ဂူတုံးလျို၏ ပြောင်းလဲမှုက လူတိုင်းကို ထိတ်လန့်စေသည်။ ထိုအရာက သူ၏ ဓမ္မလား။
သူ့နောက်တွင် ကြောက်မက်ဖွယ် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ရှေးဟောင်း သင်္ကေတ ကိုးခုက လည့်ပတ်လျှင် သဘာဝ စွမ်းအင်များက ဂူတုံးလျို၏ ခန္ဓာနှင့် ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သူ့ထံမှ ဖြာထွက်လာသည်။ သူ့ထံ ရောက်ရှိ လာသမျှသော မီးလျှံများ ပျက်စီး ပျောက်ကွယ် သွားသည်။
သိသာစွာပင် သူ၏ သက်စောင့်ဝိညာဉ်ကို ဓမ္မနှင့် ပေါင်းစပ်ထားပြီး ဖြစ်သော်လည်း သူ၏ သက်စောင့်ဝိညာဉ်က မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာက ပုံရိပ် သို့မဟုတ် ရှေးဟောင်း စာလုံးများလား။
ကြောက်မက်ဖွယ် မီးလျှံများ သူ့ထံ လာရောက် လောင်ကျွမ်း ကြသော်လည်း စာလုံးကိုးလုံးက လင်းလက် သွားသည်။ ဂူတုံးလျို၏ ရှေ့တွင် သင်္ကေတ ကိုးခုအလင်း အရံအတား ဖြစ်ပေါ်လာသည်။ သူတို့က ဂူတုံးလျိုအား လှည့်ပတ်နေကြကာ မီးလျှံများက ဂူတုံးလျို၏ အနီးသို့ ကပ်နိုင်စွမ်း မရှိတော့ပေ။ တစ်ချိန်တည်းမှာပင် သဘာဝ စွမ်းအင်များက ရုန့်ရင်း ကြမ်းတမ်းစွာဖြင့် သင်္ကေတကိုးခုနှင့် ပေါင်းစပ်ကြသည်။
လုနန်ထျန်း၏ အထက် ကောင်းကင်တွင် ရှီအသိက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ များစွာသော မီးနတ်ငှက်များက နေနတ်ဓားနှင့်အတူ ပေါ်လာကြသည်။ သူတို့က ဂူတုံးလျိုထံသို့ တစ်ချိန်တည်းမှာ ပျံသန်း သွားကြသည်။ ထိုအရာများက ဂူတုံးလျို အသုံးပြုခဲ့သော နေဝင်ချိန် မြစ်ရေထက် များစွာ အားကောင်း ပေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းက ရှီအသိ ပါဝင်သည်။
ဂူတုံးလျိုက ထိုအရာများကို မြင်ဟန် မရပေ။ သူက ရှေ့မှ လေထုထဲသို့ တိုးဝင်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါသွားကာ ထောင်ပေါင်း များစွာသော ရှေးဟောင်း သင်္ကေတများက သူ့အား လာရောက် ရစ်ပတ်ကြပြီး ရုတ်တရက် ကြီးမားသော လက်ဝါးပုံရိပ် တစ်ခု ဖြစ်လာသည်။ ထိုလက်ဝါးက ရောက်လာသမျှသော တိုက်ခိုက်မှုများကို ရိုက်ချသည်။
ချက်ချင်းပင် ထိတ်လန့်ဖွယ် အပူလှိုင်းတစ်ခုက ကွဲထွက်လာကာ သိုင်းပညာ စင်မြင့်တွင် ပျံ့နှံ့လာသည်။ များစွာသော စွမ်းအားမြင့် နိုဘယ်များက ရှေ့ကို တက်ကာ သူတို့၏ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ် လိုက်ကြသည်။ သူတို့က လျှံထွက်လာသော အားလှိုင်းများအား ပရိသတ်များ ထိခိုက်မှု မရှိစေရန် ကာကွယ် ပေးကြသည်။
ကျောင်းတော်မှ ကျူးချိန်ကလည်း ရှေ့ကို တက်သွားသည်။ ရေဓာတ် အရံအတား တစ်ခု သူမထံမှ ထွက်ပေါ်လာကာ ရောက်ရှိလာသော မီးလျှံဓာတ်များကို ကာကွယ်သည်။ သို့သော် သူမ၏ မျက်လုံးများက တိုက်ပွဲကို ရောက်ရှိနေ၏။
သူမက တောင်ကုန်း အကြီးအကဲ ဖြစ်သည့်တိုင် ဤတိုက်ပွဲကို မြင်ကာ ထိတ်လန့်ရသည်။ လုနန်ထျန်းနှင့် ဂူတုံးလျိုတို့ နှစ်ယောက်လုံးကား အလွန် အားကောင်းလှသည်။
ယခုတွင်ကား လုနန်ထျန်းက မှော်တိုက်ကွက်များအား အတွေးတစ်ခုမျှဖြင့် ထုတ်လွှတ်နိုင်သည်။ သူ၏ မှော်တိုက်ကွက်များက ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေကာ အရာအားလုံးကို ဖျက်ဆီးသည်။
ထောင်ပေါင်း များစွာသော ရှေးဟောင်း စာလုံးများက ဂူတုံးလျိုအား ရစ်ပတ်ထားပြီး ရပ်တန့် မရနိုင်သော အရှိန်အဝါများ ဖြစ်ပေါ်လာနေသည်။ ထိုစဉ် သူ၏ တံဆိပ်တော် ကိုးခုက အလင်းကိုးခုအဖြစ် ပြောင်းလဲသွားသည်။ မြင့်မြတ်အလင်းများ ဖြန့်ကြက်ထားလျှင် ဂူတုံးလျို၏ ဟန်ပန်က လွန်စွာ ထူးခြား လေးနက်နေသည်။ သူက ရှေ့ကို လှမ်းသွားလိုက်လျှင် သူ့ရှေ့မှ မှော်တိုက်ကွက်များက အလိုအလျောက် ပျက်စီးသွားကြသည်။ မည်သည့် တိုက်ကွက်ကမှ သူ့အနီးကို မကပ်နိုင်ကြပေ။
လုနန်ထျန်းတွင် ရှီအစွမ်းရှိလျှင်ကော အဘယ် အရေးနည်း။ သူ တိုက်ခိုက်မည် ဖြစ်သည်။
ဂူတုံးလျို၏ လက်များက လှုပ်ရှားသွားသည်။ ချက်ချင်းပင် မရေမတွက် နိုင်သော ရှေးဟောင်း စာလုံးများက စုစည်းသွားကာ တံဆိပ်တော် တစ်ခု အဖြစ် ပြောင်းလဲ သွားသည်။ ထို့အတူ လောက တစ်ခုလုံးကလည်း တုန်ခါသွားပုံ ရသည်။ ဂူတုံးလျိုကား ယခု လောက၏ အုပ်ချုပ်သူ အလားပင်။ သူ့နောက်မှ များစွာသော ပုံရိပ်များ ဖြစ်ပေါ်လာကာ တံဆိပ်တော်နှင့် ပေါင်းစပ်သွားပြီး ပိုမိုအားကောင်း လာစေသည်။
“ကျွမ့်လင့် တံဆိပ်တော်….” ဂူတုံးလျိုက ရေရွတ် လိုက်သည်။ တံဆိပ်တော်က လုနန်ထျန်းထံသို့ လမ်းတစ်လျှောက်မှ အရာအားလုံးကို ဖျက်ဆီးလျက် တိုးဝင်သွားသည်။
လုနန်ထျန်းက ထိုအရာကို မြင်လျှင် သူ၏ မျက်လုံးက အလွန်အမင်း တည်ကြည် သွားသည်။ နောက်ဆုံး တိုက်ပွဲက ရောက်ရှိလာပြီ ဖြစ်သည်ကို သူ သိလိုက်သည်။ သူ၏ ရှေ့မှ ဂူတုံးလျိုကား စွမ်းအား အမြင့်ဆုံး ဂူတုံးလျို ဖြစ်သည်။
မီးကမ္ဘာက ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ မဆုံးနိုင်သော မီးအသိများက လုနန်ထျန်းထံတွင် စုစည်းနေသည်။ သတ္တုနှင့် လေဓာတ်များ ကလည်း သူ့ခန္ဓာကိုယ်ကို စီးဝင်နေသည်။ လက်ရှိတွင် လုနန်ထျန်း ကိုယ်တိုင်က နေမင်းတစ်စင်းနှင့် ဆင်တူသည်။ သူ၏ စွမ်းအားများက နိုဘယ်အဆင့်ကို ကျော်လွန်သွားသည်။ သူ၏ မျက်လုံးမှ ထုတ်လွှတ်သော စိတ်အင်အားက နိုဘယ်များကို သတ်ရန် လုံလောက်ပေသည်။
လုနန်ထျန်းကား နေနတ်ဘုရားနှင့် ဆင်တူသည်။ သူက နေနတ်ဓားအား ဆုပ်ကိုင်ကာ ရောက်ရှိလာသော တံဆိပ်တော်အား ရင်ဆိုင်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တံဆိပ်တော်က တုန်ခါသွားသည်။ ထိုအရာက အက်ကွဲလာပြီး ပျက်စီးတော့မည်ကဲ့သို့ ဖြစ်သွားသည်။
“တိုက်ခိုက်ခြင်း တံဆိပ်တော်…” မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများက ပျံသန်းသွားကာ ကြောက်မက်ဖွယ် ကောင်းသော တံဆိပ်တော်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုတံဆိပ်တော်က တိုက်ခိုက်ရေး စွမ်းအားများနှင့် ပြည့်နှက်နေပြီး လုနန်ထျန်းထံ တိုးဝင်သွားသည်။ လုနန်ထျန်းက ရှေ့ကို စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကား အလွန် အားကောင်းနေပြီး သူ့နောက်မှ ရွှေရောင်မီးငှက် ရှေ့ကို ထွက်လာသည်။ နတ်မီးငှက်နှင့် တံဆိပ်တော်တို့က ရင်ဆိုင်မိလျှင် လေထုက တစ်ဖန် ပေါက်ကွဲပြန်သည်။
“ဖျက်ဆီးခြင်း တံဆိပ်တော်…” နတ်စစ်သည်များက တစ်ပြိုင်နက်တည်း မာန်သွင်းကာ ဖျက်ဆီး မရနိုင်သော တံဆိပ်တော်အဖြစ် ပြောင်းလဲသွားသည်။
“မာကျောခြင်း တံဆိပ်တော်…”
“သတ်ဖြတ်ခြင်း တံဆိပ်တော်…”
ဂူတုံးလျိုက အဆက်မပြတ် ရေရွတ်နေသည်။ ကောင်းကင်တွင် တံဆိပ်တော် ကိုးခု ပေါ်လာသည်။ လေထဲတွင်လည်း မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများ ဖြစ်ပေါ်နေကာ ရှီအသိနှင့် ရင်ဆိုင်သည်။ ကြီးမားသော တံဆိပ်တော် ကိုးခုက တစ်ပြိုင်နက်တည်း လုနန်ထျန်းထံသို့ တိုးဝင်သွားသည်။
လုနန်ထျန်းက တံဆိပ်တော်များနှင့် ပြင်းထန်စွာ တိုက်ခိုက် နေသည်ကိုသာ ပရိသတ်များက မြင်ရသည်။ တံဆိပ်တော် ကိုးခုက သူ့အား လှည့်ပတ် တိုက်ခိုက်နေသည်။ ထို့အတူ မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများက အဆက်မပြတ် လုနန်ထျန်းထံ တိုးဝင် လာနေသည်။
“ဒါ….” ပရိသတ်များကား အသက်ရှုရန်ပင် မေ့သွားပုံရသည်။ ဂူတုံးလျိုနှင့် လုနန်ထျန်းတို့က အလွန် အားကောင်းသည်ကို သိသည့်တိုင် ဤမျှ ပြင်းထန်သော တိုက်ပွဲကို မမျှော်လင့် ခဲ့ဖူးကြပေ။ သူတို့ကား အလွန်အမင်း အားကောင်းသည်။ ဖူယွန်ဓားကလန်နှင့် ဓားသခင်တို့၏ တိုက်ပွဲကလည်း ဤကဲ့သို့ ပြင်းထန် ခဲ့ရပေမည်။
လုနန်ထျန်းက သူ၏ ရှီအသိကို ထုတ်ဖော်ခဲ့သည်။ သူက သေချာပေါက် အနိုင်ရမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။ သို့သော် ကော့တေးကား ကော့တေးသာ ဖြစ်သည်။ ဂူတုံးလျို၏ စွမ်းရည် များကလည်း ထိတ်လန့်ဖွယ် အားကောင်း လာသည်ကို တွေ့ကြရသည်။
ဂူတုံးလျိုအား လက်ရှိတွင် မည်သူက အနိုင်ယူနိုင် မည်နည်း။
ဒွန်ဟွာကလန်မှ လူများကား မူလကလို ယုံကြည်မှု မရှိကြတော့ပေ။ လက်ရှိ ဂူတုံးလျိုကား အလွန်အမင်း အားကောင်း လှသည်။
သူက လုနန်ထျန်း ရှေ့တွင် ရပ်လိုက်သည်။ တံဆိပ်တော်ကိုးခုက သူ့အား လှည့်ပတ်နေပြီး သူ့နောက်မှ ဓမ္မပုံရိပ်က နတ်ဘုရားအလား ရပ်နေသည်။ သူ၏ တံဆိပ်တော် ကိုးခုက ပိုမို၍ပင် အားကောင်း လာနေသည်ကိုလည်း တွေ့ရသည်။ သူတို့က ဝင်္ကပါတစ်ခုပုံစံသို့ ပြောင်းသွားပြီး တံဆိပ်တော် စွမ်းအင်များက လုနန်ထျန်းထံသို့ တိုးဝင်သွားကြသည်။
မဆုံးနိုင်သော တံဆိပ်တော် စွမ်းအားများကို လုနန်ထျန်းက တည်ငြိမ်စွာပင် ခုခံနေသည်။ သူ့ပတ်ဝန်းကျင်မူကား အဆက်မပြတ် တုန်ခါနေသည်။ သူ့နောက်မှ နေမင်းကလည်း တုန်ခါနေသည်။ ဂူတုံးလျိုအား စိုက်ကြည့်ရင်း သူ၏ မျက်လုံးက အရောင်တစ်ချက် လက်သွားသည်။
ဤတိုက်ပွဲက သာမန်တိုက်ပွဲ တစ်ခု မဟုတ်ပေ။ ဤတိုက်ပွဲက ဒွန်ဟွာကလန်အား ကိုယ်စားပြုနေသည်။
ကျယ်ပြန့်သော ကောင်းကင်မှ မီးဓာတ်များ အဆင်မပြတ် သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းနေသည်။ သူက ချက်ချင်းပင် ငြိမ်သက်မှု အခြေအနေသို့ ပြောင်းလဲ သွားသည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ် သွားပြီး တစ်ချိန်တည်းတွင် လေထဲတွင် နောက်ထပ် လုနန်ထျန်းပုံရိပ် တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် များစွာသော လုနန်ထျန်း ပုံရိပ်များ ကောင်းကင်တွင် ပြည့်နှက် သွားသည်။ လုနန်ထျန်း တစ်ယောက်စီက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။ သူတို့ အားလုံး၏ ပစ်မှတ်ကား ဂူတုံးလျို ဖြစ်သည်။
ဂူတုံးလျို၏ မျက်လုံးက အလွန်အမင်း ထက်ရှသွားသည်။ သူ၏ နောက်မှ ဓမ္မက ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ထုတ်လွှတ်ပြီး တံဆိပ်တော် ကိုးခုက ရုန့်ရင်းစွာ လှည့်ပတ်သည်။ ထို့နောက် သူက စကားတစ်ခွန်းကို ရေရွတ်လိုက်သည်… “တံဆိပ်တော် ကိုးခုမှသည် တစ်ခုတည်းသို့… သတ်…”
ထို့နောက် လူတိုင်းက မယုံကြည်နိုင် ဖွယ်ရာ မြင်ကွင်းကို မြင်ကြရသည်။ မရေမတွက် နိုင်သော လုနန်ထျန်းများက ဂူတုံးလျိုထံသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြသလို တစ်ချိန်တည်းတွင် မရေမတွက် နိုင်သော သင်္ကေတများနှင့် တံဆိပ်တော် ကိုးခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ဂူတုံးလျိုအား ဖုံးအုပ်သွားသည်။
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားပြီး ကြောက်မက်ဖွယ် လေပွေမုန်တိုင်းများ ဖြစ်ပေါ်လာကာ သူတို့နှစ်ယောက်အား ဖုံးလွှမ်းသွားသည်။ များစွာသော အားလှိုင်းများက ပတ်ဝန်းကျင်အား ကြောက်မက်ဖွယ် ကောင်းအောင် ပျံ့နှံ့လာသည်။
“သတိထား….” ထိပ်သီး အားစုများ၏ အကြီးအကဲများက အလွန်ပြင်းထန်သော အားလှိုင်းများ ပျံ့နှံ့လာသည်ကို ခံစားမိလျှင် ချက်ချင်း ရှေ့ကို တက်သွားကြကာ သူတို့၏ စွမ်းအားများကို သုံးလျက် အရံအတားများ ပြုလုပ်ကြသည်။ ချက်ချင်းပင် များစွာသော အရံအတားများ ဖြစ်ပေါ်လာသည်။ သို့တိုင်အောင် ကြောက်မက်ဖွယ ်အားလှိုင်းများက အရံအတား များစွာကို ဖျက်ဆီးခဲ့သည်။
သူတို့ နှစ်ယောက်က မည်မျှ အားကောင်းသော ဖိအားများကို ခံစား ကြရသနည်း။
လူတိုင်းက ရှေ့ကို စိုက်ကြည့် နေကြသည်။ လေပွေမုန်တိုင်းများ တဝုန်းဝုန်း တိုက်ခတ်နေရာ သိုင်းပညာ စင်မြင့်အား သူတို့က ရှင်းလင်းစွာ မမြင်ရပေ။ အတန်ကြာလျှင် အားလှိုင်းများ ပျက်ပြယ်သွားပြီး လေပြင်းများကလည်း ငြိမ်သက် သွားကြသည်။ တစ်ချိန်တည်းမှာပင် လူအများက မီးလျှံများနှင့် အလင်းများ အကြားမှ လူနှစ်ယောက်ကို မြင်ကြရသည်။ သူတို့ နှစ်ယောက်ကား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ကာ ရပ်နေကြဆဲ ဖြစ်သည်။ မည်သူ အနိုင်ရသနည်း။
လူတိုင်းက အသက်ကိုပင် ဝဝ မရှူရဲကြပေ။ နောက်ဆုံးတွင် လုနန်ထျန်းက မြေပြင်ပေါ်သို့ လဲကျသွားသည်။
“အစ်ကိုသုံး….”
“နန်ထျန်း….”
ဒွန်ဟွာကလန်မှ လူများ၏ ရင်ဘတ်များက ပြင်းထန်စွာ လှုပ်ရှား သွားကြသည်။ လူ အများအပြားက လုနန်ထျန်းအား ကူရန် ပြေးလွှား သွားကြသည်။ သို့သော် လုနန်ထျန်းက လက်ဝါး ကာပြသည်။ ထို့နောက် မိမိကိုယ်ကို ခက်ခဲ ပင်ပန်းစွာ ထရပ်သည်။ သူ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်လာနေသည်။ ထိုအတော်ဆုံး ပါရမီရှင်ကား သနားစဖွယ်ပုံစံ ဖြစ်နေသည်။ သို့သော်လည်း သူက မိမိကိုယ်ကို ကြိုးစား ထရပ်နေသည်။ မည်သူမှ သူ့အား မကူညီပေ။ ဂူတုံးလျိုအား တစ်ချက်ကြည့်ကာ နောက်လှည့်လျက် ဖြည်းဖြည်းချင်း ထိုနေရာမှ ထွက်ခွာ သွားသည်။ ယခုကား သူ၏ ခြေလှမ်းများက တည်ငြိမ်ခြင်း မရှိပေ။ သူကား သိသာစွာပင် ပြင်းထန်စွာ ဒဏ်ရာ ရထားသည်။
လုနန်ထျန်း ရှုံးနိမ့်သွားသည်။ သူက အားကောင်းခြင်း မရှိဟု မည်သူမှ မပြောပေ။ ဒွန်ဟွာကလန်က သူ့အား အပြစ်တင်နိုင် ပါမည်လော။
ဖြည်းဖြည်း ထွက်ခွာ သွားသော သူ့ကို မြင်လျှင် လူတိုင်း၏ စိတ်များ လှုပ်ရှားနေသည်။ တန်ခိုးရှင် လောကတွင် ရှုံးနိမ့်ခြင်းကား အမြဲတမ်းလိုလို အရှက်ရခြင်း ဖြစ်သည်။ သို့သော် လုနန်ထျန်း၏ ရှုံးနိမ့်ခြင်းက ရှက်စရာဟု မည်သူမှ မတွေးပေ။ သူက ရှုံးနိမ့်သည့်တိုင် သူရဲကောင်း တစ်ယောက် ဖြစ်သည်။ သူ၏ စွမ်းရည်များက ထိပ်သီး အင်အားစု ခေါင်းဆောင်များအား အနိုင်ရရန် လုံလောက်ပေသည်။ မည်သူကမှ သူ့အား သရော်ရန် အခွင့်အရေး မရှိပေ။ သူ့အား လူမည်မျှက အနိုင်ရနိုင် မည်နည်း။ သူကဲ့သို့သော ပါရမီရှင် တစ်ယောက်ကို ဤလောကတွင် မွေးဖွားစေမှတော့ အဘယ်ကြောင့် ကော့တေးအား တည်ရှိ စေသနည်း။
ကော့တေးတွင် ဂူတုံးလျို ရှိသည်။
မရေမတွက်နိုင်သော မျက်လုံးများက သူ့ထံ ရောက်ရှိ နေကြသည်။ အတိတ်ကား အတိတ်သာ ဖြစ်ပြီး ဂူတုံးလျိုကား ယခု အရှေ့မြေရိုင်း ဒေသတွင် နံပါတ်တစ် ဖြစ်ပေသည်။
ဒွန်ဟွာကလန်မှ နိုဘယ်အား ချင်နန်းတော် အပြင်ဘက်တွင် တန်ခိုးအစွမ်း ဖျက်ဆီးခဲ့ခြင်းက သူမည်မျှ မာနကြီးသည်ကို သိနိုင်သည်။ ယနေ့ ကော့တေးမှ တတိယ တပည့်က အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံးထဲမှ တစ်ယောက် ဖြစ်သည်ကို သူတို့ သိလိုက်ကြသည်။
သူကား အရှေ့မြေရိုင်း ဒေသ၏ ထိပ်ဆုံးထဲမှ တစ်ယောက် ဖြစ်သည်။
လုနန်ထျန်းကား အရှေ့မြေရိုင်း ဒေသတွင် ရာစုနှစ်အတွင်း ပါရမီ အမြင့်ဆုံးဟု ပြောရမည် ဖြစ်သည်။ သူကား အလွန် စွမ်းအားမြင့်ရာ ရှီစွမ်းရည် တချို့ကိုပင်လျှင် ပိုင်ဆိုင်သည်။ သို့တိုင်အောင် သူကား ရှုံးနိမ့်ခဲ့ရ၏။
ဒွန်ဟွာကလန်နှင့် ကော့တေးအကြား တိုက်ပွဲတွင် အနိုင်ရသူကား ကော့တေး ဖြစ်နေဆဲပင်။ ဒဏ္ဍာရီကား မည်သည့်အခါကမှ မှေးမှိန်သွားခြင်း မရှိသေးပေ။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ထိုသမိုင်းအား ဖျက်ဆီးကာ သမိုင်းသစ် ရေးထွင်း လိုကြသော်လည်း သူတို့ ကျရှုံးနေဆဲ ဖြစ်သည်။
ကော့တေးက အဘယ်ကဲ့သို့သော နေရာ ဖြစ်သနည်း။
***