စင်မြင့်အောက်ကို တစ်လှမ်းချင်း ဆင်းသွားသော ယူချင်းအား ကြည့်ကာ လူတိုင်း၏ ရင်ဘတ်များ တုန်ခါရသည်။ သူကား နတ်ဆိုးတစ်ကောင် အလား ရုန့်ရင်း ကြမ်းတမ်းသည်။ သူက ချင်ယွင်အား မြေပြင်တွင် မလှုပ်နိုင်အောင် ကိုင်ရိုက်ခဲ့သည်။
သူက အမှန်တကယ် အားနည်းသည်လား။ ချင်ယွင်ကား ချင်ပြည်ထောင်၏ ပင်မမျိုးရိုးမှ ဖြစ်ကာ ချင်ဘုရင်၏ မြေးအရင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ပါရမီကား အလွန် မြင့်မားသည်။ သို့သော်လည်း လက်ရှိ မြင်ကွင်းကို ကြည့်လျှင် သူကား အမှန်တကယ် အားနည်းလှသည်။
ချင်ပြည်ထောင်မှ လူများက ယူချင်း၏ နောက်ကျောအား အေးစက်စွာ စိုက်ကြည့် နေကြသည်။ သူတို့၏ မျက်နှာက လွန်စွာ နက်မှောင်နေသည်။
တိုက်ပွဲသုံးပွဲ ပြီးနောက်တွင် ဒွန်ချင် ကျောင်းတော်၏ ဂုဏ်သိက္ခာကား လုံးဝ ကျဆင်းခဲ့ရသည်။ သူတို့၏ လူများကား အလွယ်တကူ ရှုံးနိမ့်ခဲ့ရသည်။ တိုက်ပွဲ တစ်ခုစီက သူတို့၏ ပါးကို ရိုက်နှက် နေသလိုပင်။
ထိုအခိုက်တွင် စင်မြင့်ပေါ်မှ ချင်ယွင်၏ ခန္ဓာက တွန့်လိမ်လာကာ ထရပ်ရန် ကြိုးစားသည်။ ချင်ပြည်ထောင်မှ တစ်ယောက်က လျှောက်သွား လိုက်ကာ သူ့အား သယ်ဆောင် သွားသည်။ ရိုက်ချက်က သူ၏ အရိုး အများအပြားကို ကျိုးသွားစေပုံ ရသည်။ ထိုအားအင်ကား ပြိုင်ဘက်ကင်း ပေသည်။
ကျောင်းတော်မှ ခွာရှမ်းကဲ့သို့သော သူပင်လျှင် ကြမ်းတမ်းသော စွမ်းအင်ကို ခံစားမိကာ ထိတ်လန့်ရသည်။ ထိုသို့သော စွမ်းအားဖြင့် သူကား ယူချင်းကို မော့ကြည့်ရုံမျှသာ တတ်နိုင်သည်။ သည်ကောင်က လူမှ ဟုတ်ရဲ့လား သူမသိပေ။ ယူချင်းက အကာနာ အဆင့်ကို ရောက်သွားပါက ယမန်နေ့က ဒွန်ချင် ကျောင်းတော်သား လေးယောက်ပေါင်း တိုက်ခိုက်မှုကို ယှဉ်နိုင်ပါ့မလား သူ သိလိုသည်။
ကော့တေးမှ သစ်ခုတ် သမားတဲ့လား။
ယူချင်းက သူက ကော့တေး၏ သစ်ခုတ်သမားဟု ပြောခဲ့သော်လည်း သူ၏ ပါရမီကား ရှောင်ဝူကျိထက် မလျော့နည်းပေ။
လူအများအပြားက သက်ပြင်းချကြသည်။ ကော့တေးကား ကော့တေးသာ ဖြစ်သည်။ ထိုနေရာမှ မည်သူမဆို အရှေ့မြေရိုင်း ဒေသမှ အကောင်းဆုံးထဲမှ အကောင်းဆုံးသော ပါရမီရှင်များ ဖြစ်ကြသည်။
တိုက်ပွဲ သုံးပွဲမျှက ချင်ပြည်ထောင်၏ အရှိန်အဟုန်အား ပျက်သွားစေသည်။ ဒေါသထွက်သည်မှ အပ သူတို့ မည်သို့မှ မတတ်နိုင်ပေ။ ရီဖူရှင်းနှင့် ယူချင်းတို့ လုပ်သည်ကို သူတို့ မလုပ်နိုင်ပေ။ ထိုသို့သော တိုက်ပွဲက ကူးယူ၍ မရပေ။ ချိန်ရှင်းမူနှင့် ချင်လီတို့အား ကျောင်းတော်မှ သာမန် ကျောင်းသားများအား မည်သို့ စိန်ခေါ်ခိုင်း ရမည်နည်း။
ထို့ကြောင့် ဒွန်ချင် ကျောင်းတော်ဘက်မှ လူများက အမှန်တကယ် တိတ်ဆိတ် သွားကြသည်။ မည်သူမှ ဆက်လက်၍ စိန်မခေါ် ကြတော့ပေ။
ရုတ်တရက် တိုက်ပွဲ စင်မြင့်ပေါ်သို့ တစ်စုံတစ်ယောက် တက်လာသည်။ သူကား ဖူယွန်ဓားကလန်၏ ပထမ တောင်ကုန်းမှ ချီအော့ဖြစ်သည်။
သူ ပေါ်ထွက် လာခြင်းက လူအများအပြား၏ အမူအရာအား ထူးဆန်းစေသည်။ ကြည့်ရသည်မှာ ထိပ်သီး အင်အားစု နှစ်ခုအပြင် တခြား အင်အားစုများ ကလည်း ဤသို့သော အခွင့်အရေးကို လက်လွှတ် ခံလိုကြဟန် မရပေ။ တခြား အင်အားစုများက စင်မြင့်ပေါ်သို့ စတင် တက်ရောက်ကြသည်။
ချီအော့က ဓားသခင်တောင်မှ တပည့်များအား စတင် စိန်ခေါ်သည်။ ထိုအင်အားစု နှစ်ခုကား မူလ ကတည်းက သိပ်တည့်သည် မဟုတ်ပေ။ ဤသို့သော အခြေအနေတွင် ဖူယွန်ဓားကလန်က ဓားသခင် တောင်ကုန်းအား စိန်ခေါ်သည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
မကြာမီ တိုက်ပွဲ စင်မြင့်အား အေးစက်သော ဓားအသိများ ဖုံးလွှမ်းသွားသည်။ ထက်ရှသော ဓား အရှိန်အဝါများက ကြီးမားသော အန္တရာယ် အငွေ့အသက်များ ပေးနေသည်။ နောက်ဆုံးတွင် ချီအော့က ဓားသခင်တောင်မှ ပါရမီရှင် တစ်ယောက်အား အနိုင်ရခဲ့သည်။
ထို့နောက် ဒွန်ချင် ကျောင်းတော်က သူတို့၏ ပစ်မှတ်အား ဖူယွန် ဓားကလန်နှင့် ပူးပေါင်းကာ ဓားသခင် တောင်ဘက်ကို ဦးတည်လိုက်ပြီး ဓားသခင်တောင်မှ တပည့်များအား ဖိနှိပ်ရန် ကြိုးစားသည်။ သူတို့က ဓားသခင်တောင်မှ တပည့် အများအပြားအား အနိုင်ယူကြသည်။
ဓားသခင်က ကော့တေးမှ ထွက်ခွာပြီးမှ ဓားသခင် တောင်ကုန်းအား တည်ထောင်ခဲ့သည်ကို တစ်လောကလုံး သိသည်။ သူက ကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ထောင်ခဲ့ သော်လည်း သူကား ကော့တေး၏ အစ်ကိုကြီး ဖြစ်နေဆဲပင်။ ယန်မိသားစုအပိုင် မိစ္ဆာတိုင် ကိစ္စကြောင့် ပြဿနာ တက်သောအခါ ဓားသခင်တောင်က ကော့တေးအား ထောက်ခံခဲ့သည်။ ထို့ကြောင့် ဒွန်ချင် ကျောင်းတော်က ဓားသခင် တောင်အား ပစ်မှတ်ထားခြင်းမှာ မထူးဆန်းတော့ပေ။ သို့သော်လည်း သူတို့က ဖူယွန် ဓားကလန်နှင့် ပူးပေါင်း၍ ဖိနှိပ်ခြင်းက လူအများအပြားအား အတွေး များစေသည်။
ဒွန်ချင် ကျောင်းတော်က တမင်ပင် လူအများအား အာရုံ ထွေပြားအောင် လုပ်နေသည်လား။ သို့မဟုတ် ဒွန်ချင် ကျောင်းတော်က ဖူယွန် ဓားကလန်နှင့် ပူးပေါင်းလိုက်ပြီလား။
ဤသို့ဆိုလျှင် အသစ် ပူးပေါင်းလိုက်သော အင်အားစုက လွန်စွာ ကြောက်မက်ဖွယ် ကောင်းသွား ပေလိမ့်မည်။
စိန်ခေါ်ပွဲများက ဆက်လက် ဖြစ်ပေါ်သည်။ ရီဖူရှင်းနှင့် ယူချင်းတို့ တိုက်ပွဲပြီးနောက် ဒွန်ချင် ကျောင်းတော်ကလည်း စိန်ခေါ်ပွဲတွင် တက်ကြွစွာ ပါဝင်ကြသည်။ သို့သော် သူတို့၏ အဓိက ပစ်မှတ်မှာ ဓားသခင်တောင် ဖြစ်ကာ ထိပ်သီး အင်အားစုများ ဖြစ်သည့် အလျောက် သူတို့က တစ်ဖက်နှင့် တစ်ဖက် အနိုင် အရှုံးများ ရှိကြသည်။
သူတို့ မသိလိုက်မီတွင်ပင် ညနေခင်းကို ရောက်လာပြီ ဖြစ်သည်။ ကော့တေးက ထွက်ခွာသွားပြီး ဖြစ်သည်။ သူတို့က နောက်တစ်နေ့တွင် ထွက်သွားရန် စီစဉ်ထားသည်။ ယနေ့တိုက်ပွဲတွင် ကော့တေးက တချို့သော အကြောင်းအရာ များကို သက်သေပြပြီး ဖြစ်သည်။ ဒွန်ချင် ကျောင်းတော်ကား ထိပ်သီး အင်အားစု နှစ်ခု၏ ပေါင်းစပ်မှုဖြစ်ပြီး သံသယ ရှိစရာ မလိုအောင် လွန်စွာ အားကောင်းသည်။ သို့သော်လည်း သူတို့က ကော့တေးအား အနိုင်ယူကာ နာမည် ကျော်ကြားအောင် လုပ်လိုပါက ထိုအရာက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်း ဖြစ်သည်။
ဒုတိယနေ့ ယှဉ်ပြိုင်ပွဲများကား ပြီးဆုံးသွားပြီ ဖြစ်သည်။ အဓိက အင်အားစုများက ဤပွဲတွင် ပါဝင်ခဲ့ကြ သော်လည်း အဓိကအားဖြင့် ကျောင်းတော် နှစ်ခု၏ ယှဉ်ပြိုင်ပွဲသာ ဖြစ်သည်။
အင်အားစုများက သူတို့ နေထိုင်ရာ တည်းခိုခန်းများကို ပြန်သွားကြသည်။
ယနေ့တိုက်ပွဲ အပြီးတွင် ကော့တေး၏ တပည့် ရီဖူရှင်းကား လွန်စွာ ကျော်ကြား သွားခဲ့သည်။ သို့သော်လည်း တချို့သော သူများအတွက် ထိုသတင်းက ကောင်းမွန်သော သတင်း မဟုတ်ပေ။ ဥပမာ လျိုဂျန်လန် ဖြစ်သည်။
နောက်ဆုံးတွင် ရီဖူရှင်းက သူ၏ ခြွင်းချက်မဲ့ ပါရမီကို ပြသခဲ့ပြီး ချိန်ရှင်းမူအား အနိုင်ယူခဲ့သည်။ ထိုသို့သော ပါရမီရှင်က နောင်တွင် သည့်ထက် အားကောင်း လာမည်သာ ရှိသည်။ ရီဖူရှင်းက နိုဘယ် ဖြစ်သွားသော နေ့က နန်ဒူနိုင်ငံ၏ အဆုံးသတ် ဖြစ်သည်ကို လျိုဂျန်လန်က သိသည်။ အတိတ်က သူက အလွယ်တကူ သတ်၍ ရသောသူဟု သတ်မှတ်ထားသူကား ယခု အလွန် ကြီးမားသော အန္တရာယ် ဖြစ်လာသည်။
လျိုဂျန်လန်ကား တည်းခိုခန်း တစ်ခုတွင် ဖြစ်ကာ အဝေးကို ငေးမော ကြည့်နေသည်။ သူ့အား စီရိုက အဖော် လုပ်ပေးနေသည်။ သူတို့ထံ တစ်စုံ တစ်ယောက်က လျှောက်လာလျှင် စီရိုနှင့် လျိုဂျန်လန်တို့ နှစ်ယောက်လုံးက မတ်တတ်ရပ်ကာ နှုတ်ဆက်ကြသည်…. “စီနီယာရှာ…”
ထိုလူကား တော်ဝင် ချန်ကျောင်းတော်မှ ရှာလျိုဖြစ်သည်။ သူကား အလွန် ပါရမီမြင့်ပြီး ပထမသခင်၏ လက်ရင်း တပည့်ဖြစ်သည်။ တပည့်များထဲတွင် သူကား အလွန် နာမည် ကျော်ကြားသည်။ ထို့အပြင် သူကား လွန်စွာ စိတ်ကောင်းရှိကာ လူအများက သူ့အား လေးစားကြရသည်။
“မင်းတို့ နှစ်ယောက်က အမြဲ တပူးတွဲတွဲနဲ့ … ဘယ်တော့ လက်ထပ်ကြမလဲ…” ရှာလျိုက ပြုံးလျက် ပြောသည်။
ဟာစီရိုက အနည်းငယ် ရှက်သွေးဖြန်း သွားကာ ပြောသည်… “စီနီယာ… အခုတော့ မဟုတ်သေးပါဘူး….”
“လျိုဂျန်လန်က တာဝန် မယူချင် သေးလို့လား….” ရှာလျိုက ဟာသနှော၍ ပြောသည်။
လျိုဂျန်လန်က ခေါင်းယမ်းလျက် ပြောသည်… “စီနီယာရှာ… ကျွန်တော်က စီရိုကို တကယ်ပဲ လက်ထပ်ချင်တယ်….”
“မင်းမှာ စိတ်ညစ်စရာ ရှိနေလို့လား….” ရှာလျိုက လျိုဂျန်လန်အား ကြည့်သည်… “ဒါက ရီဖူရှင်း ကြောင့်လား….”
လွန်ခဲ့သော တစ်နှစ်ခန့်က ဘာဖြစ်ခဲ့သည်ကို တော်ဝင် ချန်ကျောင်းတော် တစ်ခုလုံး သိသည်။ လျိုဂျန်လန်နှင့် ရီဖူရှင်းတို့ အကြား ရန်ငြိုးက လျှို့ဝှက်ချက် မဟုတ်ပေ။
လျိုဂျန်လန်က မည်သို့မှ မပြောပေ။ သို့သော် တိတ်ဆိတ် နေခြင်းက ပင်လျှင် ဝန်ခံခြင်း ဖြစ်ပေသည်။
“ရီဖူရှင်းက တကယ်ပဲ ထူးချွန်တဲ့ ပါရမီရှင်ပဲ… သူက ဒီနေ့မှာ ချိန်ရှင်းမူကို သိဒ္ဓိဝင် ပစ္စည်းကို သုံးပြီး အနိုင်ယူခဲ့တယ် ဆိုပေမဲ့ သူတို့က အဆင့်တူချင်း ဆိုရင် ရီဖူရှင်းပဲ အနိုင်ရမှာပဲ… ပြီးတော့ ဒီနေ့ တိုက်ပွဲ စင်မြင့်ထက်မှာ သူ့ရဲ့ တကယ့် စွမ်းရည်တွေကို မပြသခဲ့ဘူး…. ဥပမာ သူ့ရဲ့ ဓာတ်စွမ်းအင် မျိုးစုံသုံးနိုင်တဲ့ ပါရမီ၊ သူ့ရဲ့ သက်စောင့်ဝိညာဉ်၊ သူ့ဓမ္မ …. ပြီးတော့ သူ့ရဲ့ သိုင်းပညာ စွမ်းရည်…” ရှာလျိုက သက်ပြင်းချသည်။ သူ၏ စကားက လျိုဂျန်လန်အား ကြီးစွာသော ဖိအား ဖြစ်စေသည်။
“ငါ ဒီကို လာတာက မင်းကို သတိပေးမလို့ ဂျန်လန်…. မင်းက ကြိုးစား လေ့ကျင့်ဖို့ လိုတယ်…. အနာဂတ်မှာ ရီဖူရှင်းက မင်းရဲ့ မိသားစုနဲ့ ရင်ဆိုင်တဲ့ အခါမှာ တော်ဝင် ချန်ကျောင်းတော်က ဘာမှ ကူနိုင်မှာ မဟုတ်ဘူး… မဟုတ်ရင် ကော့တေးက ဝင်ပါလိမ့်မယ်….” ရှာလျိုက ဆက်ပြောသည်… “ဂျန်လန်… မင်းရဲ့ ပါရမီကလည်း အရမ်း ကောင်းတယ်… ဒါကြောင့် မင်းက ရီဖူရှင်းကို နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်…. ဒါကို စိန်ခေါ်မှု အနေနဲ့ သဘောထား…”
“ဒီနေ့ ရီဖူရှင်းက အရမ်း မောက်မာတယ်…. ပြီးတော့ သူနဲ့ ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်တို့ အကြား ပြဿနာတွေ အများကြီး ရှိခဲ့တယ်… ဒီအဖွဲ့နှစ်ခုက သူ့ကို လွှတ်ပေးမယ် မထင်ဘူး…” ဟာစီရိုက ပြောသည်။
“ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်က ရီဖူရှင်းကို သေစေချင်တာပေါ့…. ဒါပေမဲ့ ဒီလောက် မရိုးရှင်းဘူး… အရှေ့မြေရိုင်း ဒေသက ထိပ်သီး အင်အားစုတွေ အကြားက ဆက်ဆံရေးက အရမ်း ရှုပ်ထွေးတယ်…. ကျောင်းတော်၊ ကော့တေးနဲ့ ဓားသခင်တောင်တို့က ပေါင်းခဲ့ရင် ဒါက အရမ်းကို အားကောင်းတဲ့ အဖွဲ့တစ်ခု ဖြစ်လာမှာပဲ…. သူတို့က ရီဖူရှင်းကို သတ်ချင်ရင်တောင် အလွတ်တကူတော့ မကြိုးစားရဲကြဘူး…. ပြီးတော့ ရီဖူရှင်းက ပိုပိုပြီး အားကောင်း လာနေတယ်… လုပ်ကြံတာကတော့ ကော့တေးက လူတွေက အရူးမဟုတ်တော့ ဘယ်သူက နောက်ကွယ်က ရှိနေလဲ ဆိုတာ သိမှာပဲ…”
ရှာလျိုက သူ့အား ကြည့်သည်… “ဒါကြောင့် မင်းက ပိုကြိုးစားပြီး လေ့ကျင့်ဖို့ပဲ ရှိတယ်…. ဒါက ခက်ခဲတယ် ဆိုပေမဲ့ သူ့ထက် ရှေ့ကို အမြဲ ရောက်နေအောင် ကြိုးစားရမယ်…”
“စီနီယာ…. အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်….” လျိုဂျန်လန်က ခေါင်းညိတ်သည်။
“ဖိအားလည်း သိပ်မဖြစ်စေနဲ့ … စောစော အနားယူ…” ရှာလျိုက ပြုံးလျက် ပြောကာ ထိုနေရာမှ ထွက်သွားသည်။
ရှာလျို ထွက်သွားပြီးနောက် ဟာစီရို၏ မျက်လုံးက အေးစက်သွားပြီး ပြောသည်… “ဂျန်လန်…. ရီဖူရှင်းရဲ့ ပါရမီနဲ့ နောက်ဆို သူ့ကို သတ်ဖို့ အရမ်းကို ခက်သွားလိမ့်မယ်….”
“စီရို… မင်း ဘာလုပ်ချင်တာလဲ…” လျိုဂျန်လန်က ဟာစီရိုအား ကြည့်သည်။
ဟာစီရိုက ပြုံးလိုက်သည်။ သူမက လျိုဂျန်လန်အား တင်းကျပ်စွာ ဖက်ကာ ပြောသည်… “စီနီယာ ပြောတာ မှန်တယ်…. တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံမယ်ဆိုရင် လက်ရှိ ရီဖူရှင်းနှင့် ထိပ်သီး အင်အားစု နှစ်ခုအကြား ဆက်ဆံရေးနဲ့ဆို သူတို့ကိုပဲ သံသယ ဖြစ်ကြမှာပဲ…”
လျိုဂျန်လန်က ခေါင်းယမ်းသည်… “ငါ့အတွက် မစွန့်စားပါနဲ့…. ငါသေရမယ် ဆိုရင်တောင် မင်းကို ဘာမှ မဖြစ်စေချင်ဘူး….”
“အရူး… ငါက ဘာဖြစ်ရမှာလဲ….” ဟာစီရို၏ အကြည့်က လွန်စွာ နူးညံ့သည်။ သည်လူကား သူမ၏ အသက်ကိုပင် စွန့်လွှတ်ရသည့်တိုင် နောင်တမရအောင် ချစ်ရသော သူမ၏ ချစ်သူဖြစ်သည်။ သူ့အတွက် သူမက အရာအားလုံးကို စွန့်လွှတ်ရဲသည်။
ဂူတုံးလျိုက အဘယ်ကြောင့် ထိုမျှ မောက်မာ နိုင်သနည်း။ လောကမှ ဘယ်သူကမှ ကော့တေး၏ တပည့်အား မထိရဲ ကြသောကြောင့် ဖြစ်သည်။
ကော့တေး၏ တပည့်အား လုပ်ကြံခြင်းကား လောကမှာ အန္တရာယ် အကြီးဆုံးသော ကိစ္စဖြစ်သည်။ အမှန်တရားကသာ ပေါ်ပေါက်သွားပါက တော်ဝင် ချန်ကျောင်းတော် ပင်လျှင် သူမအား ကယ်တင်နိုင်မည် မဟုတ်သည်ကို သူမသိသည်။ အဆုံးသတ်ကား သေခြင်းပင်။
သို့သော်လည်း မိန်းမတစ်ယောက်က အမှန်တကယ် ချစ်မိသွားပါက သူမ ချစ်ရသူအတွက် အသက်ကိုပင်လျှင် စွန့်လွှတ်ရဲပေသည်။ သို့သော် ဟာစီရိုက ကိုယ်တိုင်တော့ လုပ်မည် မဟုတ်ပေ။ ထိုအရာက မီးနဲ့ ဆော့ကစားခြင်း ဖြစ်သည်။ သို့သော်လည်း ကံက သူမ၏ဘက်တွင် ရှိသည်။ သူမက သင့်တော်သော သူကို သိသည်။ သူမက ဤသို့အတွေးကို ယခင်ကတည်းက ရှိဟန်ရသည်။ သူမက ထိုလူအား ပထမဆုံး တွေ့စဉ်ကပင် သူမက လုပ်ကြံမှုကို စဉ်းစားမိပြီး ဖြစ်သည်။ ထို့ကြောင့် သူမက တစ်ချိန်လုံး ထိုလူအား ဝှက်ထားခဲ့ကာ အသုံးမပြုဘဲ ထားသည်။
ယခု သူမက ထိုလူအား အသုံးပြု ရပေတော့မည်။ ထိုလူ၏ သစ္စာရှိမှုကြောင့် မည်သူမှ သူမအား သံသယ ရှိမည် မဟုတ်ပေ။
***
သို့သော် ဟာစီရိုက သူ့အား သတ်လိုသည်ကို ရီဖူရှင်းက မသိပေ။ သူကား တည်းခိုခန်းတွင် တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။ နောက်တစ်နေ့တွင် သူက ဤနေရာမှ ထွက်သွားတော့မည် ဖြစ်သည်။ သူတို့ ဆက်နေစရာ အကြောင်း မရှိတော့ပေ။
ယနေ့တိုက်ပွဲတွင် သူက ချိန်ရှင်းမူအား အနိုင်ယူခဲ့ခြင်းက လုံလောက်ပေသည်။ သူက ဤထက် စွမ်းဆောင် နိုင်သော်လည်း သူ၏ ပါရမီများ အားလုံးကို ပြသခြင်းက မိုက်မဲရာ ရောက်ပေသည်။ မည်သို့ပင်ဆိုစေ သူ၏ တန်ခိုး အဆင့်ကား အလွန် နိမ့်နေသေးသည်။ အစ်ကိုသုံးပင်လျှင် ထိုသို့သော စိုးရိမ်စိတ် ရှိသည်။ ထို့ကြောင့် ကော့တေးက အမြဲတမ်းလိုလို အရှိန်အဝါကြီးသော ပုံစံကို ထိန်းသိမ်းထားသည်။
“ဖူရှင်း….” ရီဖူရှင်းက ရင်းနှီးသော အသံကို ကြားသည်။ လျိုဖေးယွန်၊ လျိုချန်းယွီနှင့် ရီဝူချင်းတို့ ရောက်လာကြသည်။
“ဟိုင်း…” ရီဖူရှင်းက ပြုံး၍ နှုတ်ဆက်သည်။ သူက မနက်ဖြန် သွားတော့မည်ကို သူတို့အား ပြောပြီး ဖြစ်သည်။ သူတို့က နောက်တွင် မည်သည့် အချိန်တွင် ပြန်တွေ့မည်ကို မသေချာသေးပေ။
“အင်း … ငါ့မှာ မင်းအတွက် သတင်းဆိုးတစ်ခု ရှိတယ်…” လျိုဖေးယွန်က ပြောသည်။
“ဘာလဲ…” ရီဖူရှင်းက မေးသည်။
“အဲဒါ ဟွာဂျီယူနဲ့ ဆိုင်တယ်….”
ရီဖူရှင်း၏ မျက်လုံးက လင်းလက် သွားသည်။ သူက ထပ်မံ၍ မေးခွန်းထုတ်သည်… “ဂျီယူက ဘာဖြစ်လို့လဲ…”
“မကြာခင်က ငါကြားခဲ့တာက ဂျီယူက ဒီကို လာချင်ခဲ့တယ်… ဒါပေမဲ့ သူမက လစန္ဒာကလန်ရဲ့ သမီးတော်နဲ့ ကတောက်ကဆ ဖြစ်ပြီး မလာခဲ့ဘူး…” လျိုဖေးယွန်က ပြောသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ် သွားသည်။ ဂျီယူက သူလာမည်ကို သိလျက်ဖြင့် အဘယ်ကြောင့် ရောက်မလာခဲ့သည်ကို သူက တစ်ချိန်လုံး နားမလည်ခဲ့ပေ။ ယခုမှ အကြောင်းအရင်းကို သူသိသည်။ သူမက သူမ၏ စီနီယာနှင့် အမှာစကား ပါးလိုက်သော အခါတွင်လည်း အကြောင်းပြချက်ကို ထည့်မပြောထားပေ။ သူမက သူ့အား စိုးရိမ်စိတ် မဖြစ်စေလိုဟန် ရသည်။
***