Switch Mode

အပိုင်း (၂၄၆)

စာ

တန်ဝမ်ကား ချောမောပြီး ရေပြင်ကဲ့သို့ သိမ်မွေ့သည်။ သူမအား ပိုးပန်းသူ ရှိသည်မှာ မထူးဆန်းပေ။ သူမအတွက် သင့်တော်သောသူ ရှိလာလျှင် ရီဖူရှင်းက ဝမ်းသာမိမည် ဖြစ်သည်။ လူငယ်က ရည်ညွှန်းသော နန်းကုန်းကျာ နာမည်ကိုမူကား ရီဖူရှင်းက အနည်းငယ် ရင်းနှီးသလို ခံစားရသည်။ သူမက အနည်းငယ် မာနကြီးသည်ကို ရီဖူရှင်း မှတ်မိသည်။
“ကျွန်မက မိသားစု တွေ့ဆုံပွဲကို မသွားသင့်ဘူး ထင်တယ်… ဟုတ်တယ်မလား…..” တန်ဝမ်က ညင်သာစွာ ပြောသည်။ သူမက ထိုလူငယ်အား စိတ်ဝင်စားပုံ မရပေ။
“စိတ်မပူပါနဲ့…. ချိန်ချန်လည်း သွားလို့ရတယ်…..” လူငယ်က ဆက်ပြောသည်…. “ကျုပ်တို့က ကလန် တစ်ခုတည်းကပဲ…. နန်းကုန်းကျာကလည်း စားပွဲကျင်းပဖို့ ကျောင်းတော်က သူ့ရဲ့ မိတ်ဆွေတွေကို ခေါ်လာလိမ့်မယ်…. ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ…. မင်းတို့က ပါရမီရှင်တွေကို တွေ့ခွင့်ရမယ့်အပြင် နိုဘယ် တချို့ကိုလည်း တွေ့ရလိမ့်မယ်…”
“ကျွန်မ မသွားဘူး….” ယိချိန်ချန်က ပြောကာ ယူချင်း၏ ရင်ဘတ်တွင် မှီလိုက်သည်။ ထိုစားပွဲက သူမနှင့် မည်သို့ သက်ဆိုင်သနည်း။
“ကလန်အတူတူ…..” ရီဖူရှင်းက နားမလည်ပေ။ သူက တန်လန်နှင့် ဟွာဖန်းလူတို့အား ကြည့်လိုက်သည်။
တန်လန်က သူ့အား ဒေါသတကြီး ကြည့်သည်။ သူမ၏ အကြည့်ကို မြင်လျှင် ရီဖူရှင်း စိတ်ပျက် သွားသည်။ တန်အဒေါ်ကား သူ့ကို တစ်ခါမှ ကောင်းမွန်စွာ မကြည့်သေးပေ။ သူ မည်သို့ အမှား လုပ်မိသနည်း။
“ထျန်းရီမြို့မှာ ကျောင်းတော်တွေ အများကြီး ရှိတယ်…. ငါတို့က အခု ကျင်းဝူ ကျောင်းတော်မှာ ပညာသင်ပေးတယ်…. တန်ဝမ်နဲ့ ချိန်ချန်တို့ကလည်း အဲဒီမှာ ပညာသင်နေတယ်….” တန်လန်က ရီဖူရှင်းအား ပြောသည်…. “အစ်ကို နန်းကုန်းကလည်း အဲဒီမှာ ဆရာ တစ်ယောက်ပဲ…”
“ကျွန်တော် သိပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏ ဆရာက အချိန်တိုင်း အိမ်တွင် မနေနိုင်ပေ။ ထျန်းရီမြို့ကား အရှေ့မြေရိုင်း ဒေသတွင် အဓိက မြို့သုံးမြို့ထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် လူနေထူထပ်ကာ ကျောင်းတော်ပေါင်း များစွာလည်း ရှိသည်။ သူတို့က ထိပ်သီး အင်အားစုများနှင့် မယှဉ်နိုင်သည့်တိုင် သူတို့၏ အရည်အချင်းများကို မူကား အထင်သေး၍ မရပေ။ သူ၏ ဆရာက ထိုနေရာတွင် ပြဿနာ မရှိဘဲ သင်ပေးနိုင်သည်။
“အစ်ကိုဖန်းလူ … သူတို့ နှစ်ယောက်ကို ကျုပ်က ဘာလို့ မမြင်ဖူးတာလဲ….” နန်းကုန်းချန်းက မေးသည်။
“ဒါက ကျုပ်တပည့်ပဲ … သူကတော့ ယိချန်ရဲ့ တပည့်ပဲ…” ဟွာဖန်းလူက ပြုံးလျက် ပြောသည်… “ဝမ်အာက မသွားချင်ဘူး ဆိုမှတော့ သူမက သွားမှာ မဟုတ်ဘူး….. အခုလို ဖိတ်ခေါ်တာ ကျေးဇူးတင်ပါတယ်…..”
လူငယ်၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ရီဖူရှင်းကို ကြည့်သည်။
ယိချိန်ချန်နှင့် ယူချင်းတို့၏ ပတ်သက်မှုက သိသာနေပြီ ဖြစ်သည်။ သို့သော် တန်ဝမ်ကား တန်လန်၏ တပည့်ဖြစ်ပြီး ရီဖူရှင်းကား ဟွာဖန်းလူ၏ တပည့်ဖြစ်သည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ….။
ရီဖူရှင်းကလည်း အလွန်အမင်း ဆွဲဆောင်အား ကောင်းလှသည်။
“ကျုပ် သိပြီ….” နန်းကုန်းချန်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူ ဂရုမစိုက်ပေ။ ဟွာဖန်းလူကား သာမန်ကျင်းဝူ ကျောင်းတော်၏ ဆရာတစ်ယောက်မျှသာ ဖြစ်ပြီး သူ၏ တပည့်ကလည်း အရေးပါဟန် မတူပေ။
“အစ်ကိုဖန်းလူ… ခင်ဗျားက ဒီလောက် မြန်မြန် ငြင်းဖို့ မလိုပါဘူး…..” နန်းကုန်းချန်းက ထူးမခြားနားစွာ ပြောသည်…. “ခင်ဗျားရဲ့ မိသားစုတွေနဲ့အတူ နန်းကုန်း မိသားစုရဲ့ မိတ်ဆုံစားပွဲကို တက်လို့ ရတာပဲ …. ခင်ဗျားက ကျုပ်တို့ မိသားစုက ဘယ်လိုလဲ ဆိုတာကို ကြည့်လို့ရပြီး လူငယ်တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် သင်ယူလို့ရတယ်….”
နန်းကုန်းချန်း၏ လေသံကား တည်ငြိမ်ကာ အထက်စီးဆန်သည်။ မည်သို့ပင်ဆိုစေ သူကား နန်းကုန်း မိသားစုဝင် တစ်ယောက် မဟုတ်ပါလား။ သူတို့က မိသားစု၏ ပင်မမျိုးဆက်မှ မဟုတ်သော်လည်း ဟွာဖန်းလူထက်တော့ အဆင့်အတန်း မြင့်မားပေသည်။ သူ့တွင်ရှိသော ရတနာတစ်ခုကြောင့်သာ မဟုတ်လျှင် သူက ဤမျှ အရေးလုပ်နေမည် မဟုတ်ပေ။
“ကျုပ်ရဲ့ တပည့်က တစ်ခါတလေမှ အိမ်ပြန်လာဖြစ်တာ… ဒါကြောင့် ကျုပ်တို့က သူတို့ကို အချိန်ပေးဖို့ လိုတယ်… ကျုပ်တို့က နန်းကုန်း မိသားစုကို မနှောင့်ယှက်တော့ပါဘူး…..” ဟွာဖန်းလူက ခေါင်းယမ်းသည်။ သူ၏ တပည့်က နန်းကုန်း မိသားစုထံကို သွားရောက်ကာ သင်ယူရန် မလိုအပ်ပေ။ သူကား ကော့တေး၏ တပည့်ဖြစ်သည်။
“အစ်ကို ဖန်းလူ… ခင်ဗျားက ကျုပ်ကို တကယ် အရှက်ရစေတယ်….” နန်းကုန်းချန်းကား အမှန်တကယ်ပင် မပျော်မရွှင် ဖြစ်သည်။ ဟွာဖန်းလူကား သူ့ကို ခက်ခဲအောင် လုပ်နေသည်။ သူ၏ သားက တန်ဝမ်အား သဘောကျခြင်းက သူတို့အတွက် ကံကောင်းမှုတစ်ခု မဟုတ်ပေဘူးလား။ အကယ်၍ တန်ဝမ်ကသာ နန်းကုန်း မိသားစုဝင်ကို လက်ထပ်ရလျှင် သူတို့က နန်းကုန်း မိသားစုကို မှီခိုရမှာ သေချာနေသည်။ ထိုအချိန်တွင် သူတို့က ထိုရတနာအား ရယူရန် ခက်ခဲတော့မည် မဟုတ်တော့ပေ။
ရီဖူရှင်း မျက်မှောင်ကြုတ် သွားသည်။ သူတို့က ငြင်းပယ် လိုက်သည်နှင့် သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်… “ခင်ဗျားက တကယ် အရေးပါလို့လား….” ရီဖူရှင်းက နန်းကုန်းချန်းအား ကြည့်ကာ ပြောသည်။
နန်းကုန်းချန်းက သူ့အား ကြည့်ကာ ပြုံးလျက် ပြောသည်…. “ငါက မင်းရဲ့  ဆရာနဲ့ ပြောနေတယ်…. ဒါက မင်း ဝင်ပြောရမယ့် နေရာ မဟုတ်ဘူး….. မင်းရဲ့ အပြုအမူက ဘာလဲ….”
“ရှင်က အပြုအမူကို ပြောဖို့ အဆင့်မရှိဘူး….” နန်ဒူဝန်ယမ်၏ အမူအရာကလည်း အေးစက်သွားသည်။
နန်းကုန်းချန်းက နန်ဒူဝန်ယမ်အား ပြုံးလျက် ကြည့်သည်။ သူတို့ကား အမှန်ပင် မာနကြီးကြသည်။ “ကျုပ်တို့က တစ်နေရာတည်းမှာ လေ့ကျင့်နေကြတယ် ဆိုမှတော့ ကျုပ်က ဒီကိစ္စကို စိတ်ထဲ မထားတော့ပါဘူး…. ကျုပ်သားရဲ့ သတိထားမှုကို ရတာ တန်ဝမ်ရဲ့ ကံကောင်းမှုပဲ…. မင်းတို့က ဘာလုပ်ရမယ် ဆိုတာ သိလိမ့်မယ်လို့ ကျုပ် မျှော်လင့်တယ်…. နှုတ်ဆက်ပါတယ်….” နန်းကုန်းချန်းက ထူးမခြားနားစွာ ပြောသည်။ ထို့နောက် သူက သူ၏ သားနှင့်အတူ ထွက်ခွာသွားသည်။
ရီဖူရှင်းက သူတို့၏ နောက်ကျောအား ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်သွားသည်။ နန်းကုန်းမိသားစုက ဤမျှ မောက်မာသည်လား။ ပြင်ပလောကတွင် ကော့တေးပင်လျှင် ဤသို့ မပြုမူပေ။
“ဆရာ…. ဒီလိုလူတွေနဲ့ ဘာလို့ မိတ်ဆွေ လုပ်ရတာလဲ….” ရီဖူရှင်းက မေးသည်။
“လူတိုင်းက မင်းလိုပဲလို့ ထင်လား…. ကော့တေးမှာ ဘာကိုမှ စိတ်ပူစရာ မလိုဘဲ အေးအေး ဆေးဆေး လေ့ကျင့်နိုင်တယ်….” တန်လန်က ပြောသည်…. “နန်းကုန်း မိသားစုက ထျန်းရီမြို့ရဲ့ အင်အားကြီး မိသားစုတစ်ခုပဲ…. သူတို့က အရမ်း စွမ်းအားမြင့်ကြတယ်…. ငါတို့ကလည်း သူတို့ကို ဆန့်ကျင်လို့ မရဘူး….”
“တန်အဒေါ်… ဆရာရဲ့ တပည့်ဖြစ်တဲ့ ကျွန်တော်က ဘယ်သူလဲ ဆိုတာ သူတို့ကို ပြောလိုက်လို့ ရတယ်…. သူတို့က ထိရဲတော့မှာ မဟုတ်ဘူး….” ရီဖူရှင်းက ပြောသည်။
“မင်းရဲ့ ဆရာက ဒီလို လူစားလို့ မင်းထင်ထား….” တန်လန်က ဟွာဖန်းလူအား ကြည့်ကာ ပြောလျှင် ရီဖူရှင်း အရှက်ရ သွားသည်။ သူ့ဆရာ၏ စိတ်နေ သဘောထားကို သူ သိပေသည်။
ဆရာ၏ နာမည်ကိုသုံးလျက် အကာအကွယ် ယူခြင်းကား ပုံမှန်ကိစ္စတစ်ခု မျှသာ ဖြစ်သော်လည်း တပည့်၏ နာမည်ကို သုံးခြင်းကား ဟွာဖန်းလူက မည်သည့်အခါကမှ လုပ်မည် မဟုတ်ပေ။ ထိုသို့တွေးမိလျှင် ရီဖူရှင်းက စိတ်မကောင်း ဖြစ်သွားသည်။ သူကား တပည့်ကောင်း တစ်ယောက် မဟုတ်သလို ခံစားရသည်။
“ငါတို့ ဒါကို ဖြေရှင်းဖို့ လိုတယ်….” ယိချန်က ပြောသည်…. “နန်းကုန်းချန်းက ငါတို့ကို အနှောင့်အယှက် ပေးနေတာက သူက မင်းဆရာရဲ့ တန်ခိုးကျင့်တဲ့ ရတနာကို မတော်တဆ တွေ့သွားလို့ပဲ…. အဲဒါက မင်းပေးတဲ့ ကျောက်တုံးလေးပဲ…. နန်းကုန်းချန်းက ဒီရတနာနဲ့ ပတ်သက်ပြီး တစ်ခါက မေးဖူးတယ်… နောက်ပို်င်း သူက ငါတို့နဲ့ ပိုမို ရင်းနှီးအောင် ချဉ်းကပ်လာပြီး သူ့သားကိုလည်း တန်ဝမ်ကို ပိုးပန်းစေတယ်…. မင်းလည်း မြင်လိုက်တာပဲ… သူက တခြားနည်း သုံးလိမ့်မယ်…”
ရီဖူရှင်း၏ မျက်လုံများ လင်းလက်သွားသည်။ တစ်ဖက်လူက ကောင်းမွန်သော ရည်ရွယ်ချက် မရှိဟု သူလည်း ခံစားရသည်။ သို့သော် ဤပြဿနာက ဖြေရှင်းရန် လွယ်ကူပေသည်။
“ကျွန်တော်က တောင်ပေါ်ကိုပြန်ပြီး ဆရာတို့အားလုံးကို တောင်ပေါ်ကို ခေါ်ဖို့ ပြောလိုက်မယ်လေ….” သူက ဟွာဖန်းလူအား ပြောသည်။
“အဓိပ္ပာယ်မရှိတာ….” ဟွာဖန်းလူက ကြိမ်းမောင်း လိုက်သည်။ သူ့အား ကြည့်ကာ ပြောသည်… “မင်းက ကော့တေးမှာ ဆရာ တစ်ယောက်ပဲ ရှိတယ်…. ငါတို့က အဲဒီမှာ ဘာလုပ်ရမလဲ….”
ကော့တေးက မည်သို့သော နေရာနည်း။ ထိုနေရာကား တန်ခိုးကျင့်ရာ မြင့်မြတ်နေရာ ဖြစ်သည်။ ထိုနေရာတွင် လူဆယ်ယောက်ပင်လျှင် မရှိပေ။ သို့သော် ရီဖူရှင်းက သူတို့အား ခေါ်သွားလိုသည်။ ကော့တေးက သဘောတူလျှင်ပင် သူက သွားမည် မဟုတ်ပေ။
“ဆရာက အပေါက်ဆိုးပေမဲ့… ကျွန်တော့်ရဲ့ ဆရာပါပဲ… တခြားလူတွေက ကျွန်တော့်ကို ဘယ်လို သင်ပေးကြပါစေ ဆရာ့ရဲ့ အဆင့်အတန်းက ဘယ်တော့မှ မကျဆင်း သွားပါဘူး….” ဟွာဖန်းလူအား ကြည့်ကာ ရီဖူရှင်းက ရယ်မောလျက် ပြောသည်… “ဆရာ ခံစားသွားရတယ် မလား…”
“ခံစားစရာ ဘာမှ မရှိဘူး….” ဟွာဖန်းလူက ပြောသည်… “ငါက မင်းဆရာ မဟုတ်ရင်တောင်မှ မင်းရဲ့ ယောက္ခမပဲ….”
ထို့နောက် ဟွာဖန်းလူက ရီဖူရှင်းအား ကြည့်သည်။ အဆင့်အတန်းလား။ ယောက္ခမ၏ အဆင့်က မမြင့်ဘူးလား။
ရီဖူရှင်းက ဟွာဖန်းလူအား စိုက်ကြည့် လိုက်သည်။ သူ ဤတစ်ခေါက်လည်း ရှုံးနိမ့်ရပြန်ပြီ။ သို့သော်လည်း သူက တောက်ပစွာ ပြုံးလျက် ဟွာဖန်းလူ၏ ပခုံးအား နှိပ်နယ်လျက် ပြောသည်… “ယောက္ခမ… ကျွန်တော်က ဂျီယူကို ဘယ်တော့ လက်ထပ်ရမလဲ….”
“ငါ့ရဲ့ စိတ် အခြေအနေနဲ့ ဆိုင်တယ်….” ဟွာဖန်းလူက မျက်လုံးအား မှေးလျက် ပြောသည်။
“ဒါဆို အခု ဘယ်လို ခံစားရလဲ…”
“သိပ်မကောင်းဘူး….” ဟွာဖန်းလူက ပျင်းရိစွာ ပြောသည်။ ရီဖူရှင်း စိတ်ဓာတ် ကျသွားသည်။
ရီဖူရှင်း ထွက်မသွားသေးပေ။ သူက ဆရာနှင့် ဆရာကတော်တို့ထံတွင် ရက်အနည်းငယ် ဆက်နေလိုသည်။ ဂျီယူကလည်း အိမ်ပြန်မလာနိုင်ရာ သူက ဆရာနှင့် ဆရာကတော်တို့ကို မကြာမကြာ အဖော်လုပ်ပေးရန် လိုပေသည်။
ယူချင်းကလည်း ချိန်ချန်အား အချိန်ပေးရန် လိုပေသေးသည်။

***

ယနေ့ကား နန်းကုန်း မိသားစု၏ မွေးနေ့ပွဲ အခမ်းအနား ဖြစ်သည်။ ဧည့်သည်များ အများအပြား ရောက်လာကြသည်။ အင်အားကြီး မိသားစု တစ်ခုဖြစ်ရာ  သူတို့ကား များစွာသော အဆက်အစပ်များ ရှိပေသည်။
လူအများအပြားက မွေးနေ့ပွဲကို တက်ရောက် လာကြသည်။ ထို့အပြင် နန်းကုန်း မိသားစု၏ သမီးကလည်း အိမ်ပြန်လာသည်ဟု သူတို့ ကြားကြသည်။ သူမကား မွေးနေ့ရှင် နန်းကုန်း မိသားစု ခေါင်းဆောင်၏ မြေးဖြစ်သည်။ ကျောင်းတော်တွင် ပညာသင်နေသော သူမက မည်မျှ ပါရမီမြင့်သည်ကို လူအများအပြားက သိလိုကြသည်။
သိသာစွာပင် နန်းကုန်းကျာကား ပါရမီသာ မြင့်သည် မဟုတ်ဘဲ လှပချောမော သူလေးလည်း ဖြစ်သည်။ ကောင်လေး အများအပြားက သူမ၏ ရုပ်ရည်အား မြင်ဖူးလိုကြသည်။
ခြံဝင်း၏ အပြင်ဘက်တွင် လူအများက ဧည့်သည်များအား ကြိုဆိုနေကြကာ အလုပ်များနေဟန် ရသည်။ ထိုစဉ်မှာပင် ကောင်းကင်မှ သိမ်းငှက်နက်ကြီး တစ်ကောင်က နန်းကုန်းခြံဝင်း အပြင်ဘက်ကို ဆင်းသက်လာသည်။
သိမ်းငှက်နက်ပေါ်မှ လူငယ်တစ်ယောက် ဆင်းသက်လာကာ ဧည့်ကြို ကောင်မလေးထံသို့ လျှောက်လာသည်။
“ဆရာလေး…. ဆရာလေးရဲ့ နာမည်က ဘယ်လို ခေါ်ပါသလဲ….” အစေခံ မိန်းကလေးက မေးသည်။ ဧည့်သည်များက သူတို့၏ နာမည်များအား ပြောရန် လိုပေသည်။ လူတိုင်းက နန်းကုန်း ခြံဝင်းထဲကို ဝင်ခွင့်မရှိပေ။
“ဒီစာကို နန်းကုန်းကျာ လက်ထဲကို ထည့်ပေး…..” လူငယ်ကား ရီဖူရှင်း ဖြစ်သည်။ သူက စာတစ်စောင်အား ထုတ်ပေးသည်။
အစေခံ မိန်းကလေးက အနည်းငယ် အံ့အားသင့် သွားသည်။
နန်းကုန်းကျာကား မိသားစု၏ အဆင့်မြင့် နေရာမှဖြစ်ရာ အစေခံများပင်လျှင် တွေ့ရန် ခက်ခဲပေသည်။
“ဒီစာက စာအုပ်တောင်ပေါ်ကပဲ… ကျုပ် ပြောသလိုသာလုပ်….” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ စာအားပေးပြီး သူက သိမ်းငှက်နက်နှင့် အတူ ထွက်ခွာ သွားသည်။
သူက နန်းကုန်းမိသားစုမှ လူများနှင့် အချိန်မဖြုန်းနိုင်ပေ။ စာတစ်စောင်က လုံလောက်ပေသည်။
အစေခံ မိန်းကလေးကား မှင်တက်နေဆဲ ဖြစ်သည်။ လူငယ်ကား အလွန် ချောမောပြီး ဟာသ လုပ်နေသည်ဟု မထင်ရပေ။ ထိုသို့ တွေးမိလျှင် သူမက စာအားကိုင်လျက် အိမ်ထဲကို ဝင်ရောက် သွားသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset