အကြောင်းပြချက်အား တမင် ထိမ်ချန်ထားသည့်တိုင် ဂျီယူ၏ စီနီယာအစ်မက ဂျီယူနှင့် သူ့အား ထိခိုက်စေရန် ရည်ရွယ်ချက် မရှိကြောင်း ရီဖူရှင်း ခံစားမိသည်။ ဂျီယူ၏ အခြေအနေက သိပ်စိုးရိမ်စရာ ရှိပုံမရပေ။ သူမနှင့် ချူယောင်ယောင်တို့ အကြား သာမန် ကတောက်ကဆမျှသာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထိုသို့တွေးကာ ရီဖူရှင်းက တစ်စုံတစ်ခုအား စဉ်းစားလိုက်သည်။ ထို့နောက် သူက ပြောသည်… “ငါတို့က လစန္ဒာကလန်က မိန်းကလေးကို ခေါ်ပြီး စကားပြောရင် ဘယ်လိုလဲ…”
လျိုဖေးယွန်က အသာအယာ ပြုံးလျက် ပြောသည်…. “ငါတို့က အဆင်ပြေတယ်… ဂျီယူက ဒါကို သိပြီး မပျော်မရွှင် ဖြစ်မှာကို မင်းက မစိုးရိမ်ရင်ပေါ့….”
“ဟ..” ရီဖူရှင်း လျိုဖေးယွန်အား မကြည်သလို ကြည့်သည်။ သူက ရည်းစားကို ကြောက်သော သူနှင့် တူနေလို့လား။ မဟုတ်သည်မှာ သေချာသည်။
“သွားစို့… ငါတို့ လမ်းမှာ ပြောမယ်….” ရီဖူရှင်းက ခေါင်းမော့ ရင်ကော့၍ ပြောသည်။ ကြည့်ရသည်မှာ ဂျီယူနှင့် ဆက်ဆံရေးတွင် သူ၏ အဆင့်အတန်းက မည်မျှမြင့်သည်ကို သက်သေပြရန် လိုနေလေပြီ။
လျိုချန်းယွီက ရီဖူရှင်းအား သဘောမကျစွာ ကြည့်သည်။ ဟန်ဆောင်နေစမ်း။ ငါတို့ အားလုံးက နင့်အကြောင်းကို ကောင်းကောင်း သိတယ်။
“အာ … ဟုတ်တယ် … ချန်းယွီ … ချိန်ရှင်းမူနဲ့ ချင်မုံရိုတို့တောင်မှ လက်ထပ်ပြီးကြပြီ…. မင်းတို့က ဘယ်တော့ လက်ထပ်မလဲ….” ရီဖူရှင်းက နောက်လှည့်ကာ လျိုချန်းယွီကို မေးသည်။ လျိုချန်းယွီ၏ မျက်နှာက အေးခဲသွားကာ ရီဖူရှင်းအား မှင်တက်စွာ ကြည့်သည်။
“ဒါ နင့်ကိစ္စ မဟုတ်ဘူး….” လျိုချန်းယွီက ရီဖူရှင်းအား မျက်လုံး ပြူးလျက် ကြည့်သည်။
“အာ…” ရီဖူရှင်း မျက်လုံး ပြူးသွားသည်။
သူ၏ အမူအရာကို မြင်လျှင် သူမက နားလည်မှု လွဲနိုင်သော စကားအား ပြောမိသည်ကို လျိုချန်းယွီ သတိထားမိ လိုက်သည်။ ထို့နောက် ရီဖူရှင်းက သူမအား စိုက်ကြည့်ကာ ပြုံးလျက် ပြောသည်…. “ကောင်းပြီ…. မင်းတို့နှစ်ယောက် အေးအေးဆေးဆေး ဆွေးနွေးပါ… အချိန်ကျလာရင်သာ ငါ့ကို အသိပေး… ဟုတ်ပြီလား…” သူက ထိုသို့ ပြောပြီး တည်းခိုခန်းမှ လှမ်းထွက်လိုက်သည်။
ယနေ့ည၏ ကောင်းကင်ကား ကြယ်ရောင်စုံများကို မတွေ့ရဘဲ နက်မှောင်နေသည်။ သို့သော်လည်း ခေ့ကေးမြို့ကား ထိုအခိုက်တွင် စည်ကားနေဆဲဖြစ်ကာ လမ်းများကလည်း မီးရောင်များ ထွန်းလင်းနေသည်။
ရီဖူရှင်းက တည်းခိုခန်းမှ ထွက်သည်ကို မြင်လျှင်ပင် လမ်းထောင့် တစ်နေရာမှ ပျင်းရိဖွယ် ပုံစံဖြင့် လူတစ်ယောက်က ဖြည်းညင်းစွာ ထရပ်ကာ ရှေ့ကို လျှောက်သွားသည်။ ဤမတိုင်မီက သူက ရီဖူရှင်း၏ အနီးကို မည်သို့ ကပ်ရမည်ကို စဉ်းစားနေခဲ့သည်။ အဆိုးဆုံး အခြေအနေတွင် သူက တည်းခိုခန်းကို ဝင်ရုံမျှသာ ရှိတော့သည်။ သို့သော်လည်း ဝင်သွားပါကလည်း သူက သေမည်မှာ သေချာလှသည်။ မည်သို့ပင်ဆိုစေ ကံက သူ့ဘက်တွင် ရှိနေပုံရသည်။ ရီဖူရှင်းက တည်းခိုခန်းမှ မိမိဘာသာ ထွက်လာသည်။
သူတို့ အုပ်စုက စကား တပြောပြောဖြင့် လမ်းလျှောက် နေကြသည်။ ရီဖူရှင်းက ရီဝူချင်းနှင့် လျိုမောင်နှမတို့ဖြင့် လမ်းလျှောက်နေခြင်း ဖြစ်ရာ သူ၏ စိတ်က အနည်းငယ် ပေါ့ပါးနေသည်။ သို့သော် ရုတ်တရက် ရီဖူရှင်းက ရပ်တန့်လိုက်သည်။
“ဘာလဲ…” လျိုဖေးယွန်က မေးသည်။
“လူသတ်ချင်တဲ့ အငွေ့အသက်ကို ငါခံစားရတယ်…. ပြန်သွားသလို ဟန်ဆောင်ရအောင်…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။ ထို့နောက် သူက ပြောသည်…. “ငါ အရေးကြီးတဲ့ ပစ္စည်းတစ်ခု မေ့ကျန်ခဲ့တယ်…. သွားပြန်ယူရအောင်…”
လျိုဖေးယွန်နှင့် တခြားလူများ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် သူတို့က ရီဖူရှင်းနှင့် ပူးပေါင်းကာ ပြောကြသည်…. “ကောင်းပြီ… ဒါဆိုလည်း ပြန်သွားယူရအောင်….”
သူတို့က ပတ်ဝန်းကျင်အား မလိုအပ်ဘဲ မကြည့်ကြပေ။ ရီဖူရှင်းက လူသတ်လိုသော အငွေ့အသက်ကို ခံစားမိမှတော့ တစ်စုံတစ်ယောက်က သူတို့အား တိုက်ခိုက် လိုသည်မှာ ထင်ရှားသည်။ ဤသို့သော အချိန်တွင် တစ်ဖက်လူအား သွားရောက် သတိပေးစေနိုင်သည့် အပြုအမူများ လုံးဝ လုပ်မည် မဟုတ်ပေ။
ရီဖူရှင်း၏ ဆုံးဖြတ်ချက်ကား အမှန်ကန်ဆုံး ဖြစ်သည်။ သူက တစ်ဖက်လူအား လှန့်မိသွားမည်ကိုလည်း စိုးသည်။ ကော့တေးနှင့် ကျောင်းတော်မှ စီနီယာများက တည်းခိုခန်းတွင် ရှိကြသည်။ ထိုနေရာတွင် တစ်ဖက်လူက သူတို့အား တစ်ခုခုလုပ်ရန် တတ်နိုင်မည် မဟုတ်ပေ။
အမှောင်ထဲမှ လူက မျက်မှောင်ကြုတ် လိုက်သည်။ သူ့အား သတိထားမိ သွားပြီလား။
ဟူတောင်ကား ကြေးစား လူသတ်သမား အစစ်မဟုတ်ပေ။ သူက တော်ဝင် ချန်ကျောင်းတော် သခင်ငါး၏ သမီးအပေါ် အသက်ကြွေး တင်ထားရာ သခင်မလေးက သူ့အား အမိန်ပေးမှတော့ သူက သေရမည်ကို သိသည့်တိုင် တွန့်ဆုတ်ခြင်း မရှိဘဲ လာခဲ့သည်။
သူက အလွန်အမင်း အရေးကြီးသော လူတစ်ယောက်ကို သတ်ရမည်ကို သူသိသည်။
သူ သတ်ရမည့်လူ၏ တန်ခိုးအဆင့်က သိပ်မမြင့်သော်လည်း အရှေ့မြေရိုင်း ဒေသတွင် မည်သူကမှ သူ့အား မသတ်ရဲပေ။ သို့သော် သူ့အား ရွေးချယ်ခဲ့မှတော့ သူက ငြင်းပယ်၍ မရနိုင်ပေ။
“သူ့ကို တည်းခိုခန်းကို ပြန်ခွင့်ပေးလို့ မရဘူး….” ဟူတောင်က မိမိကိုယ်ကို တွေးလိုက်သည်။ ထို့နောက် သူက အမှောင်ထဲမှ လှမ်းထွက်လိုက်သည်။ သူ့အား သတိမထားမိ သေးသည်လည်း ဖြစ်နိုင်ကာ ရီဖူရှင်းက တည်းခိုခန်းမှ ပြန်ထွက် လာနိုင်သေးသည်။ ရီဖူရှင်းက တည်းခိုခန်းနှင့် ဝေးလေလေ သူက အသက်ရှင်ရန် အခွင့်အလမ်း များလေလေ ဖြစ်သည်။ သို့သော်လည်း သူက မစွန့်စားနိုင်ပေ။ ဤအခွင့်အရေးအား သူက လွဲချော်၍ မဖြစ်ပေ။
ရီဖူရှင်းတို့ အုပ်စုက အရှိန်တင်လိုက်လျှင် ဟူတောင်ကလည်း သူ၏ ပြေးနှုန်းအား တင်လိုက်သည်။ သူက ရီဖူရှင်းတို့ အုပ်စု၏ ဘေးတစ်ဖက်မှ ပြေးနေသည်။ ရုတ်တရက် အားကောင်းသော မြေဆွဲအား တစ်ခုက ရီဖူရှင်းတို့ အဖွဲ့ထံ ဆင်းသက် လာသည်။
တစ်ချိန်တည်းမှာပင် လူတစ်ယောက်က လေထဲကို ခုန်တက်သွားသည်။
ဟူတောင်က သူ၏ လှံကို ထုတ်လိုက်လျှင် လှံသွား၏ ငွေရောင် အလင်းတစ်ချက်က သူ၏ မျက်နှာကို ရောင်ပြန်ဟပ် သွားသည်။ သူ၏ မျက်နှာအား ဖုံးကွယ်ထားခြင်း မရှိပေ။ အရှေ့မြေရိုင်း ဒေသတွင် သူ၏ တည်ရှိမှုကား သာမန်မျှသာ ဖြစ်ရာ မည်သူမှ သူ့အား မသိကြပေ။
သူက ဤနေရာအား လုပ်ကြံရန် လာသည်။ သူက မျက်နှာကို ဖုံးကွယ်ထားပါက တစ်ဖက်လူမှ သူ့အား ချက်ချင်း ရိပ်မိသွားနိုင်သည်။ သို့သော် မမျှော်လင့်ဘဲ သူ့အား သတိထားမိ သွားသည်သာ ဖြစ်သည်။ သူက ကြေးစား အစစ် မဟုတ်သော်လည်း ဤမျှ အာရုံခံစားမှု ကောင်းသူက မည်သူ ဖြစ်မည်နည်း။
“ချုပ်စမ်း….” သူက မြေဓာတ်ချုပ်ကွက် တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် မြေဓာတ် သဘာဝ စွမ်းအင်များက ရီဝူချင်းအား ရစ်ပတ်သွားကာ ပိတ်လှောင် သွားသည်။
အလွန် လင်းလက်သော ငွေရောင် အလင်းတစ်ချက် ဝင်းလက် သွားသော်လည်း ချုပ်ကွက်အား ဖောက်ထွက်နိုင်ခြင်း မရှိပေ။ ဟူတောင်ကား အဆင့်မြင့် အကာနာ တန်ခိုးရှင်ဖြစ်သည်။
မဆုံးနိုင်သော မြေဓာတ် သဘာဝ စွမ်းအင်များက လေထုတစ်ခုလုံး ဖုံးလွှမ်းသွားပြီး လွန်စွာ ကြီးမားသော ကျောက်တုံး အရံအတား တစ်ခု ဖြစ်သွားပြီး ရီဖူရှင်း၏ ရှေ့မှ ပြေးလမ်းကြောင်းကို လုံးဝ ပိတ်လှောင် သွားသည်။ သူက ရီဖူရှင်းထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ထိုအခိုက်တွင် သူက ရီဖူရှင်းအတွက် လာခြင်း ဖြစ်ကြောင်း လူတိုင်းက သိလိုက်ကြသည်။
ဟူတောင်၏ အလျင်ကား အလွန် မြန်ဆန်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ကို ဝှေ့ယမ်းလျှင် များစွာသော မှော်စွမ်းအင်များ ထွက်ပေါ်လာသည်။ အားကောင်းသော မြေဆွဲအားက လူတိုင်းအား နှေးကွေးစေသော အချိန်တွင် မြေနဂါးများက တစ်ယောက်ချင်းစီသို့ တိုးဝင် သွားကြသည်။
သူ့တွင် အချိန် သိပ်မရှိသည်ကို ဟူတောင် သိသည်။ ယခု သူတို့ ရောက်နေရာကား တည်းခိုခန်းနှင့် လွန်စွာ နီးကပ်ရာ သူက ကျောင်းတော်မှ အကူအညီ မရောက်မီ ရီဖူရှင်းအား လျင်မြန်စွာ သတ်ရန် လိုပေသည်။
မရေမတွက်နိုင်သော နွယ်ပင်များ ထွက်ပေါ်လာသည်။ သစ်သားဓာတ် စွမ်းအင်များက လေထဲတွင် မွေးဖွားလာသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်က တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိသည်။ ထို့ကြောင့် ချက်ချင်းပင် သူတို့နှစ်ယောက် ပူးပေါင်း လိုက်ကြသည်။ ချက်ချင်းပင် ထိုနေရာ တစ်ခုလုံး နွယ်ပင်များ ဖုံးလွှမ်းသွား၏။
ထို့နောက် မီးလျှံများက နွယ်ပင်များအား လောင်ကျွမ်းပြီး ထိုနေရာ တစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းကာ လူတိုင်း၏ မြင်ကွင်းအား ဝေဝါး လာနေစေသည်။ သူတို့က လူသတ်သမားအား တိုက်ရိုက် မတားနိုင်သည်ကို လျိုမောင်နှမက သိသည်။ ထို့ကြောင့် ဤသို့သော နည်းဖြင့် လူသတ်သမားအား နှေးကွေးအောင် ကြိုးပမ်းကြသည်။
“အမြန်ပြေး…” လျိုဖေးယွန်က အော်ဟစ် လိုက်သည်။
ယူချင်းက ရှေ့မှ မြေနံရံရှေ့ကို ရောက်ရှိသွားပြီး ဖြစ်သည်။ ကျယ်လောင်စွာ မာန်သွင်း လိုက်လျှင် သူ၏ နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး တစ်ကောင် ပေါ်လာကာ သူကိုယ်တိုင်ကလည်း နတ်ဆိုးပုံစံ ပြောင်းလဲ သွားသည်။
ယူချင်း၏ လက်ထဲတွင် ကြီးမားသော မိစ္ဆာတိုင် ပေါ်လာကာ သူက ရှေ့ကို ရိုက်ချ လိုက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ကျောက်နံရံက အပေါက်ကြီး ဖြစ်သွားသည်။
“သွား….” ယူချင်းက အော်လိုက်သည်။
သည်အချိန်က ငဲ့ညှာနေရမည့် အချိန် မဟုတ်သည်ကို ရီဖူရှင်း သိသည်။ သူကား လူသတ်သမား၏ ပစ်မှတ်ဖြစ်သည်။ သူသာ ထွက်ပြေးလျှင် တစ်ဖက်လူကလည်း တခြားလူများနှင့် ရင်ဆိုင်နေမည် မဟုတ်ပေ။ တခြား တစ်ဖက်တွင် သူက ဆက်နေခဲ့ပါကလည်း အားလုံးက အန္တရာယ် ရှိနိုင်ပေသည်။
နတ်ငှက်၏ အတောင်ပံများ ဖြစ်ပေါ်လာကာ လေဓာတ်သဘာဝများ သူ့ကို ရစ်ပတ်လျက် ရီဖူရှင်းက နံရံ၏ အပေါက်ကို ပြေးသွားသည်။ သို့သော်လည်း သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရီဖူရှင်းထံသို့ တိုးဝင်လာကာ သူ့အား ရစ်ပတ် ချုပ်နှောင် သွားသည်။
ရီဖူရှင်းက သူ၏ ဓမ္မအား ထုတ်ဖော်လိုက်လျှင် သူ၏ နောက်မှ ကြီးမားသော လူဝံကြီး ထွက်ပေါ်လာသည်။ သူ၏ လက်ထဲတွင် ဓာတ်ငါးမျိုး နှင်တံပေါ်လာပြီး နှင်တံအား ဝှေ့ယမ်းကာ မုန်တိုင်းအား ဖြိုခွင်းလျက် ရှေ့ကို ပြေးရန် ကြိုးပမ်းသည်။ ထိုစဉ်မှာပင် လှံတံတစ်ချောင်းက မုန်တိုင်းထဲမှ ထွက်ပေါ်လာကာ ရီဖူရှင်းထံ တိုးဝင်လာသည်။ ရုတ်တရက် ယူချင်းက ရီဖူရှင်း၏ ရှေ့မှ ကာလိုက်ပြန်သည်။ သူကား ရွှေအိုရောင် အလင်းများ တောက်ပနေသော ထည်ဝါ မြင့်မြတ်သော နတ်ဆိုးပုံစံအဖြစ် လုံးဝ ပြောင်းလဲသွားပြီး ဖြစ်သည်။
ယူချင်းက သူ၏မိစ္ဆာတိုင်အား မြှောက်လျက် လှံတံအား ရိုက်ချလျှင် ဝုန်းခနဲ မြည်ဟည်းသွားပြီး နောက်ကို လွင့်စဉ်သွားသည်။ ဟူတောင်က သူ့အား ဖြတ်ကျော်ကာ ရီဖူရှင်းထံ တိုက်ရိုက် တိုးဝင်လာသည်။ သူ့တွင် အချိန် သိပ်မရှိတော့ပေ။
လှံတံနှင့်အတူ ရောက်ရှိလာသော ဟူတောင်အား မြင်လျှင် ရီဖူရှင်းက တော်ဝင် နည်းစနစ်အား အသက် သွင်းလိုက်သည်။ ချက်ချင်းပင် ထိတ်လန့်ဖွယ် ဧကရာဇ် အသိက သူ၏ ခန္ဓာမှ ဖြာထွက်လာကာ သွေးများ ဆူပွက်လာသည်။
နေနှင့်လ ဓမ္မ ပေါ်လာသည်။ ထိုအရာများက အပူနှင့် အအေး စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။
ဟူတောင်က ကြောက်မက်ဖွယ် ကောင်းသော စိတ်အားလှိုင်း တစ်ခုက သူ၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လာသည်ကို ခံစားရသည်။ သူ အံ့အားသင့် ထိတ်လန့်ရသည်။ သူ သတ်ရန် ကြိုးစားနေသည်သူက မည်သူဖြစ်သနည်း။
ဘန်း…. ရီဖူရှင်းက အချုပ်အနှောင်မှ လွတ်သွားသည်။ သို့သော်လည်း ဟူတောင်၏ တိုက်ခိုက်မှုက သူ့ထံကို ရောက်ရှိလာသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ကျယ်လောင်သော မာန်သွင်းသံနှင့်အတူ နတ်လူဝံက မြေကမ္ဘာကို ဆင်းသက်လာကာ နဂါးစွမ်းအားများက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ နတ်ငှက်က သူ၏ အတောင်ပံများကို ဖြန့်လျှင် ကောင်းကင်တွင် နတ်ဘုရား ပုံသဏ္ဌာန်များပင်လျှင် ဖြစ်ပေါ်လာသည်။
အရှိန်အဝါ ကြီးမားသော နတ်လူဝံ၏ လက်ထဲမှ ဓာတ်ငါးမျိုးနှင်တံက ဟူတောင်၏ လှံနှင့် ရင်ဆိုင်မိကြသည်။ ဘန်းခနဲ မြည်သံနှင့်အတူ ရောက်ရှိလာသော လှံတံက ရီဖူရှင်း၏ ဓာတ်ငါးမျိုးနှင်တံ၏ ရိုက်ချက်တွင် ကြေမွသွားပြီး ဟူတောင်၏ ခန္ဓာကို ရိုက်ချက်ထိသည်။ သို့သော် ဟူတောင်၏ လက်ဝါးကလည်း ရှေ့ကို တိုးလာကာ ရီဖူရှင်း၏ ရင်ဘတ်ကို ထိမှန်သည်။
ကျယ်လောင်သော အသံနှစ်သံနှင့်အတူ ရီဖူရှင်း နောက်ကို လွင့်စဉ်သွားကာ ပါးစပ်မှ သွေးတစ်ပွက် အန်သည်။ ဟူတောင်၏ ပါးစပ်မှလည်း သွေးများ စီးကျလာကာ သူ၏ ခန္ဓာကိုယ်အတွင်း ကလီစာများက ပြုတ်ကျတော့မည်ကဲ့သို့ ခံစားနေရသည်။ ဓမ္မအဆင့် တန်ခိုးရှင် တစ်ယောက်က သူ့အား ဒဏ်ရာ ရစေခဲ့သည်လား။
ထိုအရာက အလွန် အံ့အားသင့်ဖွယ် ကောင်းလှသည်။
သူက ထိုသို့ တွေးနေစဉ်မှာပင် ယူချင်းက ကောင်းကင်မှ ဆင်းသက်လာကာ နတ်ဆိုးတစ်ပါး အလား မိစ္ဆာတိုင်ဖြင့် မိုး၍ ရိုက်ချသည်။
ရီဝူချင်းကလည်း သူ၏ ဓားဖြင့် တိုးဝင်လာသည်။ အဝေးမှလည်း လူတချို့ ပြေးလာနေကြသည်။
ဟူတောင်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူ ကျရှုံးခဲ့ပြီကို သူသိသည်။
သူက ရီဖူရှင်းအား သတ်ရန် အခွင့်အရေး မရှိတော့ပေ။ ခုနက သူ၏ ရိုက်ချက်က အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
ဝူး… ဝူး….။ ဟူတောင်က အဝေးမှ ပြေးလာနေသူ ဘက်အား လက်ဝါးရိုက်ချက် နှစ်ချက် ထုတ်လွှတ် လိုက်သော်လည်း အားကောင်းသော ရိုက်ချက်တစ်ခုက သူ့ထံကို ရောက်လာကာ ဟူတောင်အား လွင့်စဉ်သွားစေသည်။ ဟူတောင်က ထရပ်ကာ ထွက်ပြေးရန် ကြိုးပမ်းသည်။ သို့သော် ရုတ်တရက် စာရွက်တချို့ သူ့ဘေးကို ရောက်ရှိလာကာ မှော်တိုက်ကွက်များ အဖြစ် ပြောင်းလဲသွားပြီး ဟူတောင်ထံ ဆင်းသက် လာသည်။
ဟူတောင်၏ မျက်နှာ ပြာနှမ်းသွားသည်။ တိုက်ကွက်များအား ကာကွယ်ပြီးနောက် သူက နောက်လှည့်လိုက်သည်။ အဝေးမှ လူတစ်ယောက်က ပျံသန်းလာရင်းက သူ့အား အလွန်အမင်း အေးစက်စွာ ကြည့်နေသည်ကို မြင်ရသည်။
ရွှီယီ ရောက်ရှိလာခဲ့သည်။
“မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ….” ရွှီယီကား ပုံမှန်အားဖြင့် ဟာသများ ပြောကာ ပျော်ပျော်ရွှင်ရွှင် နေတတ်သူ ဖြစ်သည်။ သို့သော် လက်ရှိတွင် သူ၏ မျက်လုံးများက အလွန်အမင်း အေးစက်နေပြီး လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
ကော့တေးမှ တပည့်အား လုပ်ကြံလိုသောသူ အမှန် ရှိနေသည်။
ရှေ့မှ လူကို သူ မသိပေ။ သို့သော် သူက ကော့တေးမှ တပည့်အား လုပ်ကြံရဲမှတော့ သူ့အား တစ်စုံတစ်ယောက်က စေခိုင်းခဲ့သည်မှာ သေချာသည်။
ဟူတောင်က ရွှီယီအား ကြည့်လိုက်သည်။ သူ ဘာဖြစ်တော့မည်ကို သေချာ သိသည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ လက်အားမြှောက်ကာ လူတိုင်း၏ မျက်လုံး အောက်တွင်ပင် မိမိ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ဘန်းခနဲ မြည်သံနှင့် အတူ လေထဲတွင် သွေးညှီနံ့များ ဖုံးလွှမ်းသွားသည်။
ဒဏ်ရာရထားသော ရီဖူရှင်းပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားသည်။ လူသတ်သမားကား မိမိကိုယ်ကို အလွန် ရက်စက်လှသည်။ သူ့အား သတ်ရန်လာသော လူသတ်သမားကား မူလကတည်းက အသက်ရှင်ကာ ထွက်သွားရန် ဆန္ဒရှိပုံ မရပေ။
***