အခြေအနေကား သက်သောင့်သက်သာ မဖြစ်တော့ပေ။ လူတိုင်းက ဂူတုံးလျိုအား ကြည့်နေကြသည်။
ချင်ဘုရင်အား ဤသို့သော အမူအရာဖြင့် ပြောရဲသူ အနည်းငယ်မျှသာ ရှိသည်။ တိုက်ပွဲနှစ်ခုက ကော့တေး၏ နာမည်အား ကျော်ကြား စေခဲ့သည်။ ကော့တေးမှ လူများက မည်မျှ မာနကြီးသည်ကို လူတိုင်းက သိသည်။ ယခု တစ်ကြိမ်တွင်လည်း ထိုအပြုအမူများကို သူတို့ ထပ်မံ မြင်နေရသည်။ ဤတစ်ကြိမ်တွင်ကား ဂူတုံးလျိုက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ကို ရင်ဆိုင်နေရသည်။
“ဒီနေ့ ဒီကို ရောက်လာတဲ့ လူတိုင်းက ကျုပ်ရဲ့ ဧည့်သည်တွေပဲ….” ချင်ဘုရင်က ဂူတုံးလျိုအား ပြုံးလျက် ကြည့်ကာ ပြောသည်။
ဂူတုံးလျိုက ဤမျှ အတင့်ရဲမှတော့ ချင်ဘုရင်ကလည်း အလွန် ကောင်းမွန်စွာ ဆက်ဆံနေမည် မဟုတ်ပေ။ ချင်ဘုရင်ပြောသော စကားက သူ၏ ရပ်တည်မှုကို ထင်ရှားစေသည်။
လူတိုင်းက ချင်ဘုရင်၏ ဧည့်သည်ဖြစ်နေလျှင် ဂူတုံးလျိုအား မည်သူ့ကိုမှ ခေါ်သွားခွင့် ပြုမည် မဟုတ်ပေ။
ဂူတုံးလျိုက ချင်ဘုရင်အား အနည်းငယ် ဦးညွှတ်လိုက်သည်။ သူက မာနကြီးသည့်တိုင် သင့်တော်သော အပြုအမူများကို လိုက်နာရန် လိုပေသည်။
“ကြည့်ရတာ ဧည့်သည်တွေအကြား ကွဲပြားမှုတွေ ရှိနေတာပဲ….” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်။ သူပြောသည်ကို လူတိုင်းက သဘောပေါက်ကြသည်။ ကော့တေးမှ လူများကလည်း ဧည့်သည်များ ဖြစ်သော်လည်း ချင်ပြည်ထောင်မှ နိုဘယ်များ၏ ဆိုးရွားစွာ ဆက်ဆံမှုကို ခံရသည်။
ကု့ချင်း ဖျော်ဖြေပွဲတွင် ဒွန်ဟွာကလန်မှ လူများက ကော့တေးမှ လူငယ်လေးများအား အနိုင်ကျင့် သော်လည်း မည်သူမှ သူတို့အား တားဆီးခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ယခုတွင် ဂူတုံးလျိုအား တားဆီးနေသည်။ သိသာစွာပင် ဧည့်သည်များ အကြား ခွဲခြား ဆက်ဆံမှုများ ရှိနေသည်။
ချင်ဘုရင် မျက်မှောင်ကြုတ် သွားသည်။ ဂူတုံးလျိုက ဆက်ပြောသည်…. “ဒီလိုဆိုရင်လည်း ကျုပ်က အခမ်းအနားကို မနှောင့်ယှက်တော့ပါဘူး… နှုတ်ဆက်ပါတယ်….” ဂူတုံးလျိုက နောက်လှည့် လိုက်သည်ကာ စင်ဘက်ကို ကြည့်၍ ခေါ်လိုက်သည်….“ညီငယ်လေး… သွားရအောင်….”
“ဟုတ်ကဲ့….” ရီဖူရှင်းက မတ်တတ်ရပ်ကာ ဂူတုံးလျိုထံသို့ လျှောက်သွား လိုက်သည်။ ထို့နောက် သူတို့နှစ်ဦး နန်းတော်ထဲမှ ထွက်ခွာသွားကြသည်။ ဂူတုံးလျိုကား မာနကြီးသော်လည်း သင့်တော်စွာ ပြုမူသည်။ သူက မည်မျှ မာနကြီးသည် ဖြစ်စေ ချင်ဘုရင်အား မလေးမစားပြုမူ၍ မရပေ။ မည်သို့ပင်ဆိုစေ ချင်ဘုရင်ကား သူ့ထက် စီနီယာကျသော မျိုးဆက်မှ ဖြစ်ပေသည်။ သို့သော်လည်း ကော့တေးက ဤမျှဖြင့် ကျေနပ်ပါမည်လော။
ချင်ဘုရင်၏ မြေး ချင်လီက နှာခေါင်းရှုံ့လိုက်သည်။ ချင်ပြည်ထောင်ကား အရှေ့မြေရိုင်း ဒေသတွင် အင်အား အကောင်းဆုံး မဟုတ်သည့်တိုင် ဖူယွန် ဓားကလန်တို့လို ထိပ်သီး အင်အားစုများထက် အင်အား ကောင်းသည်။
ကော့တေးကသာ သူတို့ အလိုရှိရာကို ယူဆောင် သွားမည် ဆိုပါက သူတို့ ချင်ပြည်ထောင်က ဟာသတစ်ခုထက် မပိုတော့ပေ။
ဒွန်ဟွာကလန်မှ လူများက မည်သို့မှ ထူးခြားသော အမူအရာများ မရှိသော်လည်း အမှန်တကယ် အားဖြင့် စိုးရိမ်စိတ်များ ရှိနေပေသည်။ ဂူတုံးလျိုကား အလွန်အမင်း ထူးခြား ထက်မြက်လှပေသည်။ သူနှင့် နှိုင်းယှဉ်လျှင် ဒွန်ဟွာကလန်ကား သာမန်မျှသာ ဖြစ်ပေသည်။ သူတို့ ခံနိုင်ရည်အား မရှိပေ။
ဟေးဂျင်က ဂူတုံးလျို၏ နောက်ကျောအား အေးစက်စွာ ကြည့်လိုက်သည်။ သူကား ယူချင်းကို ဒဏ်ရာရစေသူ ဖြစ်သည်။ သူကား ဂူတုံးလျို လာရောက်ရခြင်း အကြောင်းပြချက် ဖြစ်သည်။
ဂူတုံးလျိုကား မာနကြီးသည်။ သူက ချင်ဘုရင်၏ ရှေ့တွင် တစ်စုံ တစ်ယောက်အား ခေါ်ဆောင် သွားလိုသည်။ သူ ကျရှုံးရမည်မှာ သေချာလှပေသည်။
“အခမ်းအနားက ပြီးသွားပြီ… ကျုပ်တို့လည်း ပြန်ပါဦးမယ်….” ကျောင်းတော်မှ စစ်ထိုဝူက ထရပ်ကာ ချင်ဘုရင်အား ပြောသည်။ ကျောင်းတော်မှ လူများလည်း ထွက်ခွာ သွားကြသည်။
ချင်ဘုရင်က ကော့တေးအား ဖိနှိပ်လိုသည်။ သို့သော် အမှန်တကယ် အားဖြင့် ကျောင်းတော်ကလည်း သူတို့၏ ပစ်မှတ်ဖြစ်သည်။ ကော့တေးက အလွန် ကျော်ကြား သောကြောင့် တစ်ခါတစ်ရံ ကော့တေးက ကျောင်းတော်နှင့် သီးခြား ဖြစ်နေတတ် သော်လည်း မည်သို့ပင်ဖြစ်စေ ကော့တေးကား ကျောင်းတော်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ကို စစ်ထိုဝူ သိသည်။ ဂူတုံးလျိုက ထွက်ခွာ သွားမှတော့ ကျောင်းတော်ကလည်း ထွက်သွားရမည် ဖြစ်သည်။
“ကျုပ်တို့လည်း ပြန်ပါဦးမယ်….” ဓားသခင် တောင်ကုန်းမှ လူများကလည်း ထိုသို့ ပြောကာ ထွက်ခွာ သွားကြသည်။
ဓားသခင်ကား ဓားသခင် တောင်ကုန်းမှ လူများအတွက် နတ်ဘုရားဖြစ်သည်။ သူက ကလန်ကား တည်ထောင်ခဲ့ကာ ထိပ်သီး အင်အားစုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအရာက မလွယ်ကူ ခဲ့သော်လည်း သူကား အောင်မြင်ခဲ့သည်။ သူကား ကော့တေး၏ အစ်ကိုကြီးလည်း ဖြစ်သည်။ ထို့ကြောင့် ကော့တေးကား သူတို့အတွက် မြင့်မြတ်နယ်မြေ တစ်ခုဖြစ်သည်။
ဓားသခင် တောင်ကုန်းမှ တပည့်များက ကော့တေးမှ တပည့်များ အကြောင်းကို သိသလို ဂူတုံးလျိုကိုလည်း ရင်းနှီးစွာသိသည်။ ဂူတုံးလျိုကား ဓားသခင် တောင်ကုန်းကို မကြာခဏ လာရောက်ကာ ဓားသခင်နှင့် တွေ့ဆုံလေ့ ရှိသည်။ သူတို့ကား အလွန် ရင်းနှီးကြ၏။
ဂူတုံးလျိုက သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြပြီး ဖြစ်သည်။ ဓားသခင် တောင်ကုန်းကလည်း ပုံမှန်အားဖြင့် သူ့ကို ထောက်ခံပေသည်။
ချင်ဘုရင် မျက်မှောင်ကြုတ် သွားသည်။ ထိုစဉ်မှာပင် လျိုနိုင်ငံကလည်း ထွက်ခွာသွားလျှင် ချင်ဘုရင်၏ မျက်လုံးများက အေးစက်သွားသည်။
လျိုနိုင်ငံကလည်း သူတို့၏ ဘက်တွင် ရှိနေသည်။
ထိပ်သီး အင်အားစု သုံးခု ထွက်ခွာသွားလျှင် အခြေအနေက အနည်းငယ် ထူးဆန်း သွားသည်။
သို့သော် ချင်ဘုရင်က ချက်ချင်း သတိဝင်လာကာ မှတ်ချက်ချသည်… “လူငယ်တွေက တကယ်ပဲ မာနကြီးကြတယ်… ဒါကို ကော့တေးရဲ့ တပည့်တွေဆီမှာ တွေ့နိုင်တယ်… ချင်ယွီက ချင်ပြည်ထောင်ရဲ့ နောက်ဘုရင်ပဲ…. လူငယ်တွေက အနာဂတ်ရဲ့ ခေါင်းဆောင်တွေပဲ…..”
လူအများက ပြုံးလျက် ခေါင်းညိတ်ကြသည်။ သူတို့အားလုံးတွင် ကိုယ်ပိုင် အတွေးများ ရှိကြသော်လည်း နောက်ထပ် မည်သူမှ မထွက်ခွာ ကြတော့ပေ။ ချင်ဘုရင်အား ဤသို့သော အချိန်တွင် ဆန့်ကျင်ရန် အခွင့်အခါကောင်း မဟုတ်ပေ။
အတန်ကြာလျှင် လူတစ်ယောက် ရောက်ရှိလာကာ ဦးညွတ်လျက် ပြောသည်… “အရှင်မင်းကြီး….”
“ဘာကိစ္စလဲ….” ဘုရင်က အသစ် ရောက်လာ သူအား မေးလိုက်သည်။
“ဂူတုံးလျို ထွက်မသွားသေးဘူး…..” ထိုလူက ဦးညွှတ်လျက် အစီရင်ခံသည်။
ဘုရင်၏ အမူအရာ ပြောင်းလဲသွားသလို တခြား လူများကလည်း နားမလည်သလို ကြည့်ကြသည်။ “သူဘယ်မှာလဲ…” ချင်ဘုရင်က မေးလိုကသည်။
“ သူက နန်းတော်အပြင်မှာ ရပ်နေပြီးတော့ ဒီဘက်ကို ကြည့်နေတယ်….”
ချင်ဘုရင်၏ မြေးဖြစ်သူ ချင်လီ၏ အပြုံး ပျောက်ကွယ် သွားသည်။ သူ၏ မျက်နှာက သက်သောင့်သက်သာ ပုံဟန် မရှိတော့ပေ။ ချင်ယွီက မျက်မှောင်ကြုတ် လိုက်ကာ သူ၏ ထက်ရှသော မျက်လုံးများဖြင့် နန်းတော် အပြင်ကို ကြည့်လိုက်သည်။ ဂူတုံးလျိုက ချင်ပြည်ထောင်ကို စိန်ခေါ်နေသည်လား။
လူတိုင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ဤအရာက ကော့တေးပင်။ သူတို့က အခမ်းအနားအား မနှောင့်ယှက်တော့ဘဲ ငြိမ်းချမ်းစွာ နောက်ဆုတ်ခဲ့သည့်တိုင် လက်လျှော့လိုက်ပြီဟု သတ်မှတ်၍ မရပေ။ သူတို့က နန်းတော် အပြင်ဘက်တွင် ရပ်စောင့်နေသည်။ သူတို့က မည်သည့် စည်းမျဉ်း စည်းကမ်းများကိုမှ မချိုးဖောက်ထားပေ။
***
ထိုအချိန်တွင် နဂါးနက်ကြီးက လူနှစ်ယောက်အား တင်ဆောင်လျက် နန်းတော် အပြင်တွင် ပျံသန်းနေသည်။ သူတို့ကား ရီဖူရှင်းနှင့် ရွှီယီတို့ ဖြစ်ကြသည်။
ဤတစ်ကြိမ်ကား တောင်ပေါ်မှ တပည့်နှစ်ယောက် ဆင်းလာသည်။ သူတို့မှာ ဂူတုံးလျိုနှင့် ရွှီယီတို့ ဖြစ်ကြသည်။ လျိုဖန်းက ဤတစ်ကြိမ် လိုက်မလာခဲ့ပေ။ ယူချင်းက ဒဏ်ရာ အပြင်းအထန် ရထားရာ သူ့အား ကုသပေးရန် လျိုဖန်း ကျန်နေခဲ့သည်။ နဂါးနက်ကြီး၏ ရှေ့မှ လေထဲတွင် တည်ငြိမ်စွာ ရပ်နေသူကား ဂူတုံးလျို ဖြစ်သည်။
နန်းတော် အပြင်ဘက်တွင် မြေပြင်မှ လူများက ဂူတုံးလျိုအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
မကြာမီက ဂူတုံးလျိုက နန်းတော်ထဲကို ဝင်ရောက်သွားရာ သူက အခမ်းအနားကို လာရောက် တက်ရောက်သည်ဟု လူအများက ထင်မှတ်ကြသည်။ သို့သော် သူက လူတစ်ယောက်အား ခေါ်ဆောင်ကာ နန်းတော်ထဲမှ ပြန်ထွက်လာသည်။ သူကား အလွန်ချောမောကာ ငယ်ရွယ်သော လူငယ်တစ်ယောက် ဖြစ်၏။ သူ့အား ကြည့်ရသည်မှာ အသက် ဆယ့်ရှစ်နှစ်ခန့်မျှသာ ရှိသည်။ သူ မည်သူဖြစ်သည်ကို လူအများက ခန့်မှန်းမိသည်။ သူကား အရှေ့မြေရိုင်း ဒေသတွင် လတ်တလော နာမည် ကျော်ကြားလာသော ကော့တေး၏ တပည့်သစ် ရီဖူရှင်းဖြစ်သည်။
လတ်တလောတွင် သူကား လူအများ အာရုံစိုက် ခံရသူဖြစ်သည်။ လူတိုင်းက သူနှင့် ပတ်သက်၍ ပြောနေကြသည်။ အထူးသဖြင့် ချင်လီက သူနှင့်ပတ်သက်၍ မှတ်ချက် ချခဲ့သောကြောင့်လည်း ဖြစ်သည်။ သို့သော် ယမန်နေ့ညက နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သည်ကို သူတို့မသိကြပေ။ ထိပ်သီး အင်အားစုများသာ ထိုအဖြစ်အပျက်ကို သိကြသည်။ သို့တိုင်အောင် လက်ရှိ မြင်ကွင်းအရ တစ်စုံတစ်ခု ဖြစ်ပျက်နေသေည်ကို သူတို့ ခန့်မှန်းမိသည်။
အခမ်းအနားကို တက်ရောက် ရမည့်အစား ကော့တေးက တခြား အကြောင်းပြချက်ဖြင့် ရောက်လာသည်။ ကော့တေး ပြီးနောက် ကျောင်းတော်၊ ဓားသခင်တောင်ကုန်း၊ လျိုနိုင်ငံတို့ကလည်း နန်းတော်ထဲမှ ထွက်လာကြသည်။
ဓားသခင် တောင်ကုန်းမှ တပည့်များက ဂူတုံးလျိုအား ဦးညွှတ်လျက် ပြောသည်… “ကျုပ်တို့က တောင်ကုန်းကို အသိပေးပြီးပါပြီ… ညွှန်ကြားချက် မရသေးခင် ကျုပ်တို့က ဘာမှ လုပ်လို့ မရပါဘူး…..”
“ငါနားလည်တယ်… ရပ်ကြည့်နေ….” ဂူတုံးလျိုက ပြောသည်။
ဓားသခင်တောင်ကုန်းမှ လူများက ခေါင်းညိတ်ကာ ဘေးတွင် ရပ်နေကြသည်။ ကျောင်းတော်နှင့် လျိုနိုင်ငံမှ လူများကလည်း ဘေးတွင် ရပ်လိုက်ကြသည်။ လျိုနိုင်ငံမှ မင်းသားနှင့် မင်းသမီးက ရီဖူရှင်းနှင့် ရင်းနှီးသည့်တိုင် သူတို့က ဝင်စွက်ဖက်၍ မရပေ။ သူတို့၏ ထွက်ခွာမှုက လျိုနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြပြီးဖြစ်သည်။
အတန်ကြာလျှင် ချင်နန်းတော်ထဲမှ စွမ်းအားမြင့် တန်ခိုးရှင်များနှင့်အတူ ချင်ယွီ ထွက်လာသည်။
ချင်ယွီကား ယခု ချင်ပြည်ထောင်၏ အိမ်ရှေ့စံဖြစ်ကာ ဂူတုံးလျိုနှင့် အဆင့်တူသည်။ သူကား ဤကိစ္စကို ဖြေရှင်းရန် အသင့်တော်ဆုံး ဖြစ်သည်။
ဒွန်ဟွာကလန်နှင့် တခြား ကလန်များက ချင်ယွီ၏ နောက်တွင် ရှိနေကာ လေထဲမှ အဖြူရောင် ဝတ်စုံဝတ် လူငယ်အား ကြည့်နေကြသည်။ သူတို့က သူ့အားကြည့်ကာ လွန်ခဲ့သော နှစ်အတန်ကြာက ဖူယွန်ဓားကလန်၏ ရှေ့တွင် ရပ်နေခဲ့သော ဓားသခင်ကို ပြန်အမှတ် ရစေသည်။
“ဂူတုံးလျို… မင်း ဘာလုပ်နေတာလဲ….” ချင်ယွီက သူ့အား ကြည့်ကာ အေးစက်စွာ မေးသည်။
ဂူတုံးလျိုက မျက်မှောင်ကြုတ် လိုက်ကာ ပြန်မေးသည်… “မင်းက ဘာကို ဆိုလိုတာလဲ….”
နှစ်ယောက်လုံး၏ မျက်လုံးအစုံက ထက်ရှကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြသည်။
“ဘုရင်က နန်းတော်ထဲမှာ ရှိတယ်… ဒါကြောင့် ကျုပ်က အပြင်ကို ထွက်လာတယ်…. ခု မင်းကရော ဒီမှာ ဘာလို့ ရှိနေတာလဲ…. ဒါမှမဟုတ် ချင်ပြည်ထောင်က ဒီကိစ္စမှာ တကယ်ပဲ ပါဝင် ပတ်သက်နေတာလား…..” ဂူတုံးလျိုက အေးစက်စွာ ပြန်မေးသည်။
ထိုမေးခွန်းကား ပြန်ဖြေရန် ခက်ခဲလှသည်။
ချင်ပြည်ထောင်က ဒွန်ဟွာကလန်နှင့် ပူးပေါင်းကာ ကော့တေးမှ တပည့်အား ပူးပေါင်း၍တိုက်ခိုက်ခဲ့သည်ဟု ချင်ယွီက ပြော၍ မရပေ။
ကော့တေးကလည်း ချင်ပြည်ထောင်၏ ဧည့်သည်ဖြစ်သည်။ အကယ်၍ သူကသာ ထိုသို့ ဝန်ခံခဲ့ပါက ချင်ပြည်ထောင်၏ ပုံရိပ်ကို အလွန်အမင်း ထိခိုက်စေမည် ဖြစ်သည်။ သို့သော်လည်း ချင်ပြည်ထောင်က ဝင်မစွက်ဖက်လျှင်လည်း ဂူတုံးလျိုက ဒွန်ဟွာကလန်ဘက်ကို မြားဦး လှည့်တော့မည် ဖြစ်သည်။
“ငါတို့က နန်းတော်ရဲ့ အပြင်ဘက်မှာပဲ….” ချင်ယွီက ထိုမေးခွန်းကို မဖြေပေ။
“ဒါက ရယ်စရာပဲ… ကျုပ်တို့ရဲ့ ကော့တေးတပည့်က ချင်နန်းတော်ထဲမှာ ဒွန်ဟွာကလန်က နိုဘယ်ရဲ့ အနိုင်ကျင့်မှုကို ခံရတယ်… ချင်ပြည်ထောင်က ဘယ်သူမှ မတားခဲ့ဘူး…. ကျုပ်ရဲ့ ညီငါး ပြောခဲ့တာက သူက ဒွန်ဟွာကလန်ကို ပြန်တိုက်ခိုက်ခဲ့တာ ကိုတောင်မှ မင်းတို့ ချင်ပြည်ထောင်က တားခဲ့တယ် ပြောတယ်….” ဂူတုံးလျို၏ အသံက ပိုမို ထက်ရှလာသည်။
သူက ဆက်ပြောသည်…. “အခု ကျုပ်က နန်းတော်အပြင်က စောင့်နေတယ်…. အခု မင်းက ဒွန်ဟွာကလန်ကို ကာကွယ်ပေးချင်နေတယ်…. အရှင့်သား…. ကျုပ်ကို ရှင်းပြပါဦး ….”
ဂူတုံးလျို၏ စကားကို ကြားလျှင် နန်းတော်အပြင်မှ လူများအားလုံး ထိတ်လန့်သွားသည်။ နန်းတော်ထဲတွင် ထိုကိစ္စ အမှန်တကယ် ရှိခဲ့သည်လား။ ဒွန်ဟွာကလန်မှ နိုဘယ်က ကော့တေး၏ တပည့်ကို တိုက်ခိုက်ခဲ့သည်လား။
ကော့တေးမှ ဂူတုံးလျိုက ပြန်လည် တိုက်ခိုက်ရန် ရောက်လာသော်လည်း ချင်ပြည်ထောင်က ဒွန်ဟွာကလန်အား ကာကွယ် ပေးလိုနေသည်။
အင်အားစုတိုင်းက ဂူတုံးလျိုအား ကြည့်နေကြသည်။ ဂူတုံးလျို၏ စကားတွင် အမှားမရှိပေ။ ဤကိစ္စက အမှန်ပင် ချင်ပြည်ထောင်၏ မှားယွင်းမှု ဖြစ်သည်။
ချင်ပြည်ထောင်က ဒွန်ဟွာကလန်၏ ကော့တေးမှ တပည့်များကို တိုက်ခိုက်မှုအား တားဆီးခဲ့ခြင်း မရှိခဲ့ပေ။ ယခု ကော့တေးမှ တပည့်များက နန်းတော် အပြင်တွင် ပြန်လည် တိုက်ခိုက်ရန် စောင့်နေကြသည်။ ချင်ပြည်ထောင်က ဝင်စွက်ဖက်ရန် အကြောင်းပြချက် မရှိပေ။
ဂူတုံးလျိုက ချင်ယွီအား ကြည့်ကာ ဆက်ပြောသည်….“တကယ်လို့ အရှင့်သားက ရှင်းပြဖို့ ငြင်းဆိုပြီးတော့ ဒွန်ဟွာကလန်ကို ဆက်ကူညီနေမယ် ဆိုရင်တော့ ခင်ဗျားတို့က ဒွန်ဟွာကလန်က ကော့တေးရဲ့ တပည့်တွေကို တိုက်ခိုက်တဲ့ ကိစ္စမှာ ဝင်ကူညီတယ်လို့ပဲ ကျုပ် နားလည်ရလိမ့်မယ်…..”
***