“ဒါက ခြိမ်းခြောက်တာလား….” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ဒွန်ဟွာကလန်နှင့် ပြဿနာ အပြီးတွင် ဂူကျီချူက သူ့အား ခြိမ်းခြောက်ရဲပါက သူကား အလွန် စွမ်းရပေမည်။
“ဒီကောင်က ကောလာဟလတွေ အတိုင်းပဲ…..” လျိုဖေးယွန်က အဝေးကို ထွက်သွားသော သူ့အား ကြည့်ကာ ရေရွတ်သည်။ မှော်ကလန်ကား စည်းမျဉ်း စည်းကမ်းများ အတိုင်း မဟုတ်ဘဲ ပြုမူကြလေ့ရှိသည်။ သူတို့အားလုံးက ဂူဘိုင်ယွီ၏ အမူအကျင့်များကို သိရှိကြပြီး ဖြစ်သည်။ သူမကား အမှန်ပင် စုန်းမဖြစ်သည်။ မှော်ဝိဇ္ဇာမူကား ကွဲပြား ခြားနားသည်။ သူကား အေးစက်ကာ တည့်တိုးဆန်သည်။
“မှော်ကလန်က စိတ်ဝိညာဉ်ပညာမှာ ထူးချွန်ကြလား….” ရီဖူရှင်းက မေးလိုက်သည်။ သူ့အား လာရောက် တိုက်ခိုက်မှုက စိတ်ဝိညာဉ်ပညာ ဖြစ်ဟန် ရသည်။
“စုန်းမသံစဉ်က စိတ်ဝိညာဉ် ပညာကို လေ့ကျင့်တဲ့ သူတွေအတွက် အသင့်တော်ဆုံးပဲ…. သူတို့ရဲ့ ကိုယ်ပိုင် တိုက်ကွက်တွေကို နောက်တစ်ယောက်ရဲ့ စိတ်နယ်ပယ်ထဲကို သွားရောက် ဖြစ်ပေါ်စေနိုင်တယ်…. ဒါက ကြောက်စရာပဲ…” လျိုဖေးယွန်က ပြောသည်…. “မှော်ကလန်က လူတွေက ထိပ်သီး အင်အားစုတွေထဲမှာ အရှားပါးဆုံးလူတွေပဲ…. ချင်းရွှီဘုရားကျောင်း ကလည်း ဒီအထဲပါတယ်… မှော်ကလန်က လူတွေ အများစုက ထူးဆန်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ကြတယ်…. တိုက်ခိုက်ရေး စွမ်းရည်တွေမှာလည်း သူတို့က ထိပ်သီး အင်အားစုတွေထက် မနိမ့်ကျဘူး…..”
စိတ်ဝိညာဉ်ပညာကား အလွန် အန္တရာယ် များလှသည်။ စိတ်ဝိညာဉ် ပညာရှင်က တခြား ပညာရပ်များနှင့် ပေါင်းစပ်နိုင်ပါက ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလာ တတ်ပေသည်။
“သူ့ရဲ့ တန်ခိုးအဆင့်က…” ရီဖူရှင်းက မေးလိုက်သည်။ ဤမတိုင်မီက တိုက်ခိုက်မှုဖြင့် သူ၏ တန်ခိုးအဆင့်ကို ခန့်မှန်းရန် မလွယ်ကူပေ။
“အကာနာအဆင့်ပဲ ဖြစ်မယ်….” လျိုဖေးယွန်က ရီဖူရှင်းအား ကြည့်လိုက်သည်… “မင်းရဲ့တန်ခိုးအဆင့်က နိမ့်နေသေးတယ်…. ဒွန်ချင်ကျောင်းတော် ဖွင့်ပွဲမှာ စိန်ခေါ်ပွဲတွေ အများကြီး ရှိမှာပဲ…. မင်းရဲ့ တန်ခိုးအဆင့်နဲ့ ဝင်ပါဖို့ ခက်ခဲလိမ့်မယ်…. ဒါက ကံဆိုးတာပဲ….” ရီဖူရှင်း၏ ပါရမီဖြင့် သူက ထိုအဆင့်တွင် ရှိနေသင့်သည်။ သို့သော်လည်း သူ၏ တန်ခိုးအဆင့်က အကန့်အသတ် ရှိနေသည်။ အမှန်တကယ် စွမ်းအားမြင့်သော သူများနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရန် အလွန် ခက်ခဲမည် ဖြစ်သည်။ ထိုလူများ အများစုကား အကာနာအဆင့်ကို ရောက်နေကြပြီ ဖြစ်သည်။
ရီဖူရှင်း ဝမ်းနည်းသွားသည်။ သူကား အမြဲတမ်းလိုလို ပြင်းထန်စွာ လေ့ကျင့်နေခဲ့သည်။ ယခု သူက ဓမ္မအဆင့်ခြောက်ကို ရောက်သွားပြီ ဖြစ်သည့်တိုင် အရှေ့မြေရိုင်း ဒေသတွင် အလွန် နိမ့်နေသေးသည်။ လူငယ်မျိုးဆက်ထဲတွင် အများစုက သူ့ထက် တန်ခိုးအဆင့် မြင့်ကြသည်။ အများအပြားမှာ အကာနာအဆင့်ကို ရောက်နေကြပြီ ဖြစ်သည်။
သူက ယခုထက်ပို၍ ကြိုးစားရန် လိုနေပေသည်။
“ငါတို့ ပြန်ကြတော့မလား….” လျိုဖေးယွန်က မေးသည်။
“မင်းမှာ ဘာအကြံရှိလဲ….” ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။
“ခေ့ကေးမြို့က အရင်တုန်းက ချိန်ပြည်ထောင်ရဲ့ မြို့တော်ပဲ… မူလ တောင်ဝင် မိသားစုဖြစ်တဲ့ ယန်မိသားစုက ပြိုကွဲသွားပြီးတော့ ရှေးဟောင်း နန်းတော်ကလည်း ပျက်စီးသွားခဲ့တယ်…. ဒါပေမဲ့ ရှေးဟောင်း ရုပ်ကြွင်းတွေကတော့ ရှိနေတုန်းပဲ…. ဒီအထဲမှာ သုံးချောင်းထောက် မျှော်စင်က နာမည်ကြီးတယ်… မင်း စိတ်ဝင်စားလား…”
“အဲဒါက ဘာလဲ….” ရီဖူရှင်းက မေးသည်။
“အဲဒါက ချိန်ပြည်ထောင်ရဲ့ မြင့်မြတ်နယ်မြေ တစ်ခုပဲ…” လျိုဖေးယွန်က ပြောသည်။ “သုံးချောင်းထောက် မိစ္ဆာတိုင်က မျှော်စင်ရဲ့ အပြင်ဘက်မှာ ရှိတယ်။ ကောလာဟလအရ အဲဒါက အရမ်း အားကောင်းတဲ့ သိဒ္ဓိဝင်ပစ္စည်းတဲ့… အဲဒါက နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်တဲ့ နိုင်ငံ့ ရတနာပဲ…”
“ဒါက တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲနိုင်တယ် ဆိုရင် ဘာလို့ သူတို့ ချိန်ပြည်ထောင်က ပျက်စီး သွားရတာလဲ…..” ရီဝူချင်းက မေးသည်။ သူက ကောလာဟလများကို မယုံကြည်ပေ။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာက သူတို့၏ တန်ခိုးရှင်များ အပေါ် မူတည်သည်။
“ချိန်ပြည်ထောင် ကျရှုံးပြီး နောက်ပိုင်း ဘယ်သူမှ ဒီရတနာကို မလို့ မရတော့ဘူး……” လျိုဖေးယွန်က ရယ်မောလျက် ပြောသည်…. “မှန်တာပေါ့… ဒါက ကောလာဟလ ဆိုပေမဲ့ ဒီမိစ္ဆာတိုင်ကတော့ မင်းရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ရာမှာ တကယ်ပဲ အထောက်အကူ ဖြစ်တယ်… လူအများကြီးက အဲဒီနေရာကို သွားပြီးပြီလို့ ငါပြောရဲတယ်….”
“သွားကြည့်ရအောင်….” ရီဖူရှင်း၏ မျက်လုံးက လင်းလက်သွားသည်။ လျိုဖေးယွန်က ခေါင်းညိတ်သည်။
သူတို့အုပ်စုက ဦးတည်ရာအရပ် ပြောင်းလဲ လိုက်ကြသည်။
***
သုံးချောင်းထောက် မျှော်စင်ကား ဒွန်ချင် ကျောင်းတော်နှင့်လည်း သိပ်မဝေးပေ။ ယန်မိသားစုနှင့်လည်း နီးသည်။ ချိန်ပြည်ထောင်က ချင်ပြည်ထောင်ကို ရှုံးနိမ့်ခဲ့သော အချိန်တွင် သုံးချောင်းထောက် မျှော်စင်က သူတို့၏ ရှေးဟောင်း ရုပ်ကြွင်းတစ်ခု အဖြစ် ကျန်နေခဲ့သည်။ ထို့ကြောင့် သုံးချောင်းထောက် မျှော်စင်က ယန်မိသားစုအပိုင်ဟု ဆိုရမည် ဖြစ်သည်။
သုံးချောင်းထောက် မျှော်စင်ကား ချိန်ပြည်ထောင်၏ မြင့်မြတ်နေရာ ဖြစ်ခဲ့သည်။ ယခင်က ထိုနေရာ၏ အနီးသို့ မည်သူ့ကိုမှ အနားကပ်ခွင့် မပေးပေ။ သို့သော် ထိုအရာက ချင်ပြည်ထောင်၏ ဖျက်ဆီးခြင်းကို ခံရသည်။ သုံချောင်းထောက် မိစ္ဆာတိုင်က ဒဏ္ဍာရီသဖွယ် ဖြစ်လာသော်လည်း ယခင်ကလို စောင့်ကြပ်ခြင်း မရှိတော့ပေ။ မည်သူမဆို သွားရောက် လေ့လာနိုင်သည်။
ယခုတွင်ကား သုံးချောင်းထောက် မျှော်စင်တွင် များစွာသော တန်ခိုးရှင်များ ရှိသည်။ ထိပ်သီး အင်အားစုမှ လူများအားလုံး ရှေ့မျက်နှာစာတွေင် ရှိနေသည်။ သူတို့က ခေ့ကေးမြို့ကို ရောက်လာမှတော့ ပုံမှန်အားဖြင့် သုံးချောင်းထောက် မျှော်စင်သို့ ရောက်လာရမည် ဖြစ်သည်။
ရီဖူရှင်း ရောက်သွားသောအခါ သူက သုံးချောင်းထောက် မျှော်စင်၏ ရှေ့တွင် ကြီးမားသော သုံးချောင်းထောက် မိစ္ဆာတိုင်ကြီးအား မြင်ရသည်။ တိုင်ကြီး၏ လုံးပတ်တွင် များစွာသော ရုပ်ပုံများရှိပြီး ကြည့်မိသူ၏ မျက်လုံးထဲကို ခုန်ဝင်လာနေသလို ခံစားကြရသည်။ ထိုအရာကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်း၏။
တိုင်ကြီးကား ကြေးနီဖြင့် ပြုလုပ်ထားပုံ ရသည်။ လေထုတွင်လည်း ပြင်းထန်သော ဖိအားကို ခံစားရသည်။ ထိုအရာက လောကမှ မဆုံးနိုင်သော သဘာဝ စွမ်းအင်များကို စုပ်ယူနိုင်ပုံရ၏။ ထိုနေရာတွင် တည်ရှိနေသော တိုင်ကြီးအား မည်သူမှ ရွေ့လျားအောင် မတတ်နိုင်ပေ။ တိုင်ကြီး အနီးတွင်လည်း အလွန် အားကောင်းသော အင်းကွက် အစီအရင်တစ်ခု ရှိပုံရသည်။ ထူးဆန်းသော အရောင်အဝါများက ထိုနေရာတွင် ဟိုမှ သည်မှ ထွက်ပေါ်နေသည်။
“ဒါက ရတနာပဲ….” သူက ထိုတိုင်ကြီးအား မြင်သည်နှင့် ရီဖူရှင်းက ရေရွတ် လိုက်သည်… “ချင်ပြည်ထောင်က ချိန်ပြည်ထောင်ကို အနိုင်ရမှတော့ သူတို့က ဒီသုံးချောင်းထောက် တိုင်ကို ဘာလို့ မယူကြတာလဲ… သူတို့က ဘာလို့ မယူနိုင်ရတာလဲ…”
“ကောလာဟလတွေ အရတော့ ဒါက ချိန်ပြည်ထောင်ရဲ့ အရေးအကြီးဆုံး သိဒ္ဓိဝင်ပစ္စည်းပဲ… ဒါက နိုင်ငံရဲ့ ကံကြမ္မာကို ထမ်းပိုးထားတယ်…” လျိုဖေးယွန်က ပြောသည်။
“ရေးထွင်းထားတဲ့ ဟာတွေ ကြည့်လိုက်…” သူက ဆက်ပြောသည်… “အဲဒါတွေ အကုန်လုံးက မိစ္ဆာရုပ်ပုံတွေပဲ…. မိစ္ဆာတိုင်ဆိုတာက ဒီပုံတွေကြောင့် ဖြစ်လာတာတော့ မဟုတ်ဘူး… အမှန်က အရင်တုန်းက ချင်ပြည်ထောင်က ချိန်ပြည်ထောင်ကို အနိုင်ယူပြီးတဲ့အခါ ချင်ပြည်ထောင်က အိမ်ရှေ့စံမင်းသားက ဒီသုံးချောင်းထောက် တိုင်ကို လာယူတယ်… သူက ဒီတိုင်ကို မတဲ့အချိန်မှာ အဲဒီ မင်းသားက ဖိအားဒဏ်မခံနိုင်လို့ သေသွားတယ်…. ဒါကြောင့် ဒီသုံးချောင်းထောက် တိုင်က မိစ္ဆာတိုင်ဆိုတဲ့ နာမည်ဖြစ်လာတာပဲ….. ချင်ပြည်ထောင်က ဒါက ကံမကောင်းဘူးလို့ တွေးတယ်… သူက ချိန်ပြည်ထောင်ရဲ့ နောက်ဆုံး ကံကြမ္မာကို ထမ်းပိုးထားတာလည်း ဖြစ်နိုင်တယ်….”
“ဒီနောက်ပိုင်းမှာ ချင်ပြည်ထောင်က ဒီတိုင်ကို လုံးဝ လာမထိတော့ဘူး…. အခု နောက်ပိုင်းမှာတော့ လူငယ်မျိုးဆက်တွေက ဒီလို အကြောင်းအရာ မျိုးတွေကို သိပ်ပြီးတော့ အယုံအကြည် မရှိကြတော့ဘူး…. ဒါကြောင့် စွမ်းအားမြင့်တဲ့ တန်ခိုးရှင်တွေက လာပြီး မကြည့်လေ့ ရှိကြတယ်…. ဒါပေမဲ့ အခုထိကတော့ ဘယ်သူမှ မယူသွားနိုင်သေးဘူး…. ပြီးတော့ ချိန်ပြည်ထောင်က ချင်ပြည်ထောင်ဆီမှာ လုံးဝ လက်အောက်ခံလိုက်ပြီ ဆိုတော့ ချင်ပြည်ထောင်ကလည်း ယူသွားချင်စိတ် မရှိတော့ဘူး ပြောရမယ်…..”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ဤမိစ္ဆာတိုင်ကား အလွန် နာမည်ကြီးသည့်တိုင် မည်သူမှ ထိုမိစ္ဆာတိုင်အား အသုံးမပြုဖူးကြပေ။
ထိုစဉ် အနက်ရောင် ဝတ်စုံဝတ် လူတစ်ယောက်က ထိုသုံးချောင်းထောက် တိုင်သို့ လျှောက်သွား နေသည်ကို မြင်ရသည်။
သူကား မှော်ကလန်မှ ဖြစ်သည်။ လူအများအပြားက ထိုလူအား ကြည့်လိုက်ကြသည်။ သူက မိစ္ဆာတိုင်အား မနိုင်ပါ့မလား။
ထိုလူက တိုင်ကြီး၏ အောက်ခြေသို့ လျှောက်သွားလိုက်သည်။ အောက်တွင်ကား ဒေါက်တိုင် သုံးခုရှိသည်။ သူက လက်နှစ်ဖက်ဖြင့် တိုင်နှစ်ခုအား မလိုက်သည်။ ကျယ်လောင်စွာ မာန်သွင်းသံနှင့် အတူ အားကောင်းသော အရှိန်အဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာသည်။ သူ၏ လက်မှလည်း ကြောက်မက်ဖွယ် ကောင်းသော အားအင်များ ထွက်ပေါ်လာသည်။ မိစ္ဆာတိုင်ကို ဖုံးအုပ်ထားသော အင်းကွက် အစီအရင်မှလည်း အလင်းရောင်များ ဝင်းလက်လာသည်။ မိစ္ဆာတိုင်ပေါ်မှ မိစ္ဆာပုံရိပ်များကလည်း အသက်ဝင် လာကြသည်။ ရွှေရောင် အလင်းများက ပိုမို လင်းလက်လာကာ ကြီးစွာသော ဖိအားက သူ့ထံသို့ ဆင်းသက်လာသည်။
မိစ္ဆာတိုင်က လှုပ်ရှားလာသည်။ ကောင်းကင် တစ်ခုလုံးကလည်း လှုပ်ရှားလာပုံ ရသည်။
နောက်ထပ် မာန်သွင်းသံ တစ်ချက်နှင့်အတူ ထိုတန်ခိုးရှင်က မိစ္ဆာတိုင်အား လေထဲကို မြှောက်လိုက်သည်။ ထို့နောက် သူက မိစ္ဆာတိုင်အား မြေပြင်ပေါ်သို့ ပြန်ချလိုက်သည်။ ထိုတန်ခိုးရှင်၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ မျက်နှာကလည်း ပြာနှမ်းသွား၏။
“အဲဒါ အားကောင်းတယ်…” ရီဖူရှင်း၏ မျက်လုံးများက လင်းလက် သွားသည်။
“သာမန် လူတစ်ယောက်က ချိန်ပြည်ထောင်ရဲ့ နိုင်ငံ့ရတနာကို ဘယ်လိုလုပ် မနိုင်ပါ့မလဲ….” လျိုဖေးယွန်က ပြောသည်… “တကယ်လို့ တစ်စုံတစ်ယောက်က မနိုင်ရင်တောင်မှ သူက ချင်ပြည်ထောင်က မင်းသားလို ဖိအားဒဏ်ကို မခံနိုင်ပဲ သေသွားမှာပဲ…. ဒါက သမိုင်း တစ်လျှောက် အများကြီး ဖြစ်ခဲ့ဖူးတယ်….”
“တကယ်ပဲ မိစ္ဆာတိုင်ပဲ…” ရီဖူရှင်းက ပြောသည်။ ထိုနာမည်က အမှန်ပင် လိုက်ဖက်သည်။
ထိုအချိန်တွင် တစ်ယောက်က လျှောက်လာ နေရင်းက ပြောသည်… “နင် မလာခဲ့ ကတည်းက လူတွေ အများကြီး စမ်းကြည့်ပြီးကြပြီ…. သူတို့အားလုံး ကျရှုံးခဲ့ကြတယ်…. အများဆုံး သူတို့က လက်မ အနည်းငယ်ပဲ မနိုင်တယ်…. ဘယ်သူမှ တစ်ပေပြည့်အောင် မမနိုင်ဘူး….”
ပြောလိုက်သူကား နန်းကုန်းကျာ ဖြစ်သည်။ သူမက ကျောင်းတော်မှ လူများနှင့်လာခြင်း ဖြစ်သည်။ သူမ၏ နောက်တွင်ကား ထို့ပါယွန်၊ ခွာရှမ်း၊ တန့်ယွီတို့ ပါသည်။ သူတို့ အားလုံးက မိစ္ဆာတိုင်အား လာကြည့်ကြခြင်း ဖြစ်သည်။
“မင်းတို့အားလုံး စမ်းကြည့် ပြီးကြပြီလား…” ရီဖူရှင်းက မေးသည်။
“မစမ်းရသေးဘူး… ခွာရှမ်းက မကြည့်ချင်နေတယ်…” နန်းကုန်းကျာက ပြောသည်။ သူမ၏နောက်မှ ခွာရှမ်း၏ ကြီးမားသော ခန္ဓာကြီးက မိစ္ဆာတိုင်ကြီးထံသို့ လျှောက်သွား လိုက်သည်။
ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။ ခွာရှမ်းကား သူနှင့်အတူ တစ်နှစ်တည်း ကျောင်းတော်ကို ဝင်ရောက်ခဲ့သူ ဖြစ်သည်။ သူကား ကျောင်းသားသစ် ထဲတွင် ပါရမီအမြင့်ဆုံး ဖြစ်သည်။ တောင်ကုန်း အကြီးအကဲ ဇုန်းဇွီက သူ့အား လက်ရင်း တပည့်အဖြစ် လက်ခံခဲ့သည်။
ခွာရှမ်းက မိစ္ဆာတိုင်ထံသို့ လျှောက်သွားလိုက်သည်။ ကျယ်လောင်သော ဟိန်းသံနှင့်အတူ သူ၏ ခန္ဓာက အနည်းငယ် ပိုမိုကြီးမား လာသည်ကို တွေ့ရသည်။ သူက ခေါင်းငုံ့ကာ အောက်ခြေတွင် ရပ်လိုက်သည်။ သုံးချောင်းထောက် တိုင်အား နောက်ကျောဖြင့် မလျက် သူက အံကြိတ်လိုက်သည်။ နောက်ထပ် မာန်သွင်းသံ တစ်ချက်နှင့်အတူ လွန်စွာ ရုန့်ရင်း ကြမ်းတမ်းသော စွမ်းအားများ ကွဲထွက်လာကာ မိစ္ဆာတိုင်က အပေါ်ကို မြင့်တက်သွားသည်။
သူ၏ ခန္ဓာကိုယ်က ကြွက်သွားများက လှုပ်ရှားနေကြသည်။ မိစ္ဆာတိုင်က တစ်လက်မ၊ နှစ်လက်မ… စသည်ဖြင့် တဖြည်းဖြည်း လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများ အောက်တွင် မြေပြင်နှင့် တစ်ပေခန့် မြင့်တက်သွားသည်။
ပိုမို အားကောင်းသော ဖိအားက သူ့ထံကို ဆင်းသက်လာသည်။ မိစ္ဆာတိုင်မှ ရုပ်ပုံများကလည်း အသက်ဝင်လာပုံရသည်။ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာ အရှိန်အဝါများလည်း ဖြစ်ပေါ်လာသည်။ ခွာရှမ်းက မာန်သွင်းလိုက်ကာ တဖြည်းဖြည်း ပြန်လည် ထိုင်ချလိုက်ပြီး မိစ္ဆာတိုင်အား ပြန်ချလိုက်သည်။ သူက မိစ္ဆာတိုင်အောက်မှ တည်ငြိမ်စွာ လှမ်းထွက် လာသည့်တိုင် သူ၏ ခြေထောက်များက တုန်ခါနေဆဲ ဖြစ်သည်။ သူ မည်သို့ ခံစားခဲ့ရသည်ကို မည်သူမှ မသိပေ။
“ကျောင်းတော်က တကယ်ပဲ ထူးချွန် ထက်မြက်တာပဲ…. သူက သိပ်ပြီး ကျော်ကြားပုံ မရပေမဲ့ သူက အရမ်း အားကောင်းတယ်….” လူတိုင်းက ခွာရှမ်းအား လေးစားစွာ ကြည့်ကြသည်။ တစ်ပေခန့်ကား ယနေ့အတွက် အကောင်းမွန်ဆုံးသော စွမ်းဆောင်မှု ဖြစ်သည်။ ယနေ့ လူမသိသေးသော ကျောင်းတော်သား တစ်ယောက်က မနိုင်ခဲ့သည်။ ကျောင်းတော်ကား အမှန်ပင် စွမ်းပေသည်။
ခွာရှမ်းက သူ၏ နေရာကို ပြန်ရောက်လာသည်။ ထို့ပါယွန်က ပြောသည်… “မင်းရဲ့ ခန္ဓာကိုယ်က တကယ်ပဲ ကြံ့ခိုင်အား ကောင်းတာပဲ….”
ခွာရှမ်းက သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ ထို့ပါယွန်၏ မျက်လုံးများက ရီဖူရှင်းနှင့် ယူချင်းထံ ရောက်လာသည်… “မင်းတို့ မစမ်းကြည့် ဘူးလား….”
ထို့ပါယွန်ကား မိမိကိုယ်ကို လွန်စွာ အထင်ကြီးသူ ဖြစ်သည်။ သို့သော် ကော့တေး၏ နာမည်က ကျောင်းတော်ထက် ကျော်ကြားရာ သူက ကော့တေးမှ တပည့်များ၏ စွမ်းရည်များကို ကြည့်လိုသည်။
ရီဖူရှင်းက သူ့အား ထူးမခြားနားစွာ ကြည့်လိုက်သည်။ သူက တခြားလူများ၏ မျက်လုံးများထဲတွင် ယှဉ်ပြိုင်လိုသော စိတ်များကို တွေ့ရသည်။ သူတို့အား လျစ်လျူရှုကာ ရီဖူရှင်းက မိစ္ဆာတိုင်အား လေ့လာ လိုက်သည်။
မိစ္ဆာတိုင်ကား နိုင်ငံ့ရတနာ ဖြစ်သည်။ သူကား ထိုအရာကို မရန် စိတ်မဝင်စားပေ။ သူ သို့မဟုတ် ယူချင်းတို့က မရန် ကြိုးစားပါက ခွာရှမ်းထက် ပိုမိုစွမ်းဆောင် နိုင်ပေမည်။ သို့သော်လည်း သူက မိစ္ဆာတိုင်အား မရန်ထက် ပိုမို စိတ်ဝင်စားသည်များ ရှိနေသည်။
လွတ်လပ်ခြင်း ကျင့်စဉ်က အသက်ဝင်လာကာ သူက ရုပ်ပုံများကို ကြည့်လိုက်သည်။ သူက ထိုအရာများကို နားလည်လိုသည်။
***