ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန် ကလည်း သူ၏ လှုပ်ရှားမှုကို မြင်လျှင် ဂူတုံးလျိုက ချင်ပြည်ထောင်တွင် သာမန်မျှသာ တိုက်ခိုက်ခဲ့သည်ကို နားလည်လိုက်သည်။ သူ၏ ခြေတစ်လှမ်းမျှက ဒွန်ဟွာကလန်မှ လူများအား ကြောက်ရွံ့စေသည်မှာ မထူးဆန်းတော့ပေ။
ယခု ဂူတုံးလျိုက သူ၏ စွမ်းရည်များကို ထုတ်သုံးလေပြီ။ ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် တိုက်ခိုက်မှုနှင့် ဓားများက တစ်ချိန်တည်းတွင် လုနန်ထျန်းထံ ရောက်ရှိလာသည်။ သို့သော် လုနန်ထျန်းအား ဂူတုံးလျိုနှင့် အဆင့်တူသော သူဖြစ်သည်။ သူ့အား အလွယ်တကူ အနိုင်ရမည် မဟုတ်ပေ။
နေကိုးစင်းက ကောင်းကင်အား လွှမ်းခြုံထားပြီး ခြေသုံးချောင်း မီးနတ်ငှက်က ဓမ္မအထဲကို ဝင်ရောက် သွားသည်။ ထို့နောက် သူ၏ ခန္ဓာက တဖြည်းဖြည်းနှင့် ဓမ္မထဲတွင် ပေါင်းစပ်သွား၏။
နေကိုးစင်းက တစ်ခုတည်း ဖြစ်သွားသည်။ မီးနတ်ငှက်က အထဲတွင် လင်းလက် တောက်ပစွာ လောင်မြိုက်နေသည်။ လုနန်ထျန်းက နေနှင့် မီးငှက်ကို ပေါင်းစပ်ခဲ့သည်။ မီးနတ်ငှက်က ပုံရိပ်ယောင် အလင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို ဖြန့်ကြက်ကာ အပူလှိုင်းများကို စီးဆင်း လွှဲပြောင်း ပေးသည်။
ယခုကား လုနန်ထျန်းက နေနတ်ဘုရားနှင့် ဆင်တူသည်။
ထိုအခိုက်တွင် လုနန်ထျန်းက သူ၏ လက်အား မြှောက်လိုက်သည်။ ဧရာမ ရွှေရောင် မီးနတ်ငှက်ပုံရိပ် ပေါ်လာသည်။ နေမင်း၏ မီးလျှံများက သူ၏ ခန္ဓာတွင် ပျော်ဝင် ပေါင်းစပ်နေသည်။ မီးနတ်ငှက်က သူ၏ ပါးစပ်အား ဟပြီး မရေမတွက်နိုင်သော မီးလျှံ ဓားများကို ထုတ်လွှတ် လိုက်သည်။ ထိုမီးလျှံဓားများက သူ့ထံ တိုးဝင်လာသော ဓားဝင်္ကပါနှင့် ရင်ဆိုင်မိသည်။ ထိုအခိုက်တွင် ဓားအရှိန်အဝါက သိုင်းပညာ စင်မြင့်တွင် ပေါက်ကွဲသွားသည်။ သိုင်းပညာစင်မြင့်ကို ဖုံးအုပ်ထားသော အရံအတား လှုပ်ယမ်း သွားသည်။ မယုံကြည်နိုင် လောက်သော အရှိန်အဟုန်များက နိုဘယ်များ၏ တိုက်ပွဲများအစား နတ်ဘုရားများ၏ တိုက်ပွဲအလား ထင်မှတ်ရစေသည်။
ဓားဝင်္ကပါက မီးနတ်ငှက်နှင့် ရင်ဆိုင် တိုက်ခိုက်သည်။ ဂူတုံးလျိုက ပျောက်ကွယ် သွားပြန်သည်။ သူက တည်နေရာ ခုန်ကျော်ခြင်းကို သုံးလျှင် များစွာသော ပုံရိပ်ယောင်များကို တွေ့ရသည်။ လုနန်ထျန်းအား အလယ်ဗဟိုတွင် ထား၍ ဓားဝင်္ကပါက ပေါက်ကွဲသွားကာ လက်ဝါး တံဆိပ်တော် တစ်ခုက ကောင်းကင်အား ဖုံးအုပ်သွားကာ မဆုံးနိုင်သော စွမ်းအားများက သူ့အားသတ်ရန် ကြိုးစားသည်။
လုနန်ထျန်းကား နတ်ဘုရား တစ်ပါးလို ထွန်းလင်း သော်လည်း သူက စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဟန် မတူပေ။ သူက ဂူတုံးလျို၏ မှော်မျက်လုံးပညာ၏ အောက်ကို ကျရောက် သွားဟန် တူသည်။ ပြင်ပမှ လူများ၏ အမြင်တွင် သူကား နတ်ဘုရား တစ်ပါးနှင့် တူသော်လည်း သူ၏ လက်ရှိ တကယ့် အခြေအနေကို သူသာလျှင် သိပေသည်။
မှော်တိုက်ကွက်များနှင့် သိုင်းပညာ နည်းစနစ်များက ရှေးဟောင်း စာလုံးများနှင့်အတူ ရှေ့ကို ပျံသန်းလာသည်။ သူက စွမ်းအားရှိသမျှ တိုက်ခိုက်သည့်တိုင် ဂူတုံးလျို၏ တိုက်ခိုက်မှုက သူ၏ နေမင်းအား လာရောက် ထိမှန်သည်သာ ဖြစ်သည်။ နေမင်းက ပြင်းထန်စွာ လှုပ်ခါပြီး ပြိုလဲတော့မည် ကဲ့သို့ ဖြစ်လာသည်။
ဘုန်း… ရုန့်ရင်း ကြမ်းတမ်းသော မီးလျှံများက ကောင်းကင်နှင့် မြေပြင်အား လောင်ကျွမ်းသည်။ လုနန်ထျန်းက ရွေ့လျား လိုက်သည်။ သူက နတ်ငှက်တစ်ကောင် အဖြစ် ပြောင်းလဲ သွားဟန်ရပြီး သူ၏ နေရာများကို ဟိုမှ သည်မှ ရွေ့လျားလျက် ဂူတုံးလျို၏ တိုက်ကွက်များကို ရှောင်ဖယ်သည်။ ရုတ်တရက် သူက ဂူတုံးလျို၏ ပုံရိပ်ယောင် တစ်ခုရှေ့ကို ရောက်လာသည်။ သူ၏ လက်မှ ကြောက်မက်ဖွယ် ကောင်းသော တိုက်ကွက်တစ်ခု ဖြစ်ပေါ်လာပြီး အရာအားလုံးကို တစ်စစီ ဖျက်ဆီးပစ်နိုင်သော မီးနတ်ငှက် တစ်ကောင်အဖြစ် ပြောင်းလဲ သွားသည်။
ဂူတုံးလျိုက ကြောက်ရွံ့ခြင်း မရှိပေ။ သူတို့က အမှန်တကယ်ပင် အနီးကပ် စတင် တိုက်ခိုက် ကြသည်။ သိုင်းပညာ စွမ်းအင်များ သူတို့ နှစ်ယောက်ထံမှ ရုန့်ရင်းကြမ်းတမ်းစွာ ထွက်ပေါ် လာနေပြီး အရံအတားက တဝုန်းဝုန်း ခါယမ်းနေသည်။
သူတို့တွင် အားနည်းချက် မရှိပေ။ လူတိုင်းက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့၏ မှော်ပညာနှင့် သိုင်းပညာတို့ အားလုံးက အကောင်းဆုံးထဲမှ အကောင်းဆုံးများ ဖြစ်ကြသည်။ သူတို့က ထိုပညာရပ် နှစ်မျိုးကို ပေါင်းစပ်ကာ ခုခံခြင်း တိုက်ခိုက်ခြင်း များကို အချိုးကျ အသုံးပြု နိုင်ကြသည်။ နောင်တွင် ဤကဲ့သို့ တိုက်ပွဲမျိုးကို မြင်ရန် အလွန် ခက်ခဲပေမည်။
“ဂူတုံးလျိုက အသာရနေတယ်….” နိုဘယ်များက သေချာစွာ စူးစိုက် ကြည့်နေကြရာ အခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။ ဂူတုံးလျိုက တန်ခိုး အဆင့်နိမ့်သော်လည်း သူက စိတ်ဝိညာဉ် တိုက်ခိုက်မှုတွင် ကျွမ်းကျင်သည်။ အနီးကပ် တိုက်ခိုက်မှုတွင် လုနန်ထျန်းက ဂူတုံးလျို၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုအပြင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုလည်း ခုခံနေရသည်။ သူ၏ အခြေအနေက ဂူတုံးလျိုလောက် တည်ငြိမ်ခြင်း မရှိပေ။ သူက တိုက်ခိုက်နေစဉ် ခုခံရန်လည်း လိုအပ်သော်လည်း ဂူတုံးလျိုကား တိုက်ခိုက်ရန်သာ လိုအပ်သည်။
ဘုန်း… ထိုစဉ်မှာပင် ကျယ်လောင်သော အသံတစ်ချက် မြည်သွားပြီး သိုင်းပညာ စင်မြင့်က တုန်ခါသွားသည်။ လူတိုင်းက သေချာစွာ ကြည့်လိုက်ကြ၏။
လုနန်ထျန်းက တစ်ချက် အရိုက်ခံရ၏။
စက္ကန့်အနည်းငယ် အကြာက ဂူတုံးလျိုက ခံစစ်အား ချိုးဖျက်ကာ သူ၏ လက်ဝါး ရိုက်ချက်က လုနန်ထျန်းအား ကျရောက်ရာ သူ့အား အမှန်တကယ်ပင် နောက်ဆုတ် သွားစေသည်။
“ဒါ…” ဒွန်ဟွာကလန်မှ လူများ၏ မျက်လုံးများက အေးခဲသွားသည်။ နှစ်တစ်ရာ အတွင်း တစ်ယောက်သာ ပေါ်ထွန်းသော ပါရမီရှင်က ဤသို့ ရှုံးနိမ့်မည်ဟု သူတို့က မယုံကြည်နိုင်ပေ။ ချင်ပြည်ထောင်ကလည်း မျက်မှောင်ကြုတ် သွားသည်။ ဒွန်ဟွာကလန်က ချင်ပြည်ထောင်အား ပြောခဲ့သည်မှာ လုနန်ထျန်းက လုံးဝ အနိုင်ရမည်ဟူ၍ ဖြစ်၏။ သို့သော် လက်ရှိတွင် လုနန်ထျန်းက အသာစီး ရထားခြင်း မရှိပေ။
လုနန်ထျန်းက သူ၏ ရင်ဘတ်အား ကြည့်လိုက်သည်။ သွေးများက ထိုနေရာမှ စိမ့်ထွက် လာနေသည်။ မျက်လုံးပေါင်း များစွာကလည်း ထိုနေရာကို ကြည့်နေကြ၏။ သွေးများက မီးများအကြား ဆူပွက်လာကာ အငွေ့များအဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားသည်။
ထိုအချိန်တွင် လူအုပ်ထဲတွင် တစ်စုံတစ်ယောက် ပေါ်လာသည်။ သူမကား အလွန် ချောမောလှပကာ အပြစ်အနာအဆာ ကင်းမဲ့ရကား ဤကမ္ဘာမှ မွေးဖွားလာသော သူကော ဟုတ်သလား သံသယ ဝင်မိကြရသည်။ သူမက အလွန်တရာ ချောမော လှပသည့်တိုင် မည်သူမှ သူမအား သတိမမူမိကြပေ။ လူတိုင်းက သိုင်းပညာ စင်မြင့်ကို ကြည့်နေကြသည်။
သို့သော်လည်း လုနန်ထျန်းက လှမ်းကြည့်သည်။ ထိုအပြစ် အနာအဆာ ကင်းမဲ့ကာ တည်ငြိမ်သော ပုံသဏ္ဌာန်ကို မြင်လျှင် သူ၏ အမူအရာက တည်ငြိမ်သွားသည်။ သူ၏ မျက်လုံးကို သတိထားမိလျှင် သူအများက သူ၏ အကြည့်နောက်ကို လိုက်ကြည့်ကြရာ ထိုသန့်စင်ကာ တည်ငြိမ်သော မိန်းမလှလေးအား မြင်ကြသည်။ သူတို့က သူမအား သိကြသည်။
သူမကား လက်ရှိ ဒွန်ဟွာကလန် ခေါင်းဆောင်၏ သမီးဖြစ်သည်။ သူမက လုနန်ထျန်း၏ သတို့သမီးလောင်းလည်း ဖြစ်သည်။ သူမက ချင်မုံရိုနှင့် ချူယောင်ယောင်တို့နှင့် ခြားနားစွာ လှပသည်။ သူမကား အလွန် သန့်စင်ကာ ငြိမ်းချမ်းသည်။ သူမကား အပြစ်ကင်းသော အလှကို ပိုင်ဆိုင်ထားသော ဤလောကနှင့် မသက်ဆိုင်သော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမအား ကြည့်ရုံမျှဖြင့် တစ်စုံ တစ်ယောက်အား အေးချမ်းမှုကို ပေးသည်။
သူမက လုနန်ထျန်းကို အားပေးရန် ရောက်လာသည်လား။
လုနန်ထျန်း၏ အကြည့်က ဂူတုံးလျိုထံ ပြန်ရောက် လာသည်။ သူက လုနန်ထျန်းအား နောက်ဆုတ် စေပြီးနောက် ထပ်မံ၍ တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ အကယ်၍ လုနန်ထျန်းက ဤအဆင့်မျှသာ ရှိခဲ့လျှင် အဖြေက ရှင်းလင်း နေပြီးသား ဖြစ်သည်ကို သူတို့ နှစ်ယောက်လုံးက သိသည်။ သူတို့က ထပ်မံ တိုက်ခိုက်ရန် မလိုတော့ပေ။
သို့သော် ဂူတုံးလျိုက ပြိုင်ဘက်အား အထင်မသေးရဲပေ။ သူကား ဒွန်ဟွာကလန်၏ နှစ်တစ်ရာအတွင်း တစ်ယောက် ပေါ်ထွက်လာသော ပါရမီရှင် ဖြစ်သည်။
လုနန်ထျန်း၏ မျက်လုံးများက အလွန်အမင်း တည်ငြိမ်နေသည်။ သူ၏ ခန္ဓာကိုယ်မှ နေရောင်များ ဖြာထွက်လာသည်။ ထိုအလင်းက ပိုမို၍ ကျယ်ပြန့်လာကာ လောင်မီးများ ရောက်ရှိ လာတော့သည်။ လုနန်ထျန်းအား ဗဟိုထား၍ လောက တစ်ခုလုံးက နေရောင် အောက်တွင် စတင် လောင်ကျွမ်း ကြသည်။
လူတိုင်းက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ ဘာဖြစ်နေသနည်း။
လွန်စွာ လင်းလက် တောက်ပသော အလင်းများက လုနန်ထျန်းထံမှ ထွက်ပေါ်နေသည်။ သူကား စစ်မှန်သော နတ်ဘုရား၏ ရုပ်ခန္ဓာ တုပခြင်း ဖြစ်လာသည်။ သူ့ထံမှ ထွက်ပေါ်လာသော မည်သည့် အလင်းကမဆို အရာအားလုံးကို လောင်ကျွမ်း နိုင်စွမ်း ရှိနေသည်။
မီးလျှံများက သိုင်းပညာ စင်မြင့်၏ အရံအတားကိုလည်း လောင်ကျွမ်းသည်။ ဤသို့ဖြင့် အရံအတားက ယိုယွင်း လာတော့သည်။
ဒါ…
ထိုအရာကား အံ့ဖွယ် ကောင်းလှသည်။
လူတိုင်း၏ ရင်ဘတ်များက ပြင်းထန်စွာ တုန်ခါနေကြသည်။ အရံအတားကလည်း လောင်ကျွမ်း သွားပြီး ဖြစ်သည်။ လုနန်ထျန်း၏ မီးများကား အလွန် အားကောင်း လှသည်။ ထိုအရံအတားက ထိပ်သီး အင်အားစု နှစ်ခုမှ ထိပ်သီး နိုဘယ်များ ပူးပေါင်း၍ ဖန်တီးထားခြင်း ဖြစ်သည်။ ယခုကား ထိုအရံအတားက ပျက်စီး သွားရပြီ ဖြစ်သည်။
မီးလျှံများက အရံအတားကို ကျော်ဖြတ်လျက် ပျံ့နှံ့လာနေသည်။ မဆုံးနိုင်သော မီးဓာတ် စွမ်းအင်များက လုနန်ထျန်းထံကို လာရောက် စုစည်းကြသည်။ မီးလျှံများက ထပ်မံပျံ့နှံ့ခြင်း မရှိတော့ သော်လည်း အရံအတားကား ပျက်စီးသွားပြီး ဖြစ်သည်။ ပရိသတ်များက အပူဓာတ်ကို ခံစားကြရသည်။
ထိုမီးဓာတ်ကို ခံစားမိလျှင် နိုဘယ်များ၏ မျက်လုံးများက အေးခဲ သွားကြသည်။ ထိုစွမ်းအားက ဒဏ္ဍာရီထဲက စွမ်းအားလား။
အိမ်ရှေ့စံမင်းသား ချင်ယွီက တိုက်ပွဲစင်မြင့်ကို ကြည့်ရင်းက သူ၏ မျက်လုံးက အလွန်အမင်း လေးနက်သွားသည်။ ဒွန်ဟွာကလန် ခေါင်းဆောင်က ဤမျှ ယုံကြည်မှု ရှိနေသည်မှာ မထူးဆန်းတော့ပေ။
“လုနန်ထျန်းက နှစ်တစ်ရာမှာ တစ်ယောက်ပေါ်တဲ့ ပါရမီရှင်လို့ သိထားကြတယ်… ကြည့်ရတာတော့ နောက်ဆယ်စုနှစ် တစ်ခုကြာရင် အရှေ့မြေရိုင်း ဒေသမှာ သူ့ကို ယှဉ်နိုင်တဲ့ လူရှိတော့မှာ မဟုတ်တော့ဘူး……” လစန္ဒာကလန် အကြီးအကဲက ပြောသည်။ တပည့်များ၏ ရင်ဘတ်များ တုန်ခါ သွားကြသည်။
သမီးတော် ချူယောင်ယောင်က ကလန် အကြီးအကဲအား ကြည့်ကာ မေးသည်… “ဆရာအဒေါ်… ဒါက ဘယ်လို စွမ်းအား အမျိုးအစားလဲ…..”
“အရှေ့မြေရိုင်း ဒေသက လူငယ်မျိုးဆက်တွေ လက်ထဲ ရောက်လာပြီ…. လုနန်ထျန်းနဲ့ ဂူတုံးလျိုတို့ရဲ့ စွမ်းရည်တွေက ထိပ်သီး အင်အားစုက ခေါင်းဆောင်တွေကိုတောင် အနိုင်ယူနိုင်စွမ်း ရှိတယ်….” အကြီးအကဲက ပြောသည်။
ဤမတိုင်မီက ကော့တေးမှ အစ်ကိုကြီးက ဖူယွန်ဓားကလန်၏ ခေါင်းဆောင်အား စိန်ခေါ်ခဲ့သည်။ ယခု ကော့တေးမှ တတိယ တပည့်နှင့် ဒွန်ဟွာကလန်မှ လုနန်ထျန်းတို့ တွင်လည်း ထိုသို့ စွမ်းရည်များ ရှိနေသည်။
ရီဖူရှင်းကလည်း ထိုအသိ စွမ်းအားကို ခံစားမိသည်။ ထိုအရာက သူနှင့် ရင်းနှီးသလို ခံစားရ၏။
“အစ်ကိုငါး.. ဒါက ရှီအသိလား….” ရီဖူရှင်းက တိုက်ပွဲနေရာကို ကြည့်ပြီး မေးသည်။
“ဟုတ်တယ်…” လျိုဖန်းက ခေါင်းညိတ်သည်။
ထိုအရာက အမှန်ပင် ရှီအသိ ဖြစ်သည်။ ရှီတန်ခိုး အဆင့်ကား နိုဘယ်အဆင့် အထက်တွင် ရှိသည်။ လုနန်ထျန်းက ရှီတန်ခိုးရှင်တို့၏ စွမ်းရည် အနည်းငယ်ကို နားလည်ထားသည်။
အရှေ့မြေရိုင်း ဒေသတွင် ရှီတန်ခိုးရှင် ဘယ်နှယောက် ရှိသနည်း။ တချို့က ပြောသည်မှာ တစ်ယောက်မှ မရှိဟူ၍ ဖြစ်သည်။ တချို့က ပြောသည်မှာ ဇာတ်မြှုပ်နေသော ရှီတန်ခိုးရှင်များ ရှိနိုင်သည် ဟူ၏။ မည်သို့ပင်ဖြစ်စေ ရှီတန်ခိုးရှင် ဆိုသည်မှာ အရှေ့မြေရိုင်း ဒေသမှ လူများအတွက် လက်လှမ်း မမီသော အရာတစ်ခု ဖြစ်သည်။
ယခု လုနန်ထျန်းတွင် ရှီစွမ်းအား အနည်းငယ် ရှိသည်။ သို့တိုင်အောင် ထိုကိစ္စက လူအများ၏ ရင်ဘတ်အား ပြင်းထန်စွာ တုန်ခါစေသည်။ ထို့ကြောင့် လစန္ဒာကလန် အကြီးအကဲက သူ့အား နောင်ဆယ်စုနှစ် တစ်ခု ကြာသောအခါ လုနန်ထျန်းအား ယှဉ်နိုင်သူ ရှိတော့မည် မဟုတ်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ရှီတန်ခိုးရှင်က တိုက်ကွက် တစ်ခုအား အတွေးတစ်ခုမျှဖြင့် ဖန်တီးနိုင်သည်။ လုနန်ထျန်းက ရှီတန်ခိုးရှင် မဟုတ်သေး သော်လည်း သူ့တွင် တချို့သော ရှီတန်ခိုးရှင် အစွမ်းများ ရှိနေလေပြီ။
ထိုအချိန်တွင် လုနန်ထျန်းအား အလွန်အမင်း တောက်ပ လင်းလက်နေသည်။ သဘာဝ စွမ်းအင်များက သူနှင့် ပေါင်းစပ်သွားပြီး မဆုံးနိုင်သော မီးလျှံများက ဂူတုံးလျိုထံ တိုးဝင်လာသည်။ မီးများက မရေမတွက် နိုင်သော မီးငှက်များ၊ မီးလျှံ ဓားမိုးစက်များ ဖြစ်ပေါ်လာကာ တစ်လောကလုံးကို လောင်ကျွမ်း ဖျက်ဆီးမည့်ဟန် ရှိနေသည်။
ဂူတုံးလျို၏ ခန္ဓာကိုယ်က လျပ်တစ်ပြက် ပျောက်ကွယ် သွားသည်။ သူကား မျက်လုံးဖြင့် ကြည့်ရန် ခက်ခဲ လောက်အောင် မြန်ဆန်သည်။ သို့သော်လည်း လောကတွင် သဘာဝ စည်းမျဉ်းများ ရှိသည်။ သူက လုနန်ထျန်း၏ အတွေးလောက် မမြန်နိုင်ပေ။ ဘုန်း… ဘုန်..။ ဂူတုံးလျိုအား မီးဓားများ ထိကာ သူက နောက်ဆုတ်လိုက် ရသည်။ သူ၏ ခန္ဓာကိုယ်ကလည်း စတင် လောင်ကျွမ်းလာသည်။ သူ၏ အဖြူရောင် ဝတ်စုံများကား မီးလျှံများ ဖုံးလွှမ်းနေလေပြီ။ ထိုအားကောင်းသော ကော့တေး တပည့်က ဤပုံစံဖြင့် ရှုံးနိမ့်တော့မည်လော။
ဒွန်ချင် ကျောင်းတော်တွင် ဒဏ္ဍာရီတစ်ပုဒ်ကား အဆုံးသတ်တော့မည် ဖြစ်သည်။ လုနန်ထျန်းက ကော့တေးအား နင်းခြေလျက် ရှုံးနိမ့်ခြင်း မရှိသော သမိုင်းတစ်ခုကို ဖန်တီး တော့မည်လော။
ဂူတုံးလျိုက လုနန်ထျန်းအား ကြည့်လိုက်သည်။ မီးများက သူ၏ ဝတ်စုံတွင် ကြမ်းတမ်းစွာ ကခုန်နေကြသည်။ ရုတ်တရက် မယုံကြည်နိုင် လောက်အောင် စူးရှသော အလင်းတစ်ခု သူ့ထံမှ ဖြာထွက်လာသည်။
“လင်း….” သူက ရေရွတ်လိုက်သည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် ကြီးမားသော ရှေးဟောင်း စာလုံးက အလင်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး သူ့ထံကို ဆင်းသက် လာသည်။
“ဘင်….”
“ဒို…”
“ကျာ…”
“ကျဲ….”
“ကျန်း…”
“လျဲ့…”
“ချန်….”
“ရှန်…”
သူက စိတ်ဝိညာဉ်စ ွမ်းအား၏ ကုချီအင် တံဆိပ်တော် ကိုးခုကို ဆင့်ခေါ်လိုက်သည်။ စကားလုံးများက သူနှင့် ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ် အလင်းက သူ့ထံမှ ကွဲထွက်လာသည်။
ထိုအခိုက်တွင် သူ့ရှေ့လေထု၌ အလွန်အမင်း လင်းလက် တောက်ပသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက သူ၏ ပုံရိပ်နှင့် တူသည်။ တံဆိပ်တော် ကိုးခုက သူ့အား လှည့်ပတ် နေစဉ်မှာပင် ထိုပုံရိပ်က နတ်ဘုရား တစ်ပါးလို ဆင်းသက်လာသည်။
***