ရီဖူရှင်းက တိုက်ပွဲ စင်မြင့်ထက်မှ နှစ်ယောက်ကို ကြည့်လိုက်သည်။ နေဝင်ချိန် မြစ်ရေကား ကောင်းကင်နှင့် မြေကြီးကို ရှည်လျားသော မီးရေစီးကြောင်းဖြင့် ဆက်သွယ်ထားကာ နေမင်းများက အောက်ကို ဆင်းသက် လာနေသည်။ သိုင်းပညာ စင်မြင့်တစ်ခုလုံး မီးလျှံကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။
ဤသည်ကား နိုဘယ်တစ်ယောက်၏ စွမ်းရည်ပင် ဖြစ်သည်။ သိုင်းပညာ စင်မြင့်အား အရံအတား မလုပ်ထားလျှင် သူတို့ထံမှ စွမ်းအင် ထုတ်လွှတ်မှုက ပတ်ဝန်းကျင်ကို လွန်စွာ ထိခိုက်မှု များသွားစေမည် ဖြစ်သည်။ နိုဘယ် တစ်ယောက်အား အရေအတွက် များဖြင့် အနိုင်ယူရန် မလွယ်ကူပေ။ ဧကရာဇ်ရီနှင့် ဧကရာဇ်လျိုတို့က တကယ်တမ်း စစ်ဖြစ်ပွားရန် စိုးရိမ်သည်ကို ရီဖူရှင်း ပြန်သတိရမိသည်။
“ဒီတိုက်ကွက် လုနန်ထျန်းရဲ့ စွမ်းရည်နဲ့ အရမ်း လိုက်ဖက်နေတယ်…. သူက ဒီအတိုင်း လေ့ကျင့်ပြီး အသုံးပြုတာ မဖြစ်နိုင်ဘူး…” ရီဖူရှင်းက ရေရွတ် လိုက်သည်။
“သေချာတာပေါ့….” လျိုဖန်းက ခေါင်းညိတ်လျက် ပြောသည်… “သူက ဒီတိုက်ကွက်ကို ပြုပြင်ထားတာ သေချာတယ်… ဒါက လုနန်ထျန်းရဲ့ စွမ်းရည်နဲ့ အရမ်း လိုက်ဖက်နေတယ်…. ဒါကြောင့်လည်း ဒီလို အားကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ ရှိနေတာ…. သူက ဒါကို ဖန်တီးခဲ့တာလို့ ပြောလို့ရတယ်…. ဒီလောကမှာ မှော်တိုက်ကွက် အများစုက ငါတို့ရဲ့ ဘိုးဘေး ဘီဘင်တွေ ဖန်တီးခဲ့ကြတာပဲ…. ဒါက တိုက်ရိုက် လေ့ကျင့်လို့ ရတယ် ဆိုပေမဲ့ လူတိုင်းနဲ့တော့ မသင့်တော်ဘူး…. ပါရမီရှင်တွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် တိုက်ကွက်ကို ဖန်တီး နိုင်ပြီးတော့တဲ့အခါ အဲဒီတိုက်ကွက်က သူတို့နဲ့ အရမ်း လိုက်ဖက်သွားတယ်….”
ရီဖူရှင်း ခေါင်းညိတ် လိုက်သည်။
သိုင်းပညာ စင်မြင့်ပေါ်ကိုကား ဒုတိယ နေမင်း ဆင်းသက် လာသည်။ ယခု တစ်ခေါက်ကား ပိုမို၍ အားကောင်း ပေသည်။
ဂူတုံးလျိုက တည်ငြိမ်စွာပင် ရပ်နေသည်။ သူ့ရှေ့တွင် ဆင့်ခေါ်ထားသော နတ်စစ်သူကြီး ကိုးပါးက ဝင်္ကပါပုံစံ နေရာ ယူထားကြသည်။ ထို့နောက် ဂူတုံးလျိုက လက်ချောင်း သင်္ကေတ တစ်ခုကို ဖန်တီးခဲ့သည်။ သူ၏ လက်မှ ရှေးဟောင်း စာလုံးကိုးလုံး ထွက်ပေါ်လာပြီး နတ်စစ်သူကြီး ကိုးဦးထံသို့ ဆင်းသက်လာသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် အရှိန်အဝါများက နတ်စစ်သူကြီးများတွင် ဖြစ်ပေါ်လာသည်။
ထိုစာလုံး ကိုးလုံးကား စိတ်ဝိညာဉ် စွမ်းအား၏ သင်္ကေတ ကိုးခုဖြစ်သော ကုချီအင် တံဆိပ်တော်များ ဖြစ်ကြသည်။ ထိုစာလုံးများ အတူတကွ ရှိနေခြင်းက “ကျုပ်အရှေ့က သူရဲကောင်းများက ရန်သူများကို ကာကွယ်ပေးစေ…” ဟူသော အဓိပ္ပာယ် ဖြစ်သည်။
ကြောက်မက်ဖွယ် အားလှိုင်းများ ဖြတ်၍ တိုက်ခတ် သွားသည်။ နတ်စစ်သူကြီးများတွင် ကုချီအင် တံဆိပ်တော်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ သူတို့က သင်္ကေတများ အသစ်အသစ်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်နှင့် မြေကြီးတို့နှင့်လည်း ပေါင်းစပ်နိုင်သည်။ သဘာဝ စွမ်းအင်များ ရုန့်ရင်း ကြမ်းတမ်းလာသည်။ တံဆိပ်တော် တစ်ခုစီက ကွဲပြား ခြားနားသည်။
များစွာသော နေမင်းများကလည်း ဆင်းသက်လာသည်။ ဖိအားများက ပိုမိုအားကောင်း လာသည့်တိုင် နတ်စစ်သူကြီး ကိုးဦး၏ ခံစစ်အား ကျော်ဖြတ်နိုင်ခြင်း မရှိပေ။
“အစ်ကိုသုံးက သိုင်းပညာ သင်္ကေတတွေကို အများကြီး လေ့ကျင့်ထားပုံ ရတယ်…” ရီဖူရှင်းက ရေရွတ်သည်။ နတ်စစ်သူကြီး ကိုးဦးက ကွဲပြား ခြားနားသော တံဆိပ်တော် စွမ်းရည်များကို ပြသကြပြီး ထိုအရာများ အားလုံးကို ဂူတုံးလျိုက ထိန်းချုပ်သည်။ သူ၏ စွမ်းရည်များကို နတ်စစ်သူကြီးများမှ တစ်ဆင့်ပြသကာ နေဝင်ချိန်မြစ်ရေကို ရင်ဆိုင်သည်။
“ဒါက အစပဲ ရှိသေးတယ်… သူ့မှာ ဘယ်လို စွမ်းရည်တွေ ရှိသလဲ ဆိုတာကို ငါတို့တောင် မသိဘူး….” လျိုဖန်းက ရယ်မောလျက် ပြောသည်။ ကော့တေးတွင် မည်သူက အစ်ကိုသုံးအား ယှဉ်နိုင်သနည်း။
ဤမတိုင်မီက စမ်းကြည့်သူများ အားလုံး အစ်ကိုသုံးထံတွင် အရိုက်ခံရပြီး အပိုးကျိုးသွားကြပြီး ဖြစ်သည်။ သူ၏ တကယ့် စွမ်းရည်များကို အစ်ကိုကြီး တစ်ယောက်သာ သိပေလိမ့်မည်။
ဂူတုံးလျိုကလည်း ဓားသခင်တောင်ကို အစ်ကိုကြီးနှင့် ယှဉ်ပြိုင် လေ့ကျင့်ရန် အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။ စကားပုံများက ပြောသော “တကယ့် ပညာရှင်များက အထီးကျန် ရတယ်….” စကားမှာ ထိုအရာကို ဆိုလိုပုံရသည်။ သူ့တွင် ပြိုင်ဘက် ရှားပါးလှသည်။
ယခု ဒွန်ဟွာကလန်မှ လုနန်ထျန်းကား တစ်ယောက် အပါအဝင် ဖြစ်သည်။
သို့တိုင်အောင် အစ်ကိုသုံးအား ထိန်းချုပ်နိုင်သော သူတစ်ယောက်ကား ကော့တေးတွင် ရှိသည်။ သူမအား အစ်မနှစ် ကျူးကော့ဟွေ ဖြစ်သည်။
နေကိုးစင်းက မြစ်ရေကို စုန်လျက် ဆင်းသက်လာသည်။ ထိုအခိုက်တွင် မြစ်ရေထဲမှ နေကိုးစင်းက ကောင်းကင် တစ်ခုလုံးကို လောင်ကျွမ်းနေပြီ ဖြစ်သည်။ သူတို့က ကောင်းကင် တစ်ခုလုံးအား မီးလျှံများဖြင့် ဖုံးအုပ်ထားသည်။ ဂူတုံးလျိုနှင့် နတ်စစ်သူကြီး ကိုးပါးက အလယ်ဗဟိုတွင် တည်ရှိသည်။
ရွှေရောင် မီးငှက် ကိုးကောင်က ကောင်းကင်တွင် ပျံသန်းနေသည်။
တစ်ချိန်တည်းမှာပင် နတ်စစ်သူကြီးပေါ်မှ တံဆိပ်တော် ကိုးခုက အသက်ဝင်လာ လေသည်။ ဆက်တိုက်ပင် နတ်စစ်သူကြီး တစ်ဦးချင်းစီက လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ဖြစ်ပေါ်လာသည်။
ထိုနေရာတစ်ခုလုံး ရုန့်ရင်းကြမ်းတမ်းစွာ လှုပ်ခတ် နေသည်ကို လူတိုင်းက မြင်သည်။ နတ်စစ်သူကြီး ကိုးဦးက မီးငှက်များအား ပိုင်းဖြတ်လျက် နေမင်းတစ်စင်းကို တစ်ယောက်စီဖြင့် တိုးဝင်သွားကြသည်။
နေမင်းကိုးစင်းနှင့် နတ်စစ်သူကြီးများက တစ်ပြိုင်နက်တည်း ကြောက်မက်ဖွယ် အလင်းများ ဖြစ်ပေါ်သွားပြီး လေထုကို ကြမ်းတမ်းစွာ ပေါက်ကွဲသည်။ သိုင်းပညာ စင်မြင့်ကို ဖုံးအုပ်ထားသော အရံအတားပင်လျှင် ပြင်းထန်စွာ တုန်ခါ၏။
ဤအရံအတားကား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ စွမ်းအား အမြင့်ဆုံး နိုဘယ်များ ပူးပေါင်း၍ ဖန်တီးထားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အဆင့်မြင့် နိုဘယ်များပင်လျှင် ဖျက်ဆီးရန် မလွယ်ကူပေ။ ယခုကား သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ထိုအရံအတားက ခါယမ်း လာနေသည်။
တိုက်ပွဲစင်မြင့်ကို လှမ်းကြည့် နေကြသော လူများအားလုံး ရင်ဘတ်များ တုန်ခါ နေကြသည်။
နေဝင်ချိန် မြစ်ရေကား ပျောက်ကွယ်သွားပြီး ဖြစ်သည်။ ဂူတုံးလျို၏ နတ်စစ်သူကြီးများလည်း ပျောက်ကွယ် သွားလေပြီ။ မီးကမ္ဘာထဲတွင် ဂူတုံးလျိုကား တည်ငြိမ်စွာ ရပ်နေသည်။
လုနန်ထျန်း၏ လောကကို တုန်လှုပ်စေသော နေဝင်ချိန် မြစ်ရေပင်လျှင် သူ့အား အရှက်ရအောင် မတတ်နိုင်ပေ။
လုနန်ထျန်းကား လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည်။ သူကား နေနတ်ဘုရားနှင့် တူလှသည်။ သူ၏ နေဝင်ချိန် မြစ်ရေကား ဖျက်ဆီးခံရသည့်တိုင် သူက အံ့အားသင့်ခြင်း မရှိပေ။ ကော့တေး၏ တတိယ တပည့်ကား နာမည်ကျော်ထိုက် ပေသည်။
သူ၏ နောက်တွင် ရှိသော နေဓမ္မထံမှ ရွှေရောင် မီးလျှံများဖြင့် ဖန်တီးထားသော ဓားသွားများက ဓားမိုးစက်များ အဖြစ် ဂူတုံးလျိုထံသို့ ကောင်းကင်မှ တစ်ဆင့် ဆင်းသက် လာကြသည်။ ထိုဓားများကား လျင်မြန်လွန်းလှရာ အဆက်မပြတ် ရွာသွန်းနေသော မီးလျှံ မိုးများနှင့် တူလှသည်။ ဂူတုံးလျိုနေရာတွင် တခြား နိုဘယ်အုပ်စု ဆိုပါက ထိုနေရာတွင်ပင် သေသွားကြမည်မှာ သေချာသည်။
ဂူတုံးလျိုက တည်ငြိမ်စွာ ရပ်နေသည်။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု သူ့ထံမှ ဖြာထွက်လာကာ ရှေးဟောင်း သင်္ကေတများက ဝေဝါးစွာ ဖြစ်ပေါ်လာသည်။ မီးလျှံဓားများ သူ့ထံ ရောက်ရှိ လာသောအခါ အားလုံးက သူနှင့် သိပ်မဝေးသော နေရာတွင် ရပ်တန့်သွားပြီး ပျက်စီး သွားကြသည်။
သို့တိုင်အောင် မီးဓားများက ကြောက်မက်ဖွယ် ကောင်းအောင် အဆက်မပြတ် ဆင်းသက် လာနေကြသည်။
ဂူတုံးလျိုက ရှေ့ကို လှမ်းတက် လိုက်သည်။ သူ၏ အဖြူရောင် ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လွင့်သွားသလို သူ၏ ထက်ရှသော မျက်လုံးက မဆုံးနိုင်သော ဓားမိုးစက်များကို မော့ကြည့်ပြီး သူက စကားတစ်ခွန်း ဆိုလိုက်သည်… “ဖယ်စမ်း….”
သူ၏ စကားသံက လောက၏ စည်းမျဉ်းများ အလားပင်။ သူက ထိုသို့ ပြောလိုက်သည်နှင့် မဆုံးနိုင်သော ဓားမိုးစက်များ အလယ်တွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် ရုတ်တရက် ထိုလမ်းကြောင်းမှ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော နတ်မီးငှက်ကြီး တစ်ကောင်က ဝင်ရောက်လာပြီး ဂူတုံးလျို၏ သဏ္ဌာန်မဲ့ အရံအတားကို ပင်လျှင် ကျော်ဖြတ် လာသည်။ ထိုနတ်မီးငှက်က သူ၏ လက်များကို ခါယမ်းလိုက်လျှင် လက်သည်းများက ကြောက်မက်ဖွယ် မီးလျှံများ တောက်လောင်လျက် ဂူတုံးလျိုထံ တိုးဝင်လာသည်။
ထိုလက်သည်းများကား အလွန် အားကောင်းလှသော စွမ်းအင်များကို ပိုင်ဆိုင်ပြီး မည်သည့် နိုဘယ်ကိုမဆို သတ်နိုင်စွမ်း ရှိပုံရသည်။ အလွန်အမင်း လျင်မြန်သော လက်သည်းချွန်များက ဂူတုံးလျို ရှေ့ကို ရောက်လာသော်လည်း အမှန်တကယ် အားဖြင့် ဂူတုံးလျိုအစား လေထုနှင့်သာ မိတ်ဆက် သွားရသည်။
ဂူတုံးလျိုက သိုင်းပညာ စင်မြင့်၏ နောက် တစ်နေရာတွင် ပေါ်လာသည်။
လျင်မြန်လွန်း လှသည်။ လူတိုင်းက ထိတ်လန့် သွားကြ၏။ ခြေသုံးချောင်း မီးငှက်၏ အလျင်ကား အလင်းတန်းအလား မြန်သည်။ သို့သော် သူ၏ တိုက်ခိုက်မှုက ဂူတုံးလျိုရှေ့ကို ရောက်သွားသောအခါ ဂူတုံးလျိုက ပျောက်ကွယ်သွားပြီး ဖြစ်သည်။
လုနန်ထျန်းကား လေထဲတွင် ရပ်နေဆဲဖြစ်သည်။ ရွှေရောင် နတ်မီးငှက်ကြီးကား သူ၏ နောက်ထပ် ဓမ္မတစ်ခုဖြစ်သည်။ ထိုဓမ္မက ယခု အလွန် အားကောင်းသော သားရဲဘုရင်အဖြစ် ဆင့်ကဲ ပြောင်းလဲသွားပြီး ဖြစ်သည်။
ဂူတုံးလျို၏ ဓမ္မကကော ဘယ်မှလဲ။ ဂူတုံးလျိုက သူ၏ ဓမ္မနှင့် သက်စောင့် ဝိညာဉ်ကို ထုတ်လွှတ်ခြင်း မရှိသေးသည်ကို လူအများက သတိ ထားမိကြသည်။ ဂူတုံးလျိုကား သူ၏ စွမ်းရည်များကို လျှိုထားဆဲ ဖြစ်သည်။
တခြားလူများကို ထိုအချက်ကို သတိ မမူမိသည့်တိုင် လုနန်ထျန်းက သတိမမူပဲ နေမည် မဟုတ်ပေ။ ဂူတုံးလျိုက သူ၏ ဓမ္မနှင့် သက်စောင့်ဝိညာဉ် တို့ကို ထုတ်လွှတ်ခြင်း မရှိသေးသည်ကို သူက မူလ ကတည်းက သိသည်။ သို့သော်လည်း သူကား တည်ငြိမ်သည်။ မီးလျှံဓားများက ဂူတုံးလျိုထံသို့ ထပ်မံ ဆင်းသက် လာသည်။ တစ်ချိန်တည်းမှာပင် မီးနတ်ငှက်ကြီးက သူ၏ လက်သည်းများဖြင့် ပစ်လွှတ်သည်။
ဂူတုံးလျိုက သူ၏ ဓမ္မကို မထုတ်ဘဲ မည်မျှ ခုခံနိုင်မည်ကို သူ သိလိုသည်။
ဂူတုံးလျိုက တစ်ဖန် ပျောက်ကွယ် သွားပြန်ကာ နောက်တစ်နေရာတွင် ပေါ်လာပြန်သည်။ ကြောက်မက်ဖွယ် ထက်ရှမှုက သူ့ထံမှ ဖြာထွက်နေသည်။ သူက ထိတ်လန့်ဖွယ် အကောင်းဆုံးသော သိဒ္ဓိဝင်ပစ္စည်း သို့မဟုတ် စစ်သည်အဖြစ် ပြောင်းလဲ သွားပုံရသည်။ ဂူတုံးလျိုက သူ၏ လက်အား ရှေ့ကို ညွှန်လိုက်လျှင် ကြောက်မက်ဖွယ် ဓားအသိ တစ်ခုက ရှေ့ကို တိုးဝင်သွားသည်။
သူက မြေပြင်ကို လက်ညှိုးညွှန်လိုက်လျှင် ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဓားဝင်္ကပါက ရှေးဟောင်း ဓားများဖြင့် ဖန်တီး ထားပုံရသည်။ ဝင်္ကပါက လျင်မြန်စွာ လှည့်ပတ်လာပြီး ဓားအရှိန်အဝါက ပတ်ဝန်းကျင်ကို ပျံ့နှံ့လာသည်။
မီးနတ်ငှက်ကြီးက ဂူတုံးလျိုအနီးကို ရောက်လာလျှင် ဂူတုံးလျိုက သူ၏ လက်ညှိုးအား အပေါ်ကို ညွှန်လိုက်သည်။ ချက်ချင်းပင် မီးနက်ငှက်နှင့် ဓားဝင်္ကပါတို့ ရင်ဆိုင်မိသာ မီးနတ်ငှက်က လုနန်ထျန်း၏ ဘေးကို ပြန်လည် ဆုတ်ခွာ သွားသည်။ မီးလျှံ ဓားမိုးစက်များ မူကား ဂူတုံးလျို၏ အနီးကိုပင် မကပ်နိုင်ပေ။
“အစ်ကိုသုံးမှာ နည်းလမ်းတွေ အများကြီး ရှိတာပဲ…” ရီဖူရှင်းက အံ့အားသင့်စွာ ပြောသည်။ လောကတွင် မှော်ပညာနှင့် သိုင်းပညာကို ပူးတွဲ လေ့ကျင့်သော မှော်ထိန်းချုပ်သူများ များစွာ ရှိသည်။ သူတို့က ဓာတ်စွမ်းအင် များစွာတွင် ကျွမ်းကျင်ကြသည်။ သို့သော်လည်း ဂူတုံးလျို ကဲ့သို့သော ပါရမီရှင်ကား ကွဲပြား ခြားနားသည်။ သူက တိုက်ပွဲတွင် နတ်စစ်သူကြီးများကို ချက်ချင်း ဆင့်ခေါ်နိုင်စွမ်း ရှိသလို ကုချီအင် တံဆိပ်တော်များကို သုံးလျက် တိုက်ခိုက်နိုင်သည်။ သူကား အားလုံးသော သဘာဝ စည်းမျဉ်းများကို နားလည်ပြီး သူ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုများ ကလည်း တူညီသော အဆင့်တွင် ရှိသည်။ ယခု သူက ဓားဝင်္ကပါကိုပင်လျှင် အသုံးပြုနေသည်။
လောကတွင် ပညာရပ်များ မရေမတွက်နိုင်အောင် ရှိသော်လည်း သူကား အားလုံးသော ပညာရပ်ကို အသုံးပြုနိုင်ပုံ ရနေသည်။
“စာများများဖတ်….” ရွှီယီက ရယ်မောလျက် ပြောသည်… “မင်းက ငါနဲ့အတူ စာတွေ မကူးချင်ဘူးလား….”
“ခင်ဗျားက ကိုယ့်ဘာသာ လုပ်ပါ….” ရီဖူရှင်းက ပခုံးတွန့်လျက် ပြောသည်။ သူက အသက် သေမည်ဆိုလျှင်ပင် ထိုမျှ ပျင်းရိဖွယ် အလုပ်ကို လုပ်မည် မဟုတ်ပေ။
“ငါက အစ်ကိုသုံးနဲ့ အစ်မနှစ်ကို အကြံပေးမယ်လေ….” ရွှီယီက ပြောသည်… “အစ်ကိုသုံးက ပြောတယ်…. ပညာရပ်မျိုးစုံမှာ ပါရမီပါတဲ့ လူတွေက စာများများ ဖတ်သင့်တယ်တဲ့… မင်းလို ပါရမီရှင်မျိုး ကလည်း စာကူးရေးတာက အသင့်တော်ဆုံး လေ့ကျင့်တာ တစ်မျိုးပဲ…”
“အစ်ကိုလေး… နောက်ဆို ခင်ဗျားကို တောင်အောက်ကို ဆင်းဖို့ အစ်မနှစ်ကို ကျွန်တော် ပြောပေးမယ်…” ရီဖူရှင်းက ပြောသည်။
ရွှီယီ၏ မျက်လုံးများက ဝင်းလက်သွားကာ လျင်မြန်စွာ ပြောသည်… “ဒီလိုဆိုရင်လည်း မင်းအတွက် လေ့ကျင့်ရာမှာ အကောင်းဆုံး နည်းက မင်း စိတ်သဘောအတိုင်း လေ့ကျင့်တာပဲ…”
“မင်းတို့ နှစ်ယောက်က နည်းနည်း အလေးထားလို့ မရဘူးလား….” လျိုဖန်းက သူတို့အား ကြည့်သည်။
“ငါတို့ ဘယ်လိုပဲ နေနေ… အချိန်တန်ရင် အစ်ကိုသုံးက အနိုင်ရမှာပဲ…” ရွှီယီက ထူးမခြားနားစွာ ပြောသည်။ သူက ဂူတုံးလျို အပေါ်တွင် လုံးဝ ယုံကြည်မှု ရှိသည်။
မရေမတွက်နိုင်သော လူများက သိုင်းပညာ စင်မြင့်ပေါ်ကို ကြည့်နေကြသည်။ ဂူတုံးလျိုက နာမည် ကျော်ကြားသည့်တိုင် သူ၏ တကယ့်စွမ်းရည်များကို မည်သူမှ မမြင်ဖူးပေ။ ယခု သူတို့က ကော့တေး၏ နာမည်ကျော် တတိယ တပည့်၏ စွမ်းရည်များကို မြင်ရတော့မည် ဖြစ်သည်။
သူတို့နှစ်ယောက်က တိုက်ခိုက်ခြင်း မရှိဘဲ လေထဲတွင် ရပ်လျက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဂူတုံးလျိုက လုနန်ထျန်းအား သူ၏ ပထမဆုံး စကားတစ်ခွန်းကို ပြောသည်။
“ကျုပ် အလှည့်ပဲ….” ထိုအခိုက်တွင် သူက ရပ်နေရာမှာ ပျောက်ကွယ် သွားသည်။ သူက လုနန်ထျန်း၏ ရှေ့တွင် ပြန်ပေါ်လာ၏။
ကြောက်မက်ဖွယ် မမြင်ရသော စိတ်ဝိညာဉ် စွမ်းအားတစ်ခု ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ လုနန်ထျန်းက အလွန် ကြောက်မက်ဖွယ် မျက်လုံးတစ်စုံ၏ ရှေ့ကို ရောက်သွားသလို ခံစားရသည်။ ထို့နောက် ဂူတုံးလျိုက သူ၏လက်အား ရှေ့ကို ညွှန်ကာ သူ၏ ဓားကို ထုတ်လွှတ် လိုက်သည်။ သူ၏ လှုပ်ရှားမှုက လျပ်စီးအလား လျင်မြန်လွန်း လှသည်။
***