲ့သူက တော်တော် စိတ်ကြီးဝင်နေတာပဲ ”

“ နောက်မှာလဲ သစ်သားဆိုင်းဘုတ်တွေရှိသေးတယ်… ”

“ သူ့မှာ ဘာလှည့်ကွက်တွေ ရှိလဲ ကြည့်ကြသေးတာပေါ့… လာ..သွားကြည့်ကြမယ် ”
လက်ဖက်ရည်သောက်ရန် မြေကွက်လပ်အတွင်း ရောက်နေသောသူများသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း ထိုနေရာသို့ ရောက်ခဲ့သော လူစုစုပေါင်းထက်ပိုများလေ၏။

*****

ဆေးဖော်ဆောင်အတွင်း၌ လီချန်ရှို့သည် နတ်အာရုံကိုသုံးကာ ဖြစ်ပျက်နေသည့်အရာအာလုံးကို အာရုံခံ၍ စိတ်ထဲမှ သက်ပြင်းချလိုက်ရသည်။ သူသည် အဆင့်တက်ရန် အခန်းအောင်းကျင့်ကြံနေသကဲ့သို့ ဆက်လက်ဟန်ဆောင်နေရ၏။

တော်သေးသည်မှာ သူသည် ထိုဆက်စပ်မန္တန်အစီအရင်၏ လျှို့ဝှက်ချက်များကို ဆရာဦးလေးကျိုးဝူမှတဆင့် ဂိုဏ်းသို့ ပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ဆုလာဘ်အနေဖြင့် ဆေးပေါင်းဖိုကိုပင် ရခဲ့ခြင်းဖြစ်၏။

ထိုအရာသည် သူကြို၍ ရှင်းလင်းနိုင်ခဲ့သော လျှို့ဝှက်အန္တရာယ်ပင်။

‘ ဒါပေမဲ့ ဒီနေ့ပြီးသွားရင်တော့ ဆေးဖော်ဆောင်ပတ်ဝန်းကျင်က မန္တန်အစီအရင်တွေက ဂိုဏ်းထဲမှာ နာမည်ကြီးနေရာတစ်ခုဖြစ်လာတော့မှာပဲ… ’

‘ ချုံတောင်‌လေးရဲ့ ပိုက်ဆံရှာ အစီအစဉ်၊ မှော်မန္တန်အစီအရင်များအတွင်း စွန့်စားသွားလာခြင်းဆိုပြီး ဝင်ကြေးကောက်လိုက်ရမလား…ဟားဟား… ’

‘ ပြီးတော့ ဒီတစ်ခေါက် ကိစ္စနဲ့ အရင်တုန်းကိစ္စတွေကြောင့် ငါ့ရဲ့ ‘ ထူးချွန်သောတပည့်’ ဆိုတဲ့ အပေါ်ယံမျက်နှာဖုံးကို အာရုံစိုက်တဲ့ သူများနေပြီ ’

ထိုပြဿနာသည် လီချန်ရှို့ကို ခေါင်းကိုက်စေ၏။ ‘ထူးချွန်သောတပည့်’ ဆိုသည့် မျက်နှာဖုံးမျှနှင့် မလုံလောက်တော့ပေ။

‘ ဒီတစ်ခါတော့ ဒီအခွင့်အရေးကိုအသုံးချပြီး အစွမ်းသိပ်မကြီးသေးတဲ့ နတ်ဝိဇ္ဇာဖြစ်ခါနီးသူ ဆိုတဲ့ မျက်နှာဖုံးကို စွပ်ရမှာပဲ။ မဟုတ်ရင် အခြေအနေတွေ ပိုရှုပ်ထွေးလာရင် ရှင်းပြရခက်နေမယ်… ’

လီချန်ရှို့ လျင်မြန်စွာ တွေးတောလိုက်သည်။ ဖုံးကွယ်ခြင်းအတတ်သည် အဖက်ဖက်တွင် မျှချေရှိရပေမည်။ အခြားသူများသည် သူ၏လျှို့ဝှက်ချက်များကို ဖောက်မြင်နိုင်သည်ဟု ထင်သွား‌အောင် လုပ်ပေးရမည် ဖြစ်သည်။ ထိုအရာသည် အဆင့်မြင့် ဖုံးကွယ်အတတ် ဖြစ်သည်။

သူသည် ကျိုးဝူအပေါ်တွင်လည်း ဤနည်းသုံးခဲ့ခြင်းပင်။

‘ ဒီတစ်ခါတော့ ဒီနည်းလမ်းကို ဂိုဏ်းထဲက အကြီးအကဲတွေအပေါ်မှာ သုံးရမှာပဲ။ အဲဒီလိုဆို ငါ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရလိမ့်မယ်…. ’

‘ အခု ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို နတ်ဝိဇ္ဇာဖြစ်ခါနီးအဆင့် အထိဖော်ပြပေးထားရမှာပဲ။ အဲဒါမှ အကြီးအကဲတွေက ကျင့်ကြံခြင်းအဆင့်ကိုပဲ အာရုံစိုက်သွားပြီး တခြားမူမမှန်တာတွေကို သတိမထားမိမှာ ’

‘ အဲဒီလိုမှ အကြီးအကဲတွေက ဒီကောင်လေးရဲ့ အရည်အချင်းက သိပ်မဆိုးဘူးပဲ.. ဒါကြောင့်လည်း ဒီလောက်ပြဿနာရှာနိုင်တာလို့ ထင်သွားမှာ… ’

‘ ဒီကိစ္စပြီးရင်တော့ ငါ နှစ်နည်းနည်းလောက် သိုသိုသိပ်သိပ်နေရမယ်။ ပြီးရင် ဉာဏ်အလင်းထက်ပွင့်ပြပြီး ထူးချွန်တဲ့ တပည့်ဆိုတဲ့ မျက်နှာဖုံးကိုပြန်ယူရမယ်။ အဲဒီအခါကျရင် ဂိုဏ်းကလည်း ချုံတောင်လေးက တပည့်ကို အာရုံသိပ်စိုက်မှာ မဟုတ်လောက်တော့ပါဘူး… ’

‘ ငါ့ရဲ့ ဝှက်ဖဲနည်းနည်းကို ထုတ်ပြလိုက်ရရင်လည်း နောက်ကျ တခြားဝှက်ဖဲတွေ ထပ်ရနိုင်သေးတာပဲ..ကိစ္စမရှိပါဘူး… ’

‘ အဲဒီလိုမပြလိုက်လို့ ဝှက်ဖဲတွေအကုန် ပေါ်သွားမှ ပြဿနာတက်မှာ… ’

‘ နောက်ကျရင် ငါ တော်တော် သတိကြီးကြီထားမှ ရမယ် ’

သူ ဝှက်ဖဲများ ခက်ခက်ခဲခဲ ထားနေရခြင်းမှာ အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နိုင်၍ အသက် ဆက်၍ရှင်သန်နိုင်သည့် အခွင့်အရေးများစေရန် ဖြစ်သည်။

သို့သော် ယခုကိစ္စတွင် သူ၏ ဝှက်ဖဲတချို့ကို ဖော်ပြရမည်မှာ သူ့အတွက် အရှုံးသာဖြစ်၏။

‘ အခုတွေးကြည့်မှ ငါ အဲဒီအောင်းရိဆိုတဲ့ကောင်ကို သမုဒ္ဒရာထဲမှာ နှလုံးချွေဆေးတိုက်ပစ်လိုက်ရမှာ… ’

‘ နည်းနည်းလောက်တိုက်လိုက်ရင်ကို အဆင်ပြေမှာ… ’

နောက်တစ်နာရီ ထပ်၍ ကုန်ဆုံးသွား၏။

ဆည်းဆာနေ၏ အလင်းတန်းများသည် အာကာပြင်တစ်ခွင်လုံးကို လွှမ်းခြုံ၍ တုနတ်ဝိဇ္ဇာဂိုဏ်းကို အလင်းပေးနေလေသည်။ အရေးအကြောင်းများရှိသော မျက်နှာများအပေါ်မှ အပြုံးတစ်ခုချင်းစီသည် ဒေစီပန်းလေးကဲ့သို့ လန်းဆန်းနေ၏။

ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူနှစ်ဦးနှင့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲသုံးဦး ရောက်ရှိလာ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းရှိ အကြီးအကဲများ၏ စိတ်ထဲတွင် လီချန်ရှို့နှင့် ကျိုးကျိုးကို ချီးကျုးနေကြ၏။ အောင်းရိကို ထိုသို့လက်ရည်စမ်းရန် အကြံပေးခဲ့သော ကျိုးဝူကိုလည်း ချီးကျူးကြ၏။

ထိုအကွက်သည် လှပပေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ရှေ့သို့ထွက်ကာ ဦးစွာပြောလိုက်၏။ သူသည် မုတ်ဆိတ်မွေးသပ်၍ ပြုံးကာပြောလိုက်၏။
“ ဒီက မန္တန်အစီအရင်တွေက ဂိုဏ်းက တပည့်လေး လီချန်ရှို့ကိုယ်တိုင် သေချာပုံစံဆွဲထားတာပါ။ သူက သူ နှစ်ပေါင်းများစွာ လေ့လာထားတဲ့ ဆက်စပ်မန္တန်အစီအရင်ပညာကို အခြေခံပြီး ဒီမန္တန်အစီအရင်ရဲ့ ပုံကြမ်းကို ဆွဲခဲ့တာပါ။ အဲ…မန္တန်အစီအရင်ဆင်တာကတော့ ဂိုဏ်းထဲက အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့ တူမလေး ကျိုးကျိုးက ဆင်ထားပေးတာပါ… ”

“ အဲဒါတွေက အခြေခံ မန္တန်အစီအရင်လေးတွေဆိုပေမယ့် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့ သူက ဆင်ပေးထားတာပါ။ မင်းသားလေး အောင်းရိနဲ့ ကလေးမလေးနှစ်ယောက် မဖြေရှင်းနိုင်တာ မဆန်းပါဘူး… ”

“ ကောင်းပြီလေ… ”
တာအိုရသေ့အိုကြီး ယွမ်ကျဲသည် သက်ပြင်းချ၍ ပြောလိုက်သည်။
“ ကျွန်တော် သူတို့သုံးယောက်ကို ပြန်ထုတ်ပေးလိုက်ပါမယ်။ တူလေး အောင်းရိကတော့ ဒီတစ်ခေါက်လည်း ရှုံးပြန်ပြီပေါ့… ”

ထို့နောက် ယွမ်ကျဲသည် အောက်ရှိ မန္တန်အစီအရင်အတွင်းသို့ လက်နောက်ပစ်ကာ ပျံသွားလိုက်၏။

သူသည် ကောင်းကင်နတ်မင်း တစ်ဦးဖြစ်သဖြင့် သူ၏ နတ်တန်ခိုးများကိုသုံးကာ မန္တန်အစီအရင်များ၏ အောက်ခြေများကို ပျက်စီးသွားအောင် လုပ်နိုင်၏။ သို့သော် ထိုသို့လုပ်လျှင် အရှက်ရပေလိမ့်မည်။

တာအိုရသေ့အိုကြီး ယွမ်ကျဲသည် အပြင်မှနေ၍ နေ့တစ်ဝက်ခန့်ကြည့်ခဲ့ပြီးဖြစ်၍ ထိုမန္တန်အစီအရင်များအား ဖြေရှင်းရန်နည်းလမ်းကို သဘောပေါက်ခဲ့ပြီဟု သူ ထင်လေသည်။ ထိုအခိုက်တွင် သူသည် ယုံကြည်မှုအပြည့်ရှိနေ၏။ သူသည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများကို သွား၍ကယ်တင်ကာ အခြေအနေကို ပြောင်းပြန်လှန်ရပေမည်။

သူ၏ တပည့်နှင့် တူလေး၊ တူမလေးနှစ်ဦးသည် ဤအကြိမ်တွင် ကိုယ့်ကိုယ်ကို အရှက်ရစေခဲ့သော်လည်း မည်သို့မှ မတတ်နိုင်တော့ချေ။

သို့သော်…

ယွမ်ကျဲ အံ့အားသင့်သွား၏။

ခေတ္တမျှကြာသောအခါ…

သူသည် အောက်ပါစာတန်းကို ရေးထားသော သစ်သားဆိုင်းဘုတ်ကို တွေ့လိုက်ရ၏။
‘ သင် လမ်းပျောက်နေပါသလား ’

ကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီးသည် သက်ပြင်းရှည်ကြီးချ၍ တွေးတောလိုက်သည်။
‘ ဒီမန္တန်အစီအရင်တွေမှာ တကယ်ကို လျှို့ဝှက်ချက်တွေရှိတာပဲ ’

သူသည် နောက်လှည့်၍ မျက်မှောင်ကြုတ်ကာ မန္တန်အစီအရင်အတွင်းမှ ထွက်နိုင်ရန် ဆက်ကြိုးစားလိုက်လေသည်။ တိမ်ပေါ်ရှိ ကောင်းကင်နတ်မင်းများသည် ဆွံ့အသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။

လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်ခံယူရာမှ ပြန်လာပြီးနောက် မန္တန်အစီအရင်၏ အပြင်လွှာကို အဆင့်မြှင့်တင်ခဲ့၏။ သို့သော် သူသည် အောက်ခြေများကို ပြောင်းလဲမှုတချို့လုပ်ခဲ့ရုံသာ ဖြစ်သည်။ ကောင်းကင်နတ်မင်းတစ်ဦးအနေဖြင့် အားသုံး၍ ထိုမန္တန်အစီအရင်ကို ဖောက်ထွက်နိုင်၏။ သို့သော် ယွမ်ကျဲသည် အတန်ငယ် ‌စိတ်တိုနေကာ အသေပိတ်ထားသော ဆက်စပ်မန္တန်အစီအရင်ကို အားမသုံးဘဲ ဖြေရှင်းရန်လုပ်နေ၏။

သဘောတရားအရဆိုလျှင် ထိုမန္တန်အစီအရင်အတွင်းမှ ထွက်နိုင်ရန် အားသုံး၍ မန္တန်အစီအရင်များ၏ အောက်ခြေကို ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

သို့သော် ယွမ်ကျဲသည် အဘယ်သို့ အားသုံး၍ ‌ဖောက်ထွက်နိုင်ပေမည်နည်း။

ဤကိစ္စသည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများ၏ မန္တန်အစီအရင်ပညာရပ်ကို ကျွမ်းကျင်မှုအပေါ် မူတည်နေလေသည်။ ဤကိစ္စသည် သူ၏ မာနအပေါ် မူတည်နေ၏။

နောက်တစ်ကြိမ် တစ်နာရီကြာပြီးနောက်…

အောင်းရိနှင့် ကျိုးဝူသည် လူးလားခေါက်တုန့်လျှောက်နေသော တာအိုရသေ့အိုကြီးကို ကျောက်ရုပ်များအလား ရပ်ကြည့်နေကြ၏။

“ ဆရာဦးလေး ယွမ်ကျဲ… ”
‌အောင်းရိသည် အော်ခေါ်၍ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ ပြောင်းလဲသွား၏။

တာအိုရသေ့အိုကြီး ယွမ်ကျဲသည် ထိုအသံကို ကြားသောအခါ သူ၏ မျက်နှာကို အင်္ကျီလက်ဖြင့် ကာလိုက်၏။ သို့သော် မန္တန်အစီအရင်သည် ပြောင်းလဲသွားပေရာ သူ၏ပုံရိပ်သည် အောင်းရိ၏ မြင်ကွင်းအတွင်းမှ နေ၍ လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

“ ဒါက… ”
အောင်းရိသည် မျက်လုံးများပြူးကျယ်သွားပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားလေ၏။

ကျိုးဝူသည် လျင်မြန်စွာပင် အောင်းရိ၏ အနားသို့သွား၍ ပြုံးလိုက်သည်။
“ မင်းသားလေး … အချိန်လည်းလင့်နေပြီ… ကျွန်တော်တို့တွေ ဘာလို့… ”

“ ကျွန်တော် ဒီမန္တန်အစီအရင်ထဲကနေ ရအောင် ထွက်မယ်။ ရ‌အောင်ထွက်မယ်… ”
အောင်းရိသည် တုန်တုန်ရင်ရင်လေသံဖြင့် အော်လိုက်သည်။ သူသည် လက်ထဲတွင်ကိုင်ထားသော ဓားကိုမြှောက်ကာ တုန်တုန်ချိချိဖြင့် အရှေ့သို့‌ ပြေးသွားလေသည်။

******

ဆေးဖော်ဆောင်လေးအတွင်းသို့ ကြယ်အလင်းများ ဖြာကျနေ၏။

လီချန်ရှို့၏ နတ်အာရုံသည် မန္တန်အစီအရင်အတွင်းသို့ ဝင်လာလိုဟန်ရှိသည့် ကောင်းကင်ပေါ်ရှိ ကောင်းကင်နတ်မင်းများနှင့် အတုမဲ့နတ်ဝိဇ္ဇာများပါသည့် အုပ်စုအပေါ်တွင် အာရုံစိုက်နေလေသည်။
‘ ငါဒီညမှာပဲ ဆရာနဲ့ ညီမလေးကို ခေါ်ပြီး ဂိုဏ်းကထွက်ပြေးရင် ကောင်းမလား… ’

‘ အင်း… ငါထွက်ပြေးသင့်တယ် ’

‘ ငါ တုနတ်ဝိဇ္ဇာဂိုဏ်းမှာ ဆက်မနေသင့်တော့ဘူး… ’
ထိုအရာသည် ဟာသအနေနှင့် ပြောခြင်းသာဖြစ်၏။ သူသည် ချုံတောင်လေးပေါ်ရှိ မန္တန်အစီအရင်များကို နှစ်ပေါင်းများစွာ ဆင်ခဲ့ရခြင်းဖြစ်ပြီး တောင်ပေါ်တွင်နေလျှင် ပို၍ လုံခြုံမည်ဖြစ်သည်။

ထိုအခိုက်တွင် ကောင်းကင်ပေါ်မှ နတ်အာရုံတစ်ခု ကျဆင်းလာပြီး လီချန်ရှို့ကို လွှမ်းခြုံလိုက်သည်။ ထိုနတ်အာရုံသည် သူ၏ စိတ်ဝိညာဉ်ကို ညင်သာစွာ ပွတ်သပ်သွား၏။

နှိုးလိုက်ပုံမှာ ညင်သာလှ၏။

လီချန်ရှို့သည် ဂိုဏ်းအတွင်းမှ အကြီးအကဲတစ်ဦးသည် သူ့ကို နှိုးနေခြင်းဖြစ်ကြောင်း သိလိုက်၏။ သို့သော် ထိုအကြီးအကဲသည် သူ၏ စိတ်အခြေအနေကို ထိခိုက်သွားမည်ဆိုး၍ ညင်ညင်သာသာနှိုးလိုက်ခြင်းပင်။ အကြီးအကဲများသည် ဂိုဏ်းရှိ တပည့်အတွက် ထိုသို့စိုးရိမ်ပေးခြင်းသည် ကောင်းလေစွ။

လီချန်ရှို့သည် သူ၏ မျက်လုံးများကို မပွင့်တပွင့်ဖွင့်လိုက်လေသည်။ ထိုပုံစံသည် အမှန်ပင် ကျင့်ကြံနေရာမှ နိုးလာသည့်ပုံပင်ဖြစ်သည်။

အရှင်ဝမ်ချင်း၏ အသံသည် သူ၏နားအတွင်းသို့ ဝင်ရောက်လာ၏။
“ ဆက်ကျင့်ကြံမနေနဲ့တော့။ မန္တန်အစီအရင်ထဲက လူတွေကို ထွက်ခွင့်ပေးလိုက်တော့။ ခဏနေကျ အောင်းရိနဲ့ မင်းနဲ့ လက်ရည်စမ်းရလိမ့်မယ်။ သူက မူလနတ်ဝိဇ္ဇာအဆင့်ကိုရောက်နေတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မင်းရဲ့ အဆင့်အထိ ချိတ်ပိတ်ပေးလိမ့်မယ်။ မင်း အနိုင်ရအောင် ကိုယ့်ကိုယ်ကို ဖိအားပေးစရာမလိုဘူး။ ဒါပေမဲ့ ဂိုဏ်းမျက်နှာမပျက်ရ‌အောင် ခဏလေးတိုက်ပြီး ရှုံးသွားလို့တော့မရဘူး… ”

လီချန်ရှို့သည် ကပျာကယာထကာ ကောင်းကင်ပေါ်သို့ အရိုအသေပေးလိုက်သည်။
“ ဆရာဘိုးဘိုးပြောသလို ကျွန်တော် လိုက်နာပါ့မယ်… ”

‘ ငါနဲ့ တိုက်ဖို့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ပေးမယ်ပေါ့လေ… ’
သူသည် ဆေးဖော်ဆောင်တံခါးဆီသို့ သွက်လက်စွာသွား၍ ရှေ့သို့ကြည့်လိုက်သည်။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ စိတ်ဆုံးဖြတ်လိုက်သည်။
‘ ငါ အစွမ်းကုန်တိုက်မယ် ’

သူသည် ကျောက်စိမ်းပြားလေးကို အတန်ငယ်လှည့်လိုက်ရာ တောအုပ်ထဲတွင် လေပြေလေညင်းများတိုက်ခတ်သွား၏။

လီချန်ရှို့သည် ဆေးဖော်ဆောင်အပြင်ဘက်ကို ထွက်လိုက်ပြီး လေထဲသို့ ပျံတက်လိုက်သည်။ သူ၏ ဗလာနတ္ထိအဆင့်သည် သိသိသာသာ ပေါ်လွင်နေ၏။

သူသည် ယခုမှ အဆင့်တက်သွားသဖြင့် ကျင့်ကြံခြင်းအဆင့်သည် အတန်ငယ် မတည်မငြိမ်ဖြစ်နေသေးပုံပေါ်၏။

ဝေဟင်ပြင်နှင့် တောအုပ်အတွင်းရှိ အကြီးအကဲများ၊ နတ်ဝိဇ္ဇာများ၊ ကျဲကျောင်းတော်မှ ကလေးမလေးနှစ်ဦး၊ ကျိုးဝူနှင့်‌ အောင်းရိတို့သည် သူ့ထံသို့ တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

တစ်ဂိုဏ်းလုံးရှိ မျက်လုံးများသည်လည်း လီချန်ရှို့ထံသို့သာ ကျ‌ရောက်နေလေ၏။

ထို့ကြောင့် လီချန်ရှို့သည် အတန်ငယ် အိုးတိုးအန်းတန်း ခံစားလိုက်ရသော်လည်း ထိုအကြည့်များကို အကောင်းဆုံးကြိုးစား၍ တောင့်ခံလိုက်ရသည်။

ကျိုးဝူသည် သူ့ကို ချက်ချင်းသတိပေးလိုက်သည်။
“ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မလျှို့ဝှက်ထားဘူးလား ”

လီချန်ရှို့ အံ့ဩသွားသည်။ သူသည် ကျိုးဝူကို ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်၏။
“ ချုံတောင်လေးကတပည့် ကျွန်တော် လီချန်ရှို့ အကြီးအကဲတွေ၊ ဆရာဦးလေးတွေနဲ့ အစ်ကို၊ အစ်မတွေကို နှုတ်ဆက် အရိုအသေပြုပါတယ် ခင်ဗျာ… ”


Comment

Leave a Reply

Options

not work with dark mode
Reset