Switch Mode

အပိုင်း (၂၅၃)

စကားစစ်ထိုးခြင်း

ခေ့ကေးမြို့ကား ချင်ပြည်ထောင်၏ မြို့တော် ဖြစ်သည်။ ချင်ပြည်ထောင်ကား သူတို့၏ ယခင်က ကြီးကျယ် ခမ်းနားမှုကို ယနေ့ထက်ထိ ပြန်လည် တည်ထောင်နိုင်ခြင်း မရှိခဲ့ပေ။ သို့တိုင်အောင် ရှေးဟောင်း မြို့တော်ကြီးကား အရှေ့မြေရိုင်း ဒေသ၏ အစည်ကားဆုံးသော မြို့တစ်မြို့  ဖြစ်နေဆဲပင်။ ခေ့ကေးမြို့တွင်လည်း များစွာသော အင်အားကြီး အဖွဲ့အစည်းများ ရှိကြသည်။ ထိုအထဲတွင် ယန်မိသားစုကား အင်အား အကြီးဆုံး ဖြစ်သည်။ သူတို့က ယခင်က မင်းမျိုးနွယ်ဝင် မိသားစုတစ်ခု ဖြစ်သည်။ သူတို့က ချင်ပြည်ထောင် လက်အောက်ကို ကျရောက်ပြီးနောက် အင်အားများ ယုတ်လျော့သွားကာ မှေးမှိန်သွားသည်။
ထို့အပြင် ခေ့ကေးမြို့တွင် များစွာသော ရတနာသိုက်များ တည်ရှိသည်။ နှစ်ပေါင်း တစ်ထောင် အတွင်းတွင် ရှေးဟောင်းလူများ ချန်ထားခဲ့သော အရာများကို ခေ့ကေးမြို့မှာ ရှာဖွေတွေ့ရှိ နေဆဲဖြစ်သည်။ ခေ့ကေးမြို့က အရှေ့မြေရိုင်း ဒေသ၏ အလယ်တွင် ရှိသော ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့၏ အလယ်တွင် တည်ရှိသည်။ သို့တိုင်အောင် ဤမြို့ကား ချင်ပြည်ထောင်၏ အပိုင်ဟု ပြော၍ ရသည်။ ဒွန်ချင်ကျောင်းတော်အား ဤမြို့တွင် တည်ထားခြင်းမှာ အလွန် ကောင်းမွန်သော အကြံအစည် ဖြစ်သည်။
ယနေ့ ဤရှေးဟောင်း မြို့တော်ကား များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များနှင့် ပြည့်နှက်နေသည်။ နိုဘယ်များကား နေရာတိုင်းတွင် ရှိသည်။ မြို့က ဤမျှထိ မစည်ကား ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များက သတ္တဝါဆန်း များကို စီးနင်းလျက် မြို့ကို အဆက်မပြတ် ရောက်ရှိ လာကြသည်။
ကောင်းကင်ရှိ မရေမတွက်နိုင်သော လူများထဲမှ  လူအုပ်စုတစ်ခု ပေါ်ထွက် လာသည်။ လူတိုင်းက သူတို့အား လှည့်ကြည့် လိုက်ကြသည်။ သူတို့ကို မြင်လျှင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်… “ကျောင်းတော် ရောက်လာပြီ…..”
တခြား အင်အားစုများ ကဲ့သို့ပင် ကျောင်းတော်ကလည်း ဆောလျင်စွာ ရောက်လာသည်။ လူတိုင်းက ထိုအုပ်စုအား ဦးဆောင် လာသူများကို ကြည့်လိုက်ကြသည်။ သူတို့က ဇုန်းဇွီ၊ ကျူးချိန်၊ ဘေလိရှာနှင့် ဂူတုံးလျိုတို့ကို မြင်ကြသည်။ သူတို့ကား နိုဘယ်အဆင့်၏ စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးတွင် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ရှိကြသည်။ ရီဖူရှင်းကား ဂူတုံးလျို၏ နောက်တွင် ရှိသည်။ သူက ပတ်ဝန်းကျင်မှ လူအုပ်ကြီးနှင့် မြေပြင်မှ ရှေးဟောင်း မြို့ကြီးအား အကဲခတ်လိုက်သည်။
ယခုကား ခေ့ကေးမြို့က ပါရမီရှင်များ၏ နားခိုရာ မြို့တစ်မြို့ ဖြစ်နေလေပြီ။
ဤရှေးဟောင်း မြို့တွင် မည်သို့ ဖြစ်ပျက်မည်ကို သူမသိပေ။ လစန္ဒာကလန် ကလည်း ရောက်ရှိ လာပြီလော သူသိလိုသည်။ ဂျီယူလည်း ရောက်လာရမည် ဖြစ်သည်။ သူမအား တွေးမိလျှင် ရီဖူရှင်းက ပြုံးလိုက်သည်။ ဂျီယူအားသူက အရှေ့မြေရိုင်း ဒေသကို ရောက်ကတည်းက မတွေ့ရသေးပေ။
သူတို့အုပ်စုက ရှေ့ကို ဆက်သွားကြသည်။ တစ်စုံတစ်ယောက်က သူတို့အား လာရောက် လမ်းညွှန်ပြသသည်။ အတန်ကြာလျှင် သူတို့က မြို့၏ ပထဝီ အနေအထားနှင့် ပတ်သက်၍ အနည်းငယ် နားလည်လာကြသည်။ အဆောက်အဦ များကား ရှေးကျလှပြီး တချို့ အဆောက်အဦ များမှာ အလွန်မြင့်မားစွာ တည်ဆောက်ထားပြီး မိုးထိုးအောင် မြင့်မားလှသည်။
ထိုအဆောက်အဦ များကား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ တည်ဆောက်ခဲ့ကြသော ဒွန်ချင်ကျောင်းတော် ဖြစ်သည်။
ကျောင်းတော်က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ဒွန်ချင်ကျောင်းတော်၏ အနီးမှ တည်းခိုခန်း တစ်ခုကို ရွေးချယ်၍ တည်းခိုကြသည်။ မကြာမီ ထိုသတင်းက တစ်မြို့လုံးကို တောမီးပမာ ပြန့်နှံ့သွားသည်။
ကျောင်းတော်ကား ကေ့တေးမှ လူများနှင့် အတူ ရောက်ရှိ နေလေပြီ။
ဂူတုံးလျိုကလည်း ဆောလျင်စွာ ရောက်ရှိ လာသည်။
ကျောင်းတော် နေထိုင်ရာ တည်းခိုခန်းကလည်း လူအများ၏ အာရုံစိုက်ရာ နေရာ ဖြစ်လာသည်။ နှစ်သစ်တွင် ပြုလုပ်မည့် အခမ်းအနားများက ကျောင်းတော်အား ဦးတည် နေသည်ကို လူတိုင်းက သိကြသည်။ ထို့အပြင် စိန်ခေါ်ပွဲ တစ်ပွဲလည်း ရှိသေးသည်။
ခေ့ကေးမြို့ကို ရောက်ရှိပြီးနောက် ကျောင်းတော်ကား အလွန် ငြိမ်သက်နေသည်။ တချို့တစ်လေကသာ အပြင်ကို လျှောက်လည်ကြပြီး သူတို့ကား လူငယ်များသာ ဖြစ်သည်။ မည်သူမှ ဂူတုံးလျိုကို မမြင်ရပေ။ တိုက်ပွဲကား နီးကပ်လာပြီ ဖြစ်သည်။ ဂူတုံးလျိုကလည်း အနည်းနှင့် အများ ဖိအား ရှိနေနိုင်ပေသည်။ မည်သို့ပင်ဆိုစေ သူ၏ ပြိုင်ဘက်ကား လုနန်ထျန်း ဖြစ်သည်။
နောက်တစ်နေ့တွင် ရီဖူရှင်းက တည်းခိုခန်းမှ အပြင်ကို ထွက်လာသည်။
ကော့တေး၏ တပည့်တစ်ယောက် အနေဖြင့် ရီဖူရှင်းကား ချင်ပြည်ထောင် နန်းတော်မှ အဖြစ်အပျက် နောက်ပိုင်းတွင် အလွန် ကျော်ကြားလာသည်။ သူ၏ အပြုအမူတိုင်းက လူအများ၏ စိတ်ဝင်စားမှုကို ရရှိသည်။
ရီဖူရှင်းက လစန္ဒာကလန် တည်ရှိရာ နေရာသို့ ဦးတည် သွားနေသည့် သတင်းက လျင်မြန်စွာ ပြန့်နှံ့သွားသည်။ သူကား မိန်းမလှ တစ်ယောက်ကို သွာတွေ့ဟန် ရသည်။ လူအများအပြားက ဆွံ့အကြရသည်။ သို့သော်လည်း ရီဖူရှင်း၏ ချစ်သူက လစန္ဒာကလန်တွင် ရှိနေသည်ကို လူအများအပြားက သိကြသည်။ ရီဖူရှင်းက သူ၏ ချစ်သူကို သွားရောက် တွေ့ဆုံဟန်ရသည်။ ရီဖူရှင်းနှင့်အတူ ယူချင်းလည်း လိုက်ပါလာသည်။
ရီဖူရှင်းနှင့် ယူချင်းက လစန္ဒာကလန် တည်းခိုရာ နေရာသို့ ရောက်လာသည်။ မိန်းမလှ တစ်ယောက်ကို မြင်လျှင် ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်…. “ကျွန်တော်က ကော့တေးက ရီဖူရှင်းပါ…”
ထိုမိန်းမလှက သူ့အား အကဲခတ်ကာ ပြုံးလိုက်သည်… “သခင်လေးရီကို နှုတ်ဆက်ပါတယ်…” ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ချစ်သူများ ဖြစ်ကြသည်ကို သူမ သိထားသည်။ ဟွာဂျီယူကား အလွန်အမင်း လှပ ချောမောသူဖြစ်ရာ ရီဖူရှင်းက မည်သို့သော ပုံစံရှိသည်ကို သူမတို့က အလွန်အမင်း စိတ်ဝင်စားကြသည်။ ယခု သူမက ရီဖူရှင်းအား မြင်ရာ သူတို့နှစ်ယောက်က အလွန် လိုက်ဖက်သည်ဟု ခံစားရသည်။
“မင်းက ဂျူနီယာ ဂျီယူကို လာရှာတာလား…..”
“ဟုတ်ကဲ့….” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ လစန္ဒာကလန် ကလည်း သူတို့၏ ပတ်သက်မှုကို သိဟန်ရသည်။ ဂျီယူက ကလန်တွင်လည်း နာမည်ကြီးပုံ ရ၏။ သူက ထူးဆန်းသည် မထင်ပေ။ ပါရမီကို ထား၍ သူမ၏ ရုပ်ရည်နှင့်ပင်လျှင် သူမကား နာမည်ကျော်ကြား ပေမည်။
“မင်းကို စိတ်ပျက်စရာ စိတ်မကောင်းပါဘူး…. ဂျူနီယာ ညီမလေးက မလိုက်လာခဲ့ဘူး….” ထိုမိန်းမက ညင်သာစွာ ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ဒွန်ဟွာကလန်၏ လုနန်ထျန်းက ဂူတုံးလျိုအား စိန်ခေါ်သည်။ ဤပဋိပက္ခ၏ မူလဇာစ်မြစ်ကား ရီဖူရှင်းနှင့် ယူချင်းဖြစ်သည်။ သူလာမည်ကို ဂျီယူက သိသင့်ကာ သူမကလည်း လာရောက်သင့်ပေသည်။
“ဒါပေမဲ့ သူမရဲ့ ဆရာတူ အစ်မနဲ့ စကားမှာ ပါးလိုက်တယ်…. ငါမင်းကို ခေါ်သွားပေးမယ်….” ထိုမိန်းမက ဆက်ပြောသည်။
“ကောင်းပါပြီ… ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ လစန္ဒာကလန်မှ မိန်းမက သူ့အား အဆောင်တစ်ခုသို့ ခေါ်သွားသည်။ ထိုနေရာတွင်ကား လှပ ချောမောသော မိန်းမလှတစ်ယောက် ထိုင်နေသည်။ ရီဖူရှင်းအား မြင်လျှင် သူမက စိတ်ဝင်တစား ကြည့်သည်။
ရီဖူရှင်းက သူမအား လာရောက် ရှာမည်ကို ဂျီယူက ခန့်မှန်းခဲ့ကာ သူမ၏ ခန့်မှန်းမှုကလည်း မှန်ကန်ပေသည်။
“နှုတ်ဆက်ပါတယ်… ကျွန်တော် ရီဖူရှင်းပါ….”
“ညီမလေးက အမြင် ကောင်းတာပဲ….” ထိုမိန်းမလှက သူ့အား ကြည့်ကာ ပြုံးလျက် ပြောသည်… “မင်း လာရှာလိမ့်မယ်လို့ ညီမလေးက ပြောတယ်… ဒါကြောင့် စကားမှာ ပါးလိုက်တယ်… ညီမလေးက ကလန်မှာ အဆင်ပြေပြီး အများကြီး တိုးတက်လာတယ်…. ဒီတစ်ခါ သူမ မလာတာက တန်ခိုးကျင့်တာမှာ အရေးကြီးနေလို့ပဲ…. ညီမလေးက မင်းကို စောင့်နေမယ်တဲ့… ပြီးတော့ ဆိုးတာတွေ မလုပ်ဖို့လည်း မှာလိုက်တယ်….” ထို့နောက်က သူမက ပြုံးနေသည်။
ဆိုးသည့် အရာများက ဘာကို ဆိုလိုသနည်း။ ဤမိန်းကလေးကား အမှန်ပင် စိတ်အနှောင့်အယှက် ပေးသည်။ ရီဖူရှင်းက ပြောသည်… “ကျေးဇူးတင်ပါတယ်….” သူမက လိမ်နေခြင်း မဟုတ်ကြောင်း သူခံစားမိသည်။ ဂျီယူ အဆင်ပြေသည်။ သူမ မလာဖြစ်သည့် အကြောင်းရင်းကို မူကား သူ မသိပေ။
“မင်းက အရမ်း စကားကောင်းတာပဲ…. ညီမလေးက စိတ်ပူတာလည်း မထူးဆန်းဘူး….” ထိုမိန်းမလှက ရီဖူရှင်းအား ပြောသည်။
ရီဖူရှင်းက ရှက်ရွံ့စွာ ပြုံးသည်… “စီနီယာ… ကျွန်တော့်အတွက် စကားမှာ ပါးပေးလို့ ရမလား…..”
“ကောင်းပြီ…” ထိုမိန်းမလှက ခေါင်းညိတ်သည်။
“ကျွန်တော်က သူမကို သတိရနေတယ်လို့ ပြောပေးပါ…. ဒီက ကိစ္စတွေ ပြီးသွားရင် သူမကို လစန္ဒာကလန်မှာ လာရှာမယ်လို့ ပြောပေးပါ….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ထိုမိန်းမက နားလည်သော ပုံဟန်ဖြင့် ပြုံးသည်။ သူတို့၏ အချစ်များကို ဖော်ပြရာတွင် သတင်းပို့သူ၏ ခံစားချက်ကို ထည့်တွက် ကြသလား သူမ မသိပေ။
“ကောင်းပြီ…” ထိုမိန်းမလှက ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ်… စီနီယာ… ကျွန်တော် သွားပါတော့မယ်….” ရီဖူရှင်းက ဦးညွှတ်လျက် ထွက်ခွာလာသည်။
အဆောင်ငယ်မှ ထွက်လာလျှင် အပြင်ကို ထွက်သော လမ်းကျဉ်းလေး ရှိသည်။ ယူချင်းက သူ့နောက်မှ လျင်မြန်စွာ လိုက်ပါလာသည်။ သူတို့ရှေ့မှ လူနှစ်ယောက်က စကား တပြောပြောဖြင့် လျှောက်လာ နေကြသည်။ သူတို့ကို မြင်လျှင် ရီဖူရှင်းက ထူးဆန်းသလို ခံစားရသည်။ သူကား ချင်ဘုရင်၏ မြေးချင်လီ ဖြစ်သည်။ သူ့ဘေးတွင်မူကား လစန္ဒာကလန်မှ ချူယောင်ယောင် ဖြစ်သည်။
လစန္ဒာကလန် ကလည်း ချင်ပြည်ထောင်နှင့် ပူးပေါင်း လိုသည်လား။ ဟွာဂျီယူက ထိုနေရာတွင် လေ့ကျင့်နေမှတော့ ထိုကိစ္စက အမှန် ဖြစ်မလာရန် ရီဖူရှင်း မျှော်လင့်သည်။
ချင်လီနှင့် ချူယောင်ယောင် တို့ကလည်း ရီဖူရှင်းနှင့် ယူချင်းတို့ကို မြင်သည်။ သူတို့က ရပ်တန့် လိုက်ကြကာ ချင်လီ၏ ထက်ရှသော မျက်လုံးများက သူတို့ထံ ရောက်လာသည်။ ရီဖူရှင်းက သူတို့အား ကြည့်ပြီး အကြည့်ကို လွှဲလိုက်သည်။ သူက ချင်လီတို့ကို ဖြတ်ကျော်သွားရန် စိတ်ကူးလိုက်သည်။ သူက ချင်လီအား မနှစ်သက်သလို ချူယောင်ယောင်နှင့်လည်း မရင်းနှီးပေ။
“နေဦး…” ရုတ်တရက် ချင်လီက ပြောသည်။ ရီဖူရှင်းက သူ့အား ဖြတ်ကျော် သွားရင်းက ကျောခိုင်းလျက်ပင် ရပ်လိုက်သည်။
“ကျောင်းတော်က လူတွေ အများကြီး ရောက်လာတယ်လို့ ငါကြားတယ်…. ကော့တေးက ယောကျ်ား တပည့်တွေ အကုန် လာကြတယ်….” ချင်လီက ပြောသည်။ သူ၏ လေသံက အနည်းငယ်သော အထင်သေးသော အငွေ့အသက်များ ပါနေသည်။
ရီဖူရှင်းက ဆက်လျှောက် သွားရန် ဟန်ပြင်လိုက်သည်။ ထိုအဓိပ္ပာယ်မဲ့သော စကားများကို သူက လျစ်လျူရှု ထားသည်။
“မင်းက ချင်ပြည်ထောင်ကို ပူးပေါင်းခဲ့ရင် ဘယ်လို ဖြစ်လာမလဲ မင်း တွေးဖူးလား….” ချင်လီက ဆက်ပြောသည်။
“မသိဘူး… ငါ စိတ်မဝင်စားဘူး….” ရီဖူရှင်းက မရပ်တန့်ဘဲ ပြန်ပြောသည်။
“လောကကြီးမှာ ဒုတိယ အခွင့်အရေး ဆိုတာ မရှိဘူး…” ချင်လီက မိမိကိုယ်ကို ရေရွတ်နေဟန် ရသည်…. “ဒီနှစ်ပိုင်းတွေမှာ ကော့တေးက အထင်ကြီးလောက်တဲ့ အရှိန်အဝါတွေ ရှိခဲ့တယ်… ကျောင်းတော်က အကျော်ကြားဆုံး ပါရမီရှင်တွေကို ခေါ်ယူပြီးတော့ ကော့တေးက ဒီထဲမှာမှ အတော်ဆုံးတွေကို စုထားတယ်… ဒါကြောင့် အောင်မြင်မှု နည်းနည်းရတာ မထူးဆန်းပါဘူး…..”
“ဒီတစ်ကြိမ်… ကျောင်းတော်က ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်ကို ရင်ဆိုင်ရမယ်…. ကျောင်းတော်နဲ့ ကော့တေးက ဒီအောင်မြင်မှုတွေကို ခံနိုင်ရည် ရှိပါ့မလား ငါသိချင်တယ်….” ချင်လီက မိမိကိုယ်ကို ပြောနေဟန် ရသည်…. “မင်းက အမြင့် ရောက်လေလေ အကျနာလေလေပဲ…. ကော့တေးက ဘယ်တော့မှ မရှုံးခဲ့ရင်တော့ တစ်မျိုးပေါ့…. မဟုတ်ရင် ဒါက တကယ့် ကပ်ဘေး ဆိုက်တာနဲ့ အတူတူပဲ…. ဒီလောကကြီးမှာ မကွယ်ပျောက်နိုင်တဲ့ ဒဏ္ဍာရီ ဆိုတာ မရှိဘူး…..”
သမိုင်းတစ်လျှောက် သူရဲကောင်းများစွာ ရှိခဲ့သော်လည်း မည်သူမှ အင်မော်တယ်များ မဟုတ်ကြပေ။ ချင်ပြည်ထောင်ပင်လျှင် ကျရှုံးခဲ့ရသည်။
ကျောင်းတော်နှင့် ကော့တေးကလည်း ထို့အတူပင်။
ဤတစ်ကြိမ် လုနန်ထျန်းနှင့် ဂူတုံးလျိုတို့ တိုက်ပွဲက ကျောင်းတော်အတွက် သူတို့ ပြင်ဆင် ထားသည်များ အားလုံး မဟုတ်ပေ။
ရီဖူရှင်းက ရပ်တန့်လိုက်သည်။ သူ၏ ကောက်ချက်ချမှုက အဓိပ္ပာယ်ရှိသလို ရသည်။ သို့သော်လည်း သူ၏ စကားများက မှန်သည်ဟုလည်း မဆိုနိုင်ပေ။
သူ၏ ဆရာတူ အစ်ကို အစ်မများကို ပြန်တွေးမိလျှင် ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။ အကယ်၍ အရှေ့မြေရိုင်း ဒေသတွင် တစ်စုံတစ်ခုက ဒဏ္ဍာရီသဖွယ် ဖြစ်လာမည် ဆိုပါက ထိုနေရာကား ကော့တေး ဖြစ်သည်။
“မှားယွင်းကြောင်း သက်သေပြလို့ရတဲ့ ဒဏ္ဍာရီက ဒဏ္ဍာရီ မစစ်လို့ပေါ့…. ဒါက ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာတာက ဘယ်တော့မှ ပျောက်ကွယ် မသွားနိုင်လို့ပဲ….” ရီဖူရှင်းက ဖြည်းညင်းစွာ ပြောသည်…. “ကော့တေးက ဒဏ္ဍာရီတစ်ခု ဖြစ်လာလိမ့်မယ်….”
“တကယ်လား….” ချင်လီက ရီဖူရှင်း၏ မောက်မာသော စကားများကို ပြန်ပြောလိုက်သည်…. “ငါ စောင့်ကြည့်နေမယ်….”
“စောင့်ကြည့်နေလိုက်….” ရီဖူရှင်းက ပြန်ပြောကာ ထိုနေရာမှ ထွက်သွားသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset