အပိုင်း (၂၅၉)

သင်ခန်းစာ မရသေးသောသူမျာ

ယန်ကျန်း၏ စကားအား နားထောင်ရင်းက ရီဖူရှင်းက ကောင်းကင်မှ ယူချင်းကို ကြည့်လိုက်သည်။ ယန်မိသားစု၏ မျက်လုံး အမူအရာများ အရ ယူချင်းက မိစ္ဆာတိုင်အား တကယ် ယူနိုင်မည်ဟု သဘောရနေသည်။ ထိုအခိုက်တွင် ယန်ကျင်းနှင့် ယန်မိုတို့ နှစ်ယောက်လုံးက အနည်းငယ် စိုးရိမ်နေကြပြီ ဖြစ်သည်။ ယန်မိုက ဖြစ်လာမည့် အခြေအနေကို အလေးမထားဘဲ အမှုမဲ့ အမှတ်မဲ့ ပြောခဲ့ခြင်းက ယခု ကြီးမားသော အမှားတစ်ခု ဖြစ်လာနေသည်။

“မင်းက ယန်မိသားစုက ဖြစ်ပြီးတော့ သုံးချောင်းထောက် မိစ္ဆာတိုင်ကို စောင့်ရှောက်သူ အဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့သူဆိုတော့ မင်းရဲ့စကားကို အတည်ယူလို့ ရတယ်…..” ရီဖူရှင်းက ယန်ကျန်းအား မကြည့်ဘဲ ယူချင်းကို ကြည့်ကာ ပြောသည်။ လက်ရှိ သူတို့၏ ရှေ့မှ မြင်ကွင်းကား ထူးဆန်းသည်။ ကောင်းကင်က နက်မှောင်နေပြီး ကြောက်မက်ဖွယ် ကောင်းလာနေသည်။ ယန်မိုက သဘောတူ ထားပြီးမှတော့ သူတို့က ဤရတနာအား ဖြစ်အောင် ယူမည်ဖြစ်သည်။ ထို့အပြင် ဤမိစ္ဆာတိုင်ကား ယူချင်းအတွက် အလွန် သင့်တော်ပေသည်။

ထိုကြောက်မက်ဖွယ် ကောင်းသော ဖိအားအောက်တွင် ရှိနေသော ယူချင်း၏ အသက် အန္တရာယ်ကား လွန်စွာ ကြီးမားလှသည်။ ထို့ကြောင့် ယန်မိုက ယန်မိသားစုအား ကိုယ်စား မပြုဟူသော စကားတစ်ခွန်းဖြင့် သူပြောခဲ့သည်များကို ပြန်လည် ရုပ်သိမ်းရန် အလွန် ခက်ခဲသွားပြီ ဖြစ်သည်။

ယန်ကျန်းက ယန်မိသားစုဝင်များနှင့် အတူ မိစ္ဆာတိုင်၏ ရှေ့ကို လျှောက်သွား လိုက်သည်။ သူက ရီဖူရှင်းအား ကြည့်လိုက်၏။ သူက ကော့တေး၏ တပည့်ကို ရင်ဆိုင်ရာတွင် မည်သည့် ကြောက်ရွံ့မှုမှ မရှိပေ။

ယန်မိသားစုက နှိမ့်ချစွာ နေထိုင်သော်လည်း သူတို့က အားနည်းသည်ဟု မဆိုလိုပေ။ ယခင် အင်အားကြီး ပြည်ထောင်ဟောင်း တစ်ခုအနေဖြင့် သူတို့ကား အားနည်း သွားသည့်တိုင် သူတို့က ခေ့ကေးမြို့တွင် ယနေ့ထက်တိုင် အရှိန်အဝါကြီးစွာ ရပ်တည်နိုင်ဆဲ ဖြစ်သည်။ ထို့အပြင် သူတို့က ချင်ပြည်ထောင်၏ လက်အောက်ကို ဝင်ရောက်ထားပြီး ဖြစ်သည်။ ချင်ပြည်ထောင်နှင့် ကော့တေးက ပဋိပက္ခ ဖြစ်နေပြီးသား ဖြစ်ရာ သူတို့က ကော့တေးအား ကြောက်ရွံ့ခြင်း မရှိပေ။

“ယန်မိုက သင့်တင့် လျောက်ပတ်အောင် မပြောခဲ့ဘူး… ဒီအတွက် သူက အပြစ်ပေးခံရမှာပဲ…. ဒါပေမဲ့ ကော့တေးရဲ့ တပည့်က ယန်မိသားစုကို အနိုင်ကျင့်ပြီး မျိုးဆက်တွေ တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာတဲ့ ရတနာကို လုယူမယ် ဆိုရင်တော့ ကျုပ်တို့ ယန်မိသားစုက သည်းခံနေမှာ မဟုတ်ဘူး…..” ယန်ကျန်းက ယူချင်းအား အေးစက်စွာ ကြည့်လိုက်သည်…. “အခု မိစ္ဆာတိုင်က လုံလောက်တဲ့ အမြင့်တစ်ခုကို ရောက်နေပြီ …. ဒီအချိန်မှာ မရပ်ရင် သူက ဒဏ်ရာရလိမ့်မယ်… ကျုပ်တို့က ကော့တေးက တပည့်တစ်ယောက် ဒဏ်ရာ ရမှာကို မလိုလားဘူး……”

“သူက တစ်ခါမှ ဒါကို စိတ်မပူဖူးဘူး….” ရီဖူရှင်းက ယန်ကျန်းအား ကြည့်ကာ ပြောသည်….“ ဒါကြောင့် မင်း စိတ်ပူနေစရာ မလိုဘူး….”

သူတို့ နှစ်ယောက်အကြား တင်းမာ လာသည်ကို လူအများက သတိထားမိကြသည်။ ယူချင်းက မိစ္ဆာတိုင်အား ယူဆောင် သွားနိုင်တော့မည် ကိုလည်း ရိပ်မိလိုက်ကြသည်။ သိသာစွာပင် ယန်မိသားစုက ခွင့်မပြုနိုင်ပေ။

ယန်ကျန်းက ရီဖူရှင်းအား စိုက်ကြည့် နေသော်လည်း ရီဖူရှင်းက သူ့အား မကြည့်ပေ။ သူက ယူချင်းအား မျက်တောင်မခတ် စိုက်ကြည့်နေသည်။

ယူချင်း၏ ခန္ဓာကိုယ်ကို ရောက်ရှိလာသော ဖိအားများက အမြင့်ဆုံးသို့ ရောက်လာသည်။ မဆုံးနိုင်သော အနက်ရောင် အရှိန်အဝါများ သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေသည်။ မိစ္ဆာတိုင်ကား အထက်ကို ဆက်လက် မြင့်တက် နေသော်လည်း အလွန် နှေးကွေးသည်။ သို့သော် အပေါ်ကို မြင့်တက်လာသော တစ်လက်မတိုင်းက ယန်မိသားစုမှ လူများအား အလွန်အမင်း စိုးရိမ်စေသည်။ သူတို့အားလုံးက ယခင် ချင်မင်းသားလို ယူချင်းက ဖိအားဒဏ်ကို မခံနိုင်ဘဲ သေသွားရန် မျှော်လင့်နေကြသည်။

ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု သူ့အနီးတွင် ဖြစ်ပေါ်လာသည်။ မိစ္ဆာတိုင်၏ ကိုယ်ပေါ်မှ သင်္ကေတများကလည်း နတ်ဆိုး စွမ်းအင်များနှင့်အတူ အသက်ဝင် လာကြသည်။ ယူချင်းက ကျယ်လောင်စွာ မာန်သွင်းလိုက်သည်။ မိစ္ဆာတိုင်ကတည်း တဖြည်းဖြည်းဖြင့် ကိုးပေသို့ နီးကပ်လာသည်။ ကောင်းကင်က လုံးဝ အနက်ရောင် ပြောင်းလဲသွားကာ နတ်ဆိုးများက အသက်ဝင် လာကြပုံရသည်။ ထိုစဉ် အနက်ရောင် ကောင်းကင်တွင် ရောင်ခြည်ရောင်ဝါများ ထွန်းလင်းလာသည်။ ရောင်စဉ်က ငါးခုဖြစ်ပြီး အလွန်အမင်း လင်းလက်ကာ ယူချင်း၏ နောက်မှ မျှော်စင်မှ ထွက်ပေါ်လာဟန် ရသည်။ ထိုဓာတ်ငါးမျိုး ရောင်ခြည်က ကောင်းကင်မှ ဆင်းသက်လာကာ မိစ္ဆာတိုင်အား ထိမှန်သည်။

မျှော်စင်မှ အသံတစ်ခုကို ကြားရသည်… “ချလိုက်စမ်း….” အသံက လျှပ်စီးအလား မိစ္ဆာတိုင်ကို ထိမှန်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓာတ်ငါးမျိုး အလင်းနှင့်အတူ ပိုမို အားကောင်းသော ဖိအားက ယူချင်းထံကို ဆင်းသက်လာသည်။

ဘန်းခနဲ မြည်သံနှင့်အတူ မိစ္ဆာတိုင်ကြီးက တုန်ခါသွားသည်။ ယူချင်းက သွေးတစ်ပွက် အန်ပြီး ဒူးထောက်ကျသည်။ မိစ္ဆာတိုင်က သူ့အား ပြင်းထန်စွာ လာရောက်ဖိသည်။ ယူချင်းကား အသတ်ခံရလု နီးပါးပင်။

အလွန်အမင်း အားကောင်းသော မာန်သွင်းသံ တစ်ချက်နှင့်အတူ ယူချင်း၏ အပေါ်တွင် နတ်ဆိုး သဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုသဏ္ဌာန်က မိစ္ဆာတိုင်အား မထားခြင်းဖြင့် ယူချင်းက အသက်ချမ်းသာရာ ရသည်။

လူတိုင်းက မျှော်စင်အား ကြည့်လိုက်ကြသည်။ မည်သူ ဖြစ်မည်နည်း။ ထိုကဲ့သို့သော အလွန် အရေးကြီးနေသော အချိန်တွင် ဝင်ရောက် နှောင့်ယှက်ခြင်းဖြင့် သူက ယူချင်းအား သတ်လိုသည်။

ရှေ့မှ မြင်ကွင်းကလည်း ထိတ်လန့်ဖွယ်ပင်။ ယူချင်းက သုံးပေအထိ ပြန်လည် နိမ့်ကျသွားသည်။ အကယ်၍ သူက မသန်မာခဲ့လျှင် ချက်ချင်းပင် ထိုနေရာတွင် သေသွားနိုင်သည်။ အသံတွင် ပါဝင်သော အားက သိပ်မများသည့်တိုင် အနည်းငယ်မျှသော ပြင်ပ အနှောင့်အယှက်က ယူချင်းအတွက် အသက်အန္တရာယ် ရှိသည်။

ယန်မိသားစုက လုပ်ဆောင်ခဲ့သည်လား။ ပုံမှန်အားဖြင့် သူတို့က ဤမျှ အတင့်မရဲလောက်ပေ။

မည်သို့ပင်ဆိုစေ ဒွန်ဟွာကလန်က မကြာမီက ဤသို့ ပြုမူခဲ့ရာ ရလဒ်က သူတို့၏ နိုဘယ်က အစွမ်း ဖျက်ဆီးခံခဲ့ရသည်။ ယန်မိသားစုက ချင်ပြည်ထောင် လက်အောက်မှ ဖြစ်သည့်တိုင် သူတို့က ထိပ်သီးအင်အားစု မဟုတ်ပေ။ သူတို့က ကော့တေးမှ တပည့်အား အနိုင်ကျင့်ခဲ့ပါက အကျိုးဆက်ကား ခန့်မှန်း၍ပင် မရပေ။

ရီဖူရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက မျှော်စင်အား အလွန်အမင်း အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ဤကဲ့သို့သော အချိန်တွင် ဝင်စွက်ဖက် ရဲသနည်း။ ယူချင်းကား အသတ်ခံရလု နီးပါးပင်။ သူ၏ အလွန်အမင်း အေးစက်သော မျက်လုံးများက ယန်ကျန်းထံသို့ ရောက်လာသည်။ ယန်ကျန်း၏ အမူအရာများပင်လျှင် ပြောင်းလဲသွားသည်။ သူက ဘာဖြစ်နေသည်ကို နားလည်လိုက်သည်။

ရီဖူရှင်းက ရှေ့ကို တိုးသွားလိုက် သော်လည်း ယန်ကျင်း၏ တားဆီးခြင်းကို ခံရသည်။ ယန်ကျင်းက သူ့အား နားချလိုက်သည်… “သူ့ကို ရပ်ခိုင်းလိုက်ပါ…. မျှော်စင်က ကိစ္စအတွက် ကျုပ်တို့က တောင်းပန်ပါတယ်… ကျုပ်တို့က တမင် ရည်ရွယ်တာ မဟုတ်ဘူး…..”

“ဖယ်စမ်း….” ရီဖူရှင်းက ယန်ကျန်းအား အေးစက်စွာ ကြည့်လိုက်သည်။ သူတို့က ယန်မိုက ကတိပေးခဲ့သည်ကို ငြင်းခဲ့သည်။ ယခု သူတို့က မိမိတို့ လုပ်ခဲ့သည်ကိုလည်း တာဝန်ယူရန် ပျက်ကွက်ခဲ့သည်။

မျှော်စင်ထဲတွင် မည်သူ ရှိနေသည်ကို သူ သိလိုသည်။ ရီဖူရှင်းက မျှော်စင်ထံသို့ လျှောက်သွားလျှင် ရီဝူချင်း၊ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ ကလည်း နောက်မှ လိုက်ပါသွားကြသည်။

ရီဖူရှင်းက မျှော်စင်ထံသို့ ကောင်းကင်မှတစ်ဆင့် တစ်ခါတည်း ပျံသန်းသွားသည်။ မျှော်စင်၏ ဝရန်တာတွင် လူနှစ်ယောက်ကို သူမြင်ရသည်။ ယောက်ျားက အလွန် ချောမော ခန့်ညားသလို မိန်းကလေးကလည်း နတ်သမီးအလား လှပချောမောသည်။

သူတို့ကား ချင်မုံရိုနှင့် ချိန်ရှင်းမူတို့ ဖြစ်ကြ၏။

ချိန်ရှင်းမူကား စိတ်ဝိညာဉ် မှော်ပညာတွင် နံပါတ်တစ်အဖြစ် သတ်မှတ်ထား ခံရသူဖြစ်သည်။ ချင်မုံရိုကား ချင်ပြည်ထောင်၏ မင်းသမီးဖြစ်၏။ သူတို့ နှစ်ယောက်လုံးက ခေ့ကေးမြို့မှ လက်ထပ်ပွဲအတွက် မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့ ဖြစ်ကြသည်။ သူတို့က ဤနေရာတွင် ဘာလုပ် နေကြသနည်း။ ယန်မိသားစုက ဖိတ်ခေါ်ထားခြင်း ဖြစ်ပုံရသည်။ သို့သော် ယူချင်းအား တိုက်ခိုက်သော သူက သူတို့ မဟုတ်နိုင်ပေ။ မျှော်စင်ထဲတွင် တစ်စုံတစ်ယောက် ရှိနေသေးသည်။

ရီဖူရှင်းက သူတို့ ရှေ့တွင် ရပ်လိုက်သည်။ ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က သူ၏ လမ်းအား ပိတ်ထားသည်။ သူတို့နောက်တွင် မျှော်စင် ဝင်ပေါက် ဖြစ်သည်။

“ဖယ်စမ်း….” ရီဖူရှင်းက သူတို့ နှစ်ယောက်အား ကြည့်လိုက်သည်။

ချင်မုံရို မျက်မှောင်ကြုတ် သွားသည်။ သူမ၏ မျက်လုံးတွင် မာနများကို အထင်းသား မြင်ရသည်။ ရီဖူရှင်းက သူမအား ဤကဲ့သို့ ရိုင်းစိုင်းစွာ ပြောဆိုမည်ဟု မထင်ထားပေ။

“ဒါက ယန်မိသားစု နယ်မြေပဲ….” ချိန်ရှင်းမူက ပြောသည်…. “မင်းက ဒီနေရာကို လာတာ မသင့်တော်ဘူး….”

ရီဖူရှင်းက သူတို့အား ဂရုမစိုက်ပေ။ သူ၏ ဓမ္မအား တစ်ခါတည်း ထုတ်လိုက်သည်။ နေနှင့်လက သူ၏ နောက်ကျောတွင် တစ်ချိန်တည်း ထွက်ပေါ်လာ၏။

ချိန်ရှင်းမူ မျက်မှောင်ကြုတ် သွားသည်…. “မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး…”

ရီဖူရှင်း၏ ဓမ္မမှ နေရောင်နှင့် လရောင်က တစ်ချိန်တည်းတွင် ချိန်ရှင်းမူနှင့် ချင်မုံရိုတို့ထံ ဆင်းသက် လာသည်။ ချိန်ရှင်းမူက သူ၏ ပလွေအား ထုတ်ယူကာ စတင် တီးမှုတ်လိုက်သည်။ ရုတ်တရက် အလွန် အေးစက်သော မုန်တိုင်းက ပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းလာသည်။ ပလွေသံကား ထက်ရှကာ အားပြင်းသည်။ အအေးလှိုင်းက အသံလှိုင်းနှင့် ထိတွေ့လျှင် ထိုအရာက သဘာဝ စွမ်းအင်များ အဖြစ် ပြောင်းလဲသွားကာ ပျက်စီး ပျောက်ကွယ် သွားသည်။

ရီဖူရှင်းက ရှေ့ကို အလွန် လျင်မြန်သော အရှိန်ဖြင့် တိုးဝင်သွားသည်။ သူ၏ ခန္ဓာကိုယ်က မီးလျှံများ ထွက်ပေါ်လာကာ ရှေးဟောင်း သင်္ကေတများ ဖြစ်ပေါ်လာပြီး ချိန်ရှင်းမူထံသို့ တိုးဝင်သွားသည်။ သူက လက်ကိုလည်း မြှောက်လိုက်ကာ လက်ဝါးရိုက်ချက် တစ်ခုကို ရိုက်ထုတ်လိုက်လျှင် လက်ဝါးရာပုံစံက အရာအားလုံးကို ဖျက်ဆီးတော့မည့် အလား ချိန်ရှင်းမူထံသို့ တိုးဝင်သွားသည်။

ချိန်ရှင်းမူ၏ ဂီတက ထက်ရှသော မြားများအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏ မီးသင်္ကေတများအား အပိုင်းပိုင်းအစစ ဖြစ်အောင် ဖျက်ဆီးကြသည်။ ကြောက်မက်ဖွယ် စိတ်ဝိညာဉ် အသိပါသော မြားများက ချိန်ရှင်းမူ၏ လမ်းညွှန်မှုဖြင့် ရီဖူရှင်းထံသို့ တိုးဝင် သွားကြသည်။

ဝုန်း… ဝုန်း… ဝုန်း…. ကြောက်မက်ဖွယ် လေထု ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ မြားများက မီးလောင်ကျွမ်း ပျက်စီးသွားသလို မီးလက်ဝါးကလည်း ပြိုပျက်သွားသည်။ ရီဖူရှင်းက နောက်ဆုတ် သွားရသော်လည်း သူ၏ နောက်မှ ဓမ္မမှ ထွက်ပေါ်လာသော အပူလှိုင်း အအေးလှိုင်းများက ပိုမို ကြီးထွား လာနေသည်။ များစွာသော မြားများက အေးခဲသွားကာ မြေပြင်ပေါ်သို့ ကျဆင်း သွားသည်။

“အရမ်း အားကောင်းတာပဲ…. ရီဖူရှင်းက ကော့တေးက တပည့် ဖြစ်ထိုက်ပါပေတယ်… ဒါပေမဲ့ သူနဲ့ ချိန်ရှင်းမူအကြား ကွာဟချက်ကတော့ ရှိနေတုန်းပဲ…” လူအများက မှတ်ချက် ချကြသည်။ သို့သော်လည်း ရီဖူရှင်းက လက်လျှော့ပုံမရပေ။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို အားကောင်းလာကာ ရှေ့ကို ဆက်လျှောက် သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ဓားတစ်လက် ပေါ်လာသည်။ ဓားက ချိန်ရှင်းမူနှင့် ချင်မုံရိုတို့ထံ တိုက်ရိုက် တိုးဝင်သွားသည်။

“အထဲကို သွားလိုက်….” ရီဝူချင်းက ရီဖူရှင်းအား ပြောသည်။ သူ၏ ဓားက ချင်မုံရိုအား ဦးတည်နေသည်။ ထိုအခိုက်အတန့် တွင်ပင် ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က ဓားကမ္ဘာ တစ်ခုထဲသို့ ကျဆင်းသွားသည်။ မရေမတွက်နိုင်သော ဓားများက သူတို့ထံ တိုးဝင် လာနေသည်။

ချိန်ရှင်းမူ၏ ပလွေသံကလည်း ပိုမို မြန်ဆန် လာသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော စိတ်ဝိညာဉ် မြားများက ရီဝူချင်း၏ စိတ်နယ်ပယ်ထဲကို တိုးဝင် လာကြသည်။ သို့သော် ရီဝူချင်း၏ စိတ်ဝိညာဉ် ဓားကလည်း ချိန်ရှင်းမူ၏ စိတ်နယ်ပယ်ထဲကို တိုးဝင်သွားသည်။ မရေမတွက်နိုင်သော ဓားများထံမှ လာသော အန္တရာယ် အငွေ့အသက်များကို ခံစားမိလျှင် ချိန်ရှင်းမူနှင့် ချင်မုံရိုတို့ နှစ်ယောက်လုံးက နောက်ကို ဆုတ်လိုက်သည်။

“သူက ဘယ်သူလဲ…” တစ်စုံတစ်ယောက်က ရီဝူချင်းအား ကြည့်ကာ အံ့အားသင့်စွာ မေးသည်။

“သူက ကန်ယီနိုင်ငံက ရီဝူချင်းပဲ…..” တစ်စုံတစ်ယောက်က ဖြေသည်…. “သူနဲ့ ရီဖူရှင်းက ရှေးဟောင်း မြေရိုင်းဒေသမှာ တစ်ချိန်တည်း ကျော်ကြားလာခဲ့ပြီး သူက ဖူယွန်ဓားကလန်ရဲ့ တပည့် ဖြစ်လာတယ်….” ရီဝူချင်းက ချိန်ရှင်းမူကိုပင်လျှင် ပြန်လည် တိုက်ခိုက်နိုင်မည်ဟု မထင်ထားခဲ့ကြပေ။

ရီဖူရှင်းက အလွန် လျင်မြန်သော အလျင်ဖြင့် မျှော်စင်ထဲသို့ တိုးဝင်သွားသည်။

မျှော်စင်ထဲတွင်ကား နောက်ထပ် တံခါးတစ်ခု ရှိသည်။ ထိုတံခါး၏ အပြင်ဘက်တွင် ယန်မိသားစု၏ အားကောင်းသော တန်ခိုးရှင်များ စောင့်ကြပ် နေကြသည်။ သူတို့က လမ်းအား ပိတ်လျက် ရီဖူရှင်းအား ထူးမခြားနားစွာ ကြည့်လိုက်ကြသည်။

ရီဖူရှင်းက အထဲကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“သူ့ကို လက်လျှော့ဖို့ ပြောလိုက်….” နောက်တစ်ယောက်က ထူးမခြားနားစွာ ပြောသည်။ သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများကို ကြည့်ခြင်းအားဖြင့် ထိုအစောင့်များက နိုဘယ်များ ဖြစ်သည်ကို ရီဖူရှင်း သိလိုက်ရသည်။

“မင်းတို့က တကယ်ပဲ သင်ခန်းစာ မရကြဘူး … ဟုတ်တယ်မလား ….” တစ်စုံတစ်ယောက်က မိစ္ဆာမျှော်စင်ထဲကို ဝင်ရောက်လာသည်။ သူကား လျိုဖန်းဖြစ်သည်။ သူက တံခါးဘေး တစ်ဖက် တစ်ချက်တွင် ရပ်နေသော နိုဘယ်နှစ်ယောက်အား မေးလိုက်သည်…. “ချင်ပြည်ထောင်မှာ ဘာဖြစ်ခဲ့တယ် ဆိုတာ မင်းတို့ တကယ်ပဲ မသိတာလား….”

နိုဘယ်နှစ်ယောက် မျက်မှောင်ကြုတ် လိုက်သည်။ သူတို့က ဤနေရာတွင် စောင့်ကြပ် နေကြသည့်တိုင် ပြင်ပမှ ကိစ္စရပ်များကို သိကြသည်။ ချင်ပြည်ထောင်မှ အဖြစ်အပျက်ကိုလည်း သူတို့ သိကြသည်။

“ဒါပေမဲ့ ကော့တေးက ယန်မိသားစုရဲ့ ရတနာကို လုယူခွင့် မပြုနိုင်ဘူး…” နိုဘယ် တစ်ယောက်က အေးစက်စွာ ပြောသည်။

လျိုဖန်းက ရှေ့ကို တက်သွားလိုက်သည်။ သူ့လက်ထဲမှ မီးနှင်တံကလည်း ချက်ချင်းပင် နီရဲသွားကာ ရုတ်တရက် မီးနဂါးတစ်ကောင်က လေထုတွင် ပေါ်လာသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset