အပိုင်း (၂၆၂)

နှစ်ဟောင်းကုန်ခြင်း

ယနေ့ကား ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၀၂ ခုနစ်မြောက် နှစ်ဖြစ်သော နှစ်ဟောင်း၏ နောက်ဆုံးနေ့ ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း၏ နောက်ဆုံးနေ့ကား အမြဲတမ်းလိုလို အဓိပ္ပာယ် ရှိပေသည်။ ကောင်းကင် ဒေသမှ လူများအတွက်မူ ဤနေ့ကား ဆုံတွေ့ခြင်းနေ့ ဖြစ်သည်။ နှစ်ဟောင်းကား ကုန်ဆုံးတော့မည် ဖြစ်ကာ နှစ်သစ်ကို ရောက်ရှိတော့မည် ဖြစ်သည်။

ဤနှစ်တွင်ကား ခေ့ကေးမြို့က ယခင်ကထက်ပင် စည်ကား နေပေသေးသည်။ ယခုကား ထိပ်သီး အင်အားစုတိုင်းက ခေ့ကေးမြို့ကို ရောက်ရှိနေကြပြီး ဖြစ်သည်။ ထို့အပြင် မရေမတွက်နိုင်သော သူများကလည်း မနက်ဖြန်နေ့၏ အခမ်းအနားပွဲအား ကြည့်ရှုရန် ရောက်ရှိ နေကြသည်။ လူအများအပြားက နှစ်ဟောင်း၏ နောက်ဆုံးနေ့ကို ခေ့ကေးမြို့တွင် ကုန်ဆုံးကြမည် ဖြစ်သည်။

ကောင်းကင်တွင် ငွေသော်တာ လမင်းက ကြယ်ရောင်စုံများ ခြံရံလျက် ကောင်းကင်ကို အလင်း ဖြန့်ကြက် ထားသည်။ ခေ့ကေးမြို့၏ ကောင်းကင်တွင်ကား တစ်ခါတစ်ရံ မီးကျည် မီးပန်းများကို မြင်တွေ့ကြရသည်။ တစ်မြို့လုံးကား ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များနှင့် ဖုံးလွှမ်းနေ၏။

ဒွန်ဟွာကလန်မှ တန်ခိုးရှင်များ နေထိုင်ရာ နေရာတွင် အဆောင်ငယ် တစ်ခု ရှိသည်။ ထိုနေရာတွင်ကား မိန်းမပျို တစ်ယောက်က ထိုင်ကာ ကု့ချင်း တီးခတ်နေသည်။ လရောင် အောက်တွင် သူမကား အလွန် ပဟေဠိ ဆန်လှသည်။ သူမ၏ သိမ်မွေ့ ညင်သာသော အပြုအမူများနှင့် သန့်စင်မှုတို့က သူမ၏ ချောမောလှပမှုကို မဟာဆန်စေသည်။

သူမကား အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမပျို သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ဒွန်ဟွာကလန်မှ လူများအတွက် သူမကား နတ်သမီးတစ်ပါး ဖြစ်သည်။ မည်သူမှ သူမအား မကောင်းသောစိတ် မထားရဲကြပေ။

သူမ၏ အပြစ်ကင်းသော မျက်နှာအား ကြည့်မိပါကလည်း မည်သူမှ မကောင်းသော စိတ်အကြံကို သူမအပေါ် ထားလိုကြမည် မဟုတ်ပေ။ ထို့အပြင် ဒွန်ဟွာကလန်မှ လူများ အားလုံးက သူတစ်ယောက်တည်း ကသာ ဟွာချင်းချင်း အတွက် သင့်တော်သည်ကို သိကြသည်။

သူ တစ်ယောက်တည်း ကသာ ဟွာချင်းချင်းလို မိန်းကလေးနှင့် ထိုက်တန်သည်။

သူကား ကလန်အတွင်းတွင် နှစ်တစ်ရာအတွင်း တစ်ခေတ်မှာ တစ်ခါ ပေါ်ထွက်လာသော အလွန် ရှားပါးသော ပါရမီရှင် တစ်ယောက် ဖြစ်ကာ ကလန် ခေါင်းဆောင် ကိုယ်တိုင်က အလွန် တန်ဖိုးထားရသော သူဖြစ်သည်။ သူကား ဒွန်ဟွာကလန်ကို အောင်မြင်မှု အမြင့်ဆုံး ရောက်အောင် ခေါ်ဆောင်သွားမည့် ဒွန်ဟွာကလန်၏ အနာဂတ် ဖြစ်သည်။

သူကား ဒွန်ဟွာကလန်၏ ပါရမီ အမြင့်ဆုံး လုနန်ထျန်း ဖြစ်သည်။

ချိန်ချင်းမူက လူငယ်မျိုးဆက်တွင် အတော်ဆုံး ဂီတပါရမီရှင် အဖြစ် သိထားကြ သော်လည်း သူ၏ တန်ခိုးအဆင့်နှင့် သိုင်းပညာ ပါရမီတွင် လုနန်ထျန်းကို မမီပေ။ လုနန်ထျန်းက ဒွန်ဟွာကလန်၏ နောက်တက်မည့် ကလန်ခေါင်းဆောင် ဖြစ်သည်ကို ဒွန်ဟွာကလန်မှ လူတိုင်းက သိကြသည်။ လက်ရှိ ခေါင်းဆောင်က လုနန်ထျန်းအား နေရာလွှဲပေးရန် စီစဉ်နေသည်ဟုပင် ကောလာဟလများ ဖြစ်ပေါ်နေသည်။ ထို့အပြင် လက်ရှိ ကလန်၏ အချစ်ဆုံး သမီးဖြစ်သူ ဟွာချင်းချင်း ကိုလည်း လုနန်ထျန်းနှင့် သဘောတူထားပြီး ဖြစ်သည်။

ဤမတိုင်မီက ဂူတုံးလျိုက ချင်ပြည်ထောင်ကို သွားရောက်ပြီး ဒွန်ဟွာကလန်မှ နိုဘယ် တစ်ယောက်၏ တန်ခိုးအစွမ်းအား ဖျက်ဆီးခဲ့သည်။ ထိုသတင်းကို ဒွန်ဟွာကလန်က ရရှိပြီးသည်နှင့် ကော့တေးအား သူတို့က စိန်ခေါ်မှုတစ်ခု လုပ်ခဲ့သည်။ ပြောကြသည်မှာ လုနန်ထျန်းက စိန်ခေါ်စာအား ကိုယ်တိုင် ပေးပို့လိုခဲ့သည်။

သူကား နှစ်ပေါင်း အတန်ကြာအောင် တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ နောက်လာမည့် တိုက်ပွဲတွင် သူ၏ ပြိုင်ဘက်ကား ကော့တေး၏ တတိယ တပည့်ဖြစ်သည်။ ဒွန်ဟွာကလန်မှ လူများအတွက်မူ ဤတိုက်ပွဲက လုနန်ထျန်းက ကလန်ခေါင်းဆောင် ဖြစ်ရန် နောက်ဆုံး တိုက်ပွဲဖြစ်သည်။ သူက ကော့တေးမှ တပည့် ဂူတုံးလျိုအား အနိုင်ယူကာ အရှေ့မြေရိုင်း တစ်ခွင်ကို သူ၏ နာမည်ကို သိစေလျက် ဒွန်ဟွာကလန်၏ ခေါင်းဆောင် နေရာကို ယူမည် ဖြစ်သည်။

ထိုအခိုက်တွင် လုနန်ထျန်းက ဟွာချင်းချင်း၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမ၏ ဂီတသံက သာယာနာပျော်ဖွယ် ကောင်းကာ ငြိမ်းချမ်းမှုကို ပေးသည်။ သူမကား ရှုပ်ထွေး ပွေလီလှသော လောကမှ လေပြည် လေညင်းလေးလို လူအများအား အေးချမ်းမှုကို ပေးသည်။ သူမကား အလွန် သန့်စင်သော ဖြစ်တည်မှု တစ်ခုဖြစ်သည်။

လူတစ်ယောက်က ဤလောကတွင် အသက်ရှင်ရန် အခက်အခဲများ ပြဿနာများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဒွန်ဟွာကလန်တွင် ပင်လျှင် လူအများစုထံတွင် သံသယများ လိမ်လည်မှုများ ရှိကြသည်။ သူမ တစ်ယောက်တည်းသာ လှပကာ အပြစ်ကင်းသည်။ လုနန်ထျန်းက သူမကို မြင်တိုင်း သူ၏ နှလုံးသားတွင် စိတ်အေး လက်အေး ဖြစ်သော အေးချမ်းသော ခံစားမှုကို ရှားပါးစွာ ရသည်။ သူက ဟွာချင်းချင်းအား တခြား အတွေးများ မရှိဘဲ အမှန်တကယ် သဘောကျသည်။ သူမအား မြင်ရုံမျှဖြင့် သူက ကောင်းမွန်သော ခံစားချက်ကို ရသည်။

ဂီတသံစဉ်က တဖြည်းဖြည်း ရပ်တန့်သွားသည်။ ဟွာချင်းချင်းတွင် သွယ်လျကာ လှပသော လက်ချောင်းလေးများကို ပိုင်ဆိုင်သည်။ သူမက လက်များကို ကု့ချင်းပေါ်မှ ချလိုက်ပြီး သန့်စင်သော မျက်လုံးများဖြင့် ခေါင်းကို မော့လိုက်သည်။ သူမ၏ ရှေ့တွင် ရပ်နေသော သူအား သူမက ညင်သာစွာ မေးသည်…. “မနက်ဖြန်က တိုက်ပွဲနေ့ပဲ … ရှင်က ယုံကြည်မှု ရှိလား…”

ပြုံးလျက်ပင် လုနန်ထျန်းက ခေါင်းယမ်းသည်။

“တကယ်လို့ မနက်ဖြန် ကျုပ်ရဲ့ ပြိုင်ဘက်က တခြား အင်အားစု တစ်ခုရဲ့ လူတစ်ယောက် ဖြစ်မယ်ဆိုရင် ကျုပ်က ယုံကြည်မှု ရှိတယ်… ဒါပေမဲ့ ကျုပ်ပြိုင်ဘက်က ကော့တေးရဲ့ တတိယ တပည့် ဂူတုံးလျိုပဲ… ဂူတုံးလျိုကို နိုင်မယ်လို့ ဘယ်သူက သေသေချာချာ ပြောနိုင်သလဲ…” လုနန်ထျန်းက ပြုံးလျက် တည်ငြိမ်စွာ ပြောသည်။ အရှေ့မြေရိုင်း ဒေသတွင် သူက ထိုက်ထန်သော ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသူများ များများစားစား မရှိပေ။ ထိုအထဲတွင်မှ ကော့တေးမှ ပထမ တပည့်နှင့် တတိယ တပည့်တို့က ထိုသို့သော လူစားမျိုးများ ဖြစ်သည်။ ထို့အပြင် ကော့တေးကား အမှန်ပင် ထူးဆန်း အံ့ဖွယ်နေရာ ဖြစ်သည်။ ထိုနေရာမှ သူများကို သူက အထင် မသေးရဲပေ။

“ဒါဆိုလည်း သတိထားပါ…” ဟွာချင်းချင်းက ညင်သာစွာ ပြောသည်။ သူမ၏ လေသံက ထိုတိုက်ပွဲက သိပ်အရေးမကြီးသော အငွေ့အသက်ကို ခံစားရစေသည်။ အနည်းဆုံး လက်ရှိ အချိန်တွင် သူတို့ နှစ်ယောက်လုံးက ထိုအကြောင်းကို သိပ်မတွေးချင်ကြပေ။

“ကောင်းပြီ…” လုနန်ထျန်းက ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လျက် ကောင်းကင်မှ ကြယ်များကို မော့ကြည့် လိုက်သည်။

ကောင်းကင်တွင် ထွန်းလင်းနေသော ကြယ်များကား ကမ္ဘာမြေပြင်မှ တန်ခိုးရှင်များ ကဲ့သို့ ဖြစ်သည်။ သို့သော်လည်း အမှန်တကယ် အားဖြင့် အတောက်ပဆုံး အဖြစ် မည်သူက ကျန်နေရစ် သနည်း။ အများစုက သာမန် ကြယ်များသာ ဖြစ်သည်။ သူတို့က ကောင်းကင်တွင် မှိန်လိုက် မှိတ်လိုက်ဖြင့် အလွန် တိုတောင်းသော အလင်းတစ်ခုကိုသာ ထုတ်လွှတ်နိုင်စွမ်း ရှိကြကာ မကြာခင် ပျောက်ကွယ် သွားကြရ၏။

***

ထိုအခိုက်တွင် ကော့တေးမှ တပည့်များက အတူတူ ထိုင်ကာ ဝိုင်းဖွဲ့ စားသောက် နေကြသည်။ ရီဖူရှင်းက ပြောသည်… “အစ်ကိုငါး… ခင်ဗျားရဲ့ လက်ရာက အရမ်း ကောင်းတာပဲ…”

“ဒါက လေ့ကျင့်ဖန် များလို့ပဲ…” လျိုဖန်းက ချီးကျူးခံရသည့်တိုင် ဂုဏ်ယူသည့်ဟန် မရှိပေ။

“ကျွန်တော်က အစ်ကိုငါးကို တကယ်ပဲ အားကျတယ်… အစ်ကိုငါးက လေ့ကျင့်တာ များပြီး ဒီလောက် ကျွမ်းကျင် လာတယ်….” ရီဖူရှင်းက အသာအယာ ပြုံးလျက် ပြောသည်။

“အစ်မနှစ်က ဒီမှာ မရှိဘူး… မင်းကို ဘယ်သူမှ မကာကွယ်ပေးဘူး …. စကားပြောတာ သတိထား…” လျိုဖန်းက ရီဖူရှင်းအား ကြည့်ကာ သတိပေးသည်။ ဤကောင်က တောင်ပေါ်တွင် ရှိနေကာ အစ်မနှစ်၏ ကာကွယ်မှု ရှိသည် ထင်နေသည်လော။

“ကျွန်တော်တို့က မပြန်ဘဲ နေမှာမှ မဟုတ်တာ….” လျိုဖန်း၏ ခြိမ်းခြောက်မှုကို ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။ လျိုဖန်း၏ မျက်နှာက မည်းမှောင် သွားကာ ရီဖူရှင်းအား မျက်လုံးပြူးလျက် ကြည့်သည်။ ရီဖူရှင်းက အမှန်ပင် အစ်မနှစ်အား တိုင်တောခဲ့ပါက တောင်ပေါ်တွင် သူ၏ အခြေအနေက သိပ်ကောင်းမည် မဟုတ်ပေ။

လျိုဖန်း သက်ပြင်း ချလိုက်သည်။ အစ်ကို တစ်ယောက် အနေဖြင့် သူကား ဝါစဉ်ငယ်သူ ထံတွင် အနိုင်ကျင့် ခံနေရသည်။

“အစ်မနှစ်နဲ့ ညီမ ရှင်းအာတို့ မရှိတာ တစ်မျိုး ခံစားရတယ်…” ရွှီယီက တိုးတိုးလေး ပြောသည်။ သူက ပြောနေရင်းက ဂူတုံးလျိုအားလည်း ကြည့်လိုက်၏။

“စားပဲစား…. မနက်ဖြန် လုပ်စရာတွေ အများကြီး ရှိတယ်….” ဂူတုံးလျိုက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။

“အစ်ကိုသုံး…. လုနန်ထျန်းနဲ့ ပတ်သက်ပြီး ဘယ်လောက် ယုံကြည်မှု ရှိလဲ….” လျိုဖန်းက စိတ်ဝင်စားစွာ မေးသည်။ သူ၏ အစ်ကိုသုံးက ဘာတွေ တွေးနေသည်ကို မည်သူမှ မသိပေ။

“ငါမသိဘူး….” ဂူတုံးလျိုက ပြောသည်။ လုနန်ထျန်းကား သူ့ထက် အလျင် အရှေ့မြေရိုင်း ဒေသတွင် နာမည် ကျော်ကြားခဲ့သည်။ နောက်ပိုင်းတွင် သူက တစ်ခါတစ်ရံမှ တိုက်ခိုက်ပြီး သူမည်မျှ စွမ်းသည်ကို မည်သူမှ အတိအကျ မသိကြတော့ပေ။ သို့သော် မည်သူမှ သူ၏ စွမ်းရည်များကို အထင် မသေးရဲကြပေ။ ကော့တေးကလည်း ထိုသို့သော သူကို အထင်မသေးရဲပေ။

“လုနန်ထျန်းက အရမ်း အားကောင်း တာလား….” ရီဖူရှင်းက မေးသည်။ အစ်ကိုသုံး ပင်လျှင် သူနှင့် ရင်ဆိုင်ရန် ယုံကြည်မှု သိပ်ရှိပုံမရပေ။

“သူက ဒွန်ဟွာကလန်မှာ ပါရမီအမြင့်ဆုံး လူပဲ…. သူက သာမန်တော့ မဟုတ်ဘူး….” ဂူတုံးလျိုက ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုများ ဖြစ်ကြသည်။ လုနန်ထျန်းက ဒွန်ဟွာကလန်၏ ပါရမီ အမြင့်ဆုံး လူအဖြစ် သတ်မှတ် ခံထားရမှတော့ သူက သံသယ ရှိစရာ မလိုအောင်ပင် အလွန် အားကောင်း ရပေမည်။ သို့တိုင်အောင် သူ၏ အစ်ကိုသုံးက အနိုင်ရရန် ရီဖူရှင်း မျှော်လင့် နေဆဲပင်။

ဤတိုက်ပွဲကား ဒွန်ဟွာကလန်နှင့် ကျောင်းတော်တို့ နှစ်ခုလုံး အတွက် အရေးပါသည်။

“မင်းတို့ စားပြီးရင် စောစော နားကြ…” ဂူတုံးလျိုက မတ်တတ်ရပ်ကာ ထွက်သွားသည်။ လူတိုင်းက အစ်ကိုသုံး၏ နောက်ကျောကို ကြည့်လိုက် ကြသည်။ လျိုဖန်းက တိုးတိုးလေး ပြောသည်… “ကြည့်ရတာတော့ မနက်ဖြန်က တကယ် ခက်ခဲတဲ့ တိုက်ပွဲ ဖြစ်မှာပဲ…”

“ဒီနေ့ ကောင်းကောင်း အိပ်ပြီး မနက်ဖြန်အတွက် အားဖြည့်ထား…” ရွှီယီက ပြောသည်။

“ဆရာက ဘယ်မှာလဲ မသိဘူး…” ယိရှောင်ရှီက ရေရွတ်သည်။

“သူက ကလေး တစ်ယောက်ကို လိမ်ဖို့ ကြိုးစား နေလိမ့်မယ်…” လျိုဖန်းက တိုးတိုးလေး ပြောသည်။ ထို့နောက် သူက အစ်ကိုသုံး ရှိရာဘက်သို့ ခိုးကြည့်သည်။

“အစ်ကိုသုံးက ဒီစကားကို ကြားရင် အစ်ကိုငါးတော့ တကယ် ပြဿနာ တက်ပြီပဲ…” ယိရှောင်ရှီက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက သူတို့အား နားမလည်စွာ ကြည့်သည်။

သူ၏ နားမလည်သော အကြည့်ကို မြင်လျှင် လျိုဖန်းက ရီဖူရှင်း၏ ပခုံးကိုပုတ်ပြီး လေးနက်စွာ ပြောသည်… “ညီငယ်လေး… မင်း မှတ်ထားရမှာက ကော့တေးရဲ့ တပည့်တစ်ယောက် အနေနဲ့ အရေးအကြီးဆုံးက မင်းရဲ့ ဆရာကို လေးစားဖို့ပဲ….” ထိုသို့ ပြောပြီး သူက ထိုနေရာမှ ထွက်ခွာ သွားသည်။ ရီဖူရှင်း အနည်းငယ် အံ့အားသင့် သွားသည်။

“အစ်ကိုသုံးရှေ့မှာ ဆရာနဲ့ ပတ်သက်ပြီး မကောင်းတာတွေ လုံးဝ မပြောမိစေနဲ့…” ထို့နောက် ယိရှောင်ရှီလည်း ထွက်ခွာ သွားသည်။

ရီဖူရှင်းက မျက်လုံး ပြူးသွားပြီး အရာအားလုံးကို ချက်ချင်း နားလည် သွားသည်။ သို့သော် သူက ထိုကဲ့သို့သော ကိစ္စများကို စိတ်ပူစရာ မလိုပေ။ ဤလောကတွင် သူကဲ့သို့သော ဆရာကို လေးစားသောသူ လက်ချိုးရေ၍ ရသည်။ သူ့အတွက် အမြဲတမ်း ဂုဏ်ယူနေရသော သူ၏ ယောက္ခမအား ကြည့်လျှင် သိနိုင်ပေသည်။

အစ်ကိုများက ကိုယ်စီ အခန်းကို ပြန်သွားကြသလို ယူချင်းကလည်း လေ့ကျင့်ရန် ထွက်သွားသည်။ ရီဖူရှင်းက ခေါင်မိုးပေါ်သို့ တက်သွားကာ ထိုနေရာတွင် လဲလျောင်း လိုက်သည်။ သူက ငွေရောင် ထွန်းလင်း နေသော လအား ကြည့်ကာ ကြယ်များကို ရေတွက် ကြည့်နေသည်။ လရောင် အောက်တွင် သူ သတိရသော မိန်းကလေး တစ်ယောက်၏ ပုံရိပ်ကို ဝေဝါးစွာ မြင်မိနေသည်။

ယခုကား နှစ်ဟောင်း ကုန်ပြန်တော့မည်။ နှစ်စဉ် နှစ်တိုင်း သူက ဂျီယူနှင့်အတူ နှစ်သစ်ကူး ရက်များကို ကုန်ဆုံးလေ့ ရှိသည်။ ဤနှစ်တွင်ကား သူမက သူ့ဘေးတွင် ရှိမနေခဲ့ပေ။ ရီဖူရှင်း အမှန်ပင် သူမအား သတိရသည်။

သူမက အမှန်ပင် သူ့အား တွေ့ရန် မလာခဲ့ပေ။ နောက်တစ်ကြိမ် သူမအား တွေ့လျှင် ပညာ ကောင်းကောင်း ပေးရန် သူ တွေးထားသည်။ ထို့နောက် သူ၏ အတွေးထဲကို သူ၏ အဖေ၊ အမေတို့၏ ပုံရိပ်များလည်း ဝင်ရောက် လာသည်။ သူ၏ အဒေါ်နှင့် ရီချိန်တို့လည်း ပါသည်။ မွေးစားအဖေက သူတို့အား မည်သည့်နေရာသို့ ခေါ်သွားသနည်း။ မွေးစားအဖေကရော မည်သည့်နေရာတွင် ရှိသနည်း။

ထိုအရာများကို တွေးကာ ရီဖူရှင်းက မျက်လုံး မှိတ်လျက် အမှန်ပင် အိပ်ပျော် သွားသည်။ ထို့နောက် သူက အိပ်မက် တစ်ခုကို မက်၏။

အိပ်မက်ထဲတွင် သူက အသက် ဆယ့်ငါးနှစ် အရွယ်ကို ရောက်ရှိသွားပြီး ဂျီယူနှင့် တွေ့ကာ ချစ်ကြိုက် သွားကြသည်။

သူ၏ အိပ်မက်ထဲတွင် တီအန်ယွာတောင်၌ လူဝံကြီးက ကောင်းကင် ဘုံကိုးဆင့် တိုက်ကွက်ဖြင့် ကောင်းကင်အား ပြိုကျအောင် ရိုက်ခဲ့သည်။ သူက နတ်စစ်သူကြီးနှင့် လွန်စွာ ချောမော လှပသော ဒွန်ဟောင် မင်းသမီးလေးအား မြင်သည်။

သူ၏ အိပ်မက်ထဲတွင် အလွန် ကြံ့ခိုင် သန်စွမ်းသော ထည်ဝါ ခန့်ညားသော တကယ့် ဧကရာဇ် တစ်ပါးကိုလည်း မြင်သည်။ သို့သော် သူ၏ မျက်နှာကိုမူ သူက ရှင်းလင်းစွာ မမြင်ရပေ။

ထို့နောက် ကောင်းကင်က လင်းလက်လာပြီး ကောင်းကင် ပြက္ခဒိန်၏ နှစ် ၁၀၀၀၃ ခုနှစ်၏ အစ ပထမနေ့ကို ရောက်ရှိလာသည်။ လေညင်းတစ်ခုက သူ၏ မျက်နှာအား တိုက်ဖြတ်သွားလျှင် ရီဖူရှင်းက မျက်လုံးအား အသာအယာ ဖွင့်လိုက်သည်။

နောက်တစ်နှစ် ကုန်သွားပြန်ခဲ့ပြီ။ အချိန်များကား အကုန် မြန်လှသည်။

ခေ့ကေးမြို့က ပြန်လည်၍ စတင် စည်ကား လာသည်။ နေရောင် အောက်တွင် မရေမတွက်နိုင်သော လူများက ဒွန်ချင် ကျောင်းတော်သို့ သွားရောက် နေကြသည်။ ယနေ့ကား သမိုင်းတွင်မည့်နေ့ တစ်နေ့ မဟုတ်ပါလား။

ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က လက်ထပ် ကြတော့မည့် နေ့ဖြစ်သလို ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ပူးပေါင်းကာ ဒွန်ချင် ကျောင်းတော်အား တရားဝင် ဖွင့်လှစ်တော့မည့် နေ့လည်း ဖြစ်သည်။ ထို့အတူ လုနန်ထျန်းနှင့် ဂူတုံးလျိုတို့ကလည်း တိုက်ခိုက်ကြမည် ဖြစ်သည်။

ထိုအရာများက လောကတစ်ခွင်မှ မရေမတွက်နိုင်သော သူများအား စိတ်ဝင်စား စေပေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset