Switch Mode

အပိုင်း (၂၅၆)

သုံးချောင်းထောက်တိုင်အား မခြင်း

လွတ်လပ်ခြင်း ကျင့်စဉ် အသက်ဝင်လာလျှင် ရီဖူရှင်းက ရိုးရှင်းသော ပုံရိပ်များကို မမြင်ရတော့ပေ။ ထိုအစား ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအသိအား တွေ့မြင်ရသည်။ ရုပ်ပုံများကလည်း အသက်ဝင်လာကာ များစွာသော မိစ္ဆာများအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာများက သူ့အား လွှမ်းခြုံလာကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ဆင်းသက် လာသည်။ သူ၏စိတ်အား များစွာသော မိစ္ဆာများ ဝန်းရံထားခြင်းကို ခံရ၏။

ဘုန်း… အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအသိတစ်ခု ဆင်းသက် လာသည်။ ကြည့်ရသည်မှာ မိစ္ဆာတိုင်ကို မသည့်လူ၏ အသိက မြင့်လေလေ မိစ္ဆာအသိက မြင့်လေလေ ဖြစ်သည်။

ရီဖူရှင်းက တစ်စုံတစ်ခုကို ရေရွတ်ကာ လွတ်လပ်ခြင်း ကျင့်စဉ်ကို ရပ်တန့် လိုက်သည်။ သူ ဆက်ကြည့်၍ မရတော့ပေ။

အရာအားလုံးက ပုံမှန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သုံးချောင်းထောက် တိုင်ကား သုံးချောင်းထောက် မိစ္ဆာတိုင်ပင် ဖြစ်သည်။ သူက မြင်ခဲ့ရသည်များကား ပုံရိပ်ယောင်များသာ ဖြစ်ပြီး တကယ်ရှိဟန် မတူပေ။ သို့သော် ထိုလူက မည်သည့် တန်ခိုး အဆင့်တွင် ရှိနေပါစေ ဤမိစ္ဆာတိုင်အား ယူဆောင် သွားနိုင်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။

“ဘာဖြစ်လို့လဲ….” ရီဝူချင်းက မေးသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကလည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းက တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ် လိုက်သော်လည်း သူတို့က ထိုအသံကို ကြားလိုက်ရ၏။

“ဒီမိစ္ဆာတိုင်က တကယ်ပဲ တန်ဖိုးရှိပြီး စွမ်းအားမြင့်တဲ့ ရတနာပဲ…..” ရီဖူရှင်းက ပြောသည်။ သူက သွားရောက် စမ်းကြည့်ရန် ဟန်ပြင် လိုက်စဉ်မှာပင် နောက်တစ်ယောက်က လူအုပ်ထဲမှ ထွက်လာသည်။ သူက သုံးချောင်းထောက် တိုင်သို့ လျှောက်သွားလိုက်၏။

သူကား ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ သူ၏ ဝတ်ရုံက ရိုးရှင်းပြီး နွမ်းပါးပုံရသည်။ သို့သော်လည်း သူ၏ ကိုယ်ရောင် ကိုယ်ဝါက ထူးခြားသည်။ သူ့အား ကြည့်ရုံမျှဖြင့် တခြား လူများအား အေးချမ်းမှုကို ခံစားရစေသည်။ ထိုဘုန်းကြီးကား ချင်းရွှီ ဘုရားကျောင်းမှ ဖြစ်သည်။ သူ၏ လည်ပင်းတွင်ကား စိပ်ပုတီး တစ်ကုံးကို ဝတ်ဆင်ထားပြီး သူ၏ လက်ဖြင့် ပုတီးလုံးများကို ကိုင်ထားသည်။ သူက ဗုဒ္ဓဂါထာတော် တချို့ကိုလည်း ရေရွတ်နေသည်။

လူတိုင်းက သူ့အား သိကြသည်။ သူကား ချင်းရွှီဘုရားကျောင်းမှ အဟံဖြစ်သည်။

အရှေ့မြေရိုင်း ဒေသတွင် လူငယ်မျိုးဆက် ခေါင်းဆောင်များကို သူတို့ ကလန်က ထူးခြားသော ဂုဏ်ထူး ဝိသေသများ ပေးအပ် ထားလေ့ရှိသည်။ ဥပမာ နိုင်ငံများတွင် အိမ်ရှေ့စံ မင်းသား မင်းသမီးများ ရှိသလို ဖြစ်သည်။ မှော်ကလန်တွင် မှော်ဝိဇ္ဇာ၊ ဖူယွန် ဓားကလန်တွင် ဓားဝိဇ္ဇာတို့က ကလန်၏ အမှတ်အသားတစ်ခု ဖြစ်သည်။ ချင်းရွှီ ဘုရားကျောင်းတွင်လည်း အဟံရှိသည်။

အဟံနာမည်က လျှို့ဝှက်ကာ ထူးဆန်းသည့် သမိုင်းကြောင်း ရှိသည်။

ကျောင်းတော်ဖြစ်စေ ဒွန်ဟွာကလန်က ဖြစ်စေ သူတို့က အဟံအား တွေ့မြင်ရလျှင် သူတို့က ပိုမိုသာလွန်သည်ဟု ယုံကြည်မှုမျိုး မရှိနိုင်ပေ။ ကော့တေးကလည်း ထိုနည်းနာ ဖြစ်သည်။ အဟံကား ထူးဆန်း အံ့သြဖွယ်ကောင်းပြီး သူ၏ စွမ်းရည်များကလည်း ငြင်းပယ်၍ မရနိုင်ပေ။ ယခု ချင်းရွှီ ဘုရားကျောင်းမှ အဟံက မိစ္ဆာတိုင်သို့ လျှောက်သွားနေသည်။

“အဟံ… ခင်ဗျားက မိစ္ဆာတိုင်ကို မ မလို့လား….” တစ်စုံတစ်ယောက်က အဟံထံသို့ လျှောက်လာကာ မေးသည်။ သူကား တောက်ပြောင်သော အဝတ်အစားများကို ဝတ်ဆင်ထားကာ အလွန် ယဉ်ကျေးသည်။ သူကား ယန်မိသားစုမှ ဖြစ်သည်။ ဤနေရာက သူတို့ မိသားစု ပိုင်ဆိုင်သည်။

အဟံက အသာအယာ ခေါင်းညိတ်သည်။

“ဒီသုံးချောင်း ထောက်တိုင်က မကောင်းတဲ့ ဓာတ်တွေ ဖုံးလွှမ်းနေတယ်… သတိထားပါ….” လူငယ်က နောက်မဆုတ်မီ ပြောသည်။

အဟံက မိစ္ဆာတိုင်ထံသို့ လျှောက်သွားသည်။ သူက အောက်ခြေသို့ မသွားပေ။ ထိုအစား သူက ရှေ့တွင် ရပ်လိုက်သည်။ သူ၏ မျက်လုံးများက ရွှေရောင်သို့ ပြောင်းလဲသွားပြီး ထူးခြားသော အလင်းရောင်များက သူ၏ နဖူးမှ လင်းလက်လာသည်။ ထိုအရာကား ဗုဒ္ဓ၏ မျက်လုံးများနှင့် ဆင်တူသည်။ ထိုအခိုက်တွင် ရွှေရောင် အလင်းများက မိစ္ဆာတိုင်အား ရစ်ပတ် လာကြသည်။

သူက တရားစာများကို ရွတ်ဖတ်လျှင် သင်္ကေတများက လေထုထဲတွင် ပေါ်လာကြကာ မိစ္ဆာတိုင်ထံသို့ မျောလွင့်သွားနေသည်။ ထိုအရာများက များစွာသော စကားလုံးများအဖြစ် ပြောင်းလဲသွားပြီး ဗုဒ္ဓသင်္ကေတ ဝိညာဉ်စွမ်းအင် တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ ထို သင်္ကေတများက မိစ္ဆာတိုင်အား စတင်၍ မကြသည်။

သူက အဆက်မပြတ် တရားစာများကို ရေရွတ်နေသည်။ တဖြည်းဖြည်းဖြင့် ပိုမိုသော ဗုဒ္ဓသင်္ကေတများ ဖြစ်ပေါ်လာကာ မိစ္ဆာတိုင် တစ်ခုလုံးကို ဖုံးလွှမ်းလာနေသည်။ ထိုအရာများက မိစ္ဆာတိုင်ကိုပင် အပေါ်ကို မြင့်တက်စေနိုင်သော စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ကောင်းကင်တွင် ဗုဒ္ဓပုံရိပ်တစ်ခုနှင့် မိစ္ဆာပုံရိပ်တစ်ခုက တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။

လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားကြသည်။ အဟံကား အလွန် စွမ်း၏။ ထိုစွမ်းအင်များက သူ၏ တန်ခိုး အဆင့်ကြောင့် မဟုတ်ဘဲ ဗုဒ္ဓ၏ စွမ်းရည်များကြောင့် ဖြစ်ဟန်ရသည်။

ထိုအချိန်တွင် ထိုတရားသံများက လူအများ၏ နားထဲကို စတင် ဝင်ရောက်လာသည်။ ထိုတရားသံများက ဗုဒ္ဓ စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ တစ်လောကလုံးဖြင့် ပေါင်းစပ်သွားပုံ ရသည်။ လူအများကလည်း အဝေးမှ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ အဟံက မိစ္ဆာတိုင်အား မနေသည်ကို သူတို့ သတင်း ကြားကြရသည်။

အဟံက မိစ္ဆာတိုင်ကို မနိုင်ပါ့မလား။

ထိပ်သီး အင်အားစုများမှ လူများကလည်း ရောက်ရှိလာကာ သူ့အား ကြည့်နေကြသည်။

ဗုဒ္ဓနာမည်က ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ် နေသည်။ ရွှေရောင် သဘာဝ စွမ်းအင်များက ပျံ့နှံ့လာသည်။ ဗုဒ္ဓတရားတော်က မိစ္ဆာတိုင် တစ်ခုလုံးကို ရစ်ပတ် လာနေသည်။ မိစ္ဆာတိုင်အား ဗုဒ္ဓ စွမ်းအင်များ ရစ်ပတ် လာနေသည်။ ဤနည်းဖြင့် မိစ္ဆာတိုင်က လေပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာသည်။ အဟံက သူ၏ ရုပ်ခန္ဓာ စွမ်းရည်အစား ဗုဒ္ဓစွမ်းအင်ကို အသုံးပြုသည်။

တစ်လက်မ၊ နှစ်လက်မ… တစ်ပေ။ မကြာမီ မိစ္ဆာတိုင်က ခွာရှမ်း စွမ်းဆောင်ခဲ့သည်ထက် ပိုမိုမြင့်တက် လာသည်။

ကြောက်မက်ဖွယ် ကောင်းသော ဖိအားက အဟံထံသို့ ဆင်းသက် လာသည်။ သူ၏ ခန္ဓာကိုယ်ကိုသာ မဟုတ်ဘဲ သူ၏ ဗုဒ္ဓ သင်္ကေတများကလည်း မိစ္ဆာတိုင်၏ ဖိအားများကို ခံစားကြရသည်။ မိစ္ဆာတိုင်က လှည့်ပတ်လာနေပြီး ကြောက်မက်ဖွယ် ကောင်းသော အလင်းများ ထွက်ပေါ်လာကာ အရာအားလုံးကို ဖိနှိပ်ရန် ကြိုးစားသည်။

ယခုကား မိစ္ဆာတိုင်က လေထဲသို့ နှစ်ပေခန့် မြောက်တက်နေပြီ ဖြစ်သည်။ လူအများအပြားက အံ့အားသင့် ကြရသည်။ အဟံဆိုသည့် အတိုင်း သူကား အလွန် အားကောင်း လှသည်။ ပိုမို၍ အံ့အားသင့်ဖွယ် ကောင်းသည်မှာ ထိုမျှက သူ၏ စွမ်းရည် အများဆုံး ဟုတ်ဟန် မကျသေးပေ။ မိစ္ဆာတိုင်က ပိုမို၍ မြင့်တက် လာနေသည်။

ယန်မိသားစုမှ စွမ်းအားမြင့် တန်ခိုးရှင်များပင်လျှင် အံ့အားသင့်ရသည်။ အတိတ်တွင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ အပါအဝင် လာရောက် စမ်းသပ်ခဲ့သော သူများအားလုံး အများဆုံး သုံးပေခန့်သာ မနိုင်သည်။

ယခု အဟံကား ထိုစံချိန်ကို ရောက်လုနီးပါးပင်။

သိသာစွာပင် အတိတ်မှ ချင်ပြည်ထောင်မှ ဤမိစ္ဆာတိုင်အား မရန် ကြိုးစားခဲ့သော အိမ်ရှေ့စံ မင်းသားကား နိုဘယ်အဆင့်၏ အမြင့်ဆုံး စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုစဉ်က သူက မိစ္ဆာတိုင်အား ရှစ်ပေအထိ မနိုင်ခဲ့သည်။ သူက လောကတစ်ခုလုံးကို တုန်လှုပ်စေကာ ကောင်းကင်အား ပြောင်းလဲ စေခဲ့သည်။ သို့သော် သူက အလျှော့မပေးဘဲ မိမိကိုယ်ကို ကောင်းကင်၏ သားတော်ဟု သမုတ်ကာ နိုင်ငံ့ရတနာကို ဆက်လက်၍ မခဲ့ရာ သူ၏ စွမ်းရည်များက အလွန် မြင့်မားသည့်တိုင် သူကား ဤနေရာတွင်ပင် သေဆုံးခဲ့ရသည်။

မိစ္ဆာတိုင်က သုံးပေအထိ မြင့်တက်လာပြီး ဗုဒ္ဓ စွမ်းအင်များဖြင့် ဖိနှိပ်ထားသော မိစ္ဆာပုံရိပ်များကား နောက်ထပ် ဖိနှိပ်၍ ရဟန် မတူတော့ပေ။ ထိုပုံရိပ်များက တဖြည်းဖြည်း ပိုမို အားကောင်းစွာ ရုန်းကန် လာကြပြီး လွတ်မြောက် လာတော့မည့်ဟန်ကို မြင်နေရသည်။ အဟံက ထိုပုံရိပ်များကို အတတ်နိုင်ဆုံး ဖိနှိပ်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ပုံရိပ်တစ်ခုက လွတ်မြောက်သွားပြီး ရွှေရောင်ဗုဒ္ဓ စွမ်းအင်ထဲကို ပျော်ဝင် ပျောက်ကွယ် သွားသည်။

ဗုဒ္ဓတရားတော်များက လေထုထဲ ပျံ့နှံ့နေသည်။ မိစ္ဆာတိုင်ကား လေထဲတွင် လှည့်ပတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ဗုဒ္ဓ သင်္ကေတများက ဆက်လက်၍ ပျက်စီး လာနေသည်။ တဖြည်းဖြည်းနှင့် သင်္ကေတများ အားလုံး ပျက်စီးသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်းများက ထိုသင်္ကေတများ အားလုံးကို ဖျက်ဆီးကာ အဟံထံသို့ တိုးဝင်လာသည်။ အဟံက တရားစာများကို ဆက်လက်၍ ရွက်ဆိုလျှင် သူ့ရှေ့တွင် ကြီးမားသော ဗုဒ္ဓလက်ဝါးကြီး တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုအလင်းတန်းများ ရောက်ရှိလာသောအခါ လက်ဝါးကလည်း အက်ကွဲ ပျက်စီးသွားပြီး အဟံက နောက်ကို လျင်မြန်စွာ ဆုတ်လိုက်သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ကမ္ဘာကြီး တစ်ခုလုံး တုန်ခါသွားကာ မိစ္ဆာတိုင်က မြေပြင်ပေါ်သို့ ကျသည်။ လူတိုင်းက အဟံအား လေးစားစွာ ကြည့်ကြသည်။ သူတို့အတွက် မူကား မိစ္ဆာတိုင်အား တစ်စုံတစ်ယောက်က သုံးပေအထက် မပြနိုင်ခဲ့ခြင်းက တကယ့် အံ့ဖွယ်ကိစ္စပင်။

ယန်မိသားစုမှ လူငယ်က ပြောသည်… “အဟံက ဒီနေ့ ကျုပ်ရဲ့ နားမျက်စိကို ဖွင့်ပေးလိုက်တာပဲ… နောင်အနာဂတ်မှာ ဘယ်သူမှ ဒီစံချိန်ကို ချိုးဖျက်နိုင်မယ်လို့ ကျုပ်မထင်ဘူး….” ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက ကြိုးစားဖူးကြပြီး ဖြစ်သည်။ သုံးပေရောက်အောင် မနိုင်သူကား အလွန် ရှားပါးသည်။ သုံးပေကျော်အောင် မူကား ယနေ့အထိ အဟံမှ လွဲ၍ မည်သူမှ မစွမ်းဆောင်နိုင်ပေ။

“ဒါက ဘယ်လောက် အမြင့်အထိ မလို့ရလဲ….” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးလိုက်သည်။ ယန်မို၏ အကြည့်က သူ့ထံကို ရောက်လာသည်။ သူ့ဘေးမှ လျိုဖေးယွန်၊ လျိုချန်းယွီနှင့် ယူချင်းတို့ကို ကြည့်ရင်းက သူက ရီဖူရှင်းအား သိလိုက်ပုံရသည်။ အကယ်၍ သူက လျိုနိုင်ငံ၏ မင်းသား၊ မင်းသမီးတို့နှင့် ရင်းနှီးသည် ဆိုပါက ထိုသူမှာ ရီဖူရှင်းသာ ဖြစ်ရပေမည်။

“မင်းက ဘာလို့ မေးတာလဲ….” ယန်မိုက မေးသည်။ သူ့ထံတွင် အဟံကို ပြသခဲ့သော လေးစားမှုများက ရီဖူရှင်းထံတွင် လုံးဝ မရှိပေ။ ရီဖူရှင်းကား ကော့တေးမှ ဖြစ်သည်။ ယန်မိသားစုကား ယခု ချင်ပြည်ထောင်၏ လက်အောက်ကို လုံးဝ ဝင်ရောက်သွားပြီး ဖြစ်ရာ ပုံမှန်အားဖြင့် သူတို့ကလည်း ကော့တေးကို သဘောမကျပေ။ ထို့ကြောင့် သူက ရီဖူရှင်းအား လေးစားစွာ ဆက်ဆံနေမည် မဟုတ်ပေ။

“ကျုပ်က စိတ်ဝင်စားမိရုံပါပဲ… ဒါကို ယူမယ်ဆိုရင် ဘယ်နှပေအထိ မြင့်အောင် မြှင့်ဖို့လိုလဲ …” ရီဖူရှင်းက မေးသည်။ ဤမိစ္ဆာတိုင်အား ဤနေရာတွင် ထားခဲ့ရမှာ နှမြောစရာ ကောင်း၏။

ယန်မို နားမလည်ပေ။ နောက်ပိုင်း ကာလများတွင် မည်သူမှ ထိုသို့ မလုပ်နိုင်ပေ။ သူ့တွင် ဤမျှ ရယ်စရာ ကောင်းသော အတွေး မည်သို့ ဖြစ်ပေါ် လာသနည်း။ သူက ကော့တေးမှ ဆိုလျှင်ပင် သူကား တန်ခိုးအဆင့် အလွန်နိမ့်သည်။ သူကား ထိုသို့ပြောခြင်းက မိမိကိုယ်ကို အလွန် အထင်ကြီးနေပုံ ရသည်။

“ကျုပ် မသိဘူး… ဒါပေမဲ့ ကော့တေးက ရီဖူရှင်းက ရှေးဟောင်း မြေရိုင်းဒေသမှာ စံချိန်တွေ အများကြီး ချိုးဖျက်ခဲ့တယ်လို့ ပြောကြတယ်…. အခု မင်းက ဒီစံချိန်ကို ဖျက်ပြီး ဘာလို့ မယူသွားတာလဲ…” ယန်မိုက ရယ်မောလျက် ပြောသည်။ သူ၏လေသံက အနည်းငယ်သော သရော်သံ ပါနေသည်။ ရှေးဟောင်း မြေရိုင်းဒေသမှ ကံစွမ်းအား အရင်းအမြစ်များက သူတို့ မိသားစု၏ နိုင်ငံ့ ရတနာနှင့် နှိုင်းယှဉ်၍ မရပေ။

“ကျုပ်က ဒါကို ယူသွားလို့ ရတာပေါ့….” ရီဖူရှင်းက အံ့အားသင့်စွာ ပြောသည်။

“မင်းက မနိုင်ရင် ယူသွားလိုက်….” ယန်မိုက လက်ဆန့်တန်းလျက် ကြိုဆိုသော ဟန်အမူအရာ လုပ်ပြသည်။ သူက ထိုမိစ္ဆာတိုင်အား ပျော်ရွှင်စွာ ပေးလိုက် နိုင်သည့်အလား ပြုံးလျက် ပြောသည်။ နှစ်ပေါင်းများစွာ မည်သူမှ မလုပ်နိုင်သည့် အလုပ်ကို ရီဖူရှင်းက သူ၏ ဓမ္မအဆင့်မျှဖြင့် လုပ်နိုင်မည်ဟု ထင်နေသည်လား။ သူက မိမိနေရာကို မသိဘဲ မရန်ကြိုးစားပါက မိစ္ဆာစွမ်းအင်၏ ဖိအားကြောင့် သေပင် သေသွားနိုင်သည်။ ဤသို့ဆိုလျှင် အလွန် စိတ်ဝင်စားစရာ ကိစ္စ ဖြစ်ပေါ် လာနိုင်ပေသည်။ ကော့တေးကလည်း မည်သို့မှ ပြောနိုင်မည် မဟုတ်ပေ။

“ယန်မိသားစုက ဒီလောက် ရက်ရောမှတော့ စမ်းကြည့်ရတာပေါ့….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ထို့နောက် သူက မိစ္ဆာတိုင်၏ အနီးသို့ လျှောက်သွား လိုက်သည်။

မျက်လုံးပေါင်း များစွာက သူ့ထံကို ရောက်လာသည်။ ရီဖူရှင်းက မိစ္ဆာတိုင်အား အဟံကဲ့သို့ မှော်စွမ်းအင်ဖြင့် မရန် မကြိုးစားပေ။ ဗုဒ္ဓနည်းစနစ်များကား ထူးဆန်း အံ့ဖွယ် ကောင်းပြီး အလွန် စွမ်းသည်။ သူက ထိုသို့ မလုပ်နိုင်ပေ။

ထို့ကြောင့် သူက တခြားလူများ လုပ်သကဲ့သို့ လုပ်သည်။ သူ၏ နည်းစနစ်များကို အသက်သွင်းကာ သူက နဂါးတစ်ကောင် အလား မာန်သွင်း လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကား စွမ်းအား ကောင်းလာသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ ကွဲထွက်လာကာ သူ၏ ခန္ဓာက လူဝံကြီးအလား သန်မာလာသည်။

“တက်စမ်း….” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ နတ်လူဝံက ထုတ်လွှတ် လိုက်သော စွမ်းအင်များက သူ၏ လက်များတွင် စုစည်း လာနေကြကာ မိစ္ဆာတိုင်အား မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် အလွန်အမင်း အားကောင်းသော ဖိအားတစ်ခု သူ့ထံ ဆင်းသက်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset