အပိုင်း (၂၇၅)

မင်းတို့ ချင်ပြည်ထောင်ရဲ့ ပါရမီရှင် ဆိုတာလား...

ရီဖူရှင်းကား ကု့ချင်းကို တီးခတ်နေဆဲ ဖြစ်သည်။ လွန်စွာ မြင့်တက်နေသော သံစဉ်က ပြန်လည် ကျဆင်းသွားပြီး ဧကရာဇ် အသိကလည်း ပျောက်ကွယ် သွားသည်။ နောက်ဆုံးတွင် တီးလုံးသံ တစ်ခုနှင့်အတူ ဂီတသံစဉ်က ရပ်တန့်သွားသည်။

သူက အသာအယာ ခေါင်းမော့လိုက်ကာ ချိန်ရှင်းမူအား ကြည့်လိုက်သည်။ ရီဖူရှင်း၏ ဝတ်စုံကား မည်သည့် အစွန်းအထင်းမှ မရှိဘဲ ဖြူစင်နေသည်။ သူ၏ မျက်လုံးများက ကောင်းကင်ယံမှ ကြယ်ပွင့်များလို တဖျတ်ဖျတ် လင်းလက်နေသည်။ သူ၏ ချောမောသော မျက်နှာက အမြဲလိုလို ရွှင်လန်း နေသည်။

ကမ္ဘာမြေပေါ်မှ ငါ၏ အချိန်များကား အဆုံးသတ်ရန် လိုသေးသော်လည်း ငါ၏ နှလုံးသားများကား ကောင်းကင်တွင် တည်ရှိသည်။ မိုးသက် လေပြင်းများ လွန်သွားသောအခါ ငါသည် ဧကရာဇ်တစ်ပါး အဖြစ် ပြောင်းလဲ သွားလိမ့်မည်။

ဂီတသံစဉ်က ရပ်တန့်သွားလျှင် ကျယ်ပြန့်သော ပတ်ဝန်းကျင်က အမှန်တကယ် တိတ်ဆိတ် သွားသည်။ မရေမတွက်နိုင်သော မျက်လုံး အစုံတို့က တိုက်ပွဲ စင်မြင့်ပေါ်မှ လူငယ် နှစ်ယောက်ကို ကြည့်နေကြသည်။ ချိန်ရှင်းမူကား သူ အမှန်တကယ် ရှုံးနိမ့်ခဲ့သည်ကို ယုံကြည်နိုင်သေးဟန် မတူဘဲ ကြိုးပြတ်နေသော သူ၏ ဗျပ်စောင်းအား ငေးကြည့်နေသည်။

ဒွန်ဟွာကလန် ကလည်း မယုံကြည်နိုင်ပေ။ သူတို့က လက်မခံနိုင်ပေ။

ချင်မုံရို၏ မျက်နှာက ဖြူလျော့သွားသည်။ သူမ၏ ယောက်ျားက ရီဖူရှင်းနှင့် ဂီတပညာတွင် ယှဉ်ပြိုင်ရာတွင် ရှုံးသွားသည်။

ဟွာချင်းချင်း၏ ကြည်လင်သော မျက်လုံးများက အဖြူရောင် ဝတ်စုံဝတ် လူငယ်လေးအား ကြည့်နေသည်။ အစကနေ အဆုံးအထိ သူက လုံးဝ တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူ လုပ်ခဲ့သည်ကား ဂီတကို သုံးလျက် အနုပညာ ရသသိအား ဖော်ကျူးခြင်း ဖြစ်သည်။ မဆုတ်မနစ်သော လူငယ်လေး တစ်ယောက်က နောက်ဆုံးတွင် ကြီးပြင်းလာကာ ဧကရာဇ် တစ်ပါး ဖြစ်လာပြီး လောကကို အုပ်စိုးသည်။

သူ၏ ဂီတက ဖန်တီးသော အသိပညာက တဖြည်းဖြည်း အားကောင်းလာပြီး နောက်ဆုံး ချိန်ရှင်းမူအား လုံးဝ နင်းခြေခဲ့သည်။ သူ၏ ဂီတ ဗဟုသုတနှင့် နည်းစနစ်များက ချိန်ရှင်းမူအား မယှဉ်နိုင်သည့်တိုင် ဂီတ၏ အနှစ်သာရကို ချဉ်းကပ်နိုင်မှုက ချိန်ရှင်းမူထက် များစွာ သာလွန်ပေသည်။ ကျောင်းတော်မှ လူများပင်လျှင် ထိုရလဒ်ကို ကြည့်ကာ ထိတ်လန့် ရသည်။ အထူးသဖြင့် စကားအားဖြင့် ရီဖူရှင်းကို စော်ကားခဲ့သူများ ဖြစ်သည်။ တန့်ယွီနှင့် စုမူဂီတို့က သူတို့၏ အဖော် ကျောင်းသားများ၏ အကြည့်များကို ခံစားမိကာ သူတို့၏ မျက်နှာတွင် ရှက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။

သို့သော်လည်း ယူချင်းအတွက် မူကား ထိုသို့သော ရလဒ်က မျှော်လင့်ထားပြီး ဖြစ်ဟန် တူသည်။ သူက ရီဖူရှင်းအား လုံးဝဥဿုံ ယုံကြည်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ သူ၏ မျက်လုံးက တန့်ယွီအား အေးစက်စွာ ကြည့်ကာ ပြောသည်… “မှန်တောင်ကုန်းမှာ တုန်းက အရှက်ရတာ မလုံလောက် သေးဘူးလား…”

တန့်ယွီ၏ အကြည့်က ယူချင်းပေါ်တွင် ရောက်ရှိသွားကာ အေးစက် သွားသည်။ သူ၏ အမူအရာကလည်း သိပ်မကောင်းတော့ပေ။

“မင်းလိုလူက သူ့ကမ္ဘာကို ဘယ်လိုလုပ် နားလည်ပါ့မလဲ… သူနဲ့ပတ်သက်ပြီး နောက်ဆိုရင် မင်းပါးစပ်ကို ပိတ်ထားတာ အကောင်းဆုံးပဲ…” ယူချင်းက အေးစက်စွာ ပြောသည်။ သူ၏ ရုန့်ရင်းသော မျက်လုံးများက ခြိမ်းခြောက်ဟန် ပါနေသည်။

တန့်ယွီ အံကြိတ်လိုက်သည်။ ယူချင်းကား အမှန်ပင် သူ့ကို ခြိမ်းခြောက် နေသည်။

သို့သော် ယူချင်းက သူ၏ အမြင်ကို ဂရုစိုက်ခြင်း မရှိပေ။ သူက ပြောစရာ ရှိသည်များကို ပြောပြီး တစ်ဖက်ကို လှည့်ကာ တန့်ယွီ၏ တည်ရှိမှုကို လျစ်လျူရှုထားသည်။

လူအုပ်ထဲမှ တီးတိုးသံတစ်ခု ထွက်လာသည်… “ချိန်ရှင်းမူ တကယ်ပဲ ရှုံးသွားတယ်….” မည်သူက စပြောလိုက်သည်ကို မသိသော်လည်း ချက်ချင်းပင် လူအုပ်ထဲ တီးတိုးသံများ ပေါက်ကွဲ ထွက်လာသည်။

အရှေ့မြေရိုင်း ဒေသ၏ လူငယ်မျိုးဆက်ထဲမှ အတော်ဆုံး မှော်ဂီတပညာရှင် အဖြစ် သတ်မှတ် ထားသော ချိန်ရှင်းမူကား ဂီတတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သူ့အား နံပါတ်တစ် အဖြစ် သတ်မှတ် နိုင်ပါဦးမည်လော။

များစွာသော အင်အားကြီး အဖွဲ့အစည်းများမှ တန်ခိုးရှင်များက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူ၏ တန်ခိုးအဆင့်က နိမ့်နေသေးသော်လည်း တန်ခိုးအဆင့်က အနှေးနှင့် အမြန် မြင့်တက်လာမည် ဖြစ်သည်။

ကော့တေးမှ နောက်ထပ် ဂူတုံးလျို တစ်ယောက် ပေါ်ထွက် လာတော့မည် ဖြစ်သည်။

ဒွန်ဟွာကလန်၏ အတော်ဆုံး ပါရမီရှင် နှစ်ယောက် ဖြစ်သော လုနန်ထျန်းနှင့် ချိန်ရှင်းမူတို့က ဂူတုံးလျိုနှင့် ရီဖူရှင်းတို့ထံတွင် ရှုံးနိမ့်ခဲ့သည်။ ကော့တေးနှင့် ယှဉ်ပြိုင်ရာတွင် ဒွန်ဟွာကလန်က လုံးဝ ကျရှုံးခဲ့ရသည်။

ရီဖူရှင်းက သူ၏ ကု့ချင်းကို အိတ်ထဲ ပြန်ထည့် လိုက်သည်။ သူ၏ လှုပ်ရှားမှုများက အလျင်လိုဟန် မရဘဲ ရှုံးနိမ့်သွားသော ချိန်ရှင်းမူကိုလည်း စော်ကားသော စကားများ ပြောရန် စိတ်ကူးရှိဟန် မရပေ။ ဂီတပညာတွင် သူ့အား အနိုင်ရခြင်းက ပင်လျှင် အကောင်းဆုံးသော စော်ကားမှု ဖြစ်ပေသည်။ နောက်ထပ် စကားပြောရန် မလိုအပ်တော့ပေ။

“မင်း တီးခဲ့တဲ့ သံစဉ်က ဘယ်လို ခေါ်တာလဲ….” ချိန်ရှင်းမူက ရီဖူရှင်းအား ကြည့်ကာ မေးသည်။

ချိန်ရှင်းမူက ရှန့်ထို၏ ဂီတဖြစ်သော “မြင့်မြတ်သံစဉ်” အား တီးခတ်ခဲ့သည်။ ထိုသံစဉ်ကား အလွန်အမင်း ခက်ခဲသည်။ သာမန်လူ တစ်ယောက် အတွက် ထိုသံစဉ်၏ အနုပညာ ရသသိအား ထုတ်ဖော်ရန် လွန်စွာ ခက်ခဲသော်လည်း သူ လုပ်နိုင်ခဲ့သည်။ သို့တိုင်အောင် သူ ရှုံးနိမ့်ခဲ့သည်။

ရီဖူရှင်းက သူ့အား ပြန်ကြည့်ကာ ပြောသည်… “ဒါက ဒီအတိုင်း သာမန် တီးလုံးတစ်ခုပဲ…. သူ့နာမည်ကို ငါမသိဘူး…” ရီဖူရှင်းက ပြောစရာ ရှိသည်ကို ပြောကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ချိန်ရှင်းမူ၏ အမူအရာ အေးစက် သွားသည်။ သူက ရှုံးနိမ့်ခဲ့သည်မှာ သေချာသည်။ သို့သော် သူ၏ ရှန့်ထို သံစဉ်အား ရီဖူရှင်းက သာမန်ကာလျှံ တီးလုံးတစ်ခုဖြင့် အနိုင်ယူခဲ့သည်ဟု ရီဖူရှင်းက ပြောခဲ့သည်။

“မင်း နိုင်တယ် … ဒါပေမဲ့ ဒီလောက် ဟန်ဆောင် နေစရာ မလိုဘူး…” ရီဖူရှင်း၏ ဂီတပညာက လွန်စွာ အားကောင်းသည်ကို ချိန်ရှင်းမူက လက်ခံနိုင်သော်လည်း သာမန်သံစဉ် တစ်ခုက သူ့အား အနိုင်ယူခဲ့သည်ဟု ရီဖူရှင်းက ပြောလျှင် ထိုအရာက သူ့အား တမင် အရှက်ခွဲခြင်း ဟုသာ သူက ယူဆသည်။

ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်… “ဂီတဆိုတာ ဘာလဲ… ဒါက တိုက်ပွဲမှာ သုံးနိုင်တယ် ဆိုပေမဲ့ ဒီဂီတက စိတ်ဝိညာဉ် တိုက်ခိုက်မှုက မွေးဖွား လာတာပဲ…. တကယ့် ဂီတက မူလ ကတည်းက သူ့ရဲ့ သံစဉ်မှာပဲ ရှိတယ်…. အနုပညာ ရသသိနဲ့ လိုက်လျောညီထွေ ရှိပြီး သန့်စင်တဲ့ အရာပဲ…. ငါက ဂီတကို နားမလည်ဘူးလို့ ပြောတယ်… မှန်တယ်… ဒါပေမဲ့ မင်းကရော ဂီတကို တကယ် နားလည်လို့လား….”

ချိန်ရှင်းမူ မှင်တက် သွားသည်။

မင်းရော အမှန်တကယ် နားလည်လို့လား။ ထိုအခိုက်တွင် ချိန်ရှင်းမူက မိမိကိုယ်ကို မေးခွန်း ထုတ်နေသည်။ အတွေးနက် နေရင်းက သူက ခေါင်းငုံ့လျက် ကြိုးပြတ် သွားသော ဗျပ်စောင်းအား ကြည့်သည်။ သူက အမှန်တကယ် ထိသွားပုံရသည်။

ထိုစဉ်မှာပင် မိန်းမလှတစ်ဦး သူ့ဘေးကို လျှောက်လာသည်။ ချိန်ရှင်းမူက မိမိကိုယ်ကို မေးခွန်းထုတ်ကာ စိတ်ရှုပ်ထွေး နေသည်ကို သူမက မြင်နေရသည်။ သူကား သူမ၏ ယောက်ျား ဖြစ်သည်။ သူ့အား ဤသို့ဖြစ်ရန် သူမ မလိုလားပေ။

“သူက ရှင့်ကို တမင် စိတ်ဓာတ်ကျအောင် ပြောတာ…” ချင်မုံရိုက ချိန်ရှင်းမူအား ပြောသည်…. “ဂီတနဲ့ ပတ်သက်ရင် ရှင်က အားလုံးထက် သာတယ်…. သူ့မှာ ခုခံဖို့ သိဒ္ဓိဝင်ပစ္စည်း မရှိဘူးဆိုရင် သူက ရှင့်ရဲ့ ဂီတပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ခံနိုင်မှာ မဟုတ်ဘူး…”

ချိန်ရှင်းမူက သူ၏ ဇနီးအား ကြည့်လိုက်သည်။ ချင်မုံရိုကား အမြဲတမ်းလိုလို လှပ ချောမော သည်သာ။ သူမ၏ မျက်လုံးများက သူ့အား ယုံကြည်သော အငွေ့အသက်များကို သူ မြင်နေရသည်။ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်းက ချိန်ရှင်းမူက အနည်းငယ် စိတ်သက်သာ လာသလို ခံစားရသည်။ ဒွန်ဟွာကလန်၏ ဂုဏ်ဆောင် ပါရမီရှင် တစ်ယောက် အနေဖြင့် သူကား တခြားလူများထက် ထူးခြားသူ ဖြစ်သည်။ သူ၏ စိတ်အင်အားနှင့် စွမ်းရည်များက သာမန်လူများ ယှဉ်နိုင်သည် မဟုတ်ပေ။

ဤတိုက်ပွဲက သူ့အား ထိချက် ပြင်းလွန်း သောကြောင့်သာ ဖြစ်သည်။ သူက ဓမ္မအဆင့်မှ ရီဖူရှင်းအား သူ၏ အထူးပြုပညာ ဖြစ်သော ဂီတတွင် ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် သူက ဒွန်ဟွာကလန်အား ကိုယ်စားပြုသော အချိန်တွင် ရီဖူရှင်းက ကော့တေးအား ကိုယ်စားပြုသည်။ သူ၏ အရှုံးက အလွယ်တကူ လက်ခံနိုင်သော အရာ မဟုတ်ပေ။

“နေဦး….” ထိုစဉ် အသံတစ်သံ ထွက်လာသည်။ ရီဖူရှင်းက တစ်ဖန် ရပ်တန့်လိုက်ကာ ဒွန်ချင် ကျောင်းတော်ဘက်ကို ကြည့်လိုက်သည်။

လှမ်းတားလိုက် သူကား ချင်လီဖြစ်သည်။ ချိန်ရှင်းမူ၏ အရှုံးက ဒွန်ချင် ကျောင်းတော် အားလည်း ကြီးမားသော သက်ရောက်မှု ဖြစ်စေသည်။ ရီဖူရှင်းအား အနိုင်ပိုင်းခွင့် ပေးလိုက်လျှင် သူတို့က ထိုအရှုံးအတွက် နောင်တွင် ဂုဏ်သိက္ခာ ဆည်ရန် လွန်စွာ ခက်ခဲသွားမည် ဖြစ်သည်။

“မင်းက ဂီတနဲ့ ပတ်သက်ပြီး မသိဘူးလို့ပဲ ပြောနေတယ် … ဒါဆို မင်း ကျွမ်းကျင်တာက ဘာလဲ…” ချင်လီက မေးသည်။ ချိန်ရှင်းမူအား အနိုင်ရသည့်တိုင် သူက ဂီတအား နားမလည်ဟု ပြောနေသည်။ ဘယ်လောက် ဟန်ဆောင် ကောင်းသနည်း။ ဤသို့ဆိုလျှင် သူက ရီဖူရှင်းက မည်သည့် နေရာတွင် ထူးချွန်သည်ကို သိလိုသည်။

“မင်းက ဘာလုပ်ဖို့ ကြိုးစား နေတာလဲ…” ရီဖူရှင်းက ပြုံးလိုက်သည်။

“သိုင်းပညာမှာ မင်းက ထူးချွန်သလား…” ချင်လီက မေးသည်။

“ကျုပ် အဆင်ပြေတယ်….” ရီဖူရှင်းက ဖြေသည်။

“ချင်မင်…” ချင်လီက ခေါ်လိုက်လျှင် သူ့ဘေးကို တစ်စုံတစ်ယောက် ရောက်လာသည်။ ထိုလူငယ်ကား ယူချင်းလောက် သန်မာသော ခန္ဓာကိုယ် မရှိသော်လည်း သူက လွန်စွာ သန်စွမ်းသည်ကို လူအများက ခံစားရသည်။ သူ၏ တောက်ပကာ ထွင်းဖောက်မတတ် မျက်လုံးများက သားရဲ၏ မျက်လုံးများလို ရီဖူရှင်းအား ကြည့်နေသည်။

ချင်မင်က သိုင်းပညာ စင်မြင့်ပေါ်သို့ တက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် နဂါးသွေးကြောမ ငါးခုကို ဖွင့်ထားပြီး ဖြစ်ရာ သူ၏ ခန္ဓာက လွန်စွာ သန်မာပြီး သူ၏ ပါရမီကလည်း ထိတ်လန့်ဖွယ် ကောင်းမွန်သည်။ သူက ဓမ္မအဆင့် အမြင့်ဆုံးတွင် ရှိနေသည်။

“ချင်မင် … ဓမ္မအဆင့် … သိုင်းပညာကို အထူးပြု လေ့လာတယ်… မင်းကို သိုင်းပညာမှာ စိန်ခေါ်မယ်… လက်ခံမလား…” ချင်လီက ရီဖူရှင်းအား အကဲခတ်ကာ မေးသည်။

လူတိုင်းက အံ့အားသင့် သွားကြသည်။ ထိပ်သီး အင်အားစုတိုင်းက ချင်ပြည်ထောင်၏ ပါရမီရှင်များကို သိကြသည်။ ချင်မင်ကား တော်ဝင်သွေး ပါသူဖြစ်ပြီး နဂါးသွေးကြောမ ငါးခုကို ဖွင့်ထားကာ သိုင်းပညာတွင် လွန်စွာ အားကောင်းသည်။ ထို့အပြင် သူကား ဓမ္မအဆင့်တွင် ရှိသည်။ ထို့ကြောင့် ရီဖူရှင်းက သိဒ္ဓိဝင် ပစ္စည်းကို သုံးရန် အကြောင်းပြချက် ရှိမည် မဟုတ်ပေ။

ရီဖူရှင်း၏ တန်ခိုးအဆင့်က ချင်မင်ထက် နိမ့်ကျနေသည့်တိုင် သူကား ကော့တေး၏ တပည့်ဖြစ်သည်။ သူကား လူတိုင်း၏ အာရုံစိုက် ခံရသူဖြစ်သည်။ ရီဖူရှင်းက သူ့ထက် တန်ခိုး အဆင့်မြင့်သော သူနှင့် ယှဉ်ပြိုင်သည်မှာ သာမန်ကိစ္စ တစ်ခု မဟုတ်ပါလား။

ချင်လီက ထိုအချက်ကို အခွင့်အရေး ယူ၍ ရီဖူရှင်းအား ချင်မင်ကို သုံးလျက် အနိုင်ယူလိုသည်။

“မင်းက ငါ့ကို သိုင်းပညာနဲ့ ပတ်သက်ပြီး စိန်ခေါ်ချင်တာ သေချာလား….” ရီဖူရှင်းက ချင်လီအား ကြည့်ကာ မေးသည်။

သူ၏ မခိုးမခန့် အကြည့်ကို မြင်လျှင် ချင်လီက ပြောသည်… “သေချာတာပေါ့….”

ရီဖူရှင်းက ပြုံးလိုက်ကာ ကော့တေးမှ လူများထံသို့ လျှောက်သွား လိုက်သည်။ သူက ကု့ချင်းအား ယူချင်းထံသို့ ကမ်းပေးလိုက်ပြီး သိုင်းပညာ စင်မြင့်ဘက်ကို ပြန်လျှောက် လာသည်။

မျက်လုံးပေါင်း များစွာက ရီဖူရှင်း၏ နောက်ကို လိုက်ပါနေသည်။ သူကား ချိန်ရှင်းမူကို ဂီတဖြင့် အနိုင်ယူနိုင်သည်။ ဆိုလိုသည်က ရီဖူရှင်းက စိတ်ဝိညာဉ် စွမ်းအားကို သုံးသော မှော်ထိန်းချုပ်သူ ဖြစ်သည်မှာ ထင်ရှားသည်။ သိုင်းပညာချင်း ယှဉ်ပြိုင်ပါက သူ့အတွက် မျှတပါမည်လော။

စင်မြင်ပေါ်သို့ တက်လာကာ ရီဖူရှင်းက ချင်မင်အား ကြည့်သည်… “မင်း အဆင်သင့်လား…” သူ၏ လေသံက သာမန်မျှသာ။

ချင်မင်က သူ့အား အေးစက်စွာ ကြည့်သည်… “အင်း…” သူက ထိုသို့ ပြောပြီးသည်နှင့် ကြမ်းတမ်းသော စွမ်းအင်တစ်ခုက သူ့ထံမှ ဖြာထွက်လာကာ သူ့နောက်မှ နဂါးပုံရိပ်များ ဖြစ်ပေါ်လာသည်။ တစ်ကောင်တည်း မဟုတ်ပေ။ ငါးကောင် ဖြစ်သည်။

မျက်လုံး တစ်မှိတ် အတွင်းတွင် ချင်မင်၏ ကိုယ်ရောင် ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းလာသည်။ တော်ဝင်နဂါး၏ လှုပ်ရှားဟန်ဖြင့် သူက နေရာယူလျှင် သူ့နောက်မှ နဂါးငါးကောင်က ကြောက်မက်ဖွယ်ရာ ကောင်းအောင် ဖြစ်ပေါ်လာသည်။ ယခု သူကား နဂါးသွေးကြောမ ငါးခုကို ဖွင့်ထားပြီး ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကား ထိပ်ဆုံးတွင် ရှိသည်။

ထိုစဉ်မှာပင် သိုင်းပညာ စွမ်းအင်များမှ ဖြစ်ပေါ်လာသော နှင်တံရှည် တစ်ချောင်းက ရီဖူရှင်း၏ လက်ထဲတွင် ပေါ်လာသည်။ သူက တည်ငြိမ်စွာ နှင်တံကို ကိုင်ထားလျှင် သူ့ဘေး ပတ်လည်မှ လေထုက လှုပ်ခတ် လာသည်။ သူ၏ ကိုယ်ရောင် ကိုယ်ဝါက တဖြည်းဖြည်း အားကောင်း လာနေသည်။

ဘုန်း….။ ချင်မင်၏ ခြေတစ်လှမ်းမျှသာ တိုက်ပွဲ စင်မြင့်အား တုန်ခါစေသည်။ နဂါးများက သူ့အား ကာကွယ်လျက် ချင်မင်အား လှည့်ပတ် နေကြသည်။ ထိုအခိုက်တွင် ချင်မင်က လေထဲကို ခုန်တက် လိုက်သည်။ သူ၏ နောက်မှလည်း နဂါးဓမ္မ ဖြစ်ပေါ်လာသည်။

ရီဖူရှင်းက လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာက ရှေ့ကို ပြေးသွားပြီး လေထဲကို ခုန်တက် သွားသည်။ သူက လေထဲတွင် နှင်တံအား လျင်မြန်စွာ ဝှေ့ယမ်းလျှင် သူ၏ အရှိန်အဝါက ပိုမိုအားကောင်း လာပြီး ချင်မင်ထံ တိုးဝင် သွားသည်။

ဤတိုက်ပွဲက သိုင်းပညာချင်း ယှဉ်ပြိုင်ရာ သူတို့က မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် လိုပေသည်။

လေထုကို တုန်ခါစေသော နဂါးဟိန်းသံနှင့်အတူ ချင်မင်က သူ၏ နဂါးများ လှည့်ပတ်လျက် ရီဖူရှင်းထံ ခုန်ဝင်လာသည်။ ထိုအဖြစ်က ရီဖူရှင်းအား အားနည်းသော ပုံစံကို မြင်စေသည်။ သို့သော် ရီဖူရှင်း၏ အရှိန်အဝါက ပိုမို အားကောင်း လာနေသည်။

နောက်ဆုံးတွင် နဂါးငါးကောင်၏ ပုံရိပ်က ရီဖူရှင်း၏ ရှေ့ကို ရောက်ရှိ လာသည်။ ရီဖူရှင်းကလည်း နှင်တံအား လျင်မြန်စွာ ဝှေ့ယမ်းလျက် နဂါးပုံရိပ်များအား ရိုက်ချလိုက်သည်။

ကောင်းကင်ဘုံ ကိုးဆင့် နည်းစနစ်၏ ပထမ တိုက်ကွက် မူလဘူတ ရိုက်ချက် ဖြစ်သည်။

စက္ကန့်ပိုင်း အတွင်းတွင် ဧရာမ နှင်တံကြီးက လေထဲတွင် ပေါ်လာပြီး လူတိုင်း၏ မြင်ကွင်း အောက်တွင်ပင် ဘန်းခနဲ မြည်ဟည်းသွားပြီး နဂါးများ အားလုံး အလယ်မှ ဖြတ်ရိုက်ခံရကာ နှင်တံက ချင်မင်ထံသို့ တိုက်ရိုက် ရောက်ရှိလာသည်။ ဘုန်းခနဲ မြည်သံတစ်ခု ထပ်ကြားရသည်။

ထိုအခိုက်တွင် ချင်မင်၏ ခန္ဓာက ဒွန်ချင် ကျောင်းတော်ဘက်ကို လွင့်စဉ်သွားကာ ချင်လီ၏ အရှေ့ မြေကွက်လပ်တွင် ကျဆင်းသည်။

ရီဖူရှင်းက လေထဲမှ မြေပြင်ပေါ်သို့ ညင်သာစွာ ကျသည်။ သူ၏ လက်ထဲမှ နှင်တံကား ပျောက်ကွယ် သွားပြီး ဖြစ်သည်။ သူ ချင်လီအား ပြုံးလျက် ကြည့်ကာ မေးသည်…. “ဒါက မင်းတို့ ချင်ပြည်ထောင်ရဲ့ ပါရမီရှင် ဆိုတာလား…”

***


Comment

Leave a Reply

Options

not work with dark mode
Reset