အပိုင်း (၂၄၅)

အဆင့်နိမ့်သော ရီဖူရှင်း

အရှေ့မြေရိုင်း ဒေသ၏ မျိုးဆက်တိုင်းတွင် ကြီးကျယ် ခမ်းနားသော ပါရမီရှင်များ ပေါ်ထွက် လာလေ့ရှိသည်။ သို့သော်လည်း ဂူတုံးလျိုတို့ မျိုးဆက်တွင် နာမည် အကျော်ကြားဆုံး ပါရမီရှင် သုံးဦးသာ ရှိသည်။
ကော့တေး၏ တတိယ တပည့် ဂူတုံးလျို။
ဒွန်ဟွာကလန်မှ လုနန်ထျန်း။
ချင်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား ချင်ယွီ။
ထိုအရည်အချင်း သိပ်မကွာသော ပါရမီရှင် သုံးဦးတို့က လက်ရှိတွင် အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး တန်ခိုးရှင်များ ဖြစ်နေကြလေပြီ။ ချင်ယွီက အိမ်ရှေ့စံမင်းသား ဖြစ်သွားကာ သူတို့မျိုးဆက်က လက်ရှိ အရှေ့မြေရိုင်း ဒေသကို စတင် လွှမ်းမိုးလာပြီဟု ပြောရပေမည်။ သူတို့ကား လက်ရှိမျိုးဆက်၏ ခေါင်းဆောင်များ ဖြစ်လာကြပြီ ဖြစ်သည်။
လုနန်ထျန်းကား ဒွန်ဟွာကလန်မှ အကျော်ကြားဆုံး ပါရမီရှင်ဖြစ်သည်။ သူကား ပြိုင်ဘက်ကင်းသည်။ သူက တူညီသော မျိုးဆက်များမှ တန်ခိုးရှင်များကို အနိုင်ယူဖူးသလို ယခင်မျိုးဆက်များမှ ထိပ်သီး တန်ခိုးရှင်များကို ပင်လျှင် အနိုင်ယူနိုင်သည်။ နောက်ပိုင်း နှစ်များတွင် သူ၏ တိုက်ပွဲက ပိုမို နည်းပါးလာသည်။ အဘယ်ကြောင့်ဆိုသော လူအနည်းငယ်မျှသာ သူနှင့် တိုက်ခိုက်ရန် အဆင့်မီသောကြောင့် ဖြစ်သည်။ လက်ရှိတွင် သူနှင့် အဆင့်တူသောသူ နှစ်ယောက်သာ ရှိသည်။ သူတို့မှာ ဂူတုံးလျိုနှင့် ချင်ယွီတို့ ဖြစ်ကြ၏။
ယခု လုနန်ထျန်းက ကော့တေး၏ တတိယ တပည့် ဂူတုံးလျိုအား စိန်ခေါ်သည်။ ထိုသတင်းက အရှေ့မြေရိုင်း တစ်ခွင်လုံးကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လုနန်ထျန်းက တရားဝင် စိန်ခေါ်လိုက်မှတော့ သူက အလွန်အမင်း ယုံကြည်မှု ရှိသောကြောင့်သာ ဖြစ်ရပေမည်။ သူကား ယနေ့အထိ တစ်ကြိမ် တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။ သို့သော် ဤတိုက်ပွဲက သူ့အတွက် အခက်ခဲဆုံး ဖြစ်မည်ကို လူတိုင်း သိကြသည်။
ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့ ထွက်ခွာ သွားသည့်တိုင် ကျောင်းတော်ကား ငြိမ်သက်ခြင်း မရှိသေးပေ။ ထိုအင်အားစုနှစ်ခု ပူးပေါင်း လိုက်သည့်အပြင် ယခု ဒွန်ချင်ကျောင်းတော်ကို ပင်လျှင် တည်ထောင်ခဲ့ကြသည်။ ယခု လုနန်ထျန်းက ဂူတုံးလျိုအား လာရောက် စိန်ခေါ်သည်။ ဂူတုံးလျိုက ဤတိုက်ပွဲတွင် ရှုံး၍ မရသည်ကို လူတိုင်း သိကြသည်။
ဤတိုက်ပွဲက ဂူတုံးလျို တစ်ဦးတည်း၏ တိုက်ပွဲ မဟုတ်ပေ။ တိုက်ပွဲရလဒ်က ကျောင်းတော် တစ်ခုလုံးကို အကျိုး သက်ရောက်မည် ဖြစ်သည်။ ဒွန်ချင်ကျောင်းတော် ဖွင့်ပွဲတွင် ဂူတုံးလျိုက လုနန်ထျန်းထံ ရှုံးနိမ့်ခဲ့ပါက မည်သို့ အကျိုးဆက်များ ဖြစ်လာမည်ကို လူတိုင်း သိကြသည်။ သို့သော်လည်း ကော့တေး တောင်ထိပ်ကား တိတ်ဆိတ်နေမြဲ ဖြစ်သည်။ သူတို့က မိမိတို့ လုပ်စရာ ရှိသည်များကိုသာ ဆက်လုပ်ကြသည်။
နှစ်သစ်ရောက်ရန်ကား အများကြီး လိုနေပေသေးသည်။ တန်ခိုးကျင့်ခြင်းက အရေးအကြီးဆုံး ကိစ္စဖြစ်ပေသည်။
ရီဖူရှင်းကလည်း စတင်၍ လေ့ကျင့်သည်။ တောင်အောက်ကို သွားခဲ့သော ခရီးက သူ့အား အလွန် တွန်းအား ဖြစ်စေခဲ့သည်။ အရှေ့မြေရိုင်း ဒေသတွင် ဓမ္မအဆင့်ကား အလွန် အားနည်း ပေသေးသည်။ ကော့တေးမှ သူ၏ အဆင့်အတန်း ကြောင့်သာ မဟုတ်လျှင် သူကား တခြားလူများ၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရမည် ဖြစ်ပေသည်။
ထို့ကြောင့်လည်း ပါရမီရှင်များက အင်အားစုများကို ဝင်ရောက်ကြခြင်း ဖြစ်သည်။ သူတို့က တစ်ယောက်တည်း လေ့ကျင့်လျှင် ထိုလူက မည်မျှပင် ပါရမီမြင့်ပါစေ အန္တရာယ် များလှပေသည်။
ကော့တေးမှ စာအုပ် လိုဏ်ဂူထဲတွင်ကား မရေမတွက်နိုင်သော စာအုပ်များ ရှိသည်။ အစ်မနှစ်နှင့် အစ်ကိုသုံးက ရီဖူရှင်း၏ လေ့ကျင့်မှုများနှင့် ပတ်သက်၍ မည်သို့မှ မမေးပေ။ ရီဖူရှင်းအား စာဖတ်ရန်သာ သူတို့က ပြောသည်။
သူကား ဓာတ်စွမ်းအင်မျိုးစုံသုံး မှော်ထိန်းချုပ်သူ ဖြစ်သည်။ သူက ဓာတ်စွမ်းအင် မျိုးစုံကို လေ့ကျင့်သလို သိုင်းပညာကိုလည်း လေ့ကျင့်၏။ သူက အစ်ကိုလေးကဲ့သို့ပင် ကွဲပြား ခြားနားသော မှော်တိုက်ကွက်များကို ပူးပေါင်း၍ ထုတ်လွှတ်တတ်ရန် လေ့ကျင့်နိုင်သည်။ ထိုအရာကား ဓာတ်စွမ်းအင် မျိုးစုံသုံး မှော်ပညာရှင်တို့၏ အားသာချက် ဖြစ်သည်။
ရက်အနည်းငယ် ကြာလျှင် သိမ်းငှက်နက်ကြီးကလည်း ကော့တေးကို ရောက်လာသည်။ ရီဖူရှင်း၏ မျက်နှာသာပေး ခံရမှုကြောင့် သိမ်းငှက်နက် ရောက်ရှိ လာခြင်းကို ပြဿနာ သိပ်မရှိပေ။ သိမ်းငှက်နက်က သားရဲများ၏ အသားများကို စားသောက်ရလျှင် အလွန်အမင်း ပျော်ရွှင်သည်။ ထိုအသားများကား အရသာ ရှိလွန်းလှ၏။
ရီဖူရှင်းအား ဆွံ့အစေသည်မှာကား သိမ်းငှက်နက်ကြီးက မကြာခဏ သားရဲဘုရင်များအား ဖမ်းဆီးထားသော လိုဏ်ဂူထဲကို သွားရောက်ကာ ဟန်ရေးပြခြင်းပင်။ သူတို့က သားရဲဘုရင်များ ဖြစ်လျှင်ကော အဘယ်အရေးနည်း။ သူတို့က နေ့တိုင်း အလုပ်လုပ်ရန် လိုပေသည်။ သူကား ကော့တေးတွင် လွတ်လပ်စွာ သွားနိုင်သည်။ သားရဲဘုရင်များက ထိုသိမ်းငှက်နက်၏ သရော်သလို အကြည့်အား မြင်တိုင်း သူ့အား ဝါးမျိုချင်သော စိတ်ကို အတင်း ထိန်းချုပ်လျက် ဒေါတသကြီး ကြည့်ကြသည်။
တန်ခိုးကျင့်သော နေ့ရက်များကား လျင်မြန်စွာ ကုန်ဆုံးလျက် ရှိသည်။ သူ မသိလိုက်မီမှာပင် လအနည်းငယ် ကြာသွားပြီး ရီဖူရှင်းက ဓမ္မအဆင့်ငါးကို ရောက်ရှိသွားသည်။
ထိုလများစွာ အကြာက သတင်းက အရှေ့မြေရိုင်း ဒေသကို လှုပ်ခတ်နေဆဲ ဖြစ်သည်။ မုန်တိုင်းကား မကြာမီ ရောက်လာတော့မည် ဖြစ်သည်။
ခေ့ကေးမြို့တွင် ဒွန်ချင်ကျောင်းတော်ကား ဆောက်လုပ် ပြီးစီးသွားပြီ ဖြစ်ကာ ကျောင်းသားများကို စတင် လက်ခံနေပြီ ဖြစ်သည်။ ဒွန်ချင်ကျောင်းတော်ကို ဝင်ရောက်နိုင်ခြင်းက သူတို့က ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့ကို လွတ်လပ်စွာ ဝင်ရောက်ခွင့် ရှိသည်ဟု ဆိုလိုသည်။ ထိုသို့သော် ဆွဲဆောင်မှုများက မရေမတွက်နိုင်သော ပါရမီရှင်များအား စိတ်ဝင်စားစေသည်။ သို့သော် ထိုအရာများက ရီဖူရှင်းအတွက် မည်သို့မှ မဟုတ်သလိုပင်။ ယနေ့တွင် သိမ်းငှက်နက်က စာအုပ်တောင်၏ အဝေးကို ပျံသန်း ထွက်ခွာသွားသည်။ သူ၏ နောက်ကျောတွင်ကား ရီဖူရှင်းနှင့် ယူချင်းတို့ လိုက်ပါလာကြသည်။
သူတို့ကား လေ့ကျင့်ခြင်းများဖြင့် အလုပ်များနေပြီး ဆရာနှင့် ဆရာကတော်များကို သွားရောက် မတွေ့ဆုံခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။
ရှေးဟောင်း ထျန်းရီမြို့ကား အလွန်ကျယ်ပြောပြီး စာအုပ်တောင်နှင့် မိုင်ပေါင်း တစ်ရာကျော် ဝေးသည်။ မြို့ထဲကို ရောက်လျှင် သိမ်းငှက်နက်က ခြံဝင်းကျယ် တစ်ခုထဲတွင် ဆင်းသက် လိုက်သည်။ ဤနေရာကား ကု့ချင်းဥယျာဉ်ဟု နာမည် ပေးထားသည်။
“ဆရာ… ဆရာကတော်… ကျွန်တော်တို့ ရောက်လာပြီ….” ရီဖူရှင်းက သိမ်းငှက်နက်ပေါ်မှ ဆင်းသက်လိုက်ပြီး အဆောင် တစ်ခုထဲသို့ ဝင်ရောက် သွားသည်။
ဟွာဖန်းလူကား သူ၏ ကု့ချင်းကို တီးခတ်နေသည်။ နန်ဒူဝန်ယမ်နှင့် တန်လန်တို့ကား သူ့ဘေးတွင် ရှိနေသည်။ ထိုမြင်ကွင်းကား အလွန်လှပသည်။ ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။
ဂီတသံစဉ်က ရပ်တန့်သွားပြီး သူ့အား မော့ကြည့်သည်။ သူ့အား ကြည့်ရသည်မှာ ချင်းကျူမြို့နှင့် ဒွန်ဟွာမြို့ကထက် ပိုမို၍ အသက်ကြီးလာဟန် တူသည်။ သို့တိုင်အောင် သူကား အလွန် ချောမော ခန့်ညားသည်။ သူ၏ ဆရာ ရုပ်ရည်ကသာ သူ့နီးပါး ချောမော ခန့်ညားသည်ဟု ရီဖူရှင်း အမြဲ တွေးထင်သည်။
“ဆရာက ကောင်းကင်ဘုံကို ရောက်နေတာပဲ….” ရီဖူရှင်းက သူတို့ သုံးယောက်အား ပြုံးလျက် ကြည့်ကာ ပြောသည်။
“မင်း ပါးစပ်ကို ပိတ်ထားစမ်း… မင်းက ချင်နန်းတော်မှာ ပြဿနာ ရှာခဲ့တယ် ဆိုတာ ငါကြားပြီးပြီ….” တန်လန်က သူ့အား ဒေါသတကြီး ပြောသည်။ သူကား ရောက်ရောက်ချင်း သူတို့ကို နောက်ပြောင် ရဲသည်။
“တန်အဒေါ်က သိပြီးပြီပေါ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ဒီမှာ ရှိတဲ့လူတိုင်း သိတယ်….” တန်လန်က သူ့အား ကြည့်ကာ ပြောသည်။
စာအုပ်တောင်ကား ထျန်းရီမြို့ အပိုင်ထဲတွင် ပါသည်။ ကော့တေးမှ ဂူတုံးလျိုက စာအုပ်တောင်မှ ဆင်းကာ ချင်ပြည်ထောင်သို့ အရှိန်အဝါ ကြီးမားစွာဖြင့် သွားရောက်ခဲ့သည်။ ထိုသတင်းက ထျန်းရီမြို့ကို ထား၍ အရှေ့မြေရိုင်း ဒေသ တစ်ခုလုံးကို သိစေသော ကိစ္စဖြစ်သည်။
“တန်အဒေါ်… ကျွန်တော်က ဘယ်တုန်းကမှ ပြဿနာ မရှာခဲ့ပါဘူး….” ရီဖူရှင်းက မျက်နှာငယ်ဖြင့် ပြောသည်။
“ဖူရှင်း…. မင်းကို ချင်နန်းတော်က လူတွေက မတရား ဆက်ဆံကြတာလား…..” နန်ဒူဝန်ယမ်က ညင်သာစွာ ပြောသည်။
“စိတ်မပူပါနဲ့ ဆရာကတော်…. အစ်ကိုသုံးက ကျွန်တော့်အတွက် လက်စားချေ ပြီးပါပြီ….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူ၏ ဆရာကတော်ကား သူ့ကို အမြဲ ဂရုစိုက်သည်။
“မင်းက မတရား ဘယ်ခံရပါ့မလဲ…. ဒဏ်ရာရတာ မင်းမှ မဟုတ်တာ…..” အေးစက်သော အသံတစ်သံ ထွက်လာကာ ယိချန်နှင့် ယိချိန်ချန်တို့ လျှောက်လာသည်။ ယိချန်က ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကာ ပြောသည်…. “မင်းပြဿနာ ရှာတဲ့အချိန်မှာ ဘာလို့ ငါ့တပည့်ကိုပဲ ဆွဲသွင်း ရတာလဲ…..”
ရီဖူရှင်း ဆွံ့အသွားသည်…. “ကျွန်တော်ကပဲ ပြဿနာ ရှာနေတယ်လို့ ဆရာကြီးက ထင်တာပေါ့…..”
ဤအဘိုးကြီးကား အလွန် ဘက်လိုက်ပေသည်။
“ယူချင်းက ရိုးသားတဲ့ လူပဲ…. ပြဿနာရှာတာ မင်း မဟုတ်တော့ ဘယ်သူလဲ….” ယိချန်က မေးသည်။
“ဆရာ… ဒါက ဖူရှင်းနဲ့ မဆိုင်ဘူး….” ယူချင်းက ပြောသည်။
ယိချန်က သူ၏ တပည့်အား ကြည့်လိုက်သည်။ ဤကလေးကား ရီဖူရှင်းအား အမြဲ ကာကွယ် ပေးတတ်ရာ သူက မည်သို့မှ မပြောနိုင်ပေ။
ယိချိန်ချန်က ယူချင်း၏ ဘေးနားကို လျှောက်လာကာ ချစ်စဖွယ် ပြောသည်… “နင် ဒဏ်ရာ အများကြီး ရတာလား….”
ယူချင်းက ပြုံးလျက် ပြောသည်…. “စိတ်မပူနဲ့… ကော့တေးက စားစရာတွေက အရမ်း ကောင်းတယ်…. ငါ့ဒဏ်ရာတွေ မြန်မြန် သက်သာလာရုံ မကဘူး…. ငါက အရင်ကထက်တောင် ပိုပြီး သန်မာ လာသေးတယ်….”
“ဒါကောင်းတယ်….” ယိချိန်ချန်က ချိုမြိန်စွာပြုံးလျက် ယူချင်း၏ လက်ကို ကိုင်ဆွဲလိုက်သည်။
“အာ… ငါ့ရဲ့ မြေခွေးမကို သတိရလိုက်တာ…” ယူချင်းတို့ စုံတွဲကို မြင်လျှင် ရီဖူရှင်းက ရေရွတ်လိုက်သည်။ လစန္ဒာကလန်တွင် သူမ၏ အခြေအနေ မည်သို့ ရှိမည်ကို သူ သိလိုသည်။ သို့သော် ဂျီယူ၏ ပါရမီဖြင့် သူမအား အဆင်ပြေမည်မှာ သေချာလှသည်။
“မင်းက မင်းရဲ့ မြေခွေးမ အကြောင်း တွေးနေတယ်….” တန်လန်က ပြောသည်…“မင်းနဲ့ ယူချင်းက အခု ကျောင်းတော်မှာ ဒီလောက် နာမည်ကျော်နေပြီ… မင်းတို့က အခြေကျနေပြီ ဆိုမှတော့ ငါ့တပည့်ကို ဘယ်တော့ ခေါ်သွားမလဲ….”
တန်လန်၏ နောက်မှာ တန်ဝမ်၏ မျက်လုံးက အရောင်လက် သွားသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က သူမက ရီဖူရှင်းအား ဒွန်ဟိုင်ကျောင်းတော်သို့ ခေါ်သွားသော အချိန်များကို သတိရလာသည်။ ထိုစဉ်က သာမန်ဟု ထင်မှတ်ခဲ့သော လူငယ်က ယခုကား အရှေ့မြေရိုင်း တစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေပြီ ဖြစ်သည်။
ရီဖူရှင်း မည်သို့ ပြောရမည် မသိပေ။ ကျောင်းတော်မှ လူများက သူ့အား သိပ်သဘော ကျကြသည် မဟုတ်ပေ။ ကော့တေးကိုမူကား သူက မည်သို့ ခေါ်သွားမည်နည်း။ ကော့တေးက ရှောင်ဝူကျိ ကဲ့သို့သော သူကိုပင်လျှင် မခေါ်ပေ။
“တန်အဒေါ်…ဒါက….”
“ရှင့်ရဲ့ တပည့်ကို ကြည့်ဦး… သူက အားကိုး မရလိုက်တာ…..” တန်လန်က ဟွာဖန်းလူအား ပြောသည်။
ရီဖူရှင်းက မတရား ခံရသလို ခံစားရသည်…. “ကျွန်တော်က တောင်အောက်ကို ခက်ခက်ခဲခဲ ဆင်းလာရတာ…. အရမ်း အနိုင်စားကြတာပဲ….”
တခြား ကော့တေး တပည့်များက အဘယ်ကြောင့် တောင်အောက်ကို ဆင်းချင်ကြသည်ကို သူနားမလည်ပေ။ သူ့မိသားစုတွင် သူ၏ အဆင့်ကား အလွန်နိမ့်သည်။ တောင်ထိပ်ပေါ်မှ ဘဝကား သူ့အတွက် သာယာလှသည်။ အစ်မနှစ်က သူ့အား ပိုမို၍ ဂရုစိုက်သည်။
“အစ်ကိုယိ… အစ်ကိုဖန်းလူ….” အသံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။ ယိချန်နှင့် ဟွာဖန်းလူတို့က အပြင်ဘက်ကို ကြည့်လိုက်လျှင် လူနှစ်ယောက် လျှောက်လာသည်ကို မြင်သည်။ သူတို့က တိုက်ရိုက် ဝင်လာကြသည်။
ရီဖူရှင်းက သူတို့အား ကြည့်လိုက်သည်။ တစ်ယောက်ကား သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်ကား အသက် နှစ်ဆယ်ခန့်ရှိသော လူငယ်တစ်ယောက် ဖြစ်သည်။ လူငယ်ကား အတော်ချောမောပြီး ကောင်းမွန်သော ဟန်အမူအရာ ရှိသည်။ သူ၏ အကြည့်က ရီဖူရှင်းနှင့် ယူချင်းထံ ရောက်လာသောအခါ သူ့ထံမှ မနှစ်မြို့သော ခံစားချက်ကို ရီဖူရှင်း ခံစားရသည်။
ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ ဤတစ်ကြိမ်ကား သူတို့က ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။ အဘယ်ကြောင့် သူက မနှစ်မြို့ရသနည်း။
“နန်းကုန်းအစ်ကို…. ဘယ်လိုလုပ် ရောက်လာတာလဲ….” ယိချန်က မေးသည်။
“ဒါက ပြောရမှာ ရှက်စရာ ဆိုပေမဲ့ ကလေးက လှပတဲ့ မိန်းကလေးကို စွဲလမ်းနေတော့ ခက်သားကလား….” လူကြီးက ပြုံးရယ်လျက် ပြောသည်။ သူ့ဘေးမှ လူငယ်က ယိချိန်ချန်၏ ဘေးမှ ယူချင်းကို ကြည့်သည်။ ထို့နောက် သူ၏ အကြည့်ကာ တန်ဝမ်ထံ ရောက်လာသည်။
“ဝမ်အာ…. မနက်ဖြန် ငါတို့ အိမ်မှာ မိတ်ဆုံစားပွဲ ရှိတယ်…. ငါက မင်းကို ဖိတ်ခေါ်ချင်လို့… “သူက တန်ဝမ်အား ပြောသည်။
တန်ဝမ်က သူ့အား ကြည့်ကာ ချက်ချင်း ပြောသည်… “ကျွန်မ သွားမှာ မဟုတ်ဘူး….”
“ဒါက မိသားစု အချင်းချင်း လုပ်တဲ့ပွဲပဲ…. တခြားလူတွေလည်း သွားကြလိမ့်မယ်…. ဒါက အကြီးအကဲ တစ်ယောက်ရဲ့ မွေးနေ့ပွဲဆိုတော့ လူအများကြီး လာကြမှာပဲ…. ကျောင်းတော်က နန်းကုန်းကျာလည်း မနက်ဖြန် မွေးနေ့ပွဲကို တက်ရောက် ကြလိမ့်မယ်…. တစ်ချိန်တည်းမှာ ငါတို့ မျိုးဆက်က တခြား ပါရမီရှင်တွေလည်း လာကြလိမ့်မယ်…. မင်းက လာသင့်တယ်….”
လူငယ်က တန်ဝမ်အား ပြုံးလျက် ပြောသည်။
ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ တစ်စုံတစ်ယောက်က တန်ဝမ်အား ပိုးပန်းနေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset