အပိုင်း (၂၇၂)

နှိမ့်ချတတ်ခြင်းလား မာနကြီးခြင်းလား

နွေဦး၏ နေရောင်က ခေ့ကေးမြို့၏ မနက်ခင်းအား နွေးထွေးစေသည်။ မြို့အလယ်တွင် လူများက ပိုမို၍ စည်ကား လာသည်။ ယနေ့ကား မနေ့ကထက် လူပိုများဟန် ရသည်။ ထိပ်သီး အင်အားစုများ ကလည်း ထွက်သွားခြင်း မရှိကြသေးပေ။ သူတို့က ပါဝင်ခြင်း မရှိသည့်တိုင် တခြား အဖွဲ့အစည်းများ၏ စွမ်းရည်များကို စောင့်ကြည့်နိုင်သည်။ ဤနည်းဖြင့် မိမိတို့အဖွဲ့ အင်အားနှင့် တခြား အဖွဲ့အစည်းများ၏ အင်အားကို နှိုင်းယှဉ်နိုင်သည်။

စိန်ခေါ်ပွဲများ ဆက်လက် ဖြစ်ပေါ်နေသည်။ လူအများက တိုက်ပွဲ စင်မြင့်ပေါ်သို့ တက်ကာ မိမိတို့၏ စွမ်းရည်များကို စမ်းသပ်ကြသည်။ ခေ့ကေးမြို့မှ တန်ခိုးရှင် အများအပြားက အရှေ့မြေရိုင်း ကျောင်းတော်အား ပစ်မှတ်ထား စိန်ခေါ်ကြ၏။ ထိုလူများက ပုံမှန်အားဖြင့် ဒွန်ချင် ကျောင်းတော်အား ဝင်ရောက် လိုကြသည်။ သူတို့အတွက် ဒွန်ချင် ကျောင်းတော်ကို ဝင်ရောက်ကာ ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့ လက်အောက်ကို ခိုလှုံရခြင်းက ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။ သို့သော် သူတို့က ပါရမီရှင်များ ဖြစ်သည့်တိုင် ကျောင်းတော်အား အနိုင်ယူရန် အလွန် ခက်ခဲပေသည်။ အများစုက ရှုံးနိမ့် သွားကြသည် များ၏။

ကျောင်းတော်မှ လူတစ်ယောက်က ရုတ်တရက် အံ့အားသင့်စွာ ပြောသည်… “ကော့တေး ရောက်လာတယ်…”။ ဤတွင် လူအများအပြားက လှမ်းကြည့် လိုက်ကြရာ ကော့တေးက ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်ကို တွေ့ရ၏။

သူတို့အား မြင်လျှင် ကျောင်းတော်မှ လူအများအပြားက မျက်မှောင်ကြုတ် သွားသည်။ တန့်ယွီက စိတ်ပျက်စွာ ပြောသည်…. “မင်းတို့က မနေ့က တစ်နေကုန် တည်းခိုခန်းမှာ မလား….”

မနေ့က ဒွန်ချင် ကျောင်းတော်က အရှေ့မြေရိုင်း ကျောင်းတော်အား စိန်ခေါ်ခဲ့သည်။ ထိုကိစ္စက အလွန် အရေးကြီးသည့်တိုင် ကော့တေးကား လုံးဝ ပျောက်ကွယ် နေသည်။ အကျိုးဆက်ကား သူတို့က ဒွန်ချင် ကျောင်းတော်၏ ဖိနှိပ်မှုကို ခံရသည်။ ပထမဆုံး အရှုံးက သူတို့အား အရှက်ရ စေခဲ့သည်။ တန့်ယွီကား ရိုက်ချက် တစ်ချက်မျှဖြင့် စင်ပေါ်က ဆင်းခဲ့ရသည်။

သူ၏ ခံစားချက်ကို မပြောဘဲ သိနိုင်သည်။

ရွှီယီကား သူ့ကို အရေးလုပ်ဟန် မရဘဲ ရှေ့ကို ကြည့်နေသည်။ ယိရှောင်ရှီက တန့်ယွီအား ပြုံးလျက် ပြောသည်… “ဟုတ်တယ်…”

“မင်း….” တန့်ယွီကား ယိရှောင်ရှီ၏ သာမန်ကာလျှံ ပုံစံကို မြင်လျှင် ပိုမို စိတ်ပျက် သွားရ၏။ သို့သော် သူ မည်သို့မှ မတတ်နိုင်ပေ။ သူက ကော့တေးအား မှတ်ချက်ချရန် အခွင့်အရေး မရှိပေ။ အကြီးအကဲများ ပင်လျှင် ကော့တေးအား လွှမ်းမိုးနိုင်စွမ်း မရှိပေ။ သူက မည်မျှ စိတ်ပျက်ပါစေ ဘာမှ လုပ်၍ မရပေ။

“ကော့တေး ရောက်နေတယ်….”

မျက်လုံးပေါင်း များစွာက ရီဖူရှင်းနှင့် တခြားလူများကို ကြည့်လိုက်ကြသည်။ နှစ်ရက်ခန့် အကြာက ဂူတုံးလျို၏ အနိုင်ရခြင်းက ကော့တေး၏ အဆင့်အတန်းအား ပိုမိုမြင့်မား စေခဲ့သည်။ မနေ့က သူတို့၏ ပျက်ကွက်မှုကြောင့် ယနေ့ ရောက်ရှိ လာခြင်းက လူအများအား ပိုမို စိတ်ဝင်စား စေသည်။

“သခင်လေးရီ ရောက်လာတယ်….” အဝေးမှ ဂူဘိုင်ယွီက ရီဖူရှင်းကို ပြုံးလျက် ကြည့်သည်။ သူမ၏ မျက်လုံးများက ညှို့ငင်နိုင်စွမ်း ရှိလှသည်။ သူမက ထိုသို့ ပြောလျှင် လူတိုင်းက ရီဖူရှင်းနှင့် ကော့တေးမှ လူများကို မြင်သွားကြသည်။ သူမ၏ဘေးမှ ဂူကျီချူက သူမအား ကြည့်သည်။ သူ ဘာမှ မတတ်နိုင်ပေ။ ဂူဘိုင်ယွီကား အမြဲလိုလို ဤသို့ ပြုမူတတ်သည်။

ရီဖူရှင်းက ရယ်မောလျက် ပြောသည်… “မင်း ငါ့ကို မပြုစုချင်ဘူးလား….”

ဂူကျီချူ၏ မျက်လုံးများက လင်းလက်သွားပြီး ရီဖူရှင်းအား စူးရှစွာ ကြည့်လိုက်သည်။ ရီဖူရှင်းက သူ၏ ခြိမ်းခြောက်မှုကို အလေး မထားဘူးလား။

ရီဖူရှင်းက ဂူကျီချူ၏ မျက်လုံးများကို မြင်သော်လည်း လျစ်လျူရှု ထားသည်။

တခြား အင်အားစုများ ကလည်း အံ့အားသင့် သွားကြသည်။ ဂူကျီချူက ရီဖူရှင်းအား သင်ခန်းစာ ပေးသည် ဟူသော သတင်းကို ချင်လီက တမင်ပင် ဖြန့်ခဲ့ကာ လူအများအပြားက ထိုကိစ္စကို သိကြသည်။ သို့သော် ရီဖူရှင်းကား ဂူဘိုင်ယွီကို စနောက်နေဆဲပင်။ ကော့တေးမှ သူ၏ အစ်ကိုများ ရှိသောကြောင့် သူက အတင့်ရဲနေခြင်း များလား။ လက်ရှိတွင် ဂူကျီချူက သူ့အား ဘာမှ မလုပ်နိုင်ပေ။

“ဟင့်အင်း … ဒါပေမဲ့ ရှေးဟောင်း မြေရိုင်း ဒေသမှာလိုမျိုး နင့်ရဲ့ စွမ်းဆောင်ရည်ကို ငါမြင်ချင်တယ်….” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။ မှန်တောင်ကုန်း၌ ရီဖူရှင်း၏ စွမ်းဆောင်ရည်ကား အမှန်ပင် ကောင်းမွန်လွန်း လှသည်။ ထိုနေရာတွင် ရှိနေသော သူများ အားလုံးကို ထိတ်လန့် အံ့အားသင့် စေခဲ့သည်။

ထိုစဉ်က သူပြောခဲ့သော “မင်းက ငါ့ရဲ့စကားကို နားလည်ဖို့ အဆင့်မမီဘူး…. ငါ့ကို နားလည်တဲ့လူက ငါ့ရဲ့ မောက်မာမှုကို နားလည်တယ်…” စသော စကားများက ပြန်တွေးလျှင် စိတ်လှုပ်ရှားစေမြဲ ဖြစ်သည်။ ရီဖူရှင်းက ချင်ပြည်ထောင်တွင် များစွာ လှုပ်ခတ်အောင် လုပ်ခဲ့သော်လည်း ထိုအရာက ကော့တေး၏ အရှိန်အဝါကြောင့်သာ မဟုတ်ပါလား။

ရီဖူရှင်းက ပြုံးလျက် တစ်ဖက်ကို လှည့်သွားသည်။

လစန္ဒာကလန်မှ မိန်းကလေးများက သူ့အား ကြည့်နေကြသည်။ ဟွာဂျီယူ၏ သတင်း စကားများကို သယ်ဆောင် လာသော မိန်းကလေးက ပြုံးလိုက်သည်။ ဤကောင်က သိပ်ကျိုးနွံပုံ မရပေ။ သူကား လူပုံအလယ်တွင် ဂူဘိုင်ယွီနှင့် ကျီစယ်နေသည်။ သူမက ဟွာဂျီယူအား ပြောပြရပေမည်။

ချူယောင်ယောင် ကလည်း ရီဖူရှင်းအား ကြည့်သည်။ ဟွာဂျီယူ၏ ချစ်သူက မည်ကဲ့သို့သောသူ ဖြစ်သည်ကို သူမကလည်း သိလိုသည်။

“ရီဖူရှင်း….” ယန်မိသားစုမှ ယန်ကျန်းက အေးစက်စွာ ခေါ်သည်။ သူက ရီဖူရှင်းအား ပြောသည်…. “မင်းကို အရင် နှစ်ရက်တုန်းက စိန်ခေါ်ခဲ့တယ်…. အခု ငါမင်းကို ထပ်ပြီး  စိန်ခေါ်တယ်… မင်း လက်ခံမလား….” ဤသို့သော အချိန်အခါတွင် ရီဖူရှင်းက စိန်ခေါ်မှုကို လက်ခံနိုင်မလား သူ သိလိုသည်။

သို့သော် ရီဖူရှင်းက သူ၏ စကားကို ကြားဟန်ပင် မပြပေ။ သူက ဒွန်ချင် ကျောင်းတော်ဘက်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူက ခုနကပင် တိုက်ပွဲတစ်ပွဲ ပြီးသွားသော စင်မြင့်တစ်ခုသို့ လျှောက်သွားလိုက်သည်။ ထိုစင်မြင့်ကား လွတ်လပ်စွာ တိုက်ခိုက်နိုင်သော စင်မြင့်ဖြစ်သည်။

“သူ ဘာလုပ် နေတာလဲ….” လူတိုင်းက သူ့အား ကြည့်နေကြသည်။ နောက်ဆုံးတွင် သူက တိုက်ခိုက်တော့ မည်လော။

ထို့နောက် ရီဖူရှင်းက စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။ မရေမတွက် နိုင်သော မျက်လုံးများက သူ့ထံကို ရောက်လာသည်။ သူက ရောက်သည်နှင့် စင်မြင့်ပေါ်ကို တက်သည်။ ကော့တေးကား အမှန်ပင် ဝေ့ဝိုက်မနေပေ။

ရီဖူရှင်းက မည်သူ့ကို စိန်ခေါ်မည်ကို ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများက စိတ်ဝင်စားစွာ စောင့်ကြည့် နေကြသည်။ သူ၏ တန်ခိုး အဆင့်ဖြင့် မည်သူ့ကို စိန်ခေါ် နိုင်မည်နည်း။

“မနေ့က ဒွန်ချင် ကျောင်းတော်က သူတို့ရဲ့ တပည့်တွေရဲ့ စွမ်းရည်တွေကို စမ်းသပ်ဖို့ စိန်ခေါ်မှုတွေ လုပ်ခဲ့တယ် ကြားတယ် …. ဒီနေ့ ကျုပ်ကလည်း စမ်းကြည့်ချင်တယ်…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်… “လွန်ခဲ့တဲ့ တစ်နှစ်က ယူချင်း၊ ရီဝူချင်းနဲ့ ကျုပ်က နိုင်ငံငယ် တစ်ခုက လာခဲ့တယ်…. ကျုပ်တို့ တန်ခိုးအဆင့်က နိမ့်တယ် ဆိုပေမဲ့ ဒီလို အချိန်အခါမျိုးမှာ ကျုပ်ကလည်း ကိုယ့်ရဲ့ အရည်အချင်းကို စမ်းသပ်ချင်တယ်…”

တချို့သော သူများ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာသည်။ လွန်ခဲ့သော တစ်နှစ်က အဖြစ်အပျက်အား အတော်များများ သိကြသည်။ ကန်ယီနိုင်ငံ၏ နာမည်က ရှေးဟောင်း မြေရိုင်း ဒေသ တစ်ခုလုံးကို ကျော်ကြား စေခဲ့သည်။ အင်အားစုပေါင်း များစွာက ကန်ယီနိုင်ငံကို သွားရောက် ခဲ့ကြသည်။

ပြန်တွေးကြည့်လျှင် သူတို့အုပ်စုက အရှေ့မြေရိုင်း ဒေသကို တန်ခိုးကျင့်ရန် ရောက်ရှိခဲ့သည်မှာ တစ်နှစ်ခန့်မျှသာ ရှိသေးသည်ကို သတိထား မိကြသည်။ ရီဖူရှင်းက ကော့တေးကို ရောက်ရှိခဲ့သော ကြောင့်သာ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

သူ၏ စကားကို ကြားလျှင် ယူချင်းနှင့် ရီဝူချင်းက နားလည် လိုက်သည်။ သူတို့ကလည်း တိုက်ပွဲ စင်မြင့်ပေါ်သို့ တက်လိုက် ကြသည်။

“ကျုပ်တို့က အရှေ့မြေရိုင်း ဒေသမှာ တစ်နှစ်ပဲ လေ့ကျင့်ရသေးပြီး ဒွန်ချင် ကျောင်းတော်က ကျောင်းသားသစ်တွေနဲ့ အဆင့်တူလောက်မှာပဲ ရှိလိမ့်မယ်…. ကံမကောင်းတာက ကျုပ်တို့က ဓမ္မအဆင့်မှာပဲ ရှိနေသေးတယ်…. ကျုပ်က ဒီနေ့မှာ ဒွန်ချင် ကျောင်းတော်က တပည့်တွေရဲ့ အရည်အချင်းတွေကို သိချင်တယ်….” ရီဖူရှင်းက ယဉ်ကျေးစွာ ပြောသည်။

လူတိုင်းက ထိတ်လန့်ရသည်။ ကော့တေးက မည်သည့် အချိန်က လွန်စွာ နှိမ့်ချတတ် သွားသနည်း။ သူတို့အားလုံး သက်သောင့် သက်သာ မရှိသလို ခံစားရသည်။ ရီဖူရှင်းကား ကော့တေးမှ ဖြစ်ပြီး အလွန်အမင်း ပါရမီ မြင့်သည်။ သို့သော် သူပြောနေပုံက သူကား တစ်နှစ်ခန့်မျှသာ လေ့ကျင့်ရသေးသော သာမန် ပါရမီရှင် တစ်ယောက်လိုပင်။ သို့သော် သူ ပြောသည်မှာလည်း ဆီလျော် ပေသည်။

ဒါ…. ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများက စိတ်အနှောင့်အယှက် ဖြစ်သွားကြသည်။ ရီဖူရှင်းက သူတို့ဘက်မှ ဓမ္မအဆင့်များကို အမှန်တကယ် စေလွှတ် လိုနေသည်လား။ ထိုအရာက မိမိကိုယ်ကို သတ်သေခြင်းပင်။

“ကော့တေးက တပည့်တွေကို တန်ခိုး အဆင့်တွေနဲ့ ဝေဖန် ဆုံးဖြတ်လို့ မရဘူး…” ချင်လီက ရီဖူရှင်းအား ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

“ကျုပ်က ကော့တေးကို ဝင်ရောက်ခဲ့ပေမဲ့ ကျုပ်ကိုယ်ကျုပ် ကောင်းကောင်း သက်သေ မပြရသေးဘူး… ကျုပ်မှာ ကြီးကျယ် ခမ်းနားတဲ့ မှတ်တမ်းတွေ မရှိတာက အရှက်ရစရာပါပဲ…. ဒီနေ့ ကျုပ်က ဒွန်ချင် ကျောင်းတော်က ပါရမီရှင်တွေကို စိန်ခေါ်ရမှာကိုတောင် စိုးရိမ်စိတ် ဖြစ်မိတယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

လူတိုင်းက အံ့အားသင့် သွားကြသည်။ ထိုအရာက ဖြစ်နိုင်ပါသလော။ သို့သော်လည်း ရီဖူရှင်းက မိမိကိုယ်ကို သက်သေ မပြရသေးဟု ချင်လီက မှတ်ချက် ပေးခဲ့သည်။ သို့သော် ရီဖူရှင်းက ထိုစကားကို နှိမ့်ချစွာ ပြန်လည် ပြောဆိုသည့်တိုင် ထူးဆန်းသလို ခံစားကြရသည်။ ရွှီယီနှင့် ယိရှောင်ရှီတို့ ပင်လျှင် ထိတ်လန့်ရသည်။ သူတို့ ညီငယ်လေး၏ အရှက်မရှိပုံအား အမှန်ပင် လျှော့တွက်ခဲ့မိပြီ ဖြစ်သည်။

လစန္ဒာကလန်မှ ဟွာဂျီယူ၏ ဆရာတူ အစ်မက ပြုံးလိုက်သည်။ ဂျီယူ၏ ကောင်လေးကား အမှန်ပင် ဆိုးသွမ်းပေသည်။ သို့သော် သူ၏ မျက်လုံးများက လွန်စွာ သန့်စင်ပြီး ရိုးသားပုံ ရနေသည်။ သူကား အမှန်ပင် သရုပ်ဆောင် ကောင်းသည်။

အမှန် တကယ်တွင်ကား ရီဖူရှင်းက တကယ်တမ်း မိမိကိုယ်ကို သက်သေ မပြဖူးသည့်တိုင် ချင်ပြည်ထောင် နန်းတော် အတွင်းမှ တိုက်ပွဲမှ စွမ်းဆောင်ရည်ကား တန်ခိုး အဆင့်တူ အတွင်းမှ လူများ လိုက်လုပ်ရန် မဖြစ်နိုင်ပေ။

ယူချင်းကလည်း ထိုအတိုင်းပင်။ သူ၏ တိုက်ခိုက်ရေး စွမ်းရည်က ပိုမို၍ပင် ကြမ်းတမ်းသည်။

ရီဝူချင်းကား ဖူယွန် ဓားကလန်၏ သတ္တမ တောင်ကုန်းမှ ဖြစ်သည်။ သူက အကာနာ အဆင့်မှ လီတောင်ယွန်အား စိန်ခေါ်၍ သတ်ဖြတ်ခဲ့သည်ဟု လူအများက ကြားကြသည်။

ရီဖူရှင်းက အမှန်ပင် ထိုမျှ စွမ်းရည်ဖြင့် ဒွန်ချင် ကျောင်းတော်၏ ဓမ္မအဆင့် တန်ခိုးရှင်များနှင့် တိုက်ခိုက် လိုသည်လား။

“ကော့တေးနဲ့ ဖူယွန် ဓားကလန်က ဒီလို နှိမ့်ချနေတာက ရှက်စရာ မဟုတ်ဘူးလား…” ချင်လီက အေးစက်စွာ ပြောသည်။

“ဒွန်ချင် ကျောင်းတော်က စိန်ခေါ်တာကို လက်ခံမလား….” ရီဖူရှင်း၏ လေသံက ချက်ချင်း ထက်ရှသွားကာ ပြောသည်…. “ဒါမှမဟုတ် ခင်ဗျားတို့က ကြိုတင် ပြင်ဆင်ထားတဲ့ တိုက်ပွဲကိုပဲ တိုက်နိုင်တာလား…”

ချင်လီက သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ ထိုအချိန်တွင် ချင်ယွီက တည်ငြိမ်စွာ ပြောသည်….“ဒွန်ချင် ကျောင်းတော်မှာ မင်းနဲ့ ယှဉ်တိုက်နိုင်တဲ့ ဓမ္မတန်ခိုးရှင် မရှိဘူး…. ဒီတိုက်ပွဲကို တိုက်စရာ မလိုဘူး…. ငါတို့ အရှုံးပေးတယ်…”

လူတိုင်း ထိတ်လန့် သွားကြသည်။ ဒွန်ချင် ကျောင်းတော်ကား မနေ့က လွန်မင်းစွာ အောင်မြင်ခဲ့ သော်လည်း ယနေ့ အစပိုင်းတွင်ပင် အတင်း ဦးချိုးခံရသည်။ ထိုအရာက အမှန်ပင် ခက်ခဲပေသည်။ သို့သော် အမှန်တကယ် တိုက်ခိုက်လျှင်လည်း ရှုံးနိမ့်မည်မှာ သေချာပေသည်။ ရီဖူရှင်းတို့ အုပ်စုအား လျှော့ပေးလိုက်သော ပုံစံက ရီဖူရှင်းအား ကြွားလုံး ထုတ်ရန် အခွင့်အရေး မပေးသည်နှင့် အတူတူဖြစ်ရာ အနည်းဆုံးတော့ ခံသာပေသေးသည်။

“မှန်တာပေါ့…. တကယ်လို့ မင်းက ကိုယ်တိုင် စိန်ခေါ်ချင်တယ် ဆိုရင်တော့ ကျုပ်တို့ကလည်း စမ်းကြည့်ချင်တယ်…” ချင်ယွီက ဆက်ပြောသည်။ ရီဖူရှင်း၏ တန်ခိုး အဆင့်ကား သိပ်မမြင့်ပေ။ သူကား ဓမ္မအဆင့် အမြင့်ဆုံးသို့ပင် မရောက်သေးပေ။ ရီဖူရှင်းက ကော့တေးမှ ဖြစ်ရာ သူ့ထံတွင် ရှုံးနိမ့်ခြင်းက သိပ်အရှက်ရစရာ ဖြစ်မည်တော့ မဟုတ်ပေ။

“ဒါက ပျင်းစရာ ကောင်းတယ်….” ရီဖူရှင်းက ခေါင်းယမ်းလျက် ပြောသည်….“ကျုပ်က တခြား တန်ခိုးအဆင့်က လူနဲ့ တိုက်ခိုက်မယ်ဆိုရင် သဒ္ဓိဝင် ပစ္စည်းကို သုံးလို့ရမလား…”

“မင်းက အကာနာ အဆင့်ကို စိန်ခေါ်မယ်ဆိုရင်… သေချာတာပေါ့…” ချင်ယွီက ခေါင်းညိတ်သည်။ နိုဘယ်အဆင့် သိဒ္ဓိဝင်ပစ္စည်းက သုံးစွဲသူ၏ အရည်အချင်းပေါ် မူတည်ရာ တန်ခိုးအဆင့် လွန်စွာ ကွာဟပါကလည်း သိပ်အသုံးမဝင်ပေ။

နိုဘယ် အသိကလည်း ထို့အတူ ဖြစ်သည်။ သို့သော်လည်း ထိပ်သီး အင်အားစုတိုင်း၏ ပါရမီရှင်များ အားလုံးတွင် နိုဘယ်အသိ ရှိကြသည်။

“ကောင်းပြီ….” ရီဖူရှင်းက ခေါင်းညိတ်ကာ ပခုံးတွန့်လိုက်သည်။ သူက ရီဝူချင်းနှင့် ယူချင်းအား ကြည့်လိုက်သည်။ ထိုအရာက မစတင်မီကပင် အဆုံးသတ် သွားပြီ ဖြစ်သည်။

သို့သော် ရီဖူရှင်းက သည်အတိုင်းတော့ အဆုံးသတ်မည် မဟုတ်ပေ။ ရီဝူချင်းနှင့် ယူချင်းက စင်မြင့်ပေါ်မှ ဆင်းသွားသောအခါ သူက တခြား စင်မြင့် တစ်ခုပေါ်သို့ လျှောက်သွား လိုက်သည်။

ထိုနေရာတွင်ကား စိတ်ဝိညာဉ် ပညာတွင် ထူးချွန်သော ဒွန်ဟွာကလန်မှ တစ်ယောက်က နိုင်ပွဲတစ်ပွဲရကာ မတ်တတ် ရပ်လျက် ရှိသည်။ ရီဖူရှင်းက ထိုစင်မြင့်ထက်ကို တက်လာသည်ကို မြင်လျှင် လူအများအပြားက အံ့အားသင့်စွာ ကြည့်ကြသည်။ သူက အကာနာ အဆင့်မှ စိတ်ဝိညာဉ် ပညာရှင်ကို စိန်ခေါ်မည်လော။

ထိုလူက ရီဖူရှင်းအား အကဲခတ်ကာ ပြုံးလိုက်သည်….“မင်းက ငါ့ကို စိန်ခေါ်ချင် တာလား….”

ရီဖူရှင်းက ခေါင်းယမ်း လိုက်သည်။ လူတိုင်းက အေးခဲသွားသည်။ သူတို့ နားမလည် ကြတော့ပေ။

ထို့နောက် ရီဖူရှင်း၏ အကြည့်က ဒွန်ချင် ကျောင်းတော် အုပ်စုကို ရောက်သွားကာ ချိန်ရှင်းမူထံသို့ ရောက်သွားသည်။ သူ၏ အကြည့်နောက်ကို လိုက်ကြည့်ကြကာ လူတိုင်း၏ မျက်လုံးက ပြူးကျယ် သွားကြသည်။

ရီဖူရှင်းက ဘာလုပ်ချင် သနည်း။

“ကျုပ်က ဂီတပညာနဲ့ ပတ်သက်ပြီး သိပ်မသိဘူး…. ဒါပေမဲ့ ကျုပ်က လူငယ်မျိုးဆက်ရဲ့ အတော်ဆုံး မှော်ဂီတ ပညာရှင်ရဲ့ အရည်အချင်းကို တွေ့မြင်ချင်တယ်… ကော့တေးက ရီဖူရှင်းက မင်းဆီက ပညာယူပါရစေ…”

***


Comment

Leave a Reply

Options

not work with dark mode
Reset