Switch Mode

အပိုင်း (၂၆၁)

နာမည်ဆိုးတွင်ခြင်း

ထိုအရာကား နှင်တံတစ်ချောင်း ဖြစ်သည်။ နှင်တံက ရောင်စဉ်ငါးခု ဖြာထွက် နေသည်။ ရီဖူရှင်း အတန်ကြာ မှင်တက်သွားသည်။ ကြည့်ရသည်မှာ အစီအရင်အပြင် ယန်ဘိုးဘေး၏ စိတ်အသိအား ထိန်းသိမ်းရန် သိဒ္ဓိဝင် ပစ္စည်း တစ်ခုကိုလည်း အသုံးပြုထားပုံ ရသည်။

ရီဖူရှင်းက သူ၏ စိတ်အသိအား ထုတ်လွှတ်လိုက်ပြီး နှင်တံထဲကို ဝင်ရောက် လိုက်သည်။ ချက်ချင်းပင် သူနှင့်နှင်တံအကြား စိတ်ဝိညာဉ် ဆက်နွှယ်မှုကို ရရှိသွားသည်။ သူ၏ လက်ကို ဆန့်တန်းလိုက်လျှင် နှင်တံက သူ့လက်ထဲကို ရောက်လာသည်။ နှင်တံအား သူ၏ စိတ်အသိဖြင့် ဆက်သွယ်ထားပြီး ဖြစ်ရာ နှင်တံက မိမိအလိုအတိုင်း လိုက်၍ အသုံးပြုမည့် ဓာတ်စွမ်းအင်ကို ပြောင်းလဲ နိုင်ကြောင်းလည်း တွေ့ရသည်။

“ဓာတ်ငါးမျိုး နှင်တံ….” ရီဖူရှင်း၏ မျက်လုံးက လင်းလက်သွားပြီး သူ၏ စိတ်အင်အားကို ထိန်းချုပ်လိုက်သည်။ ချက်ချင်းပင် နှင်တံက အနီရောင် ပြောင်းလဲသွားပြီး မီးလျှံများ ဖြစ်ပေါ်လာသည်။ ထို့နောက် အစိမ်းရောင် ပြောင်းသွားပြီး အလွန် နူးညံ့သွားသည်။ သူက လေထဲ ဝှေ့ယမ်းလျှင် နှင်တံက လေထဲတွင် နွယ်ပင်အလား ရှည်လျားစွာ ဆန့်တန်း သွားသည်ကိုလည်း တွေ့ရသည်။

“အာ….” ရီဖူရှင်းက မျက်လုံး ပြူးသွားသည်။ ဓာတ်ငါးမျိုး နှင်တံက အမှန်ပင် သူ၏ ပုံစံကို ပြောင်းလဲနိုင်သည်။ ထိုအရာက အမှန်ပင် ရတနာ တစ်ခုဖြစ်သည်။ ကြည့်ရသည်မှာ သူက ယန်မိသားစုကို ကျေးဇူး တင်ရမည့်ပုံ ပေါ်နေသည်။

ရီဖူရှင်းက အပြင်ကို ထွက်လိုက်သည်။ ထိုအခိုက်တွင် အပြင်မှ အခြေအနေကား လွန်စွာ တင်းမာနေသည်။ ယန်မိသားစု ခေါင်းဆောင်က မျှော်စင်ထဲကို အတင်း ဝင်ရောက် လိုသော်လည်း ကျူးချိန်က သူ့ရှေ့တွင် ပိတ်ရပ် နေသည်။

ယန်မိသားစုက ချင်ပြည်ထောင်၏ အင်အားခွဲ တစ်ခုဖြစ်သည့်တိုင် အမှန်တကယ် စစ်ဖြစ်ခဲ့လျှင် တကယ်တမ်း အပျက်အစီး များမည်မှာ ယန်မိသားစု ဖြစ်သည်ကို သူသိသည်။ ထို့အပြင် ချင်ပြည်ထောင်က ယန်မိသားစု အတွက် အမှန်တကယ် စစ်ကြေညာ ရဲမည်လော သူ မသေချာပေ။

ရီဖူရှင်းက မျှော်စင်မှ ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူ့အား မရေမတွက် နိုင်သော အကြည့်များက ဆီးကြိုနေကြသည်။ ရီဖူရှင်း၏ လက်ထဲမှ နှင်တံကို မြင်လျှင် ယန်မိသားစု ခေါင်းဆောင်က အလွန် အေးစက်စွာ ပြောသည်… “မင်းက အစီအရင်ကို ဖျက်ဆီး ခဲ့တာလား….”

“အင်း…” ရီဖူရှင်း တည်ငြိမ်စွာ ခေါင်းညိတ်သည်။

“မင်းတို့က သုံးချောင်းထောက် မိစ္ဆာတိုင်ကို ယူသွားချင်တယ်… အခု မင်းတို့က ငါတို့ ဘိုးဘေးရဲ့ စိတ်အသိကို ဖျက်ဆီးခဲ့တယ်…. ဒါက မလွန်လွန်း ဘူးလား…..” ယန်မိသားစု ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်သည်။

“ရှင်က မတရား ခံရတယ်လို့ ဟန်ဆောင် မနေနဲ့….” ကျူးချိန်က ယန်မိသားစု ခေါင်းဆောင်အား ထူးမခြားနားစွာ ကြည့်သည်…. “ဘာဖြစ်ခဲ့တယ် ဆိုတာ ငါသိပြီးပြီ…. မိစ္ဆာတိုင်ကို စောင့်ကြပ်တဲ့လူရဲ့ စကားက ယန်မိသားစုကို ကိုယ်စားမပြုဘူးလို့ ရှင်ပြောတယ်…. ကျောင်းတော်က လူတွေကို အရူးတွေလို့ ရှင်ထင်နေလား…. ဒါကို ဒီအတိုင်း လျစ်လျူရှုထားလို့ ရတယ်… ဒါပေမဲ့ ယူချင်းက မိစ္ဆာတိုင်ကို အစီအရင်က လွတ်သွားအောင် မနိုင်တော့မယ့် အချိန်မှာ ရှင်တို့က ရုတ်တရက် ဝင်တိုက်ခိုက်ခဲ့တယ်…. တကယ်လို့ သူက ကျောင်းတော်က မဟုတ်ဘူးဆိုရင် ရှင်တို့က အစကတည်းက သတ်လိုက်ပြီ မဟုတ်ဘူးလား…. အခု ရှင်က သနားစရာ ကောင်းသလို လုပ်နေသေးတယ်….”

ထိုအနီးမှ လူများအားလုံး ဆွံ့အ သွားကြသည်။ အမှန်အားဖြင့် သူမပြောသည်ကား တကယ့် အမှန်တရား ဖြစ်သည်။ အင်အားကား အရာအားလုံး၏ အထက်တွင် ရှိသည်။ အကယ်၍ ယူချင်းကသာ ကျောင်းတော်မှ မဟုတ်ခဲ့လျှင် သူက ယူချင်းအား ချက်ချင်း သတ်လိုက်မည် ဖြစ်သလို ယူချင်းကလည်း ကျောင်းတော်မှ မဟုတ်လျှင် သူက မိစ္ဆာတိုင်အား ယူသွားရဲမည် မဟုတ်ပေ။ မဟုတ်လျှင် သူမည်သို့ သေသွားမည်ကိုပင် သိလိုက်မည် မဟုတ်ပေ။

ယန်မိသားစုကား မတရားခံရသည်။ အဘယ်ကြောင့် ဆိုသော် သူတို့က ကျောင်းတော်ထက် အားနည်းရာ မည်သို့မှ ပြန်မလုပ် နိုင်သောကြောင့် ဖြစ်သည်။

သူတို့က ပြောနေကြစဉ်မှာပင် မိစ္ဆာတိုင်အနီးမှ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ဖြာထွက် လာသည်။ ယူချင်းက လုံးဝ နတ်ဆိုး ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ကာ မိစ္ဆာတိုင်အား ရုန့်ရင်း ကြမ်းတမ်းစွာ မနေသည်။ သူက မိစ္ဆာတိုင်ကား ကိုးပေသို့ မလိုက်သောအခါ ကောင်းကင်ပင်လျှင် အရောင်အဆင်း ကင်းမဲ့သွားဟန် ရသည်။ ကျယ်လောင်သော မာန်သွင်းသံ တစ်ချက်နှင့်အတူ ဝင်္ကပါ အစီအရင်၏ မဆုံးနိုင်သော သဘာဝ စွမ်းအင်များက ပျက်ပြယ်သွားပြီး ဖိအားကလည်း ပျောက်ကွယ် သွားသည်။ မိစ္ဆာတိုင်အား မလျက် ယူချင်းက လေထဲတွင် အလွန် စွမ်းအားမြင့်သော နတ်ဆိုးတစ်ပါးအလား အရှိန်အဝါကြီးစွာ ရပ်နေသည်။

“သူတကယ် လုပ်ခဲ့တယ်….” လူတိုင်းက ထိတ်လန့် သွားကြသည်။ ယူချင်းက မိစ္ဆာတိုင်အား အစီအရင်မှ လွတ်အောင် မနိုင်ခဲ့သည်။ မိစ္ဆာတိုင်ကား မိစ္ဆာအသိ စွမ်းအင်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ သို့သော် မိစ္ဆာတိုင်၏ ကိုယ်ပေါ်မှ အလင်းများနှင့် သင်္ကေတများက တဖြည်းဖြည်းဖြင့် ပျောက်ကွယ် သွားနေသည်။ နောက်ဆုံးတွင် ကြီးမားသော မိစ္ဆာတိုင်က လွန်စွာ သေးငယ်သွားပြီး ယူချင်း၏ လက်ဝါးထဲကို ကျဆင်းလာသည်။

ကောင်းကင်မှ မိစ္ဆာ စွမ်းအင်များလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယူချင်းက နှစ်ပေါင်း ထောင်ချီ ကြာမြင့်သည့် တိုင်အောင် မည်သူမှ မလုပ်နိုင်ခဲ့သော အရာကို လုပ်ခဲ့သည်။ မိစ္ဆာတိုင်ကား နောက်ဆုံးတွင် သူ၏ သခင်ကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

“ထောမိထောဘာ…..” အဟံက သူ၏ လက်အား လက်အုပ်မိုးလျက် ညင်သာစွာ ပြောသည်… “မကောင်းတဲ့ နိမိတ်ပဲ…”

ထိုနေရာ အနီးမှ လူတိုင်းက အဟံအား ကြည့်လိုက်ကြသည်။ ဤမတိုင်မီကလည်း ယူချင်းကသာ မိစ္ဆာတိုင်အား ယူဆောင်နိုင်ပါက မကောင်းသော ကြမ္မာကို သယ်ဆောင် လာမည်ဟု ပြောခဲ့သည်။ ယခု ယူချင်းက အမှန် ယူနိုင်ခဲ့သည်။ သူ့အလိုအရ နောင်တွင် ယူချင်းက လူများစွာ သတ်မည်ဟု ဆိုလိုနေသည်။

“မိစ္ဆာတိုင်က ကျုပ်တို့ ယန်ဘိုးဘေးတွေ ချန်ထားခဲ့တာ….” ယန်မိသားစု ခေါင်းဆောင်၏ အမူအရာက အေးခဲသွားသည်။ ယူချင်းက မိစ္ဆာတိုင်အား အမှန် မနိုင်ခဲ့သည်။ သိသာစွာပင် သူက မိစ္ဆာတိုင်အား ယူသွားရန် ကြံနေသည်။

“မိစ္ဆာတိုင်က သူ့ရဲ့ဆရာကို တွေ့သွားပြီ… ရှင်တို့က ပျော်သင့်တယ်….” ကျူးချိန်က ယူချင်းအား ကြည့်ကာ ပြောသည်။

ယန်မိသားစု၏ ခေါင်းဆောင်ကား လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ရသည်။ မိစ္ဆာတိုင်နှင့် ယန်ဘိုးဘေး၏ စိတ်အသိနှစ်ခုလုံးက ယန်မိသားစုအတွက် အမှန်တကယ် အားဖြင့် အသုံးမဝင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုအရာများက ယခင် ယန်မိသားစု ဘိုးဘေးများ၏ နောက်ဆုံး ကျန်ရစ်ပစ္စည်းများ ဖြစ်သည်။ ထိုအရာများက တစ်ချိန်က ယန်မိသားစု ထွန်းတောက် ခဲ့သည်များကို သက်သေပြနိုင်သည်။ သူတို့က မိစ္ဆာတိုင်အား လူမြင်ကွင်းတွင် ထားကာ လူအများအား မစေခဲ့ကာ တစ်ချိန်က သူတို့မိသားစု၏ ကြီးကျယ် ခမ်းနားမှုကို လူအများအား အမှတ်ရစေခဲ့သည်။ သို့သော် ယနေ့တွင်ကား ထိုအရာများ အားလုံး ယူဆောင် သွားခြင်း ခံရသည်။ ထို့အပြင် ယန်မိသားစုက များစွာ အရှက် ရကြရသည်။

ယန်ဘိုးဘေး၏ သေဆုံးမှုကိုမူကား အမှန်တကယ် အားဖြင့် ယန်မိသားစု ခေါင်းဆောင်က ဂရုမစိုက်ပေ။ သူ့အား နှစ်ပေါင်းများစွာ ကိုးကွယ် လာခဲ့ကြသော်လည်း သူကား ယန်မိသားစု အတွက် အသုံးမဝင် ဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု သူက ယန်မိသားစု အတွက် ကံဆိုးမိုးမှောင် ကျအောင်ပင် လုပ်ခဲ့သည်။ ယန်ဘိုးဘေးက ယူချင်းအား မတိုက်ခိုက်ခဲ့လျှင် အခြေအနေက ထိန်းချုပ်၍ ရသေးသော်လည်း ယခု သူ့ကြောင့် ယန်မိသားစုက လွန်စွာ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။ သူ၏ တိုက်ခိုက်မှုကြောင့် ပြဿနာက လွန်စွာ ကြီးမား သွားခဲ့သည်။ ပထမ ကတည်းက ယန်မိသားစုက မှားယွင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် ကော့တေး၏ ဘက်တွင် အကြောင်းပြချက် ရှိပြီး သူတို့စိတ်ကြိုက် ခြယ်လှယ် နိုင်ကြသည်။

ကော့တေးက မည်သို့သော နေရာဖြစ်သည်ကို လူတိုင်းက သိကြသည်။

ကော့တေးနှင့် ကျောင်းတော်က ပြဿနာအား ဖန်တီးနေသည် မဟုတ်ပေ။ သို့သော်လည်း သူတို့အား သွားထိလျှင် သူတို့ကလည်း စစ်ဖြစ်ရန် ကြောက်ရွံ့နေမည် မဟုတ်ပေ။ ထိုသို့သော အမူအကျင့်က အမှန်အားဖြင့် ရင်ဆိုင်ရန် လွန်စွာ ခက်ခဲပေသည်။

အကယ်၍ သူတို့က အနိုင်ရခဲ့လျှင်ပင် အနိုင်ရသည့် ဘက်ကလည်း ဆုံးရှုံးမှု လွန်စွာ ကြီးမားမည်ကို လူတိုင်း သိကြသည်။ တခြား အင်အားစုများက သူတို့အကြား စစ်ပွဲများကို ရပ်ကြည့်ကာ နောက်ဆုံး စစ်ပွဲ၏ အကျိုးအမြတ်များကို ဘေးမှ ဝင်ယူသွားကြမည် ဖြစ်သည်။

“မကြာသေးခင်က မင်းက ဂူကျီချူရဲ့ ခြိမ်းခြောက်မှုကို ခံရတယ်ဆို… “ချင်ပြည်ထောင် ဘက်မှ လူများထဲမှ ချင်လီက ရုတ်တရက် ပြောသည်။

ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားကာ ချင်လီအား ကြည့်လိုက်သည်။

ကျောင်းတော်နှင့် ကော့တေးမှ လူများက မျက်မှောင်ကြုတ် သွားကြသည်။

“မင်းက သူ့ရဲ့ဂျူနီယာ ညီမကို အစေခံ အနေနဲ့ သိက္ခာကျအောင် လုပ်ခဲ့တယ်… ဒါကြောင့် သူက မင်းကို ခြိမ်းခြောက်တော့ အခု မင်းက ယန်မိသားစုကို လာပြီး မင်း ဒေါသတွေကို ဖြေဖျောက်တဲ့ အနေနဲ့ နောက်ခံ အားကိုးပြီးတော့ အနိုင်လာကျင့်တယ်…. ဒီလို လှည့်ကွက် လေးတွေကိုပဲ လုပ်တတ်တာက မင်းလား… ရီဖူရှင်း…” ချင်လီက သရော်သော လေသံဖြင့် ပြောသည်… “ဒီလိုဆိုရင်လည်း ကျုပ်တို့က ဒီရတနာကို ကော့တေးကို အလကား ပေးရတာပေါ့… နောက် ရက်နည်းနည်း ကြာရင် ကျုပ်တို့က ကျောင်းတော်က တပည့်တွေနဲ့ တိုက်ခိုက်မယ်…. ဘယ်လိုလဲ….”

ချင်လီ၏ စကားကိုကြားလျှင် ယန်မိသားစု ခေါင်းဆောင်က သူမည်သို့မှ မလုပ်နိုင်တော့ပြီကို သိလိုက်သည်။ ချင်လီ၏ စကားက သူ၏ သဘောထားကို သိသာစေသည်။ ချင်ပြည်ထောင်က တကယ်တမ်း အားဖြင့် စစ်မကြေညာရဲပေ။ ယန်မိသားစုက ကျောင်းတော်ကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

“ကောင်းပြီ… ကျုပ်တို့က ကော့တေးကို အလကား ပေးတာပေါ့…”  ယန်မိသားစု ခေါင်းဆောင်က အံကြိတ်ကာ ပြောသည်။ လူအများအပြားက စိတ်ပျက် သွားကြသည်။ ချင်ပြည်ထောင်က ယန်မိသားစုအတွက် စစ်ဖြစ်လိုဟန် မရပေ။

ပရိသတ်များက တိုက်ပွဲ အမှန်တကယ် ဖြစ်လာမည်ဟုလည်း သိပ်မမျှော်လင့်ခဲ့ ကြပေ။ ထိပ်သီး အင်အားစုများ အတွက် စစ်ဖြစ်ရန် အမှန် ခဲယဉ်းပေသည်။

“သွားမယ်…” ကျူးချိန်က ပြောသည်။ သူတို့ အုပ်စုက လူအုပ်ကို ကျော်ဖြတ်လျက် ထွက်ခွာ သွားသည်။ ရီဖူရှင်းက ချင်လီ၏ ဘေးနားမှ ဖြတ်သွားသောအခါ ရီဖူရှင်းက ရပ်တန့်လိုက်သည်။ ထို့နောက် သူက ချင်လီအား ကြည့်ကာ ပြုံးလိုက်၏။ ထို့နောက်မှ သူက ထွက်ခွာသွားသည်။

ချင်လီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်လာသည်။ သူက ဘာကို ဆိုလိုသနည်း။

“ယူချင်း…” ရီဖူရှင်းက လှမ်းခေါ်လိုက်သည်။ ယူချင်းက သူ့နောက်ကို လိုက်လာလျှင် သူတို့အုပ်စု ထိုနေရာမှ ထွက်ခွာသွားသည်။

လမ်းတွင် လျိုဖန်းက ရီဖူရှင်း၏ ဘေးနားမှ လျှောက်နေရင်းက မေးသည်… “ဂူကျီချူက မင်းကို ဘာလုပ်ခဲ့တာလဲ….”

“သူက ကျုပ်ကို သတိပေးတာ… ဒါပေမဲ့ သိပ် အရေးတကြီးတော့ မဟုတ်ဘူး…. ချင်လီက တမင် ဒါကို အသုံးချပြီး မှော်ကလန်နဲ့ ရန်တိုက်ပေးတာ ထင်တယ်….” ရီဖူရှင်းက ပြုံးလိုက်သည်။ ချင်လီက မည်သို့ စဉ်းစား နေသည်ကို သူသိသည်။

ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ပူးပေါင်းခဲ့သည်။ ထိုထိပ်သီး အင်အားစု နှစ်ခုက ပူးပေါင်းကာ ဒွန်ချင်ကျောင်းတော်အား တည်ထောင်ခဲ့ကြသည်။ ချင်လီက လစန္ဒာကလန်မှ သမီးတော်ကိုလည်း ပိုးပန်းနေသည်။ သူတို့က များစွာသော ထိပ်သီး အင်အားစုများနှင့် ပူးပေါင်းကာ ကျောင်းတော်အား ဖိအားပေးရန် ကြံနေသည်။

“မင်းက ဘယ်တုန်းက နှိမ့်ချတတ် သွားတာလဲ….” လျိုဖန်းက ပြုံးလျက် မည်သို့မှ ထပ်မပြောတော့ပေ။

ရီဖူရှင်းနှင့် သူ့လူများက မိမိတို့ အဆောင်ကို ပြန်သွားကြသည်။ ခေ့ကေးမြို့တွင် သတင်းက ချက်ချင်း ပြန့်သွားသည်။ ကော့တေးမှ တပည့်က ယန်မိသားစု၏ ရတနာအား အတင်း လုယူသွားခဲ့သည်။ ချင်လီက ရီဖူရှင်းသည် ကလေးအကွက် များကိုသာ လုပ်တတ်သူဟု မှတ်ချက် ချခဲ့သည်။ ထို့အပြင် ဂူဘိုင်ယွီကြောင့် မှော်ဝိဇ္ဇာ ဂူကျီချူက ရီဖူရှင်းအား ခြိမ်းခြောက်ခဲ့သည်။ ကော့တေးနှင့် ကျောင်းတော်တို့က မည်သို့မှ ပြန်မပြောခဲ့ပေ။ သူတို့က မှားယွင်း နေခြင်းကြောင့် ပြန်မပြောခဲ့ကြ သည်လား။

ရီဖူရှင်းက တန်ခိုးအဆင့် မမြင့်မားသော်လည်း ယခု သူက ကော့တေး၏ နာမည်ဖြင့် ရောက်သည့် နေရာတွင် ပြဿနာ ရှာနေသည်ဟု သတင်းများ ထွက်လာသည်။

ရီဖူရှင်း၏ ဂုဏ်သတင်းကား ထိုသို့သော ထူးဆန်းသော နည်းဖြင့် ဖျက်ဆီးခြင်း ခံရသည်။ သို့သော် ရီဖူရှင်းက ဂရုစိုက်ခြင်း မရှိပေ။ လူအများ၏ အတွေးများက ကောလာဟလကို လိုက်၍ ပြောင်းလဲကြသည်။

သူ ထိုသို့သော အခြေအနေ များစွာကို ကြုံဖူးပြီး ဖြစ်သည်။ တစ်နေ့တွင် ထိုလူများက သူ မည်သို့သော သူဖြစ်သည်ကို သိကြရမည်သာ ဖြစ်သည်။

နောက်ရက် အနည်းငယ် အတွင်းတွင် ရီဖူရှင်းနှင့်ယူူချင်းက တန်ခိုးကျင့်ရာတွင်သာ အာရုံစိုက် ထားကြသည်။ ယူချင်းက မိစ္ဆာတိုင်နှင့် လေ့ကျင့်နေသည်။ သူကား မိစ္ဆာတိုင်၏ အထဲတွင် ထိုင်နေသည်။ မိစ္ဆာတိုင်ကား သူ၏ မူလ အရွယ်အစားကို ရောက်ရှိနေပြီး ဖြစ်သည်။

ယူချင်းက သူ၏ မိစ္ဆာ နည်းစနစ်ကို သုံးလျက် မိစ္ဆာတိုင်မှ မိစ္ဆာ စွမ်းအင်များကို စုပ်ယူနေသည်။ ချက်ချင်းပင် မိစ္ဆာတိုင်မှ သင်္ကေတများက အသက်ဝင်လာကာ အားကောင်းသော စွမ်းအင်များက ယူချင်း၏ ခန္ဓာကိုယ်ထဲကို စီးဆင်းလာနေသည်။ ထိုစဉ်မှာပင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု ယူချင်းထံမှ ထွက်ပေါ်လာသည်။

မကြာမီ ယူချင်းက မိစ္ဆာတိုင်ထဲမှ ထွက်လာသည်။ မိစ္ဆာတိုင်က တစ်ဖန် သေးငယ်သွားကာ သူ၏ လက်ထဲကို ကျဆင်းလာသည်။ ယူချင်း၏ ခန္ဓာကိုယ်တွင် ထိတ်လန့်ဖွယ် မိစ္ဆာဓာတ်များ စီးဆင်းနေသည်။

ရီဖူရှင်းက ယူချင်းအား ကြည့်လိုက်သည်… “မင်းက အဆင့်တက် သွားတာလား…”

“အင်း…” ယူချင်းက ခေါင်းညိတ်သည်… “ငါက ဓမ္မအဆင့် ခုနစ်ကို ရောက်သွားပြီ….”

“ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်တဲ့အပြင် မိစ္ဆာတိုင်က နောက်ထပ် ဘာလုပ်နိုင်သေးလဲ….” ရီဖူရှင်းက မေးသည်။

“ဒါက မိစ္ဆာ စွမ်းအားတွေပဲ… မင်းနဲ့ မသင့်တော်ဘူး….” ယူချင်းက ရိုးရှင်းစွာ ပြောသည်။

“ကောင်းပြီ…. မင်းက ဆက်လေ့ကျင့် နေလိုက်…..” ရီဖူရှင်းက ပြောကာ ထွက်ခွာ သွားသည်။ ထိုနေ့ရက်များတွင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ရီဖူရှင်းနှင့် ပတ်သက်၍ များစွာသော မကောင်းသတင်းများကို လွှင့်ခဲ့ကြသည်။ သို့သော် ကော့တေးက လုံးဝ ထိုသတင်းများကို အဖက်လုပ်ခြင်း မရှိပေ။ ဒွန်ချင်ကျောင်းတော် ဖွင့်ပွဲတွင်မူကား အင်အားစု နှစ်ခုက ရင်ဆိုင်ရမည်မှာ သေချာသလောက် ဖြစ်နေသည်။ သူတို့က ထိုမျှသော အသေးအမွှားများကို အရေးလုပ်နေမည် မဟုတ်ပေ။

ချင်ပြည်ထောင်က အခမ်းအနားကို လွန်စွာ ကြီးကျယ် ခမ်းနားအောင် ပြင်ဆင်နေသည်။ ချိန်ရှင်းမူနှင့် ချင်မုံရိုတို့၏ လက်ထပ်ပွဲက သူတို့၏ ပူးပေါင်းမှု အမှတ်သင်္ကေတ ဖြစ်သည်။ ထို့အပြင် မိစ္ဆာမျှော်စင်မှာ ချင်လီကလည်း သူ၏ ဒေါသကို ချုပ်တည်းခဲ့ရသည်။

ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က ဘာတစ်ခုမှ မပြင်ဆင်ဘဲ မည်သို့ နေမည်နည်း။ သို့တိုင်အောင် သူတို့က ကျောင်းတော်အတွက် မည်သို့သော အံ့အားသင့်ဖွယ် ရာများ ပြင်ဆင် ထားမည်ကို မည်သူမှ မသိကြပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset