Switch Mode

အပိုင်း (၂၇၆)

ပိုပြင်းထန်တဲ့ ရိုက်ချက်တစ်ခု

ရီဖူရှင်း၏ သရော်သံက ပတ်ဝန်းကျင် တစ်ခုလုံးကို တိတ်ဆိတ် သွားစေပြန်သည်။ ချင်မင်ကား ဓမ္မအဆင့် အမြင့်ဆုံးတွင် ရှိနေသည်။ သူက နဂါးသွေးကြောမ ငါးခုကို ဖွင့်လှစ်ထားပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကလည်း ကောင်းမွန်လှသည်။ သို့သော်လည်း သူကား ရိုက်ချက် တစ်ချက်မျှဖြင့် ရှုံးနိမ့်သွားကာ ပြန်လည် တိုက်ခိုက် နိုင်စွမ်းပင် မရှိပေ။ သူကား တစ်ချက်တည်းဖြင့် လွင့်စဉ်သွားပြီး ချင်လီရှေ့တွင် ကျသည်။

ပုံမှန်အားဖြင့် ချင်လီက သည်မတိုင်မီ ကလည်း ရီဖူရှင်းအား တမင်ပင် ပစ်မှတ်ထားကာ ရှုတ်ချသော စကားများ သရော်သော စကားများ ပြောခဲ့သည်။ ယခု သူတစ်ခုမှ မပြောနိုင်တော့ပေ။

ပထမဆုံး ရီဖူရှင်းက သိဒ္ဓိဝင် ပစ္စည်းကို သုံးလျက် ချိန်ရှင်းမူအား ဂီတတွင် အနိုင်ယူခဲ့သည်။ ယခု သူက ချင်မင်အား ရိုက်ချက် တစ်ချက်မျှဖြင့် အနိုင်ယူခဲ့သည်။

ကော့တေး တပည့်များက မိမိကိုယ်ကို သက်သေပြရန် လိုအပ်သလော။

လူအများက ချက်ချင်းပင် ကော့တေးမှ ပထမ တပည့်နှင့် တတိယ တပည့်တို့ကို သတိရ လာကြသည်။ အတိတ်က သူတို့ကလည်း မိမိတို့ အရည်အချင်းကို တမင် ထုတ်ပြခြင်း မရှိခဲ့ကြပေ။ သို့သော် သူတို့ ထုတ်ပြသောအခါ တစ်ဖက်လူအတွက် ကပ်ဘေး ဆိုက်ခြင်းပင်။

ဓားသခင်က ဖူယွန် ဓားကလန်အား အသုံးပြုကာ ကျော်ကြား လာခဲ့သည်။ ဂူတုံးလျိုက ထိပ်သီး အင်အားစု တစ်ခုအား ဖယ်ရှားကာ လုနန်ထျန်းကို အနိုင်ယူခြင်းဖြင့် ကျော်ကြား လာသည်။ ယခု တူညီသော အရာတစ်ခု ဖြစ်ပျက်နေသည်။

ရီဖူရှင်းက ချိန်ရှင်းမူနှင့် ချင်ပြည်ထောင်မှ ပါရမီရှင်တို့ကို နင်းခြေခဲ့သည်။ နောက်တစ်ကြိမ် ကော့တေးမှ တပည့်များက မည်သို့ ဖြစ်သည်ကို သူက ပြသခဲ့သည်။

ချင်လီ မည်သို့မှ မပြောပေ။ သူ ဘာပြောနိုင်မည်နည်း။ လက်ရှိ အခြေအနေက စကားလုံးများဖြင့် တိုက်ခိုက် ဖြေရှင်း၍ ရသည် မဟုတ်ပေ။ သူကပင် စတင် စိန်ခေါ်ခဲ့ခြင်း ဖြစ်ကာ ရလဒ်က မည်သို့ ဖြစ်လာသနည်း။

ထိုအစား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ရီဖူရှင်းအား အေးစက်စွာ ကြည့်နေကြသည်။ အထူးသဖြင့် ချင်လီနှင့် ချင်မုံရိုတို့ ဖြစ်ကြသည်။

“မင်းက တကယ်ပဲ ကော့တေးတပည့် ဖြစ်ထိုက် ပါပေတယ်….” ချင်ယွီက ရုတ်တရက် ပြောသည်…. “ဒွန်ချင်ကျောင်းတော်ရဲ့ သိုင်းပညာစင်မြင့်မှာ ကျုပ်တို့က ကော့တေးက ရှစ်ယောက်မြောက် တပည့်ရဲ့ စွမ်းရည်တွေကို တွေ့ကြရတယ်…. ချင်မင်ရဲ့အရှုံးက လက်ခံနိုင်လောက်တဲ့ ရလဒ်ပဲ…. ဒါပေမဲ့ မင်းက နိုင်ပွဲ တစ်ခုတည်းနဲ့ ချင်ပြည်ထောင်ရဲ့ ပုံရိပ်ကို ကျဆင်းအောင် ပြောခဲ့တယ်… ဒါက မင်းတို့ ကော့တေးရဲ့ ပုံမှန် အပြုအမူလား… အရမ်း မောက်မာ လွန်းတယ်….”

ရီဖူရှင်းက ပြုံးလိုက်ကာ ချင်ယွီအား ကြည့်လိုက်သည်။ ခုနကပင် သူ၏သားက ရီဖူရှင်းအား မိမိကိုယ်ကို သက်သေ ပြထားခြင်း မရှိသေးကြောင်း သရော်ထားခဲ့သည်။ ယခု သူက ချင်ပြည်ထောင်မှ လူကို အနိုင်ယူထားပြီး သော်လည်း ချင်ယွီက သူ့အား ထပ်မံ၍ ငြင်းဆို လိုနေသည်။

သူကား အရှုံးကို လက်ခံရန် တွန့်ဆုတ်နေပုံ ရသည်။

ရီဖူရှင်းက ပြုံးလိုက်သည်…. “မင်းသားချင်… ခင်ဗျားက ကျုပ်ကို ချီးမြှောက်လွန်း နေပါပြီ…. ခုနက ကျုပ်ပြောတဲ့ စကားက မသင့်တော်ဘူး ထင်ပါတယ်…. ချင်ပြည်ထောင်က ထိပ်သီး အင်အားစု ဖြစ်ပြီးတော့ အခု ခင်ဗျား ဒွန်ဟွာကလန်နဲ့ ပေါင်းပြီး ဒွန်ချင် ကျောင်းတော်ကို တည်ထောင်ခဲ့တယ်…. ခင်ဗျားတို့က စွမ်းအားမြင့် တန်ခိုးရှင်တွေ အများကြီး ရှိတာ သိသာပါတယ်…. ကျုပ်က ကိုယ့်ကိုယ်ကိုယ် သက်သေ မပြရသေးတာလည်း ဖြစ်နိုင်တာပဲ… ဒါကြောင့် ချင်ပြည်ထောင်က တကယ် ထက်မြက်တဲ့ ပါရမီရှင်တွေကို မစေလွှတ် ရသေးဘူးလို့ အဓိပ္ပာယ် ရနေတယ်…. ဒီလို ဆိုရင်လည်း ကျုပ်က ချင်ပြည်ထောင်ရဲ့ ပါရမီရှင်တွေကို တွေ့ချင်တယ်….”

ထို့နောက် ရီဖူရှင်းက သူ၏ လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ပြောသည်… “ကျုပ်က ကော့တေးရဲ့ တပည့် ရီဖူရှင်းပဲ…. ကျုပ်ရဲ့ သိုင်းပညာက ဓမ္မအဆင့် ခုနစ်မှာ ရှိတယ်…. ကျုပ်က ဓမ္မအဆင့်က ဘယ်သူ့ကိုမဆို စိန်ခေါ်တယ်…”

“ အာ….” ရီဖူရှင်း၏ စကားများကို ကြားလျှင် လူတိုင်းက အံ့အားသင့် သွားရသည်။

ယခုကား ချင်ပြည်ထောင် အတွက် အလွန်ပင် ကသိကအောက် ဖြစ်စရာ ကောင်း၏။ ရီဖူရှင်းက တိုက်ပွဲ တစ်ခုမျှဖြင့် ချင်ပြည်ထောင်အား နှိမ့်ချသည်ဟု ချင်ယွီက စွပ်စွဲသည်။ ထို့ကြောင့် ရီဖူရှင်းက ဆက်လက်၍ စိန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ ကော့တေး၏ တပည့်များက အလွန် မောက်မာသည်ဟု ချင်ယွီက ပြောသည်။ ချက်ချင်းပင် ရီဖူရှင်းက ယဉ်ကျေး သိမ်မွေ့သူ ဖြစ်သွားပြီး ချင်ပြည်ထောင်ကို ချီးကျူးသည်။ ထို့အပြင် သူ၏ သိုင်းပညာ အဆင့်အား ထုတ်ဖော် ပြောကြားပြီး ဓမ္မအဆင့်မှ မည်သူ့ကိုမဆို စိန်ခေါ်ခဲ့သည်။

သူက ကော့တေး၏ တပည့် ဖြစ်သော်လည်း ချင်ပြည်ထောင် ကလည်း ထိပ်သီး အင်အားစုမှ ဖြစ်ပေသည်။ ရီဖူရှင်းက သူ့ထက် တန်ခိုး နှစ်ဆင့်ပိုသော သူကိုပင်လျှင် သူ့အား စိန်ခေါ်ရန် ခွင့်ပြုပေးပြီး ဖြစ်သည်။ သို့သော်လည်း အမှန်တကယ် အားဖြင့် ချင်မင်ကား ချင်ပြည်ထောင်၏ အထူးချွန်ဆုံးသော ပါရမီရှင် တစ်ယောက် ဖြစ်သည်ကို လူတိုင်း သိကြသည်။ မဟုတ်လျှင် ချင်လီက သူ့အား ရီဖူရှင်းကို စိန်ခေါ်ရန် ခွင့်ပြုမည် မဟုတ်ပေ။

ချင်မင်က သူ့ထံတွင် ရိုက်ချက် တစ်ချက်မျှဖြင့် ရှုံးနိမ့်ခဲ့သည်ကို ထောက်လျှင် တခြား ဓမ္မအဆင့် တန်ခိုးရှင်များမှာလည်း ရှုံးနိမ့်မည်မှာ သေချာလှသည်။

ရီဖူရှင်းက ချင်ယွီအား လုံးဝ မျက်နှာသာ မပေးပေ။

လူအများအပြားက ချင်ယွီအား ကြည့်လိုက်ကြသည်။ လက်ရှိတွင် ချင်ယွီ မည်သို့ ခံစားနေရမည်ကို သူတို့ ခန့်မှန်း၍ ရသည်။ သူက ရီဖူရှင်းအား သတ်ပစ်ချင် နေလောက် ပေသည်။

“သခင်လေးရီက အရမ်း လည်တာပဲ…” မှော်ကလန်ဘက်မှ ဂူဘိုင်ယွီက ပြုံးလျက် တိုးညင်းစွာ ပြောသည်။ ချင်ယွီကား ထိုရှက်စရာ ကောင်းသော အခြေအနေမှ ရုန်းထွက်နိုင်ဟန် မတူပေ။

သူမ၏ နောက်မှ မှော်ဝိဇ္ဇာ ဂူကျီချူကလည်း ရီဖူရှင်းအား ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူက ရီဖူရှင်းအား အမှန်ပင် အထင်သေးခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်း ယနေ့ပြသခဲ့သော ပါရမီအရ သူက နောင်တစ်ချိန်တွင် လွန်စွာ အစွမ်းထက်သောသူ ဖြစ်လာမည်မှာ သေချာသည်။

ဂူဘိုင်ယွီကသာ ထိုသို့ တွေးသည် မဟုတ်ပေ။ ရီဖူရှင်းနှင့် တွေ့ခဲ့သော လစန္ဒာကလန်မှ မိန်းကလေး ကလည်း ဂျီယူ၏ ချစ်သူက အလွန် လည်သည်ဟု ခံစားရသည်။ သို့သော်လည်း သူ့အား ထိုသို့ပုံစံဖြင့် မြင်ရသည်က အမှန်ပင် စိတ်ပျော်ရွှင်ဖွယ်ရာ ကောင်းသည်။ သူ၏ ချောမောသော မျက်နှာတွင် လူအများအား နွေးထွေးကာ ပေါ့ပါးစေသော အပြုံးတစ်ခု အမြဲ ရှိနေတတ်သည်။ သို့သော် သူက ကု့ချင်းကို တီးခတ်သောအခါ သူ၏ ပုံဟန်က မွေးကင်းစ ကလေးငယ် တစ်ယောက်လို ဖြူစင်ပြီး ဧကရာဇ် တစ်ပါးလို အရှိန်အဝါ ကြီးသည်။ သူက မည်သို့သော သူဖြစ်သနည်း။

“မလိုတော့ဘူး…. ကျုပ်တို့က ကော့တေးက ရှစ်ယောက်မြောက် တပည့်ရဲ့ စွမ်းရည်ကို မြင်တွေ့ပြီးမှတော့ နောက်ထပ် တိုက်ပွဲတစ်ခု မလိုအပ်တော့ဘူး…” ရီဖူရှင်း၏ စိန်ခေါ်မှုကို ငြင်းပယ်သော ချင်ယွီ၏ လေသံက အနည်းငယ်  တင်းမာနေသည်။

နောက်တစ်ပွဲ တိုက်ခိုက်ခြင်းက  မိမိကိုယ်ကို ထပ်မံ၍ အရှက်ခွဲခြင်း ဖြစ်သည်။ ထို့ကြောင့် လက်လျှော့သည်က အကောင်းဆုံး ဖြစ်သည်။ သူတို့က တခြားလူများ၏ ဝေဖန်မှုကို ခံရမည်ဖြစ်ကာ သူတို့က ဆက်လက် တိုက်ခိုက်လျှင်လည်း ရီဖူရှင်း၏ မျက်နှာပြောင် တိုက်မှုကြောင့် တိုက်ပွဲက မည်မျှ ဆက်လက် ဖြစ်ပွားမည်ကို သူတို့ မသိပေ။

“ဒါက ကံမကောင်းတာပဲ…. ကျုပ်က သိပ်မပျော်ရသေးဘူး….” ရီဖူရှင်းက ပြုံးလျက် ချင်ယွီအား ကြည့်သည်။ ထို့နောက် သူက နောက်လှည့်ကာ စင်မြင့်ပေါ်မှ ဆင်းသွားသည်။ သူက စင်မြင့်အောက်ကို ရောက်သွားသည်နှင့် ယူချင်းအား ပြောသည်… “ယူချင်း… ဒွန်ချင် ကျောင်းတော်က ပါရမီရှင်တွေက ဘယ်လိုလဲ ဆိုတာ သွားကြည့်လိုက်…”

အစ်ကိုလေးက ပြောပြီး ဖြစ်သည်။ ကော့တေးမှ တပည့်များ တိုက်ခိုက်လျှင် တစ်ဖက်လူအား လုံးဝ နင်းခြေနိုင်ရမည် ဟူ၏။

သူတို့က စတင်၍ ယှဉ်ပြိုင်လိုခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် နောက်ထပ် တစ်ပွဲ စမ်းကြည့်လိုသည်။

“ကောင်းပြီ….” ယူချင်းက ခေါင်းညိတ်ကာ တိုက်ပွဲ စင်မြင့်ပေါ်သို့ တက်သွားသည်။

လူတိုင်းက ထိုမြင်ကွင်းကို နားမလည်စွာ ကြည့်ကြသည်။ ကော့တေးက ဘာလုပ်ရန် ကြိုးစား နေသနည်း။

ယူချင်းကား လွန်စွာ သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူ၏ ရုပ်ရည် သွင်ပြင်မျှက မဆုံးနိုင်သော အားအင်များ ရှိနေပုံရသည်။ သူကား ယန်မိသားစု၏ မိစ္ဆာတိုင်ကို ယူသွားသူ ဖြစ်သည်။ ထိုအချိန်က အဟံပင်လျှင် မိစ္ဆာတိုင်အား လေးပေခန့်သာ မနိုင်ခဲ့သည်။ တခြား တစ်ဖက်တွင် ယူချင်းက မိစ္ဆာတိုင်အား ယူသွားခဲ့ကာ ယန်မိသားစုအား ဆုံးရှုံးမှု ကြီးမားစေခဲ့သည်။

“ယူချင်း… ဓမ္မအဆင့်ခုနစ်… ကော့တေးက သစ်ခုတ်သမား…. ကျုပ်က ဒွန်ချင် ကျောင်းတော်က ဘယ်အဆင့်က ဓမ္မတန်ခိုးရှင်ကိုမဆို စိန်ခေါ်တယ်… ဘယ်ပညာရပ် အမျိုးအစား ဖြစ်ဖြစ် ရတယ်…” ယူချင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သို့သော် သူ၏ လေသံက တခြားလူများ အတွက် အရှိန်အဝါကြီးကာ လွှမ်းမိုးသော ခံစားချက်ကို ရစေသည်။

ရီဖူရှင်းနှင့် ဆင်တူစွာပင် သူကား ဓမ္မအဆင့်ခုနစ် ဖြစ်သည်။ သူက ဒွန်ချင် ကျောင်းတော်က အားလုံးသော ဓမ္မ တန်ခိုးရှင်များကို စိန်ခေါ်သည်။ ထို့အပြင် သူက ကော့တေး၏ တပည့် မဟုတ်ပေ။ ကော့တေးမှ သစ်ခုတ် သမားမျှသာ ဖြစ်သည်။

ယူချင်း တက်ရောက် သွားသော စင်မြင့်ကား မည်သည့် အမျိုးအစား တန်ခိုးရှင်မဆို တိုက်ခိုက်နိုင်သော စင်မြင့်ဖြစ်သည်။ စင်မြင့်ပေါ်တွင် ရောက်ရှိနေသော ယူချင်းကို ကြည့်ကာ လူတိုင်းက သူ၏ စကား အဓိပ္ပာယ်ကို ခံစားမိကြသည်။ ယူချင်းဖြစ်စေ ရီဖူရှင်းဖြစ်စေ ကော့တေးက ဒွန်ချင် ကျောင်းတော်အား ဂရုမစိုက်ပေ။ ချင်ယွီ ပြောသလိုပင် ကော့တေးကား အလွန် မောက်မာသည်။

ယူချင်းက သူက ကော့တေး၏ သစ်ခုတ်သမားဟု ပြောသော်လည်း သူ့အား ထိုသို့ မည်သူမှ မသတ်မှတ်ရဲပေ။ သူက မှန်တောင်ကုန်းတွင် နိုဘယ်ပုံရိပ်လေးခု ဖြစ်ပေါ်စေကာ ယန်မိသားစု၏ မိစ္ဆာတိုင်အား ယူသွားခဲ့သည်။

“ချင်ယွင်…” ချင်ယွီက တစ်စုံ တစ်ယောက်အား အော်ခေါ်လိုက်သည်။ ချက်ချင်းပင် လွန်စွာ ထူးခြား ကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်ထားသော လူငယ်တစ်ဦး စင်မြင့်ပေါ်ကို တက်လာသည်။

“ချင်ယွင်….” လူအများ၏ မျက်လုံးများ လင်းလက် သွားကြသည်။ ချင်ယွင်ကား ချင်ဘုရင်၏ မြေးတစ်ဦး ဖြစ်ပြီး ချင်ယွီ၏ သားမဟုတ်ပေ။ သူက တခြား မင်းသားတစ်ပါး၏ သားဖြစ်ပြီး ချင်ပြည်ထောင်၏ ပင်မမျိုးရိုးမှ ဖြစ်သည်။

ချင်ယွင်က သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးကို လေ့ကျင့်ကာ မှော်ထိန်းချုပ်သူ ဖြစ်သည်။ သူက နဂါးသွေးကြောမ ခြောက်ခုအထိ ဖွင့်ထားခဲ့သည်။

ချင်ယွင်ကား ချင်မင်ထက် အားကောင်းသည်မှာ ထင်ရှားသည်။

ချင်ဘုရင်၏ မြေးများထဲတွင် ချင်ယွင်၏ ပါရမီကား ချင်လီ၏ နောက်တွင်သာ ရှိသည်ဟု ဆိုကြသည်။

ချင်ယွင်က တိုက်ပွဲစင်မြင့်ပေါ်ကို တက်လာသောအခါ သူ၏ နောက်မှ နဂါးပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ ဓမ္မ မွေးဖွားလာကာ နတ်နဂါးကြီးက သူ့အား ရစ်ပတ်ထားသည်။ များစွာသော ရွှေရောင်နဂါးများက လေထဲတွင် ပေါ်လာကာ ယူချင်းထံ တိုးဝင်သွားသည်။

ယူချင်းက သူ့အား ထူးမခြားနားစွာ ကြည့်လိုက်သည်။ သူ၏ ခန္ဓာတွင် ရွှေအိုရောင် အလင်းများ ထွက်ပေါ် လာသည်။

ယူချင်းက ရှေ့ကို တက်သွားလျှင် သူ၏ ကျောမှ အတောင်ပံတစ်စုံ ထွက်ပေါ် လာသည်။ သူ၏ အတောင်ပံအား လှုပ်ခတ်လိုက်လျှင် ဆူးချွန်များက လေကို ခွင်းလျက် ရှေ့ကို ပြေးသွားကြကာ နဂါးပုံရိပ်များ အားလုံးကို ပျက်စီးစေသည်။

“ဒါ….” လူတိုင်းက ယူချင်းအား ကြည့်လိုက်ကြသည်။ သူကား ချင်ယွင်၏ တည်ရှိမှုကို အလေးထားပုံပင် မရပေ။ သူက ချင်ယွင်၏ တိုက်ခိုက်မှုကိုလည်း ဂရုစိုက်ပုံ မရပေ။

ယူချင်း၏ ခြေလှမ်းက သိပ်မမြန်ပေ။ သို့သော် သူ၏ ခြေလှမ်းတိုင်းက ကျယ်ပြန့်ကာ သူ့ထံမှ ကြီးစွာသော ဖိအားကို ခံစားရသည်။ အထူးသဖြင့် ချင်ယွင်အတွက် ယူချင်းကား နတ်ဆိုး တစ်ကောင် အလား ထင်မှတ်စေကာ သူ့အား အနည်းငယ် ဖိအား ဝင်စေသည်။

ချင်ယွင်ထံမှ ပိုမို အားကောင်းသော အရှိအဝါတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူ၏ သိုင်းပညာ စွမ်းအင်နှင့် မှော်စွမ်းအင်တို့က ပေါင်းစပ်သွားကာ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင် နဂါးကြီးက ယူချင်းထံသို့ တကယ့် နဂါးအလား တိုးဝင် သွားသည်။

ဘန်း….။ ရုတ်တရက် ယူချင်းက ကြမ်းပြင်ကို ပြင်းထန်စွာ ဆောင့်နင်း လိုက်လျှင် စင်မြင့်က တုန်ခါသွားသည်။ ထိုအခိုက်တွင် ယူချင်း၏က ရှေ့ကို ကြမ်းတမ်းစွာ တိုးဝင် သွားသည်ကို မြင်ရသည်။ သူ၏ နတ်ဆိုး တောင်ပံများက ပုံစံ လျင်မြန်စွာ ပြောင်းလဲလာကာ လောက၏ အထက်ရှဆုံးသော ဓားသွားများ အဖြစ် ပြောင်းလဲ သွားသည်။ ချက်ချင်းပင် ယူချင်းက နတ်ဆိုး တစ်ကောင်အလား ပြောင်းလဲ သွားသည်။ သူက နဂါးကြီးအား သူ့ထံသို့ တိုးဝင်လာရန် ခွင့်ပြုလိုက်ကာ သူကလည်း နဂါးကြီးထံ တိုက်ရိုက် တိုးဝင်သွားသည်။

ရောက်ရှိလာသော ရွှေရောင်နဂါး ပုံရိပ်များကား ယူချင်း၏ ခန္ဓာကိုယ်နှင့် တွေ့ဆုံ လိုက်တိုင်းတွင် ယူချင်း၏ ကြောက်မက်ဖွယ် အရှိန်အဝါ အောက်တွင် ပျက်စီးသွားလေ့ ရှိသည်။ သို့သော်လည်း ယူချင်းက ရပ်တန့်နေခြင်း မရှိပေ။ သူက ချင်ယွင်၏ ရှေ့တွင် ပေါ်လာကာ သူ့အား လှမ်းဆုပ်ကိုင် လိုက်သည်။

ချင်ယွင်၏ မျက်နှာက ချက်ချင်း ဖြူလျော့သွားသည်။ သူ၏ တိုက်ခိုက်မှုက တစ်ဖက်လူအား နှေးကွေး စေခြင်းပင် မရှိပေ။ သူက ရှုံးနိမ့်မည်မှာ သေချာသည်ကို ရိပ်မိလျှင် နောက်ဆုတ်ကာ ပြေးထွက်ရန် ကြိုးပမ်းသည်။ သို့သော်လည်း သူ ပြေး၍ မရပေ။ ယူချင်းက နတ်ဆိုးအရိပ် ပုံစံ ပြောင်းလဲ သွားပြီး လျှပ်တစ်ပြက်ပင် ချင်ယွင်၏ ရှေ့ကို ရောက်လာ ပြန်သည်။ ချင်ယွင်က သူ့အား လွန်စွာ အားကောင်းသော လက်ဝါးကြီး တစ်ခုက လှမ်းကိုင် လိုက်သည်ကို ခံစားရကာ သူ လှုပ်ရှား၍ မရတော့ပေ။

ဝူး….။  ရွှေရောင်နဂါး ပုံရိပ်တစ်ခု ပေါ်လာကာ သူ့အား ဖမ်းချုပ်ထားသော ယူချင်းထံ တိုးဝင်သွားသည်။

ယူချင်းက ထိုနဂါးကြီးအား သတိထားမိပုံပင် မရပေ။ ချက်ချင်းပင် သူက လက်ကို မြှောက်လိုက်ကာ ချင်ယွင်အား မြေပြင်နှင့် ကိုင်ရိုက် လိုက်သည်။

ဘန်း…။ အလွန် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း၏ ရင်ဘတ်များ တုန်ခါ သွားကြသည်။

ပုံရိပ်ယောင် နဂါးကြီး ပျောက်ကွယ် သွားသည်။ တိုက်ပွဲ စင်မြင့်ပေါ်တွင် ချင်ယွင်ကား မြေပြင်တွင် လှုပ်ရှားမှု ကင်းမဲ့နေပြီ ဖြစ်သည်။

“မင်း လုပ်ရဲလား….” ချင်ပြည်ထောင်မှ လူများ၏ မျက်နှာများ နက်မှောင် သွားကြသည်။ ယူချင်းက ချင်ယွင်အား မသတ်ခဲ့သည့် တိုင်အောင် အလွန် ပြင်းထန်စွာ ဒဏ်ရာ ရမည်မှာ သေချာသည်။ ရီဖူရှင်းကဲ့သို့ပင် ယူချင်း၏ တိုက်ခိုက်မှုက ပိုမို ကြမ်းတမ်းလှသည်။

“စိတ်မကောင်းပါဘူး… သူက ဒီလောက် အားနည်းမယ်လို့ ကျုပ် မထင်မိဘူး…” ယူချင်းက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset