Switch Mode

အပိုင်း (၂၄၃)

မောင်ငယ်လေးက ပိုပြီး သိတတ်တယ်

ဟေးဂျင် မြေပြင်ပေါ်သို့ ကျသည်။ သူ၏ အမူအရာကား လုံးဝ ပျက်ယွင်း နေလေပြီ။ သူ၏ ဘဝကား အဆုံးသတ် သွားပြီ ဖြစ်သည်။ ဒွန်ဟွာကလန်မှ လူများက ဂူတုံးလျိုနှင့် ရွှီယီအား ကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက်က ပြောသည်… “ဂူတုံးလျို… မင်းက အကျိုးဆက်ကို တွေးထားပြီးပြီလား…”
ဂူတုံးလျိုက နဂါးနက်ပေါ်သို့ လျှောက်သွား လိုက်သည်။ ရွှီယီက ဒွန်ဟွာကလန်မှ နိုဘယ်များအား အထင်သေးစွာ ကြည့်နေသည်။ အကျိုးဆက်တဲ့လား။ ဒွန်ဟွာကလန်က ကော့တေးအား ဖိနှိပ်ရန် ကြိုးစားစဉ်ကကော သူတို့က အကျိုးဆက်ကို တွေးခဲ့သလား။
“မင်းတို့ ဆန္ဒရှိသလို စစ်ကြေညာလို့ ရတယ်….” ဂူတုံးလျိုက ပြောသည်။ ထို့နောက် သူက နဂါးနက်ပေါ်သို့ တက်လျှင် နဂါးနက်က ကျယ်လောင်စွာ ဟိန်းဟောက်လျက် ကောင်းကင်သို့ ထိုးတက်သွားသည်။
မျက်လုံးပေါင်း များစွာက ထိုအဖြူရောင် ဝတ်စုံဝတ် လူငယ်၏ နောက်ကျောကို ကြည့်နေကြသည်။ သူတို့ ပျောက်ကွယ် သွားသည့် တိုင်အောင် သူတို့၏ စိတ်များ ငြိမ်သက်နိုင်ခြင်း မရှိသေးပေ။
ကော့တေးသာလျှင် အရှေ့မြေရိုင်း ဒေသတွင် ဤသို့ ပြုမူရဲသည်။ သူတို့သာလျှင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်ကို ဤသို့ မလေးမစား ပြုမူရဲ၏။
မင်းတို့ ဆန္ဒရှိသလို စစ်ကြေညာဟု ဂူတုံးလျိုက ပြောသည်။
သူတို့က တစ်ယောက်တည်း ဆိုရင်ပင် ကြောက်ရွံ့နေမည် မဟုတ်ပေ။
ကျောင်းတော်မှ လူများကလည်း ဒွန်ဟွာကလန်အား အေးစက်စွာ ကြည့်နေကြသည်။ ထို့နောက် စစ်ထိုဝူက ပြောသည်….
“သွားစို့….”
သူတို့လည်း ထွက်ခွာ သွားကြသည်။ ဓားသခင် တောင်ကုန်းနှင့် လျိုနိုင်ငံတို့လည်း ထွက်ခွာ သွားကြသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများက ထိုနေရာတွင်ပင် ကျန်နေရစ်သည်။ ထိပ်သီး အင်အားစုများ၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများကို မြင်တွေ့ရသည်။
ယနေ့က အမှန်ပင် ချင်ပြည်ထောင်မှ အိမ်ရှေ့စံ နှင်းအပ်ပွဲ အခမ်းအနားလား။ ချင်ယွီ၏ နာမည်က ယနေ့တွင် အရှေ့မြေရိုင်းတစ်ခွင် ပျံ့နှံ့သွားရမည် ဖြစ်သည်။ သို့သော် ထိုအစား လူအများက ကော့တေးက ဒွန်ဟွာကလန်ကို လာရောက် တိုက်ခိုက်သည်ကိုသာ မှတ်မိကြသည်။
သူတို့က ဂူတုံးလျိုကိုသာ မှတ်မိကြမည် ဖြစ်သည်။ သူတို့က မောက်မာဝင့်ကြွားကာ မည်သည့်အရာကိုမှ အလေးအနက် မထားဟန်ရသော ရွှီယီကိုသာ မှတ်မိကြမည် ဖြစ်သည်။
ယနေ့တွင် တစ်စုံတစ်ယောက်အား မှတ်မိရန်လိုသည်။ သို့သော် ထိုတစ်စုံ တစ်ယောက်မှာ ချင်ပြည်ထောင်မှ ချင်ယွီ မဟုတ်ခဲ့ပေ။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာ ကလန်တို့မှာ ဇာတ်ပို့များသာ ဖြစ်ခဲ့ရသည်။
ချိန်ရှင်းမူက ပျောက်ကွယ် သွားပြီဖြစ်သော ထိုလူများအား စိုက်ကြည့်နေဆဲ ဖြစ်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှက သူ့အား အများအပြားကို တွေးဖြစ်စေသည်။ ပြဿနာက သူနှင့် ချင်မုံရိုတို့ကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုပြဿနာက ပိုမို ကြီးထွားလာကာ နောက်ဆုံးတွင် အင်အားစု နှစ်ခု၏ ရင်ဆိုင်ပွဲ ဖြစ်လာခဲ့ပြီး ဒွန်ဟွာကလန်၏ လတ်တလော ရှုံးနိမ့်မှုနှင့် အဆုံးသတ်ခဲ့ရသည်။
သူ့ကို တကယ်တမ်း အားဖြင့် စိုးရိမ်စေသည်ကား ဒွန်ဟွာကလန်၏ အရှက်ရမှု မဟုတ်ပေ။ ထိုအရာက ကော့တေးမှ တပည့်များ ဖြစ်ပေသည်။
ဂူတုံးလျိုဖြစ်စေ၊ ရွှီယီဖြစ်စေ သို့မဟုတ် ရီဖူရှင်းနှင့် ယူချင်းတို့ပင် ဖြစ်စေ သူတို့ အားလုံးမှာ အလွန်အမင်း ထူးချွန်လှသည်။ ကော့တေးက အမှန်ပင် အရှေ့မြေရိုင်း ဒေသ၏ မြင့်မြတ်နယ်မြေ တစ်ခုလား။
ယနေ့တွင် သူက ဂူတုံးလျို၏ မောက်မာမှုကို မြင်တွေ့ခဲ့ရသည်။ သူ၏ စီနီယာ အစ်ကိုနှင့် ယှဉ်လျှင် ဂူတုံးလျို၏ ကိုယ်ရောင်ကိုယ်ဝါကား ပိုမိုထက်ရှသည်။ သူတို့က မကြာခဏ အတူတူ လေ့ကျင့်လေ့ရှိရာ သူ၏ စီနီယာအစ်ကိုနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး သိသည်။ ယခု သူ၏ စီနီယာအစ်ကိုနှင့် ဂူတုံးလျိုတို့တွင် မည်သူက ပိုမို စွမ်းသည်ကို သူသိလိုသည်။
ယနေ့တွင် ဒွန်ဟွာကလန်၏ တန်ခိုးရှင် တစ်ယောက်က တန်ခိုးအစွမ်း ဖျက်ဆီးခံကာ နောင်တွင် သူတို့နှစ်ဦးအကြား တိုက်ပွဲဖြစ်ရန် အတွက် မျိုးစေ့တစ်ခု ဖြစ်လာခဲ့သည်။
ဂူတုံးလျိုနှင့် ရီဖူရှင်တို့က သူတွေးနေသည်များကို သိမည်မဟုတ်ပေ။ သိလျှင်ပင် သူတို့က ဂရုစိုက်မည် မဟုတ်ပေ။ ကော့တေးက သူတို့၏ စိတ်သဘောအတိုင်း လုပ်ဆောင်သည်။
နဂါးနက်ကြီး၏ နောက်ကျောတွင် ဂူတုံးလျိုက ရီဖူရှင်း၏ ဘေးတွင် ရပ်လျက် ပြောသည်….“ဒါက မပြီးသေးဘူး….”
ရီဖူရှင်းက အံ့အားသင့်သွားကာ သူ့အား ကြည့်သည်။ ဂူတုံးလျိုက သူ၏ လက်နှစ်ဖက်အား နောက်တွင် ချိတ်ကာ ရှေ့ကို ကြည့်နေသည်။ သူက ထူးမခြားနားစွာ ပြောသည်… “ချင်ပြည်ထောင်က ဝန်မခံပေမဲ့ သူတို့က ဝင်ပတ်သက်နေတာ သေချာတယ်…. သူတို့က ကော့တေးကို ဖိနှိပ်ဖို့အတွက် ပူးပေါင်းခဲ့တာ ဖြစ်မယ်လို့ လျိုဖန်းက ပြောတယ်…. ဒါကြောင့် သူတို့က မင်းနဲ့ စတင်ခဲ့တာပဲ…. ဒါပေမဲ့ ငါက ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန် နှစ်ခုလုံးကို အနိုင်ယူဖို့ လုံလောက်တဲ့ အားမရှိဘူး…. ငါက ယူချင်းကို တိုက်ခိုက်ခဲ့တဲ့လူကိုပဲ တန်ခိုးအစွမ်း ဖျက်ဆီးနိုင်တယ်…. ညီငယ်… ငါ စိတ်မကောင်းပါဘူး….”
“အစ်ကိုသုံး….” ရီဖူရှင်း၏ ရင်ဘတ်ထဲ နွေးထွေးသွားသည်။ သူ၏ အစ်ကိုလေးနှင့် အစ်ကိုသုံးက သူ့အတွက် ချန်နန်းတော်ကို အပြေးလာခဲ့ကြသည်။ သူတို့က သူနှင့် ယူချင်းတို့အတွက် ပြန်လည်ကာ လက်စားချေပေးကြသည်။ နိုဘယ်တစ်ယောက်ကို တန်ခိုးအစွမ်း ဖျက်ဆီးပြီးသည့်တိုင် သူတို့က မလုံလောက်သလို ခံစားကြရသည်။
“ညီငယ်….” ဂူတုံးလျိုက သူ့ဘက်ကို လှည့်ကာ ပြောသည်…. “ဆရာတစ်ချိန်က ပြောခဲ့ဖူးတဲ့ စကားကို အခု ညီငယ်ကို ပြန်ပြောပြမယ်….” ရီဖူရှင်းက ခေါင်းညိတ်သည်။
“သူက ပြောတာက ငါတို့က လောကကြီးပေါ်မှာ လျှောက်လှမ်းတဲ့အခါ အရေးအကြီးဆုံးက ဆရာ့ကို လေးစားဖို့ပဲတဲ့….” ဂူတုံးလျိုက ပြောသည်။
ရီဖူရှင်း အံ့အားသင့် သွားသည်။ ကော့တေး၏ ဆရာကား အမှန်ပင် ထူးခြားသည်။
ဂူတုံးလျိုက ထိုအချက်အား မှားယွင်းသည်ဟု မထင်ပေ။ သူက ဆက်ပြောသည်….“ဒါ့အပြင် မင်းက အကြောင်းပြချက် ရှိရမယ်…. အကြောင်းပြချက်က ဘာလဲ… အကြောင်းပြချက်က လောကကြီးရဲ့ စည်းမျဉ်းပဲ…. တကယ်လို့ ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်က စစ်ကြေညာရင် မင်းက သဘောတူ လိုက်တာနဲ့ ဒီအကျိုးဆက်ကို ခံရမယ်…. ကော့တေးက မင်းအတွက် လက်စားချေပေးလို့ မရဘူး…. ဒါပေမဲ့ သူတို့က စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် ကော့တေးဘက်မှာ အကြောင်းပြချက် ရှိတယ်… ကော့တေးက ကြောက်စရာ ဘာမှ မရှိဘူး…. အကြောင်းပြချက်ထက် ပိုပြီး အားကောင်းတာ ရှိတယ် ဆိုရင်တော့ ဒါက လက်သီးပဲ…. မင်းရဲ့ လက်သီးက လုံလောက်တဲ့ အားမရှိဘူးဆိုရင် မင်းက အကြောင်းပြချက်ကို ပြောဖို့ အခွင့်အရေး မရှိဘူး…. ဒါကြောင့် ဘဝရဲ့ အခြေခံ အကျဆုံးက ကျင့်ကြံခြင်းပဲ…..”
ရီဖူရှင်း အမှန်တကယ် အံ့အားသင့်ရသည်။ ထိုစကားများက သာမန် စကားများသာ ဖြစ်ဟန် ရသော်လည်း လောက၏ အမှန်တရား ဖြစ်နေသည်။ သူက သူ့ဆရာနှင့် ပတ်သက်၍ ပိုမို စိတ်ဝင်စားလာသည်။
“ကျွန်တော် မှတ်ထားပါ့မယ်…”  ရီဖူရှင်းက ခေါင်းညိတ်သည်။ “နောက်တစ်ခု ရှိသေးတယ်….” ဂူတုံးလျိုက ပြောသည်….
“ဒီကိုမလာခင် ငါက ယူချင်းကို ကော့တေးရဲ့ ကိုးယောက်မြောက် တပည့်အဖြစ် ကမ်းလှမ်းခဲ့တယ်….”
ရီဖူရှင်းက သိပ်ထူးဆန်းသလို မခံစားရပေ။ ယူချင်းက ကော့တေးအား ဝင်ရောက်ပြီးသည်နှင့် မကြာမီပင် ကော့တေး၏ တပည့်ဖြစ်လာမည်ကို သူသိသည်။
ယခင်က ကော့တေးကား သူ့အတွက် ထူးဆန်း အံ့အားသင့်ဖွယ်ရာ နေရာဖြစ်သည်။ ယခုကား သူ့အတွက် နွေးထွေးမှုကို ပေးသော အိမ်တစ်လုံးနှင့် ဆင်တူသည်။ အကယ်၍ ယူချင်းက ကိုးယောက်မြောက် တပည့်ဖြစ်လာမည် ဆိုပါက သူအလွန် ပျော်ရွှင်ရမည်သာ ဖြစ်သည်။
“ဒါပေမဲ့ ယူချင်းက ငါ့ကို ငြင်းခဲ့တယ်….” ဂူတုံးလျိုက ဆက်ပြောသည်။ ရီဖူရှင်း၏ အပြုံးက အေးစက်သွားသည်။ “သူပြောတာကတော့ မင်းက ဒီမှာ ရှိရင် သူလည်း ဒီမှာ ရှိမယ်တဲ့…..”
ဂူတုံးလျိုက ညင်သာစွာ ပြောသည်။ ရီဖူရှင်း ရေရွတ်လိုက်သည်…. “ဒီအရူးကောင်…..”
“အမှန်ပဲ…” ဂူတုံးလျိုက ရယ်မောလျက် ပြောသည်…. “ဒါပေမဲ့ … ငါသူ့ကို သဘောကျတယ်… သူက ကော့တေးရဲ့ ကိုးယောက်မြောက် တပည့်မဟုတ်ဘူး ဆိုရင်တောင် သူက ငါတို့ရဲ့ အစိတ်အပိုင်း တစ်ခုပဲ…..”
“ကျေးဇူးတင်ပါတယ်… အစ်ကိုသုံး…..” ရီဖူရှင်းက လေးနက်စွာ ပြောသည်။
“မင်းက ငါ့ကိုကျတော့ ဘာလို့ ကျေးဇူး မတင်တာလဲ….” ရွှီယီက ရီဖူရှင်း အနီးသို့ တိုးကပ်လာကာ မေးသည်။
“အစ်ကိုလေး… ခင်ဗျားက စာအုပ်တွေကို ဒီထက် ပိုကူးရေးသင့်တယ်လို့ ကျွန်တော် ထင်တယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ အစ်ကိုလေး အတွက် စာအုပ်ကူးခြင်းက အမှန်ပင် အကူအညီ ရပေသည်။
“ဟင်း…”  ရွှီယီက ဒေါသတကြီးဖြင့် တခြား တစ်ဖက်ကို လှည့်သွားသည်။ ထို့နောက် သူက ဂူတုံလျိုအား ပြောသည်….. “အစ်ကိုသုံး… ကျွန်တော် ဆရာ့ကို သတိရတယ်… ကျုပ် သူ့ကို သွားရှာချင်တယ်….”
သူ့အား ကြည့်ကာ ဂူတုံးလျိုက သူ၏ ပခုံးအား ပုတ်လျက် ပြောသည်… “ရွှီယီ… ဆရာက ပြန်မလာချင်ရင် ဘယ်သူကမှ သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး….”
“ဒါဆို ကျွန်တော်က လူတွေကြားထဲ အတွေ့အကြုံ ရအောင် ခရီး ထွက်ချင်တယ်….” ရွှီယီက ဆက်ပြောသည်။
“ငါရှိနေရုံနဲ့ မလုံလောက်လို့လား….” ဂူတုံးလျို သူ၏ လက်များအား နောက်တွင် ချိတ်လျက် ပြောသည်။
ရွှီယီ အေးစက် သွားသည်။ သူက လျင်မြန်စွာ ပြုံးလျက် ပြောသည်… “မဟုတ်ပါဘူး… အစ်ကိုသုံး…. ခင်ဗျားက အရမ်း ပါရမီပါပြီး ညဏ်ကောင်းလွန်းတယ်….”
“ကောင်းပြီ….” ဂူတုံးလျိုက ခေါင်းညိတ်သည်… “ဒါဆို မင်းရဲ့ စီနီယာ အစ်မက မင်းအတွက် မလုံလောက်ဘူးလား…”
ရွှီယီက လက်များကို တင်းကျင်စွာ ဆုပ်လျက် လျင်မြန်စွာ ပြောသည်…
“အစ်ကိုသုံး… ကျွန်တော် ကော့တေးကိုပဲ ပြန်သွားတော့မယ်… ကျွန်တော်က အစ်မနှစ်ဆီက အကြံညဏ်တွေ အများကြီးတောင်းဖို့ လိုသေးတယ်….”
“မင်းက ကိုယ့်ရဲ့ အပြုအမူတွေကို သိသေးတာပဲ….”
ဂူတုံးလျိုက ခေါင်းညိတ်သော်လည်း ရွှီယီကား ဝမ်းနည်း ပက်လက် ဖြစ်ရသည်။
ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ရာ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။ ရွှီယီက တစ်စုံတစ်ခုကို ခံစားမိဟန်တူကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ ရီဖူရှင်းက မည်သည့်အရာကိုမှ မမြင်သလို အဝေးကို ကြည့်လိုက်သည်။

***

သူတို့က ကော့တေးကို ပြန်ရောက်သောအခါ ယူချင်း၏ ဒဏ်ရာမှာ များစွာ သက်သာသွားပြီး ဖြစ်သည်။ အစ်ကိုငါးက သူ့အား သေချာစွာ ကုသခဲ့ဟန်ရသည်။ အစ်မနှစ်က သူတို့အား ကြည့်သည်။ သူမက မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မမေးပေ။ ဂူတုံးလျိုက ကိုယ်တိုင် လိုက်သွားမှတော့ ကိစ္စက ဖြေရှင်း၍ မပြီးသရွေ့ ပြန်လာမည် မဟုတ်သည်ကို သူမသိသည်။ ထို့ကြောင့် သူမက မေးနေစရာ မလိုပေ။
သူမ၏ လှပသော မျက်လုံးများက ရီဖူရှင်းထံ ရောက်လာသည်…
“မောင်ငယ်လေး… ဒီကိုလာ….”
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်လျက် သူမထံကို လျှောက်သွားသည်။
“မင်း ဒဏ်ရာ ရလာလား….” ကျူးကော့ဟွေက သူ့အား လေ့လာကာ ပြောသည်။
“မရပါဘူး… ကျွန်တော် အဆင်ပြေတယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ဒါ ကောင်းတယ်… မင်းရဲ့ အစ်ကိုငါးက မင်ကို သေချာ ဂရုမစိုက်ဘူးလား….” ကျူးကော့ဟွေက မေးလိုက်သည်။
ထိုစကားကို ကြားလျှင် လျိုဖန်းက ချက်ပြုတ်နေရာမှ မော့ကြည့်ကာ ရီဖူရှင်းအား ကြည့်လျက် လျင်မြန်စွာ ခေါင်းယမ်းပြသည်။
“အာ…” ရီဖူရှင်းက လျိုဖန်း၏ အပြုအမူကို မြင်လျှင် ရယ်မောလျက် ပြောသည်… “အစ်ကိုငါးက ကျွန်တော့်ကို ဂရုစိုက်ပါတယ်… ဖြစ်ခဲ့တဲ့ ကိစ္စက တိုက်ဆိုင်မှု သက်သက်ပါ…..”
လျိုဖန်းက ရင်ဘတ်မှ အပူလုံး ကျသွားအောင်ပင် သက်ပြင်းချလိုက်ကာ တစ်ချိန်တည်းမှာပင် မနာလိုစွာ ပြောသည်… “အစ်မနှစ်က အရမ်း ဘက်လိုက်တာပဲ….”
တောင်ထိပ်ပေါ်မှ ဘဝကား ခက်ခဲကြမ်းတမ်း လှသည်။
“နောက်ဆုံး ငါ့မှာ ဂရုစိုက်ပေးရမယ့် မောင်ငယ်လေး တစ်ယောက် ရှိလာပြီ…” အစ်မနှစ်က အသာအယာ ပြောသည်။ သူမ၏ ဘေးမှ ယိရှောင်ရှီ၏ မျက်နှာတွင် အလွန်အမင်း စိတ်ပျက်ဟန်များ ဖြစ်သွားသည်။ ရီဖူရှင်း မရောက်လာမီက သူသည်လည်း အငယ်ဆုံး ဖြစ်သော်လည်း ဆက်ဆံပုံချင်း ကွာခြားလွန်း လှသည်။
ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်… “ကော့တေးရဲ့ တပည့် ရှစ်ယောက်ထဲမှာ အစ်မနှစ်နဲ့ အစ်မခြောက်တို့ကပဲ မိန်းကလေးတွေပဲ… အစ်မတွေက နတ်သမီးလို လှကြတယ်… အမှန်က ကျွန်တော်ကပဲ အစ်မတွေကို ကာကွယ်ပေးရမှာ…..”
လျိုဖန်းနှင့် ယိရှောင်ရှီက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူတို့အကြား ကွာခြားမှုများ အဘယ်ကြောင့် ရှိနေသည်ကို နားလည်လိုက်ကြသည်။ မျှော်လင့်ထားသလိုပင် စီနီယာအစ်မက ပြုံးလျက် ပြောသည်… “မောင်ငယ်လေး… မင်းက တခြားလူတွေထက် သိတတ်တယ်….”
စိတ်ဓာတ်ကျစွာဖြင့် လျိုဖန်းက သူ၏ ခေါင်းကို ငုံ့ကာ ဆက်လက်၍ မီးမှုတ်သည်။ သူကား တောင်အောက်မှ ဘဝကို သတိရသည်။ မည်သည့်အချိန်မှ သူက တောင်အောက်ကို ထပ်ဆင်းခွင့် ရမည် မသိတော့ပေ။

***

ရက်အတန်ကြာလျှင် ချင်နန်းတော်မှ အဖြစ်အပျက်က အရှေ့မြေရိုင်း တစ်ခွင် ပျံ့နှံ့သွားတော့သည်။ ထိပ်သီး အင်အားစု အချင်းချင်း ရင်ဆိုင်မိသည့် ကိစ္စဖြစ်ရာ မရေမတွက်နိုင်သော လူများက ပြောဆို ဆွေးနွေးကြသည်။ သူတို့က ချင်နန်းတော်ထဲတွင် ဖြစ်ပျက် ခဲ့သည်များကို မသိကြပေ။ ထိပ်သီး အင်အားစုများသာ သိကြသည်။ သို့သော်လည်း ကော့တေးတပည့်က ဒွန်ဟွာကလန်မှ နိုဘယ်၏ တန်ခိုးအစွမ်းကို ဖျက်ဆီးခဲ့သည့် ကိစ္စက တစ်လောကလုံးကို တုန်လှုပ်စေသည်။ မျက်လုံးပေါင်း များစွာက ဒွန်ဟွာကလန်ကို စောင့်ကြည့် နေကြသည်။ အင်အား အကောင်းဆုံး ကလန်ဖြစ်ရန် ရည်မှန်းချက်ရှိသော ကလန်တစ်ခု အနေဖြင့် ဒွန်ဟွာကလန်ကရော ဤကိစ္စကို လက်လျှော့မည်လော။
ဤမတိုင်မီက မည်သို့ ဖြစ်ပျက်ခဲ့ပါစေ ထိုအရာက မှားသည် မှန်သည်နှင့် မသက်ဆိုင်တော့ပေ။ ထိုအရာက ထိပ်သီး အင်အားစုနှစ်ခု၏ ရင်ဆိုင်မှု ဖြစ်လာသည်။
တစ်နေ့တွင် လူတိုင်းက ထင်မှတ်ထားသလို ဒွန်ဟွာကလန်မှ မရေမတွက်နိုင်သော တန်ခိုးရှင်များ ထွက်ပေါ်လာကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset