Switch Mode

အပိုင်း (၂၄၉)

ဓားဝိဇ္ဇာ

အလွန် လေးနက်စွာ ပြုမူနေသော နန်းကုန်း မိသားစုကို မြင်လျှင် ရီဖူရှင်း ရေရွတ်လိုက်သည်…. “ကော့တေးက ဒီလောက် ကြောက်စရာ ကောင်းလား….”
အစ်မနှစ်ကား အလွန် သဘောကောင်းသလို အစ်မ ရှင်းအာမှာလည်း သိမ်မွေ့ ညင်သာသည်။ သူ၏ အစ်ကိုများမှာလည်း ရိုးသား ပွင့်လင်းသော စာပေသမားများ ဖြစ်ကြသည်။
သူ၏ စကားကို ကြားလျှင် လူတိုင်းက ဆွံ့အသွားကြသည်။ ကော့တေးကား ကြောက်စရာ မကောင်းပေ။ ထိုအစား ကော့တေးကား မရေမတွက်နိုင်သော လူများက ဝင်ရောက်ရန် တောင့်တရသော တန်ခိုးကျင့်ရာ မြင့်မြတ်နေရာ ဖြစ်သည်။ သို့သော်လည်း ကော့တေးက တပည့်လက်မခံပေ။
အတိတ်တွင် ကော့တေးက တိုက်ပွဲနှစ်ပွဲကြောင့် နာမည် ကျော်ကြား လာသည်။ ယခု ချင်ပြည်ထောင် နန်းတော်ပြင်ပမှ တိုက်ပွဲကိုလည်း ထည့်သွင်း ပြောကြရမည် ဖြစ်သည်။ နန်းကုန်း မိသားစုမှ လူများက ရီဖူရှင်းအား တစ်နည်းအားဖြင့် ပြဿနာရှာခဲ့ကြရာ သူတို့က လာရောက် မတောင်းပန်ရဲဘဲ နေမည်လော။ သူတို့၏ ရှေ့မှ ဖြစ်စဉ်များက ဥပမာများ မဟုတ်ပါလော။
“မင်းကိုယ်တိုင်က ဒါကို မသိဘူးလား….” ယိချန်က မျက်လုံပြူးလျက် ရီဖူရှင်းကို ကြည့်သည်။ ဤကောင်ကား ပြဿနာ ရှာပြီးမှ ယခု ရိုးသားသလို ပြုမူနေသည်။
ရီဖူရှင်းက ယနေ့နံနက်က သူက ကျင်းဝူကျောင်းတော်သို့ သွားရောက် လည်ပတ် လိုသည်ဟု ပြောခဲ့သော စကားကို ပြန်တွေးမိလျှင် သူကား မူလကတည်းက အားလုံးကို စီစဉ်ထားခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။ ကြည့်ရသည်မှာ နောင်တွင် သူတို့က နှိမ့်ချစွာ နေ၍ ရတော့မည့်ပုံ မပေါ်တော့ပေ။ မှန်သည်… နောင်တွင် နန်းကုန်းချန်း ကဲ့သို့သော သူလည်း ထွက်ပေါ် လာတော့မည် မဟုတ်တော့ပေ။
“ခင်ဗျားရဲ့ တပည့် ယူချင်းကလည်း ကော့တေးမှာပဲ… ဒီတော့ နောက်ဆို ခင်ဗျားကိုလည်း လူတိုင်းက ကြောက်ကြလိမ့်မယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ထိုအခိုက်တွင် သူတို့ထံ တစ်စုံတစ်ယောက် လျှောက်လာသည်။ သူကား ကျောင်းတော်၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ ယူချင်း၏ ဘေးမှ ယိချန်အား ကြည့်သည်။ ထို့နောက် သူက ပြောသည်… “ကော့တေးရဲ့ တပည့် ရီဖူရှင်းနဲ့ ယူချင်းက ဒွန်ဟွာကလန်က တပည့်တွေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကျုပ်ကြားတယ်… ဒါကြောင့်ပဲ အရှေ့မြေရိုင်း ဒေသကို လှုပ်ခတ်မှုတွေ ဖြစ်စေတယ်… အခု မင်းတို့ နှစ်ယောက်က ကျင်းဝူ ကျောင်းတော်ကို ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး…..”
“စီနီယာ… ခင်ဗျားက မြှောက်ပြော နေပြန်ပြီ….” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ကာ ပြောသည်။ ထို့နောက် သူက ဆက်ပြောသည်… “ကျွန်တော်က အောင်မြင်မှု နည်းနည်း ရတယ် ဆိုရင်တောင် ဒါက ဆရာနှစ်ယောက်ရဲ့ သင်ပြမှုတွေ ကြောင့်ပါပဲ…. မဟုတ်လျှင် ကျွန်တော်က ဒီနေ့လို အခြေအနေ ရောက်လာမှာ မဟုတ်ဘူး… ဒီတစ်ခေါက် စာအုပ် တောင်ပေါ်က ဆင်းလာတဲ့ အချိန်မှာ ဆရာက ဒီကျောင်းမှာ တန်ခိုးကျင့်နေတယ် ကြားတာနဲ့ လာလည်ဖြစ်တာ…. မတော်တဆ တချို့ကြောင့် အနှောင့်အယှက် ဖြစ်သွားတဲ့ အတွက် ဗွေမယူစေချင်ပါဘူး….”
“ဒါက အသေးအမွှား ကိစ္စပါပဲ… ပြောနေစရာ မလိုပါဘူး….” အကြီးအကဲက ပြုံးလျက် ပြောသည်။ ထို့နောက် သူက ဟွာဖန်းလူနှင့် ယိချန်ကို ကြည့်ကာ ပြောသည်…. “ခင်ဗျားတို့က ဒီလို ထူးချွန်တဲ့ တပည့်တွေကို သင်ပေးခဲ့တယ်… ဒါပေမဲ့ ကျောင်းတော်မှာ နည်းပြပဲ လုပ်ပြီးတော့ တပည့် လက်မခံဘူး… ဒါက အရမ်း လွန်တာပဲ….”
ကျောင်းတော်မှ ကျောင်းသား အများအပြားက ဟွာဖန်းလူနှင့် ယိချန်တို့အား မျက်လုံးများ ဝင်းလက်လျက် ကြည့်နေကြသည်။ သူတို့ကား ကျောင်းတော်တွင် နှိမ့်ချလျက် နေကြပြီး တပည့် လက်မခံကြပေ။ ကြည့်ရသည်မှာ အမှန်တကယ် အားဖြင့် သူတို့က အရည်အချင်း မရှိ၍ မဟုတ်ဘဲ သူတို့က တခြား ကျောင်းသားများကို လုံလောက်သော ပါရမီမရှိဟုသာ သတ်မှတ် ထားကြပုံရ၏။
“ကျုပ်က အေးအေးဆေးဆေး နေရတာကို သဘောကျပြီးတော့ ဒီဆို ဆန္ဒမျိုး မရှိတော့ပါဘူး….” ဟွာဖန်းလူက ခေါင်းယမ်းကာ ပြုံးလျက် ပြောသည်။
“ကောင်းပြီ… ဒါက ခင်ဗျားတို့ သဘောပါပဲ…. ခင်ဗျားတို့ကို မနှောင့်ယှက်တော့ပါဘူး….. ခင်ဗျားတို့က ကျောင်းတော်မှာ ဆက်လျှောက် ကြည့်ကြပေါ့….” အကြီးအကဲက ပြုံးလျက် ပြောကာ ထွက်သွားသည်။
ကော့တေးမှ ပါရမီရှင် နှစ်ယောက်ကား သူတို့ ကျောင်းတော်မှ နည်းပြ နှစ်ယောက်၏ တပည့်များ ဖြစ်ကြသည်။ ထို အချက်အလက်က သူတို့ ကျောင်းတော်၏ ဂုဏ်သတင်းအား များစွာသော အကူအညီကို ရစေမည် ဖြစ်သည်။
အကြီးအကဲ ထွက်သွားသည့်တိုင် နည်းပြဟန်နှင့် နည်းပြမိုတို့ကား ဟွာဖန်းလူကို ကြည့်နေကြဆဲပင်။ ဟိတ်ဟန် ကြီးမားသည်လား။ သူတို့ကား ရီဖူရှင်းနှင့် ယူချင်းတို့၏ တပည့်များ ဖြစ်ကြသည်။ သူတို့က ဟိတ်ဟန်များလျှင်ပင် တခြား လူများက မည်သို့ ပြောနိုင်မည်နည်း။
သူတို့ဘေးမှ ယွီချန်၏ မျက်လုံးများက မှေးမှိန်သွားသည်။ နည်းပြဟွာ၏ တပည့်ကား ရီဖူရှင်း ဖြစ်သည်။ နည်းပြဟွာက သူမအား တပည့်အဖြစ် လက်မခံလိုသည်မှာ မထူဆန်းတော့ပေ။
“သွားကြစို့….” ဟွာဖန်းလူက ညင်သာစွာ ပြောသည်။ သူတို့ အုပ်စု နောက်လှည့်ကာ ကျောင်းတော်အား ဆက်လက်၍ လျှောက်ကြည့် ကြသည်။ ဟွာဖန်းလူက ရီဖူရှင်းကို ပြောသည်… “မင်းအခု ကျေနပ်ပြီလား….”
“မဟုတ်ဘူးဆရာ… ကျွန်တော်က တစ်ခါတလေ ဆရာကို မနာလိုဘူး….” ရီဖူရှင်းက လေးနက်စွာ တွေးလျက် ပြောသည်။
“ငါ့ကို မနာလိုဘူး…” ဟွာဖန်းလူက သူ့အား ကြည့်သည်။
“ဟုတ်တယ်….” ရီဖူရှင်းက ခေါင်းညိတ်လျက် ပြုံးရယ်ကာ ပြောသည်…. “ကျွန်တော်က ဆရာမှာ ဒီလို ထူးချွန်တဲ့ တပည့်ရှိတာ မနာလိုဘူး….”
ဟွာဖန်းလူက ရီဖူရှင်းအား ကြည့်လျက် ပြောသည်… “မင်းက ဒီတစ်ခေါက် ပြန်လာတာ တောင်ပေါ်မှာ ဆက်ပြီး ပြဿနာ ရှာလို့ မရတော့လို့မလား….”
“ဒီလို ဘယ်ဟုတ်မလဲ…. ဆရာတူ အစ်ကို အစ်မတွေက ကျွန်တော့်အပေါ် အရမ်း ကောင်းကြတယ်….” ရီဖူရှင်းက ပြောသည်။
“ဒါက အဆင်ပြေတယ်… မင်းက တောင်ပေါ်က နှင်ထုတ် ခံရရင်တောင်မှ ငါက မင်းကို ဒီမှာ ဆက်ထားပေးလို့ ရတယ်….” ဟွာဖန်းလူက ပြုံးလျက် ပြောသည်။ ရီဖူရှင်း၏ မျက်နှာက နက်မှောင် သွားသည်။
“ဆရာ… ဆရာက ကျွန်တော့်ကို အချစ်ဆုံးဆိုတာ သိပါတယ်….” ရီဖူရှင်းက သနားစဖွယ် ပြောသည်။

***

ရီဖူရှင်းက သူ၏ ဆရာနှင့်အတူ ရက်နည်းငယ် နေခဲ့သည်။ ထို့နောက် သူက ကော့တေးကို ပြန်ကာ ဆက်လက်၍ တန်ခိုးကျင့်သည်။ နှစ်သစ်တွင် အရှေ့မြေရိုင်း တစ်ခွင်ကို လှုပ်ခတ်စေသော တိုက်ပွဲတစ်ခု ဖြစ်ပွားမည် ဖြစ်သည်။ သူ၏ လက်ရှိ တန်ခိုးအဆင့်က မည်သည့်အရာကိုမှ ဆုံးဖြတ်နိုင်စွမ်း ရှိမည် မဟုတ်သည့်တိုင် သူက တစ်စုံတစ်ခု လုပ်လိုသေးသည်။ သူကား ဓမ္မအဆင့် ငါးကို ဝင်ရောက်ခဲ့ပြီ ဖြစ်သော်လည်း တန်ခိုးအဆင့် အလွန် နိမ့်နေသေးသည်။ သူ၏ တန်ခိုးအဆင့် မြှင့်ရန် ကြိုးစားရမည့်အပြင် တခြား သင်ယူစရာ များစွာလည်း ရှိနေသေးသည်။ ထို့ကြောင့် သူက ငြိမ်သက်စွာပင် အာရုံ စူးစိုက်လျက် လေ့ကျင့်နေသည်။
ကော့တေးမှ နေ့ရက်များကား တိတ်ဆိတ်ကာ အေးဆေးနေဆဲ ဖြစ်သည်။ အစ်မနှစ်၏ အရှိန်အဝါဖြင့် မည်သူက ပြဿနာ ရှာရဲမည်နည်း။ သို့သော် ကော့တေးတွင် ရီဖူရှင်း၏ အဆင့်ကား  ပိုမို၍ မြင့်မားလာသည်။ အစ်မနှစ်က သူ့အပေါ် အမှန်ပင် ကောင်းပေသည်။ အစ်ကိုသုံးကိုမူကား သူမက အေးစက်စွာ ဆက်ဆံနေဆဲ ဖြစ်သည်။ ထိုအရာက အစ်မနှစ်နှင့် အစ်ကိုသုံးကြားက ကိစ္စဖြစ်ရာ မည်သူမှ ဝင်မစွက်ဖက်ရဲပေ။
ရက်များက ထိုသို့သောနည်းဖြင့် လျင်မြန်စွာ ကုန်ဆုံးနေသည်။ သူ မသိလိုက်မီမှာပင် နှစ်ဟောင်း ကုန်ခါနီးကို ရောက်လာပြီ ဖြစ်သည်။ အရှေ့မြေရိုင်း ဒေသ၏ အခြေအနေမှာလည်း ပြောင်းလဲ လာပုံရသည်။ အရှေ့မြေရိုင်း ဒေသအား ကြီးမားစွာ လှုပ်ခတ်နိုင်မည့် အဖြစ်အပျက် တစ်ခုကား မကြာမီ ဖြစ်ပျက်တော့မည် ဖြစ်သည်။
ထိပ်သီး အင်အားစုများ အားလုံးက ထိုအတွက် ပြင်ဆင် နေကြသည်။

***

အရှေ့မြေရိုင်း ဒေသတွင် တောင်ကုန်း တောင်တန်းများ တည်ရှိနေသော အရပ်တွင် တိမ်များ အကြားအထိ မြင့်မားစွာ တည်ရှိနေသော တောင်ထိပ်ခုနစ်ခု ရှိသည်။ ထိုနေရာကား ဖူယွန်ဓားကလန် တည်နေရာ ဖြစ်သည်။
သတ္တမ တောင်ထိပ်ပေါ်တွင်ကား လက်တစ်ဖက်ပြတ် လူတစ်ယောက်က တိမ်များပေါ်တွင် ရပ်နေသည်။
နောက်ထပ် လူကိုးယောက်ကလည်း တိမ်စိုင်များပေါ်တွင် ရပ်နေလျက် ဓားတစ်လက်စီကို ကိုင်ထားကြသည်။ ဓားအသိက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့နေပြီး တိမ်စိုင် တိမ်တိုက်များက အစိတ်စိတ် အပိုင်းပိုင်များ ဖြစ်လာနေသည်။
တောင်စွန်း တစ်ခုပေါ်တွင်ကား လူကြီးတစ်ယောက် တိမ်စိုင်များပေါ်မှ လူများကို ကြည့်နေသည်။ ထိုအချိန်မှာပင် လူကိုးယောက်ထံမှ အားကောင်းသော ဓားအရှိန်အဝါများ ထွက်ပေါ်လာသည်။ လူကိုးယောက်က ကွဲပြားခြားနားသော ဓားပညာကိုးခုကို သုံးလျက် ဓားအလင်းများအား ထုတ်ဖော် လိုက်ကြသည်။ ဓားအလင်းများက ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်သွားကာ အလယ်မှ လူကို ဗဟိုပြုလျက် ဓားဝင်္ကပါတစ်ခု ဖြစ်သွားသည်။ ဓားဝင်္ကပါတွင်ကား မည်သည့် ထွက်ပေါက်မှ မရှိဘဲ ဓားချက် တစ်ခုစီတိုင်းက အလယ်မှ လူအား သတ်နိုင်စွမ်း ရှိနေပုံရသည်။
သူတို့က ဓားချက်များကို အဆက်မပြတ် ထုတ်လွှတ် နေကြကာ ထို ဓားချက်များက အလွန်အမင်း အားကောင်းသည်။ သိသာစွာပင် သူတို့က သနား သက်ညှာခြင်း မရှိကြပေ။ ထိုလက်တစ်ဖက်ပြတ် လူက သတ္တမ တောင်ကုန်းသခင်၏ လက်ရင်းတပည့် ဖြစ်သည့်တိုင် သူက သေမင်းဓား ကိုးလက်ဝင်္ကပါအား စိန်ခေါ်ရာ အကယ်၍ ကျရံှုးခဲ့ပါက သေရမည် ဖြစ်သည်။
ဤစိန်ခေါ်မှုကား သတ္တမ တောင်ကုန်းတွင် အရက်စက်ဆုံးသော စိန်ခေါ်မှု ဖြစ်သည်။ အတိတ်တွင် ထူးကဲစွာ ထူးချွန်သော ဓားပါရမီရှင်များပင်လျှင် ဤဓားဝင်္ကပါ အောက်တွင် သေဆုံးခဲ့ကြရသည်။ ထို့ကြောင့်လည်း သတ္တတောင်ကုန်းတွင် ဓားသမားများ အလွန် နည်းပါးသည်။
သေမင်း ဓားကိုးလက် ဓားဝင်္ကပါကား အနိုင်ယူရန် အလွန့်အလွန် ခက်ခဲလှသည်။
လက်တစ်ဖက်ပြတ်လူက နောက်ဆုံးတွင် စတင် လှုပ်ရှားသည်။ သူ၏ ခေါင်းအား အသာအယာ မော့ကာ သူ၏ မျက်လုံးများအား ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဓားကို ဆုပ်ကိုင်ထားသော လက်ကလည်း လှုပ်ရှားသွားသည်။ ထိုအချိန်မှာပင် ဓားသမား ကိုးယောက်က သူတို့ထံ တိုးဝင်လာသော ဓားအလင်း ကိုးခုကို မြင်လိုက် ကြရသည်။ လူကိုးယောက်က သူတို့၏ နေရာများကို တစ်ချိန်တည်းတွင် ရွေ့လျား လိုက်ကြကာ ဓားအလင်း ကိုးခုကို ပိတ်လှောင်လိုက်ကြသည်။ သေမင်းဓားကိုးလက်ဝင်္ကပါကား သတ္တမဓားတောင်ကုန်း၏ အားအကောင်းဆုံးသော ပူးပေါင်းတိုက်ကွက်ဖြစ်သည်။ ထိုတိုက်ကွက်ကာ ခုခံနိုင်သလို တပြိုင်နက်တည်းတွင် တိုက်ခိုက်နိုင်သည်။ ပြိုင်ဘက်က ပြေးပေါက် မရှိပေ။
သို့သော်လည်း သူတို့က နေရာ ပြောင်းလိုက်စဉ်မှာပင် သူတို့ မြင်ခဲ့သော ဓားအလင်း ကိုးခုက မူလကတည်းက မရှိခဲ့သလိုပင် ပျောက်ကွယ် သွားသည်။ တစ်ချိန်တည်းမှာပင် အလွန်အမင်း အားကောင်းသော ဓားအားလှိုင်းတစ်ခု သူတို့၏ စိတ်နယ်ပယ်ထဲတွင် ပေါ်လာသည်။ သူတို့၏ ဓားနည်းစနစ်က အားနည်းနေသော အချိန်တွင်ပင် ဓားအလင်းကိုးခုက သူတို့၏ ဓားကိုင်လက်အား ဖြတ်ကျော် သွားသည်။
အသားကို ထွင်းဖောက် သွားသော အသံကိုးခုကို ကြားလိုက်ရသည်။ သူတို့၏ လက်များမှ သွေးများ ယိုစီးကျလာကာ သူတို့၏ ဓားများ အောက်ကို ကျဆင်းသွားသည်။
သတ္တမ ဓားတောင်ကုန်း၏ အားအကောင်းဆုံးသော ဓားဝင်္ကပါကား ပျက်စီးသွားပြီ ဖြစ်သည်။ သို့သော် သူတို့၏ မျက်နှာများတွင် စိတ်ပျက်သည့် အမူအရာများကို မတွေ့ရဘဲ အလွန်အမင်း ဝမ်းသာ ပျော်ရွှင်သော အမူအရာ များကိုသာ တွေ့ကြရသည်။ တစ်ယောက်က လက်တစ်ဖက်ပြတ် လူငယ်အား ပြောသည်… “ဂုဏ်ပြုပါတယ် ဂျူနီယာ…”
“မင်းရဲ့ ဓားမျက်လုံးက ပွင့်သွားခဲ့ပြီ… သတ္တမ တောင်ကုန်းသခင် ပြီးရင် ကောင်းကင်ဓား မျက်လုံး ပညာကို လေ့ကျင့်နိုင်တာ ဂျူနီယာ တစ်ယောက်ပဲ ရှိတယ်…” နောက်တစ်ယောက် ကလည်း ဝမ်းသာစွာ ပြောသည်။
ရီဝူချင်းကား ဖူယွန်ဓားကလန်ကို ရောက်ရှိသည်မှာ တစ်နှစ်ခန့်မျှသာ ရှိသေးသော်လည်း ဓားမျက်လုံးကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သည်။ သတ္တမတောင်ကုန်း သခင်၏ အဆိုအရ ရီဝူချင်း၏ ပါရမီမှာ သိပ်ကောင်းသည် မဟုတ်ပေ။ သတ္တမ တောင်ကုန်းတွင် သူ့ထက် ပိုမို၍ ပါရမီ မြင့်မားသူများ ရှိသည်။ သို့သော် ကောင်းကင် ဓားမျက်လုံးကို အောင်မြင်စွာ လေ့ကျင့်နိုင်သူကား ရီဝူချင်း ဖြစ်သည်။ တန်ခိုးကျင့်သည့် ပါရမီအပြင် တခြား ပါရမီတစ်မျိုးက သူ့ထံတွင် ရှိကြောင်း သူတို့ သိသည်။ ထိုအရာကား ဆုံဖြတ်ချက် ခိုင်မာခြင်းနှင့် စူးနစ်စွာ ယုံကြည်မှု ဖြစ်သည်။ ဓားမျက်လုံး ပညာကို လေ့ကျင့်စဉ်က ရီဝူချင်း၏ မျက်လုံးများကား စုံလုံးကန်းလု နီးပါးပင်။
တောင်ကုန်း သခင်၏ အဆိုအရ သူကား ပါရမီ အမြင့်ဆုံးသော ဓားသမား မဟုတ်သော်လည်း ဓားပညာကို လေ့ကျင့်ရန်မူကား အသင့်တော်ဆုံးသောသူ ဖြစ်သည်။ သူကား မွေးရာပါ ဓားသမား ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်…” ရီဝူချင်းက ခေါင်းညိတ်ကာ တောင်စွန်းထံသို့ ပျံသန်း သွားသည်။ တောင်စွန်းပေါ်မှ အကြီးအကဲက ပြောသည်…“ငါ့မှာ မင်းကို သင်ပေးစရာ မရှိတော့ဘူး…. ဒီနေ့ကစပြီး မင်းက စိတ်ရှိသလို လုပ်လို့ရတယ်…. မင်းသဘောက သတ္တမတောင်ကုန်းရဲ့ သဘောပဲ…..”
တိမ်တိုက်ပေါ်မှ ဓားသမားကိုးဦး၏ ရင်ဘတ်များ တုန်ခါသွားကြသည်။ သတ္တမတောင်ကုန်း သခင်က ဘာကို ဆိုလိုသည်ကို သူတို့ နားလည်သည်။ ယနေ့မှ စ၍ ရီဝူချင်းကား ဖူယွန်ဓားကလန် သတ္တမ ဓားတောင်ကုန်း၏ ဓားဝိဇ္ဇာ ဖြစ်သည်။
မရေမတွက်နိုင်သော လူများက လိုလား တောင့်တရသော ဓားဝိဇ္ဇာဘွဲ့အား သတ္တမ တောင်ကုန်းကို ဝင်ရောက်သည်မှာ တစ်နှစ်မျှပင် မကြာသေးသော ရီဝူချင်းအား ပေးအပ်ခဲ့သည်။
“ဟုတ်ကဲ့ဆရာ….” ရီဝူချင်းက နှိမ့်ချခြင်း မရှိဘဲ ပြန်ပြောသည်။ ထို့နောက် သူက ပြောသည်…. “ပထမ ဓားတောင်ကုန်းကို သွားပြီး သတင်းပို့ပါ…. ဖူယွန် ဓားကလန်ရဲ့  သတ္တမ တောင်ကုန်းက ရီဝူချင်းက ဓားပညာကို မူတည်ပြီးတော့ လီတောင်ယွန်ကို တိုက်ခိုက်ဖို့ ဖိတ်ခေါ်တယ်လို့….”
ထိုလူကိုးယောက်က ထိတ်လန့် အံ့အားသင့် သွားကြသည်။ ထို့နောက် သူတို့က တောင်စွန်းပေါ်တွင် ရပ်နေသာ အကြီးအကဲအား ကြည့်ကြသည်။ သို့သော်လည်း သတ္တမ တောင်ကုန်း သခင်ကား ရီဝူချင်း ပြောသည်ကို မကြားသည့်အလား လှည့်ကာ ထွက်သွားသည်။
ထိုမြင်ကွင်းက လူကိုးယောက်၏ မျက်လုံးများကို လင်းလက် သွားစေသည်။ ထိုအပြုအမူ၏ သဘောကို သူတို့ နားလည်သည်။
ယနေ့မှ စ၍ ရီဝူချင်းက သူ့ဆန္ဒအလျောက် လုပ်ဆောင်နိုင်သည်။ သူ၏ အပြုအမူတိုင်းက ဖူယွန်ဓားကလန်အား ကိုယ်စားပြုသည်။
သူကား သတ္တမ ဓားတောင်ကုန်း၏ ဓားဝိဇ္ဇာ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset