အပိုင်း (၂၈၀)

အစ်မနှစ်က တောင်အောက်ကို ဆင်းလာခြင်း

ဒွန်ချင် ကျောင်းတော်မှ ယှဉ်ပြိုင်ပွဲက ပုံမှန်အတိုင်း သွားနေသည်။ သို့သော်လည်း မည်သူမှ သိပ်စိတ်ဝင်စားပုံ မရပေ။ ယခင် နှစ်ရက်က စိတ်ပါဝင်စားမှု၊ စိတ်အား ထက်သန်မှုများ ယနေ့တွင် ပျောက်ဆုံး နေကြသည်။ ထို့အပြင် ကျောင်းတော်နှင့် ကော့တေးတို့က ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ပေ။ ရီဖူရှင်း၏ လုပ်ကြံခံရမှုက ဒွန်ချင် ကျောင်းတော် ပြိုင်ပွဲ၏ ဟန်ချက်အား ပျက်ယွင်း စေသည်။

လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများကို လူအများက သုံးသပ်မိကြသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က လက်ထပ်ပွဲဖြင့် ပူးပေါင်းမှုကို ခိုင်မာစေကာ ဒွန်ချင် ကျောင်းတော်အား ဖွင့်လှစ်ခဲ့သည်။ လုနန်ထျန်းက ဂူတုံးလျိုအား စိန်ခေါ်ခဲ့ကာ ခေ့ကေးမြို့တွင် ကြီးကျယ်သော အခမ်းအနားများကို ပြုလုပ်ခဲ့သည်။ ထိုစဉ်က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ လွန်စွာ ကြီးကျယ် ခမ်းနားခဲ့သည်။

သို့သော်လည်း ဂူတုံးလျိုက လုနန်ထျန်းအား အနိုင်ယူခဲ့သလို ရီဖူရှင်းကလည်း ချိန်ရှင်းမူအား အနိုင်ယူခဲ့သည်။ ယှဉ်ပြိုင်ပွဲတွင် ကျောင်းတော်နှင့် ကော့တေးက လူအများ၏ အာရုံစိုက်ခံရသူများ ဖြစ်လာသည်။

ထိုအချိန်တွင် ရီဖူရှင်းအား လုပ်ကြံသူ မည်သူဖြစ်မည်ကို ခေ့ကေးမြို့မှ လူတိုင်းက ခန့်မှန်းနေကြသည်။ အမှန်တရားက ထွက်ပေါ်လာမည်လား။ မဟုတ်လျှင် ကျောင်းတော်က ချင်ပြည်ထောင်အား တရားခံအဖြစ် သတ်မှတ်မည် ဖြစ်သည်။ ဤသို့ဆိုလျှင် ထိပ်သီး အင်အားစု နှစ်ခုက စစ်ဖြစ်ကြတော့ မည်လော။

ခေ့ကေးမြို့၏ အခြေအနေက ပုံမှန်အတိုင်း တင်းမာနေသည်။ ပြောကြသည်မှာ ထိပ်သီး အင်အားစုများက အနီးကပ် စောင့်ကြည့် ခံနေရသည်သာ မဟုတ်ဘဲ ဤရက်ပိုင်းအတွင်း သူတို့က ပြင်ပတွင် မည်သူနှင့် ဆက်သွယ်ခဲ့သည်များကို ပင်လျှင် စစ်ဆေး ခံနေရသည်ဟု သတင်းများ ထွက်လာသည်။

ချက်ချင်းပင် ခေ့ကေးမြို့က စိုးရိမ်စိတ်များ ပြည့်နှက် လာကြသည်။ ထိပ်သီး အင်အားစုများက မပျော်မရွှင် ဖြစ်ကြကာ တချို့ဆိုလျှင် လူသိရှင်ကြား ဝေဖန်ကြသည်။ သို့သော် ကျောင်းတော်က ဂရုမစိုက်ပေ။ လက်ရှိ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်က ကြံစည်သူကို ရှာဖွေရန် ဖြစ်သည်။

သို့သော်လည်း ထိပ်သီး အင်အားစုများက မပျော်မရွှင် ဖြစ်ကြသော်လည်း သူတို့၏ တပည့်များကိုလည်း အပြင်ကို မလွှတ်ပေ။ ကော့တေး၏ သဘောထားကို သူတို့က အလေးမထားဘဲ မည်သို့ နေရဲမည်နည်း။ သူတို့က လုပ်ကြံသူများလည်း မဟုတ်ပေ။ အကယ်၍ သူတို့က ထွက်သွားပါက ကျောင်းတော်က သံသယ ဖြစ်မည်ဖြစ်သည်။

အင်အားစုများက ကျောင်းတော်၏ သဘောထားအား ရှင်းလင်းစွာ မြင်ရသည်။ ဟာစီရိုမူကား ပိုမို၍ပင် မလှုပ်ရှားရဲပေ။ ကျောင်းတော်က သူမအား သတိထားစေ နိုင်လောက်အောင် မိုက်မဲမည် မဟုတ်ပေ။

နောက်တစ်ရက် ကုန်သွားသည်။ သတင်းအချို့အရ ကျောင်းတော်မှ နောက်ထပ် လူများကလည်း တောင်အောက်မှ ဆင်းလာကာ ခေ့ကေးမြို့ကို ရောက်နေပြီ ဆိုကြသည်။ ကော့တေး တည်းခိုရာ တည်းခိုခန်း တစ်နေရာတွင် လွန်စွာ ချောမောသော မိန်းကလေးတစ်ဦး တိတ်ဆိတ်စွာ လမ်းလျှောက် နေသည်။ သူမ၏ ခြေလှမ်များက ညင်သာလွန်းရကား နတ်ပြည်မှ ဆင်းသက်လာသော နတ်သမီးလေး တစ်ပါးက ကမ္ဘာမြေပေါ်တွင် လမ်းလျှောက်နေသည်နှင့် တူလှသည်။

“အစ်မဟွေ….”

ထိုလှပချောမောသာ မိန်းကလေးက သူ့ထံ လျှောက်လာသည်ကို မြင်လျှင် ရွှီယီ အတန်ကြာ မှင်တက်သွားသည်။

သူ့ထံ ရောက်လာသူကား ကော့တေး၏ ဒုတိယတပည့် ကျူးကော့ဟွေ ဖြစ်သည်။ သူမက ရွှီယီအား ကြည့်လိုက်သည်။ သူမ၏ ပြုံးရောင်သန်း နေသော အမူအရာကို မြင်လျှင် ရွှီယီ ခေါင်းငုံ့ လိုက်သည်။

“ငါတို့ ကော့တေးကို ပြန်ရောက်တဲ့အခါ မင်းက တစ်နှစ်တိတိ စာအုပ်တွေကို ကူးရေးပြီး တောင်အုပ်ကို ဆင်းခွင့်ရမှာ မဟုတ်ဘူး…” ကျူးကော့ဟွေ၏ အသံကား လွန်စွာ ညင်သာသည်။ ရွှီယီက မချိပြုံးပြုံးကာ ခေါင်းညိတ်သည်။ သူမက အဘယ်ကြောင့် ဒေါသ ထွက်သည်ကို သူသိသည်။ အစ်ကိုသုံးက ကော့တေးကို ပြန်သွားသောအခါ သူကား ဤနေရာတွင် အကြီးဆုံး အစ်ကိုဖြစ်သည်။ ညီငယ်လေးက လုပ်ကြံမှု ကြုံခဲ့ရကာ အသက် သေလုနီးပါးပင် ဖြစ်ခဲ့သည်။ အစ်ကိုတစ်ယောက် အနေဖြင့် သူ့တွင် တာဝန် ရှိပေသည်။

“အစ်မနှစ်…”

ယိရှောင်ရှီနှင့် ရီဖူရှင်းတို့ လျှောက်လာကြကာ နှစ်ယောက်လုံးက အစ်မနှစ် ရောက်လာခြင်းကို အံ့အားသင့် ကြရသည်။ အထူးသဖြင့် ယိရှောင်ရှီက အလွန် အံ့အားသင့်သည်။ သူက ကော့တေးကို ရောက်ရှိ ကတည်းက အစ်မနှစ်က တောင်အောက်ကို ဆင်းသည်ကို တစ်ခါမှ မမြင်ဖူးပေ။ ဤတစ်ကြိမ်ကား ပထမဆုံး ဖြစ်သည်။

“မောင်ငယ်လေး… ဒဏ်ရာ ဘယ်လိုလဲ….” ကျူးကော့ဟွေက လျှောက်လာကာ ရီဖူရှင်းအား ကြည့်သည်။

“အစ်မနှစ်… ဒါက သိပ်မကြီးကျယ်ပါဘူး… ကျွန်တော်က ဒဏ်ရာ ရထားပေမဲ့ အစ်မနှစ်ကို တွေ့လို့ ပြန်သက်သာ သွားပါပြီ….” ရီဖူရှင်းက ပြုံး၍ ပြောသည်….“ဒီ မတော်တဆက အစ်ကိုလေးနဲ့ မဆိုင်ပါဘူး… သူ့ကို အပြစ်မတင်ပါနဲ့…”

“ဒီကောင်လေး….” ကျူးကော့ဟွေက ပြောသည်… “သူက မင်းနဲ့ ရှိနေတာလေ… ဒီလို ကိစ္စက မင်းဆီမှာ ဖြစ်မှတော့ သူ့ကို တောင်အောက်ကို တစ်နှစ်ဆင်းခွင့် ပိတ်လိုက်တာက အပြစ် သေးသေးလေး ပေးတာပဲ ရှိတယ်… အခု ဖြစ်ခဲ့တာတွေ အတွက် မင်းမှာ စဉ်းစားမိတာ ရှိလား…”

“မသိဘူး….” ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်… “အစ်မနှစ်က ကျွန်တော့်အတွက် စိတ်ပူရပြီ….”

“ရှောင်ရှီ… ဒီရက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲ… ငါ့ကို ပြောပြ…” ကျူးကော့ဟွေက ယိရှောင်ရှီအား ကြည့်ကာ ပြောသည်။ ထို့နောက် သူမက ဘေးနားတွင် အသာအယာ ထိုင်လိုက်သည်။ ကော့တေးမှ တပည့်များက သူမ၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ ကော့တေးတွင် သူမက အရာ အားလုံးကို ဆုံးဖြတ်သည်။

ဤတစ်ကြိမ်ကား သူမက တောင်အောက်ကို ပထမဆုံးအကြိမ် ဆင်းခဲ့ခြင်း ဖြစ်သည်။ ယိရှောင်ရှီက ဤရက်ပိုင်း ဖြစ်ပျက်ခဲ့သမျှနှင့် ကျောင်းတော်၏ တုံ့ပြန်မှုတို့ကို ပြောပြသည်။ သူပြောပြီးသော အချိန်တွင်ပင် ကျောင်းတော်မှ ကျူးချိန်နှင့် ဘေလိရှာတို့ ရောက်လာကြသည်။ ကော့တေး၏ ဒုတိယ တပည့်က တောင်အောက်ကို ဆင်းလာသည်ကိုဟု သူတို့ ကြားခဲ့ကြသည်။

ကော့တေး၏ ပထမ တပည့်နှင့် တတိယ တပည့်တို့ကား ယခင် ကတည်းက လွန်စွာ ကျော်ကြားသည်။ သို့သော်လည်း စီနီယာပိုင်းမှ ဒုတိယ တပည့်မတစ်ယောက် ရှိသေးသည်ကို သူတို့ သိကြသည်။ သို့သော် သူမအား မည်သူမှ မမြင်ဖူးကြပေ။ ကျောင်းတော်မှ အကြီးအကဲများ ပင်လျှင် သူမအား မသိကြပေ။ သူတို့က သူမ၏ နာမည်မှာ ကျူးကော့ဟွေ ဖြစ်သည်ဟုသာ သိကြသည်။

အရှေ့မြေရိုင်း ဒေသတွင် သူမနှင့် ပတ်သက်သော မှတ်တမ်းလည်း မရှိပေ။

သို့သော်လည်း ယခုတစ်ကြိမ် ရီဖူရှင်း၏ လုပ်ကြံခံရမှုကြောင့်  ကော့တေး၏ ဒုတိယ တပည့်က တောင်အောက်ကို ဆင်းလာသည်။ မည်သူမှ သူမအား အထင် မသေးရဲကြပေ။ ကော့တေး၏ သမိုင်းက သူတို့၏ တပည့်များက မည်မျှစွမ်းသည်ကို သက်သေပြပြီး ဖြစ်သည်။ ထို့ကြောင့် ဂူတုံးလျိုထက် ပိုမို စီနီယာကျသော ဒုတိယတပည့်အား မည်သူမှ အထင် မသေးရဲကြပေ။

ကျူးချိန်နှင့် ဘေလိရှာတို့က ကျူးကော့ဟွေအား ကြည့်လိုက်ကြသည်။ ကော့တေး၏ ဒုတိယ တပည့်က မိန်းကလေး တစ်ယောက်သာ မဟုတ်ဘဲ လှလည်း အလွန်လှသည်။

ကျူးကော့ဟွေက ကျူးချိန်နှင့် ဘေလိရှာအား ကြည့်ကာ ပြုံးလိုက်သည်။

“အစ်မနှစ်… ဒါက တောင်ကုန်း အကြီးအကဲ ကျူးချိန်ပါ…” ရွှီယီက ပြောသည်။

“ဒါက ကျုပ်ရဲ့ အစ်မနှစ်ပဲ….” ရွှီယီက ကျူးချိန်အား ပြောသည်။ သူ၏ စကားက ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာကို ဖြစ်ပေါ်စေသည်။  တောင်ကုန်း အကြီးအကဲနှင့် အစ်မနှစ်တို့က ပထမဆုံး တွေ့ဖူးကြသည်လား။ အစ်ကိုလေးက အမှန်ပင် သူတို့အား မိတ်ဆက် ပေးနေသည်။

ကျောင်းတော်မှ ကော့တေးအား လုံးဝ လာရောက်ဖူးမည် မဟုတ်သည်ကို သူ ယုံကြည်သည်။ သို့သော်လည်း အစ်မနှစ်က တောင်အောက်ကို တစ်ခါမှ မဆင်းဖူးသည်လော။ မဟုတ်လျှင် အစ်မနှစ်၏ ရုပ်ရည်နှင့် အဆင့်အတန်းအရ သူမအား လူအများက သိကြမည်မှာ သေချာသည်။

သူက ယိရှောင်ရှီအား နားမလည်စွာ ကြည့်သည်။ ယိရှောင်ရှီက သဘောပေါက်ဟန် တူကာ ပြောသည်… “ငါကော့တေးကို ရောက်ကတည်းက အစ်မနှစ် တောင်အောက်ကို ဆင်းတာ တစ်ခါမှ မတွေ့ဖူးဘူး….”

ယိရှောင်ရှီ၏ စကားများကို ကြားလျှင် ရီဖူရှင်း၏ ရင်ထဲ နွေးသွားသည်။ အစ်မနှစ်က အမှန်ပင် ယခင်က တောင်အောက်ကို ဆင်းဖူးခြင်း မရှိပေ။ သူမက ရီဖူရှင်းအတွက် ပထမဆုံး လာခဲ့သည်။

“တောင်ကုန်း အကြီးအကဲ…. ရှင်လုပ်ခဲ့တာတွေက ကြံစည်သူကို တွေ့မယ်လို့ ယုံကြည်လား….” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။ သူမ၏ စကားက တည့်တိုးဆန်သည်။

ကျူးချိန်က ဒေါသထွက်ဟန် မရပေ။ သူမက ပိုမို၍ စီနီယာ ကျသော်လည်း သူမက ဂူတုံးလျိုနှင့် လုနန်ထျန်းတို့၏ တိုက်ပွဲကို ကြည့်ပြီးနောက် ဂူတုံးလျိုက သူမထက် ပိုမို အားကောင်းသည်ကို သိသည်။

ကော့တေး တပည့်များကို သာမန် ဂျူနီယာများ အဖြစ် သဘောထား၍ မရပေ။

ထို့အပြင် သူမ၏ ရှေ့မှ ကော့တေး တပည့်ကား ဂူတုံးလျိုထက်ပင် စီနီယာ ကျပေသည်။

“မဖြစ်နိုင်ဘူး….” ကျူးချိန်က အမှန်ကို ပြောသည်။ လူသတ်သမားက အသက်ရှင်နေခဲ့ပါက အရာအားလုံးက ရိုးရှင်းပေသည်။ သို့သော်လည်း လူသတ်သမားကား သေသွားပြီး ဖြစ်သည်။

ထို့အပြင် ခေ့ကေးမြို့ကား သူတို့၏ နယ်မြေ မဟုတ်ပေ။

သူတို့က ထိပ်သီး အင်အားစုများအား ဆက်နေခိုင်း ထားသော်လည်း ကျောင်းတော်၏ လုပ်နိုင်စွမ်းက အကန့်အသတ် ရှိနေသည်။ သူတို့က ထိပ်သီး အင်အားစုများအား တစ်ယောက်ချင်း စစ်ဆေး၍ အဆင်မပြေပေ။ ဤသို့ဆိုလျှင် သူတို့က အရှေ့မြေရိုင်း ဒေသ တစ်ခုလုံးကို ဆန့်ကျင်သည်နှင့် တူနေပေလိမ့်မည်။

“တောင်ကုန်း အကြီးအကဲ… ဒီလို အားနည်းတဲ့ ချဉ်းကပ်မှုနဲ့ ဒါက ဘယ်ဖြစ်နိုင်ပါ့မလဲ….” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။ သူမ၏ ချဉ်းကပ်မှုက အားနည်းသည်လား။ ထိပ်သီး အင်အားစုများအား ခေ့ကေးမြို့တွင် ဆက်နေစေခြင်းက ကျောင်းတော်က လုပ်နိုင်စွမ်းသမျှ ဖြစ်သည်။

“ဒါပေမဲ့ ရှင်လုပ်ခဲ့တာ တစ်ခုကတော့ မှန်တယ်…. ကျွန်မတို့က ကြံစည်သူကို မတွေ့ရင် ချင်ပြည်ထောင် လုပ်ခဲ့တယ်လို့ပဲ သတ်မှတ်ရမယ်…” ကျူးကော့ဟွေက ပြောသည်… “ဒါက ခေ့ကေးမြို့မှာ ဖြစ်ခဲ့ပြီးတော့ ကျွန်မတို့က ချင်ပြည်ထောင်ရဲ့ ဖိတ်ခေါ်မှုကြောင့် လာတာ…. သူတို့က တာဝန်ရှိတယ်… ဒါပေမဲ့ ကျွန်မတို့က သူတို့ကို အရမ်း သက်ညှာနေလွန်းတယ်…. သူတို့ ပူးပေါင်းမယ်လို့ ရှင် ထင်သလား…”

ကျူးချိန်၏ မျက်လုံးက အရောင်တစ်ချက် လက်သွားကာ မေးသည်… “ဒါဆို ငါတို့ ဘယ်လို လုပ်သင့်လဲ…”

“ကျွန်မရဲ့ မောင်ငယ်လေးက ခေ့ကေးမြို့မှာ လုပ်ကြံခံရတယ်…. ဒါတောင်မှ ဒွန်ချင် ကျောင်းတော်က သူတို့ရဲ့ ပြိုင်ပွဲကို ဆက်လုပ် နေသေးတယ်…. သူတို့က ရယ်စရာ လုပ်နေတာလား….” အစ်မနှစ်က ပြုံးလျက် ပြောသည်။ ထို့နောက် ကျူးချိန်က ပတ်ဝန်းကျင်၌ လွန်စွာ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအား လှုပ်ခတ်မှုကို ခံစားရသည်။

“အစ်မနှစ်….” အစ်မနှစ်အား ကြည့်ကာ လူတိုင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ထိုအခိုက်တွင် သူမ၏ တစ်ကိုယ်လုံးမှ ရောင်စဉ်တန်းများ ထွက်ပေါ်လာနေပြီး လူတိုင်းက သူမ၏ စိတ်ဝိညာဉ် စွမ်းအားနှင့် ပတ်သက်၍ ထိတ်လန့်ရသည်။ ရောင်စဉ်တန်း အများအပြားက သူမ၏ ခန္ဓာမှ ထွက်ပေါ်လာကြကာ သူမနှင့် ဆင်တူသော ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။

ကျူးချိန်နှင့် ဘေလိရှာတို့က ကျူးကော့ဟွေအား ကြည့်လိုက်ကြသည်။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားက မည်မျှ အားကောင်းသည်ကို သူတို့ ခံစားနေရသည်။

“မောင်ငယ်လေး… ခဏစောင့်ဦး…” ထို့နောက် သူမက ပြုံးလျက် မျက်လုံးကို မှိတ်လိုက်သည်။ ထိုအခိုက်တွင် များစွာသော ကျူးကော့ဟွေ ပုံရိပ်များက ကောင်းကင်သို့ ထိုးတက်သွားပြီး အဝေးကို ပျံသန်း သွားကြသည်။

ရီဖူရှင်း အလွန် ထိတ်လန့် သွားသည်။ အစ်မနှစ်က မျက်လုံးမှိတ်လျက် တိတ်ဆိတ်စွာ ထိုင်နေသော်လည်း သူမထံမှ ထွက်ပေါ်နေသော ရောင်ဝါများက သူမအား မြေကမ္ဘာအား ဆင်းသက်လာသော နတ်မိမယ်အလား ထင်မှတ်ရစေသည်။

***

ဒွန်ချင် ကျောင်းတော်၏ အပြင်တွင် ပြိုင်ပွဲကား ကျင်းပနေဆဲ ဖြစ်သည်။ ထိုနေရာတွင် လူအများအပြား ရှိသော်လည်း မည်သူကမှ သိပ်စိတ်ဝင်စားပုံ မရပေ။ သို့သော်လည်း ဤပြိုင်ပွဲက ခေ့ကေးမြို့နှင့် တခြားဒေသမှ လူများအတွက် ဒွန်ချင် ကျောင်းတော်အား ဝင်ခွင့်ရရန် ပြိုင်ပွဲတစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သည်။

ရုတ်တရက် ကောင်းကင်မှ လေတိုးသံများ ထွက်ပေါ်လာသည်။ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအားတစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။

ထိုအခိုက်တွင် ကောင်းကင်မှ လူတစ်စု ပျံသန်း လာသည်ကို လူတိုင်း မြင်သည်။

သူတို့က စိန်ခေါ်ပွဲများကို လျစ်လျူရှုကာ လူတိုင်း၏ အပေါ်ကောင်းကင်သို့ တိုက်ရိုက် ရောက်ရှိလာသည်။

လူတိုင်းက ခေါင်းမော့ကာ ကောင်းကင်တွင် ပေါ်လာသော ချောမောသော မိန်းကလေးများကို ကြည့်လိုက်ကြသည်။

ထို့အပြင် သူမတို့ အားလုံးမှာ အရုပ် တထေရာတည်း ဖြစ်သည်။

သူမကား လူသားကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးအလား အလွန်အမင်း လှပသည်။ မည်သူမှ သူမအား မသိကြပေ။

ချင်ပြည်ထောင်မှ လူများအားလုံး မျက်မှောင်ကြုတ် သွားကြသည်။ ကောင်းကင်တွင် ဤသို့သောနည်းဖြင့် ပေါ်လာခြင်းက တစ်နည်းနည်းဖြင့် ရိုင်းစိုင်းလှပေသည်။

များစွာသော အင်အားစုများကလည်း အံ့အားသင့် သွားကြသည်။ သူမက မည်သူနည်း။

ရုတ်တရက် ထိုပုံရိပ်များက အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ အောက်ကို လျှပ်စီးများအလား ဆင်းသက် လာသည်။

ချင်ယွီက တစ်စုံတစ်ခုအား သိလိုက်သည်။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်… “မင်း လုပ်ရဲလား….” သူက ထိုသို့ ပြောပြီး ရှေ့ကို တက်လိုက်သည်။ ချင်ယွီအပြင် ဒွန်ချင် ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ကလည်း ရှေ့ကို တက်လာကြသည်။ သို့သော်လည်း သူတို့ကား ထို အလင်းတန်းများနှင့် ယှဉ်လျှင် နှေးကွေး ပေသည်။

ထိုအခိုက်တွင် တိုက်ပွဲ စင်မြင့်ပေါ်တွင် စိန်ခေါ်ပွဲများ ရှိနေဆဲဖြစ်သည်။ စင်မြင့်ပေါ်မှ လူများက ကောင်းကင်မှ စင်မြင့်ပေါ်ကို ကျဆင်းလာသော လှပသော ပုံရိပ်များကို မြင်ကြရသည်။

ဘန်း… ဘန်း… ဘန်း… ကျယ်လောင်သော အသံများနှင့်အတူ တိုက်ပွဲစင်မြင့်များ အားလုံး ပျက်စီး ပြိုလဲသွားသည်။ နိုဘယ် အများအပြားက ထိုပျက်စီးသွားသော စင်မြင့်များအား အေးစက်စွာ ကြည့်လိုက် ကြသည်။

ဘန်း… နောက်ထပ် ကျယ်လောင်သော အသံနှင့်အတူ ဒွန်ချင် ကျောင်းတော်၏ ဂိတ်တံခါးလည်း လုံးဝ ပျက်စီး သွားသည်ကို မြင်ကြရသည်။

ချက်ချင်းပင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများ၏ မျက်နှာများက အလွန်အမင်း အေးစက် သွားကြသည်။ သူတို့က ကောင်းကင်မှ မိန်းကလေးအား ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် လေထဲတွင် မိန်းကလေး တစ်ယောက်သာ ကျန်တော့သည်။ သူမကား လေထဲတွင် နတ်သမီး တစ်ပါးလို ရောင်စဉ် ရောင်ဝါများ တောက်ပလျက် ရပ်နေသည်။

ထိပ်သီး အင်အားစုများမှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ထိုမိန်းကလေးက မည်သူနည်း။

“မင်း ဘယ်သူလဲ….” ချင်ယွီက အလွန် အေးစက်သော လေသံဖြင့် ပြောသည်။

“ဒွန်ချင် ကျောင်းတော်ရဲ့ ယှဉ်ပြိုင်ပွဲက ဒီမှာ ပြီးပြီ…. ခုနစ်ရက်အတွင်း ရှင်တို့က ကျွန်မ မောင်ငယ်လေးရဲ့ လုပ်ကြံမှု တရားခံကို ရှာမတွေ့ရင် ကော့တေးက ခေ့ကေးမြို့ကို သိမ်းရလိမ့်မယ်…. ဒီနောက်ပိုင်း ဒွန်ချင် ကျောင်းတော်ကလည်း ရှိနေစရာ မလိုတော့ဘူး…” သူမက ထိုသို့ ပြောပြီးသည်နှင့် လေထဲ လွင့်ပြယ် ပျောက်ဆုံး သွားသည်။

ချက်ချင်းပင် လူတိုင်း၏ ရင်ဘတ်များ တုန်ခါ သွားကြသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset