အရှေ့မြေရိုင်း ဒေသမှ လူများ၏ အာရုံက ဒွန်ဟွာကလန်မှ ထွက်လာကြသော သူများထံတွင် လုံးဝ စူးစိုက် ထားကြသည်။ သို့သော် သူတို့က ကျောင်းတော်သို့ သွားမည့်အစား ချင်ပြည်ထောင် နန်းမြို့တော်သို့ သွားရောက်ကြသည်။ သတင်းများအရ ဒွန်ဟွာကလန်၏ ပါရမီရှင် ချိန်ရှင်းမူက ချင်ပြည်ထောင်မှ မင်းသမီး ချင်မုံရိုအား သွားရောက် တောင်းရမ်းသည်ဟူ၍ ဖြစ်သည်။ ချင်ပြည်ထောင် ကလည်း သဘောတူခဲ့၏။
အရှေ့မြေရိုင်း ဒေသမှ အင်အားစုများ အားလုံးက ထိုသတင်းကို ကြားကာ အံ့အားသင့် ထိတ်လန့်ရသည်။ ထိပ်သီး အင်အားစုက ဤသို့သော နေ့ရက် ရောက်လာမည်ကို ကြိုတင် ခန့်မှန်း မိကြသော်လည်း ဤမျှ လျင်မြန်စွာ ရောက်လာမည်ဟု မထင်ထားခဲ့ကြပေ။
ဒွန်ဟွာကလန်ကား သူတို့ကလန်မှ နိုဘယ်၏ အစွမ်းက ကော့တေးထံတွင် ဖျက်ဆီး ခံရခြင်းအား မဖြေရှင်းရသေးမီ တွင်ပင် သူတို့က ချင်ပြည်ထောင်နှင့် ပူးပေါင်းရန် ပြုလုပ်ကြသည်။ လူတိုင်းက ထိုအခြင်းအရာကို ခန့်မှန်းမိကြသည်။ မကြာမီတွင် ပိုမိုကြောက်မက်ဖွယ် ကောင်းသော အင်အားစုတစ်ခု အရှေ့မြေရိုင်း ဒေသတွင် မွေးဖွား လာတော့မည် ဖြစ်သည်။
ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ကျောင်းတော်တို့က အရှေ့မြေရိုင်း ဒေသတွင် အင်အား အကောင်းဆုံး အင်အားစု သုံးခုဖြစ်ကြသည်။ ယခု အင်အားစု နှစ်ခုက ပူးပေါင်းလိုက်ကာ သူတို့၏ ပစ်မှတ်က ကျောင်းတော် ဖြစ်လာနိုင်ပေသည်။
ဤမျှဖြင့် မပြီးပေ။ တခြား နောက်ဆက်တွဲ သတင်းများလည်း ပျံ့နှံ့လာသည်။
ချိန်ရှင်းမူနှင့် ချင်မုံရိုတို့၏ လက်ထပ်ပွဲကိုမူကား နှစ်သစ်၏ ပထမဆုံးနေ့တွင် ကျင်းပရန် သတ်မှတ် ထားကြသည်။ လက်ထပ်ပွဲအား ဂုဏ်ပြုသောအားဖြင့် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က မြင့်မြတ်နယ်မြေ တစ်ခုကို အတူတူ တည်ဆောက် ကြမည်ဖြစ်သည်။ ထိုအရာက အရှေ့မြေရိုင်း ဒေသ၏ ဗဟို ချက်မမြို့ တစ်ခုဖြစ်သော ခေကေးမြို့တွင် တည်ထောင်မည် ဖြစ်သည်။ ထိုအရာက ကျောင်းတော်တစ်ခု ဖြစ်ပေမည်။ ထိုကျောင်းတော်တွင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ဆရာ အနေဖြင့် သင်ကြား ပေးကြမည် ဖြစ်သည်။ ကျောင်းသားများက နောင်တွင် ပညာစုံသောအခါ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့အား ဝင်ရောက်နိုင်သလို မဝင်ရောက်လျှင်လည်း ရပေသည်။
ယခု ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ကျောင်းတော် အသစ်တစ်ခုအား အတူတူ တည်ထောင် ကြတော့မည် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်ကား ထင်ရှားနေသည်။
ထိပ်သီး အင်အားစုများက နောက်ဆုံးတွင် ရှင်းလင်းစွာ သိလိုက်ပြီ ဖြစ်သည်။ သူတို့က ချင်နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို နားလည်လိုက်ကြသည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ကော့တေးအား တမင်ပင် ဖိနှိပ်ရန် ကြံစည်ခဲ့ကြသည်။ ကံမကောင်းစွာပင် သူတို့က မအောင်မြင်ခဲ့ပေ။ မဟုတ်လျှင် ကော့တေး၏ အရှက်ခွဲခံရခြင်းက သူတို့အတွက် ကြီးစွာသော အောင်မြင်မှုတစ်ခု ဖြစ်သွားပေမည်။ သို့တိုင်အောင် ယခု သတင်းကလည်း အရှေ့မြေရိုင်း တစ်ခွင်လုံးအား ထိတ်လန့်စေသည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ကြေညာခဲ့ကြသည်မှာ ကျောင်းတော် အသစ်က နောက်သုံးလအတွင်း ပြီးအောင် တည်ဆောက်မည် ဖြစ်သည်။ ထို့နောက် သူတို့က ကျောင်းသားသစ်များကို စတင် လက်ခံတော့မည် ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားက ချိန်ရှင်းမူနှင့် ချင်မုံရိုတို့၏ လက်ထပ်ပွဲနေ့တွင်ပင် ခေကေးမြို့တွင် ပြုလုပ်မည် ဖြစ်သည်။
နောက်ထပ် ရှိသေးသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ဆက်လက်၍ ကြေညာကြသည်မှာ ထိပ်သီး အင်အားစုတိုင်းက ပါဝင်ဆင်နွှဲနိုင်ကြောင်း ပြောခဲ့ကြသည်။ သူတို့က ကျောင်းတော်အား အတူတူ ထူထောင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုကလန်များ၏ တပည့်များကလည်း ကျောင်းတော်တွင် ပါဝင် တက်ရောက် နိုင်ပြီး မိတ်ဆွေဖြစ် ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်သည်။
ထိုသတင်းက ထိပ်သီး အင်အားစုများအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ သူတို့က ပူးပေါင်း ပါဝင်သင့်သလား စဉ်းစား တွေဝေ နေကြသည်။
အကယ်၍ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ကသာ အောင်မြင်ခဲ့လျှင် သူတို့က အရှေ့မြေရိုင်း ကျောင်းတော်၏ အဆင့်အတန်းအား ခြိမ်းခြောက် လာနိုင်ပေမည်။ နောက်ပိုင်း သူတို့က အစားထိုး နိုင်စွမ်းပင် ရှိလာနိုင်သည်။
ထိုသတင်း ခေါင်းစဉ်များ အားလုံးက အရှေ့မြေရိုင်း ဒေသအား အေးစက်စေသည်။ နှစ်ပေါင်းများစွာ ပါရမီရှင်များစွာက ကျောင်းတော်အား ပထမ ဦးစားပေးအဖြစ် ရွေးချယ်ခဲ့ကြသည်။ ထို့အပြင် ကော့တေးကဲ့သို့သော အရာ တည်ရှိသည်။
လွန်ခဲ့သောနှစ်က ရှေးဟောင်း မြေရိုင်း ဒေသတွင် ပါရမီရှင် အများအပြား ပေါ်ပေါက် လာခဲ့ကြသည်။ ထိုအထဲတွင် အထင်ရှားဆုံးကား ရီဖူရှင်း၊ ယူချင်းနှင့် ရီဖူရှင်းတို့ ဖြစ်ကြသည်။ ပထမနှစ်ယောက်က ကော့တေးကို ဝင်ရောက်ခဲ့ပြီး ရှောင်ဝူကျိက ကျောင်းတော်အား ဝင်ရောက်ခဲ့သည်။ ကော့တေးကား ကျောင်းတော်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
သူတို့ သုံးယောက်လုံးက ကျောင်းတော်၏ တပည့်များ ဖြစ်လာခဲ့ကြသည်။ သိသာစွာပင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ဤသည်ကို သဘောမကျကြပေ။ ခေတ်ရေစီးကသာ ဤသို့ အမြဲဖြစ်နေပါက သူတို့က အမြဲတမ်းလိုလို ထိပ်သီးပါရမီရှင်များ အားလုံးကို ခေါ်ယူသွားပေတော့မည်။
ကျောင်းတော်က ယနေ့ အထိထက်တိုင် တခြား ကလန်များကို မစိုးရိမ်စေခဲ့သည်မှာ ထိုအရာက ကလန် မဟုတ်သောကြောင့်ပင်။ သို့သော် ဓားသခင်နှင့် ဓားသခင် တောင်ကုန်းကဲ့သို့ အင်အားစုများ မွေးဖွားလာသည်။ အကယ်၍ ကော့တေးအား တစ်စုံတစ်ခု ဖြစ်လာပါက ဓားသခင် တောင်ကုန်းက ကော့တေးနှင့် ပူးပေါင်းမည်မှာ သေချာသည်။ အကယ်၍ ဓားသခင် တောင်ကုန်း ကဲ့သို့သော အင်အားစုများသာ ထပ်မံ ပေါ်ပေါက်လာခဲ့လျှင် နောင်တွင် ကျောင်းတော်က အရှေ့မြေရိုင်း ဒေသအား အလိုအလျောက် သိမ်းပိုက် သွားနိုင်တော့မည် ဖြစ်သည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ တပည့် အများအပြားက ဦးတည်ရာ အရပ် အမျိုးမျိုးသို့ ထွက်ခွာ သွားကြသည်။ မကြာမီက ဤသို့သော အဖြစ်အပျက်မျိုး ချင်ပြည်ထောင်တွင် ဖြစ်ပျက်ခဲ့သည်။ ယခုကော မည်သည့် အတွက်နည်း။
***
တစ်လောကလုံး လှုပ်ခတ်နေသော အချိန်တွင် ကော့တေးကား နောက်ထပ် ကမ္ဘာတစ်ခုတွင် နေထိုင်ကြသည်။ သူတို့က ပြင်ပမှ ကိစ္စရပ်များကို ဂရုမစိုက်ကြပေ။ ဝါးတောလေးထဲမှ အိမ်ငယ်လေးထဲတွင် လူငယ်တစ်စု ထိုင်နေကြသည်။ ကြမ်းပြင်တွင်ကား လတ်ဆတ်ကာ မွှေးကြိုင်သော အစားအသောက်များကို ချထားကာ သူတို့က ဝန်းရံလျက် ထိုင်နေကြသည်။ တန်ခိုးရှင်များအား ပုံမှန်အားဖြင့် မစားမသောက်ဘဲ ကြာမြင့်စွာ နေထိုင်နိုင်သည်။ သူတို့က အစားအသောက်ကို အရေးလည်း မလုပ်ကြပေ။ သို့သော် ကော့တေးအတွက် မူကား အရေးပါသည်။ စားသောက်ခြင်းကလည်း သူတို့အတွက် ကျင့်ကြံခြင်း တစ်မျိုးဖြစ်သည်။
“ကျွန်တော် အရမ်း ဆာနေပြီ…” ယိရှောင်ရှီ ရေရွတ်လိုက်သည်… “အစ်မနှစ်… ကျွန်တော်တို့ စားလို့ ရပြီလား…”
“ရှောင်ရှီ… မင်းက အရမ်းဝတယ်… သိပ်မစားနဲ့…” အစ်မနှစ်က အကြံပေးသည်။ ယိရှောင်ရှီက ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ သူမက သူ့အား ဂရုစိုက်သေးဟန် ရသည်။
“မောင်ငယ်လေး… များများစား….” အစ်မနှစ်က အသားဖတ်များအား ရီဖူရှင်း၏ ရှေ့မှ ပန်းကန်လုံးထဲကို ထည့်ပေးကာ ပြောသည်။
ယိရှောင်ရှီ မျက်လုံးပြူး သွားသည်။ သူ၏ အပျော်က ခဏသာ ခံသည်။
“ဟုတ်ကဲ့… အစ်မကလည်း များများ စားသင့်တယ်….” ရီဖူရှင်းက မျက်လုံးများ တောက်ပစွာဖြင့် ပြောသည်။
“ဟင့်အင်း… ငါက နည်းနည်း ဝလာတယ်… သိပ်စားလို့ မရဘူး….” အစ်မနှစ်က ပြုံးလျက် ပြောသည်။
“မဖြစ်နိုင်ဘူး… အစ်မရဲ့ ခန္ဓာကိုယ်က အပြစ် အနာအဆာ ကင်းတယ်…. အစ်မနှစ်သာ တောင်အောက်ကို ဆင်းရင် မိန်းကလေးတွေ အများကြီးက မနာလိုဖြစ်မှာပဲ…..” ရီဖူရှင်းက ပြောသည်… “နောက်ဆုံး တောင်အောက်ကို ကျွန်တော် ဆင်းတုန်းက အရှေ့မြေရိုင်း ဒေသက အလှဆုံး သုံးယောက်က ချင်မုံရို၊ ချူယောင်ယောင်နဲ့ ဟွာချင်းချင်းတို့လို ကြားခဲ့တယ်… ကျွန်တော်က နှစ်ယောက်ကို မြင်ခဲ့တယ်… သူတို့က အစ်မနှစ်လောက် မလှဘူး… တကယ်လို့သာ အစ်မနှစ်က တောင်အောက်ကို ဆင်းရင် အစ်မနှစ်ကြောင့် သူတို့ရဲ့ ဂုဏ်သတင်းတွေ မှေးမှိန် သွားရမှာပဲ…”
ရွှီယီ၊ လျိုဖန်းနှင့် ယိရှောင်ရှီတို့ကား ထိုစကားများကို ကြားကာ ထိတ်လန့် သွားကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ စားသောက်ကြသည်။ ဒီကောင်၏ ပါရမီကား အမှန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့က သူ့အား လေးစား အားကျရုံမျှအပ မည်သိုမှ မတတ်နိုင်တော့ပေ။
ကျူးကော့ဟွေ၏ အပြုံးက ပိုမို၍ တောက်ပ ဝင်းလက်လာသည်။ ထိုအချိန်တွင် ဂူတုံးလျိုက သူမအတွက် အသား အနည်းငယ် ထည့်ပေးကာ ပြောသည်… “မင်းက ဒါကို စားရတာ ကြိုက်တယ်မလား… ဒါကြောင့် စကား မပြောနဲ့တော့…”
ကျူးကော့ဟွေက သူ့အား တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ သို့သော် မည်သို့မှ ပြန်မပြောပေ။ တခြား လူများကလည်း ထိုမြင်ကွင်းမျိုးကို အသားကျနေပြီ ဖြစ်သည်။
“စီနီယာ အစ်မ ရှင်းအာလည်း များများ စားသင့်တယ်…” ရီဖူရှင်းက ရှင်းအာအတွက် အစားအသောက်များ ထည့်ပေးကာ ပြောသည်။
ပေ့ထင်ရှင်းအာက ချိုမြိန်စွာ ပြုံးလျက် ပြောသည်… “ကျေးဇူးပဲ မောင်လေး…”
ရွှီယီနှင့် တခြားလူများက သူတို့၏ အဆင့်များမှာ တဖြည်းဖြည်း ကျဆင်း လာနေသည်ဟု ခံစားရသည်။ သူတို့ကား ညီအငယ်ဆုံးထံတွင် နောက်ကောက် ချခံနေရလေပြီ။ သို့သော် သူတို့ မည်သို့မှ မတတ်နိုင်။
“အစ်မနှစ်… အစ်ကိုသုံး… တောင်အောက်က ကိစ္စတွေကို ကြားပြီးပြီလား…..” ယိရှောင်ရှီက မေးသည်။
“ဘာလဲ…” ဂူတုံးလျိုက မေးသည်။
“ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်တို့ ကြားက လက်ထပ်ပွဲ….” ယိရှောင်ရှီက ဆက်ပြောသည်… “သူတို့က ခေကေးမြို့မှာ ကျောင်းတော် တစ်ခုကိုတောင် တည်ဆောက် နေတယ်…..”
“ငါသိတယ်….” ဂူတုံးလျိုက အသာအယာ ခေါင်းညိတ်သော်လည်း ဆက်မပြောပေ။ ယိရှောင်ရှီ ဆွံ့အသွားသည်။ သူ၏ အစ်ကိုသုံးကား အစ်မနှစ် တစ်ယောက်ကိုသာ ခေါင်းထဲ အလေးထားပုံရ၏။
သို့သော်လည်း ထိုသတင်းများက ပြင်ပလောကတွင် ကြီးစွာ လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေသည်။ ကျောင်းတော်မှ လူများပင်လျှင် စိတ်ဝင်တစား ပြောနေကြသည်။ ကော့တေးကသာ သူတို့၏ ကိုယ်ပိုင် ကမ္ဘာထဲတွင် နေထိုင်ကြကာ တခြား အရာများကို အာရုံ မစိုက်ပေ။
“ဒီမတိုင်မီက ချင်ယွီက ကျွန်တော့်ကို ပြောတယ်…. သူတို့က ကျောင်းတော် ဒါမှမဟုတ် ကော့တေးနဲ့ ပူးပေါင်းချင်တယ်….” လျိုဖန်းက ဆက်ပြောသည်…. “ကျွန်တော်က သူ့ကို ငြင်းလိုက်တယ်…. သူတို့က ဒါကို အရင်တည်းက စီစဉ်ထားတာ ဖြစ်ရမယ်….”
“ရည်မှန်းချက် ကြီးတယ်… ဒါပေမဲ့ ကလေး အကွက်တွေ…” ဂူတုံးလျိုက မှတ်ချက်ချသည်။
“အင်း… နောက်ဆုံးမှာတော့ ကျုပ်တို့ ဆရာလို ဘယ်သူမှ မတွေးတတ်ဘူး…” လျိုဖန်းက ရယ်မောလိုက်သည်။ ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။ လျိုဖန်းက တစ်ကြိမ် တစ်ခါက ဆရာ၏ အကြံနှင့် ပတ်သက်၍ ပြောဆိုဖူးသည်။
သူ့တွင် မည်သည့်အကြံ ရှိနေသနည်း။
အစ်ကိုသုံးက ထိုလူများ၏ ခြေလှမ်းများက ကလေး အကွက်များဟု ပြောခဲ့သည်။ ဤသို့ဆိုလျှင် ဆရာ၏ အကြံက မည်သို့ ဖြစ်မည်နည်း။
သူတို့ စကား ပြောနေကြစဉ်မှာပင် စာအုပ် တောင်ခြေသို့ လူတစ်စု ရောက်လာသည်။ သူတို့က တောင်ထိပ်သို့ သွားရာ လှေကားထစ်ကို ကြည့်လိုက်ကြသည်။ ကျောင်းတော်နှင့် ကော့တေးကား ထိုနေရာတွင် တည်ရှိသည်။ တစ်ယောက်က လှေကားပေါ်သို့ တက်ကာ အော်ဟစ်လိုက်သည်… “ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်တို့က ကျောင်းတော်ကို တွေ့ခွင့် တောင်းပါတယ်….”
သူ၏ အသံက လှေကားထစ်များကို ကျော်လွန်လျက် ကျောင်းတော် အတွင်းသို့ ရောက်ရှိလာသည်။ ကျောင်းသားများ အားလုံး အံ့အားသင့် သွားကြသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ ရောက်ရှိလာသည်။
စာအုပ်တောင်ထိပ်မှ မည်သူမှ ပြန်မပြောပေ။ ထိုအုပ်စုက လှေကားရင်းတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြသည်။ သူတို့က လှေကား အဆုံးတွင် ကျောင်းသား အများအပြားအား ဝေဝါးစွာ မြင်နေရသည်။ ထို့နောက် အသံတစ်သံ ထွက်လာသည်… “ကြိုဆိုပါတယ်…”
“ကျုပ်တို့က ကိစ္စနှစ်ခုကို လာပြီး အသိပေးတာပါ…” သူက ဆက်ပြောသည်… “ပထမဆုံး ချင်ပြည်ထောင်က မင်းသမီး ချင်မုံရိုက ဒွန်ဟွာကလန်က ချိန်ရှင်းမူနဲ့ နှစ်၁၀၀၀၂ ရဲ့ ပထမဆုံးနေ့မှာ လက်ထပ်ပွဲ ကျင်းပပါမယ်… အဲဒီနေ့မှာ ဒွန်ချင်ကျောင်းတော်ရဲ့ ဖွင့်ပွဲကိုလည်း ကျင်းပပါတယ်…. ကျုပ်တို့က ဒီအခမ်းအနားကို တက်ရောက်ဖို့ အင်အားစုတိုင်းကို ဖိတ်ခေါ်ပါတယ်….. အခု ကျုပ်တို့က အရှေ့မြေရိုင်း ကျောင်းတော်ကို လာရောက် ဖိတ်ခေါ်တာပါ….”
ကျောင်းတော် အသစ် နာမည်ကား ဒွန်ချင်ကျောင်းတော် မည်၏။ ကျောင်းတော် အသစ်နာမည်က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ နာမည်ကို ယူကာ တည်ထောင်ထားခြင်း ဖြစ်ဟန်ရ၏။
“ကောင်းပြီ… ကျုပ်တို့ တက်ရောက်မယ်….” တောင်ပေါ်မှ အသံတစ်သံ ထွက်လာသည်။
“ဒုတိယအနေနဲ့ အဲဒီနေ့ရဲ့ ခေကေးမြို့မှာ ဒွန်ဟွာကလန်က လုနန်ထျန်းက ကော့တေးက ဂူတုံးလျိုကို တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်ပါတယ်….” ထိုလူက ဆက်ပြောသည်။
ဤတစ်ကြိမ်တွင်ကား လူအများ၏ ရင်ဘတ်များ တုန်ခါသွားကြသည်။ ဤသတင်းကား မင်္ဂလာပွဲ သတင်းထက် လှုပ်ခတ်နိုင်စွမ်း ရှိသည်။ သူတို့ နှစ်ယောက်လုံးကား အရှေ့မြေရိုင်း ဒေသ၏ ယခင် ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။ ယခု သူတို့ကား အရှေ့မြေရိုင်း ဒေသ၏ အတော်ဆုံး တန်ခိုးရှင်များ ဖြစ်နေကြပြီ။
မကြာမီ သူတို့ တိုက်ခိုက် ကြတော့မည်။
“ကော့တေးက ဂူတုံးလျိုက ဒီစိန်ခေါ်မှုကို လက်ခံမှာလား…..” အသံလှိုင်းက လေလှိုင်းကို တုန်ခါလျက် စာအုပ် တောင်ထိပ်ကို ရောက်ရှိ သွားသည်။
ကျောင်းတော်မှ တပည့်များပင်လျှင် တုန်လှုပ်ကြသည်။ မျက်လုံးပေါင်း များစွာက ကော့တေး ရှိရာဘက်ကို ကြည့်နေကြ၏။ စာအုပ် တောင်ထိပ်၏ အခြားတစ်ဖက်မှ သီးခြား တောင်ကား ထီးထီးတည်း တည်ရှိနေသည်။
“ကောင်းပြီ…”
ကော့တေး တောင်ထိပ်မှ အသံတစ်သံ ဆင်းသက်လာသည်။ ကော့တေးက လက်ခံလိုက်သည်။
***