Switch Mode

အပိုင်း (၂၅၁)

လစန္ဒာ ကလန်

နှစ်ဟောင်း ကုန်ရန်ကား တစ်လခန့်သာ ကျန်တော့သည်။ အရှေ့မြေရိုင်း ဒေသမှ လူအများအပြားက ခေ့ကေးမြို့သို့ ထွက်ခွာနေကြသည်။
နှစ်သစ်ရောက်လျှင် ခေ့ကေးမြို့ကား အရှေ့မြေရိုင်း ဒေသတွင် အလွန်စည်ကား လာတော့မည်မှာ သေချာလှသည်။ အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုများက နှစ်သစ်တွင် ခေ့ကေးမြို့တွင် စုစည်း ကြတော့မည် ဖြစ်သည်။ များစွာသော အင်အားစုများက စတင်ထွက်ခွာ နေကြပြီဖြစ်သည်။ တချို့ကလည်း ထွက်ခွာရန် ပြင်ဆင်နေကြသည်။
လစန္ဒာကလန်ကား အရှေ့မြေရိုင်း ဒေသ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ထိုကလန်ကား အရှေ့မြေရိုင်း ဒေသတွင် အင်အား အကြီးဆုံးသော မိန်းမတန်ခိုးရှင် ကလန်ဖြစ်သည်။ သူတို့၏ နည်းစနစ်များကလည်း မိန်းမများ အတွက် အလွန် သင့်တော်သည်။
ထိုအခိုက်တွင် လစန္ဒာကလန်ကား ပြိုင်ပွဲတစ်ခုကို ကျင်းပနေသည်။ ဤကဲ့သို့သော ပြိုင်ပွဲကား နှစ်ကုန်ခါနီးတိုင်းတွင် ကျင်းပလေ့ရှိသည်။ ရည်ရွယ်ချက်ကား လူငယ်များ၏ စွမ်းရည်များ မည်မျှ တိုးတက် လာသည်ကို စမ်းသပ်လိုရင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကလန်၏ သမီးတော် နေရာအား ရွေးချယ်သည်။
လစန္ဒာကလန်၏ သမီးတော် နေရာကား ပုံသေမဟုတ်ပေ။ ထိုနေရာက နှစ်စဉ်နှစ်တိုင်း ပြောင်းလဲနိုင်သည်။
ထို့ကြောင့် သမီးတော် နေရာကို ရရှိထားသော သူကလည်း အမြဲတမ်း သတိထားကာ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် တိုးတက်အောင် ကြိုးစားကြရသည်။ မဟုတ်လျှင် တခြားလူများက သူမအား အနိုင်ယူကာ သမီးတော် နေရာအား လုယူခြင်း ခံရမည်ဖြစ်သည်။ မိန်းမကလန် ဖြစ်သည့်တိုင် ပြိုင်ဆိုင်မှုကား ပြင်းထန်လှသည်။
ထို့အပြင် အရှေ့မြေရိုင်း ဒေသမှ လစန္ဒာကလန်ကား သူတို့၏ အလှကြောင့် နာမည် ကျော်ကြားသည်။ တန်ခိုးကျင့်ရာတွင် တန်ခိုးရှင်များက ကောင်းကင်နှင့် မြေကြီးကြားမှ သဘာဝ စွမ်းအင်များကို စုပ်ယူသည်။ လစန္ဒာကလန်မှ ထူးခြားသည့် တန်ခိုးကျင့်သည့် နည်းစနစ်အရ သူတို့၏ တပည့်မများမှာ ပိုမို၍ လှပချောမော လာကြသည်။
လစန္ဒာကလန်ကား အမှန်ပင် နတ်သမီးများ နေသော ကမ္ဘာဖြစ်သည်။
ထိုအခိုက်တွင် များစွာသော မိန်းမလှများက လစန္ဒာကလန်၏ တိုက်ပွဲစင်မြင့် အနီးတွင် စုစည်းနေကြသည်။ စင်မြင့်ကြီးပေါ်တွင်ကား တချို့က တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင် တိုက်ခိုက် နေကြသည်။ ဘေးမှ ပွဲကြည့်စင်တွင်ကား မိန်းမပျိုများအပြင် ယောကျ်ား တစ်စုလည်း ရှိနေသည်။ ထို့အတူ သူတို့က နီးကပ်စွာ ထိုင်နေကြသည်။ လူငယ် တစ်ယောက်ကား သမီးတော် ချူယောင်ယောင်၏ ဘေးတွင် ထိုင်နေသည်။ သူကား ချင်ပြည်ထောင် ချင်ဘုရင်၏ မြေး ချင်လီဖြစ်သည်။
“အခု လက်ရှိ စမ်းသပ်တိုက်ပွဲရဲ့ နောက်ဆုံး တိုက်ပွဲပဲ…. မင်းရဲ့ အရင် စွမ်းဆောင်ရည်နဲ့ ဆိုရင် ဘယ်သူမှ သမီးတော် နေရာကို မင်းဆီက ယူနိုင်မယ် မထင်ဘူး…..” ချင်လီက ချူယောင်ယောင်အား ကြည့်ကာ ပြောသည်။
သိမ်မွေ့သော အပြုံးတစ်ခု ချူယောင်ယောင်၏ မျက်နှာတွင် ပေါ်လာသည်။ သူမ၏ အမူအရာကား အလွန် ချစ်စဖွယ်ကောင်းကာ လူတိုင်းအား ဆွဲဆောင်နိုင်သည်။ သူမကား အလွန်အမင်း မိန်းမဆန်သည်။
“လစန္ဒာကလန်မှာ နှစ်တိုင်းပဲ ထက်မြက်တဲ့ တပည့်တွေ ပေါ်လာတယ်…. ဒီနှစ်လည်း ဒီအတိုင်းပဲ…. နောက်ဆုံး အချိန်အထိ ဘယ်သူက သမီးတော်ဖြစ်မယ် မပြောနိုင်ဘူး….” ချူယောင်ယောင်က ပြန်ပြောသည်။
ချင်ယီက ညင်သာစွာ ပြောသည်… “မင်းက ဒီလောက် ပါရမီမြင့်ပြီး ချောမောတဲ့ ရုပ်ရည်ရှိတယ်…. ဒါပေမဲ့ အရမ်း နှိမ့်ချတတ်တယ်…. မင်းက ငါမြင်ဖူးသမျှ အထူးခြားဆုံး မိန်ကလေးပဲ….”
“အရှင့်သားက အရမ်း မြှောက်ပြောနေပါပြီ….” ချူယောင်ယောင်က သိမ်မွေ့စွာ ပြောသည်။
“ယောင်ယောင်… ငါ့ကို ဘာလို့ အပြင်လူလို ဆက်ဆံနေရတာလဲ…. ငါတို့က မိတ်ဆွေတွေ ဖြစ်နေကြပြီ မဟုတ်ဘူးလား…. ဒါကြောင့် ငါ့ကို ချင်လီလို့ ခေါ်လို့ရတယ်….” ချင်လီက ချူယောင်ယောင်အား ကြည့်ကာ ပြောသည်။ ချင်လီ၏ မျက်လုံးများမှ အပူဓာတ်ကို ခံစားမိလျှင် သူမက အကြည့်ကို လွှဲလိုက်သည်။ သို့သော် သူမ၏ မျက်လုံးထဲတွင် မည်သည့် ထူးခြားသော ခံစားချက်ကိုမှ မတွေ့ရပေ။
“ငါက လစန္ဒာကလန်ကို လာတဲ့ ရည်ရွယ်ချက်ကို မင်းလည်း သိတာပဲ…. နောက်နှစ်မှာ ငါက တန်ခိုး ကျင့်ဖို့အတွက် ဒွန်ချင်ကျောင်းတော်ကို ဝင်ရောက်မယ်…. ဖြစ်နိုင်ရင် ငါက မင်းနဲ့အတူ လေ့ကျင့်ချင်တာ….. ငါတို့က မကြာမကြာ စကားပြောပြီး ဆွေးနွေးနိုင်တယ်… ဒီလိုဆိုရင် ငါ့ဘဝမှာ နောင်တ ရှိတော့မှာ မဟုတ်ဘူး…..” ချင်လီ၏ အသံက ညင်သာနူးညံ့သည်။ သူတို့က ပွဲကြည့်စင်ပေါ်တွင် စကားပြော နေကြသော်လည်း မည်သူမှ သူတို့အား အာရုံမစိုက်ကြပေ။ သူတို့က ကြည့်မိလျှင်ပင် တခြား အတွေးများ ရှိမည် မဟုတ်ပေ။
ချင်လီက လစန္ဒာကလန်ကို လာရောက်ရခြင်း အကြောင်းအရင်းကား လူတိုင်းသိသော ကိစ္စဖြစ်သည်။ သူက လစန္ဒာကလန်၏ သမီးတော် ချူယောင်ယောင်ကို ပိုးပန်းလိုသည်။
သို့သော်လည်း လစန္ဒာကလန်မှ စီနီယာများက ထိုကိစ္စကို သေချာစွာ စဉ်းစားရန် လိုအပ်ပေသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က သူတို့၏ ဂျူနီယာများကို လက်ထပ်စေခြင်းဖြင့် ပူးပေါင်းမှုကို ခိုင်မာစေသည်။ ထိုထိပ်သီး အင်အားစုနှစ်ခုက ပူးပေါင်းကာ ဒွန်ချင်ကျောင်းတော်ကို တည်ထောင်ခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်ကား အရှေ့မြေရိုင်း ကျောင်းတော်ကို ဖိအားပေးရန် ဖြစ်သည်။
ယခု ချင်ဘုရင်၏မြေး ချင်လီက လစန္ဒာကလန်ကို ရောက်လာသည်။ သူတို့က လက်ထပ်မှုကို အခြေခံ၍ လစန္ဒာကလန်နှင့် ပူးပေါင်း လိုကြပြန်သည်။ သို့သော်လည်း ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က အရှေ့မြေရိုင်း ဒေသကို အောင်မြင်စွာ အုပ်စိုးနိုင်ပါက လစန္ဒာကလန်က မည်သည့် နေရာတွင် ရှိနေမည်ကို သိရန် လိုအပ်ပေသည်။
ထိုအခိုက်တွင် တီးတိုးစကားသံများ လူအုပ်ထဲမှ ဟိုမှ သည်မှ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော လူများက တိုက်ပွဲစင်မြင့်ကို ကြည့်နေကြသည်။ ထိုနေရာတွင်ကား ငေးမော မှင်တက် ရလောက်အောင် လှပ ချောမောသော မိန်းကလေး တစ်ယောက်ရ ပ်နေသည်။ သူမကား အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးအလား လှပ ချောမောသည်။ သူမ၏ ကိုယ်အရှိန်အဝါကို ထုတ်လွှတ်ကာ လက်ကို မြှောက်လျက် သူမ၏ ပြိုင်ဘက်အား အလွယ်တကူ အနိုင်ယူခဲ့သည်။
“စီနီယာ… အလျှော့ပေးတာ ကျေးဇူးတင်ပါတယ်….” မိန်းကလေးက ပြုံးလျက် ပြောသည်။ ထိုအလွန် ချောမော လှပသော မိန်းကလေး၏ မျက်နှာချင်းဆိုင်မှ မိန်းကလေးက သက်ပြင်းချလျက် ပြောသည်…. “ဂျူနီယာ…. မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းက ပိုပိုပြီး အားကောင်း လာတယ်…. ဒါက ခုခံဖို့ အရမ်းကို ခက်ခဲတယ်…. နောက်နှစ် နည်းနည်းကြာရင် မင်းက သမီးတော် နေရာကိုတောင်မှ စိန်ခေါ်နိုင်မယ်လို့ ငါယုံတယ်….”
စကားပြောနေကြသော ချူယောင်ယောင်နှင့် ချင်လီတို့က ခေါင်းမော့ကာ ပြိုင်ပွဲစင်မှ မိန်းကလေးအား ကြည့်လိုက်ကြသည်။ ထိုမိန်းကလေးကား နတ်သမီး တစ်ပါးလို လှပသည်။ သူမက အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမပျို သုံးယောက်ထဲတွင် ပါသည့်တိုင် ထိုမိန်းကလေးထက် လှသည်ဟု မပြောရဲပေ။
“ဟွာဂျီယူ…” ချင်လီကလည်း ထိုမိန်းကလေးအား စိုက်ကြည့်ကာ ရေရွတ် လိုက်သည်။ ထိုအချိန်က အရှေ့မြေရိုင်း ဒေသမှ အင်အားစုများက ကန်ယီနိုင်ငံကို သွားရောက် ခဲ့ကြသည်။ ထိုအချိန်က ကော့တေးမှ ရီဖူရှင်း၏ ချစ်သူက လစန္ဒာကလန်ကို ဝင်ရောက်ခဲ့သည်ဟု သူ ကြားဖူးသည်။ သူမကား အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းအောင် လှပ ချောမောသည်။
“စီနီယာချူ… ကျေးဇူးတင်ပါတယ်..” ဟွာဂျီယူက ပြောသည်။ ထို့နောက် သူမက အကြီးအကဲများ ရှိနေရာဘက်သို့ ဦးညွှတ် အရိုအသေပြုပြီး စင်အောက်သို့ ဆင်းသွားသည်။
“ဂျီယူက တကယ်ပဲ ထူးခြားတဲ့ ကလေးပဲ…. အနာဂတ်မှာ သူမရဲ့ စွမ်းရည်တွေက မှန်းဆလို့ မရအောင် ကြီးမားလိမ့်မယ်….” အကြီးအကဲ တစ်ယောက်က ချီးကျူးသည်။
“ယောင်ယောင်… မင်းက တကယ်ပဲ ကြိုးစားဖို့ လိုတယ်… မဟုတ်ရင် မင်းရဲ့ ဂျူနီယာက မင်းကို ကျော်ဖြတ် သွားလိမ့်မယ်…” တစ်စုံတစ်ယောက်က ချူယောင်ယောင်အား ပြောသည်။
ချူယောင်ယောင်က ပြုံးလျက် ပြောသည်… “ဂျူနီယာက ဒီလို ပါရမီမျိုးရှိတာ ဝမ်းသာစရာပါပဲ… တကယ်လို့ သူမက ကျွန်မကို ကျော်ဖြတ်နိုင်တယ် ဆိုရင်တောင် ဒါက ကလန်ပိုပြီး အားကောင်းလာတယ် ဆိုတာကို ပြနေတာမို့ ကျေနပ်စရာ ကိစ္စပါပဲ…”
“ဒါ မှန်တယ်…”  အကြီးအကဲက ပြုံးလျက် ခေါင်းညိတ်သည်။ ချူယောင်ယောင်က တိုက်ပွဲစင်မြင့်ပေါ်မှ အဝေးကို ထွက်သွားသော မိန်းကလေးကို စိုက်ကြည့်နေသည်။ နှစ်အနည်းငယ် အတွင်း လစန္ဒာကလန်၏ သမီးတော်နေရာကို သူမထံမှ မည်သူမှ လုယူနိုင်စွမ်း မရှိပေ။ သို့သော် ယခုကား ဟွာဂျီယူတွင် သူမနှင့်ယှဉ်ပြိုင်ရန် စွမ်းရည်ရှိကြောင်း ဝန်ခံရမည် ဖြစ်သည်။
ဟွာဂျီယူကား ပါရမီအရာတွင် သူမထက် အားမနည်းပေ။ ရုပ်ရည်တွင်လည်း အရှေ့မြေရိုင်း ဒေသ၏ အလှဆုံးထဲမှ တစ်ယောက်ဖြစ်သော သူမက ဟွာဂျီယူထက် သာသည်ဟု မပြောနိုင်ပေ။ အကယ်၍ ဟွာဂျီယူကသာ နောင်တွင် သူမအား အနိုင်ယူနိုင်ခဲ့ပါက အမှန်ပင် လစန္ဒာကလန်၏ သမီးတော်နေရာကို ရကာ ကလန်အား ကိုယ်စားပြု နိုင်တော့မည် ဖြစ်သည်။
ထို့အပြင် သူမ၏ ချစ်သူ ရီဖူရှင်းသည်လည်း အရှေ့မြေရိုင်းတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေပြီး ဖြစ်သည်။ သူမက ရီဖူရှင်း မည်မျှ မောက်မာသည်ကို ကိုယ်တိုင် မြင်ခဲ့ရသည်။ သူက ချိန်ရှင်းမူနှင့် ချင်မုံရိုတို့ကိုပင်လျှင် မျက်လုံးထဲ မထည့်ထားပေ။ သူနှင့် ယူချင်းအား အနိုင်ကျင့် သောကြောင့် ဒွန်ဟွာကလန်မှ နိုဘယ်ကား တန်ခိုးအစွမ်း ဖျက်ဆီးခံရသည်။
အတန်ကြာလျှင် ချင်ယောင်ယောင်၏ တိုက်ပွဲအလှည့် ကျလာသည်။ သူမကလည်း အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ပြသပြီး ပြိုင်ဘက်အား အနိုင်ယူနိုင်ခဲ့သည်။ ထိုနတ်သမီးအလား လှပသော မိန်းကလေး နှစ်ယောက်က နောင်တွင် သမီးတော် နေရာအတွက် ယှဉ်ပြိုင် တိုက်ခိုက် ရလိမ့်မည်ကို လူတိုင်းက ခန့်မှန်းမိ နေကြသည်။
လစန္ဒာကလန်၏ အခမ်းအနားကား ပြီးဆုံးသွားပြီ ဖြစ်သည်။ သူမ၏ ထူးခြား ပြောင်မြောက်သော စွမ်းဆောင်ရည် များကြောင့် ချူယောင်ယောင်ကား လစန္ဒာကလန်၏ သမီးတော်အဖြစ် ဆက်လက် အရွေးခံရသည်။ မည်သူမှ သူမ၏ နေရာအား လှုပ်ခတ်နိုင်စွမ်း မရှိပေ။
ကြေညာမှု အပြီးတွင် ချင်လီက အကြီးအကဲများထံ လျှောက်သွားပြီး ဦးညွှတ်လျက် လေးစားစွာ ပြောသည်… “ဒွန်ချင်ကျောင်းတော်က ဖွင့်ပွဲကို မကြာခင် ပြုလုပ် ပါတော့မယ်…. ကျွန်တော်က ထပ်မံပြီး ဖိတ်ကြားဖို့အတွက် ရောက်လာပါတယ်…. လစန္ဒာကလန်က တက်ရောက်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်….”
“အင်း… ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း မင်းက ဖိတ်ခေါ်ပြီးပြီ…. အခု မင်းက ဒီနေ့ ထပ်ပြီး မဖိတ်ရင်တောင်မှ ငါတို့က သွားမှာပါပဲ….” ထိုလှပသော မိန်းမက ဆက်ပြောသည်…“ဒါပေမဲ့ မင်းက ကိုယ်တိုင် လာခဲ့တယ် ဆိုမှတော့ ငါ့ရဲ့ လစန္ဒာကလန်က တပည့်တွေနဲ့ အတူတူ ပြန်သွားကြပေါ့….”
“ကျေးဇူးတင်ပါတယ်… စီနီယာ….” ချင်လီက လက်နှစ်ဖက် ဆုပ်ကိုင်လျက် ပြောသည်။
“ဘယ်သူတွေ သွားချင်ကြလဲ…”  ကလန်အကြီးအကဲ မိန်းမက တပည့်မများကို ကြည့်ကာ မေးလိုက်သည်။ ချက်ချင်းပင် များစွာသော မိန်းကလေးများက ရှေ့ကို တက်လာကာ ဦးညွှတ်လျက် ပြောကြသည်… “ကျွန်မ သွားချင်ပါတယ်…”
ထိုဖွင့်ပွဲ အခမ်းအနားကား အရှေ့မြေရိုင်း တစ်ခွင်ကို လှုပ်ခတ်စေမည် ဖြစ်သည်။ ထိပ်သီး အင်အားစုတိုင်း ကလည်း ခေ့ကေးမြို့တွင် စုစည်းကြမည် ဖြစ်သည်။ မည်သူက ထိုသို့သော အချိန်အခါကို လက်လွှွတ်ခံ မည်နည်း။
“ကလန် တစ်ခုလုံးက လူတွေ သွားချင်ကြတာလား…” အကြီးအကဲက ပြုံးလျက် ပြောသည်…. “ယောင်ယောင်… မင်းက ဓမ္မအဆင့်က ဂျူနီယာတွေထဲက မင်းနဲ့ သွားမယ့်လူတွေကို ရွေးထုတ်လိုက်…..”
“ကောင်းပါပြီ….” ချူယောင်ယောင်က ပြုံးလျက် ပြောသည်။ ထို့နောက် သူမက ပါရမီနှင့် တန်ခိုး အဆင့်မြင့်သော သူများကို ရွေးချယ်သည်။ ဟွာဂျီယူကလည်း လူအုပ်ထဲတွင် ရှိသည်။ သို့သော် သူမက ဟွာဂျီယူအား မရွေးပေ။ ဟွာဂျီယူက ရှေ့ကို တိုးလာကာ ညင်သာစွာ ပြောသည်… “စီနီယာ… ကျွန်မက ခေ့ကေးမြို့ကို သွားချင်ပါတယ်….”
ချူယောင်ယောင်က ဟွာဂျီယူအား ကြည့်လိုက်သည်။ ပြုံးလျက်ပင် သူမက ပြောသည်… “ဂျူနီယာ…. မင်းက တကယ်ပဲ ပါရမီမြင့်တယ်… ဒါပေမဲ့ တန်ခိုးအဆင့်က အရမ်း နိမ့်နေသေးတယ်…. ဒီလိုကိစ္စမျိုတွေမှာ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး…. မင်းက သမီးတော် နေရာအတွက်  စိန်ခေါ်ဖို့ ငါက စောင့်နေတယ်….”
“ကျွန်မက သမီးတော် နေရာအတွက် ယှဉ်ပြိုင်ဖို့ စိတ်ကူး မရှိပါဘူး…. ဒါပေမဲ့ စီနီယာက ခေ့ကေးမြို့ကို ကျွန်မကို ခေါ်သွားဖို့ မျှော်လင့်ပါတယ်….” ဟွာဂျီယူက ပြောသည်။
ချူယောင်ယောင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အငွေ့အသက်တစ်ခု ဖြတ်ပြေး သွားသည်။ သမီးတော် နေရာအတွက် ယှဉ်ပြိုင်ရန် စိတ်ကူး မရှိပါက ယခု သူမ၏ ဆုံးဖြတ်ချက်ကို အဘယ်ကြောင့် ဆန့််ကျင်ချင်ရ သနည်း။
“ဂျူနီယာ… မင်းက ကလန်မှာ အချိန်နည်းနည်းပဲ လေ့ကျင့်ရသေးတယ်…. မင်းအတွက် ကတော့ တန်ခိုးကျင့်တာက အရေးအကြီးဆုံးပဲ မလား…. မင်းက စိတ်အာရုံ ထွေပြားနေလို့ မရဘူး….” ချူယောင်ယောင်၏ အသံကား သိမ်မွေ့ ညင်သာနေဆဲ ဖြစ်သည်။ ချူယောင်ယောင်က သူမအား အဘယ်ကြောင့် မခေါ်သွားလိုသည်ကို နားမလည်ပေ။ သို့သော်လည်း သူမက ရီဖူရှင်းအား မတွေ့ရသည်မှာ တစ်နှစ်ခန့်ပင် ရှိတော့မည် ဖြစ်သည်။ ဒွန်ဟွာကလန်က ကော့တေးမှ ဂူတုံးလျိုအား စိန်ခေါ်သည်။ ရီဖူရှင်းက ခေ့ကေးမြို့ကို သေချာပေါက် ရောက်လာမည် ဖြစ်သည်။ ထို့အပြင် သူမတို့က ခေ့ကေးမြို့တွင် နှစ်သစ်ကို အတူ ဖြတ်ကျော်နိုင်သည်။ သူမကလည်း သွားရမည် ဖြစ်သည်။ ရီဖူရှင်းကလည်း သူမ၏ အတွေးများကို သိကာ ခေ့ကေးမြို့တွင် သူမအား တွေ့လိုမည်မှာ သေချာသည်။
ထိုသို့တွေးကာ ဟွာဂျီယူက နောက်လှည့်လျက် လစန္ဒာကလန်၏ အကြီးအကဲထံသို့ လျှောက်သွား လိုက်သည်။ ထို့နောက် သူမက ဦးညွှတ်လျက် ပြောသည်…. “စီနီယာ…. ကျွန်မက ခေ့ကေးမြို့ကို သွားလိုပါတယ်….”
ထိုမြင်ကွင်းက ပတ်ဝန်းကျင်မှ တပည့်များနှင့် အကြီးအကဲများကို ထူးဆန်းစေသည်။ မကြာမီက သူမနှင့် ချူယောင်ယောင်တို့က ကောင်းမွန်စွာ စကားပြောနေ ခဲ့ကြသည်။ သို့သော် မျက်လုံး တစ်မှိတ်အတွင်းတွင် သေးငယ်သော ကိစ္စတစ်ခုအတွက် သူမတို့က အနည်းငယ် အဖုအထစ် ဖြစ်လာခဲ့သည်။ သူမတို့ နှစ်ယောက်လုံးက ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ခေါင်းမာ နေကြပုံရသည်။
ချူယောင်ယောင်ကား သမီးတော်ဖြစ်သည်။ အကြီးအကဲက သူမအား အတူလိုက်ပါမည့် တပည့်များကို ရွေးခိုင်းထားရာ သူမတွင် ထိုအခွင့်အရေး ရှိပေသည်။ သို့သော် ဟွာဂျီယူကလည်း လိုက်ပါရန် တောင်းဆိုသည်။ ချူယောင်ယောင်ကလည်း သိပ်အရေးပါသော ကိစ္စမဟုတ်ရာ လိုက်လျော သင့်ပေသည်။ သို့သော် သူမက နှစ်ကြိမ်တိတိ ငြင်းပယ်ခဲ့သည်။ ထို့နောက် ဟွာဂျီယူက သူမအား လျစ်လျူရှုကာ အကြီးအကဲအား တိုက်ရိုက် တောင်းဆိုသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset