ဒီအတုမဲ့နတ်ဝိဇ္ဇာကတော့ကွာ …
“ သူက ငါ ကောင်းကင်ပြစ်ဒဏ်ခံနေတုန်းကထက်တောင် ဆင်းရဲသေးတယ် ”
မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ လီချန်ရှို့သည် သူ၏ရှေ့ရှိ သိုလှောင်ဓမ္မအဆောင် ခုနှစ်ခု၊ ရှစ်ခု တို့ကို ကြည့်လိုက်သည်။ သူသည် တစ်ခုချင်းစီမှ ပစ္စည်းများကို ထုတ်လိုက်ပြီး အမှိုက်သိုလှောင်အဆောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။
လီချန်ရှို့သည် သူ့အားမည်သူမှ သတိမထားမိလောက်သော်လည်း တိုက်ပွဲမှ ရလာသော ဓမ္မရတနာများကိုတော့ အသုံးမပြုလိုပေ။ သို့သော် နတ်ရတနာကား ချွင်းချက်ဖြစ်သည်။
သူသုံးခဲ့ရသော ဝိညာဉ်ဖျက်ဆီးဆေးမှုန့်နှင့် အဆိပ်ဆေးမှုန့်များကို ဖော်ရန် ကုန်ကျစရိတ်များ၏။ ၎င်းတို့သည် ရောင်းရန်မဟုတ်သည့် ပစ္စည်းကောင်းများဖြစ်သည်။ ကုန်ကြမ်း အဆိပ်ဆေးပင်အချို့သည် အကြီးအကဲဝမ်လင်းယွမ်ထံမှ ရခြင်းဖြစ်ပြီး ၎င်းတို့၏ တန်ဖိုးကို ခန့်မှန်းတွက်ချက်၍ပင် မရနိုင်ချေ။
နောက်ယောင်ခံလိုက်ခံရခြင်းသည် မိမိဘက်က တစ်ပန်းရှုံးပြီးသားဖြစ်၏။ အတုမဲ့နတ်ဝိဇ္ဇာထံတွင် ပစ္စည်းများများစားစား မရှိပေ။ လေလွင့်ကျင့်ကြံသူများသည် ထိုကဲ့သို့ပင်ဖြစ်သည်။
လူသားမျိုးနွယ် အင်အားကြီးလာ၍ တာအိုဂိုဏ်းများလည်း ပေါများလာပြီး တာအိုဝါဒကို နေရာအနှံ့တွင် တွေ့နိုင်၏။ နတ်ဝိဇ္ဇာဂိုဏ်းများပေါ်လာပြီး အရင်းအမြစ်အများစုကို လက်ဝါးကြီးအုပ်ခဲ့ကြ၏။
လေလွင့်ကျင့်ကြံသူများသည် ၎င်းတို့အတွက် နေ့စဉ်ကျင့်ကြံမှုများနှင့် အသုံးစရိတ်ကို နတ်ဝိဇ္ဇာဂိုဏ်းများအပေါ်တွင် မှီခို၍မရသဖြင့် ဆင်းရဲကြသည်။ လီချန်ရှို့သည် နောက်ယောင်ခံလိုက်လာသူများကို ရပ်တန့်ရန် အခွင့်အရေး ပေးခဲ့၏။ ထိုသို့ပြောရခြင်းမှာ ထိုသူများ၏ အသက်ကိုနှမြော၍ မဟုတ်ဘဲ သူ၏ အဖိုးတန် အဆိပ်မှုန့်လေးများကို နှမြော၍ ဖြစ်သည်။ ထို့ကြောင့် ရပ်ရန် ပြောခဲ့ခြင်းပင်။
အကယ်၍ ထိုသူတို့သာ ရပ်တန့်ခဲ့လျှင် သူသည် ထိုသူတို့ကို သတိမေ့သွားရုံလောက်သာ လုပ်ခဲ့ပေမည်။ အတုမဲ့နတ်ဝိဇ္ဇာများကို သတ်နိုင်သော အဆိပ်မှုန့်များသည် တန်ဖိုးကြီးလွန်းလှပေသည်။
သို့သော် သူတို့သည် မရပ်တန့်ခဲ့ပေ။ သူတို့သည် ထိုအလုပ်ကို ကျွမ်းကျင်နေခဲ့ပြီးဖြစ်၏။ သူတို့သည် သူ့ကိုသတ်ကာ ရတနာများကိုယူရန် စိတ်ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည်။
ထို့ကြောင့် လီချန်ရှို့ထံတွင် ရွေးစရာမရှိတော့ခြင်းပင်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများသည် ထိုသူတို့ကို ဤမျှ ဆွဲဆောင်နိုင်ခြင်း မဟုတ်ပေ။ သူတို့သည် လီချန်ရှို့ထံတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများရှိသဖြင့် အခြား တန်ဖိုးကြီး ရတနာများလည်း ရှိရမည်ဟု ထင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့သည် စွန့်စား၍ လုယက်ရန် ကြိုးစားခဲ့ခြင်းဖြစ်နိုင်သည်။
ထိုကိစ္စသည် လီချန်ရှို့အတွက် သင်ခန်းစာယူစရာဖြစ်၏။ ရှေးဦးစွာ သူသည် ထိုသို့ ပစ်မှတ်ထားခြင်း ထပ်မခံရစေရန် ကုန်သွယ်မှုအစီအစဉ်ကို အသေးစိတ်ရေးဆွဲထား ရပေမည်။ ဒုတိယအနေဖြင့် အကယ်၍ နောင်တွင် အခြားသူများက သူ၏ရတနာကို မျက်စိကျရင် ထိုသို့လုယက်လာခဲ့လျှင် သူ့ကို တိုက်ခိုက်ခဲ့သော သူများ ခံစားသွားရသည့် နောက်ဆက်တွဲကိစ္စများကို ပြန်၍ တွေးတောရန် လိုပေသည်။
“ ရတနာတစ်ခုက ဘယ်လောက်ပဲကောင်းကောင်း သေသွားရင် သုံးနိုင်တော့မှာ မဟုတ်ဘူး ”
အမှိုက်သိုလှောင်အဆောင်အိတ်အတွင်းသို့ ထည့်ထားသော ဓမ္မရတနာများကို ယခု အသုံးပြု၍ မရသေးချေ။ သူ၏ ပစ္စည်းလုပ်သည့် အရည်အချင်းများတိုးတက်လာခါမှ ၎င်းတို့ကို သုံးနိုင်ပေလိမ့်မည်။
သို့သော် သူသည် တံဆိပ်တော်ပြုလုပ်သည့် အတတ်ကို ထဲထဲဝင်ဝင်လေ့လာမိလေလေ ထိုအတတ်သည် နက်နဲသည်ဟု ခံစားလာရလေလေဖြစ်သည်။ ထို့ပြင် သူအလွယ်လမ်းလည်း လိုက်၍မရပေ။
အကယ်၍ သူသည် ကိုယ်ပိုင် တံဆိပ်တော်များကို လုပ်လိုလျှင် နှစ်ထောင်သောင်းချီ လေ့လာမှုများ ပြုရပေမည်။ အာဒိကပ္ပခေတ်တွင် ပေါ်ထွန်းလာသော စွမ်းအားအကြီးဆုံး ဓမ္မရတနာများသည် အဖိုးတန်ကုန်ကြမ်းများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။ ၎င်းတို့သည် သဘာဝအတိုင်းဖြစ်ပေါ်လာသော အရာများဖြစ်ကြသည်။
ဓမ္မရတနာ ပြုလုပ်ခြင်း အတတ်၏ အဆင့်မြင့်ဆုံးအပိုင်းမှာ ကုသိုလ်နတ်ရတနာ ပြုလုပ်ခြင်း အတတ်ဖြစ်သည်။ ထို့ကြောင့် ၎င်းကို ပြုလုပ်လိုလျှင် ကုသိုလ်ရှိမှ ရပေမည်။
သူသည် ပစ္စည်းလုပ်အတတ်အပေါ် အာရုံမစိုက်ဘဲ မန္တန်အစီအရင် အတတ်ပေါ်သာ ဆက်၍ အာရုံစိုက်လျှင်လည်း ရ၏။ အသေးစား မန္တန်အစီအရင်လေးများ ပြုလုပ်သည့် အတတ်ကို ဆက်၍ လေ့လာနိုင်၏။
သူသည် စက္ကူကိုယ်ပွားများ လုပ်ရန်လိုအပ်သည့် သိုလှောင်ဓမ္မအဆောင် ပြုလုပ်ခြင်းအတတ်နှင့် တံဆိပ်တော် ပြုလုပ်ခြင်းအတတ်ကိုသာ အလေးပေးလေ့လာရန် ဆုံးဖြတ်လိုက်သည်။
‘ ငါ့ရဲ့ အားလပ်ချိန်တွေနဲ့ ခွန်အားတွေကို ဆေးဖော်တာရယ်၊ နတ်ဆေးပညာရပ်အပေါ်မှာပဲ သုံးရမယ် ’
သူ၏ အဓိက အလုပျကား…
အဟမ်း…
တာအိုဉာဏ်အလင်းပွင့်မှုနှင့်အသက်ရှည်မှု တို့ကိုရှာရန် ဖြစ်၏။
လီချန်ရှို့သည် စားပွဲခုံတွင်ထိုင်ကာ သူရရှိခဲ့သော ဝိညာဉ်ဆေးပင်များနှင့် အဆိပ်ဆေးပင်များကို အမျိုးအစားခွဲလိုက်သည်။
‘ နောက်မှ ငါဆေးလုံးနည်းနည်းဖော်ပြီး အကြီးအကဲ ဝမ်လင်းယွမ်ဆီကို ပို့ပေးရမယ် ’
‘ အဲဒါက နည်းနည်းဟန်ဆောင်ပန်ဆောင် ဖြစ်ပုံပေါ်ပေမယ့် ငါ့ရဲ့ ကျေးဇူးတုံ့ပြန်မှု တစ်ခုပါပဲ ’
သူ၏ အလုပ်များပြီးသွားသောအခါ လီချန်ရှို့သည် ဝိညာဉ်သားရဲပေါက်လေးများကို ထိန်းချုပ်သိမ်းဆည်းထားသည့် ဓမ္မအဆောင်လုံးများကို ဘေးသို့ ဖယ်ထားလိုက်သည်။ နောက်မှ ထိုသားရဲပေါက်များကို သားရဲခြံသို့ယူသွား၍ မွေးမြူရပေမည်။
လင်းအယ်ကို လက်ဆောင်ပေးရန် သားရဲပေါက်လေး နှစ်ကောင်လည်းပါ၏။ သားရဲခြံအတွင်း၌ မွေးထားသော သားရဲများသည် အဆိပ်အကောင်များသာဖြစ်၍ သူမနေအဖြင့်ကစားရန် ယုန်လေး၊ သမင်လေးပင်မရှိဟု အတွန့်တက်နေသည်မှာ ကြာပြီဖြစ်သည်။
ဤအကြိမ်တွင် လီချန်ရှို့သည် သူမကို ချစ်စရာလည်းကောင်း အရသာလည်းရှိသည့် သားရဲပေါက်နှစ်ကောင်ကို လက်ဆောင်ပေးမည်ဖြစ်၏။ သူမသည် ထိုသားရဲပေါက်လေးများကို မွေးလိုလျှင် ၎င်းတို့သည် သူမ၏ ကစားဖော်သားရဲများ ဖြစ်လာပေမည်။ မမွေးလိုလျှင်လည်း နှစ်အနည်းကြာလျှင် ချက်စားပစ်၍ ရ၏။
လီချန်ရှို့သည် ဓားပုံသဏ္ဍာန်နှင့်တူသော်လည်း ဓားအစစ်အမှန်မဟုတ်သည့် ဓမ္မအဆောင်လုံးကို ယူလိုက်သည်။ ထိုဓမ္မအဆောင်လုံးကို အဆိပ်ဖြန့်အဆောင်ဟု ခေါ်၏။ လီချန်ရှို့သည် ၎င်းကိုကြည့်ရင်း တည်တည်ငြိမ်ငြိမ် ပြုံးလိုက်သည်။
သူသည် ဘေးသို့လျှောက်သွား၍ အဆိပ်ကာ လက်အိတ်များ၊ နှာခေါင်းစည်းများနှင့် ဝတ်စုံများကို ဝတ်ဆင်လိုက်သည်။ ထို့နောက်သူသည် ကိုယ်တိုင်ပြုလုပ်ထားသော ညှပ်လေးများနှင့် စမ်းသပ်ဖန်ပြွန်များကို ယူလိုက်၏။ သူ၏ လက်ထဲတွင် အဆိပ်ဖြေဆေးများကို ကိုင်ကာ အလုပ်စတင်လုပ်လိုက်လေသည်။
ကောင်းမွန်စွာ တိုက်ခိုက်နိုင်ရန် တိုက်ပွဲမစမီ သူ၏ လက်နက်ကို ပြင်ဆင်ထားရပေမည်။
အရာအားလုံးသည် အတူတူပင်ဖြစ်သည်။ ကြိုးစားပြီးမှ ရသော အသီးအပွင့်သည် ပို၍ ချိုမြိန်ပေသည်။
******
မြေအောက်လျှို့ဝှက်ခန်းတွင် နှစ်ရက်နေပြီးနောက် လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်းမှ ထွက်လိုက်ရာ ယနေ့တွင် ချုံတောင်လေးသည် သက်ဝင်လှုပ်ရှားနေကြောင်း တွေ့လိုက်ရ၏။
သူသည် နတ်အာရုံကိုသုံး၍ ဆေးဖော်ဆောင် တစ်ဝိုက်ရှိ မန္တန်အစီအရင်များအပြင်ကို အာရုံခံလိုက်သည်။
လျှိုယန်အာနှင့် ဝမ်ကျိတို့ တာအိုလက်တွဲဖော်နှစ်ဦးသည် လန်လင်းအယ်ထံသို့ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောရန် အလည်လာကြခြင်းပင်။ လီချန်ရှို့သည် အကြောင်းအရင်းကို သိပြီးဖြစ်၏။
ယခင်တစ်ခေါက်က လန်လင်းအယ် သွား၍တောင်းပန်သောအခါ လျှိုယန်အာသည် လင်းအယ်တစ်ယောက် အတွေးလွန်နေမည်ကို စိုးရိမ်ခဲ့၏။ ထို့ကြောင့် သူမသည် လင်းအယ်ထံသို့ ကြိုးကြာစက္ကူရုပ်တစ်ခုဖြင့် စာအရှည်ကြီးတစ်ခု ပို့ခဲ့၏။
ထိုနှစ်ဦးသည် ပို၍ရင်းနှီးလာပြီး တစ်ဦးနှင့်တစ်ဦး ခင်မင်လာခဲ့ကြသည်။
အပြင်ပန်းအရ လန်လင်းအယ်၏ ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်အခြေတည် တတိယအဆင့်ရှိပြီဖြစ်သည်။ အသက်ငယ်ငယ်တွင် ထိုအဆင့်သို့ရောက်နေပြီဖြစ်၍ နောင်တွင် နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးဖြစ်လာနိုင်၏။
လန်လင်းအယ်သည် ချုံတောင်လေးမှ နှစ်(၂၀)မထွက်ရန် အပြစ်ပေးခံထားရသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ လျှိုယန်အာသည် ချုံတောင်လေးသို့ရောက်လာ၍ လန်လင်းအယ်ထံသို့ လာတွေ့ခဲ့သည်။ ယနေ့တွင် လန်လင်းအယ်ထံသို့ လျှိုယန်အာနှင့် ဝမ်ကျိတို့ နှစ်ယောက်စလုံး အလည်လာကြခြင်းဖြစ်သည်။ သို့သော် သူတို့သည် ကျင့်ကြံခြင်းအကြောင်းများကိုပြော၍ တောင်ပေါ်တွင် လမ်းလျှောက်ထွက်ကြခြင်းသာဖြစ်သည်။
သို့ရာတွင်…
လီချန်ရှို့သည် နတ်အာရုံကိုသုံး၍ လင်းအယ်၏ ဘေးတွင်ထိုင်နေသော အခြားတစ်ယောက်ကို ထပ်၍ အာရုံခံလိုက်သည်။ သူမသည် ရေခဲပြာ နှင်းကြာပွင့်မှ မွေးဖွားလာသော နတ်သမီးလေးတစ်ပါးကဲ့သို့ပင်။ သူမကား ယုံချင်ရွှမ်းယာ ဖြစ်ပြီး ကျန်သုံးယောက်နှင့် နတ်ဝိဇ္ဇာမိုနိုပိုလီ ဆော့နေလေ၏။
‘ သူက ဘာလို့ဒီကိုရောက်နေရတာလဲ ’
သူမ၏ ကျင့်ကြံခြင်းအဆင့်သည် တာအိုပေါင်းစည်းခြင်း ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ယွမ်ချင်း၏ အကောက်ကြံမှုကိုသာ မကြုံခဲ့ရလျှင် သူမသည် ဤမျှမြန်မြန် ကျင့်ကြံခြင်းအဆင့်များ တက်လာမည်မဟုတ်ပေ။
မဆိုးချေ။ သူမသည် အမှန်ပင် ဤမျိုးဆက်၏ တပည့်ခေါင်းဆောင် ပီသပေ၏။
သို့သော် သူမ ချုံတောင်လေးသို့ လာနေသည်မှာ မကောင်းပေ။ သူမသည် နာမည်ကြီးသူတစ်ဦးဖြစ်သဖြင့် ဂိုဏ်းအတွင်းမှလူတော်တော်များများသည် သူမကို စောင့်ကြည့်နေကြ၏။
လီချန်ရှို့ တိတ်တဆိတ်တွေးတောလိုက်သည်။
သူမသည် ဧည့်သည်တစ်ယောက်ဖြစ်၍ မောင်းထုတ်ပစ်ရန် မဖြစ်နိုင်ချေ။ သူသည် ဤကိစ္စအသေးလေးအတွက် ဂိုဏ်းချုပ်ကို အပြစ်ပြုမိ၍ မရပေ။
တောအုပ်အတွင်းမှ ထွက်လာပြီးနောက် လီချန်ရှို့သည် ပေါ်ပေါ်ထင်ထင်ပင် သူ၏ တဲအိမ်လေးဆီသို့ တည့်တည့်မတ်မတ်လျှောက်သွားလိုက်၏။
သူသည် တဲအပြင်ရှိ မန္တန်အစီအရင်များကို နှိုးလိုက်ပြီး တာအိုဝတ်ရုံကို လဲလှယ်လိုက်သည်။ ထို့နောက် သူသည် နရံတွင်ချိတ်ဆွဲထားသော ကြီးမားသည့် ဆိုင်းဘုတ်ကြီး၏အောက်၌ တိတ်တဆိတ်တရားထိုင်ကာ ယုံချင်ရွှမ်းယာနှင့် ပတ်သက်သော ပြဿနာအား မည်သို့ဖြေရှင်းရမည်ကို တွေးတောနေလိုက်သည်။
ချီကျင့်ကြံသူအများစုသည် ထိုကဲ့သို့ စာလုံးကြီးများရေးထားသည့် ဆိုင်းဘုတ်ကြီးများကို သူတို့၏ အိမ်အတွင်း၌ ချိတ်ဆွဲလေ့ရှိကြ၏။
ရှေးခေတ်ကတည်းက နေထိုင်ခဲ့သော စွမ်းအားကြီးသူများသည် ‘ ကောင်းကင်နှင့် မြေကြီး ’ ဆိုသော စာလုံးကြီးများကို ချိတ်ဆွဲကြ၏။
လွန်ခဲ့သော နှစ်တစ်သောင်းကျော်လောက်က ချီကျင့်ကြံသူများသည် ‘ တာအို ’ ဟူသောစာလုံးနှင့် ‘ ကြီးမြတ်သော တာအို ’ ဟူသော စာလုံးကြီးများအား ချိတ်ဆွဲရသည်ကို ကြိုက်နှစ်သက်ခဲ့ကြ၏။
ထိုသို့ ချိတ်ဆွဲမှုများသည် သာမန်သာဖြစ်သည်။ တချို့ ချီကျင့်ကြံသူများသည် သူတို့ အကြိုက်တွေ့သည့် စာလုံးများကို ချိတ်ဆွဲကြ၏။ ဥပမာအားဖြင့် ‘ တည်ငြိမ်မှု ’၊ ‘ အားပြင်းမှု ’၊ ‘ ရွှမ်း ’ နှင့် ‘ မြောင်’ ဟူသော စာလုံးများကို ချိတ်ဆွဲကြ၏။
တချို့က ‘ အပြန်လမ်း ’၊ ‘ ညီအစ်မ ’ ဟူသော ထူးဆန်းသည့် စာလုံးများကို ချိတ်ဆွဲကြသည်။
လီချန်ရှို့နောက်ရှိ နံရံပေါ်တွင် ချိတ်ဆွဲထားသော စာလုံးမှာ အထင်ကြီးစရာကောင်း၏။ ထိုစာလုံးကို ချိတ်ဆွဲသော ချီကျင့်ကြံသူများ အာဒိကပ္ပခေတ်တွင် များများစားစားရှိမည် မဟုတ်ပေ။
ဆိုင်ဘုတ်ကြီးပေါ်တွင် ရေးသာထားသောစာလုံးကား ‘ သတိကြီးမှု ’ ဟူ၍ ဖြစ်ပေသည်။
“ အစ်ကိုကြီး… ”
လန်လင်းအယ်သည် မန္တန်အစီအရင်၏ ပါးလွှာသော အလွှာလေး အပြင်ဘက်မှနေ၍ လက်ဝှေ့ယမ်းပြနေ၏။
လီချန်ရှို့သည် ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး မတ်တတ်ရပ်၍ တံခါးဖွင့်ကာ အပြင်သို့ထွက်လိုက်လေသည်။
“ ဘာဖြစ်လို့လဲ ”
“ အစ်ကိုကြီး ဒီကိုလာပြီး လက်ဖက်ရည်သောက်ရင်း စကားစမြည်လာပြောပါဦး။ အစ်မ ယုံချင်ရွှမ်းယာက အစ်ကိုကြီးကို စောင့်နေတာကြာပြီ ”
လန်လင်းအယ်သည် သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မည်သည်တို့ ဖြစ်ပျက်နေကြောင်း သဘောပေါက်သွားတော့သည်။
သူမ၏မျက်ဝန်းများသည် ‘ အစ်ကိုကြီး…အစ်မ ယုံချင်ရွှမ်းယာ ထပ်ရောက်လာပြန်ပြီ။ ညီမလေးတော့ သူ့ကိုမနိုင်ဘူး။ အစ်ကို့ဟာအစ်ကိုသာ ကြည့်ရှင်းတော့’ ဟု ဆိုလိုနေ၏။
လီချန်ရှို့သည် ပြုံး၍ ပြန်ပြောလိုက်သည်။
“ အစ်ကို အခုပဲ ဆေးဖော်လို့ပြီးတာဆိုတော့ နည်းနည်းပင်ပန်းနေတယ်။ အစ်ကို နားချင်နေပြီ။ ညီမလေးတို့ ပျော်နေတာအစ်ကိုတွေ့လို့ လာမနှောင့်ယှက်တော့တာပါဘူး ”
ယုံချင်ရွှမ်းယာသည် တဲအိမ်လေးဆီသို့ ခြေနှစ်လှမ်းတိုးလိုက်ပြီး ပြောလိုက်၏။
“ ဂိုဏ်းတူအစ်ကိုချန်ရှို့… အစ်ကိုပင်ပန်းနေရင်လည်း နားလိုက်ပါ။ ရွှမ်းယာလာတာ အရေးကြီးကိစ္စမဟုတ်ပါဘူး။ ရွှမ်းယာ အခန်းအောင်းကျင့်ကြံတာကြာပြီမို့လို့ ဂိုဏ်းကို ပတ်ကြည့်နေတာပါ။ ပြီးတော့ အစ်ကို့ဆီကလည်း လမ်းညွှန်မှုလေးတွေ လိုချင်လို့… ”
လီချန်ရှို့သည် ယုံချင်ရွှမ်းယာနှင့် ကျန်နှစ်ဦးကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ ကျွန်တော့်ရဲ့ ဧည့်ဝတ်မကျေပွန်မှုကို တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွတ်ပေးပါ ”
ထိုသူသုံးဦးသည် ပြန်၍ နှုတ်ဆက်လိုက်၏။ ဝမ်ကျိနှင့် လျှိုယန်အာသည်လည်း ကိစ္စမရှိကြောင်း ပြန်၍ ပြောလိုက်ကြ၏။
လျှိုယန်အာသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်ဟန်ဖြင့် မပွင့်တပွင့် ပြုံးလိုက်သည်။ ယုံချင်ရွှမ်းယာ၏ မျက်လုံးလေးများသည် ထိုအခိုက်တွင် အလွန်တောက်ပနေ၏။ တည်ကြည်၍ လှပသော သူမ၏ မျက်နှာလေးတွင် ချီတုံချတုံဖြစ်နေသာ အရိပ်အယောင်လေးများ ရှိနေလေသည်။
သို့သော် သူမသည် အရှက်အကြောက်ကြီးသူတစ်ယောက် မဟုတ်ပေ။ သူမသည် သွက်လက်စွာပင် လက်ပတ်အတွင်းမှနေ၍ ယွန်းဘူးလေးကိုထုတ်ကာ လီချန်ရှို့ထံလျှောက်သွားလိုက်သည်။
“ အစ်ကို ချန်ရှို့ … ဒါက အစ်ကို့အတွက် လက်ဆောင်ပါ ”
လီချန်ရှို့ ကြောင်သွားသည်။
သူသည် လက်ဆောင်သည် အဘယ်အတွက်ဖြစ်ကြောင်း ယုံချင်ရွှမ်းယာ ရှင်းပြမည်ကို စောင့်ဆိုင်းနေလိုက်သည်။ သူမသည် သူ့ထံမှ အကူအညီတစ်ခုခု တောင်းစရာရှိ၍လော သို့တည်းမဟုတ် သူမ၏ အသက်ကိုကယ်ခဲ့သည့်အတွက် ကိုယ်တိုင် ကျေးဇူးတင်လို၍လော။
နောက်ဆုံး၌ ယုံချင်ရွှမ်းယာသည် ထိုယွန်းဘူးလေးကို လီချန်ရှို့ထံသို့ လှမ်းပေးလိုက်သည်။
သူမ၏ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးတွင် အမူအရာပြောင်းလဲသွားခြင်း သိပ်မရှိပေ။ သို့သော် အတန်ငယ်စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များကိုတော့ သူမ၏ မျက်ဝန်များထဲ၌ မြင်နေရသည်။
လီချန်ရှို့ ဆွံ့အသွားသည်။
‘ ထားလိုက်ပါတော့။ သူ ငါ့ကိုကြိုက်နေတာကို အပြစ်တင်လို့မရပါဘူးလေ။ အဲဒါ လဘိုးဘိုးရဲ့ အမှားကြောင့် ဖြစ်ရမယ် ’
သို့သော် သူသည် ပုံမှန်အတိုင်း ဖြစ်အောင် ပြန်လုပ်ရပေမည်။
သူသည် သူမကို မကြိုက်သဖြင့် သူမကို မျှော်လင့်ချက်များ မပေးသင့်ပေ။ ယခုချက်ချင်း ထိုအရာကို ရှင်းလင်းအောင်မလုပ်ထားလျှင် နောင်တွင် ပို၍ ရှုပ်ထွေးလာနိုင်၏။
“ ကျေးဇူးတင်ပါတယ်… ညီမလေးယုံချင်… ” လီချန်ရှို့သည် ပြုံး၍ ပြန်ပြောလိုက်ပြီး ယွန်းဘူးလေးကို သူမဆီမှ ယူလိုက်လေသည်။
ထို့နောက် သူသည် ဝိညာဉ်သားရဲပေါက်လေးတစ်ကောင်ကို ထိန်းချုပ်သိမ်းဆည်းထားသည့် ဓမ္မအဆောင်လုံးတစ်ခုကို ထုတ်၍ ပြောလိုက်သည်။
“ အစ်ကိုလည်း မထင်မှတ်ထားတော့ ဘာမှ သေချာမပြင်ဆင်ထားရဘူး။ ဒါက ညီမအတွက် အစ်ကို့ရဲ့ လက်ဆောင်ပါ။ အဖိုးတန်တယ်..မတန်ဘူး သဘောမထားပါနဲ့ ”
“ အမ်.. ဟုတ်ကဲ့ ”
ယုံချင်ရွှမ်းယာ၏ နှုတ်ခမ်းစွန်းလေးများသည် အတန်ငယ် ပြုံးယောင်သမ်းသွားပြီး ထို ဝိညာဉ်သားရဲပေါက်လေးကို သိမ်းဆည်းထားသော ဓမ္မအဆောင်လုံးလေးကို လက်ဝါးပေါ်တွင်တင်၍ ကြည့်လိုက်၏။
“ ကျေးဇူးတင်ပါတယ်…အစ်ကိုချန်ရှို့.. ”
ဘေးရှိ လန်လင်းအယ်သည် သူမ၏ နှုတ်ခမ်းများကို စေ့လိုက်၏။ သို့သော် မည်သည့်စကားမှ ဝင်မပြောခဲ့ချေ။
လီချန်ရှို့သည် ယွန်းဘူးလေးကို ကိုင်ရင်း ဖြည်းဖြည်းချင်းပြောလိုက်၏။
“ ညီမယုံချင်နဲ့ အတူသွားခဲ့တဲ့ မြောက်ကျွန်းကို သွားတဲ့ခရီးမှာ အစ်ကို အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်။ အခုကစပြီး ညီမအားတဲ့ အချိန်ဆို ချုံတောင်လေးကို လာလည်လို့ရပါတယ်။ လင်းအယ်နဲ့ အစ်ကို့မှာ ဂိုဏ်းအတွင်းက မိတ်ဆွေကောင်းတွေ သိပ်မရှိဘူး။ ညီလေးဝမ်ကျိနဲ့ အစ်မယန်အာတို့က လွဲရင် အစ်ကိုတို့က ဆရာတွေဖြစ်တဲ့ ဆရာဒေါ်လေးကျိုးကျိုးနဲ့ ဆရာဦးလေးကျိုးဝူတို့နဲ့ပဲ အဆက်အဆံရှိတယ် ”
“ ညီမယုံချင်သာ အဆင်ပြေမယ်ဆိုရင် ညီမနဲ့ အစ်ကို မိတ်ဆွေကောင်းတွေ ဖြစ်ချင်ပါတယ် ”
ထိုစကားကို ကြားသောအခါ ဝမ်ကျိနှင့် လျှိုယန်အာတို့သည် ရုတ်ချည်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သူတို့နှစ်ဦးလုံးသည် နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
သဘောတရားအားဖြင့် ဆိုရမည်ဆိုလျှင် ယုံချင်ရွှမ်းယာ၏ စိတ်ဝင်စားမှုကို ခံရခြင်းသည် လီချန်ရှို့အတွက် အခွင့်အရေးကောင်းဖြစ်နိုင်၏။ အဘယ်ကြောင့် သူသည် ယုံချင်ရွှမ်းယာကို ပြတ်ပြတ်သားသားငြင်းလိုက်ရသနည်း။
ဝမ်ကျိသည် ချက်ချင်းသဘောပေါက်သွားပြီး ကိုယ့်ဘာသာတွေးလိုက်၏။
‘ ကြည့်ရတာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အဆင့်မတူလို့ထင်တယ်။ အစ်ကိုချန်ရှို့က တပည့်ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဝင်စားခံရတာကို ခံယူဖို့ ကိုယ့်ကိုယ်ကို မတန်ဘူးလို့ ခံစားရလို့ထင်တယ်။ အဲဒါကြောင့် ငြင်းလိုက်တာပဲ ဖြစ်ရမယ် ’
လန်လင်းအယ်သည် စိတ်ရှုပ်ထွေးသွားသည်။
သူမ၏ အစ်ကိုကြီး၌ စိတ်ပျက်ဖွယ် အကျင့်စရိုက်ရှိပေ၏။
လန်လင်းအယ်သည် သူမ၏ အစ်ကိုကြီးသည် အခြားအမျိုးသမီးကျင့်ကြံသူများ အထူးသဖြင့် ယုံချင်ရွှမ်းယာကို ငြင်းလိုက်သဖြင့် ဝမ်းသာရသော်လည်း အစ်ကိုကြီး၏ နှလုံးသားကို အပိုင်သိမ်းရန် သူမအတွက်လည်း လွယ်မည်မဟုတ်ဘဲ အတော်ကြိုးစားရမည်ဖြစ်ကြောင်း တွေးလိုက်မိသည်။
‘ အစ်ကိုကြီးက ဘယ်လို မိန်းကလေးမျိုးကို ကြိုက်တာလဲ ’
လန်လင်းအယ် နားမလည်နိုင်အောင်ဖြစ်နေသည်။
သို့သော် ယုံချင်ရွှမ်းယာသည် လီချန်ရှို့၏ စကားများကို ကြားရသောအခါ အမှန်ပင် ပြုံးသွား၍ ကျန်သည့်သူများ နားမလည်နိုင်အောင် ဖြစ်သွားကြ၏။
သူမ၏ အကြည့်များသည် အသက်ဝင်တောက်ပနေသည်။ သူမသည် ခံစားချက်များကို များစွာထုတ်မပြသော်လည်း သူမဝမ်းသာနေကြောင်းကိုတော့ ကျန်သူများ သိရှိလိုက်ရသည်။
ထိုအပြုံးသည် ဟန်ဆောင်အပြုံးမဟုတ်ပေ။ နှလုံးသားထဲရှိ နက်ရှိုင်းေသာ နေရာမှ ထွက်ပေါ်လာသည့် စစ်မှန်သည့်အပြုံးတစဖြစ်၏။
သူမ၏ လှပသောမျက်နှာလေးသည် နီရဲသွားသဖြင့် မိန်းကလေးဖြစ်သော လန်လင်းအယ်ပင် ရင်ခုန်သွား၏။
“ တကယ်ပြောတာလား ”
ယုံချင်ရွှမ်းယာ၏ လေသံသည် ပို၍ လေးနက်သွား၏။
သူမ၏ လေသံ၌ပင် ဝမ်းသာသည့်အရိပ်အယောင်များ ပေါ်နေပေသည်။
“ တကယ်ပေါ့ ”
လီချန်ရှို့သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သော်လည်း နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။
‘ ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီလေ… ယုံချင်က အဲဒါကို နားမလည်ဘူးလား ’
ယုံချင်ရွှမ်းယာသည် ရုတ်တရက် သူမ၏ လက်နှစ်ဖက်ကို ဆုပ်၍ ဦးညွှတ်လိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။
“ အစ်ကိုချန်ရှို့ … အခုကစပြီး ရွှမ်းယာကို သွန်သင်ပြသပေးပါဦး ”
“ ညီမလေး လင်းအယ်… အစ်မကို သွန်သင်ပြသပေးပါဦး… အစ်မ ဒီကို မကြာမကြာ လာလည်ပါ့မယ် ”
‘ အမ်… ’
လီချန်ရှို့၏ ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။
‘ နေစမ်းပါဦး။ ငါတော့ ဒီအခြေအနေကို နားမလည်နိုင်တော့ဘူး… ’
ဝမ်ကျိသည်လည်း ခေါင်းကုတ်နေပြီး လျှိုယန်အာသည်လည်း စိတ်ရှုပ်ထွေးသွား၏။
လန်လင်းအယ်မူကာ သူမ၏ ရင်ထဲတွင် တံလျှပ်များကို ခံစားလိုက်ရလေသည်။ သူမ၏ မျက်လုံးလေးများ အရောင်တောက်သွားပြီး ယုံချင်ရွှမ်းယာအတွက် ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။
‘ အစ်မယုံချင်က တော်တော် သနားစရာကောင်းပါလား… ’
‘ အစ်မယုံချင်က အစ်ကိုကြီးနဲ့ ဒီအတိုင်း မိတ်ဆွေပဲ ဖြစ်ချင်တာပဲ။ တခြားအဆင့်တက်ချင်တာတွေ ဘာတွေမရှိဘူးထင်တယ် ’
‘ အစ်မနဲ့ ယှဉ်ရင် ငါကမှ ပိုပြီး ကံကောင်းသေးတယ်။ နေ့တိုင်း အစ်ကိုကြီးနားမှာ နေရသေးတယ်…’
‘ ငါတော်တော် ကံကောင်းတာပဲ… ’
“ အစ်မယုံချင်…. ”
လန်လင်းအယ်သည် ရှေ့သို့ ခြေနှစ်လှမ်းတက်၍ ယုံချင်ရွှမ်းယာကို ဦးညွှတ်လိုက်သည်။
“ ညီမကိုလည်း အခုကစပြီး သွန်သင်ပြသပေးပါ ”
လီချန်ရှို့ ခေါင်းစောင်း၍ တွေးတောလိုက်သည်။
‘ ဘာလို့ ဒီနှစ်ယောက်က မိတ်ဆွေဖွဲ့နေရတာလဲ… နှစ်ယောက်လုံး အဆိပ်မဖြစ်သွားရင်တော့ ပြဿနာကြီးတော့မှာပဲ ’
“ ကောင်းပါပြီ ”
ယုံချင်ရွှမ်းယာသည် ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ သူမ၏ မျက်လုံးလေးများသည် တလက်လက်တောက်ပေနေလေသည်။
သူမသည် လီချန်ရှို့၏ မျက်နှာသုန်မှုန်နေသည်ကို တွေ့လိုက်၍ ခပ်မြန်မြန်ပင် ပြောလိုက်သည်။
“ အစ်ကိုချန်ရှို့ … အနားယူပါတော့။ ရွှမ်းယာ အခန်းအောင်းကျင့်ကြံတာက ထပ်ထွက်လာရင် အစ်ကို့ဆီ ထပ်ပြီး လာလည်ပါ့မယ်။ အစ်ကို ကျင့်ကြံတာနဲ့ ဆေးဖော်တာမှာလည်း အရမ်း အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့ ”
“ ညီမလင်းအယ်လည်း ဂရုစိုက်ပါ… ”
“ ကဲ.. ရွှမ်းယာလည်း ပြန်ပါတော့မယ် ”
“ အစ်မယုံချင် ဂရုစိုက်ပြန်ပါ။ ဒီကိုလည်း မကြာမကြာ လာလည်ပါ ”
“ အင်း… လာလည်မှာပါ ”
ယုံချင်ရွှမ်းယာသည် ဝမ်ကျိနှင့် လျှိုယန်အာကိုလည်း နှုတ်ဆက်လိုက်ပြီး တိမ်စီးကာ ပြန်သွားလေတော့သည်။ လေထဲတွင် လွင့်နေသော သူမ၏ ဆံပင်များသည် ပို၍ အသက်ဝင်နေသယောင် ထင်ရလေ၏။
ဝမ်ကျိနှင့် လျှိုယန်အာသည်လည်း စိတ်ရှုပ်ထွေးသွား၍ နှုတ်ဆက်ကာ ပြန်သွားလေ၏။
လီချန်ရှို့သည် ပြန်သွားသော ထိုသုံးဦးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ထိုအဆိပ်မအား မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစား၍ မရနိုင်ပေ။
‘ ငါအခုပဲ ရှင်းရှင်းလင်းလင်း ငြင်းလိုက်တယ်မလား… ’
‘ နောက်ဆိုရင် ငါတို့က မိတ်ဆွေကောင်းလိုပဲ နေကြမယ်လို့ ပြောလိုက်တာပဲ။ အဲဒါ သူ့ကို ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တာပဲ မဟုတ်ဘူးလား… ’
‘ ဒီအဆိပ်မကတော့… ’
‘ တော်တော် အဆိပ်ပြင်းတာပဲ… ’
“ အကျင့်မကောင်းတဲ့ အစ်ကိုကြီး… ညီမလေးအတွက် လက်ဆောင်ကရော ဘယ်မှာလဲ ”
လီချန်ရှို့သည် သူ၏ အင်္ကျီလက်အတွင်းမှ သိုလှောင်ဓမ္မအဆောင် နောက်တစ်ခုကို ထုတ်၍ သူ၏ ညီမလေးကို ပေးလိုက်သည်။ သူသည် ခြေထောက်သံမှိုဆွဲထားသလို ရပ်နေပြီး ဖြစ်ပျက်သွားသည်များကို မယုံနိုင်အောင် ဖြစ်နေ၏။
လင်းအယ်သည် ချီးကျူးစကားဆိုလိုက်သည်။
“ အစ်မယုံချင်က တော်တော်လှတာပဲ။ ပြီးတော့ ကျင့်ကြံခြင်းအဆင့်လည်း မြင့်တယ်.. ”
“ ဟူး…. ”
လီချန်ရှို့ သက်ပြင်းချလိုက်သည်။
သူသည် ယုံချင်ရွှမ်းယာနှင့် ပတ်သတ်၍ စိတ်ရှုပ်နေ၏။
“ ဘယ်လိုလုပ် မမြင့်ဘဲ နေမလဲ… ”
“ သူ့ရဲ့ အဲဒီလိုအကျင့်စရိုက်နဲ့ဆို တစ်သက်လုံး ကိုယ်တွင်းမိစ္ဆာ ကြုံရမှာ မဟုတ်လောက်ဘူး…. ”
လင်းအယ် နားမလည်နိုင်အောင် ဖြစ်သွား၏။
“ ဟင်..ဘာလို့လဲ… အစ်ကိုပြောတော့ တာအိုနှလုံးသား မတည်ငြိမ်ရင် ကိုယ်တွင်းမိစ္ဆာက အချိန်မရွေးပေါ်လာနိုင်တယ်ဆို… ”
လီချန်ရှို့က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူသည် အဖြေအတိအကျ မပေးနိုင်ပေ။
“ အဲဒါက ကံတရားပဲ ဖြစ်မှာပါ ”
သူ့ဘေးရှိ လန်လင်းအယ်သည် ဓမ္မအဆောင်လုံးလေးကို ဖွင့်နေပြီဖြစ်သည်။ သူမသည် လျင်မြန်စွာပင် အထဲမှ ဝိညာဉ်သားရဲပေါက်လေးကို ထုတ်ကာ ဝမ်းသာအားရအော်လိုက်၏။
“ ဝိုး… ချစ်စရာကောင်းလိုက်တာ… ဒါက သွားတစ်ရာရွှေသားရဲ အပေါက်လေးလား… ကျေးဇူးတင်ပါတယ် အစ်ကိုကြီး… ”
“ အင်းဟုတ်တယ်။ ညီမလေး ကြိုက်ရင်ပြီးတာပါပဲ ”