Switch Mode

အခန်း ( ၇၁ )

ငါ ... အောင်းရိက ဆက်ပြီး မကြီးထွားလာတော့ဘူးလား

ထင်ထားသည့်အတိုင်းပင် လင်းအယ်သည် သူမကို လက်ဆောင်ပေးထားသော ဝိညာဉ်သားရဲပေါက်လေးဖြင့် ရက်အတော်ကြာ ဆော့ပြီးသွားသောအခါ ထိုသားရဲပေါက်လေးကို သားရဲမွေးမြူရေးခြံတွင် ပိတ်ထားလိုက်တော့သည်။

တော်သေးသည်မှာ လီချန်ရှို့ ကြိုတင်ပြင်ဆင်ထား၍ဖြစ်သည်။ သူသည် ပစ္စည်းများကို လျှောက်၍ ဝါးပစ်နိုင်သော ပန်းရောင်ဝါးကြွက်လေးအတွက် ရေပတ်လည်ကာထားသည့် နေရာလေးတစ်ခု ပြုလုပ်ပေးထား၏။ ထို့နောက် သူသည် ရိုးရှင်းသော မန္တန်အစီအရင်အလွှာလေး နှစ်ခုကို ဆင်၍ ၎င်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားလိုက်၏။

လင်းအယ်သည် ထိုသားရဲမွေးမြူရေးခြံသို့ တစ်လလျှင် သုံးကြိမ်သွားလေသည်။ ဝိညာဉ်သားရဲအများစုသည် ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအားများကို စုပ်ယူနိုင်သဖြင့် အစာငတ်၍ သေမည်မဟုတ်ပေ။

လီချန်ရှို့သည် ယုံချင်ရွှမ်းယာ လက်ဆောင်ပေးသော မြေဝိညာဉ်ပုလဲလုံးကို ဆေးဖော်ဆောင်ရှိ လူမြင်သာသောနေရာတွင် ထားလိုက်၏။ သူသည် ၎င်းကို သူနှင့်အတူ မဆောင်ထားပေ။
‘ ဒီရတနာက တော်တော်တန်ဖိုးကြီးတာပဲ ’

အနာဂတ်တွင် ထိုရတနာကဲ့သို့ အရည်အသွေးရှိသည့် ရတနာလေးခုထပ်ရလျှင် ဓာတ်ကြီးငါးပါး မန္တန်အစီအရင်ကို ဆင်နိုင်ပေလိမ့်မည်။

ယခုတွင် ၎င်းကို သုံးစရာနေရာ မရှိသေးချေ။

လီချန်ရှို့သည် ယုံချင်ရွှမ်းယာ အဘယ်ကြောင့်ရောက်လာကြောင်း တွေးမရသေးပေ…

ရှိစေတော့။

သူမသည် အဆိပ်မဆိုသည့်အတိုင်း အဆိပ်ပြင်းခြင်းသာ ဖြစ်ရပေမည်။
‘ သူ ချုံတောင်လေးကို နောက်တစ်ခါ ထပ်လာရင် ငါဆေးဖော်ဆောင်မှာပဲပုန်းပြီး လင်းအယ်ကိုပဲ ဧည့်ခံခိုင်းလိုက်မယ် ’

ထိုအဖြစ်အပျက် ဖြစ်ပျက်ပြီးကတည်းက လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်း၌သာနေ၍ ဆေးဖော်နေခဲ့သည်။
‘ အရေးအကြီးဆုံးက ပိုက်ဆံပဲ ’

သူသည် ယခင်အခေါက် လင်းဟိုင်မြို့သို့သွားစဉ်က ရိုးရှင်းသော လေ့လာမှုများ ပြုလုပ်ခဲ့၏။

ယခုသူဖော်နေသော ဆေးလုံးများသည် လေလွင့်ကျင့်ကြံသူများလိုအပ်သည့် အဓိကဆေးလုံးများဖြစ်သည်။ ထိုဆေးလုံးများသည် ကုသနိုင်သည့်အစွမ်းရှိပြီး အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာကို တိုးတက်မှုပေးနိုင်လေသည်။ ၎င်းဆေးလုံးများသည် ဉာဏ်အလင်းပွင့်ရန်အတွက်လည်း အထောက်အကူပြုနိုင်၏။

ထိုဆေးလုံးများသည် အဆင့်သိပ်မမြင့်သဖြင့် ဗလာနတ္ထိအဆင့်ရှိသူများပင် သောက်သုံးနိုင်၏။ ထို့ပြင် ၎င်းသည် အဆင့်မြင့် လေလွင့်ကျင့်ကြံသူများ၏ နေ့စဉ်လိုအပ်ချက်ကိုလည်း ဖြေရှင်းပေးနိုင်၏။

သူသည် ထိုဆေးလုံးများကို ဖော်ရခြင်းမှာ အရောင်းသွက်သည့်အပြင် အမြတ်ရမည်မှာ သေချာ၍ဖြစ်သည်။

လီချန်ရှို့၏ နတ်ဆေးပညာအတွေ့အကြုံအရဆိုလျှင် ထိုဆေးလုံးကို အောင်အောင်မြင်‌မြင် ဖော်နိုင်ရန် မခက်ပေ။

ချီကျင့်ကြံသူအများစုသည် သူတို့၏ အမြင်နှင့် အတွေ့အကြုံကို အသုံးချကာ ဆေးဖော်ကြ၏။ သူတို့သည် ဆေးညွှန်းများတွင်ပါသည့် ‘ ရွေးစေ့ခန့် ’ ၊ ‘ လက်တစ်ဆုပ်ခန့် ’ ဟူသော စာသားများကို မြင်ပြင်းကတ်ကြလေသည်။ ထို့ကြောင့် သူတို့ဖော်ချင်သကဲ့သို့သာ ဖော်ကြပြီး ဆေးညွှန်းများလည်း မရေးထားကြပေ။

လီချန်ရှို့သည် ထိုကိစ္စများအတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ သူသည် နတ်ဆေးပညာကို စတင်လေ့လာခဲ့သည့်အချိန်မှစ၍ ဆေးလုံးဖော်ရန် လိုအပ်သည့် ဆေးညွှန်း အတိအကျများကိုသိရန် ဆေးဖော်တိုင်း မှတ်စုများရေးကာ မှတ်သားထားပြီး အဆက်မပြတ်လေ့လာခဲ့၏။

ဆေးပေါင်းရန်လိုအပ်သည့် ကြာချိန် အကန့်အသတ်များကိုလည်း မှတ်သားထားသည်။ ဆေးဖော်ရာတွင် သုံးရမည့် အပူချိန်အတိအကျအပြင် အစဉ်လိုက်ထည့်ရမည့် ဆေးပင်များ၊ ဆေးပင်များ၏ သက်တမ်းများ၊ ဆေးပင်များကို ဖြတ်တောက်ရမည့် အရွယ်အစားများ အစရှိသည်တို့ကို အတိအကျရေးမှတ်ထားခဲ့လေသည်။

ထို့ကြောင့် ထိုဆေးလုံးကို အောင်မြင်စွာဖော်နိုင်မည့်အကြောင်း အာမခံရဲခြင်းပင်။

သူသည် ၎င်းဆေးလုံးကို ဖော်နေစဉ်အတွင်း သူ၏ ယခုကျင့်ကြံခြင်းအဆင့်တွင် အမြင့်ဆုံးဖော်နိုင်သည့် အဆင့်မြင့်ဆေးလုံးများကိုလည်း ဖော်ရန် စိတ်ကူးခဲ့သည်။

ထိုအဆင့်မြင့်ဆေးလုံးများကား ဝိညာဉ်ဆေးလုံး အဆင့်(၁)နှင့် အဆင့်(၂)ဖြစ်သည်။

သာမန်နတ်ဆေးလုံးများကို အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ဟူ၍ ခွဲခြားထား၏။ မြို့ထဲတွင် ရောင်းအားအကောင်းဆုံးမှာ အလယ်အလတ်အဆင့် နတ်ဆေးလုံးများဖြစ်၏။ နတ်ဆေးပညာ မကျွမ်းကျင်သော နတ်ဝိဇ္ဇာများသည် ထိုဆေးလုံးများကို အမြောက်အမြားဝယ်ယူကြလေသည်။

နတ်ဆေးလုံးထက်ပို၍ အရည်အသွေးကောင်းသော ဆေးလုံးများမှာ ဝိညာဉ်ဆေးလုံးများဖြစ်သည်။ ထိုဝိညာဉ်ဆေးလုံးများကို အဆင့်(၁)မှ အဆင့်(၉)အထိ ခွဲခြားထား၏။ ထိုသို့အဆင့်ခွဲထားသော်လည်း မည်သည့်အဆင့်မှ ဝိညာဉ်ဆေးလုံးမဆို ရတနာများသာ ဖြစ်သည်။

တော်လှန်ရေးကိုးပါး ရွှေဆေးလုံးသည် ရန်ကျောင်းတော်၏ တည်ထောင်သူ အရှင်ထိုက်စန့်လောင်ကျွင်း တန်ခိုးရှင်အဖြစ် ပြောင်းလဲခြင်း၏ အထိမ်းအမှတ်ဆေးလုံးဖြစ်သည်။ ထို့ကြောင့် ရန်ကျောင်းတော်မှ တပည့်များသည် နတ်ဆေးအတတ်တွင် တော်ကြ၏။

သို့သော် လီချန်ရှို့သည် ရန်ကျောင်းတော်၏ ဆေးဖော်နည်းများကို မသုံးဝံ့ပေ။ ထိုဆေးဖော်နည်းများသည် ပို၍လည်း ရှုပ်ထွေးကာ ဖော်ရန်မလွယ်‌ပေ။ သူလုပ်နိုင်သည်မှာ များများစားစားမရှိချေ။

လီချန်ရှို့၏ ဆေးဖော်မည့်နည်းမှာ ရိုးရှင်းလေ၏။ ကုန်ကျစရိတ်များသောနည်းကို ရှောင်၍ ဆေးလုံး၏ အရည်အသွေးကို တိုးတက်အောင်လုပ်ရန်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဈေးလျှော့ရောင်း၍ လင်းဟိုင်မြို့ရှိ ဆေးလုံးဈေးကွက်ကို ထိုးဖောက်ရန် ကြိုးစားနေခြင်းကြောင့်ဖြစ်၏။
‘ ဈေးကွက်သာတည်ငြိမ်သွားရင် ငါ့ဆေးလုံးတွေကို လိုချင်တဲ့သူများလာပြီး ဆိုင်တိုင်းမှာရောင်းကုန်မှာသေချာတယ် ’

သူသည် ဝိညာဉ်ဆေးလုံးကို ဖော်နိုင်မည်ဟုထင်သော်လည်း အောင်မြင်ရန်မသေချာသေး၍ နှစ်တစ်သောင်းသက်တမ်းရှိသော ဝိညာဉ်ဆေးပင်များကို အမြောက်အမြားဝယ်မထားဝံ့သေးချေ။

အလယ်အလတ်ဆေးလုံးများမှ အမြတ်ရမည်မှာ သေချာသွားသည်အထိ လက်ကျန် လက်ကျန် ဝိညာဉ်ဆေးပင်များကို သုံး၍သာ ဖော်ထားရဦးပေမည်။

တည်ငြိမ်သော ဝင်ငွေလမ်းကြောင်းတစ်ခုကို အရင်ဆုံး ဖော်ဆောင်ရမည်ဖြစ်သည်။

*****

ဆေးဖော်ဆောင်ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များ၏ အောက်ခြေကို ယခင်တစ်ခေါက်မှ ရရှိလာသော အဖိုးတန်ပစ္စည်းများကိုသုံး၍ အဆင့်မြှင့်ပြီးနောက် ချုံတောင်လေးရှိ တောင်ကာမန္တန်အစီအရင်ကို ဆက်၍ တိုးချဲ့ရန် ပြင်ဆင်လိုက်သည်။

လီချန်ရှို့သည် သူ၏ အချိန်ဇယားကို တစ်ရက်လျှင် (၂၄)နာရီလုံးလုံး အပြည့်ဖြစ်အောင် လုပ်ထားလေ၏။

သူသည် တာအိုတရားကျင့်ကြံခြင်းကို ခြောက်နာရီလုပ်၏။ စက္ကူကိုယ်ပွားများ၏ မှော်အစွမ်းကို ပြီးပြည့်စုံအောင်လုပ်ရန် လေးနာရီ သတ်မှတ်ထား၏။ ‌ရှေးဟောင်းကျမ်းစာများကို နှစ်နာရီကြာဖတ်၍ သူ၏ ဗဟုသုတများကို တိုးပွားအောင်လုပ်၏။ ကျန်ခြောက်နာရီတွင် ဆေးဖော်ဆောင်သို့သွား၍ ဆေးဖော်၏။

သူသည် ထိုဆေးလုံးများကို ဂိုဏ်းအပြင်တွင် ရောင်းသည်ဖြစ်ရာ ဂိုဏ်းမှလူများ သူ့အား သတိထားမိမည်ကို စိတ်ပူစရာမလိုပေ။

ထိုခံစားချက်သည် နတ်ဆေးပညာကို သူ စလေ့လာစဉ်က နည်းလမ်းအချို့ကို သဘောပေါက်သွားသည့် ခံစားချက်နှင့် ဆင်တူ၏။ ထိုအချိန်တွင် သူသည် အိပ်သည်ဆိုရုံသာ အိပ်၍ တရားထိုင်ချိန်တွင်လည်း ‌ဆေးပေါင်းဖိုအသေးလေးကို လက်တွင် ကိုင်၍ ထိုင်ခဲ့၏။

သူသည် နေဝင်မှ နေထွက်အထိ မပြတ်ကြိုးစားခဲ့ရလေသည်။

လီချန်ရှို့သည် ကျင့်ကြံခြင်းနှင့် ဆေးဖော်ခြင်းတို့တွင် အာရုံစိုက်နေလျှင် အချိန်ကုန်၍ ကုန်မှန်းပင်မသိချေ။ ကျင့်ကြံခြင်းသည် ဤသို့သာဖြစ်၏။ အချိန်သည် လွန်စွာနှေးကွေးလာသည်ဟု ထင်ရ၏။ သူသည် သေမျိုးများကဲ့သို့ စားဝတ်နေရးအတွက် အလုပ်လုပ်စရာမလိုပေ။ သူ၏ အသက်သည် တစ်ရာကျော်ကျော်လောက်တွင် သေသွားမည်ကိုလည်း ပူပန်စရာမလိုပေ။

သူဆေးဖော်ရသည်ကို ငြီးငွေ့လာလျှင် တောင်ပေါ်တွင် လမ်းလျှောက်ထွက်ရင်း လှည့်ပတ်ကြည့်လိုက်၊ သူ၏ ဆရာတူညီမလေးကို စနောက်လိုက်၊ ရေကန်အတွင်းမှ ဝိညာဉ်ငါးများ၊ တောင်နောက်မှ ဝိညာဉ်သားရဲများနှင့် ကွင်းပြင်ရှိ ဆေးပင်များကို ဂရုစိုက်လိုက်ဖြင့် အပမ်းဖြေနိုင်၏။

သူသည် သူ၏ဘဝကို လွန်စွာ ကျေနပ်နေလေ၏။

တစ်လကြာပြီးနောက်…

သူ၏နှလုံးသားသည် တည်ငြိမ်မှုများနှင့် ပြည့်နေ၏။ သူသည် သူ့ကိုယ်သူ တည်ငြိမ်မှုရှိရန် လေ့ကျင့်ထား၏။

အာဒိကပ္ပလောက၌ တောင်ကျွန်းတွင်သာ ဥတုရာသီလေးခုရှိ၏။ မြောက်ကျွန်းမှလွဲ၍ ကျန်နေရာမျာသည် တစ်နှစ်ပတ်လုံး နေဦးရာသီပင်ဖြစ်၏။ လီချန်ရှို့သည် ဆေးဖော်ခြင်းကို သုံးနှစ်ကျော်မျှ လုပ်ကိုင်ခဲ့၏။

စက္ကူကိုယ်ပွားများသည်လည်း ပို၍ ပြီးပြည့်စုံလာပေပြီ။ သို့သော် မြင်သာသော ပြစ်ချက်သုံးလေးချက် ရှိသေး၏။ ဥပမာအားဖြင့် စက္ကူကိုယ်ပွားများ၏ မျက်နှာထားသည် သူ့ခံစားမှုအတိုင်းလိုက်၍သာ ပြောင်းလဲနိုင်၏။

ထို့ပြင် လီချန်ရှို့သည် စက္ကူကိုယ်ပွားများကို ပိုထူအောင်လုပ်၍ တံဆိပ်တော်များ ထပ်ဖြည့်ကာ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးအဆင့်ရှိသည့် အစွမ်းများထုတ်နိုင်သည်အထိ ပြင်ဆင်ခဲ့၏။ ထိုနည်းဖြင့် သူပို၍ လုံခြုံမည်ဖြစ်သည်။

လီချန်ရှို့သည် သူ၏ဆရာ အခန်းအောင်းကျင့်ကြံသည်မှ ထွက်လာသည်အထိစောင့်၍ နောက်တစ်ကြိမ် ဂိုဏ်းမှထပ်ထွက်ရန်အကြောင်းကို တိုင်ပင်ရန် ပြင်ထား၏။ ထို့နောက် သူသည် စက္ကူကိုယ်ပွားကို လင်းဟိုင်မြို့သို့ နောက်တစ်ကြိမ် ထပ်၍သွားခိုင်းနိုင်ပေမည်။
‘ ဒီတစ်ခေါက် စက္ကူကိုယ်ပွားကို အပြင်ကိုသွားခိုင်းရင်တော့ မူလနတ်ဝိဇ္ဇာနောက်ဆုံးအဆင့်လောက်အထိ ဖော်ပြရမယ် ’

‘ အဲဒါတင်မကသေးဘူး… တခြားပြင်ဆင်စရာတွေလည်း ရှိသေးတယ် ’
လီချန်ရှို့သည် လှုပ်ကုလားထိုင်တွင်ထိုင်ကာ တွေးတောနေ၏။ သူသည် ကျော်စိမ်းပြားတစ်ချပ်ကိုထုတ်၍ ယခုအခေါက်တွင် လဲလှယ်ရန်လိုသည့် ပစ္စည်းစာရင်းကို ရေးမှတ်လိုက်သည်။
‘ ငါ ဒီဆေးလုံးတွေကို အောင်အောင်မြင်မြင်နဲ့ရောင်းပြီးရင် ချုံတောင်လေးကို ကာကွယ်ပေးတဲ့ တောင်ကာမန္တန်အစီအရင်ကို အဆင့်မြှင့်လို့ရပြီ။ ပြီးတော့ ဆေးဖော်ဆောင်ဘေးက ဆက်စပ်မန္တန်အစီအရင်တွေကိုလည်း အားဖြည့်လို့ရပြီ… ’

“ ဆရာဒေါ်လေးတစ်ယောက် ဘယ်တော့မှ အခန်းအောင်းကျင့်တာက ထွက်လာမှာလဲမသိဘူး… ငါသူ့ကို နည်းနည်းတောင် သတိရလာပြီ ”
လီချန်ရှို့သည် ဆရာဒေါ်လေးကျိုးကျိုးအတွက် ဖော်ပေးထားသော သူမ ကြိုက်သည့် အရက်အရသာရှိသော ဆေးလုံးများထည့်ထားသည့် ရတနာအိတ်ကိုကြည့်လိုက်သည်။
‘ မြေအောက် မန္တန်အစီအရင်တွေကိုတော့ ငါ့ဘာသာ ဆင်လို့ရတယ်။ ဒါပေမဲ့ မြေပေါ်က မန္တန်အစီအရင်ကြီးတွေဆင်ဖို့ ဆရာဒေါ်လေးရဲ့ အကူအညီကိုလိုသေးတယ် ’

သူလုပ်ရန်ရှိသည့် ကိစ္စများကို စာရင်းပြုစုပြီးနောက် လီချန်ရှို့သည် ထကာ အကြောဆန့်လိုက်သည်။
‘ နောက်ကျ အကြီးအကဲဝမ်လင်းယွမ်ဆီကို အလည်သွားရမယ်။ ပြီးတော့မှ ဂိုဏ်းပြင်ကိုသွားဖို့ ပြင်ဆင်တာပေါ့ ’

ဟူး…

ပင်ပန်းသော်လည်း အသီးအပွင့်များကို ခံစားရသည့် အချိန်များပင်…
‘ ဒီအတိုင်းသာ အမြဲဆက်ရှိနေရင် ဘယ်လောက်ကောင်းမလဲ ’

******

‘ ဟင်း… ဒီလူသား ချီကျင့်ကြံသူတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ကောင်းချီးပေးမှုကိုခံရတော့ နေ့တိုင်း အေအေးလူလူ ကျင့်ကြံလိုက်၊ တာအိုတရားကို ဆွေးနွေးလိုက်နဲ့ ဟုတ်နေတာပဲ… ’
ရွှေနတ်လိပ်ကျွန်းပေါ်ရှိ ရတနာရေကန်ထဲတွင် ကောင်းကင်နဂါးတစ်ကောင်သည် ဖြည်းညင်းစွာကူးခတ်နေ၏။ ၎င်း၏ ကျဉ်းမြောင်းသောမျက်လုံးများသည် စိတ်မကြည်လင်မှုများနှင့် ပြည့်နေ၏။

ထိုအချိန်တွင် သူသည် ဆယ်ကျော်သက် နဂါးတစ်ကောင်မဟုတ်တော့ပေ။

သို့သော် သူ၏ရင်တွင်းမှ စိတ်ဒဏ်ရာများသည် အကင်းမသေသေးချေ။ အောင်းရိသည် ထို လူသား တာအိုရသေ့အိုကြီး၏ ပုံရိပ်ကို ပြန်မြင်ယောင်တိုင်း ကြောက်ရွံ့နေရဆဲပင်။ သူသည် မိစ္ဆာများကိုကျော်လွှားနိုင်သည့် ကျင့်ကြံခြင်းအဆင့်ကို ရောက်နေသော်လည်း ထိုအကြောက်တရားကို မကျော်လွှားနိုင်သေးပေ။

သူသည် ထိုအကြောက်တရားကို ထိပ်တိုင်ရင်မဆိုင်ဘဲ ရှောင်ပြေးနေမိ၍ ကျန်းမာရေး ပြဿနာများလည်း ရှိလာလေသည်။

ထိုရေကန်နှင့် မလှမ်းမကမ်းတွင် ကျဲကျောင်းတော်မှ အာကာသနတ်မင်းအဆင့်ရှိသူများသည် မရင့်ကျက်သေးသော နတ်ဝိဇ္ဇာလေးများကို အမတတာအိုတရားကြီးကို ရှင်းပြနေ၏။

အောင်းရိသည် ထိုနေရာသို့သွား၍ နား‌ထောင်လိုသော်လည်း…

ထိုနေရာတွင် လူသား တာအိုရသေ့အိုကြီးများ များစွာရှိနေလေသည်။

ထို့ပြင် မျက်နှာထား သုန်သုန်မှုန်မှုန်နှင့် လူတချို့လည်းရှိနေရာ သူ၏ နာကျင်စရာ မှတ်ဉာဏ်များကို ပြန်၍ပေါ်လာစေပေလိမ့်မည်။

ကျွန်းပေါ်ရှိ လူသား ချီကျင့်ကြံသူများကို နှစ်ပေါင်းများစွာ လေ့လာပြီးနောက် အောင်းရိသည် များစွာသော ပြဿနာများကိုတွေ့လာရပြီး သံသယများလည်း ဝင်လာလေသည်။

တစ်ခါတရံတွင် သူသည် လူသားမျိုးနွယ်အပေါ် အထင်မှားမိလေပြီလောဟုပင် တွေးမိခဲ့၏။
‘ ငါနဲ့ကြုံခဲ့တဲ့ အဲဒီအေးစက်စက်မျက်နှာထားနဲ့ တာအိုရသေ့အိုကြီးက လူသားမျိုးနွယ်ထဲက ကွဲပြားနေတဲ့သူလား ’

‘ မဟုတ်ဘူး… လုံးဝမဖြစ်နိုင်ဘူး ’
လူသား ချီကျင့်ကြံသူများသည် ဖော်ရွေ၍ နေ့စဉ် ပျော်ပျော်ရွှင်ရွှင် နေကြပြီး မိစ္ဆာများ၊ ဝိညာဉ်များ၊ သားရဲများကို သူတို့နှင့် မျိုးနွယ်တူများကဲ့သို့ပင် လိုက်လျောညီထွေဆက်ဆံကြသော်လည်း အမှန်မှာကား စိတ်နှလုံးမကောင်းသော သူများသာဖြစ်သည်။

အပေါ်ယံတွင် လူသား ချီကျင့်ကြံသူအများစုသည် သူ့ကို ‘ ညီလေး ’၊ ‘ မိတ်ဆွေ ’ စသဖြင့် ခေါ်ကြသော်လည်း စိတ်ထဲတွင် သူ့ကို အရှေ့သမုဒ္ဒရာမှ ဟန်ပြ ဒုတိယမင်းသားလေးအနေနှင့်သာ ဆက်ဆံကြ၏။

‘ အခုခေတ်မှာ အောင်မြင်ကျော်ကြားဖို့ မလွယ်တော့ဘူးလား… ’
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ရွှေနတ်လိပ်ကျွန်းတွင် နဂါးဝိညာဉ်အနည်းငယ်သာ ရှိခဲ့၏။ ထိုနဂါးများသည် သူနှင့်မကြာမကြာစကားပြောကာ သူ့ကို နှစ်သိမ့်ပေးခဲ့သည်။

ကျင့်ကြံခြင်းနှင့် ပတ်သတ်၍မူ တိမ်မည်းနတ်ဝိဇ္ဇာသည် သူ၏အိပ်မက်အတွင်းသို့လာ၍ နတ်မန္တန်အချို့ကို သင်ပေးခဲ့၏။ သူသည် အောင်းရိအား နတ်ရတနာနှစ်ပါးကို ပေးပြီးသောအခါ သူ့ကိုထပ်၍ အာရုံမစိုက်‌တော့ချေ။

သူ၏ ဆရာသည် သူ့အပေါ်အာရုံမစိုက်သော်လည်း အောင်းရိသည် သူ့ဆရာအပေါ် အငြိုးမထားပေ။

သူသည် တစ်ခေါက်ထွက်ပြေးခဲ့ဖူးသည်ဖြစ်ရာ ဤအရာသည် သူပြန်ပေးဆပ်ရမည့် အရာသာဖြစ်သည်။

သို့သော် သူသည် နဂါးဘုရင်၏မျိုးဆက်ဖြစ်သဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် တဖြည်းဖြည်းမြင့်မားလာပြီး မူလနတ်ဝိဇ္ဇာအဆင့်သို့ပင် ရောက်ခဲ့ပြီဖြစ်သည်။ သူသည် နဂါးမှော်အစွမ်းများကိုလည်း ရရှိလာ၏။

နဂါးများအနေဖြင့် နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းရန် မခက်ခဲပေ။ ၎င်းတို့သည် ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်အတွင်းသို့ ပျံသန်းသွား၍ မိုးကြိုးများသည် ၎င်းတို့၏ အကြေးခွံအား ပြောင်းလဲပစ်သည်ကို ခံလိုက်ရုံသာဖြစ်သည်။

‘ ငါဘယ်တော့ တန်ခိုးရှင်ပြောတဲ့ စကားတွေကို နားထောင်ရမှာလဲမသိဘူး ’
အောင်းရိသည် ရင်ထဲတွင် သက်ပြင်းချလိုက်သည်။

ကျဲကျောင်းတော်သည် အပြင်စည်းဂိုဏ်းနှင့် အတွင်းစည်းဂိုဏ်းဟူ၍ နှစ်ပိုင်းခွဲထား၏။ အတွင်းစည်းဂိုဏ်းတွင် ကျဲကျောင်းတော်ကိုတည်ထောင်သူ အရှင်လင်းပေါင်ထျန်းကျွမ်း ကိုယ်တိုင်သင်ပေးခဲ့သော တာအိုတရားများကို ကျင့်ကြံသည့် ဂိုဏ်းသား အနည်းငယ်သာ ရှိလေသည်။

ထိုအတွင်းစည်းဂိုဏ်းရှိ တန်ခိုးရှင် အရှင်လင်းပေါင်ထျန်းကျွင်း၏ တပည့်များမှာ တာအိုရသေ့ သော်ပေါင်၊ ရွှေဝိညာဉ်မယ်တော်၊ လိပ်ဝိညာဉ်မယ်တော်နှင့် အခြား တပည့်တချို့ဖြစ်ကြသည်။

အပြင်စည်းဂိုဏ်းတွင်မူ တပည့်အများအပြားရှိရာ ‌ရေတွက်၍ပင် မရနိုင်ချေ။ အပြင်စည်းဂိုဏ်းတွင် ဝါအကြီးဆုံးတပည့်များမှာ ကျောက်ကုန်းမင်၊ ယွင်ရှောင်၊ ပိရှောင်နှင့် ချုန်းရှောင်တို့ ဖြစ်သည်။ ထိုလေးဦးသည် ကျဲကျောင်းတော်၏ တပည့်ဖြစ်လာစဉ်က သူတို့တွင် ကိုယ်ပိုင်တာအိုရှိနေပြီးသား ဖြစ်သဖြင့် အပြင်စည်းဂိုဏ်းသို့ ရောက်သွားခြင်းဖြစ်၏။

စကြဝဠာတိုက်တစ်သောင်းအတွင်း အနှံ့အပြား ခြေကုပ်ယူထားကြသူများမှာ ကျဲကျောင်းတော်မှ တပည့်များပင်ဖြစ်သည်။ အရှင်လင်းပေါင်ထျန်းကျွမ်းနှင့် သူ၏ အတွင်းစည်းဂိုဏ်းမှ တပည့်လေးဦးသည် မြစိမ်းနန်းတော်တွင် တစ်နှစ်ပတ်လုံးနေထိုင်ကြသည်။

မြစိမ်းနန်းတော်သည် တန်ခိုးရှင် အရှင်လင်းပေါင်ထျန်းကျွမ်း၏ တာအိုတရားများကို ထိန်းသိမ်းရာနေရာဖြစ်သည်။ တာ့လော်နတ်မင်းအဆင့်ရှိသူများသာ ထိုနန်းတော်ကို ရှာတွေ့နိုင်သည်ဟု ဆိုကြ၏။

ရွှေနတ်လိပ်ကျွန်းပေါ်တွင် ၎င်းမြစိမ်းနန်းတော်သို့သွားရာ လမ်းတစ်လမ်းရှိသော်လည်း မည်သည့်နေရာတွင်ရှိကြောင်း မည်သူမှမသိပေ။

အောင်းရိသည် ရွှေနတ်လိပ်ကျွန်းအနှံ့တွင် ရှာပြီးသော်လည်း ထိုလမ်းကို ရှာမတွေ့သေးချေ။

ထို့ကြောင့် သူ့တွင် ကံမပါဟု ဆိုနိုင်ပေသည်။

ကျဲကျောင်းတော်သည် ကျောသားရင်သားမခွဲဘဲ သင်ကြားပေးသဖြင့် ကျောင်းတော်သုံးကျောင်းထဲတွင် တပည့်အများဆုံးရှိသော ကျောင်းဖြစ်သည်။

အောင်းရိသည် ရန်ကျောင်းတော်ကို အပြည့်အဝနားလည်၏။

ထိုကျောင်းတော်၏ တည်ထောင်သူသည် တန်ခိုးရှင်တစ်ပါးဖြစ်သည့်အပြင် အခြားတန်ခိုးရှင်တစ်ပါး၏ တပည့်လည်းဖြစ်သည်။ ချန်ကျောင်းတော်နှင့် ကျဲကျောင်းတော်သည် ရန်ကျောင်းတော်ကို ရန်မစဝံ့ပေ။ အလယ်နတ်ကျွန်းရှိ သာမန်တာအိုဂိုဏ်းများသည်လည်း ရန်ကျောင်းတော်ကို မစော်ကားဝံ့ချေ။

အရှင်ထိုက်စန့်လောင်ကျွင်းသည် တန်ခိုးရှင်ခြောက်ပါးလုံး၏ ထိပ်ခေါင်ဖြစ်ပြီး စွမ်းအားအကြီးဆုံး ဘိုး‌ဘေးအဖြစ် ထင်ရှားသည်။
‘ ငါသာ အရင်က ခေါင်းမာမာနဲ့ အသက်ကိုရင်းပြီး ရန်ကျောင်းတော်ကို ဝင်ဖို့ မရမကတောင်းဆိုခဲ့ရင် အခုဆို နဂါးနန်းတော် ပြန်ပြီးဦးမော့နိုင်မယ့် နည်းကိုသိရလောက်ပြီ ’

‘ တုနတ်ဝိဇ္ဇာဂိုဏ်းကတော့… ’
ထိုအခိုက်တွင် အောင်းရိသည် ထိုဂိုဏ်းကို အနည်းငယ် မကျေနပ်ပေ။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရန်ကျောင်းတော်လက်အောက်မှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ရာ အရှင်ထိုက်စန့်လောင်ကျွင်း၏ တာအိုတရားများကို သင်ကြားပေးသည်သာ ဖြစ်သည်။ သို့သော် ထိုဂိုဏ်းသည် အစွမ်းမကြီးသည့်အပြင် ဂိုဏ်းအတွင်း၌ ကျော်ကြားသော ပညာရှင်များလည်း မရှိပေ။

အောင်းရိသည် အာကသနတ်မင်းအဆင့်ရှိသူများ ပြောနေသည့် သုတ္တန်များကို နားထောင်ပြီးနောက် ရင်ထဲတွင် သက်ပြင်းချကာ ကန်အောက်ခြေသို့ ဖြည်းဖြည်းချင်းကူးသွားလိုက်၏။

သူသည် ထောင့်တစ်ခုတွင်ခွေ၍ တိတ်တဆိတ်ကျင့်ကြံနေလိုက်သည်။
‘ ငါအိပ်လို့မရဘူး… ငါအိပ်လိုက်မိရင် စားစရာတစ်ခုလို သတ်ဖြတ်စားခံရတဲ့ အိပ်မက်ဆိုးတွေမက်လိမ့်မယ် ’

အောင်းရိသည်တွေးမိလေလေ အာဒိကပ္ပခေတ်ရှိ သမုဒ္ဒရာရေသည် မည်မျှနက်ရှိုင်းကြောင်း သိလာလေလေပင်။

နဂါး-ဇာမဏီ‌ စစ်ပွဲကြီးသည် နဂါးများကို ဖျက်ဆီးခဲ့ရုံသာမက နဂါးမျိုးနွယ်ရှိ ပညာရှင်အစစ်အမှန်များကိုလည်း သေဆုံးစေခဲ့သည်။

ကောင်းကင်နှင့်မြေကြီးတွင် တန်ခိုးရှင်များ အုပ်စိုးနေပြီး နဂါးများသည် သမုဒ္ဒရာအတွင်း၌သာ နေနေရ၏။ ယခုလောကတွင် လူသားမျိုးနွယ်နှင့် တာအိုဂိုဏ်းများသည်သာ အဓိကဇာတ်ဆောင်ဖြစ်နေလေသည်။

သူ၏ ယခင်မှ အတွေးများသည် အနည်းငယ် ကလေးကလားဆန်ခဲ့၏။ သို့သော် ပြန်တွေး၍ ရှက်နေစရာမလိုချေ။ အိပ်ချင်ယောင်ဆောင်သူနှိုးရခက်ဆိုသလို တမင်အမှန်တရားကို မျက်ကွယ်ပြုထားကြသော နဂါးမျိုးနွယ်ကို နိုးထအောင်ပြုရန် မလွယ်ပေ။

သို့သော် နဂါးမျိုးနွယ် ပြန်၍ ဦးမော့လာစေရန် တစ်ခုတည်းသောနည်းမှာ နဂါးမျိုးဆက်သစ်များကို တန်ခိုးရှင်တို့၏ ကျောင်းတော်များတွင် တပည့်ခံစေခြင်းသာဖြစ်သည်။

‘ ငါ…အောင်းရိ ဘာလုပ်သင့်လဲ ’
အမှန်တွင် သူသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အကြံကောင်းတစ်ခုကို ရထား၏။

‘ ထင်ပေါ်ကျော်ကြားလာရမယ် ’
သူသည် နဂါးနန်းတော်၏ အိမ်‌‌ရှေ့မင်းသားဖြစ်လာပြီး တန်ခိုးရှင်တစ်ပါး၏ တပည့်ဖြစ်လာကာ ထင်ပေါ်ကျော်ကြားလာခဲ့လျှင် သူ့မျိုးနွယ်ရှိလူများကို နားဝင်အောင်ပြောနိုင်ပြီး သူတို့၏ မာနများကို မျိုသိပ်ခိုင်းထားနိုင်လေသည်။

ထိုနည်းသည် နဂါးမျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သော အခွင့်အရေးဖြစ်နိုင်၏။

အောင်းရိသည် ကျင့်ကြံနေရင်း ကန်ဘေးမှနေ၍ ကျင့်ကြံသူနှစ်ဦးဖြတ်သွားသံကို ကြားလိုက်ရသည်။ ထိုသူနှစ်ဦးသည် စကားပြောနေကြ၏။
“ ဒီတစ်ခေါက်တော့ ကျုပ် အရှေ့ကျွန်းမှာရှိတဲ့ နတ်ဝိဇ္ဇာဂိုဏ်းတွေကိုသွားပြီး တာအိုတရား သွားဆွေးနွေးမယ်။ အဲဒီနတ်ဝိဇ္ဇာဂိုဏ်းတွေရဲ့ ရှေးကျပြီး အရိုင်းဆန်တဲ့ စည်းမျဉ်းတွေအတိုင်း တပည့်ငယ်တွေကိုလည်း ယှဉ်ပြိုင်ခိုင်းတာပေါ့။ ဒါပေမယ့် ကျုပ်မှာ တပည့်ငယ်တွေ မရှိဘူးဖြစ်နေတာ… ”

ကန်အောက်ခြေရှိ အောင်းရိသည် စိတ်လှုပ်ရှားသွားသည်။ သူသည် အမြီးကိုဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာကျုံ့သွား၏။ ထို့နောက် သူသည် ရေကန်အပြင်သို့ထွက်လိုက်လေသည်။

ကောင်းကင်နဂါးတစ်ကောင်သည် ရေကန်အတွင်းမှနေ၍ ကောင်းကင်ပေါ်သို့ ထိုးထွက်သွား၏။ ၎င်း၏ အကြွေးခွံများသည် တလက်လက် တောက်ပနေပေသည်။

ကောင်းကင်နတ်မင်းအဆင့်ရှိသော ကျင့်ကြံသူနှစ်ယောက်သည် လှည့်၍ကြည့်လိုက်ရာ ၎င်းနဂါးက ခန့်ညားသော လူငယ်လေးအသွင် ပြောင်းလဲသွားသည်ကိုသာ တွေ့လိုက်ရ၏။ သူသည် ကောင်းကင်မှ ဖြည်းဖြည်းချင်းဆင်းသက်လာပြီး ထိုနှစ်ဦးကို ဦးညွှတ်လိုက်လေသည်။

“ ဆ..ဆရာတို့… ”
အောင်းရိပြောလိုက်သည်။
“ ကျွန်တော် အမြင်ကျယ်ချင်လို့ပါ။ ကျွန်တော်က စပြီးကျင့်ကြံတာမကြာသေးပါဘူး…ဒီတော့ ကျဲကျောင်းတော်ရဲ့ တပည့်ငယ်တစ်ယောက်လို့ ပြောလို့ရပါတယ် ”

သူ့တွင် ရွေးချယ်စရာမရှိပေ။ သူသည် တိမ်မည်းနတ်ဝိဇ္ဇာ၏ တပည့်ဖြစ်၏။ ရွှေနတ်လိပ်ကျွန်းပေါ်တွင် ကျင့်ကြံသူများ အများအပြားရှိရာ မည်သူသည် မည်သူမှန်း သူ မသိချေ။

သူသည် ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်အရွယ်သာရှိသည့် လူငယ်လေးတစ်ယောက်အသွင် ဖြစ်နေ၏။

အဘယ့်ကြောင့်မှန်း သူ မသိသော်လည်း ထိုတာအိုရသေ့အိုကြီး၏ တိုက်ခိုက်မှုကို ခံရပြီးကတည်းက သူ၏ လူသားခန္ဓာကိုယ်သည် ဆက်၍ မကြီးထွားလာတော့ပေ။ ကျဲကျောင်းတော်မှ ကောင်းကင်နတ်မင်းအဆင့်ရှိသော ကျင့်ကြံသူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူ့ကို အလျင်အမြန် နှုတ်ဆက်လိုက်လေတော့၏။


Comment

Leave a Reply

Options

not work with dark mode
Reset