သူကား နောက်ဆုံးတွင် ရောက်ရှိ လာခဲ့ပြီ။
ခေ့ကေးမြို့၏ အဓိက ဖြစ်ရပ်သုံးခုတွင် စိန်ခေါ်ပွဲကား လူအများ အမျှော်လင့်ရဆုံး ဖြစ်သည်။ သူတို့နှစ်ယောက်က ထိပ်သီး အင်အားစု တစ်ခုစီကို ကိုယ်စားပြု ကြပေသည်။
ဤတိုက်ပွဲက ထူးခြားသော အဓိပ္ပာယ်များ ပါဝင် ပတ်သက်နေသည်။
ထိုအခိုက်တွင် လူအများအပြားက လူအုပ်ထဲတွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။ အင်အားစုများ၏ ခေါင်းဆောင် အသီးသီးက တိုက်ပွဲအား ကြည့်ရှုရန် ရောက်ရှိ လာခဲ့ကြသည်။
ဂူတုံးလျိုက သိုင်းပညာ စင်မြင့်ပေါ်တွင် လျှောက်သွားနေသည်။ တိုက်ပွဲစင်မြင့် အနီးတွင် ရုတ်တရက် ထောက်တိုင်များနှင့် မှော်သင်္ကေတများ အသက်ဝင်လာကာ အလွန် ကြီးမားသော အရံအတား တစ်ခုက တိုက်ပွဲစင်မြင့်အား ဖုံးအုပ်သွားသည်။ ထိုအရာက သူတို့နှစ်ယောက်၏ တိုက်ပွဲ အရှိန်အဟုန်ကြောင့် ပရိသတ်များကို ထိခိုက်မှု မရှိစေရအောင် ကာကွယ် ပေးထားခြင်း ဖြစ်သည်။
လုနန်ထျန်းကား ထောက်တိုင် တစ်ခုပေါ်တွင် ရပ်နေဆဲဖြစ်သည်။ သူတို့ နှစ်ယောက်က မတူညီသော အမြင့်တွင်ရပ်လျက် သူတို့၏ ပြိုင်ဘက်သာလျှင် ဤလောကတွင် ကျန်ရှိတော့သည့် အလား တစ်ယောက်ကို တစ်ယောက်က စိုက်ကြည့် နေကြသည်။
လူတိုင်းက အသက်ရဲရဲ မရှုရဲကြဘဲ တိုက်ပွဲစင်မြင့်အား ကြည့်လိုက်ကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေပြီး ထိုနေရာတစ်ခုလုံး မည်သည့် အသံမှ မကြားရပေ။
ဒွန်ဟွာကလန်မှ လူများက လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် သူတို့ ကလန်၏ သူရဲကောင်းအား ကြည့်နေကြသည်။ သူ၏ ပြိုင်ဘက်က ဂူတုံးလျို ဖြစ်လျှင်ပင် သူကား အနိုင်ရမည်မှာ သေချာလှသည်။ သို့သော် သူတို့၏စိတ်က အလွန်အမင်း စိုးရိမ်နေကြသည်။
ကော့တေး တပည့်များပင်လျှင် စိတ်အေးသော ပုံစံ မရှိပေ။ ယမန်နေ့ညက အစ်ကိုသုံးက အနိုင်ရရန် မသေချာဟု ပြောသည်။
ထိပ်သီး အင်အားစုများအပြင် တခြား အင်အားစုများမှ လူများကလည်း သိုင်းပညာ စင်မြင့်ကို ကြည့်ကာ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြသည်။
ရုတ်တရက် သိုင်းပညာ စင်မြင့်ပေါ်တွင် လုနန်ထျန်းက ထောက်တိုင်ပေါ်မှ နေ၍ လေထဲကို ပျံတက် လိုက်သည်။ သူ၏ခန္ဓာမှ မီးအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် မီးလျှံက ကောင်းကင်အား စတင် လောင်ကျွမ်းပြီး သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးက နီရဲသွားကာ မီးလျှံကမ္ဘာ ဖြစ်သွားသည်။ ကောင်းကင်တွင် မီးလျှံများ ပြည့်နှက်သွားလျှင် ဧရာမ ငှက်ကြီး တစ်ကောင် ပေါ်လာသည်။ ထိုအရာကား ခြေထောက် သုံးချောင်းပါ နတ်ငှက် အနွယ်ဝင် မီးငှက်ဖြစ်သည်။
ထိုအရာကား လုနန်ထျန်း၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။
သူ၏ သက်စောင့် ဝိညာဉ်အား အလယ်ဗဟိုထား၍ သူ၏ နောက်ကျောတွင် မီးလျှံများမှ ဖြစ်ပေါ်လာသော နေမင်းများက ကောင်းကင်တွင် ထွန်းလင်း လာနေသည်။ တဖြည်းဖြည်းဖြင့် နေကိုးစင်း ဖြစ်ပေါ်လာသည်။ နေမင်း တစ်စင်းစီတွင် ရွှေရောင်မီးငှက်၏ သင်္ကေတကို တွေ့ရသည်။ နေကိုးစင်းက ကောင်းကင်တွင် ထွန်းလင်းနေ၏။
ထိုအရာကား လုနန်ထျန်း၏ ဓမ္မဖြစ်သည်။ အဆင့်မြင့် နိုဘယ် တစ်ယောက် အနေဖြင့် သူ၏ သက်စောင့် ဝိညာဉ်နှင့် ဓမ္မနှစ်ခုလုံးက ထိတ်လန့်ဖွယ် အဆင့်တစ်ခု အထိသို့ ဆင့်ကဲ ပြောင်းလဲနေပြီး ဖြစ်သည်။ သိုင်းပညာ စင်မြင့်အပေါ်မှ ကောင်းကင်ကား မီးလျှံ စီးကြောင်းများဖြင့် ပြည့်နှက်နေပြီး ဖြစ်သည်။
လုနန်ထျန်းကား ပထမအဆင့် နိုဘယ်ဖြစ်သည်။
နိုဘယ်အဆင့်အား အဆင့်ကိုးဆင့် ခွဲထားကာ ပထမအဆင့်ကား အမြင့်ဆုံး ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးက နိုဘယ် အသိများဖြင့် ပြည့်နှက်နေသည်။
အလွန် တောက်ပ လင်းလက်သော မီးလျှံ စီးကြောင်းတစ်ခုက ဂူတုံလျိုထံ တိုးဝင် သွားသည်။ လမ်းတွင် ထိုအရာက ခြေသုံးချောင်း မီးငှက်အဖြစ် ပြောင်းလဲသွားပြီး အောက်ကို တိုက်ရိုက် ဆင်းသက်လာသည်။ ဂူတုံးလျို၏ ပတ်ဝန်းကျင်တွင် သဘာဝ စွမ်းအင်လှုပ်ခတ်မှုများ လုံးဝ မရှိပေ။ သို့သော်လည်း သူ့အား မမြင်ရသော အရောင်အဝါတစ်ခု ရှိနေပုံရသည်။ သူက ထိုနေရာတွင် ရပ်နေလျှင် ပြိုင်ဘက်ကင်း ဘုရင်တစ်ပါးအလား ခန့်ညားလှသည်။
သူ့ထံ ပြေးဝင်လာသော မီးငှက်အား သတိထားမိလျှင် ဂူတုံးလျိုက လွန်စွာ ထက်ရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှ အလွန် ကြောက်မက်ဖွယ် ကောင်းသော မှော်မျက်လုံး ပညာတစ်ခု ထုတ်လွှတ်လိုက်ဟန် တူကာ ချက်ချင်းပင် မီးငှက်က ပျက်စီးသွားပြီး သဘာဝစွမ်းအင် အဖြစ် လွင့်ပြယ် ပျောက်ကွယ် သွားသည်။
လူတိုင်းက သေချာ ကြည့်လိုက် ကြသည်။ လုနန်ထျန်း၏ သာမန် တိုက်ခိုက်မှု တစ်ခုက လွန်စွာ အားကောင်း လှသည့်တိုင် သူ၏ ပြိုင်ဘက်ကား ဂူတုံးလျိုဖြစ်ရာ ဤမျှ လွယ်ကူမည် မဟုတ်ပေ။
တိုက်ပွဲကား ယခုမှ စတင်ခြင်း ဖြစ်သည်။
သိုင်းပညာ စင်မြင့်အပေါ်မှ ကောင်းကင်ကား မီးလျှံကမ္ဘာအဖြစ် လုံးဝ ပြောင်းလဲ သွားပြီဖြစ်သည်။ နေမင်း ကိုးစင်းအပြင် မီးငှက် များစွာကလည်း လေထဲတွင် လှည့်ပတ် ပျံဝဲနေကြသည်။
“လုနန်ထျန်းက သန့်စင်တဲ့ မီးဓာတ် မှော်ပညာရှင်လား…” ရီဖူရှင်းက တိုးတိုးလေး ပြောသည်။ သူ့တွင် နေဝိညာဉ်နှင့် နေဓမ္မရှိသည်။ သို့သော် လုနန်ထျန်း၏ သက်စောင့် ဝိညာဉ်ကား မီးငှက်ဖြစ်ပြီး သူ၏ ဓမ္မက နေကိုးစင်း ဖြစ်သည်။ သိသာစွာပင် သူ၏ ဓမ္မက ဆင့်ကဲ ပြောင်းလဲခဲ့သည်။
“မဟုတ်ဘူး….” လျိုဖန်းက ပြောသည်။ ခြေသုံးချောင်း မီးငှက်အား သက်စောင့် ဝိညာဉ် အဖြစ် ပိုင်ဆိုင်သော လုနန်ထျန်းကား သန့်စင်သော မီးဓာတ်ပညာရှင် မဖြစ်နိုင်ပေ။ မီးဓာတ်အပြင် သူ၏ မီးငှက်က သူ့အား လေဓာတ်နှင့် သတ္တုဓာတ်ကိုလည်း ပေးစွမ်းနိုင်ပေသည်။ ထို့အပြင် ခြေသုံးချောင်း မီးငှက်ကား အလွန် ကြမ်းတမ်းသော နတ်ငှက်တစ်မျိုး ဖြစ်ပြီး ဓာတ်စွမ်းအင်များ အပြင် လုနန်ထျန်းအား သိုင်းပညာတွင် အလွန် အားကောင်းသော ပါရမီကို ပေးသည်။
“အစ်ကိုသုံးက ဘယ်မှာလဲ….” ရီဖူရှင်းက သိုင်းပညာ စင်မြင့်ကို လှမ်းကြည့်ကာ မေးသည်။ ချင်ပြည်ထောင်တွင်ကား သူ၏ အစ်ကိုသုံးက အနည်းငယ်မျှသော သူ၏ စွမ်းရည်များကိုသာ ပြသခဲ့သည်။ ဂူတုံးလျိုကား အလွန် အားကောင်းသော စိတ်ဝိညာဉ် အားသုံး မှော်ထိန်းချုပ်သူ ဖြစ်သည်။ ထိုစဉ်က သူ၏ စွမ်းရည်များကို သေချာစွာပင် အသုံးပြုခဲ့ခြင်း မရှိခဲ့ပေ။
“ကြည့်နေ… လုနန်ထျန်းက ပထမအဆင့် နိုဘယ်ပဲ…. သူက အရမ်း ကျော်ကြားတယ်…. သူက အစ်ကိုသုံးကို ရေကုန်ရေခန်း တိုက်အောင် ဖိအားပေးနိုင်လိမ့်မယ်….” လျိုဖန်း၏ မျက်လုံးများက အရောင် တဖျတ်ဖျတ် လက်လျက် သိုင်းပညာစင်မြင့်ကို ကြည့်နေသည်။ ဤတိုက်ပွဲကား နိုဘယ် အချင်းချင်း အတွက်ပင် စောင့်ကြည့်ကာ ပညာယူရန် ထိုက်တန်သော တိုက်ပွဲဖြစ်သည်။
ရီဖူရှင်းက အသာအယာ ခေါင်းညိတ်သည်။ သိုင်းပညာ စင်မြင့်တွင် များစွာသော မီးငှက်များက မီးကမ္ဘာထဲတွင် အဆက်မပြတ် မွေးဖွား လာနေကြသည်။ အားကောင်း လာသော မီးငှက်များက ဂူတုံးလျိုထံသို့ ပြေးဝင် သွားကြသည်။ ထိုအခိုက်တွင် တိုက်ပွဲက လုနန်ထျန်း၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပုံရသည်။ သူက ဂူတုံးလျိုအား လောင်ကျွမ်း ပစ်လိုနေသည်။
ဂူတုံးလျိုက သူ၏ လက်နှစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ့ပတ်ဝန်းကျင်မှ လေဟာနယ်ပင်လျှင် သူနှင့် ပေါင်းစပ်သွားပုံ ရ၏။ ချက်ချင်းပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်တစ်ခု သူ၏ မျက်လုံးတွင် ပေါ်လာသည်။ ထိုပုံရိပ်က အမှန်ပင် ဂူတုံးလျို၏ ရှေ့တွင် သဘာဝ စွမ်းအင်များ စုပေါင်းလျက် ရုပ်ခန္ဓာအဖြစ် ဖြစ်ပေါ်လာသည်။ ထိုအရာကား နတ်ဘုရားကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။ သူက ဂူတုံးလျို၏ ရှေ့တွင် နတ်စစ်သူကြီး တစ်ပါးလို တည်ငြိမ်စွာ ရပ်နေသည်။
ကြီးမားသော မီးငှက်ကြီးက နတ်စစ်သူကြီး ရှေ့ကို ရောက်လာသောအခါ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ချက်ချင်းပင် မီးငှက်ကြီးက ကြေမွ ပျက်စီးသွား၏။
“မှော်ဆင့်ခေါ်သူ…..” ရီဖူရှင်း၏ မျက်လုံးများက လင်းလက် သွားသည်။ အစ်ကိုသုံးကား အမှန်ပင် အားကောင်းသော ဆင့်ခေါ်သူဖြစ်ပြီး နတ်စစ်သူကြီးအား သူ့အတွက် တိုက်ခိုက်ရန် ဆင့်ခေါ်ခဲ့သည်။ ထို့အပြင် သူ၏ ဆင့်ခေါ်သော စွမ်းရည်မှာ ကျောက်မူထက် များစွာ အဆင့်မြင့်ပေသည်။ သူက ရုပ်ပုံရေးဆွဲခြင်းအား သူ၏ မှော်မျက်လုံး ပညာဖြင့် ရေးဆွဲလျက် ချက်ချင်း ဆင့်ခေါ်ခဲ့သည်။ သူက သဘာဝ စွမ်းအင်ကို သုံးလျက် အချိန်ယူကာ ရေးဆွဲရန် မလိုပေ။
ဆင့်ခေါ် နတ်စစ်သူကြီးက ဂူတုံးလျို၏ ရှေ့တွင် ခန့်ညားစွာ ရပ်နေသည်။ များစွာသော မှော်သင်္ကေတများ ကိုလည်း သူ၏ ကိုယ်ပေါ်တွင် မြင်တွေ့ရသည်။ ထိုအရာများက လင်းလက်လာလျှင် နတ်စစ်သူကြီး၏ အရှိန်အဝါက အလွန် အားကောင်း လာသည်။ သူ၏ လက်ဝါးရိုက်ချက် တစ်ချက်က မီးနတ်ငှက်အား ကြေမွစေသည်။ သို့သော်လည်း ကောင်းကင်မှ မရေမတွက်နိုင်သော မီးငှက်များက ဂူတုံးလျိုအား အရပ်မျက်နှာ ပေါင်းစုံမှ ပြေးဝင် လာနေကြသည်။
ဂူတုံးလျိုက ထိုတိုက်ခိုက်မှုများကို ဂရုစိုက်ပုံ မရပေ။ သူက တခြား အရပ်တစ်ခုကို ကြည့်လိုက်လျှင် နောက်ထပ် နတ်စစ်သူကြီး တစ်ပါး ဖြစ်ပေါ်လာကာ စတင် တိုက်ခိုက်သည်။ ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံး အောက်တွင် ဂူတုံးလျိုက နောက်ထပ် နတ်စစ်သူကြီး ခုနစ်ပါး ဆင့်ခေါ်ခဲ့သည်။ နတ်စစ်သူကြီး ကိုးပါးက သူ၏ဘေး ပတ်ပတ်လည်တွင် ကာကွယ် ပေးထားကြသည်။
ရှေးဟောင်း သင်္ကေတများက နတ်စစ်သူကြီးများ၏ ကိုယ်တွင် ပေါ်လာကာ ထိုသင်္ကေတများက ကွဲပြား ခြားနားကြပြီး နတ်စစ်သူကြီးများ ထုတ်လွှတ်သော စွမ်းရည်များကလည်း ကွဲပြား ခြားနားသည်။
မရေမတွက်နိုင်သော မီးငှက်များက ပိုးဖလံများလို တစ်နေရာတည်းကို တိုးဝင် လာနေကြ သော်လည်း နတ်စစ်သူကြီးများ၏ သတ်ဖြတ်ခြင်းကို ခံနေရသည်။
လုနန်ထျန်းက ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။ သူတို့ချင်း စကား မပြောကြ သေးသော်လည်း ဂူတုံးလျိုက အလွန် အားနည်းလျှင် သူက အမှန်ပင် စိတ်ပျက်မိမည် ဖြစ်သည်။
နေကိုးစင်းက မီးလျှံများ ထွန်းလင်းလျက် ကောင်းကင်တွင် ရှိနေစဉ် နေကိုးစင်း၏ အောက်ခြေတွင် မီးမြစ်တစ်စင်း ပေါ်လာသည်။
“နေဝင်ချိန်မြစ်ရေ….”
ဒွန်ဟွာကလန်မှ လူများ၏ မျက်လုံးများက လင်းလက် သွားကြသည်။ နေဝင်ချိန် မြစ်ရေအား လုနန်ထျန်း အသုံးပြုသည်ကို လက်တွေ့ မြင်ရခြင်း အတွက် သူတို့က အမှန်ပင် ကံကောင်းသည် ပြောရပေမည်။
နေတစ်စင်းက မြစ်ရေအတိုင်း ဂူတုံးလျိုထံသို့ စီးဆင်းလာသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မီးငှက်များက ဂူတုံးလျိုထံ ပြေးဝင် လာကြ၏။
ဂူတုံးလျိုက မော့ကြည့်လိုက်လျှင် မြစ်ရေကို စုန်၍ နေမင်းက သူ့ထံ ဆင်းသက် လာသည်ကို မြင်ရ၏။ ထိုနေရာတွင် ရပ်နေရာက အလွန်အမင်း ပူပြင်းမှုကို အဝေးမှပင် ခံစားရ၏။
ဂူတုံးလျိုက သူ၏ လက်နှစ်ဖက်အား လျင်မြန်စွာ လှုပ်ရှားလိုက်လျှင် သင်္ကေတကိုးခုက နတ်စစ်သူကြီး ကိုးပါးထံသို့ ရောက်သွားသည်။ သင်္ကေတများက နတ်စစ်သူကြီးများနှင့် ပေါင်စပ်သွားလျှင် သူတို့က ကျယ်လောင်စွာ မာန်သွင်း လိုက်ကြသည်။ အသံလှိုင်းက လေထုကို တုန်ခါသွားစေပြီး မီးငှက်များ အားလုံးက တစ်ပြိုင်နက်တည်း ပြယ်လွင့် ပျက်စီး သွားကြသည်။
သို့သော်လည်း နေမင်းက ဆက်လက် ဆင်းသက်လာပြီး သူ၏ စွမ်းအင်များကလည်း ပိုမိုအားကောင်း လာနေသည်။ နတ်စစ်သူကြီး တစ်ပါးက ကောင်းကင်ကို ခုန်တက်သွားပြီး မီးလျှံမြစ်ပေါ်သို့ တက်ရောက် သွားသည်။ ထို့နောက် သူက ကျဆင်းလာသော နေမင်းအား ဆန့်ကျင်လျက် လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်သည်။
ကြောက်မက်ဖွယ် ကောင်းသော နေအလင်းက သူ့ထံ ကျဆင်း လာသည့်တိုင် နတ်စစ်သူကြီးက လှုပ်ရှားခြင်း မရှိပေ။ လွန်စွာ အားကောင်းသော အရှိန်အဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာကာ မီးလျှံများအား ကာကွယ်သည်။
နောက်ထပ် နေမင်း တစ်စင်းက ဂူတုံးလျိုထံသို့ မြစ်ရေကို စုန်လျက် ဆင်းလာ ပြန်သည်။
မြစ်ရေအတိုင်းပင် နေမင်းများက တစ်စင်းပြီး တစ်စင်း အဆက်မပြတ် ဆင်းသက် လာကြပြီး နေမင်းကိုးစင်းက တစ်ပြိုင်နက်တည်း ဆင်းသက် လာသောအခါ သူ၏ စွမ်းအင်များက ခန့်မှန်း၍ပင် မရပေ။ အတိတ်က လုနန်ထျန်းက ထိုတိုက်ကွက်အား အသုံးပြု၍ သူ့ထက် အဆင့် နှစ်ဆင့်မြင့်သော နိုဘယ် တန်ခိုးရှင်အား အနိုင်ယူခဲ့သည်။ ယခု သူကား ပထမအဆင့် နိုဘယ်ဖြစ်ပြီး နေဝင်ချိန် မြစ်ရေအား အသုံးပြုသည်။ သူ၏ စွမ်းရည်က မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းနိုင်သည်။
အရှေ့မြေရိုင်း ဒေသတွင် ဤတိုက်ကွက်အား ခုခံနိုင်သူ သိပ်ရှိမည် မဟုတ်ပေ။ ထိပ်သီး အင်အားစုများ ထဲတွင်ပင် ဤတိုက်ကွက်အား ရင်ဆိုင်နိုင်သူ အနည်းငယ်သာ ရှိပေသည်။
ဂူတုံးလျိုက ဤတိုက်ကွက်အား ခံနိုင်ရည် ရှိပါ့မလား။
ဒွန်ဟွာကလန်မှ လူများက အသက်ရှုရန်ပင် မေ့နေကြကာ တိုက်ပွဲအား ကြည့်နေကြသည်။ သူကား ဒွန်ဟွာကလန်မှ ပါရမီ အမြင့်ဆုံးဖြစ်သော လုနန်ထျန်း ဖြစ်သည်။
ကျောင်းတော်မှ လူတိုင်းက သိုင်းပညာ စင်မြင့်ကို ကြည့်နေကြသည်။ တပည့် အများအပြားက ဂူတုံးလျိုအား စိုးရိမ်နေကြ၏။ ယခုမူကား လုနန်ထျန်း၏ စွမ်းရည်များက အလွန်အမင်း အားကောင်း လှသည်ကို မြင်တွေ့နေရသည်။
“ဂူတုံးလျိုက ဒုတိယအဆင့် နိုဘယ်ဖြစ်တယ်… သူ့တန်ခိုး အဆင့်က နည်းနည်း နိမ့်နေတယ်….” ကျူးချိန်က ပြောသည်။
“ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က အကောင်းဆုံးထဲမှာ ရှိတယ်… နေဝင်ချိန် မြစ်ရေက ကျော်ကြားတယ်… ဒါမေပဲ့ ဂူတုံးလျိုက ဒီတိုက်ကွက်ကိုမှ မခုခံနိုင်ရင် သူက ဂူတုံးလျို မဟုတ်လို့ပဲ….” တောင်ကုန်း အကြီးအကဲ ဇုန်းဇွီက ပြောသည်။ ကျောင်းတော်က ကော့တေးအား သိပ်အမြင် မကြည်သည့်တိုင် သူတို့က ကော့တေး၏ တပည့်များက မည်မျှ ထက်မြက်သည်ကို အသိအမှတ်ပြု ကြရသည်။
“ဘေလိရှာ… မင်းက တိုက်ပွဲထဲမှာ ဆိုရင် ဒီတိုက်ကွက်ကို ခုခံနိုင်မယ် ထင်လား…..” ကျူးချိန်က ဘေလိရှာအား ကြည့်ကာ မေးသည်။
“ကျုပ်က တကယ့် စွမ်းအား အစစ်အမှန်ကို ခံစားလို့ မရဘူး…. ကျုပ်က မသေချာဘူး….” ဘေလိရှာက ပြောသည်။
ကျူးချိန်က ခေါင်းညိတ်သည်။ သူမကသာ တိုက်ပွဲထဲတွင် ဆိုလျှင်ကော ထိုတိုက်ကွက်ကို ခုခံနိုင်မည်လော တွေးမိနေသည်။
***