အခန်း ( ၇၃ )

နတ်အာရုံသုံးကာ အာရုံခံခြင်းနှင့် ကိုးရိုးကားရားအခြေအနေ

‘ ဒီတိုက်ပွဲက ငါ့အနာဂတ် အစီအစဉ်တွေအတွက် အရမ်းအရေးကြီးတယ် ’
တိမ်ပေါ်တွင် အောင်းရိသည် သူ တစ်ခါက ဝင်ချင်ခဲ့သော တုနတ်ဝိဇ္ဇာဂိုဏ်းကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ စိတ်အခြေအနေသည် ဆယ်နှစ်သားအရွယ်တစ်ယောက်ကဲ့သို့ မဟုတ်တော့ပေ။

သူသည် ဤနေရာသို့ လာခဲ့ခြင်းမှာ လီချန်ရှို့ကို ရှာရန်ဖြစ်သည်။ အောင်းရိသည် လီချန်ရှို့၏နာမည်ကို မသိသလို သူ၏ ဂိုဏ်းတွင်းအဆင့်ကိုလည်း မသိချေ။

သို့သော် အောင်းရိသည် ထိုဂိုဏ်းကိုပြန်၍ လက်စားချေရပေမည်။

မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲတွင် သူသည် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ထိုတပည့်သည်လည်း တမင်အရှုံးပေးခဲ့၏။

အောင်းရိသည် နာမည်ကျော်ကြားလိုပါ အတိတ်မှ အမည်းစက်များမရှိသင့်ဟု ခံယူထားသည်။ သူ ဆယ်နှစ်သားအရွယ်က ဖြစ်ပွားခဲ့သော ပြိုင်ပွဲ၏ ရလာဒ်ကို ပြန်ပြောင်းရပေမည်။

သူသည် ဤအခွင့်အရေးကို အသုံးချ၍ အရှက်ကွဲပြီးနောက် ပြန်၍ သတ္တိကောင်းလာသော နဂါးတစ်ကောင်အဖြစ် သူ့ကိုယ်သူ ပုံဖော်ရပေမည်။ ထိုတပည့်နှင့် စာရင်းရှင်းပြီးလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ မျိုးဆက်သစ်ထဲမှ အတော်ဆုံးတပည့်နှင့် တိုက်ခိုက်ပေမည်။ သူသည် အရှေ့ကျွန်းတစ်ကျွန်းလုံးမှ နတ်ဝိဇ္ဇာဂိုဏ်းများရှိ မျိုးဆက်သစ်တပည့်များထဲမှ အ‌တော်ဆုံးတပည့်အားလုံးကို စိန်ခေါ်ရပေမည်။ ထိုသို့ စိန်ခေါ်အနိုင်ယူပြီးလျှင် သူ၏ နာမည်ဂုဏ်သတင်းသည် တဟုန်ထိုး ကျော်ဇောသွားပေလိမ့်မည်။

သူသည် နဂါးမျိုးနွယ်၏ စံပြဖြစ်လို၏။ သူသည် နဂါးမျိုးနွယ် သူ့အား အထင်ကြီးလေးစားလာမည်ကို လိုလား၏။

သူသည် နဂါးမျိုးဆက်သစ်အတွက် ရှေ့ဆောင်လမ်းပြအဖြစ်နေကာ နဂါးမျိုးနွယ်ကို သူ၏ အမိန့်အာဏာကို လက်ခံအောင် လုပ်ရပေမည်။

ထို့နောက်မှ သူသည် တဖြည်းဖြည်းဖြင့် နဂါးမျိုးနွယ်၏ တလွဲမာနကို ပျောက်အောင် လုပ်ယူမည်ဖြစ်၏။ ထိုနည်းသည်သာ နဂါးမျိုးနွယ်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသောနည်းဖြစ်သည်။

အောင်းရိသည် အသက်ပြင်းပြင်းရှူကာ အတန်ကြာလျှင် သူ မည်သို့ပြောရမည်ကို တွေးတောနေလိုက်သည်။

သူ၏ ဆရာဦးလေး ငါးယောက်သည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ တောင်ကာမန္တန်အစီအရင် အပြင်သို့ရောက်နေကြပေပြီ။ သူတို့သည် ဂိုဏ်းအတွင်းသို့ မဝင်သေးဘဲ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများကိုသာ ဖော်ထုတ်ပြလိုက်ကြသည်။

‘ ရွှေနတ်လိပ်ကျွန်းက ချီကျင့်ကြံသူတွေ ပြဿနာရှာဖို့…အဲလေ..အဟမ်း.. တာအိုတရားဆွေးနွေးဖို့ ရောက်လာပါပြီ ’

******

ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများ ဗြုန်းစားကြီး ရောက်ချလာသဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်းသားများသည် ချက်ချင်းပင် အချက်ပေးခေါင်းလောင်းကို တီးလိုက်ကြသည်။

ခေါင်းလောင်း ပထမအချက် မြည်ဟည်းသွားသောအခါ အခန်းအောင်းကျင့်ကြံမနေကြသည့် တောင်ထိပ်သခင်များနှင့် အကြီးအကဲများသည် ကောင်းကင်ခွင်းတောင်သို့ ကပျာကယာ သွားလိုက်ကြ၏။ သို့သော် လက်ထောက်ဂိုဏ်းချုပ်နှင့် ကျန်အကြီးအကဲများသည် ထိုမျှမလိုဟု ခံစားလိုက်ရသည်။ ချီကျင့်ကြံသူအနည်းငယ် သူတို့၏ မိတ်ဆွေများထံ အလည်လာခြင်းသာ မဟုတ်ပါလော။

ရွှေနတ်လိပ်ကျွန်းသည် အာဒိကပ္ပလောက၌ ကျဲကျောင်းတော်၏ တာအိုတရားများကို သင်ကြားရာတွင် နာမည်ကြီးသည့် နေရာတစ်ခုပင်။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ထိုကျွန်း၌ ကျော်ကြားမှုအရာတွင် မယှဉ်သာပေ။

သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရန်ကျောင်းတော်လက်အောက်မှ ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်သည်။ မကျော်ကြားသော နတ်ဝိဇ္ဇာအနည်းငယ်ရောက်လာသည်ကို ထိုမျှခမ်းခမ်းနားနားကြိုဆိုလိုက်လျှင် သူတို့ သိက္ခာကျပေလိမ့်မည်။

အကယ်၍ အလည်လာသောလူများမှ ကျဲကျောင်းတော် အပြင်ဂိုဏ်းမှ ကျော်ကြားသောသူများဖြစ်သည့် အယ်မေ့တောင်ပေါ်ရှိ နတ်လိုဏ်ဂူတွင် ကျင့်ကြံနေသော ကျောက်ကုန်းမင်တို့ကဲ့သို့ နတ်ဝိဇ္ဇာများသာဖြစ်ခဲ့လျှင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ဂိုဏ်းရှိ နတ်ဝိဇ္ဇာအကုန်ကို စေလွှတ်၍ ကြိုဆိုပေမည်။

သို့သော် အလည်လာသည့်လူများမှာ နာမည်မရှိသည့် ကောင်းကင်နတ်မင်းအဆင့်သာရှိသော ကျင့်ကြံသူများဖြစ်သဖြင့် ထိုသို့ကြိုဆိုရန်မလိုပေ။

ထို့ကြောင့် မကြာခင် တောင်ထိပ်သခင်တစ်ဝက်ကို ပြန်၍လွှတ်လိုက်လေသည်။ ကောင်းကင်နတ်မင်းအဆင့်ရှိသည့် အကြီးအကဲဆယ်ဦးခန့်သာ ကျန်ခဲ့လေ၏။

အကြီးအကဲများနှင့် လက်ထောက်ဂိုဏ်းချုပ် ကျုံးယွီသည် ဉာဏ်ကောင်းသည့် အတုမဲ့နတ်ဝိဇ္ဇာအနည်းအကျဥ်းကိုခေါ်၍ ‌ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများနှင့် တာအိုတရားဆွေးနွေးရန် ပြင်လိုက်၏။

အကြီးအကဲများ၏ အမြင်တွင် ကျိုးဝူသည် ဉာဏ်ကောင်းသော လူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲများ၏ အမိန့်အရ ကျိုးဝူတစ်ယောက် အလုပ်ရှုပ်သွားလေတော့သည်။ သူသည် ရွှေနတ်လိပ်ကျွန်းမှ လူရှစ်ဦးကို တုနတ်ဝိဇ္ဇာဂိုဏ်း၏ ကောင်းကင်ခွင်းတောင်ပေါ်ရှိ တုနတ်ဝိဇ္ဇာခန်းမသို့ ဖိတ်ခေါ်လိုက်ပြီး ဂိုဏ်းရှိ တပည့်ငယ်တချို့ကို အမွှေးတိုင်များ ထွန်းခိုင်းလိုက်၏။

အကယ်၍ သူတို့သည် နဂါးနန်းတော်သို့သာ အလည်သွားခဲ့လျှင် ရေနှင့် လက်ဖက်ရည်များကို ဧည့်ခံမည့်သူများမှာ ချောမောလှပသော အမျိုးသမီးအစေခံလေးများ ဖြစ်ပေလိမ့်မည်။ သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းသို့လာခဲ့သဖြင့် တာအိုအခြေခံ တည်ငြိမ်သည့် ရွက်ကြမ်းရေကျို အမျိုးသားတပည့်များ၏ ဧည့်ခံခြင်းကိုသာ ခံရလေသည်။

ထိုအရာသည် နန်းတော်တစ်ခုနှင့် နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းကြားတွင် ရှိသည့် ကွာခြားချက်ပင် ဖြစ်ပေလိမ့်မည်။

ဧည့်သည်များ နေရာယူပြီးသောအခါ ထိုသူများနှင့် တုနတ်ဝိဇ္ဇာဂိုဏ်းမှသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ နှစ်ဖက်လုံးသည် မည်သည့်စကားမှ စတင်မဆိုကြသေးဘဲ အသံထွက်၍ ရယ်လိုက်ကြလေသည်။ ကျိုးဝူသည် ဗဟုသုတနှင့် ပြည့်စုံသူဖြစ်၍ ထိုအရာသည် လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း သိ၏။ သူပို၍ ပြုံးလေလေ ပို၍ ဖော်ရွေပုံပေါ်လေလေပင်။

အာဒိကပ္ပလောကတွင် အပေါ်ယံအရာ များလွန်းလှ၏။

ရယ်မောပြီးကြသောအခါ တုနတ်ဝိဇ္ဇာဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ဖြစ်သော ကျုံးယွီသည် စတင်၍ စကားပြောလိုက်သည်။
“ မိတ်ဆွေတို့ရောက်လာတာ တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် ဂုဏ်ယူစရာပါပဲ ”

သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့သည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တပည့်များနှင့် တာအိုတရားဆွေးနွေးရန် ရောက်လာကြခြင်းဖြစ်ကြောင်း ပြောလိုက်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည် ပြုံးလိုက်ကြ၏။ ဂိုဏ်းသားတစ်ယောက်သည် ဂိုဏ်းအတွင်းရှိ ကျင့်ကြံခြင်းအဆင့်အမြင့်မားဆုံး အကြီးအကဲများကို သိုသိုသိပ်သိပ် သွား‌ခေါ်လိုက်သည်။ ထိုအကြီးအကဲများသည် သူတို့ဘက်မှနေ၍ ကူဆွေးနွေးပေးနိုင်သည် မဟုတ်ပါလား။

တာအိုတရားဆွေးနွေးခြင်း၊ ပို့ချခြင်း ကိစ္စများသည် အာဒိကပ္ပလောကတွင် ခေတ်စားသော ကိစ္စများပင် ဖြစ်သည်။ လူတိုင်းသည် တာအိုကို နားလည်ပုံခြင်းမတူ၍ အချင်းချင်းတွေ့ဆုံကာ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးညွှန်ပြမှုများ လုပ်လေ့ရှိကြ၏။

သို့သော် တာအိုတရားဆွေးနွေးပွဲမစမီ ကျဲကျောင်းတော်မှ လူများသည် ကျိုးဝူကို ကိုးရိုးကားရားနိုင်သော အရာတစ်ခု တောင်းဆိုလိုက်၏။

သက်လတ်ပိုင်းရှိသော ကောင်းကင်နတ်မင်းတစ်ယောက်သည် ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ ကျုပ်ရဲ့ ဂိုဏ်းတူညီလေး အောင်းရိက အရင်တစ်ခေါက် မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲတုန်းက ဆယ်နှစ်သားအရွယ်ပဲ ရှိပါသေးတယ်။ သူ့ကို မိတ်ဆွေတို့ ဂိုဏ်းက တပည့်တစ်ယောက်နဲ့ လက်ရည်စမ်းဖို့ နဂါးဘုရင်က အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူက မိတ်ဆွေတို့ဂိုဏ်းက တပည့်ဆီမှာ ရှုံးနိမ့်ခဲ့ရပါတယ်… ”
သူဆက်ပြောလိုက်သည်။
“ ဒီတစ်ခေါက် ကျုပ်ရဲ့ ဂိုဏ်းတူညီလေးက ကောင်းကင်ပြစ်ဒဏ်ကိုခံယူပြီး နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်ခဲ့ပါပြီ။ သူက မိတ်ဆွေတို့ဂိုဏ်းက အဲဒီတပည့်နဲ့ ထပ်ပြီး လက်ရည်စမ်းချင်လို့ပါတဲ့။ အဲ့ဒါ အဆင်များပြေလောက်မလား … ”

ထိုစကားကိုကြားသောအခါ တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ အကြီးအကဲတစ်ဦးသည် ပြုံး၍ ပြောလိုက်သည်။
“ အဲဒါက တပည့်ငယ်တွေကြားက လက်ရည်စမ်းပွဲလေးတစ်ခုပါပဲ။ အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းသားလေး အောင်းရိက နဂါးဘုရင်ရဲ့သားတော်ဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျုပ်တို့ဂိုဏ်းက တပည့်ငယ်လေးထက် ပိုမြင့်မှာ အသေအချာပါပဲ ”

“ အခု မင်းသားလေး အောင်းရိက နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာပြီဆိုတော့ ကျုပ်တို့ဂိုဏ်းက တပည့်လေးနဲ့ ထပ်ပြီး လက်ရည်စမ်းဖို့ မလိုတော့ပါဘူး ”
ထိုစကားကို ကြားလိုက်ရသောအခါ အောင်းရိသည် ချက်ချင်းပင် မတ်တတ်ထရပ်၍ တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲကို ဦးညွှတ်လိုက်သည်။
“ ရိုးရိုးသားသား ဝန်ခံရရင် အဲဒီနေ့ကအဖြစ်အပျက်ကို စိတ်ထဲက မထုတ်ပစ်နိုင်သေးဘူး ဖြစ်နေတာပါ။ နောက်ကျရင် အဲဒါက ကျွန်တော့်ရဲ့ ကျင့်ကြံမှုမှာ အနှောင့်အယှက်ပေးမှာ စိုးရိမ်မိပါတယ်။ ဒါကြောင့် ကျွန်တော် ရှေ့မျက်နှာနောက်ထားပြီး တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်နဲ့ နောက်တစ်ကြိမ် ထပ်ပြီး လက်ရည်စမ်းဖို့ တောင်းဆိုပါရစေခင်ဗျာ… ”

“ ကျွန်တော်တို့ လက်ရည်စမ်းနေတဲ့အချိန်မှာ… ကျွန်တော်ရဲ့ ဂိုဏ်းတူဦးလေးတွေ၊အစ်ကိုတွေကို ကျွန်တော်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ခိုင်းထားပါမယ် ”

“ ကောင်းပြီလေ… ”
တုနတ်ဝိဇ္ဇာဂိုဏ်းမှ တချို့အကြီးအကဲများသည် စိတ်ရှုပ်သွားကြ၏။

“ အဲဒါက အပန်းမကြီးပါဘူး… ”
လက်ထောက်ဂိုဏ်းချုပ် ကျုံးယွီသည် ပြုံး၍ ပြောလိုက်သည်။
“ တစ်ယောက်ယောက် ရွှမ်းယာကို သွားခေါ်လိုက်ပါ… ”

ဂိုဏ်းမှ တာဝန်ရှိသူ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် အမိန့်ကိုနာခံ၍ နောက်သို့လှည့်ကာ တုနတ်ဝိဇ္ဇာခန်းမမှ ခပ်မြန်မြန်ထွက်ပြီး ကောင်းကင်ခွင်းတောင်၏ အခြားတစ်ဖက်သို့ သွားလိုက်လေသည်။

အောင်းရိသည် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ပြောလိုက်၏။
“ အဲဒီနေက ကျွန်တော်နဲ့ လက်ရည်စမ်းခဲ့တဲ့သူက ရွှမ်းယာလို့ခေါ်တဲ့ တပည့်မဟုတ်လောက်ဘူး။ သူ့ကို ချန်ရှို့လို့ တစ်ယောက်ယောက်က ခေါ်တာကို ကျွန်တော်ကြားလိုက်တယ်… ”

“ ချန်ရှို့ ဟုတ်လား… ”

“ သူက ဘယ်တောင်ကတပည့်လဲ… ”
ထိုအချိန်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တစ်နှစ်ပတ်လုံး ဂူအောင်းကျင့်ကြံနေကြသည့် ကောင်းကင်နတ်မင်း အကြီးအကဲအချို့သည် သူတို့၏ လက်ချောင်းများကို ထိကာ နိမိတ်ဖိတ်လိုက်ကြ၏။ သို့သော် သူတို့သည် နားမလည်နိုင်ဟန် မျက်နှာထားများဖြစ်သွားကြ၏။

အခြား အကြီးအကဲများသည် ထိုကိစ္စကိုသိသဖြင့် မည်သည့်စကားမှ ဝင်မပြောဘဲ ပြုံး၍သာနေလေသည်။

ကျိုးဝူသည် ထိုအခြေအနေကို တွေ့သောအခါ သူ၏ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နှက်သွား၏။
‘ ကြည့်ရတာ နဂါးနန်းတော်က မင်းသားလေးက ကျဲကျောင်းတော်ကို ဝင်လိုက်တဲ့ပုံပဲ။ ပြီးတော့ ဒီကိုလာပြီး တူလေးချန်ရှို့ကို လက်စားလာချေတာပဲ… ’

‘ ချန်ရှို့က ဗလာနတ္ထိအဋ္ဌမအဆင့်ပဲ ရှိသေးတာထင်တယ်။ မှော်အစွမ်းလည်းထက်တဲ့ အောင်းရိနဲ့ ယှဉ်ရင် သူကအများကြီး အားနည်းနေသေးတယ်… ’

‘ ပြီး‌တော့ ချုံတောင်လေးမှာ ဘာနောက်ခံမှလည်း ရှိတာမဟုတ်ဘူး။ ငါသာ ချန်ရှို့လေးအတွက် ကူမပြောပေးရင် ချန်ရှို့လေးတော့ ဒီနဂါးလေး လှည့်စားတာကို ခံရတော့မှာပဲ… ’
ကျိုးဝူသည် ထိုသို့တွေးပြီးနောက် ရုတ်တရက်ထကာ ဦးညွှတ်လိုက်သည်။

သူသည် အသံကျယ်ကျယ်ပြောလိုက်၏။
“ ချန်ရှို့က ချုံတောင်လေးကတပည့်ပါ။ ပြီးတော့ ညီလေးချီယွမ်ရဲ့ တပည့်အကြီးပါ။ အရင်တစ်ခေါက် အရှေ့သမုဒ္ဒရာက မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲမှာ သူ လိုက်ရအောင် ကျွန်တော်ပဲ ထောက်ခံပေးလိုက်တာပါ။ ဒါပေမဲ့ ကျွန်‌တော့်ရဲ့ အမှတ်ကိုးညီမလေးဆီက ပြန်ကြားရတာတော့ မင်းသားလေး အောင်းရိက အဲဒီလက်ရည်စမ်းပွဲမှာ နိုင်သွားတယ်လို့ သိရပါတယ်။ တူလေးချန်ရှို့က ရှုံးသွားပြီး သတ်မှတ်ထားတဲ့ စည်းဝိုင်းထဲက အရင်ထွက်သွားတယ်လို့ သိရပါတယ် ခင်ဗျာ… ”

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများအပြင် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည်လည်း အောင်းရိကို ကြည့်လိုက်ကြ၏။

အောင်းရိသည် သက်ပြင်းချကာ ညှိုးနွမ်းသော မျက်နှာထားဖြင့် ကိုယ့်ကိုယ်ကို ပြောဟန် ရေရွတ်လိုက်၏။
“ မဟုတ်ဘူး… ကျွန်တော်ရှုံးသွားတာ။ ဘယ်လိုကြည့်ကြည့် ကျွန်တော်ရှုံးသွားတာပါ ”

“ ကျွန်တော်က ချန်ရှို့ရဲ့ အဆောင်တွေကြောင့် ဒဏ်ရာရသွားပြီး တစ်လကျော်လောက်တောင် အနားယူခဲ့ရပါတယ်။ ဒါပေမဲ့ သူကတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ နဂါးနန်းတော် မျက်နှာပျက်မှာစိုးလို့ သူက ကျွန်တော့်ကို တမင်အရှုံးပေးလိုက်တာ နေမှာပါ။ ကျွန်တော်ဒီနေ့လာရတာက ဒီဂိုဏ်းက တပည့်ချန်ရှို့နဲ့ အဲဒီကမ္မနှောင်ကြိုးကို ဖျက်ဖို့နဲ့ သူ့ကို ကိုယ်တိုင်ကျေးဇူးတင်စကားပြောချင်လို့ပါ… ”

သူ၏ စကားလုံးများသည် ရိုးသားဟန်ရှိသော်လည်း အခြား အဓိပ္ပာယ်များလည်း ရှိပုံပေါ်လေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ပြုံး၍ ပြောလိုက်သည်။
“ ကျိုးဝူ … ချန်ရှို့ကို သွားခေါ်လိုက်ပါ… ”

“ အမ်…ဟုတ်ကဲ့ ”
ကျိုးဝူသည် ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။ ထို့နောက်သူသည် လျင်မြန်စွာ လှည့်ကာ ချုံတောင်လေးဆီသို့ တိမ်စီး၍ သွားလိုက်လေသည်။

တိမ်စီး၍ သွားနေစဉ် ကျိုးဝူသည် ဤအခြေအနေအား ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စဉ်းစားလိုက်၏။

ဂိုဏ်းမှ အကြီးအကဲများသည် သူတို့ဂိုဏ်းမှ တပည့်ကို ရှုံးစေချင်မည်မဟုတ်ပေ။
‘ အောင်းရိက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ထားမယ်တဲ့။ တကယ်လို့သူသာ ချန်ရှို့ ဖော်ပြထားတဲ့ ဗလာနတ္ထိ စတုတ္ထအဆင့်ထိ လျှော့ပြီး ချိတ်ပိတ်လိုက်ရင် တိုက်ပွဲအတွင်းကျ နှစ်ဖက်လုံးက ကောင်းကင်နတ်မင်းအကြီအကဲတွေက ချန်ရှို့ရဲ့ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို သတိထားမိသွားမှာပဲ။ အဲဒီလိုဆို တုနတ်ဝိဇ္ဇာဂိုဏ်ရဲ့ ဂုဏ်သိက္ခာထိခိုက်သွားမှာပဲ ’

‘ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်တာကို ဆက်မလုပ်တော့ဖို့ ငါ တူလေးချန်ရှို့ကို ပြောရမှာပဲ။ အခုပွဲမှာ သူအစွမ်းရှိသလောက် တိုက်မှရမယ် ’
ကျိုးဝူ ဆုံးဖြတ်လိုက်သည်။ သူသည် နတ်ရတနာတချို့ကို ထုတ်ယူလိုက်ပြီး ချန်ရှို့ကိုပေး၍ လမ်းတွင် အသုံးပြုပုံကို လေ့ကျင့်ခိုင်းမည်ဟု တွေးတောလိုက်သည်။ သို့သော် ကျိုးဝူ မမျှော်လင့်ထားသော အရာနှင့် ကြုံလိုက်ရ၏။

ချန်ရှို့ကို ရှာမတွေ့ပေ။

ကျိုးဝူ၏ နတ်အာရုံသည် ချုံတောင်လေးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လင်းအယ်သည် ရေကန်လေးဘေးရှိ သူမ၏ တဲအိမ်လေးအတွင်း၌ ကျင့်ကြံနေ၏။ ဆေးဖော်ဆောင်ပတ်လည်ရှိ တောအုပ်အတွင်းမှ စိတ်စွမ်းအားများသည် တည်ငြိမ်နေပုံပေါ်သော်လည်း အန္တရာယ်ရှိကြောင်း သူသိလေသည်။

ကျိုးဝူသည် ထိုမန္တန်အစီအရင်အတွင်းသို့ ရမ်းသမ်း မဝင်ဝံ့ပေ။ သူသည် ဆေးဖော်ဆောင်အပေါ်တွင်သာ ပျံသန်း၍ သူ၏နတ်တန်ခိုးများကို စုစည်းကာ ရင်ခေါင်းသံကြီးဖြင့် အော်လိုက်လေသည်။
“ ချန်ရှို့…. ”

“ ချန်ရှို့…. ”

ဆေးဖော်ဆောင်ထဲ၌ လီချန်ရှို့တစ်ယောက် လှုပ်ကုလားထိုင်လေးတွင်ထိုင်ကာ အနားယူနေ၏။

သို့သော် ထိုအရာသည် စက္ကူရုပ်သာဖြစ်၍ သူ၏ ခန္ဓာကိုယ်အစစ်သည် မြေအောင်လျှို့ဝှက်ခန်းအတွင်းရှိ ထောင့်တစ်နေရာတွင် မျက်စိမှိတ်ကာ အာရုံစူးစိုက်နေ၏။

သူ၏ နတ်အာရုံသည် လီ(၂၀,၀၀၀)အကွာရှိ စက္ကူကိုယ်ပွားအတွင်း၌ ရောက်ရှိနေခြင်းပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် အပြင်ဘက် မန္တန်အစီအရင်အတွင်းသို့ ဝင်လာလျှင် သူ၏လက်ထဲမှ ကျောက်စိမ်းပြားသည် တုန်ခါလာ၍ သူကို နှိုးမည်ဖြစ်သည်။

ထိုသို့ အာရုံစိုက်နေရခြင်းသည် လက်ရှိ စက္ကူကိုယ်ပွားတွင်ရှိသည့် အဓိက ပြစ်ချက်တစ်ခုလည်း ဖြစ်သည်။ ထိုစက္ကူကိုယ်ပွားသည် သူ၏ နတ်အာရုံ ဖြန့်ကျက်နိုင်သည့်နေရာကို ကျော်သွားလျှင် သူ၏ နတ်အာရုံတစ်ခုလုံးကို စက္ကူကိုယ်ပွားအတွင်းသို့ ပို့ထားရလေ၏။

ကျိုးဝူသည် လီချန်ရှို့ကို နှစ်ကြိမ်အော်ခေါ်လိုက်သော်လည်း မည်သို့မှ ပြန်မတုန့်ပြန်ပေ။ သူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် နဖူး၌ ဇောချွေးများပင် ပြန်နေပေပြီ။ သူသည် လေပေါ်တွင်သာ ပတ်၍ ပျံသန်းနေရ၏။

လင်းအယ်သည် သူမ၏ ခေါင်းလေးကို တဲအိမ်အပြင်သို့ ပြူကြည့်လိုက်ပြီး သူမ၏ အစ်ကိုကြီး မှာခဲ့သည်များကို အမှတ်ရသွားသည်။
“ ဆရာဦးလေး ကျိုးဝူ… အစ်ကိုကြီးက အခန်းအောင်းကျင့်ကြံနေတယ်။ သူဉာဏ်အလင်းမပွင့်မချင်း ထွက်လာမှာမဟုတ်ဘူး… ”

ထိုစကားကိုကြားသောအခါ ကျိုးဝူခြေဆောင့်လိုက်လေသည်။
“ ဟာကွာ… သူက ဘာလို့အခုလိုအရေးကြီးတဲ့ အချိန်မှ အခန်းအောင်းကျင့်နေရတာလဲ… ”

“ အခု ငါတို့ဘယ်လို လုပ်ရတော့မှာလဲ ”
လင်းအယ်သည် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မသိပေ။ သူမထပ်၍ အော်ရန်ပြင်လိုက်စဉ်မှာပင် ကျိုးဝူသည် တိမ်စီး၍ ခပ်သုတ်သုတ် ပြန်သွားလေတော့သည်။

ဉာဏ်အလင်းပွင့်ရန် ချီကျင့်ကြံသူများသည် ထိုကဲ့သို့ပင် အနှောင့်အယှက်ကင်းသည့်နေရာများတွင် အခန်းအောင်းကျင့်ကြံတတ်ကြ၏။

လီချန်ရှို့ အခန်းအောင်းကျင့်ကြံနေမှုသည် တိုက်ဆိုင်ခြင်းသာဖြစ်သော်လည်း သူပြန်သွား၍ ရှင်းပြရပေမည်။ သို့သော် သူသည် ဂိုဏ်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သဖြင့် ‌တောတွေးတောင်တွေး တွေးမိနေ၏။
‘ ငါက ချန်ရှို့အခန်းအောင်းကျင့်ကြံနေတယ်လို့ပြောလိုက်ရင် လက်ရည်မစမ်းချင်လို့ တမင်ရှောင်နေတယ်လို့ တခြားသူတွေက ထင်သွားမှာပဲ။ ပြီးတော့ ဗလာနတ္ထိအဆင့်ပဲရှိတဲ့ တပည့်က ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ အခန်း‌အောင်းကျင့်ကြံရမှာလဲ… ’

‘ အဲဒီလိုသာဆို ချန်ရှို့က မာနကြီးတဲ့ အကြီးအကဲတွေကို ရန်စမိသလိုဖြစ်သွားလိမ့်မယ်… ’

‘ ငါဘာလုပ်သင့်လဲ.. ချန်ရှို့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပါ့မယ်လို့လဲ ကျမ်းသစ္စာဆိုထားရသေးတယ်… ’

‘ အာ.. မန္တန်အစီအရင်တွေ… ’
ချုံတောင်လေး၏ ဆေးဖော်ဆောင်အပြင်ဘက်ရှိ မန္တန်အစီအရင်များသည် လီချန်ရှို့ကိုယ်တိုင် ပုံစံထုတ်ထားခြင်းဖြစ်ပြီး သူ၏ ညီမလေးကျိုးကျိုးက ကူ၍ဆင်ပေးထားရုံသာဖြစ်၏။ ထို့ကြောင့် ထိုအရာသည် လီချန်ရှို့၏ မန္တန်အစီအရင်ဆင်သည့် စွမ်းရည်ဟုပင် ပြောနိုင်ပေသည်။

ကျိုးဝူ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူအကြံတစ်ခုရသွားပေပြီ။

တုနတ်ဝိဇ္ဇာခန်းမအတွင်းရှိ အကြီးအကဲများသည် ကျိုးဝူတစ်ဦးတည်းသာ တိမ်စီး၍ ပြန်လာသည်ကို မြင်လိုက်ရသောအခါ မျက်စေ့မျက်နှာပျက်သွားကြ၏။

ခန်းမအတွင်း ရယ်မော၍ စကားစမြည်ပြောနေကြသူများလည်း အသံတိတ်သွားလေ၏။

“ ကျိုးဝူ… ဘာဖြစ်လို့လဲ ”
ပိန်ပါးသော အရှင်ကျုံးယွီသည် တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။
“ ဘာလို့ အဲဒီတပည့်က အတူတူမလိုက်လာတာလဲ ”

“ လက်ထောက်ဂိုဏ်းချုပ်ခင်ဗျား… ”
ကျိုးဝူသည် ဦးညွှတ်၍ ပြောလိုက်၏။
“ ကံမကောင်းစွာပဲ… တူလေးချန်ရှို့က အခန်းအောင်းကျင့်ကြံရင်း အဆင့်သစ်ကို တက်သွားပါတယ်။ အဲဒါကြောင့် ကျွန်တော်သူ့ကို အနှောင့်အယှက်မပေးရဲလို့ပါ။ အရေးကြီးနေတဲ့အချိန်မှာ သွားနှောင့်ယှက်လိုက်မိရင် သူ လမ်းမှားရောက်သွားမှာဆိုးလို့ပါခင်ဗျာ… ”

အရှင်ကျုံးယွီသည် မုတ်ဆိတ်မွေးကိုသပ်ရင်း ခပ်ဟဟ ပြုံးလိုက်သည်။ သူသည် ကျဲကျောင်းတော်မှ ကောင်းကင်နတ်မင်းများကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။ တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်ချန်ရှို့က အခုတလော ကြိုးစားကျင့်ကြံနေပြီး အခန်းအောင်းကျင့်ကြံနေပါတယ်တဲ့… ”

“ မင်းသားလေး အောင်းရိက လက်ရည်စမ်းဖို့ ကျုပ်တို့ဂိုဏ်းက တခြားတပည့်တစ်ယောက်ကို ရွေးလိုက်ပါလား… ဘယ်လိုလဲ… ”
ယခုလေးတင်ရောက်ရှိလာသော ယုံချင်ရွှမ်းယာသည် ရှေ့သို့ ခြေလှမ်းဝက်တက်လိုက်၏။ သူမသည် အနီရဲရဲဝတ်စုံကို ဝတ်ဆင်ကာ ကျောတွင် ဓားကြီးတစ်ချောင်းကို လွယ်ထားလေသည်။

သူမသည် ရှေ့သို့ထွက်၍ အောင်းရိနှင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း သူမ၏ဆရာက သူမကို နောက်သို့ တိတ်တဆိတ်ပြန်ဆွဲထားလိုက်သည်။

ယုံချင်ရွှမ်းယာနှင့်အတူရောက်လာသော ကျန်းကျင်းရှန်သည် မျက်မှောင်ကြုတ်ကာ အောင်းရိ၏ ခါးတွင်ချိတ်ဆွဲထားသော ဓားရှည်ကိုကြည့်လိုက်၏။

ကျန်ကျင်းရှန်သည် နတ်ရတနာတစ်ပါး၏ အရောင်အဝါများကို အာရုံခံမိလိုက်သည်။

အောင်းရိက ထပ်၍ မတ်တတ်ရပ်လိုက်ပြန်သည်။ သူသည် ခေတ္တမျှတွေးတောကာ ချီတုံချတုံဖြစ်နေ၏။

သူ တုနတ်ဝိဇ္ဇာဂိုဏ်းသို့လာခဲ့ခြင်းမှာ ထိုလီချန်ရှို့ဆိုသူနှင့် တိုက်ခိုက်ရန်ဖြစ်သည်။ ထိုအရာသည် သူ အချိန်အတော်ကြာတွေးတောပြီးမှ ရခဲ့သော အကြံဖြစ်လေသည်။

ထို့ပြင် သူသည် စကားကျွံထားပြီးပေပြီ။

သူ၏ ဆရာဦးလေးများနှင့် ဆရာအစ်ကိုများကိုလည်း ထိုသူနှင့်လက်ရည်စမ်းပွဲကြောင့် သူ၏ နှလုံးသားတွင် စိတ်ဒဏ်ရာရနေကြောင်း ပြောထားပြီးသား ဖြစ်နေ၏။
‘ ငါတခြားသူနဲ့ လက်ရည်စမ်းလို့မရဘူး…. ’
သူ၏ အစီအစဉ်ကို ထိုမျှဖြင့် အပျက်ခံ၍ မရချေ။
အောင်းရိသည် လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ သူ အခန်းအောင်းကျင့်ကြံတာက ဘယ်လောက်လောက်ကြာမလဲ ခင်ဗျာ…. ”

သူဆက်၍ ပြောလိုက်သည်။
“ တာအိုတရားဆွေးနွေးပွဲပြီးသွားရင် ကျွန်တော်ဂိုဏ်းအပြင်မှာ သူဉာဏ်အလင်းပွင့်သွားတဲ့အထိ စောင့်နေပါ့မယ်… ”

အကြီးအကဲများနှင့် အသက်လတ်ပိုင်း ကျင့်ကြံသူများသည် အောင်းရိ၏ မလျှော့သောဇွဲကြောင့် အထင်ကြီးသွားကြ၏။

ကျိုးဝူသည် လျှို့ဝှက်၍ စူးစမ်းနေ၏။ အကြီးအကဲတစ်ဦးသည် စကားပြောရန် ဟန်ပြင်လိုက်သည်ကိုတွေ့လိုက်သောအခါ သူ့ကို လီချန်ရှို့ကို တစ်နည်းနည်းဖြင့် နှိုးခိုင်းတော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။

“ အဟမ်း… ”
ကျိုးဝူ ဦးအောင်စပြောလိုက်သည်။ သူသည် ရှေ့သို့ခြေနှစ်လှမ်းတိုးကာ ဦးညွှတ်လိုက်သည်။
“ လက်ထောက်ဂိုဏ်းချုပ်နဲ့ အကြီးအကဲများခင်ဗျာ… တူလေး ချန်ရှို့က အခန်းအောင်းကျင့်နေပေမယ့် သူ အတော်ဆုံးအရာက အဆောင်အတတ်မဟုတ်ပါဘူး။ သူက မန္တန်အစီအရင်အတတ်မှာ ပိုပြီး ကျွမ်းကျင်ပါတယ်… ”

သူသည် ကျိန်ဆိုထားသော ကျမ်းသစ္စာမစူးရန် မည်သို့လှည့်ပတ်ပြောရမည်ကို တွေးတောပြီး‌နောက် ချုံတောင်လေးရှိ မန္တန်အစီအရင်များသည် လီချန်ရှို့ ပုံစံထုတ်ထားခြင်းဖြစ်ပြီး ကျိုးကျိုးက ကူ၍ဆင်ပေးထားကြောင်း အကြီးအကဲများကိုပြောပြလိုက်ပြီး လက်ရည်စမ်းရန် နည်းတစ်မျိုးကိုလည်း အကြံပေးလိုက်သည်။
‘ ဟူး… ချန်ရှို့ရေ… ငါမင်းအတွက် ဒီလောက်ပဲ လုပ်ပေးနိုင်မယ်…. ’

*****

ခေတ္တမျှကြာပြီးနောက် ချုံတောင်လေးအပေါ်မှ‌နေ၍ တိမ်ဖြူတစ်အုပ် ပျံသန်းလာ၏။ တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသူနှစ်ဦးသည် ရွှေနတ်လိပ်ကျွန်းမှ ယွမ်ကျဲနှင့် ကောင်မလေးနှစ်ဦးတို့ကို အဖော်ပြုကာ အဝေးမှနေ၍ စောင့်ကြည့်နေကြလေသည်။

ဟန်ကျစ်သည် အောင်းရိ၏ နောက်ကျောကိုကြည့်ကာ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
“ အစ်ကို အောင်းရိက မန္တန်အစီအရင်တွေကို ဖြေရှင်းတဲ့နေရာမှာတော်လား ”

“ မပူပါနဲ့… ”
ယွမ်ကျဲသည် သူ၏ လက်ကိုဝှေ့ယမ်း၍ ဖြေလိုက်၏။
“ ဒီက မန္တန်အစီအရင်တွေက အဲဒီလောက်မနက်နဲပါဘူး။ ဘယ်လိုလုပ် တူလေးအောင်းရိကို ပိတ်လှောင်ထားနိုင်မှာလဲ.. ”

ဟန်ကျစ်သည် နဖူးပေါ်လက်တင်၍ စိုးရိမ်နေလေ၏။ သူမ၏ မျက်လုံးလေးများသည်လည်း ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

အောက်တွင် ကျိုးဝူသည် အောင်းရိကို ဆေးဖော်ဆောင်ပတ်လည်ရှိ မန္တန်အစီအရင်များ၏ ရှေ့သို့ ခေါ်သွားလိုက်သည်။

ကျိုးဝူသည် အောင်းရိကို မန္တန်အစီအရင်အတွင်းသို့ ဝင်ရန် လက်ဟန်ပြလိုက်သည်။

ထိုအခိုက် …

လင်းဟိုင်မြို့တွင် လှည့်လည်သွားလာနေသော စက္ကူကိုယ်ပွားသည် အနီးရှိ တည်းခိုဆောင်သို့ လျင်မြန်စွာသွားလိုက်၏။ သူသည် မန္တန်အစီအရင်အများအပြားပါသော အခန်းတစ်ခန်းကို ငှားလိုက်ပြီး ကိုယ်တိုင်လည်း မန္တန်အစီအရင်များကို ထပ်ဆင်လိုက်သည်။ ထို့နောက် စက္ကူကိုယ်ပွားသည် ကြမ်းပြင်တွင်ထိုင်၍ တရားကျင့်နေသည့်ဟန်နေလိုက်လေ၏။

စက္ကူကိုယ်ပွားသည် ကြွေပုလင်းအချို့ကိုကိုင်ကာ မျက်လုံးများကို မှိတ်လိုက်၏။ ရုတ်ချည်းပင် လီချန်ရှို့၏စိတ်အာရုံသည် ခန္ဓာကိုယ်အစစ်အတွင်း ပြန်ရောက်သွား၏။

မန္တန်အစီအရင်အတွင်းသို့ မည်သူဝင်လာသနည်း။

လီချန်ရှို့သည် ပတ်ဝန်းကျင်ကို သူ၏ နတ်အာရုံသုံး၍ အာရုံခံလိုက်ရာ တုန်လှုပ်ချောက်ချားသွားလေသည်။
‘ အာ… ’

‘ ဘာတွေဖြစ်နေတာလဲ… ’
သူသည် ခေတ္တမျှ တုန်လှုပ်နေပြီးနောက် ပြန်၍ အသိဝင်လာသည်။ ထိုအချိန်တွင် အောင်းရိသည် ခေါင်းမူးနေပြီဖြစ်သည်။ သူသည် ကျိုးဝူနှင့်အတူတူ ရှေ့၌ရှိသော သစ်သားဆိုင်းဘုတ်ကိုတွေ့လိုက်ရ၏။

ထိုအပေါ်တွင်‌ရေးထားသည်ကား ‘ သင်လမ်းပျောက်နေပါသလား ’ ဟူသော စာတန်းပင် ဖြစ်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset