အရှေ့မြေရိုင်း ကျောင်းတော်မှ လူများက ချင်ယွီအား ကြည့်လိုက်ကြသည်။ လုနန်ထျန်း ရှုံးနိမ့်သွားရာ ယခု သူတို့က ဒွန်ချင်ကျောင်းတော်၏ ဂုဏ်သိက္ခာအား ပြန်ဆည်ရန် ပြန်လည် အနိုင်ရလို ကြသည်။
ကျူးချိန်၏ မျက်လုံးများက အေးစက် သွားသည်။ လုနန်ထျန်းအပြင် တခြား မည်သည့် အံ့အားသင့်ဖွယ်ရာများ ရှိသည်ကို သူမသိလိုသည်။
“ဒွန်ချင် ကျောင်းတော်က အရှေ့မြေရိုင်း ဒေသက လူတွေ အကုန်လုံးကို ဖိတ်ခေါ်ထားမှတော့ ခင်ဗျားတို့ကလည်း ကျုပ်တို့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်…” ဘေလိရှာက ချင်ယွီအား ကြည့်လျက် ပြောသည်။ သူတို့က ရင်ဆိုင်နေကြဟန် တူသည်။
တခြား အင်အားစုများ အားလုံး စိတ်လှုပ်ရှား သွားကြသည်။ မနက်ဖြန် မည်သို့ ဖြစ်မည်နည်း။ ထို့အပြင် မနက်ဖြန်တွင် အရှေ့မြေရိုင်း ဒေသမှ လူများ အားလုံးက ယှဉ်ပြိုင် နိုင်သည်ဟု ပြောခဲ့သည်။ လူအများအပြားက ထိပ်သီး အင်အားစုများမှ လူများနှင့် ယှဉ်ပြိုင်ကာ မိမိတို့၏ စွမ်းရည်များကို စမ်းသပ် လိုကြသည်။
မကြာမီ လူများက အလျှိုလျှို ထွက်ခွာ သွားကြသည်။
ဒွန်ချင်ကျောင်းတော်၏ အပြင်ဘက်တွင် လူအုပ်ကြီးကား စောင့်နေကြဆဲ ဖြစ်သည်။ ထိပ်သီး အင်အားစုများမှ လူများ ထွက်လာသောအခါ သူတို့က အပြေးအလွှား သွားရောက်၍ ရလဒ်ကို မေးကြသည်။ သို့သော် ထိပ်သီး အင်အားစုများက လေထဲကို ပျံတက်ကာ ချက်ချင်း ထွက်ခွာ သွားကြသည်။
ထိုအဖြစ်က လူအများအား ထိတ်လန့်စေသည်။ ကော့တေးမှ ဂူတုံးလျိုက ရှုံးနိမ့်ခဲ့သည်လား။
“စီနီယာမူ… တိုက်ပွဲက ဘယ်လိုလဲ…” တစ်စုံ တစ်ယောက်က ခေ့ကေးမြို့က အင်အားကြီး အဖွဲ့အစည်း တစ်ခု၏ အကြီးအကဲအား မေးသည်။ သူတို့က အချင်းချင်း ရင်းနှီးကြသည်။
“နှစ်ဖက်လုံး ဒဏ်ရာ ရတယ်… ဒါပေမဲ့ လုနန်ထျန်း လဲကျသွားတယ်…” အကြီးအကဲက ပြောသည်။ သူ၏ စကားကို ကြားလျှင် လူအများက လှမ်းကြည့်ကြသည်။ နှစ်ဖက်လုံး ဒဏ်ရာ ရသော်လည်း လုနန်ထျန်းက လဲကျသွားသည်။ ရလဒ်ကား ရှင်းလင်းနေသည်။
ကော့တေးမှ ဂူတုံးလျို အနိုင်ရခဲ့သည်။
“တစ်ခေတ်မှာ တစ်ခါ ပေါ်လာတဲ့ ပါရမီရှင် လုနန်ထျန်းက ရှုံးသွားမယ်လို့ ကျုပ် မထင်မိဘူး… ဒွန်ဟွာကလန်က ကြွားလုံးထုတ်တာ များလွန်းတယ်….” တစ်စုံ တစ်ယောက်က ရေရွတ်သည်။
“မဟုတ်ဘူး…” အကြီးအကဲက ခေါင်းယမ်းသည်… “လုနန်ထျန်းက နာမည်နဲ့ လိုက်တယ်…”
လူတိုင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ထိုအကြီးအကဲ၏ မျက်လုံးတွင် လေးစားသော အငွေ့အသက်များကို သူတို့ မြင်ရသည်။
ရှောက်မူက ပြောသည်… “အရှေ့မြေရိုင်း ဒေသမှာ ရှီစွမ်းအင်ကို နားလည်နိုင်တဲ့သူ သိပ်မရှိဘူး…. လုနန်ထျန်းရဲ့ စွမ်းရည်က အရှေ့မြေရိုင်း ဒေသမှာ ထိပ်သီး ခေါင်းဆောင်တွေနဲ့ အတူတူလောက် ရှိတယ်… ကံမကောင်းတာက သူ့ပြိုင်ဘက်က ကော့တေးရဲ့ နံပါတ်သုံး တပည့် ဖြစ်နေတာပဲ…” အကြီးအကဲက သက်ပြင်းချကာ ထွက်သွားသည်။
သူ၏ စကားကို ကြားလျှင် လူအများအပြားက အံ့အားသင့် သွားကြသည်။ လုနန်ထျန်းက ရှီစွမ်းအင်ကို သိနားလည်ခဲ့ကာ ထိပ်သီး အင်အားစုများ၏ ခေါင်းဆောင်များနှင့် နှိုင်းယှဉ်နိုင် သည်လား။ ရုတ်တရက် သူတို့က ထိုတိုက်ပွဲအား မမြင်ခဲ့ရသည်ကို နောင်တရကြသည်။
သတင်းက ခေ့ကေးမြို့ကို ဗဟိုထားလျက် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သူတို့အားလုံး တိုက်ပွဲအား မမြင်ခဲ့ရသည်ကို နောင်တရကြသည်။ ဤတိုက်ပွဲကား ယခင်က ဓားသခင်နှင့် ဖူယွန်ဓားကလန် ခေါင်းဆောင်တို့၏ တိုက်ပွဲကဲ့သို့ ပြင်းထန်လှသည်။ ထိုတိုက်ပွဲက ဒွန်ချင် ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သည်။ သို့သော်လည်း မနက်ဖြန်တွင် နောက်ထပ် တိုက်ပွဲများ ဖြစ်ပျက်မည်ကို ကြားသိရလျှင် လူတိုင်းက စိတ်လှုပ်ရှား နေကြသည်။
ဒွန်ချင်ကျောင်းတော်က အရှေ့မြေရိုင်း ဒေသမှ အင်အားစုတိုင်းအား စိန်ခေါ်ခဲ့သည်။ မနက်ဖြန် တိုက်ပွဲကလည်း ပြင်းထန်မည်မှာ သေချာသည်။
ကော့တေးက ပြင်ပလောကမှ ဆွေးနွေးမှုများနှင့် ကောလာဟလများကို ဂရုမစိုက်ပေ။ အစ်ကိုသုံးက ဒဏ်ရာ ရထားရာ သူတို့က အနိုင်ရခြင်းအတွက် ပျော်ရွှင်သော စိတ်မရှိကြပေ။ ဤတိုက်ပွဲက ကော့တေးအား ပိုမို ကျော်ကြားစေသည့်တိုင် သူတို့အတွက်မူ ဂူတုံးလျို၏ ကျန်းမာရေးက ပိုမို၍ အရေးပါသည်။
ထိုနေ့ညတွင်ပင် လျိုဖန်းက ဂူတုံးလျိုအား ကော့တေးကို ပြန်လည် ခေါ်ဆောင်သွားသည်။ ရွှီယီနှင့် တခြားလူများက ခေ့ကေးမြို့တွင် ကျန်နေခဲ့ကြသည်။ ဤကိစ္စက မပြီးသေးပေ။
ဂူတုံးလျိုက လုနန်ထျန်းအား အနိုင်ယူခဲ့သည်။ ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့က စိတ်ပျက်ကြရသည်။ သူတို့အပြင် တခြားလူများကလည်း စိတ်ပျက်ရသည်။ ဥပမာ တော်ဝင် ချန်ကျောင်းတော်မှ စီရိုနှင့် လျိုဂျန်လန်တို့ ဖြစ်ကြသည်။
သူတို့က တိုက်ပွဲ တစ်ခုလုံးအား မြင်ခဲ့ကြရသည်။ ဂူတုံးလျိုကား အလွန် အားကောင်းသည်။ သူ အားကောင်းလေလေ လျိုဂျန်လန် စိတ်အနှောင့်အယှက် ဖြစ်လေလေ ဖြစ်သည်။ ဆိုလိုသည်က ရီဖူရှင်းအား သတ်ရန် ပိုမို ခက်ခဲလာသည်။
ဂူတုံးလျိုသာ ရှုံးနိမ့်ခဲ့ပါက အရာအားလုံးက ကွဲပြား ခြားနား သွားနိုင်သော်လည်း ယခု ဂူတုံးလျိုက အနိုင်ရခဲ့သည်။ သူ့ကို ထား၍ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ ပူးပေါင်းလျှင်ပင် ကော့တေးအား တစ်စုံတစ်ခု ပြုလုပ်ရန် သူတို့က အလွန် သတိထား ဆုံးဖြတ်ရမည် ဖြစ်သည်။
လျိုဂျန်လန် အမှန် စိတ်ပျက်နေသည်။ အခြေအနေက ဤအတိုင်း ဆက်သွားနေလျှင် ရီဖူရှင်းအား သတ်ရန် ပိုမို ခက်ခဲလာမည်ကို သူသိသည်။ သူ၏ ပါရမီနှင့် ကော့တေးကဲ့သို့သော နေရာတွင် ရှိနေခြင်းက တစ်နေ့တွင် သူကလည်း ဂူတုံးလျိုကဲ့သို့ ဖြစ်လာမည်မှာ သေချာသည်။ ထိုအချိန်ကို ရောက်သွားလျှင် တော်ဝင် ချန်ကျောင်းတော် ပင်လျှင် သူ့အား မည်သို့မှ လုပ်နိုင်မည် မဟုတ်တော့ပေ။
နောက်တစ်နေ့ နံနက် မတိုင်မီတွင်ပင် ဒွန်ချင် ကျောင်းတော်၏ အပြင်ဘက်တွင် လူအုပ်ကြီးကား ပြည့်နှက်နေပြီး ဖြစ်သည်။ ဒွန်ချင် ကျောင်းတော်၏ အပြင်ဘက်တွင်ကား သီးသန့် ကျယ်ပြန့်သော မြေနေရာ တစ်ခု၏ အလယ်တွင် တိုက်ပွဲစင်မြင့် တစ်ခုကို တွေ့ရသည်။ သီးသန့်နေရာအား ထိပ်သီး အင်အားစုများ သာလျှင် ဝင်ခွင့်ရပြီး တခြားလူများက အဝေးမှသာ ကြည့်၍ ရပေသည်။ လက်ရှိတွင်ကား ကောင်းကင်တွင် ပင်လျှင် လူပင်လယ်ကြီး ဖြစ်နေသည်။
ထိပ်သီး အင်အားစုများ အားလုံးက တဖြည်းဖြည်း ရောက်ရှိလာကြပြီး နေရာယူကြသည်။
“ကျောင်းတော် ရောက်လာပြီ… ” လူတိုင်းက လှမ်းကြည့် လိုက်ကြသည်။ သူတို့က ကျူးချိန်၊ ဇုန်းဇွီနှင့် ဘေလိရှာတို့က ကျောင်းသားများကို ဦးဆောင် လာသည်ကို တွေ့ကြရသည်။ ယနေ့ ဒွန်ချင် ကျောင်းတော်၏ အဓိက ပစ်မှတ်မှာ ကျောင်းတော်ဖြစ်ရာ သူတို့အား လူအများက စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။
“ကော့တေး ရောက်မလာဘူး….” လူအများက ကော့တေးမှ တပည့်များ ရောက်မလာသည်ကို သတိထား မိကြသည်။
“လျိုဖန်းနဲ့ ဂူတုံးလျိုတို့က တည်းခိုခန်းက မနေ့က ထွက်သွားတယ်လို့ ကျုပ်ကြားတယ်… သူတို့က ကော့တေးကို ဒဏ်ရာ ကုဖို့ ပြန်သွားကြတာ ဖြစ်မယ်… “တစ်စုံ တစ်ယောက်က မှတ်ချက်ချသည်။ သို့တိုင်အောင် တခြား ကော့တေး တပည့်များက လာသင့်ပေသည်။ သို့သော်လည်း ယန်မိသားစုမှ ယန်ကျန်းက မနေ့က ရီဖူရှင်းအား စိန်ခေါ်ရာ ရီဖူရှင်းက ငြင်းပယ်ခဲ့သည်ဟု ကြားကြရသည်။ သူတို့က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့၏ ပစ်မှတ်ထား တိုက်ခိုက် ခံရမည်ကို ကြောက်ရွံ့ နေကြသည်လား။
ထိပ်သီး အင်အားစုများ ရောက်ရှိလာကြလျှင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ဒွန်ချင်ကျောင်းတော်မှ ထွက်ပေါ်လာကြကာ စင်မြင့်ပေါ်သို့ လျှောက်လာကြသည်။ ယနေ့ အစီအစဉ်များအား သူတို့က ဦးဆောင်မည် ဖြစ်သည်။
မရေမတွက်နိုင်သော မျက်လုံးများက သူတို့ကို ကြည့်နေကြသည်။ ချင်မုံရိုနှင့် ချိန်ရှင်းမူတို့က ယှဉ်တွဲလျက် ရပ်နေလျှင် များစွာသော လူများ၏ စိတ်ဝင်တစား အကြည့်များကို ဆွဲဆောင်ထားသည်။ သူတို့ကား လွန်စွာ ဆွဲဆောင်အား ကောင်းပြီး မနေ့ကမှ လက်ထပ် ထားကြသည်။
ချင်မုံရိုကား ယခင်လို လှပဆဲဖြစ်သည်။ သန့်စင်ကာ သိမ်မွေ့သော မိန်းကလေးကား ယခု တခြားလူ တစ်ယောက်၏ ဇနီးဖြစ်နေလေပြီ။ အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမပျို သုံးယောက်ထဲတွင် သူမကား ပထမဆုံး လက်ထပ်သူ ဖြစ်သည်။ ဒွန်ဟွာကလန်မှ ဟွာချင်းချင်းက လုနန်ထျန်းနှင့် စေ့စပ်ထားပြီး ဖြစ်ကာ လစန္ဒာကလန်မှ ချူယောင်ယောင် တစ်ယောက်သာ ကျန်တော့သည်။ သို့သော် ကောလာဟလများ အရ ချင်ပြည်ထောင်မှ ချင်လီက သူမအား ပိုးပန်းနေသည်ဟု ကြားကြရသည်။
ချင်ယွီက ရှေ့ကို လျှောက်လာကာ ပြောသည်… “မနေ့က ဒွန်ချင် ကျောင်းတော်ရဲ့ ဖွင့်ပွဲနေ့ပဲ… ဒီအခွင့်အရေးကို သုံးပြီး ကျုပ်တို့က ထိပ်သီး အင်အားစုတွေကို မိတ်ဖြစ်ဆွေဖြစ် စိန်ခေါ်ပွဲတွေ ကျင်းပဖို့ ဖိတ်ခေါ်ခဲ့တယ်… ဘယ်သူမဆို စင်ပေါ်ကို တက်ပြီး စိန်ခေါ်နိုင်တယ်…. တစ်ဖက်လူက လက်ခံသရွေ့ အားလုံးက အဆင်ပြေတယ်…. စွမ်းဆောင်ရည် ကောင်းတဲ့ ဘယ်သူမဆို ဒွန်ချင် ကျောင်းတော်ကို ဝင်ရောက်မယ် ဆိုရင်လည်း ကျုပ်တို့က လက်ခံတယ်….” ထို့နောက် သူက လူအုပ်ထဲကို ကြည့်လိုက်သည်။ လှုပ်ရှားမှုများ သိပ်မတွေ့ရပေ။
သိသာစွာပင် သူတို့အားလုံးက စောင့်စား နေကြသည်။ ယနေ့ကား အမှန်တကယ် အားဖြင့် ဒွန်ချင် ကျောင်းတော်နှင့် အရှေ့မြေရိုင်း ကျောင်းတော်တို့၏ တိုက်ပွဲဖြစ်သည်။ တခြားလူများက ပွဲကြည့်ရန် ရောက်လာ ကြခြင်းသာ ဖြစ်သည်။ မှန်သည်… သူတို့က စိတ်ဝင်စား ပါကလည်း ပါဝင် စိန်ခေါ်နိုင်သည်။
မည်သူမှ ပြန်မပြောသည်ကို မြင်လျှင် ချင်ယွီက ဆက်ပြောသည်… “ဒီနေ့ ဒွန်ချင် ကျောင်းတော်က အိမ်ရှင်ဆိုတော့ ကျုပ်တို့ကပဲ အရင် စတင်ပါ့မယ်…” ထို့နောက် သူက နောက်ဆုတ် လိုက်လျှင် သူ့နောက်မှ လူတချို့က ရှေ့ကို တစ်ပြိုင်နက်တည်း တက်လာကြသည်။ သူတို့အား မြင်လျှင် ပရိသတ်များ စိတ်ဝင်စား သွားကြသည်။
ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က တစ်ပြိုင်နက်တည်း ထွက်လာကြသည်။ သူတို့ကား ယမန်နေ့ကမှ လက်ထပ်ထားသည်။ ယနေ့ သူတို့က တိုက်ခိုက် ကြမည်လား။
သူတို့နှစ်ယောက် အပြင် နောက်ထပ် လေးယောက်လည်း ရှိသေးသည်ကို လူအများက သတိထား မိကြသည်။ စုစုပေါင်း ဒွန်ချင် ကျောင်းတော်မှ လူခြောက်ယောက်က တိုက်ပွဲ စင်မြင့်ပေါ်ကို တက်လာကြသည်။
“ဒါက အုပ်စုဖွဲ့ စိန်ခေါ်ပွဲလား…” လူတိုင်းက ချက်ချင်း စိတ်ဝင်စား သွားကြသည်။ ပထမဆုံး တိုက်ပွဲက အုပ်စုဖွဲ့တိုက်ပွဲ ဖြစ်ဟန် ရသည်။
ချိန်ရှင်းမူနှင့် ချင်မုံရိုတို့အပြင် တခြား လေးယောက်အား လူအများက သိပ်မရင်းနှီးကြပေ။ သို့သော်လည်း ထိုခြောက်ယောက်က ဒွန်ချင် ကျောင်းတော်၏ တပည့်များအဖြစ် ရှေ့ကို တက်လာကြသည်။
“ကျုပ်တို့ ခြောက်ယောက်က အဆင့်နိမ့် အကာနာတွေပဲ….” ချိန်ရှင်းမူက ပြောသည်… “ကျုပ်တို့က အရှေ့မြေရိုင်း ကျောင်းတော်က ရှောင်ဝူကျိ၊ ယွီချိန်ချင်း၊ စုမူဂီ၊ ကျင့်တောင်နဲ့ ဟွာဖန်းတို့ကို စိန်ခေါ်ချင်တယ်….” သူက ထိုသို့ ပြောလိုက်လျှင် လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ချိန်ရှင်းမူ စိန်ခေါ်ခဲ့သော ခြောက်ယောက်ကား သူတို့အတွက် ရင်းနှီးသော နာမည်များ ဖြစ်ကြသည်။ လူငယ် မျိုးဆက်ထဲတွင် ရှောင်ဝူကျိနှင့် ယွီချိန်ချင်းတို့ကား အလွန်ပင် ကျော်ကြားသည်။ တခြား လေးယောက်က အနည်းငယ် အားနည်းဟန် ရှိသော်လည်း သူတို့ကလည်း ကျောင်းတော်၏ ပါရမီရှင်များ ဖြစ်ကြသည်။ ထိုလူများက ယမန်နှစ်က အားအနည်းဆုံး သူပင်လျှင် ဓမ္မအဆင့် အမြင့်ဆုံးတွင် ရှိသည်။ ယခု သူတို့က အကာနာအဆင့်ကို ရောက်နေပြီ ဖြစ်ရပေမည်။
ဒွန်ချင် ကျောင်းတော်က ပထမတိုက်ပွဲ အရှုံးအား ပြန်လည် ဆပ်ရန် ကြံစည်နေပုံ ရသည်။ သို့သော်လည်း ချိန်ရှင်းမူက ထိုလူများအား အနိုင်ရပါ့မလား။
ကျောင်းတော်မှ လူများ၏ မျက်လုံးများ အရောင်လက် သွားကြသည်။ သူကား အမှန်ပင် ရည်မှန်းချက် ကြီးသည်။ သူက အရှေ့မြေရိုင်း ကျောင်းတော်၏ အဆင့်နိမ့် အကာနာ ပါရမီရှင်များ အားလုံးကို တစ်ပြိုင်နက်တည်း စိန်ခေါ်ကာ အနိုင်ယူချင် သည်လား။
ရှောင်ဝူကျိက ရှေ့ကို တက်သွားသည်။ သူ့အား တန့်ယွီက လာရောက် ဖိတ်ခေါ်ပြီး ကတည်းက သူကား မိမိကိုယ်ကို သက်သေပြခဲ့ခြင်း မရှိသေးပေ။ သူကား အရှေ့မြေရိုင်း တစ်ခွင် နာမည်ကျော်ကြားပြီး ဖြစ်သော်လည်း သူ၏ တကယ့် စွမ်းရည်များကို ပြသခဲ့ဖူးခြင်း မရှိသေးပေ။
ယခု ချိန်ရှင်းမူက သူ့အား ထိုအခွင့်အရေးကို ပေးနေသည်။
ယွီချိန်ချင်းကလည်း ရှေ့ကို လျှောက်လာသည်။ သူကား ရှောင်ဝူကျိ မရောက်မီကပင် အရှေ့မြေရိုင်း ဒေသတွင် နာမည် ကျော်ကြားနေပြီး ဖြစ်သည်။ သူကား ထိပ်သီး ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ ရှောင်ဝူကျိနှင့် စုမူဂီတို့နှင့်အတူ သူ့ကို ချိန်ရှင်းမူက စိန်ခေါ်ရဲသည်။
သူတို့ ခြောက်ယောက် ကလည်း ရှေ့ကို တစ်ပြိုင်နက်တည်း တက်သွားကြသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူတို့က စင်မြင့်ပေါ်သို့ တက်သွားကြ၏။
ချိန်ရှင်းမူက သူတို့အား အခွင့်အရေး ယူထားခြင်း မရှိပေ။ သူတို့၏ တန်ခိုး အဆင့်များက နိမ့်ကျခြင်း မရှိသလို ချိန်ရှင်းမူတို့ အဖွဲ့ကတည်း ပိုမို မြင့်မားခြင်း မရှိပေ။ သူတို့က စိန်ခေါ်မှုကို ငြင်းပယ်စရာ မရှိပေ။
သူတို့ ဆယ့်နှစ်ယောက်က စင်မြင့်ပေါ်ကို ရောက်လျှင် မျက်လုံးပေါင်း များစွာက သူတို့ထံ ရောက်လာသည်။
ချိန်ရှင်းမူတို့ ခြောက်ယောက်က ချက်ချင်း နေရာယူလိုက် ကြသည်။ ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က ဘေးတစ်ဖက် တစ်ချက်တွင် ရပ်လိုက်ကြသည်။ တခြား လူလေးယောက်က သူတို့နောက်တွင် ရပ်လိုက်ကြ၏။ သိသာစွာပင် ချင်မုံရိုနှင့် ချိန်ရှင်းမူတို့က စိတ်ဝိညာဉ် စွမ်းအားဖြင့် သူတို့လူများအား အထောက်အကူပြုရန် ကြံစည်ထားသည်။ ဒွန်ချင်ကျောင်းတော်က ဤအတွက် ကြိုတင် ပြင်ဆင်ထားပုံ ရသည်။
ချင်ပြည်ထောင် လူစုထဲတွင် ချင်လီက နှုတ်ခမ်းများ ကွေးသွားအောင် ပြုံးလိုက်သည်။ မနေ့က တိုက်ပွဲမှ လုနန်ထျန်း၏ အရှုံးကို သူက အပြစ်မတင်နိုင်ပေ။ သူ၏ အဖေပင်လျှင် အပြစ်မတင်နိုင်ပေ။ သို့သော်လည်း ယနေ့ လူတိုင်းက ဒွန်ချင် ကျောင်းတော်၏ အောင်မြင်မှုကို မြင်တွေ့ရပေမည်။ အရှေ့မြေရိုင်း ကျောင်းတော်၏ ခေတ်ကား ကုန်ဆုံးသွားပြီ ဖြစ်သည်။
***