“ ဂိုဏ်းတူ တူလေးချီယွမ် … အပြင်ကို ဘာကိစ္စနဲ့သွားမှာလဲ ”
နွေဦးရာသီသို့ ရောက်ပြီဖြစ်သည်။ ချီယွမ်သည် ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး မြင်းမြီးနှင်တံကို ကိုင်ထားလေသည်။ သူသည် ချုံတောင်လေးမှ ဂိုဏ်းဂိတ်တံခါးသို့ ပျံသန်းသွားလိုက်၏။
ချီယွမ်က ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။
“ ဒီအတိုင်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပါပဲ။ အခုရက်ပိုင်းအတွင်း နည်းနည်း ငြီးစီစီဖြစ်နေလို့ပါ ”
“ ကောင်းပြီ ”
ဂိတ်တံခါးကို စောင့်ကြပ်နေသော အတုမဲ့နတ်ဝိဇ္ဇာအိုကြီးသည် ထပ်၍ မမေးတော့ပေ။ သူသည် နွေးထွေးစွာပြုံးကာ ဂိတ်ကိုဖွင့်ပေးလိုက်သည်။ ချီယွမ်သည် တိမ်စီးကာ တောင်ကာမန္တန်အစီအရင်အပြင်ဘက်သို့ ထွက်လိုက်လေ၏။
ချီယွမ်သည် ‘ သံသရာမှ လွတ်မြောက်ရာလမ်း ’ကို သုံးကာ မြေနတ်ဝိဇ္ဇာတစ်ပါး ဖြစ်လာသဖြင့် ဂိုဏ်းအတွင်း၌ နာမည်ကြီးလေသည်။
သို့သော် ထိုသို့ကျော်ကြားခြင်းသည် အကောင်းချည်းမဟုတ်ပေ။ တစ်ခါတရံတွင် တချို့လူများသည် သူ့ကို ရွဲ့တဲ့တဲ့ စောင်းမြောင်းပြောတတ်၏။
လီချန်ရှို့သည် ဤတစ်ခေါက်ရောင်းမည့် ဆေးလုံးများကို ဖော်ပြီးသောအခါ သူ၏ဆရာ အခန်းအောင်းကျင့်ကြံရာမှ ထွက်လာ၍ ဂိုဏ်းအပြင်သို့ သွားနိုင်ရန် နောက်လေးလ ထပ်စောင့်လိုက်ရသည်။
သူသည် ဂိုဏ်းအပြင်သို့ သွားမည့်ကိစ္စကို သူ့ဆရာနှင့် ဆွေးနွေးခဲ့သည်။ ဤအကြိမ်တွင် သူ၏ဆရာကို အပြင်တွင် ရက်နည်းနည်းပိုနေရန် တောင်းဆိုလိုက်ပြီး စက္ကူကိုယ်ပွားရုပ်ကိုလည်း အချိန်ကြာကြာအသက်ဝင်နိုင်ရန် နတ်တန်ခိုးများ ပိုထည့်ပေးလိုက်သည်။
ထို့နောက် လီချန်ရှို့သည် သူ၏ဆရာကို ဂိုဏ်းနှင့် အဝေးကြီးကို မသွားရန် မှာထားလိုက်၏။
သူ၏ဆရာ ခြေရာဖျောက်နိုင်ရန် လီချန်ရှို့သည် ချီငြိမ်မန္တန် ဒုတိယအဆင့်ကို သင်ပေးလိုက်သည်။ သူပြန်အလာကို စောင့်နေရင်း သူ၏ ဆရာ ပစ်မှတ်ထား အကောက်ကြံခံရမည်ကို မလိုလားပေ။
လီချန်ရှို့၏ ခန္ဓာကိုယ်အစစ်သည်လည်း ဂိုဏ်းဂိတ်တံခါး အနီးတွင် ရှိလေ၏။ အကယ်၍ သူ၏ဆရာတစ်ခုခုဖြစ်လျှင် သူ အာရုံခံမိမည် ဖြစ်ပြီး အပြေးသွား၍ ကူညီနိုင်မည်ဖြစ်သည်။
ထို့ကြောင့် လီချန်ရှို့သည် သူ၏လျှို့ဝှက်ချက်အချို့ကို သူ၏ဆရာနှင့် ဆရာတူညီမလေးကို တန်းတူ အသိပေးထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
ချီယွမ်သည် တောအုပ်တစ်ခုအတွင်း၌ သေတ္တာလေးကိုချကာ တိတ်တဆိတ် ရှောင်ပေးလိုက်သည်။
စက္ကူကိုယ်ပွားသည် သေတ္တာအတွင်းမှ ထွက်လာ၏။ ထိုစက္ကူကိုယ်ပွားသည် ယခင်အခေါက်ကထက် ပို၍ ထူနေလေသည်။ သူ၏ပုခုံးပေါ်ရှိ အဝတ်အိတ်ကိုလည်း ကျောပိုးအိတ်အဖြစ် အဆင့်မြှင့်ထားပြီးဖြစ်၏။
ဤအကြိမ်တွင် လီချန်ရှို့၏ စက္ကူကိုယ်ပွားသည် တာအိုရသေ့အိုကြီးအဖြစ် ပြောင်းလဲလိုက်ပြီး နောင်တွင်လည်း ဤရုပ်သွင်ကိုသာ သုံး၍ ဆေးရောင်းရန် ဆုံးဖြတ်လိုက်၏။
သူသည် မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ လင်းဟိုင်မြို့သို့ လျင်မြန်စွာ ထွက်သွားလိုက်လေသည်။
နေ့ဝက်ခန့်ကြာပြီးနောက် တာအိုရသေ့အိုကြီးသည် အရှေ့အရပ်ကို တစ်ဝက်ချိုး၍ သွားလိုက်သည်။ သူ၏ လမ်းကြောင်းကို အဖြောင့်မှ အကောက်သို့ ပြောင်းလဲလိုက်ခြင်းပင်။
နောက်ဆုံးတွင် သူသည် တောအုပ်၏ အနောက်ဘက်ခြမ်းမှ ထွက်ပေါ်လာပြီး တိမ်စီးကာ ဓားလွယ်၍ သူ၏ရှေ့ရှိ စည်ကားသော မြို့သို့ သွားလိုက်လေသည်။
သူ၏ နောက်ကျောတွင် လွယ်ထားသော ဓားအိမ်နှင့် ဓားရိုးတို့၏ အရောင်ကို ပြောင်းလဲထားပြီး ဖြစ်သည်။ ဓားရိုးတွင် နတ်အာရုံများဖြင့် အာရုံခံနိုင်သည့်ရန်ကို ကာကွယ်နိုင်သော တံဆိပ်တော်များ ထွင်းထား၏။
သို့သော် ထိုဓား၏ အဓိကအသုံးဝင်သည့်အချက်ကတော့ မပြောင်းလဲသေးပေ။
၎င်းသည် ဓားတစ်ချောင်းနှင့်တူသော်လည်း အမှန်တွင် အဆိပ်နှင့် အားအင်မဲ့နတ်ဆေးများကို ဖြန့်ပေးနိုင်သည့် ဓမ္မအဆောင်တစ်ခု ဖြစ်သည်။ ၎င်းသည် မည်သူမှသတိမထားမိစေဘဲ အရောင်မဲ့ အဆိပ်မှုန့်များကို ထုတ်ပေးနိုင်လေသည်။ ထိုအဆိပ်မှုန့်များသည် ရန်သူ၏ မူလဝိညာဉ်နှင့် အတွင်းကလီစာများကို ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ အတုမဲ့နတ်ဝိဇ္ဇာကိုပင် သတ်ပစ်နိုင်စွမ်းရှိလေသည်။
ထိုဓားကို အခြားမည်သည့်နေရာတွင်မှ တွေ့နိုင်မည် မဟုတ်ပေ။ ၎င်းသည် ရတနာထီးကဲ့သို့ပင် လီချန်ရှို့ကိုယ်တိုင်ပြုလုပ်ထားသော ဓမ္မအဆောင်ဖြစ်သည်။
ဤအကြိမ်တွင် လီချန်ရှို့သည် အမျိုးတူ ဓမ္မအဆောင် ဒုတိယတစ်ခုကို ပြင်ဆင်လာ၏။
မှုတ်လိုက်လျှင် အပေါက်များမှ အဆိပ်မှုန့်များထွက်သွားနိုင်သည့် ပုလွေတစ်ချောင်းဖြစ်၏။ သို့သော် ၎င်းသည် အသုံးပြုသူအတွက်လည်း အန္တရာယ်ရှိ၏။ အသုံးပြုမည့်သူသည် မမှုတ်ခင် အသက်ဝဝရှူထားကာ အသက်အောင့်ထားရပေမည်။ မဟုတ်လျှင် အဆိပ်မှုန့်များကို ကိုယ်တိုင်ပြန်၍ ရှူသွင်းသွားမိနိုင်ပေ၏။ အသက်မအောင့်ထားမိလျှင် ကိုယ်တိုင်ပင် သူခိုးဓားရိုးကမ်းမိသလို ဖြစ်နေပေမည်။
သေမျိုးလောကရှိ အခြားမြို့ကြီးများ၏ မြို့ဝင်ဂိတ်များအတိုင်း လင်းဟိုင်မြို့၏ မြို့ကာန္တန်အစီအရင်အတွင်းသို့ ဝင်ရန် ဂိတ်တံခါးလေးပေါက် ရှိ၏။ သို့သော် လီချန်ရှို့ ဝင်မည့် အခြမ်းတွင် မြို့ရိုးမရှိဘဲ မြို့ကာမန္တန်အစီအရင် သီးသန့်သာရှိ၏။
ထိုနေရာတွင် ကြီးကြပ်နေသော အစောင့်အဖွဲ့သည် အရှေ့ကျွန်းမှ စွမ်းအားကြီး နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းဖြစ်သော လင်းဟိုင်ဓားဂိုဏ်းဖြစ်လေသည်။ အာဒိကပ္ပခေတ်၏ စည်းကမ်းများအရ သူတို့သည် မြို့ကာမန္တန်အစီအရင်ကြီး၏ ရှေ့တွင် မြို့ဝင်ကြေးကောက်နေကြ၏။
မြို့ဝင်ကြေးကို ဝိညာဉ်ကျောက်တုံးများ၊ ရတနာများ၊ အဖိုးတန်ပစ္စည်းများ သို့မဟုတ် ဝိညာဉ်ဆေးပင်များနှင့် ပေးချေနိုင်၏။ တန်ဖိုးအနည်းငယ်ရှိသည့် မည်သည့်အရာကိုမဆို လက်ခံပေသည်။
ထိုကဲ့သို့ မြို့ကြီးမျိုးတွင် မြို့ဝင်ကြေးကောက်ခံရန် တာဝန်ယူရလျှင် ဂိုဏ်းအတွက်လည်း လွန်စွာအကျိုးရှိမည် ဖြစ်သည်။ သို့သော် ထိုနေရာတွင် ပြဿနာရှာမည့်သူများ ရန်မှကာကွယ်ရန် ဂိုဏ်းမှ ဆရာအများစုကိုတော့ ပို့ထားရ၏။ ထိုဆရာများသည် စွမ်းအားကြီးသူများ ဖြစ်ရပေမည်။
တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရှေးက မြို့အသေးလေးတစ်မြို့ ထောင်ရန် ကြိုးပမ်းခဲ့ဖူး၏။ သို့ရာတွင် ထိုမြို့လေး၏ မြေမျက်နှာအနေအထားနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် မြို့လေးသည် စည်ကားမလာခဲ့ပေ။
ထိုမြို့လေးတွင် နေထိုင်သော၊ အလည်လာသော မည်သည့် လေလွင့်ကျင့်ကြံသူမှ မရှိခဲ့ရာ နှစ်ထောင်ကျော်သာ ရပ်တည်နိုင်လိုက်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်းသည် များစွာဆုံးရှုံးနစ်နာသွားခဲ့ရ၏။
လီချန်ရှို့သည် ထိုသို့ ကျရှုံးရသည့် အကြောင်းကို နားလည်၏။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များသည် စိတ်ငြိမ်သုတ္တန်ကို ကျင့်ကြံကြသည်ဖြစ်ရာ အေးအေးလူလူနေလိုသည့် လူများသာ များလေသည်။ သူတို့သည် အေးေဆးမနေဘဲ အပူရှာသည့်ကိစ္စဟူ၍ တာအိုလက်တွဲဖော်ရှာသည့်ကိစ္စကိုသာ လုပ်ကြ၏။
ဂိုဏ်းရှိလူများကို စိတ်ထဲမှ စနောက်ပြီးနောက် လီချန်ရှို့သည် စက္ကူကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့်ကို မူလနတ်ဝိဇ္ဇာနောက်ဆုံးအဆင့်အထိ ဖော်ပြလိုက်သည်။ ထို့နောက် သူသည် တိမ်စီးကာ မြို့ဝင်ဂိတ်တွင် သူ့ရှေ့ရှိ လူတစ်ဒါဇင်ကျော်၏နောက်မှ ဝင်ရောက်တန်းစီလိုက်၏။
ဘေးမှဂိတ်ပေါက်တွင် မြို့တွင်းမှထွက်လာကြသော လူတန်းကြီးရှိ၏။ ထိုလူအများစုသည် တိမ်စီးထားကြ၏။
မြို့မှ ပြန်ထွက်ရာတွင် မည်သည့်အခကြေးမှ ပေးရန်မလိုတော့ပေ။ အကယ်၍ ထွက်သွားသူများသည် မြို့အတွင်းသို့ ပြန်ဝင်လိုလျှင် ပြန်တန်းစီ၍ မြို့ဝင်ကြေးပေးရမည်ဖြစ်သည်။
လီချန်ရှို့၏ အလှည့်ရောက်ခါနီးတွင် သူသည် မြို့မှထွက်တော့မည့် လူရိပ် ခုနှစ်ရိပ်၊ရှစ်ရိပ်ကို သတိထားမိလိုက်သည်။
ထိုလူအုပ်တွင် ကျင့်ကြံသူအဘိုးကြီး နှစ်ဦး၊ သက်လတ်ပိုင်း ကျင့်ကြံသူ သုံးဦးနှင့် လူငယ် ကောင်လေး၊ ကောင်မလေး သုံးဦးပါ၏။
သူတို့သည် အခြားသူများထက် ပို၍မြင့်မြင့်မှ ပျံနေပြီး မြို့ကာမန္တန်အစီအရင်ကြီးကို ဖြတ်ကာ ပျံသန်းသွားလိုက်၏။ လင်းဟိုင်မြို့ကို လှည့်ကာ စစ်ဆေးနေသော နတ်ဝိဇ္ဇာ စစ်သည်လေးဦးသည် သူတို့ကို စစ်ဆေးနေပြီး သူတို့သည် ထိုစစ်သည်များကို အထက်စီးမှ ဆက်ဆံနေကြ၏။
လီချန်ရှို့၏ အာရုံသည် ထိုလူအုပ်အတွင်းမှ လူငယ်လေးအပေါ်သို့ ရောက်သွား၏။
‘ ဒီလူက ခေါင်းမှာချိုလေးတော့ရှိတယ်။ ဒါပေမဲ့ … အမြီးတော့မပါဘူး… ’
‘ အောင်းရိလား…’
‘ ငါဘာလို့ ဒီနဂါးလေးနဲ့ လာကြုံနေရပြန်တာလဲ ’
လီချန်ရှို့ ဆွံ့အသွားသည်။
‘ ငါနဲ့ ဒီနဂါးလေးက ရေစက်ပါနေတာလား ’
‘ ဒါပေမဲ့ ဒီနဂါးလေးက အရင်ကပုံစံအတိုင်း ဘာလို့ ဖြစ်နေရတာလဲ။ သူအရပ်ကလည်း အရင်ကအတိုင်းပဲ ’
‘ ကြည့်ရတာ နဂါးမျိုးနွယ်က လူသားမျိုးနွယ်ထက် အရွယ်ရောက်တာ ပိုကြာတယ်ထင်တယ်။ သူ အရွယ်သိပ်မရောက်လောက်သေးဘူး… ’
စက္ကူကိုယ်ပွားသည် မျက်နှာလွှဲလိုက်ပြီး မြို့ဝင်ကြေးပေးရန် သူ့အလှည့်ရောက်ပြီဖြစ်၍ စားပွဲအနောက်တွင်ထိုင်နေသော အမျိုးသမီးနတ်ဝိဇ္ဇာကို သူ့လက်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ပေးလိုက်လေသည်။
အမျိုးသမီးနတ်ဝိဇ္ဇာသည် ပြုံး၍ ပြောလိုက်သည်။
‘ တာအိုရသေ့ကြီး… ရသေ့ကြီးကြည့်ရတာ မျက်နှာစိမ်းပဲ.. မြို့ကိုလာရတဲ့ အကြောင်းကို ပြောပြပေးလို့ရမလားရှင့် ’
ထို့ကြောင့် လီချန်ရှို့သည် သူ့ကိုယ်သူ နာမည်အတုသုံးကာ မိတ်ဆက်လိုက်ပြီး ဆေးလုံးနှင့် ဆေးပင်တချို့ ဝယ်ရန်လာကြောင်း ပြောလိုက်၏။ အမျိုးသမီးနတ်ဝိဇ္ဇာသည် ထိုအချက်အလက်များကို ရေး၍မှတ်တမ်းတင်လိုက်ပြီး သူ့ကို မြို့တွင်းသို့ ဝင်ခွင့်ပြုလိုက်လေသည်။
ထိုအချိန်တွင် အောင်းရိနှင့် အခြားကောင်မလေးနှစ်ဦးသည် ကျဲကျောင်းတော်မှ ကောင်းကင်နတ်မင်းအဆင့်ရှိသူ ငါးဦး၏အနောက်သို့ လိုက်ကာ သူ၏ခေါင်းပေါ်မှ ပျံသန်းသွားကြ၏။
ကောင်းကင်နတ်မင်းအဆင့်ရှိသူ ငါးဦးသည် စိတ်ပျော်ရွှင်နေသည့်ပုံရှိသည်။ သူတို့သည် ရွှေနတ်လိပ်ကျွန်းသို့ ပြန်ရမည်လော၊ အခြားဂိုဏ်းများနှင့် ဆက်၍ တာအိုတရားဆွေးနွေးရမည်လော တိုင်ပင်နေကြသည်။
လီချန်ရှို့သည် တာအိုရသေ့အိုကြီးတစ်ဦးက အောင်းရိအား ချီးကျူးလိုက်သံကို ကြားလိုက်ရ၏။
“ တူလေးအောင်းရိ မင်းကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ။ မင်းက မူလနတ်ဝိဇ္ဇာအဆင့်ကိုတောင် ရောက်နေပြီ။ နဂါးဘုရင်ရဲ့ သားတော်ဆိုတဲ့အတိုင်း တကယ်ကို ထူးချွန်တာပဲ။ မင်းရဲ့ အလားအလာက တော်တော်လေး အထင်ကြီးစရာကောင်းတယ်… ”
‘ တူလေး..ဟုတ်လား… ’
အောင်းရိသည် အမှန်ပင် ကျဲကျောင်းတော်၏ တပည့်တစ်ဦးဖြစ်လာပြီး ဒုတိယမျိုးဆက်ရှိ ဆရာများ၏ လက်အောက်တွင် သင်ကြားနေရခြင်းဖြစ်ပေမည်။
ထိုအခိုက်တွင် အောင်းရိတစ်ယောက် ပို၍ရင့်ကျက်လာကြောင်း လီချန်ရှို့ခံစားလိုက်ရသည်။ အောင်းရိ၏ အကြည့်များသည် စူးရှပြတ်သားနေပြီး မျက်နှာထားသည်လည်း တည်ငြိမ်နေ၏။
သူသည် ဆယ်ကျော်သက်အရွယ်ပုံစံ ဖြစ်နေသော်လည်း သတိကြီးပြီး တည်ငြိမ်ကာ အတွေ့အကြုံများ၍ လောကဓံကို ရင်ဆိုင်ခဲ့ဖူးသည့် လူတစ်ယောက်၏ ရုပ်သွင်ရှိနေလေသည်။
သို့သော် ထိုအရာများသည် လီချန်ရှို့နှင့်မဆိုင်ချေ။
စက္ကူကိုယ်ပွားသည် လင်းဟိုင်မြို့တွင်းသို့ တိမ်စီး၍ ဝင်လိုက်ပြီး ဈေးဆိုင်များ၊ ကျောက်တုံးအိမ်များကို ဖြတ်ကျော်ကာ ဆေးဆိုင်များ ပေါများသည့် နေရာတွင် ဆင်းသက်လိုက်၏။
‘ ငါတော့ ငါ့ဂိုဏ်းရဲ့ စီးပွားရေးကို လုရပြန်ပြီ ’
လီချန်ရှို့ သက်ပြင်းချလိုက်သည်။
လင်းဟိုင်မြို့တွင်းရှိ တုနတ်ဝိဇ္ဇာဂိုဏ်း၏ အဓိက စီးပွားရေးသည် ဆေးဆိုင်များဖြစ်သည်။ သို့သော် သူသည် နှစ်အနည်းငယ်ကြာမှ တစ်ခေါက်လာ၍ ရက်အနည်းငယ်သာ ရောင်းချမည်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်း၏ စီးပွားရေးကို ဆိုးဆိုးဝါးဝါး မထိခိုက်သွားနိုင်ပေ။ သူသည် ဆိုင်ကနားနှင့် ရောင်းချသော ဈေးသည်မဟုတ်ချေ။ သို့သော် သူ၏ဆေးလုံးများသည် အရည်အသွေးကောင်းသည့်အပြင် ဈေးသက်သာသဖြင့် အများအပြားရောင်းချရလေသည်။
******
ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည် မြို့မှထွက်ခွာပြီးနောက် အနောက်တောင်အရပ်သို့ ပျံသန်းသွားကြ၏။ ထို့နောက် သူတို့သည် ရုတ်တရက် ဦးတည်ရာပြောင်းကာ အနောက်မြောက်အရပ်သို့ သွားလိုက်ကြသည်။
အရှေ့ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းအချို့မှ ပညာရှင်များသည် သူတို့နှင့် ရင်းနှီးသော ရွှေနတ်လိပ်ကျွန်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသူများကို ဖိတ်ကြားခဲ့ြကသည်။ ရွှေနတ်လိပ်ကျွန်းသည် ကျဲကျောင်းတော်၏ တာအိုတရားကို သင်ကြားရာတွင် ကျော်ကြားရာ တချို့ နတ်ဝိဇ္ဇာဂိုဏ်းများက ထိုကျွန်းမှ ချီကျင့်ကြံသူများကို ဖိတ်၍ တာအိုတရား ဆွေးနွေးလေ့ရှိကြ၏။
သူတို့အုပ်စုသည် သုံးလကြာ တာအိုတရားကိုဆွေးနွေးခဲ့ပြီးဖြစ်သည်။ သူတို့သည် အရှေ့ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းများတွင် အလကား စားသောက်နေ..အဟမ်း… ကျမ်းစာများကို ဖတ်ရှု ဆွေးနွေးနေခဲ့ကြ၏။
‘ ဒီခရီးက ပြီးသွားပြီ။ ပြန်ဖို့အချိန်ရောက်ပြီ ’
အောင်းရိသည် အခြားနတ်ဝိဇ္ဇာဂိုဏ်းများ၏ ကိုယ်စားပြု မူလနတ်ဝိဇ္ဇာများကို အနိုင်ယူနိုင်ခဲ့သဖြင့် ဤအကြိမ် တာအိုဆွေးနွေးပွဲတွင် လွန်စွာ အကျိုးဆောင်နိုင်ခဲ့သည်ဟု ပြောနိုင်လေသည်။
ထို့ပြင် အောင်းရိသည် ကျဲကျောင်းတော်မှ ထိုကောင်းကင်နတ်မင်းအဆင့်ရှိသူ ငါးဦး၏ တပည့်မဟုတ်သဖြင့် ထိုသူတို့သည် သူ့ကို တိုက်ရိုက် ဆုမချီးမြှင့်ကျပေ။
သူတို့သည် အောင်းရိကို လင်းဟိုင်မြို့သို့ခေါ်လာကာ သူကြိုက်သည့် ဆုကို သူ့ဘာသာ ရွေးခိုင်းကြ၏။ အောင်းရိသည် သူရသည့်ဆုကို သူ့ဘေးရှိ ကောင်မလေးနှစ်ဦးကို ခွဲ၍ပေးလိုက်ရာ ထိုနှစ်ယောက်သည် ပျော်ရွှင်သွားကြလေသည်။ ရွှေနတ်လိပ်ကျွန်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသူ တချို့သည်လည်း တပြုံးပြုံးနှင့် ကျေနပ်သွား၏။
အကယ်၍ စွမ်းအားကြီးသော နတ်ဝိဇ္ဇာဂိုဏ်းတစ်ခုရှိ ဂိုဏ်းချုပ်၏ သားသည် ရတနာသေတ္တာတစ်လုံးပိုင်ဆိုင်သည်ဆိုလျှင် နဂါးနန်းတော်မှ မင်းသား၏ ရတနာသေတ္တာသည် အထဲတွင် အိမ်တစ်လုံးဆောက်၍ ရသည်အထိ ကြီးမားပေလိမ့်မည်။
အောင်းရိသည် ထိုကောင်းကင်နတ်မင်းအဆင့်ရှိသူများ ကျေနပ်စေရန် သူတို့၏ တပည့်မလေးနှစ်ဦးအား သူ၏ ဆုကိုခွဲပေးလိုက်ရခြင်းကို တွန့်တိုခြင်းမရှိပေ။
အကယ်၍ လိုအပ်လျှင် သူသည် အသံလွှင့်အဆောင်ကို သုံး၍ သူ၏ အစီအစဉ်ကို သူ့မိသားစုသို့ လှမ်း၍ အကြောင်းကြားနိုင်၏။ ယနေ့အကြောင်းကြားပါက မနက်ဖြန်ဆိုလျှင် ရွှေနတ်လိပ်ကျွန်းရှိ ချီကျင့်ကြံသူများအားလုံးကိုပင် လက်ဆောင်ပစ္စည်းအမြောက်အမြားပေးနိုင်ပေလိမ့်မည်။
မြို့မှ ထွက်ခွာလာပြီးနောက် ထိုအုပ်စုသည် ရွှေနတ်လိပ်ကျွန်းသို့သာ ပြန်ရန် ဆုံးဖြတ်လိုက်ကြ၏။ သို့သော် အောင်းရိသည် အတန်ငယ်တွေးတော၍ ရုတ်တရက်ထပြောလိုက်သည်။
“ ဆရာဦးလေးတို့ ကျွန်တော် တောင်းဆိုစရာတစ်ခုရှိပါတယ် ”
ကောင်းကင်နတ်မင်းအဆင့်ရှိသူ ငါးဦးသည် ရုတ်တရက်လှည့်ကာ အောင်းရိကို ကြည့်လိုက်ကြသည်။
“ ဘာတောင်းဆိုစရာများရှိလို့လဲ။ ပြောကြည့်လေ… ခွင့်ပြုသင့်ရင် ခွင့်ပြုမှာပါ။ တူလေးအောင်းရိ စိတ်ထဲရှိတာသာ ပြောပါ ”
“ ကျွန်တော်တို့ ရွှေနတ်လိပ်ကျွန်းက ချီကျင့်ကြံသူတွေဆိုတာ အချင်းချင်း မိသားစုတွေလိုပဲ ဆက်ဆံကြတယ်မဟုတ်လား။ ကျော်ကြားမှုတွေ.. အရှက်ရမှုတွေကိုလည်း အေးအတူပူအမျှ မျှဝေခံစားကြတယ် မဟုတ်လားခင်ဗျာ ”
“ ဟုတ်တာပေါ့ … အဲဒီလိုမျိုးက ရွှေနတ်လိပ်ကျွန်းတစ်ကျွန်းတည်း မဟုတ်ဘူး။ ကျဲကျောင်းတော်က တပည့်တိုင်း အဲဒီလိုစိတ်ဓာတ်မျိုး ရှိကြတယ်။ တကယ်လို့ ကျဲကျောင်းတော်က တပည့်တစ်ယောက်ယောက် ပြဿနာကြုံနေရရင် ငါတို့အကုန် ဝိုင်းပြီး ဖြေရှင်းပေးမှာပါ ”
အောင်းရိသည် စိတ်ထဲတွင် ကြိတ်၍ပြုံးလိုက်သည်။ သို့သော် သူ၏မျက်နှာထားသည် လွန်စွာလေးနက်နေ၏။ သူသည် လေသံတိုးတိုးဖြင့်ပြောလိုက်လေသည်။
“ တကယ်တော့ ကျွန်တော့်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်… ”
ဘေးရှိ ကောင်မလေးနှစ်ဦးသည် သူ့ကို ချက်ချင်းလှည့်ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများသည် တောက်ပနေလေသည်။
ကောင်မလေးတစ်ဦးသည် သူမ၏ ဆံပင်ကို ကျစ်ဆံမြီးအသေးလေးများ ကျစ်ထားရာ သွက်သွက်လက်လက်နှင့် ချစ်ရာကောင်းသော ပုံစံရှိ၏။ သူမသည် လီချန်ရှို့ ကောင်းကင်ပြစ်ဒဏ်ယူခံခြင်းကို တွေ့ရှိခဲ့ရသော ဟန်ကျစ်ဖြစ်သည်။ ကောင်းကင်နတ်မင်းအဆင့်ရှိသူ ငါးဦးထဲမှ တစ်ဦးသည် ဟန်ကျစ်၏ဆရာ တာအိုရသေ့အိုကြီး ယွမ်ကျဲဖြစ်၏။
အောင်းရိက သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
“ အရင်တစ်ခေါက် အရှေ့သမုဒ္ဒရာမှာ ကျင်းပတဲ့ မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲတုန်းက ကျွန်တော်က ဆယ်နှစ်သားပဲ ရှိသေးတယ်။ ကျွန်တော်က နဂါးနန်းတော်ကို ကိုယ်စားပြုပြီး နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းက တပည့်တစ်ယောက်နဲ့ လက်ရည်စမ်းခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် တုနတ်ဝိဇ္ဇာဂိုဏ်းက ဗလာနတ္ထိအဆင့်ပဲ ရှိတဲ့ တပည့်ကို ရှုံးနိမ့်သွားတယ်။ ကျွန်တော် အဲဒီကိစ္စကို စိတ်ထဲက ထုတ်မပစ်နိုင် ဖြစ်နေတာပါ ”
သူဆက်၍ပြောလိုက်သည်။
“ ကျွန်တော် ကောင်းကင်ပြစ်ဒဏ်ခံယူပြီး နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော်က မူလနတ်ဝိဇ္ဇာအဆင့်မှာပဲ ရှိသေးပေမယ့် အဲဒီတပည့်နဲ့ ထပ်ပြီး လက်ရည်စမ်းချင်ပါသေးတယ် ”
“ အဲ့ကိစ္စပဲလား… ”
ယွမ်ကျဲက ပြုံး၍ မေးလိုက်သည်။
အောင်းရိ၏ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာ၏။ သူသည် ခေါင်းငုံ့၍ ပြန်ဖြေလိုက်သည်။
“ ဟုတ်ပါတယ် ”
“ အဲဒါက လွယ်ပါတယ် ”
အခြား သက်လတ်ပိုင်း တာအိုရသေ့သည် ပြုံး၍ ဝင်ပြောလိုက်သည်။ ထို့နောက် သူသည် လက်ဝှေ့ယမ်းလိုက်ရာ တိမ်ဖြူလေးသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိရာသို့ လှည့်သွားလေ၏။
“ သွားကြတာပေါ့… ငါတို့ တုနတ်ဝိဇ္ဇာဂိုဏ်းကို သွားလည်ကြမယ် ”
တုနတ်ဝိဇ္ဇာဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ဖြစ်သော တာအိုရသေ့ကျုံးယွီသည် ထိုသက်လတ်ပိုင်း တာအိုရသေ့နှင့် ရင်းနှီး၏။
“ တုနတ်ဝိဇ္ဇာဂိုဏ်းက ရန်ကျောင်းတော်လက်အောက်က ဂိုဏ်းပဲ။ ရွှေနတ်လိပ်ကျွန်းကလည်း ကျဲကျောင်းတော်ရဲ့ တာအိုတရားတွေကို သင်ကြားရာနေရာပဲ။ ငါတို့ ဘာလို့သွားလည်လို့ မရ,ရမှာလဲ ”
ကျန်လူများကလည်း သဘောတူလိုက်ကြသည်။
ထိုလူအုပ်ထဲမှ တစ်ဦးသည် ပြုံး၍ ပြောလိုက်၏။
“ ငါတို့ သူတို့ကို ကြိုတင် အကြောင်းကြားထားသင့်လား။ မဟုတ်ရင် မျက်နှာပူစရာတွေ ဖြစ်နေလိမ့်မယ် ”
တာအိုရသေ့အိုကြီး ယွမ်ကျဲသည် လက်ခါ၍ ပြန်ပြောလိုက်၏။
“ မလိုပါဘူး… ငါတို့က သူတို့ကို ရန်သွားရှာမှာမှ မဟုတ်တာ။ တာအိုတရားကိုဆွေးနွေးပြီး တပည့်ငယ်လေးတွေ အချင်းချင်း လက်ရည်စမ်းခိုင်းရုံပဲဟာကို ”
ထိုလူအုပ်၏ နောက်ဆုံးရှိ ကောင်မလေးနှစ်ဦးသည် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ အချင်းချင်း ကြည့်လိုက်ကြသည်။
ကောင်မလေးတစ်ဦးသည် သူမတို့ ပြောမည့်စကားကို အခြားသူများကြားသွားမည်စိုး၍ သူမ၏လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော လက်ပတ်ပုံစံ ဓမ္မအဆောင်တစ်ခုကို နှိုးလိုက်လေ၏။
ထို့နောက် သူမသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ဟန်ကျစ် … နင့်ရဲ့ဆရာက အဲဒီလို ထပ်လုပ်ပြန်ပြီ ”
ဟန်ကျစ်သည် နှုတ်ခမ်းစေ့၍ စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
“ ကိုယ့်ဘာသာ ကြိုပြင်ဆင်ထားပေတော့ဟေ့… ”
“ ငါ့ဆရာပြောရင်တော့ အမြဲတလွဲချည်းပဲ။ ငါ့ရဲ့ ကောင်းကင်ပြစ်ဒဏ်က မိုးကြိုးခြောက်ချက်ပဲပါမှာမို့လို့ သိပ်မစိုးရိမ်ပါနဲ့တဲ့… တကယ်တမ်းကျ ရှစ်ချက်ပါတဲ့ ကောင်းကင်ပြစ်ဒဏ်ဖြစ်နေတယ်။ ငါသေတောင်သေတော့မလို့ ငါ့ရဲ့ အရည်အချင်းက ခုနှစ်ချက်လောက်ပဲ ခံနိုင်ရည်ရှိတာ… ”
အခြားကောင်မလေးသည် သူမ၏ ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရယ်လိုက်သည်။
“ ဒါပေမဲ့ နင် ကောင်းကျိုးရလိုက်တာပဲ မဟုတ်လား။ နင် နတ်ဝိဇ္ဇာဖြစ်သွားတာတောင် နည်းနည်းကြာပြီပဲ ”
“ အဲ့အကြောင်းပြောရရင်… ”
ဟန်ကျစ်သည် အတွေးထဲမျောနေပုံပေါ်၏။ ခေတ္တနေမှ ဆက်၍ ပြောလိုက်သည်။
“ ငါက မိုးကြိုးရှစ်ချက် ကောင်းကင်ပြစ်ဒဏ်ကို ခံခဲ့ရတယ်ဆိုပေမယ့် ငါခံခဲ့ရတာက မိုးကြိုးရှစ်ချက်ပါတဲ့ ကောင်းကင်ပြစ်ဒဏ်ထဲမှာဆို အောက်ဆုံးအဆင့်ပဲ။ အဲဒါတောင် တော်တော်ကြောက်စရာကောင်းနေပြီ။ အဲ့နေ့က တောင်ပင်လယ်ထဲမှာ မိုးကြိုးကိုးချက်ကောင်းကင်ပြစ်ဒဏ်ကို ခံခဲ့တဲ့ လူက ဘယ်လိုလူမျိုးများ ဖြစ်နေမလဲ ”
“ ရှေးခေတ်က တန်ခိုးစွမ်းအားကြီးတဲ့လူ တစ်ယောက်ယောက်ကို ပြန်ဝင်စားတာပဲ ဖြစ်ရမယ် ”
“ ဖြစ်နိုင်ပါတယ်… ”
ကောင်မလေးနှစ်ယောက်သည် ခိုးခိုးခစ်ခစ်ရယ်လိုက်ကြ၏။ မကြာမီတွင် သူမတို့၏ စကားလမ်းကြောင်းသည် သူမတို့ရှေ့ရှိ နဂါးမျိုးနွယ်မှ မင်းသားလေးဆီ ရောက်သွားကြလေသည်။
ထိုမင်းသားလေးသည် ရည်မွန်၍ ခံ့ညားသော လူငယ်လေးအသွင်ရှိသည်ဖြစ်ရာ ကောင်မလေးနှစ်ယောက်သည် အလွန်သဘောကျနေကြ၏။
နေ့ဝက်ကြာပြီးနောက် သူတို့သည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ပါးလွှာချောမွေ့သော တောင်ကာမန္တန်အစီအရင်ကို လှမ်း၍ တွေ့နေရပေပြီ။ သူတို့သည် စကားတပြောပြောနှင့် ရယ်ကာမောကာပင် အေးအေးလူလူ သွားနေကြ၏။
သို့သော် အောင်းရိ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် နက်ရှိုင်းသော အဓိပ္ပာယ်ဆောင်နေလေသည်။
******
“ အမ်… ”
တောင်တစ်လုံးပေါ်ရှိ တောအုပ်ထဲ၌ ချီငြိမ်မန္တန်အကြောင်းကို ဆင်ခြင်သုံးသပ်နေသော ချီယွမ်သည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ တိမ်စီး၍ ဖြတ်သန်းသွားသော ရွှေနတ်လိပ်ကျွန်းမှ လူစုကို မြင်လိုက်ရ၏။ သူသည် ကောင်းကင်နတ်မင်းများ၏ ဖိအားကို ခံစားလိုက်ရသဖြင့် အတန်ငယ် ကြောင်သွားသည်။ ထိုလူများ ဘယ်ကလာ၍ အဘယ်ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ သွားနေကြောင်း သူ မသိပေ။
“ ချုံတောင်လေးနဲ့တော့ ဘာမှ မပတ်သတ်လောက်ပါဘူးလေ ”
ချီယွမ်သည်ပြုံးကာ သူ၏ တပည့်အကြီးပေးထားသော အသံလွှင့်အဆောင်ကို ကြည့်လိုက်သည်။ သို့သော် ဂိုဏ်းသို့အလည်လာသော ပညာရှင်အချို့သာ ဖြစ်နိုင်သည်ဟု ထင်၍ လီချန်ရှို့ကို အကြောင်းမကြားလိုက်တော့ပေ။
ထို့နောက် သူသည် သူ၏တပည့်သင်ပေးထားသော ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်နိုင်သည့် ချီငြိမ်မန္တန်အကြောင်းကို ဆက်၍ ဆင်ခြင်နေလိုက်၏။
တာအိုရသေ့ချီယွမ်သည် တခဏလေးအတွင်း သူ၏ ကိုယ်ရောင်ကိုယ်ဝါကို အပြည့်အဝ ဖုံးကွယ်နိုင်လိုက်၏။
သူသည် စိတ်လှုပ်ရှားစွာဖြင့် ရုပ်ပြောင်းရုပ်လွဲမန္တန်ကိုသုံး၍ သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲလိုက်လေသည်။
ခေတ္တမျှ သေသေချာချာ စူးစမ်းလေ့လာပြီးနောက် သူ ကောက်ချက်ချလိုက်သည်။
“ အင်း … ဒါက မယုံနိုင်စရာကောင်းလောက်အောင် လုံခြုံတာကိုး ”