Switch Mode

အပိုင်း (၂၄၂)

ဘယ်သူ အနိုင်စားရဲသလဲ

ဓမ္မစာအုပ်က ထောင်ပေါင်း များစွာသော စာရွက်များအဖြစ် ပြောင်းလဲသွားကာ ရွှီယီအား လှည့်ပတ် နေကြသည်။ စာရွက်တစ်ခုစီက အလွန်အမင်း အားကောင်းသော မှော်တိုက်ကွက် တစ်ခုစီကို ထုတ်ဖော်နိုင်သည်။ မည်မျှ အားကောင်း လိုက်သည့် ပါရမီလဲ။ ကော့တေးမှ လူများက မည်သို့ ကျင့်ကြံ ကြသနည်း။
နဂါးနက်ပေါ်တွင် ရပ်နေသော ရီဖူရှင်းပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားသည်။
အစ်မနှစ်က အစ်ကိုလေးအား စာအုပ်များ ကူးရေးရန် ခိုင်းစေသောအခါ ရီဖူရှင်းက သူ့အား ရယ်မောခဲ့သည်။ သို့သော် သူက အမှန်တကယ်ကော စာအုပ်များကို ကူးရေးနေခဲ့ခြင်းလော လေ့ကျင့် နေခဲ့ခြင်းလော သူ ဝေခွဲမရတော့ပေ။
သူက ယူချင်း၏ စကားများကို ပြန်တွေးမိသည်။ စာအုပ်ရေးခြင်း၊ ချက်ပြုတ်ခြင်း၊ သစ်ခုတ်ခြင်းများက ကျင့်ကြံခြင်းများ ဖြစ်ကြောင်း အစ်ကိုငါးက ပြောခဲ့သည်။
အစ်ကိုငါး၏ မီးစွမ်းအားများကို ပြန်တွေးမိလျှင် ရီဖူရှင်း ဆွံ့အရသည်။ ကော့တေးက သူတို့၏ တပည့်များကို သင်ပေးခြင်း မရှိဟု မည်သူ ပြောသနည်း။
သူတို့ကား လိုအပ်ချက်ကို လိုက်၍ သင်ပေးခံရသည်။ သူတို့က ကော့တေးကို ဝင်ရောက်သည်နှင့် လေ့ကျင့်ကြရသည်။ ကော့တေးတွင် စားသောက်ခြင်း ပင်လျှင် လေ့ကျင့်ခြင်း တစ်မျိုး ဖြစ်သည်။
စာအုပ်ထဲတွင်ကား ထောင်ပေါင်း များစွာသော မှော်တိုက်ကွက်များ ရှိနေသည်။ မရေမတွက်နိုင်သော မှော်တိုက်ကွက်များက တစ်ကြိမ်တည်းတွင် အသက် ဝင်လာကာ တိုက်ကွက်တိုင်းက အလွန် ားကောင်းသည်။
ဒွန်ဟွာကလန်မှ လူအများအပြား ရှိသည့်တိုင် သူတို့အား များစွာသော မှော်တိုက်ကွက်များ၏ ဝန်းရံမှုကို ခံရသည်။
“ကော့တေးက ရန်သူ အရေအတွက် များလေလေ မကြောက်လေလေပဲ….” ရွှီယီက ထူးမခြားနားစွာ ပြောသည်။ သူကား ထိုနေရာတွင်ပင် အေးဆေးစွာ ရပ်နေသည်။ သူ့ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များက လေမုန်တိုင်းများ အလား လှုပ်ခတ်နေကာ စာအုပ်က သဘာဝ စွမ်းအားများကို ဝါးမျိုပြီး မှော်တိုက်ကွက်များ အဖြစ် ပြောင်းလဲ နေကြသည်။
လူတိုင်းက ဆွံ့အ သွားကြသည်။ ကော့တေးတွင်ကား တပည့် ရှစ်ယောက်မျှသာ ရှိသော်လည်း တစ်ယောက်စီတိုင်းက အတော်ဆုံးထဲမှ အတော်ဆုံးများ ဖြစ်ကြသည်။ စာရွက်များစွာက ဟေးဂျင်ထံသို့ တိုးဝင်သွားကြ၏။
စာရွက်များ သူ့ထံသို့ လာနေသည်ကို မြင်လျှင် ဟေးဂျင်က ဒေါသတကြီး နောက်ဆုတ်သည်။ သူကား အဆင့်နိမ့် နိုဘယ်တစ်ယောက်သာ ဖြစ်သည်။ ကော့တေးမှ ငါးယောက်မြောက် တပည့်ဖြစ်သူ လျိုဖန်းပင်လျှင် သူ့အား အလွယ်တကူ အနိုင်ယူနိုင်သည်။ လေးယောက်မြောက် တပည့်ကား လျိုဖန်းထက် ပင်လျှင် စွမ်းအားမြင့်သည်။
ရွှီယီက လေထဲတွင် ရပ်နေသည်။ သဘာဝ စွမ်းအင်များက ပတ်ဝန်းကျင်အား ဖုံးလွှမ်းနေကာ သူက များစွာသော မှော်တိုက်ကွက်များကို ထုတ်ဖော်လိုက်သည်။ သဘာဝ စွမ်းအင်များကား မှော်ပညာ၏ အခြေခံဖြစ်သည်။ အကယ်၍ ရွှီယီက မှော်တိုက်ကွက်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်နိုင်သည် ဆိုပါက သူ၏ စိတ်ဝိညာဉ် စွမ်းအားမှာ အလွန် ထူးခြားထက်မြက် နေရပေမည်။ မှော်ပညာကို ထိန်းချုပ်ရာတွင် သူကား တကယ့် ပညာရှင် ဖြစ်သည်။
ရွှီယီကား သန့်စင်သော မှော်ပညာရှင် ဖြစ်သည်။ သူက သိုင်းပညာကို မလေ့ကျင့်ပေ။ သူက ထိုနေရာတွင် သူ၏ စွမ်းအင်များကို ဖြုန်းတီးနေစရာ မလိုပေ။ သူ၏ မှော်ပညာက ထိုအားနည်းချက် များကို ဖြည့်တင်းနိုင်သည်။
ဒွန်ဟွာလကန်မှ လူများအားလုံးမှာ မှော်တိုက်ကွက်များ ကြားထဲတွင် ပိတ်မိနေကြကာ ဒေါသတကြီး ရုန်းကန်နေကြသည်။ တချို့သော စွမ်းအားမြင့် တန်ခိုးရှင်များက ရွှီယီထံ ပြေးဝင်လာကြသည်။ သို့သော်လည်း သူက အေးဆေးစွာ ပြုံးလျက် လက်ကို ဝှေ့ယမ်းလိုက်လျှင် များစွာသော စာရွက်များ ထွက်ပေါ်လာသည်။
စာရွက်တစ်ခုမှ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်က နက်မှောင်သွားကာ အရာအားလုံးက ပြိုလဲလာသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော စာရွက်များက မုန်တိုင်းထဲ ပျော်ဝင် ပျောက်ကွယ် သွားသည်။ ချက်ချင်းပင် မုန်တိုင်းထဲတွင် မီးဓာတ်စွမ်းအင်၊ လျှပ်စီးစွမ်းအင်နှင့် ရွှေရောင်ဓားများ ဖြစ်ပေါ်လာသည်။
ထိုကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းက ရှေ့ကို တိုးဝင်သွားသည်။
စွမ်းအားမြင့် မှော်ဆရာများက သူတို့၏ မှော်တိုက်ကွက်များအား ပေါင်းစပ်ကာ တစ်ပြိုင်နက်တည်း ထုတ်ဖော်နိုင်သည်။ ရွှီယီ၏ ပါရမီဖြင့် သူကလည်း ထိုသို့ လုပ်နိုင်သည်။ ယခု သူ၏ ပေါင်းစပ် မှော်တိုက်ကွက်များက နိုဘယ်များ အတွက်ပင်လျှင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
“နောက်ဆုတ်ကြစမ်း….” အဆင့်နိမ့် နိုဘယ်များက နီးကပ်လာသော မုန်တိုင်းကြီးကို မြင်လျှင် လျင်မြန်စွာ နောက်ဆုတ်ကြသည်။ သို့သော်လည်း မုန်တိုင်းက ထိတ်လန့်ဖွယ် အလျင်ဖြင့် သူတို့ကို ဖြတ်ကျော် သွားသည်။ ထို့နောက်တွင် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။
နိုဘယ် တစ်ယောက်ကား မုန်တိုင်းမှ ထုတ်လွှတ်သော ရွှေဓား၏ ထွင်းဖောက်ခြင်း ခံရကာ သွေးများ အဆက်မပြတ် ထွက်လာနေသည်။ တချို့က လျှပ်စီးများဖြင့် အရိုက်ခံရကာ သူတို့၏ ခန္ဓာကိုယ်က အနက်ရောင် ဖြစ်သွားသည်။ သူတို့၏ ခန္ဓာကိုယ်များ ထုံထိုင်းသွားသလို ခံစားကြရသည်။
ဟေးဂျင်က လူအုပ်၏ နောက်တွင် ပုန်းကွယ်နေကာ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း စာရွက်များက သူ့နောက်ကို တိုက်ရိုက် လိုက်ပါလာကြသည်။ ထို့နောက် စာရွက်တစ်ရွက်ထံမှ ကောင်းကင်နှင့် မြေကြီးအကြား အားကောင်းသော ဖိအားတစ်ခု ဖြစ်ပေါ်လာလျှင် ဟေးဂျင်၏ ခြေလှမ်းများ ထိုင်းမှိုင်းသွားသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်ကြိုးမျှင်များက သူ့အား လှည့်ပတ် လာနေကာ သူ၏ ပြေးပေါက်များကို ပိတ်ထားသည်။
“မင်းက ပြေးချင်သေးတာလား….” ရွှီယီက ထူးမခြားနားစွာ ပြောသည်။ သူကား စာရွက်များ လှည့်ပတ်လျက် ရှေ့ကို တိုးသွားသည်။ ဘေးမှ ဒွန်ဟွာကလန်၏ နိုဘယ်များက မည်သူမှ သူ့အနားကို မကပ်ရဲကြပေ။
ချက်ချင်းပင် ရွှီယီက ဟေဂျန်၏ ရှေ့ကို ရောက်လာသည်။ ရွှေရောင်ကြိုးများက ဟေးဂျင်အား တင်းကျပ်စွာ ချည်နှောင် ထားကြသည်။ သူ၏ မျက်နှာများလည်း အနည်းငယ် ပြာနှမ်း လာနေသည်။
“သူ့ကို လွှတ်လိုက်စမ်း….” ဒွန်ဟွာကလန်မှ လူများက တစ်ဖန် ရွှီယီအား ဝန်းရံကာ ဒေါသတကြီး ပြောကြပြန်သည်။
“မင်းတို့က ဟာသ လုပ်နေတာလား….” ရွှီယီက လူအုပ်အား သရော်သော ဟန်ပန်ဖြင့် ကြည့်ကာ ပြောသည်…. “ကျုပ်ညီကို နိုဘယ်အဆင့်နဲ့ အနိုင်စားတယ်…. မင်းတို့က ကော့တေးကို မျက်လုံးထဲ ထည့်ထားလား…”
အဝေးမှ လူများက အံ့အားသင့် နေကြသည်။ ကော့တေး၏ လေးယောက်မြောက် တပည့်သည်လည်း နောက်ထပ် စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက် ဖြစ်နေသည်။ သူ၏ အမူအကျင့်က ဂူတုံးလျိုနှင့် ကွဲပြားသည်။ ဂူတုံးလျိုက ထက်ရှသော ပုံစံ ရှိသောအချိန်တွင် ရွှီယီကား မည်သည့် အရာကိုမှ ဂရုမစိုက်သော ဟန်ပန်ရှိသည်။ သို့သော် မာနကြီးသော ဟန်ပန်ကကား အတူတူပင်။ ထိုအရာက ကော့တေး၏ ဟန်အမူရာ ဖြစ်နိုင်ပေသည်။
“ဂူတုံးလျို… ကော့တေးက ဟန်ရေးပြချင် နေတာလား….” လေထဲမှ ဒွန်ဟွာကလန် နိုဘယ်တစ်ယောက်က ပြောသည်။
ဂူတုံးလျိုက သူတို့အား မတိုက်ခိုက်ပေ။ ထိုနေရာတွင် ရပ်နေရုံမျှက လူတိုင်းအား ကြောက်ရွံ့စေသည်။ မည်သူမှ မလှုပ်ရှားရဲကြပေ။
ဂူတုံးလျိုက သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ သူက ပြန်ပြောရန် မလိုပေ။ သူ၏ မောက်မာသော မျက်လုံးများက အထင်သေးသော အငွေ့အသက်များ ပြည့်နှက်နေသည်။
ဒွန်ဟွာကလန်က ယူချင်းနှင့် ရီဖူရှင်းကို အနိုင်ကျင့်သောအခါ ဤသို့သော မြင်ကွင်းကို မမျှော်လင့် ထားဘူးလား။ သူတို့က ကော့တေးမှ တပည့်နှစ်ယောက်အား ဒဏ်ရာရစေမှတော့ သူတို့က ပြန်ပေးဆပ်ရမည် ဖြစ်သည်။ သူတို့က ပြစ်မှု ကျူးလွန်မှတော့ နောက်ထပ် ပြောနေစရာ မလိုတော့ပေ။
ရွှီယီက ဟေးဂျင်အား ကြိုးဖြင့် ချည်နှောင်လျက် ရှေ့ကို အေးဆေးစွာ လျှောက်သွား လိုက်သည်။ စာအုပ်က လေထဲတွင် ရှိနေဆဲဖြစ်သည်။ ထောင်ပေါင်း များစွာသော စာရွက်များက ကြောက်မက်ဖွယ် ကောင်းသော မှော်စွမ်းအင်များကို ထုတ်လွှတ်လျက် ရွှီယီအား လှည့်ပတ် နေကြသည်။
သူ၏ ခြေလှမ်းများက ညင်သာ အေးဆေးသည်။ သူက ဒွန်ဟွာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များကို ဂရုမစိုက်ပေ။
ဟေးဂျင်၏ အမူအရာများကား အလွန် ပျက်ယွင်းနေသည်။ ဒွန်ဟွာကလန်၏ နိုဘယ်တစ်ယောက် အနေဖြင့် သူ့တွင်လည်း မာနရှိပေသည်။ အရှေ့မြေရိုင်း ဒေသတွင် ချင်ပြည်ထောင်နှင့် ကျောင်းတော်တို့ကလွဲ၍ သူ့အား ဤသို့သော ပုံစံဖြင့် မည်သူ ဆက်ဆံရဲသနည်း။ သူကား မည်သည့် နေရာတွင်မဆို ဂုဏ်ယူ ဝင့်ကြွားနိုင်သည်။ ယခုမူကား ကော့တေး၏ တပည့်ထံတွင် အပြစ်သား တစ်ယောက်လို  တုပ်နှောင်ထားခြင်း ခံရသည်။ ဒွန်ဟွာကလန်မှ လူအများအပြားက ဤနေရာတွင် ရှိနေကြသော်လည်း မည်သူမှ သူ့အား မကယ်နိုင်ကြပေ။ ထိုအရာက အလွန်အမင်း စိတ်ဓာတ်ကျစရာ ကောင်းလှသည်။
“အစ်ကိုသုံး… သူ့ကို ဘယ်လို အပြစ်ပေးသင့်လဲ….” ရွှီယီက လေထဲမှ အဖြူရောင် ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ မေးသည်။
မျက်လုံးပေါင်း များစွာက သူ့အား စိုက်ကြည့် နေကြသည်။ ကော့တေးက ဒွန်ဟွာကလန်မှ နိုဘယ်ကို ဤနေရာတွင် အပြစ်ပေးမည်လား။
“ဂူတုံးလျို… သဟဇာတ ဖြစ်မှုကို သိပ်ပြီးတော့ မဖျက်ဆီးနဲ့….” ချင်ယွီက ကောင်းကင်ကို ကြည့်ပြီး ပြောသည်။
“အိမ်ရှေ့စံမင်းသား… မင်းက ဒွန်ဟွာကလန်ကို ပြောသင့်တယ်….” ဂူတုံးလျိုက ထူးမခြားနားစွာ ပြောသည်။ ထို့နောက် သူက အသာအယာ ပြောသည်…. “သူ့ရဲ့ စွမ်းအားတွေကို ဖျက်ဆီးလိုက်…”
ဒွန်ဟွာကလန်မှ နိုဘယ်များကား အရှေ့မြေရိုင်း ဒေသတွင် လူအများက လေးစားသမှု ပြုရသူများ ဖြစ်ကြသည်။ သူ့အား မည်သူက ဤသို့ ပြုမူရဲသနည်း။ သို့သော် ယနေ့တွင် ချင်နန်းတော်၏ အပြင်ဘက်တွင် ဂူတုံးလျိုက သူ့အား တန်ခိုးအစွမ်းများ ဖျက်ဆီးရန် အပြစ်ပေးခဲ့သည်။
“ဂူ…တုံး….လျို….” လေထဲမှ အကြီးအကဲ၏ အသံက အလွန် လေးလံ လှသည်။ ဂူတုံးလျို တစ်ယောက်သာ ဤသို့ ပြုမူရဲသည်။
“ကောင်းပြီ …” ရွှီယီက ခေါင်းညိတ်ကာ ဟေးဂျင်အား ကြည့်လိုက်သည်။
ထိုအခိုက်တွင် သူက အေးစက်မှုကို ခံစားရသည်။ သူက ရွှီယီအား တကယ်တမ်း လုပ်ရဲသလား ဟူသော အထင်သေးသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ အခုထိ ကော့တေးက သူ့အား အမှန်တကယ် တန်ခိုးအစွမ်း ဖျက်ဆီးရဲမည်ဟု သူ မယုံကြည်သေးပေ။
သူ့အား ချည်နှောင်ထားသော ကြိုးများက ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော ဓားသွားများအဖြစ် ပြောင်းလဲသွားကာ ဟေးဂျင်၏ ခန္ဓာကိုယ်ထဲကို တိုးဝင် သွားကြသည်။ အလွန်အမင်း နာကျင်စွာ အော်ဟစ်လျက် ဟေးဂျင်၏ မျက်လုံးများက ပြူးကျယ် သွားသည်။
ရွှီယီက မလုပ်ရဲစရာ အကြောင်း မရှိပေ။ သူက ဂရုလည်း မစိုက်ပေ။
ဟေးဂျင်၏ မျက်လုံးများက မယုံကြည်နိုင်မှုများ၊ ကြောက်ရွံ့မှုများ၊ နောင်တများ စသော ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။ တန်ခိုးရှင် တစ်ယောက် အနေဖြင့် စွမ်းအား ပျက်စီးခြင်းကား သေသည်ထက် အဖြစ်ဆိုးသည်။
နိုဘယ်တစ်ယောက်က အစွမ်းများ ပျက်စီး သွားပြီးပါက အသက် သေနေသည့်နှင့် မခြားတော့ပေ။
ကြောက်မက်ဖွယ် ဓားသွားများက သူ၏ ခန္ဓာကိုယ်ထဲကို တိုးဝင်ကာ အရေးကြီးသော အကြောများ အရိုးများကို တိုက်စားသွားသည်။
“မဟုတ်ဘူး….” ဟေးဂျင် အော်ဟစ်လိုက်သည်။
သူ လက်မခံနိုင်ပေ။ သူက နာကျင်စွာ အော်ဟစ်သော်လည်း မည်သူမှ သူ့အား မကယ်နိုင်ပေ။
လူတိုင်းက သူ့အား စိတ်နှလုံး တုန်ခါလျက် ကြည့်နေကြသည်။ ထိုအရာကား မာနကြီးသော ကော့တေးဖြစ်သည်။ မည်သူကမှ ကော့တေးအား မတရား မပြုမူရဲပေ။ ဒွန်ဟွာကလန် ဖြစ်လျှင်ကော အဘယ်အရေးနည်း။ အရှေ့မြေရိုင်းဒေသ၏ နံပါတ်တစ် ကလန်ကို သူတို့ အရေးမစိုက်ပေ။ ထိပ်သီး အင်အားစုများပင်လျှင် ဤမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။
ဤအဖြစ်အပျက် နောက်ပိုင်းတွင် မည်သူက ကော့တေးအား အနိုင်ကျင့်ရဲ တော့မည်နည်း။
ကော့တေးကား ယခင်တည်းက တိုက်ပွဲနှစ်ခုဖြင့် နာမည် ကျော်ကြားခဲ့သည်။ ယနေ့ကား တတိယ တိုက်ပွဲဖြစ်သည်။ ယခင်တိုက်ပွဲများလို ဤနေ့တိုက်ပွဲကလည်း အရှေ့မြေရိုင်း တစ်ခွင် ပျံ့နှံ့သွားတော့မည် ဖြစ်သည်။
ဒွန်ဟွာကလန်ကား သူတို့၏ နိုဘယ်တစ်ယောက်က ထိုသို့ တန်ခိုးအစွမ်းများ ဖျက်ဆီး ခံရသည်ကို မည်သို့မှ မတတ်နိုင်ဘဲ ကြည့်နေရသည်။ သူတို့က ဒေါသတကြီး ကြည့်နေ ကြသော်လည်း မည်သို့မှ မလုပ်နိုင်ပေ။ ဂူတုံးလျိုနှင့် ရွှီယီတို့ကား လူထောင်ပေါင်း များစွာပါသော စစ်တပ်ထက်ပင် ကြောက်မက်ဖွယ် ကောင်းသည်။
ကော့တေးက တခြား ကလန်များကဲ့သို့ ဆိုလျှင် လူအနည်းငယ်မျှဖြင့် သူတို့က မည်သို့ နာမည် ကျော်ကြား လာမည်နည်း။
ချင်ယွီနှင့် ချင်ပြည်ထောင်မှ လူများကလည်း အံ့အားသင့် ရသည်။ သူတို့က ထိုကိစ္စတွင် ပါဝင် ပတ်သက်ခြင်း မရှိသော်လည်း ဟေးဂျင်ကား ချင်နန်းတော်၏ အပြင်ဘက်တွင် အစွမ်း ဖျက်ဆီး ခံရသည်။ ထိုအရာက ချင်ပြည်ထောင် အတွက် အခက်အခဲ အနည်းငယ် ဖြစ်စေသည်။
ဂူတုံးလျိုကား ချင်ယွီနှင့် အဆင့် အတူတူ ဖြစ်သော်လည်း သူ့ထက် ပိုမို၍ မောက်မာကာ ရက်စက်သည်။ သူ၏ စကားများကိုမူ ဂူတုံးလျိုက လုံးဝ လျစ်လျူရှုထားသည်။
အချိန်က စကားပြော သွားပေမည်။ ယနေ့ ကိစ္စက မပြီးသေးပေ။
ရီဖူရှင်းက ထိုအဖြစ်အပျက် များကို နဂါးနက်ကြီးပေါ်မှ တိတ်ဆိတ်စွာ ကြည့်နေသည်။
ဂူတုံးလျိုက သူ့အား ဖိတ်ခေါ်ရန် ကန်ယီနိုင်ငံသို့ ရောက်လာခဲ့သည်။ ထိုအချိန်က အရှေ့မြေရိုင်း ဒေသတွင် မည်သူကမှ ကော့တေး၏ တပည့်အား မတရား မဆက်ဆံရဲဟု သူက ပြောခဲ့သည်။ သူကား အလွန် ဂုဏ်ယူသည်။
ယခု ဂူတုံးလျိုနှင့် ရွှီယီက ထိုစကားများကို သက်သေပြနေသည်။ ဒွန်ဟွာကလန် ဖြစ်စေ ချင်ပြည်ထောင်ဖြစ်စေ မည်သူကမှ ကော့တေး၏ တပည့်များကို အနိုင်ကျင့်၍ မရပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset