အရှေ့မြေရိုင်း ဒေသမှ လူများက သိပ်မအံ့သြကြပေ။ အရှေ့မြေရိုင်း ကျောင်းတော်က ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ သို့သော် ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသမှ အင်အားစုများကို ခေ့ကေးမြို့သို့ မဖိတ်ခေါ်မီ ကြိုတင် ပြင်ဆင်မှုများ ကောင်းစွာ ပြုလုပ်ထားသည်ကို လူတိုင်း သိကြသည်။ သူတို့က ပုံမှန်အားဖြင့် ကျောင်းတော်နှင့် ကော့တေးအား အထင်သေးရဲမည် မဟုတ်ပေ။ ထို့အတူ သူတို့ကလည်း ကျောင်းတော်ကဲ့သို့သော အဆင့်မျိုး ရှိပေသည်။ ဤနိုင်ပွဲကား ပြင်ဆင်မှု ကောင်းမွန်ခြင်း၏ ရလဒ်ဖြစ်သည်။
ဂူတုံးလျို၏ စွမ်းရည်ကသာ သူတို့၏ ပြင်ဆင်မှုများကို ကမောက်ကမ ဖြစ်စေခဲ့သည်။ မူလ ကတည်းက သူတို့က လုနန်ထျန်း အနိုင်ရမည်ဟု လုံးဝ ယုံကြည် ထားခဲ့ကြသည်။ လုနန်ထျန်းက အနိုင်ရခဲ့ပါက ဒွန်ချင် ကျောင်းတော်က ကျောင်းတော်၏ နာမည် ကျော်ကြားမှုများကို ကျော်ဖြတ် သွားနိုင်ခဲ့မည် ဖြစ်သည်။
ကျောင်းတော်ကလည်း ထိုအချက်ကို နားလည်သည်။ ကျူးချိန်၊ ဇုန်းဇွီနှင့် ဘေလိရှာတို့ အားလုံးက နားလည်ကြသည်။ အင်အားစု နှစ်ခုက ပူးပေါင်းသည်မှာ ကျောင်းတော်၏ နေရာကို အစားထိုးရန် ဖြစ်သည်။ သူတို့၏ အစီအစဉ်များမှ ထိုရည်ရွယ်ချက်ကို မြင်နေရသည်။
ရိုးသားစွာ ပြောရလျှင် သူတို့က မနေ့ကတည်းက ထွက်သွားသင့် ပေသည်။ သို့သော်လည်း ဒွန်ချင် ကျောင်းတော်က စိန်ခေါ်ခဲ့သည်။ အကယ်၍ သူတို့ ထွက်သွားခဲ့ပါက စိန်ခေါ်မှုအား ငြင်းပယ်သည်နှင့် တူညီပေသည်။
ချင်ယွီက လူအများအား ကြည့်လိုက်ပြီး ဆက်ပြောသည်… “အရှေ့မြေရိုင်း ဒေသရဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေက ဒီမှာ စုစည်း နေကြတယ်… ဒီနေ့ ဘယ်သူမဆို ကျုပ်တို့ ဒွန်ချင် ကျောင်းတော်ကို စမ်းသပ်နိုင်တယ်… ပထမက ပြောခဲ့သလိုပဲ ကျုပ်တို့ ဒွန်ချင် ကျောင်းတော်က နောက်သုံးလမှာ ကျောင်းသားသစ် လက်ခံမယ်… အဲဒါက စာမေးပွဲ အဆင့်ပဲ…”
“ပြီးတော့ တိုက်ပွဲစင်မြင့် တစ်ခုတည်းက မလုံလောက်ဘူး ထင်တယ်… ဒါကြောင့် ကျုပ်က တိုက်ပွဲစင်မြင့်ကို သိုင်းပညာ၊ မှော်ပညာ၊ စိတ်ဝိညာဉ် ပညာနဲ့ ကြိုက်သလို တိုက်ခိုက်နိုင်တဲ့ နေရာတွေဆိုပြီး လေးခု ခွဲလိုက်မယ်… ဒီနည်းနဲ့ ကျုပ်တို့က ပါရမီရှင်တွေရဲ့ အရည်အချင်းတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်… တစ်ပြိုင်နက်တည်း စိန်ခေါ်တာက ပိုပြီး ထိရောက်လိမ့်မယ်…”
လူတိုင်းက ချင်ယွီ၏ အစီအစဉ်ကို လေးစား သွားကြသည်။ သူက ဒွန်ချင် ကျောင်းတော်ကို နာမည် ကျော်ကြားရန် တခြား အင်အားစုများကို အသုံးပြုသလို ယခု ကျောင်းသားသစ် ရရှိရန်လည်း အသုံးပြုနေသည်။ ဤနည်းကား အလွန် ကောင်းမွန် ပေသည်။
သူက ထိုသို့ ပြောပြီးသည်နှင့် မကြာမီ လူအများက စင်မြင့်များပေါ်သို့ တက်ကာ တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ကြသည်။ စင်မြင့်များမှာလည်း နေရာ လေးနေရာ အဖြစ် ခွဲခြမ်းထားသည်။
အရှေ့မြေရိုင်း ကျောင်းတော် အုပ်စုထဲတွင် ရှောင်ဝူကျိက ပြောသည်… “ကျွန်တော် နောက်ထပ် စိန်ခေါ်ချင်တယ်….”
ဤမတိုင်မီက အရှုံးကား အုပ်စုလိုက် စိန်ခေါ်ပွဲ ဖြစ်သည်။ သူက မကျေနပ်ပေ။
“မင်းက စိန်ခေါ်ချင်တယ် ဆိုရင် မင်းရဲ့ ပြိုင်ဘက်က ချိန်ရှင်းမူပဲ ဖြစ်လိမ့်မယ်… မင်းက ယုံကြည်မှု ရှိလား…” ဘေလိရှာက မေးသည်။
ရှောင်ဝူကျိက တခြား တစ်ဖက်မှ လူငယ်အား စိုက်ကြည့် လိုက်သည်။ သူက မိမိ၏ စွမ်းရည်ကို ယုံကြည်မှု ရှိသော်လည်း ချိန်ရှင်းမူအား အနိုင်ယူနိုင်မလား သူမသိပေ။ သူက စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ခံစားဖူးပြီးသွားပြီ ဖြစ်သော်လည်း ထိုအရာကား သူ၏ စွမ်းရည် တစ်ပိုင်း တစ်စမျှသာ ဖြစ်သည်။
“ချင်ယွီက တမင် တိုက်ပွဲ နေရာတွေကို ခွဲခြားလိုက်တယ်… ဒီနည်းနဲ့ ချိန်ရှင်းမူရဲ့ ပြိုင်ဘက်က စိတ်ဝိညာဉ် ပညာရှင်ပဲ ဖြစ်လိမ့်မယ်… အဲဒီအပိုင်းမှာ ဘယ်သူက ချိန်ရှင်းမူကို အနိုင်ယူနိုင်မှာလဲ… ငါသိတာကတော့ ဟွာချင်းချင်းရဲ့ မှော်ဂီတ ပညာကလည်း ချိန်ရှင်းမူထက် အားမနည်းဘူးတဲ့…”
“ဒွန်ဟွာကလန် ခေါင်းဆောင်ရဲ့ ဇနီးက အရှေ့မြေရိုင်း ဒေသရဲ့ အတော်ဆုံး မှော်ဂီတ ပညာရှင် အဖြစ် လူသိများတယ်….” ကျူးချိန်က ဘေးမှ ပြောသည်။ “သူမရဲ့ တပည့်ကလည်း အရည်အချင်း ရှိမှာပဲ….” ယခင် မျိုးဆက်၏ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက် အနေဖြင့် သူမက ဒွန်ဟွာကလန် ခေါင်းဆောင်၏ ဇနီးကို သိပေသည်။
တစ်ချိန်က အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမတစ်ယောက် ဖြစ်သော သူမကား ပါရမီနှင့် ရုပ်ရည်တွင် ပြိုင်စံရှားပေသည်။ ထိုစဉ်က သူမ၏ ကျော်ကြားမှုက ယနေ့ အလှဆုံး မိန်းမပျို သုံးယောက်အောက် မလျော့နည်းပေ။ ဟွာချင်းချင်းက အနည်းဆုံး သူမ၏ စွမ်းရည် ၉၀% လောက်ကို ဆက်ခံထားလောက် ပေသည်။
“ဇွီယန်… မင်း သွားသင့်တယ်….” ကျူးချိန်က ပြောသည်။
သူမ၏နောက်မှ ချောမောသော မိန်းကလေး တစ်ယောက်က ခေါင်းညိတ်သည်… “ဟုတ်ကဲ့ ဆရာ…” ထို့နောက် သူမက ကြိုက်သလို တိုက်ခိုက်နိုင်သော စင်မြင့်ပေါ်သို့ တက်သွားသည်။
ဘေလိရှာက ဇွီယန်အား လှမ်းကြည့်သည်။ သူမကား ကျူးချိန်၏ တပည့်ရင်း တစ်ယောက် ဖြစ်သည်။ သူမကား အလယ်အလတ် အဆင့် အကာနာ တန်ခိုးရှင် ဖြစ်သည်။ သူမက သိပ်မကျော်ကြား သော်လည်း အလွန် အရည်အချင်း ရှိသော ကလေးမ တစ်ယောက် ဖြစ်၏။
ဇွီယန်က မည်သူ့ကို စိန်ခေါ်မည်ဟု သတ်သတ် မှတ်မှတ် မပြောပေ။ သူမ၏ နာမည်နှင့် တန်ခိုး အဆင့်ကိုသာ ပြောသည်။ ထို့ကြောင့် ဒွန်ချင် ကျောင်းတော်က သူမနှင့် အဆင့်တူ ကျောင်းသား တစ်ယောက်ကို စေလွှတ်သည်။
ထိုတိုက်ပွဲတွင် သူမက ပြိုင်ဘက်အား အလွယ်တကူ အနိုင်ရခဲ့သည်။ ကျောင်းတော်ကား ကျောင်းတော်သာ ဖြစ်သည်ကို လူတိုင်း နားလည် လိုက်ကြသည်။ ဒွန်ချင် ကျောင်းတော်က အရှေ့မြေရိုင်း ကျောင်းတော်၏ တည်ရှိမှုအား လှုပ်ယမ်းစေနိုင် သော်လည်း ကျောင်းတော်အား လုံးဝ နင်းခြေရန်မူကား မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် သူတို့က သရေကျမည်သာ ဖြစ်သည်။ သို့တိုင်အောင် ထိုရလဒ်က ဒွန်ချင် ကျောင်းတော်၏ အနိုင်ဟု ပြောရပေမည်။
သူတို့က အရှေ့မြေရိုင်း ကျောင်းတော်နှင့် သူတင် ကိုယ်တင် ယှဉ်နိုင်ပြီး သူတို့၏ အားကောင်းသော မူပိုင် နည်းစနစ်များကို ကျောင်းသားများအား သင်ပေးနိုင်သည် ဆိုပါက ကျောင်းသား အများအပြားက စိတ်ဝင်တစား တက်ရောက်ကြမည် ဖြစ်သည်။ နောင်တွင် ဒွန်ချင် ကျောင်းတော် ကလည်း အရည်အချင်း မြင့်သော ပါရမီရှင်များ စုစည်းရာ နေရာ ဖြစ်လာ ပေလိမ့်မည်။
အရှေ့မြေရိုင်း ကျောင်းတော်ကား ယခင်က ပါရမီရှင်များ၏ ပထမ ဦးစားပေး ဖြစ်သည်။ ပြိုင်ဘက် မရှိပေ။ ထို့ကြောင့် ထိပ်သီး အင်အားစုနှစ်ခုက ပူးပေါင်းကာ ဒွန်ချင် ကျောင်းတော်အား တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် တခြား အင်အားစုများ ကလည်း သူတို့၏ တပည့်များကို စင်မြင့်များပေါ်သို့ တက်၍ စိန်ခေါ်စေသည်။ လူငယ်များက သူတို့၏ စွမ်းရည်များကို တစ်ယောက်ပြီး တစ်ယောက် ပြသကြသည်။
ကျောင်းတော် နှစ်ခုအကြား တိုက်ပွဲက အပြင်းထန်ဆုံး ဖြစ်သည်။ နှစ်ဖက်လုံးက အနိုင် အရှုံးများ ရှိကာ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ဒွန်ချင် ကျောင်းတော်တွင် အမျိုးမျိုးသော ပညာရပ်တွင် ကျွမ်းကျင်သော တပည့်များ ရှိသည်။ ချင်ပြည်ထောင်ကား သိုင်းပညာတွင် ပိုမို အားကောင်းသည်။ တစ်ဖက်တွင် ဒွန်ဟွာကလန်က မှော်ပညာတွင် အားကောင်းသည်။ သူတို့၏ ပေါင်းစပ်မှုက လွန်စွာ ပြည့်စုံသော ကျောင်းတော် တစ်ခုကို ဖြစ်ပေါ် လာစေသည်။
သို့သော်လည်း စိတ်ဝိညာဉ် ပညာစင်မြင့်တွင် ဒွန်ချင် ကျောင်းတော်က လုံးဝ ရှုံးနိမ့်ထားခြင်း မရှိပေ။ မှော်ကလန်မှ ဂူဘိုင်ယွီ ကဲ့သို့သော ပါရမီရှင်များက စိန်ခေါ်သည့်တိုင် အနိုင်ရခြင်း မရှိပေ။
တိုက်ပွဲများကား ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းလာသည်။ သို့သော်လည်း ကော့တေးက ရောက်ရှိလာခြင်း မရှိသေးသည်ကို တချို့က သတိထား မိကြသည်။
ယခုကား သူတို့က တည်းခိုခန်းတွင် ရှိနေကြသည်။
“အစ်ကိုလေး… ဒီနေ့ ကျွန်တော်တို့ ဘာလို့ မသွားတာလဲ….” ရီဖူရှင်းက ရွှီယီအား မေးသည်။
“ဒီနေ့က ဒွန်ချင် ကျောင်းတော်ရဲ့ ခမ်းနားတဲ့နေ့ပဲ…. ငါတို့က ဘာလို့ သွားရမှာလဲ….” ရွှီယီက မေးသည်။
“သူတို့ကို သွားပြီး ချမယ်လေ….” ရီဖူရှင်းက ပြောသည်။
“ဒွန်ချင် ကျောင်းတော်က မနေ့က အရေးကြီးတဲ့ တိုက်ပွဲကို ရှုံးနိမ့်ခဲ့ပြီးပြီ…. ဒီနေ့ သူတို့က ကော့တေးကို အခွင့်အရေး ပေးမယ် မင်းထင်လား…” ရွှီယီက ထူးမခြားနားစွာ ပြောသည်… “သူတို့က ငါတို့ကို စည်းမျဉ်းတွေနဲ့ ဖိနှိပ်ဖို့ သေချာပေါက် ကြိုးစားမှာပဲ… ဥပမာ… မင်းက ဓမ္မအဆင့်မှာ ရှိတယ်… သူတို့က အကာနာ အဆင့် အတွင်းမှာပဲ စိန်ခေါ်ရင် မင်းက တိုက်ခိုက်လို့ မရဘူး… မင်းက ပွဲတချို့ နိုင်ရင်ရော… ဘာဖြစ်မှာလဲ… ကော့တေးမှာ တပည့် ဘယ်နှယောက် ရှိလို့လဲ… ငါတို့က ဘယ်နှခေါက် အနိုင်ယူနိုင်မှာလဲ… ဒွန်ချင် ကျောင်းတော်က ဒီနေ့အတွက် လုံးဝ ပြင်ဆင်ထားမှာပဲ….”
ရီဖူရှင်းက အနည်းငယ် စိတ်ပျက်သွားသည်… “ဒါပေမဲ့ ကျွန်တော်က သဘောမကျဘူး ဖြစ်နေတယ်….”
ကုန်ခဲ့သော နှစ်က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ပူးပေါင်း၍ ယူချင်းအား တိုက်ခိုက်ခဲ့ကြသည်။ နိုဘယ် တစ်ယောက်၏ ရိုက်ချက်က ယူချင်းအား ပြင်းထန်စွာ ဒဏ်ရာ ရစေခဲ့သည်။ ယခု သူတို့က ကျောင်းတော်နှင့် ကော့တေးအား ပစ်မှတ်ထားကာ အစ်ကိုသုံးအား စိန်ခေါ်သည်။ ပထမဆုံး စိန်ခေါ်ပွဲတွင် ကော့တေးက အနိုင်ရသည့်တိုင် ရီဖူရှင်းက ကျေနပ်ခြင်း မရှိပေ။
“ဒါ မှန်တယ်…” ရွှီယီက ရယ်မောလိုက်သည်… “ညီငယ်လေး … မင်းက စင်ပေါ် တက်သွားရင်ရော ဘာလုပ်နိုင်မှာလဲ…”
ရီဖူရှင်းက မျက်လုံး ပြူးသွားသည်… “အစ်ကိုလေးက ဘာကို ဆိုလိုတာလဲ….”
“ပုံမှန် တိုက်ပွဲတွေက အဓိပ္ပာယ် မရှိဘူး… မင်းက တစ်ပွဲနိုင်ပြီး သူတို့က တစ်ပွဲနိုင်တယ်… ကော့တေးမှာ ငါတို့ပဲ ကျန်တယ်… ငါတို့က မတိုက်ခိုက်ပဲ နေတာရယ် သူတို့ကို လုံးဝ ဦးချိုးတာရယ်… ဒါပဲ ရှိတယ်… မင်း နားလည်လား….” ရွှီယီက ရယ်မောလျက် ပြောသည်။
“ပြီးတော့ သူတို့က ဂုဏ်မောက်နေတဲ့ အချိန်မှာ တက်နင်းရမယ်…. အစ်ကိုလေး… ခင်ဗျားက အရမ်း ညဏ်ကောင်းတာပဲ…” သူက အစ်ကိုလေးအား လေးစားစွာ ကြည့်လိုက်သည်။ သူကား အစ်ကိုလေးနှင့် ယှဉ်လျှင် အတွေ့အကြုံ နုသေးဟန် ရသည်။
ရွှီယီက ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ သူကား အလွန် ရုပ်ချောကာ အသက်လည်း သိပ်မကြီးသေးပေ။
“မင်း လုပ်နိုင်လား…” ရွှီယီက မေးသည်။
ရီဖူရှင်းက ပြုံးလျက် ပြောသည်…“ကျွန်တော် ကြိုးစားပါ့မယ်…”
“ဒီနေ့ ကောင်းကောင်း အနားယူ….” ရွှီယီက ရီဖူရှင်း၏ ပခုံးအား ပုတ်လျက် ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ရုတ်တရက် ပြောသည်… “အစ်ကိုလေး… စာပေသမားတွေက ဒီလိုပဲ ရိုးသား ကြတာလား….”
“ငနာလေး… သွားစမ်း….” ရွှီယီက ဒေါသတကြီး ပြောသည်။
“မိစ္ဆာကြီး … ကျွန်တော်က ခင်ဗျားကြောင့် လူဆိုး ဖြစ်လာတော့မယ်….” ရီဖူရှင်းက တဝါးဝါး ရယ်မောလျက် ယူချင်းကို ပြောသည်… “ယူချင်း မင်းလည်း အဆင်သင့် လုပ်ထားလိုက်….”
ရွှီယီက ရီဖူရှင်း၏ နောက်ကျောအား ကြည့်သည်။ ဤကောင်ကား လူဆိုးလုပ်ရန် သင်ယူစရာ မလိုပေ။ သူတို့အားလုံးက အတူတူသာ ဖြစ်သည်။ ရီဖူရှင်းက အစ်မနှစ်အား သူ၏ အိတ်ကပ်ထဲတွင် ထည့်ထားသည်။ တခြား လူများက သူ့လို မတတ်နိုင်ပေ။
ရွှီယီက ခန့်မှန်းသလိုပင် ယနေ့ကား ဒွန်ချင် ကျောင်းတော်၏ အောင်မြင်မှုများ ပြည့်စုံရာ နေ့ဖြစ်သည်။ သူတို့၏ တပည့်များက တိုက်ပွဲ စင်မြင့်တိုင်းတွင် ထူးချွန်သော အရည်အချင်း များကို ပြသနေကြသည်။ ဟွာချင်းချင်းက စင်မြင့်ပေါ်သို့ တစ်ကြိမ် တက်ကာ မှော်ကလန်မှ စွမ်းအားမြင့်သော တန်ခိုးရှင် တစ်ယောက်ကို အနိုင်ယူခဲ့သည်။ ထိုတိုက်ပွဲက အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမပျို သုံးယောက်မှာ ရုပ်ရည်သာ မဟုတ်ဘဲ အရည်အချင်းလည်း ရှိကြောင်း ပြသနေသည်။ သူတို့ကား အလွန်အမင်း ထက်မြက်ကြသည်။
ယနေ့တွင် အရှေ့မြေရိုင်း တစ်ခွင်မှ ပါရမီရှင်များက စင်မြင့်များပေါ်သို့ တက်၍ သူတို့၏ အရည်အချင်း များကို ပြသကြသည်။ နောက်ရက်များတွင် ဒွန်ချင် ကျောင်းတော် ထံသို့ များစွာသော ပါရမီရှင်များက စာရင်း ပေးသွင်းရန် ရောက်လာ ကြတော့မည်မှာ သေချာနေသည်။
ယခုကား အရှေ့မြေရိုင်း ကျောင်းတော်အပြင် သူတို့အတွက် ရွေးချယ်စရာ ထပ်ရှိလာပြီ ဖြစ်သည်။
လူအများအပြားက ကော့တေး၏ ပျက်ကွက်မှုအတွက် ငြင်းခုံကြသည်။ အစ်ကိုသုံးနှင့် အစ်ကိုငါးက ကော့တေးကို ပြန်သွားကြပြီကို လူတိုင်းက သိပြီးဖြစ်သည်။ ရွှီယီကတည်း မည်သို့မှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယိရှောင်ရှီနှင့် ရီဖူရှင်းသာ ကျန်သည်။
ယိရှောင်ရှီအား လူ သိပ်မသိကြပေ။ လူတိုင်းက တွေးထင်သလို ရီဖူရှင်း၏ တန်ခိုး အဆင့်ကား အလွန် နိမ့်နေသေးသည်။ သူ့အား အသုံးပြုရန် နေရာ သိပ်မရှိပေ။ ထို့ကြောင့် သူတို့က မလာခြင်းလည်း ဖြစ်နိုင်သည်။
ကျောင်းတော်က ထိုကိစ္စကို အမြင်ကြည်ပုံ မရပေ။ ယနေ့တွင် သူတို့ကား အရိုက်ခံကြရကာ ကော့တေးက ရောက်မလာပေ။ သို့သော်လည်း ကော့တေးက ထိုငြင်းခုံမှုများ ခန့်မှန်းမှုများကို ဂရုမစိုက်ပေ။ သူတို့က မိမိတို့ သဘောကျ နေထိုင် ပြုမူကြသည်။ ကျောင်းတော်ကလည်း သူတို့၏ ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။ သူတို့အကြား ထူးဆန်းသော ပတ်သက်မှု ရှိနေသည်။ ကျောင်းတော်မှ အကြီးအကဲများပင်လျှင် ကော့တေးမှ ကျောင်းသားများကို လွှမ်းမိုးပိုင်ခွင့် မရှိပေ။
နောက်တစ်နေ့ နံနက်တွင် လူအုပ်ကြီးက ဒွန်ချင် ကျောင်းတော်၏ အရှေ့ကွင်းပြင်တွင် စုစည်း နေကြပြန်သည်။ သူတို့အားလုံးက တိုက်ပွဲစင်မြင့်အား ကောင်းမွန်စွာ ကြည့်နိုင်သော နေရာကောင်းများကို ဦးအောင် ယူကြသည်။ တချို့ကလည်း ဒွန်ချင် ကျောင်းတော်အား ဝင်ရောက် လိုကြကာ သူတို့၏ အသိအမှတ် ပြုမှုကို ရယူလိုကြသည်။
ယမန်နေ့က တိုက်ပွဲကလည်း သူတို့အကြား ဆွေးနွေးစရာ ကိစ္စများထဲ ပါလာသည်။ ယနေ့တွင် မည်သို့သော တိုက်ပွဲများ ဖြစ်မည်ကို သူတို့ သိလိုကြသည်။ ကျောင်းတော် နှစ်ကျောင်းအပြင် တခြား စွမ်းအားမြင့်သော တန်ခိုးရှင်များကရော တိုက်ခိုက် ကြမည်လော။
***