ဂူတုံးလျိုက နောက်လှည့် လိုက်သည်။ သူ၏ အဝတ်အစားများက သပ်ရပ်ခြင်း မရှိတော့ဘဲ မီးလောင်ကွက်များ ရှိနေသည့်တိုင် သူကား မတ်မတ်ရပ်နေဆဲ ဖြစ်သည်။ လူအများက သူ့အား လေးစားစွာ ကြည့်နေကြသည်။ သူကဲ့သို့သော သူကား အမှန်ပင် လေးစား ထိုက်ပေသည်။ ရှုံးနိမ့်ခဲ့သော လုနန်ထျန်းကလည်း ထိုသို့ပင်။
“အစ်ကိုသုံး….” ရွှီယီ၊ လျိုဖန်းနှင့် တခြားလူများ ပြေးသွား လိုက်ကြသည်။
“သွားစို့….” ဂူတုံးလျိုက ပြောသည်။ ထို့နောက် သူက စထွက်ခွာသည်။ ရွှီယီနှင့် တခြား လူများကလည်း တစ်စုံတစ်ခုအား ခံစားမိဟန်တူကာ သူ့နောက်က လိုက်ပါ သွားကြသည်။
ရီဖူရှင်းကလည်း တစ်စုံတစ်ခုအား ခံစားမိသည်။ သူနှင့် ယူချင်းကလည်း ဂူတုံးလျို၏ နောက်ကို လိုက်ပါ သွားကြသည်။
“ရီဖူရှင်း….” တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။ ရီဖူရှင်းက လှမ်းကြည့် လိုက်သည်။ သူက ယန်မိသားစုမှ ယန်ကျန်းကို မြင်သည်။ သူက ပြောသည်… “မင်းက ငါတို့ မိသားစုရဲ့ ဓာတ်ငါးမျိုး နှင်တံနဲ့ မိစ္ဆာတိုင်ကို ခိုးသွားတယ်… အခု ငါက ကော့တေးက တပည့်ရဲ့ အစွမ်းကို မြင်ချင်တယ်….”
“မင်းက အဆင့်မမီဘူး…” ရီဖူရှင်းက သူ့အား အေးစက်စွာ ပြောကာ ဂူတုံးလျို၏ နောက်ကို ဆက်လက် ပါသွားသည်။
ယန်ကျန်း၏ မျက်လုံးများက တင်းမာ သွားသည်။ သူက ရီဖူရှင်း၏ နောက်ကျောကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်… “ကော့တေးက ကြည့်ရတာ အရောရော အနှောနှောပဲ…”
“သူ ဒဏ်ရာ ရထားတယ်….” ချင်ယွီက ဂူတုံးလျို ထွက်သွားရာ ဘက်ကို ကြည့်နေရင်းက ပြောသည်။ လူတိုင်းက ဂူတုံးလျိုအား လှမ်းကြည့်ကာ သဘော တူကြသည်။ နောက်ဆုံး တိုက်ခိုက်မှုက အလွန်အမင်း အားကောင်းလှသည်။ လုနန်ထျန်း ကဲ့သို့သော သူပင်လျှင် ပြိုလဲ သွားစေနိုင်လျှင် ဂူတုံးလျိုကလည်း ဒဏ်ရာ ရရပေမည်။ သို့သော်လည်း တစ်ဖက်က လဲကျသွားစဉ် သူက ဆက်ရပ်နေခြင်းက အနိုင်ရခြင်း ဖြစ်သည်။ သူက ဒဏ်ရာ ရသော်လည်း သူက မတ်မတ်ရပ်လျက် ထွက်သွားနိုင်သည်။ သူကား အလွန် မာနကြီး၏။
သို့သော်လည်း သူ့တွင် မာနကြီးရင် အခွင့်အရေး ရှိပေသည်။ အရှေ့မြေရိုင်း ဒေသတွင် သူ့ထက် မာနကြီးရန် အခွင့်အရေးရှိသူ သိပ်မများပေ။
ဂူတုံးလျိုကား အမှန်ပင် ဒဏ်ရာ ရထားသည်။ သူက ဒွန်ချင် ကျောင်းတော်မှ အပြင် ထွက်လိုက်လျှင် ရှေ့တွင် ပင်လယ်တမျှ ကျယ်ပြောသော လူအုပ်ကြီးအား တွေ့ရသည်။ တစ်စုံတစ်ယောက်က ရှေ့ကို လျှောက်လာကာ မေးသည်… “ဘယ်သူ နိုင်တာလဲ…”
“ရွှီယီ…” ဂူတုံးလျိုက ခေါ်လိုက်သည်။ ရွှီယီက နားလည်လိုက်ကာ ဂူတုံးလျိုအား လက်မှ တွဲကိုင် လိုက်သည်။ သူတို့က ကောင်းကင်အား ပျံတက်သွားပြီး ထွက်ခွာ သွားကြသည်။ ထိုမြင်ကွင်းကို မြင်လျှင် လူအုပ်ကြီးက တီးတိုး ပြောဆိုကြသည်။
“ရွှီယီက ဂူတုံးလျိုကို ကူညီပြီး ခေါ်သွားရတယ်…..”
“သူက ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားတာ ဖြစ်ရမယ်….” လူအများအပြားက ခန့်မှန်းကြသည်။
လူအများက စကားပြော နေကြသည်။ ဂူတုံးလျိုက ရှုံးနိမ့်သည်လား။ ကော့တေးက ရှုံးနိမ့်သည်လား။ မဟုတ်လျှင် သူတို့အားလုံးက အဘယ်ကြောင့် ထွက်သွား ကြသနည်း။ ဒွန်ချင် ကျောင်းတော် ကလည်း တိတ်ဆိတ် နေသည်။ ကျောင်းတော်ထဲမှ ကော့တေးမှ လူများအပြင် မည်သူမှ ထွက်လာခြင်း မရှိပေ။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာဖြင့် အဖြေကို သိလိုနေကြသည်။
ကော့တေးမှ တပည့်များ တည်းခိုသော နေရာကား ဒွန်ချင်ကျောင်းတော်နှင့် သိပ်မဝေးပေ။ သူတို့က ချက်ချင်းပင် မိမိတို့၏ နေရာကို ပြန်ရောက် လာကြသည်။ သူတို့က မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့် ဂူတုံးလျို၏ ပါးစပ်မှ သွေးတစ်ပွက် အန်ကာ သူ၏ ကိုယ်ရောင် ကိုယ်ဝါက မှေးမှိန်သွားသည်။
“အစ်ကိုသုံး…..” အားလုံးက စိုးရိမ်သွားသည်။ ဂူတုံးလျိုက လက်ပြကာ မြေပြင်တွင် ထိုင်လိုက်သည်… “ငါ အဆင်ပြေတယ်…. လုနန်ထျန်းက တကယ် လေးစားဖို့ ကောင်းတဲ့ ပြိုင်ဘက်ပဲ….”
လူတိုင်းက သဘောတူကြသည်။ သူတို့၏ အစ်ကိုသုံးအား ဤအထိ တိုက်ခိုက်နိုင်သော သူကား အမှန်ပင် လေးစားဖို့ ကောင်းသည်။
“အစ်ကိုသုံး… လုနန်ထျန်းက လဲကျသွားပြီးပြီ…. ဘာလို့ ဒဏ်ရာကို ချုပ်တည်း ထားတာလဲ…. သူတို့က အစ်ကိုသုံးရဲ့ ဒဏ်ရာကို မြင်ရင်ရော ဘာဖြစ်မှာမို့လဲ…” ရွှီယီ မေးသည်။ ဒဏ်ရာအား ချုပ်တည်း ထားခြင်းမှာ ဒဏ်ရာအား ပိုမိုဆိုးရွား စေသည်ကို သူသိသည်။
“ကော့တေးက လူတွေက လဲကျလို့ မရဘူး…” ဂူတုံးလျိုက ရွှီယီအား ကြည့်လိုက်သည်။ ထို့နောက် သူက လျိုဖန်းနှင့် ရီဖူရှင်းတို့ကို ကြည့်ကာ ပြောသည်… “ဒါက ဂုဏ်မောက်တာ မဟုတ်ဘူး… ကော့တေးက အရမ်း ကျော်ကြားလွန်း နေတယ်…. အရှေ့မြေရိုင်း ဒေသ တစ်ခုလုံးရဲ့ အာရုံက ငါတို့ဆီမှာ ရှိနေတယ်… ငါတို့က စွမ်းအားကောင်းတဲ့ အတိုင်းပဲ ရှေ့ဆက်ပိုင်ခွင့် ရှိတယ်… မဟုတ်ရင် ဒါက ကပ်ဘေး ဆိုက်တာပဲ….”
ထိုစကားကို ကြားလျှင် သူတို့အားလုံး အတွေးနက် သွားကြသည်။ သူတို့ အနည်းငယ် နားလည်သလို ရှိသည်။
ကော့တေး၏ နာမည် ကျော်ကြားမှုက မည်သည့်နေရာက လာသနည်း။ ယနေ့ ကော့တေး၏ အဆင့်အတန်းက ယခင်က တိုက်ပွဲ နှစ်ပွဲကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် မျက်လုံးပေါင်း များစွာ သူတို့ထံ ရောက်နေခြင်း ဖြစ်သည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က အဘယ်ကြောင့် ပူးပေါင်းကြသနည်း။ သူတို့က ကျောင်းတော်၏ ကော့တေးအား ရင်ဆိုင် ဖိနှိပ်ရန် ဖြစ်သည်။
နောက်ဆုံး တစ်ကြိမ်က သူတို့က ရီဖူရှင်းအား ဖိနှိပ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။ ယူချင်းကား သေလုနီးပါး ဖြစ်ခဲ့ရ၏။ ထိုအရာက ကော့တေးအား စမ်းသပ်ခြင်း တစ်ခုဖြစ်ရာ ဂူတုံးလျိုက ဒွန်ဟွာကလန်၏ နိုဘယ်ထံသို့ တိုက်ရိုက် သွားရောက်ပြီး အစွမ်း ဖျက်ဆီးကာ တုံ့ပြန်ခဲ့သည်။ ထိုအရာက ကော့တေး၏ မောက်မာ ဝင့်ကြွားခြင်းနှင့် မသက်ဆိုင်ဘဲ ထိုအရာက ကော့တေးက အနိုင်ကျင့်၍ ရသော နေရာ မဟုတ် ဟူသည်ကို ပြသရန် ဖြစ်သည်။
ထို့ကြောင့် ဂူတုံးလျိုက ရှုံးနိမ့်၍ မရပေ။ ဓားသခင် မရှုံးနိမ့်သရွေ့ ကော့တေးအား မည်သူကမှ ထိခိုက်အောင် လုပ်၍ မရပေ။ သူတို့တွင် တပည့် ရှစ်ယောက်မျှသာ ရှိသည်။ သူတို့က တစ်စုံ တစ်ယောက်ကိုမှ အဆုံးခံ၍ မရပေ။ တစ်ယောက်မျှ ကျရှုံးခြင်းက ကော့တေးအတွက် ကပ်ဘေးဆိုက်ခြင်း ဖြစ်သည်။
“ရွှီယီ… လျိုဖန်း…” ဂူတုံးလျိုက သူတို့ နှစ်ယောက်အား ကြည့်လိုက်သည်… “မင်းတို့ နှစ်ယောက်က ငါ့ရဲ့ အဆင့်ကို ရောက်မှ ကော့တေးက အရှေ့မြေရိုင်း ဒေသမှာ အခြေ ခိုင်လိမ့်မယ်…..”
ရွှီယီနှင့် လျိုဖန်းတို့က ခေါင်းညိတ် လိုက်ကြသည်။ သူတို့၏ မျက်လုံးများက အလွန် လေးနက် သွားကြသည်။ အစ်ကိုသုံး ထမ်းထားရသော ဖိအားများကို သူတို့ နားလည်ကြသည်။ ထိုအရာက ကော့တေး၏ ကြီးမြတ်မှု ဖြစ်သည်။ သူတို့က ဒဏ်ရာ ပြင်းထန်နေလျှင်ပင် ဆက်သွားရပေမည်။
ဒွန်ဟွာကလန်၏ လုနန်ထျန်းကား ဤမျှ အားကောင်း လှသည်။ သူတို့၏ ကလန် ခေါင်းဆောင်က သည့်ထက် အားနည်းရန် မရှိပေ။ ထို့အပြင် ဒွန်ဟွာ ကလန်၏ သမိုင်း အမွေများ အရ သူတို့တွင် အလွန် အားကောင်းသော အဘိုးကြီးများ ရှိနေမည်မှာ သေချာသည်။
“ရှောင်ရှီ… ဖူရှင်း… ယူချင်း… မင်းတို့လည်း ကြိုးစားရမယ်…” ဂူတုံးလျိုက ယိရှောင်ရှီ၊ ယူချင်းနှင့် ဖူရှင်းတို့ဘက်ကို လှည့်ကာ ပြောသည်။ သူ၏ မျက်နှာတွင် ရှားပါးသော အပြုံးကို တွေ့ရသည်။ ထိုအခိုက်တွင် သူကား ညီငယ်များကို တင်းကျပ်စွာ အုပ်ချုပ်သော အစ်ကိုသုံးနှင့် မတူတော့ပေ။ ထိုအစား သူကား သူ့ညီငယ်များ ကြီးပြင်း လာအောင် စောင့်ရှောက်သော အစ်ကိုကြီး တစ်ယောက် မျှသာ။
အလွန် အားကောင်းသော ကော့တေးပင်လျှင် ဤသို့သော ဖိအား ရှိသည်ကို ရီဖူရှင်း သိလိုက်သည်။
“အစ်ကိုသုံး… စိတ်မပူပါနဲ့… ကျွန်တော်က အစ်ကိုသုံးရဲ့ အဆင့်ကို ရောက်လာရင် ကော့တေးက အင်မော်တယ် ဖြစ်သွားလိမ့်မယ်…” ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် ပြောသည်… “အစ်ကိုသုံးက အခု အနားယူရမယ်….”
“အင်း…” ဂူတုံးလျိုက သူ့အား ကြည့်ကာ လေးနက်စွာ ခေါင်းညိတ်သည်… “ကျုပ်ကို သိနားလည်တဲ့ သူက ကျုပ်ရဲ့ မောက်မာမှုကို သိတယ်… မသိ နားမလည်တဲ့လူကို စွန့်ပစ်တာက ဖြုန်းတီးမှု တစ်ခု မဟုတ်ဘူး… မင်း လုပ်နိုင်မယ် ဆိုတာ ငါယုံတယ်…”
“ကျွန်တော် ကြိုးစားပါ့မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဆရာက ပြောတယ်… သူက ကော့တေးကို အရှေ့မြေရိုင်း ဒေသရဲ့ စစ်မှန်တဲ့ တန်ခိုးကျင့်ရာ မြင့်မြတ် နယ်မြေတစ်ခု ဖြစ်စေချင်တယ်… ကော့တေး တပည့်တွေ အကုန်လုံးကို ဒီအတွက် ကြိုးစားကြရမယ်…” ဂူတုံးလျို၏ မျက်လုံးများက လွန်စွာ လင်းလက် တောက်ပနေသည်။
ရီဖူရှင်းက သူ့အား ကြည့်သည်။ ဆရာ၏ ရည်ရွယ်ချက်က ကော့တေးအား တန်ခိုးကျင့်ရာ မြင့်မြတ် နယ်မြေ ဖြစ်ချင်သည်လား။ စစ်မှန်သော မြင့်မြတ် နယ်မြေ ဆိုသည်မှာ အဘယ်နည်း။
***
ဒွန်ချင် ကျောင်းတော်တွင် ဂူတုံးလျို ထွက်ခွာ သွားသည်ကို လူတိုင်းက ကြည့်နေကြသည်။ သူတို့က ချင်ယွီ၏ စကားများကို လက်ခံ ကြရသည်။ ဂူတုံးလျိုကား ဒဏ်ရာ ရသည်။ သို့သော် သူကား ကော့တေး၏ အလွန် အားကောင်းသော အစ်ကိုသုံး ဖြစ်သည်။ ဤနေရာတွင် ထိပ်သီး အင်အားစုတိုင်း၏ အဆင့်မြင့် နိုဘယ်များ ရှိနေကြသည်။ မည်သူကမှ သူ့အား အနိုင်ယူရန် ယုံကြည်မှု မရှိပေ။ ဂူတုံးလျို မည်မျှ အားကောင်းသည်ကို သူတို့အားလုံး တွေ့ပြီး ဖြစ်သည်။ ဤတိုက်ပွဲအား တွေ့မြင် လိုက်ရခြင်းက သူတို့အတွက် အလွန် အဖိုးတန်လှသည်။
ချင်ယွီက လူအုပ်ကြီးအား ကြည့်ကာ ပြောသည်… “ဒီနေ့က ဒွန်ချင် ကျောင်းတော်ရဲ့ ပထမဆုံး တိုက်ပွဲပဲ… သိုင်းပညာ စင်မြင့်က တစ်ခေတ်မှာ တစ်ခါ ပေါ်ထွက်လာတဲ့ ပါရမီရှင် နှစ်ယောက်ရဲ့ စွမ်းရည်ကို ပြသခဲ့တယ်… ဒီတိုက်ပွဲက သမိုင်းဝင် တိုက်ပွဲတစ်ခုပဲ…”
လူတိုင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ချင်ယွီသည်လည်း လှည့်စား တတ်သည်။ နှစ်ယောက်လုံးက ဒဏ်ရာ ရသည်ဟုသာ သူက မှတ်ချက်ချသည်။ မည်သူ အနိုင်ရသည်ကို သူက မပြောပေ။ လက်ရှိ ရလဒ်က သူ၏ အစီအစဉ်အား ပျက်စီးစေပုံ ရသည်။ သို့သော် သူ၏ စကားကို မည်သူမှ မငြင်းနိုင်ပေ။ ချင်ယွီ ပြောသည်လည်း မမှားပေ။ ဤတိုက်ပွဲကား သမိုင်းဝင် တိုက်ပွဲတစ်ခု ဖြစ်သည်။ လုနန်ထျန်း အားနည်းသည်ဟု မည်သူမှ မပြောနိုင်ပေ။
“လူတိုင်းက ထိပ်သီး အင်အားစုက လာကြတာ ဖြစ်တဲ့အတွက် ဒွန်ချင် ကျောင်းတော်က ခင်ဗျားတို့ကို စိတ်မပျက် စေရပါဘူး…..” ချင်ယွီက ဖြည်းညင်းစွာ ပြောသည်… “မနက်ဖြန်က စပြီး ကျုပ်တို့က ကျောင်းတော် ပြင်ပမှာ တိုက်ပွဲစင်မြင့်တစ်ခု တည်ဆောက်မယ်… ဒွန်ချင်ကျောင်းတော်က ကျောင်းသားတွေက အရှေ့မြေရိုင်း ဒေသက ပါရမီရှင်တွေနဲ့ စိန်ခေါ်ပွဲတွေ တိုက်ခိုက်ချင်တယ်… အဲဒီအချိန်ကျရင် လူတိုင်းရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ကြမယ်လို့ ကျုပ်ယုံတယ်…” ထို့နောက် သူက ကျောင်းတော်ဘက်ကို ကြည့်ကာ ဆက်ပြောသည်… “အထူးသဖြင့် အရှေ့မြေရိုင်း ကျောင်းတော်ကိုပဲ … ဂူတုံးလျိုလို နောက်တစ်ယောက် ရှိမလား ကျုပ် သိချင်တယ် … အရှေ့မြေရိုင်း ကျောင်းတော်က ကျုပ်တို့ကို စိတ်မပျက် စေနိုင်ဘူးလို့ ကျုပ်ယုံတယ် …”
လူတိုင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ မျှော်လင့် ထားသလိုပင် ရှုံးနိမ့်ခဲ့သော ဒွန်ချင် ကျောင်းတော်က ဤမျှဖြင့် မရပ်တန့်ပေ။ သူတို့က အရှေ့မြေရိုင်း ကျောင်းတော်မှ လူများအား ထပ်မံ စိန်ခေါ်လိုသည်။
***