Switch Mode

အပိုင်း (၂၅၄)

မှော်ဝိဇ္ဇာ ဂူကျီချူ

တည်းခိုခန်းမှ ထွက်လာရင်းက ရီဖူရှင်းက အပေါ်ကို မော့ကြည့်လိုက်သည်။ သူက အဝေးမှပင် မိုးထိုးနေသော အဆောက်အဦများကို မြင်နေရသည်။ ထို အဆောက်အဦကား ဒွန်ချင်ကျောင်းတော် ဖြစ်သည်။ ထိပ်သီး အင်အားစုများက ဒွန်ချင်ကျောင်းတော် အနီးတစ်ဝိုက်တွင် တည်းခိုနေကြသည်။ ထိုအရာများကို ဖြတ်ကျော်လျက် သူက လမ်းအတိုင်း လျှောက်သွား လိုက်သည်။ လူအများအပြားက တစ်နေရာတွင် စုရုံးလျက် တစ်စုံတစ်ခုအား ကြည့်နေကြဟန် ရှိသည်။
ရီဖူရှင်းက ဘေးကို ကြည့်လိုက်သည်။ အုပ်စုနှစ်ခုက ရင်ဆိုင် နေကြသည်။ ဓား၏ ထက်ရှမှု အနည်းငယ်က သူတို့ထံမှ ဖြာထွက်နေသည်။ ထိုအရာကား ဓားအရှိန်အဝါ ဖြစ်သည်။
“ဖူယွန်ဓားကလန်….” ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ သူက ထိုနေရာကို လျှောက်သွားကာ လူအုပ်ထဲကို ဝင်လိုက်သည်။ သူက ရင်းနှီးသော မျက်နှာ အများအပြားကို တွေ့ရသည်။ ဖူယွန်ဓားကလန်၊ ဓားသခင်တောင်၊ မှော်ကလန်၊ ကျောင်းတော်မှ လူများနှင့် တခြား အင်အားစုများမှ တပည့်များ ရှိနေကြသည်။ ဖူယွန်ဓားကလန်၏ တောင်ကုန်း ခုနစ်ခုကား သီးခြား ရပ်တည်ကြသည်။ တောင်ကုန်း တစ်ခုစီက ကိုယ်ပိုင်တပည့်များ ရှိကြသည်။ သို့သော် ရီဖူရှင်းက ရီဝူချင်းကို မမြင်ပေ။
မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြသူများမှာ ဖူယွန်ဓားကလန်နှင့် ဓားသခင် တောင်ကုန်းတို့ ဖြစ်ကြသည်။ သူတို့ကား အမြဲတမ်းလိုလို ပြိုင်ဘက်များ ဖြစ်ကြသည်။ ဤတစ်ကြိမ် သူတို့အကြား မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူမသိပေ။ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက လျင်မြန်စွာ ပြေးလာ နေကြသည်။
မှော်ကလန်မှ လှပသော မျက်လုံးတစ်စုံက ရီဖူရှင်းထံ ရောက်လာသည်။ မိန်းကလေးက ပြုံးလိုက်သည်…. “သခင်လေးရီ… မတွေ့ရတာ ကြာပြီ….. နင့်ဆွဲဆောင်မှုက ပိုပြီး အားကောင်း လာတယ်… ငါ တကယ်ပဲ နင့်ကို သတိရတယ်…..”
သူမကား ဂူဘိုင်ယွီ ဖြစ်သည်။ သူမ၏ အသံက ညင်သာကာ ညှို့ငင်နိုင်စွမ်း ရှိသည်။
“ဒီလို ဆိုရင်လည်း မင်းက ဘာလို့ ငါ့ကို လာမပြုစုတာလဲ….” ရီဖူရှင်းက ဂူဘိုင်ယွီကို ပြုံးလျက် ပြောသည်။
ဂူဘိုင်ယွီက ချိုမြိန်စွာ ပြုံးလိုက်သည်… “ငါလာချင်ပေမဲ့ မလာနိုင်ဘူး… ဒီတစ်ကြိမ် ငါက ဂိုဏ်းတူ အစ်ကိုနဲ့အတူ ရောက်လာတာ… သူက အရမ်း တင်းကျပ်တယ်…”
သူတို့၏ စကားများက လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ အကြည့်များစွာက ရီဖူရှင်းထံ ရောက်လာသည်။ လူအများက ရီဖူရှင်းက ဂူဘိုင်ယွီကို ရှေးဟောင်း မြေရိုင်းဒေသတွင် အစေခံအဖြစ် သူ့အား ခစားစေခဲ့သည်ဟု ကြားဖူးကြသည်။
“တင်းကျပ်တယ်…” ရီဖူရှင်းက တန့်ယွီပြောခဲ့သော စကားကို အမှတ်ရသည်။ မှော်ကလန်တွင် အလွန် ပါရမီမြင့်သော သူတစ်ဦး ရှိသည်ကို သူသိသည်။ သူကား ဂူဘိုင်ယွီ၏ ဂိုဏ်းတူ အစ်ကိုလည်း ဖြစ်သည်။ သူကလည်း ခေ့ကေးမြို့ကို လာရောက် ရပေမည်။
လီတောင်ချန်းကား ဖူယွန်ဓားကလန် အုပ်စုထဲတွင် ရှိသည်။ သူက ရီဖူရှင်းအား မုန်းတီးစွာ ကြည့်နေသည်။ သူ၏ အစ်ကို လီတောင်ယွန်ကား ရီဖူရှင်းနှင့် ရီဝူချင်းတို့နှင့် ပြဿနာဖြစ်ကာ ယခု အသတ်ခံလိုက်ရပြီ ဖြစ်သည်။ လီတောင်ချန်းက ထိုအဖြစ်အား လုံးဝ မေ့မည် မဟုတ်ပေ။
ထိုစဉ် နောက်ထပ် အုပ်စုတစ်ခု ရောက်လာသည်။ တစ်စုံ တစ်ယောက်က ခေါ်လိုက်သည်… “ရီဖူရှင်း….”
သူက နောက်လှည့် လိုက်သည်။ ရီဝူချင်း၊ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကို မြင်လျှင် ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ သူကပြုံးလျက်ပင် ရီဝူချင်းနှင့် လျိုချန်းယွီတို့ကို ကြည့်လျက် ပြောသည်….“ကြည့်ရတာ ငါမလိုတော့ဘူး ထင်တယ်…”
လျိုချန်းယွီက သူ့အား ဒေါသတကြီး ကြည့်သည်။
“ငါတို့က လမ်းမှာ တွေ့တာ….” ရီဝူချင်းက ပြောသည်။ ဖူယွန်ဓားကလန်မှ လူအများအပြားက ရီဝူချင်း၏ နောက်မှ လိုက်ပါ လာနေသည်ကို ရီဖူရှင်း သတိထားမိသည်။ ရီဝူချင်းက ခေါင်းဆောင် ဖြစ်ဟန်ရသည်။ ဤသည်ကို မြင်လျှင် ရီဝူချင်းက သူ့ကလန်တွင် အဆင့်အတန်း တစ်ခုရှိကြောင်း သိလိုက်သည်။
“ရီဝူချင်း… မင်းရဲ့နေရာကို သိပါ…..” အေးစက်သော အသံတစ်ခုကို ကြားရသည်။ ထိုအသံက ဖူယွန်ဓားကလန်၏ ပထမတောင်ကုန်းမှ လူများထံမှ လာသည်။ ပြောလိုက်သူကား လျိုရှောင် ဖြစ်သည်။ သူကား ပထမ တောင်ကုန်းမှ လူငယ်ခေါင်းဆောင် ဖြစ်ပြီး အလွန်အမင်း အားကောင်းသည်။
ဓားသခင်ကား ဖူယွန် ဓားကလန်ကို အသုံးပြုလျက် နာမည်ကျော်ကြား လာသည်။ ထိုအရာက ဓားသခင်တောင်နှင့် ကော့တေးအတွက် အလွန်ကြီးကျယ် ခမ်းနားမှု ဖြစ်သော်လည်း ဖူယွန်ဓားကလန် အတွက်မူ မမေ့နိုင်စရာ အရှက်ရမှု ဖြစ်သည်။ ထို့ကြောင့် ဖူယွန်ဓားကလန်က ကော့တေးအား မုန်းတီးကြသည်။
ရီဝူချင်းက လျိုရှောင်အား ကြည့်လိုက်သည်… “ကျုပ်က ဖူယွန်ဓားကလန်ကို မဝင်ခင် ကတည်းက ကျုပ်တို့က ကန်ယီနိုင်ငံက ဆိုတာ မင်း သိသင့်တယ်….”
“မင်းက ကလန်ကို ဝင်ပြီးမှတော့ အတိတ်ကို မေ့ပစ်ရမယ်….” လျိုရှောင်က ပြောသည်။ သူ၏ အသံက တည်ငြိမ်နေကာ သူ၏ မျက်လုံးများက အလွန်ထက်ရှသည်။ ရီဝူချင်းက လီတောင်ယွန်အား စိန်ခေါ်ပွဲတွင် သတ်ဖြတ်ခဲ့သည်။ လီတောင်ယွန်ကား ပထမတောင်ကုန်းမှ ဖြစ်သည်။ သို့သော် စိန်ခေါ်ပွဲက မျှတမှုရှိရာ သူတို့က မည်သို့မှ မတတ်နိုင်ပေ။ ယခု ရီဝူချင်းက ကော့တေးမှ တစ်ယောက်နှင့် အတူ ရှိနေသည်။
“ငါလုပ်တာတွေကို မင်းရဲ့ ခွင့်ပြုချက် တောင်းနေစရာ မလိုဘူး…” ရီဝူချင်းက ထူးမခြားနားစွာ ပြောသည်။
လျိုရှောင်၏ မျက်နှာက တင်းမာသွားသည်။ သူ၏ မျက်လုံးများကလည်း အေးစက်သွားပြီး တစ်ဖက်ကို လှည့်သွားသည်။ ပတ်ဝန်းကျင်မှ လူများက ထိတ်လန့် သွားကြသည်။ ဖူယွန်ဓားကလန်၏ အကျော်ကြားဆုံး တောင်ကုန်း နှစ်ခုဖြစ်သော ပထမတောင်ကုန်းနှင့် သတ္တမ တောင်ကုန်းတို့က လူမြင်ကွင်းတွင် ကတောက်ကဆ ဖြစ်နေသည်။ ထိုအရာက အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်း၏။
သူတို့ ပြောနေကြစဉ်မှာပင် နောက်ထပ် အုပ်စုတစ်စု ရောက်လာသည်။ တော်ဝင် ချန်ကျောင်းတော်မှ လူများက လူအုပ်ထဲကို လျှောက်လာကြသည်။
အကြည့်တစ်ခုက ရီဖူရှင်းထံ တိုက်ရိုက် ရောက်လာသည်။ ထိုအကြည့်ကား အလွန်အမင်း အေးစက်ကာ လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ သူကား လျိုဂျန်လန် ဖြစ်သည်။ သူ့ဘေးတွင် စီရို၏ အကြည့်ကလည်း အေးစက်နေသည်။ ကန်ယီနိုင်ငံမှ ပြန်လာပြီးနောက် သူမတို့ နှစ်ယောက်လုံးက ကလန်တွင် အပြစ်ပေး ခံခဲ့ကြရသည်။ ထို အဖြစ်အပျက်ကြောင့် သူမ၏ အဖေကလည်း အရှက်ရခဲ့ရသည်။
စီရိုက ကန်ယီနိုင်ငံကို မည်သည့်အခါကမှ ဂရုမစိုက်ခဲ့ပေ။ ယခုမူကား ရီဖူရှင်းက ကော့တေးအား ဝင်ရောက်ခဲ့ပြီး အရှေ့မြေရိုင်းတွင် သူက လျင်မြန်စွာ ကျော်ကြား လာခဲ့သည်။
ရီဖူရှင်းကလည်း သူတို့ နှစ်ယောက်ကို မြင်သည်။ သူ၏ မျက်လုံးများက အေးစက် သွားသည်။ နန်ဒူနိုင်ငံမှ အိမ်ရှေ့စံကား တစ်ချိန်တစ်ခါက သူ့အား အစေခံအဖြစ် လိုလားခဲ့သည်။ ယခု သူ့အား ပြန်တွေ့ရပြီး လျိုဂျန်လန်က မည်သို့ ခံစားနေရမည်ကို သူသိလိုသည်။
မျက်လုံးနှစ်စုံ ဆုံတွေ့သည်။ လျိုဂျန်လန်က သူ၏ လူသတ်လိုသော အငွေ့အသက် များအား ဖုံးကွယ်ရန် မကြိုးစားပေ။ ယခု ရီဖူရှင်းက သူ့အတွက် အမှန်ပင် အန္တရာယ်ကောင် ဖြစ်လာနေသည်။ အကယ်၍ ရီဖူရှင်းသာ နိုဘယ်အဆင့်ကို ရောက်သွားလျှင် နန်ဒူနိုင်ငံကား အဆုံးသတ် သွားပြီဖြစ်သည်။ ကော့တေး ရှိနေခြင်းက တောင်ဝင် ချန်ကျောင်းတော်ပင်လျှင် သူ့အား မကူညီနိုင်ပေ။
“ဒီမှာ အရမ်း စည်ကားနေတာပဲ….” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူကား ချင်ဘုရင်၏ မြေး ချင်လီဖြစ်သည်။ ဤနေရာတွင် လူအများအပြား စုရုံးနေကြရာ သူက လျင်မြန်စွာ ပြေးလာခဲ့ဟန် ရသည်။ လစန္ဒာကလန်မှ ချူယောင်ယောင်က သူနှင့်အတူ ရှိနေသည်။ ထိုမြင်ကွင်းက လူအများအား အံ့အားသင့်စေသည်။ ကောလာဟလများအရ ချင်လီက လစန္ဒာကလန်ကို သွားခဲ့သည် ဆို၏။ လစန္ဒာကလန်မှ မိန်းမလှများက ခေ့ကေးမြို့ကို သူနှင့်အတူ ရောက်လာကြသည်။
“နောက်ရက် နည်းနည်းကြာရင် ကျုပ်ရဲ့ ဒေါ်လေးနဲ့ ဒွန်ဟွာကလန်က ချိန်ရှင်းမူတို့ လက်ထပ် ကြတော့မယ်….” ချင်လီက ဂုဏ်ယူစွာ ပြောသည်… “အဲဒီနေ့မှာ ဒွန်ချင်ကျောင်းတော်ရဲ့ ဖွင့်ဖွဲလည်း ရှိသေးတယ်…. အခုရောက်နေတဲ့ လူတိုင်းက အရှေ့မြေရိုင်း ဒေသရဲ့ အောင်မြင် ကျော်ကြားတဲ့ လူတွေပဲ….. မင်းတို့က အဲဒီနေ့မှာ မင်းတို့ရဲ့ စွမ်းရည်တွေကို ဘာလို့ မပြကြတာလဲ….”
ဒွန်ချင်ကျောင်းတော်ကား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ပူးပေါင်းကာ တည်ထောင်ထားခြင်း ဖြစ်သည်။ များစွာသော ပါရမီရှင်များကလည်း သူတို့က ဒွန်ချင်ကျောင်းတော်ကို တက်ရောက်ကြမည်ဟု ကြေညာခဲ့ကြသည်။ လုနန်ထျန်းနှင့် ဂူတုံးလျိုတို့၏ စိန်ခေါ်ပွဲအပြင် တခြား စိန်ခေါ်ပွဲများလည်း ရှိနိုင်ပေသည်။ မဟုတ်လျှင် သူတို့က ကျောင်းတော်၏ ထူးခြား ပြောင်မြောက်သော စွမ်းရည်များကို မည်သို့ ပြသနိုင်မည်နည်း။
ကြည့်ရသည်မှာ သူတို့က ယခု တိုက်ခိုက်ကြတော့မည့်ပုံ မပေါ်တော့။ ပရိသတ်များ စိတ်ပျက်သွားသည်။ ကလန်များအကြား ဆက်ဆံရေးက အလွန် ရှုပ်ထွေးသည်။ သို့သော်လည်း ချင်လီက ထိုကိစ္စများကို အခမ်းအနား နေ့တွင်သာ ဖြစ်ပျက်စေလိုပုံရကာ ကျောင်းတော်၏ နာမည်အား လူသိ များစေလိုသည်။
“သွားစို့….” ရီဖူရှင်းက ပြောသည်။ သူက ဤနေရာတွင် ဆက်မနေ လိုတော့ပေ။ တချို့ အကြောင်း ပြချက်များကြောင့် သူက ချင်လီအား သဘောမကျပေ။ သူက ထိုကောင်အား ရိုက်နှက်လိုသည်။ သို့သော် အစ်ကိုသုံးက ကော့တေးက အကြောင်းပြချက် ရှိရမည်ဆို၏။ သူက တိုက်ခိုက်၍ မရပေ။ သူ၏ အုပ်စုက လှည့်ထွက် သွားသည့်တိုင် လျိုဂျန်လန်၏ မျက်လုံးများက ရီဖူရှင်းထံတွင် ရှိနေဆဲဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ရီဖူရှင်း တစ်ယောက်သာ ရှိသည်။
ရီဖူရှင်းတို့ အုပ်စုက သိပ်မဝေးသော တစ်နေရာတွင် ရပ်လိုက်သည်။ ရှေ့တွင်ကား အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ရပ်နေသည်။ သူ၏ နက်မှောင်သော ဆံပင်များက ပခုံးပေါ်သို့ ပြန့်ကျဲလျက် ကျနေသည်။ သူကား အလွန်အမင်း ဆွဲဆောင်အား ကောင်းသည်။ သူ၏ မျက်လုံးများကလည်း အလွန်နက်ရှိုင်းပြီး နက်မှောင်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါအား ထုတ်မလွှတ်သည့်တိုင် သူ့ထံမှ အန္တရာယ် အငွေ့အသက်များကို ရနေသည်။
ရီဝူချင်း၏ မျက်တောင်များ ကွေးသွားသည်။ ဓားအသိက သူ၏ခန္ဓာကိုယ်တွင် စတင် လှည့်ပတ်လာသည်။ သူက ထိုလူထံမှ အလွန် အားကောင်းသော အန္တရာယ် အငွေ့အသက်များကို ရနေသည်။
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က သူ့အား အကဲခတ် လိုက်သည်။ သူ၏ စိတ်ထဲတွင် လူတစ်ယောက်ကို အမှတ်ရမိသော်လည်း သိပ်မသေချာပေ။
အနက်ရောင် ဝတ်စုံနှင့်လူက ရီဖူရှင်းအား ကြည့်လိုက်သည်…. “မင်းက ရီဖူရှင်းလား….” သူက ထူးမခြားနားစွာ ပြောသည်။
“ခင်ဗျား ဘာလိုချင်တာလဲ….” ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည်။ သူက ထိုလူအား မသိပေ။ သူက ထိုသို့ ပြောလိုက်သည်နှင့် ထိုမျက်လုံးနက်ထံမှ မိစ္ဆာမီးလျှံက သူ၏ စိတ်ဝိညာဉ်အား လာရောက် လောင်ကျွမ်းသည်ကို ခံစားလိုက်ရသည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ စိတ်ဝိညာဉ်က အလွန်အမင်း နာကျင်မှုကို ခံစားရသည်။ ထိုအရာက သူ့အား မီးနှင့် လောင်မြိုက် နေသလိုပင်။
“သတိထား….” လျိုဖေးယွန်က ရီဖူရှင်းအား သတိပေးလိုက်သည်။ သူက ထိုလူအား မှတ်မိပြီ ဖြစ်သည်။ သူက ရီဖူရှင်း၏ မျက်လုံးထဲတွင် အနက်ရောင်မီးလျှံ အမှတ်အသားကို မြင်လျှင် တုန်လှုပ်သွားသည်။
“ဂူကျီချူ… ရပ်စမ်း…..” လျိုဖေးယွန်က အော်လိုက်သည်။ ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်ပြီး နောက်ဆုတ် လိုက်သည်။ ထိုလူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ ရှိနေသည်။ သူက နောက်ဆုတ် လိုက်သည်နှင့် တိုက်ခိုက်မှုက ပျောက်ကွယ် သွားသည်။ သူက မျက်လုံးအား ဖွင့်လိုက်ပြီး ထိုအနက်ရောင် ဝတ်စုံဝတ် လူအား ကြည့်လိုက်သည်။
သူက မှော်ကလန်၏ မှော်ဝိဇ္ဇာ ဂူကျီချူဖြစ်သည်။ သူက ဂူဘိုင်ယွီအား သူ၏ ညီမအရင်းကဲ့သို့ သဘောထားသည်။
“နောက်ဆို အစေခံဆိုတဲ့ စကားလုံးကို မင်းရဲ့ ပါးစပ်ထဲက ထပ်မထွက်လာဖို့ ငါမျှော်လင့်တယ်…. မင်းက ကော့တေးက ဖြစ်ခဲ့ရင်တောင်မှ….” ဂူကျီချူက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် ဘာမှ မဖြစ်ခဲ့သလိုပင် ထိုနေရာမှ အေးဆေးစွာ ထွက်သွားသည်။ သူကား ရီဖူရှင်းအား ဂူဘိုင်ယွီကို အစေခံဟု ခေါ်ဆိုခြင်း အတွက် သတိ လာပေးပုံရသည်။
ဂူဘိုင်ယွီကား သူ၏ ညီမရင်းကဲ့သို့ပင်။ တစ်စုံတစ်ယောက်က သူမအား အရှက်ရစေအောင် ထိုသို့သော စကားလုံး သုံးစွဲနေခြင်းကို သူက မည်သို့ ခွင့်ပြုနိုင် ရမည်နည်း။ ရီဖူရှင်းက ကော့တေးမှ မဟုတ်လျှင် သူက ဤထက် ပြင်းထန်သော အရာများကိုပင် လုပ်ခဲ့မည် ဖြစ်သည်။
ထိုလူ၏ နောက်ကျောကို ကြည့်ကာ ရီဖူရှင်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အမူအရာကို တွေ့ရသည်။
သူက မှော်ကလန်၏ စုန်းမသံစဉ်ကို ကြားဖူးသည်။ အကြည့် တစ်ချက်ကပင် ဂူကျီချူက သူ၏ စိတ်ထဲတွင် မိစ္ဆာမီးလျှံများ လောင်ကျွမ်း စေနိုင်သည်။ ထိုလူ၏ တန်ခိုး အဆင့်ကား သူ့ထက် များစွာ မြင့်သည်။ မှော်ကလန်၏ မှော်ဝိဇ္ဇာဟူသော ကျော်ကြားသော နာမည်က အလကား ဟုတ်ရန် မရပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset