နေရောင်က ချင်နန်းတော်အား ဖြန်းပက်ထားလျှင် နန်းတော်ကား ပိုမို လင်းလက် တောက်ပကာ လှပစွာ တည်ရှိနေသည်။
ဟောခန်းမကြီး၏ အလယ်တွင် လူတစ်ယောက်က ပလ္လင်ရှိနေရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ သူကား ဘုရင်များသာ ဝတ်ရသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးများက အလွန်အမင်း နက်ရှိုင်းဟန် ရှိနေသည်။ သူကား ချင်ဘုရင်ဖြစ်သည်။ သူက ပလ္လင်တွင် ထိုင်လိုက်သည်နှင့် စစ်သည်များနှင့် နိုဘယ်များ အားလုံးက ဒူးထောက် လိုက်ကြသည်… “အရှင်မင်းကြီး….”
ထိုင်ခုံများမှ လူများကလည်း ထရပ်ကာ ဘုရင်အား အနည်းငယ် ဦးညွှတ်လျက် လေးစားမှုကို ပြသကြသည်။
ချင်ပြည်ထောင်၏ ဘုရင်ကား အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံး တန်ခိုးရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် တခြားလူများက သူ့အား လေးစားသမှု ပြုရန် လိုအပ်ပေသည်။
“ခင်ဗျားတို့ အားလုံးကို ကြိုဆိုပါတယ်…” ဘုရင်က ပြောသည်…. “ထိုင်ကြပါ…..” လူတိုင်းက မော့ကြည့်လိုက်လျှင် သူ၏ မျက်နှာက ပြုံးနေသည်ကို တွေ့ရသည်။ ဘုရင်က ဆက်ပြောသည်…. “အခုလို အဝေးကြီးက တကူးတက လာရောက်ကြတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ…..”
“အရှင်မင်းကြီး….” ဒွန်ဟွာကလန်မှ တန်ခိုးရှင် တစ်ယောက်က ပြုံးလျက် ပြောသည်…. “ဒီလို ခမ်းနားတဲ့ ပွဲမျိုးကို တက်ခွင့်ရတာလည်း ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ…..”
“အရမ်း ယဉ်ကျေးနေစရာ မလိုဘူး….” ချင်ဘုရင်က ရယ်မောလျက် ပြောသည်…. “ကျုပ်ရဲ့ အမိန့်တော်ကို ထုတ်ပြန်စမ်း….”
သူ့ဘေးမှ အဆင့်မြင့် နိုဘယ်တစ်ယောက်က ထွက်လာကာ သူ၏ လက်မှ အမိန့်တော်အား ဖြန့်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်…. “ချင်ပြည်ထောင် ဘုရင်ရဲ့ အမိန့်တော် ထုတ်ပြန်သည်မှာ ယနေ့မှ စ၍ မင်းသားချင်ယွီအား ချင်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား အဖြစ် နှင်းအပ်လိုက်သည်…..”
သူ၏ အသံက အလွန် အားကောင်းသော အသံလှိုင်းများအဖြစ် ပြောင်းလဲသွားကာ နန်းတော် တစ်ခုလုံးကို ပဲ့တင်ထပ် သွားသည်။
အသံကား နန်းတော်၏ အပြင်မှ လူများ အထိသို့ပင် ရောက်သည်။ လူအများက နန်းတော်ဘက်ကို မျက်လုံးများ တောက်ပလျက် ကြည့်လိုက်ကြသည်။
ချင်ယွီကား အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ခံရသည်။ ဤအရာကား အပြောင်းအလဲ ဖြစ်သည်။ နောင်တွင် ချင်ပြည်ထောင်ကား ချင်ယွီ၏ အပိုင် ဖြစ်ပေတော့မည်။
အရှေ့မြေရိုင်း ဒေသ၏ အထွန်းတောက်ဆုံး ပါရမီရှင် တစ်ယောက်ဖြစ်သော ချင်ယွီကား ယခု ချင်ပြည်ထောင်၏ ဒေါက်တိုင်တစ်ခု ဖြစ်သွားလေပြီ။ သူကား နောင်တွင် အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို လွှမ်းမိုးပေတော့မည်။
အိမ်ရှေ့စံက ရှေ့ကို တိုးသွားကာ အမိန့်တော်အား လက်ခံသည်။ ထို့နောက် သူက ချင်ဘုရင်၏ ဘေးတွင် ရပ်နေလိုက်သည်။
“ဂုဏ်ပြုပါတယ်… အရှင်မင်းကြီးနဲ့ အရှင့်သား…..” လူတိုင်းက ပြောသည်။ လူတိုင်း၏ ရှေ့တွင် ရပ်လျက် ချင်ဘုရင်က ချင်ယွီအား ပြုံးကြည့်နေသည်။ ချင်ယွီ၏ အကြည့်ကား တည်ငြိမ်နေသည်။
တခြား တစ်ဖက်တွင် ချင်လီ၏ မျက်လုံးများက ဝင်းလက် တောက်ပနေသည်။ သူကား ဂုဏ်ယူစွာ ပြုံးနေသည်။ ယနေ့မှ စ၍ သူ၏ အဖေကား သမိုင်းတွင်သော သူရဲကောင်းတစ်ဦး ဖြစ်ပေတော့မည်။ သူတို့ သားအဖက ချင်ပြည်ထောင်၏ အတိတ်မှ ကြီးမြတ်မှုများကို ပြန်လည် ယူဆောင်နိုင်တော့မည်ဟု သူ ယုံကြည်နေသည်။
နန်းတော်အပြင်မှ လူများကလည်း ထိုသတင်းကို ကြားကာ ဝမ်းသာ ပျော်ရွှင်ကြသည်။ ချင်ယွီကား ချင်ပြည်ထောင်မှ ပြည်သူများထံတွင် နာမည်ကောင်း ရှိသည်။ သူ၏ ပါရမီကား ငယ်စဉ်ကတည်းက နာမည် ကျော်ကြားသည်။ ထို့ကြောင့် သူက အိမ်ရှေ့စံ ဖြစ်လာသောအခါ လူတိုင်းက ပျော်ရွှင်ကြသည်။
ရုတ်တရက် အဝေးမှ နဂါးတစ်ကောင်၏ ဟိန်းသံကို ကြားရသည်။
လူတိုင်းက ကောင်းကင်ကို ကြည့်လိုက်လျှင် နဂါးနက်ကြီး တစ်ကောင်က နန်းတော်သို့ ဦးတည် လာနေသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့ရသည်။
“အဲဒါ နဂါးတစ်ကောင်ပဲ…..”
တစ်စုံတစ်ယောက်က နဂါးအား စီးနင်းလာသည်ကို မြင်လျှင် လူတိုင်းက ထိတ်လန့်ရသည်။ နဂါးနက်ကား အလွန်အမင်း ကြီးမားကာ ကြောက်မက်ဖွယ် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူ၏ မျက်လုံးအား ကြည့်ရုံမျှဖြင့် လူအများ၏ နှလုံးကို တုန်ခါစေသည်။
“အဲဒါ သားရဲဘုရင်ပဲ…”
“ဘယ်သူ လာတာလဲ…”
“အဲဒါ ဧည့်သည် တစ်ယောက် ဖြစ်မယ်…”
လူအများအပြားက တိုးတိုးလေး မှတ်ချက်ချကြသည်။အသစ် ရောက်လာသူကား ဂုဏ်ပြုစကား လာရောက် ပြောဟန်ရသည်။ နဂါးနက်အား စီးနင်းလျက် လာရောက်ခြင်းက ထိုတန်ခိုးရှင်၏ စွမ်းအားကို ခန့်မှန်း၍ ရသည်။
“ကြည့်လိုက်… လူနှစ်ယောက်ပါတယ်….”
လူအများအပြားက နဂါးကြီး၏ ကျောပေါ်တွင် စီးနင်း လိုက်ပါလာသော လူနှစ်ယောက်ကို မြင်သည်။
ရှေ့တွင် ရပ်နေသူကား အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ လက်အစုံအား နောက်တွင် ချိတ်ထားသည်။ သူက စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားသည်။
စာပေသမားနှင့် တူသော်လည်း သူ၏ မျက်လုံးများက ဝင့်ကြွားကာ မာနကြီးသော ဟန်ပန်ကို တွေ့ရသည်။ သူက ချင်နန်းတော်အား ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ကြည့်နေသည်။ သူ၏ မျက်လုံးထဲတွင် ထိုတော်ဝင် မြင့်မြတ်သော နန်းတော်ကား သာမန် အဆောက်အဦ တစ်ခုမျှသာ ထင်မြင်ဟန် ရသည်။ သူ၏ နောက်မှ လူကလည်း ဂုဏ်ယူ ဝင့်ကြွားသည့် ပုံဟန်ရှိကာ ချင်နန်းတော်အား အထင်အမြင် သေးသော မျက်လုံးများဖြင့် ကြည့်နေသည်။
သူတို့ နှစ်ယောက်ကို မြင်လျှင် လူအများက ထိုလူများမှာ ဂုဏ်ပြုရန် လာရောက်ခြင်း မဟုတ်ကြောင်း ရိပ်မိလိုက်ကြသည်။ သူတို့က ချင်နန်းတော်အား လေးစားသော ဟန်အမူအရာ မရှိပေ။
နဂါးနက်ကြီးက သူတို့၏ ခေါင်းထက်ကို ရောက်လာသောအခါ သူ၏ ဟိန်းသံက ကောင်းကင်ယံကို တုန်ခါသွားသလို ထင်ရသည်။ သူက နန်းတော်၏ အပြင်ဘက် ကောင်းကင်တွင် ရပ်နေသည်။ နန်းတော်၏ အစောင့်များက နားမလည်ကြပေ။
အသစ် ရောက်လာ သူများကို ကြည့်ကာ အစောင့်က လှမ်းမေးလိုက်သည်… “ခင်ဗျားတို့က ဘယ်သူတွေလဲ…..”
မည်သူကမှ ပြန်မပြောပေ။ သူတို့နှစ်ယောက်က သူ့အား ကြည့်ပင် မကြည့်ပေ။ သူ့အား ဂရုပင် မစိုက်သည်ကို မြင်လျှင် အစောင့်က မျက်မှောင်ကြုတ် သွားသည်။ သူ့အား ဂရုပင် မစိုက်သည်ကို ကြည့်ခြင်းက သူ့တွင် ထိုသို့ပြုမူရန် အင်အားရှိသည်ဟု ဆိုလိုသည်။ သို့သော်လည်း သူတို့ကား ချင်နန်းတော်၏ အစောင့်များ ဖြစ်ကြသည်။ သူတို့အား လျစ်လျူရှုခြင်းက ထိုလူများက မိတ်ဆွေများအဖြစ် ရောက်လာခြင်း မဟုတ်ဟု ဆိုလိုနေသည်။
သို့သော် သူတို့က ချင်ယွီအား အိမ်ရှေ့စံမင်းသား အဖြစ် နှင်းအပ်ပွဲကို ဂုဏ်ပြုရန် ရောက်လာခြင်း မဟုတ်လျှင် အဘယ်ကြောင့် ရောက်လာရသနည်း။
အစောင့်များက အကြောင်းပြချက်ကို စဉ်းစား၍ မရပေ။ ဤကဲ့သို့သော အချိန်အခါတွင် မည်သူကမှ ပြဿနာ မရှာရဲပေ။ အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုများ ပင်လျှင် ဤသို့ မလုပ်ရဲပေ။
အဖြူရောင် ဝတ်စုံဝတ် စာပေသမားက နဂါးကြီးကို စီးနင်းလျက် ချင်နန်းတော်ကို ကြည့်ကာ အော်ပြော လိုက်သည်…. “ကျုပ်က ကော့တေးက ဂူတုံးလျိုပဲ…. အရှင်မင်းကြီးကို လာရောက် တွေ့ဆုံပါတယ်….”
ထိုအသံကို ကြားလျှင် လူအများအပြားက တုန်ခါသွားသည်။ သူတို့က ကောင်းကင်အား စိုက်ကြည့် နေကြသည်။
ဂူတုံးလျိုကား ကော့တေး၏ တတိယ တပည့်ဖြစ်ကာ အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံးထဲမှ တစ်ယောက်ဖြစ်သည်။ သူကား အိမ်ရှေ့စံမင်းသား ချင်ယွီနှင့် အဆင့်အတူတူ ဖြစ်သည်။
အကယ်၍ တခြား တစ်ယောက်ယောက်က ဤနည်းဖြင့် လာပါက သူ့အား ရိုင်းစိုင်းသော သူအဖြစ် သတ်မှတ်မည် ဖြစ်သော်လည်း သူက ဂူတုံးလျို ဖြစ်နေရာ ထိုသို့ တွေး၍ မရတော့ပေ။
အမိန့်တော် ပြန်သည့် အချိန်က အတိုင်းပင် သူ၏ အသံက ကောင်းကင်အား ပဲ့တင် ထပ်သွားစေကာ နန်းတော်ထဲမှ လူများအားလုံးကို ကြားစေသည်။ အင်အားစုတိုင်းက အံ့အားသင့် သွားကြသည်။
ကော့တေး ရောက်လာပြီ။
ဂူတုံးလျို ရောက်ရှိလာ၏။
သူတို့ ခန့်မှန်းထားသလို ကော့တေးက လုံးဝ ဤကိစ္စကို လက်လွှတ်မည့်ပုံ မရပေ။ ဂူတုံးလျိုက ဤမျှ လျင်မြန်စွာ ရောက်လာမည်ဟု သူတို့ မမျှော်လင့် ထားကြပေ။
ချင်လီနှင့် ချင်မုံရိုတို့ အပါအဝင် ချင်ပြည်ထောင်မှ လူများအားလုံး မျက်မှောင်ကြုတ် သွားသည်။ ကော့တေးက ဤအချိန်တွင် အဘယ်ကြောင့် ရောက်ရှိ လာရသနည်း။ ဤနေ့က အိမ်ရှေ့စံ နှင်းအပ်ပွဲ အခမ်းအနား ဖြစ်သည်ကို သူတို့ မသိသည်လား။
သို့မဟုတ်လျှင် ဂူတုံးလျိုက သိရက်နှင့် ဂရုမစိုက်သည်လား။
ဒွန်ဟွာကလန်မှ လူများ၏ မျက်နှာများ သိပ်မကောင်းကြပေ။ ဂူတုံးလျိုက အဘယ်ကြောင့် ရောက်လာသည်ကို သူတို့ သိသည်။
ပလ္လင်တွင် ထိုင်နေသော ဘုရင်လည်း အံ့အားသင့်သွားသည်။ ယမန်နေ့ညက ဖြစ်ခဲ့သော အကြောင်းအရာအား သူ သိပြီးဖြစ်သည်။ သို့သော် ကော့တေးက ဤမျှ လျင်မြန်စွာ ရောက်လာမည်ဟု မထင်ထားပေ။
“ကြိုဆိုပါတယ်….”
ချင်ဘုရင်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ အသံက နန်းတော် တစ်ခုလုံး တုန်ခါသွားကာ အဝေးသို့ အထိ ရောက်သွားသည်။
ဂူတုံးလျိုက နန်းတော်ထဲကို တိုက်ရိုက် ဝင်ရောက် လာသော်လည်း နဂါးနက်ကြီးနှင့် နောက်တစ်ယောက်က အပြင်ဘက်တွင် ကျန်နေရစ်သည်။
မကြာမီ ဂူတုံးလျိုက အခမ်းအနား ကျင်းပရာ နေရာသို့ ရောက်လာသည်။ သူက လူအုပ်အလယ်မှ အေးဆေး တည်ငြိမ်စွာ လျှောက်လာကာ သူ့ပတ်ဝန်းကျင်မှ ဒွန်ဟွာကလန်မှ လူများကို ကြည့်ပင် မကြည့်ပေ။
“အရှင်မင်းကြီး….” ဂူတုံးလျိုက ချင်ဘုရင်၏ ရှေ့တွင် ရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။ သူကား စာပေသမားလို ယဉ်ကျေးသော်လည်း သူ၏ ဝင့်ကြွားသော ဟန်ပန်ကိုမူကား ဖျောက်၍ မရပေ။
“မင်းက ဘာလို့ နောက်ကျတာလဲ…” ချင်ဘုရင်က ပြုံးလျက် ပြောသည်။
“ကျုပ်တို့ ကော့တေးက အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံရတယ်… ဒါကြောင့် ကျုပ်ရဲ့ ညီနှစ်ယောက်က ရောက်လာတယ်…. ဒါပေမဲ့ ကျုပ်ရဲ့ ညီငယ်လေးက တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံရတယ်… အရှင်မင်းကြီး… ဒီကိစ္စကို သိပါသလား….”
လူအများက အံ့အားသင့် သွားကြသည်။ ဂူတုံးလျိုကား တိုက်ရိုက်ပင် မေးခွန်း ထုတ်သည်။
“ကျုပ်ကြားပြီးပြီ…. ဒွန်ဟွာကလန်နဲ့ ကော့တေးက လူငယ်တွေ ပြဿနာ ဖြစ်ရတာက ကျုပ်ရဲ့ စီစဉ်မှု ညံ့ဖျင်းလို့ပါပဲ… ဒီအတွက် တောင်းပန်ပါတယ်….” ချင်ဘုရင်က အသာအယာ ပြောသည်။
“ချင်ပြည်ထောင်က ဒီကိစ္စမှာ ပါဝင် ပတ်သက်နေပါသလား….” ဂူတုံးလျို၏ လေသံက ထက်ရှသည်။ ဤသည်ကား သူ၏ အမူအကျင့်ပင် မဟုတ်ပါလား။
ဘုရင်က သူ့အား ကြည့်သလို ဂူတုံးလျိုကလည်း ဘုရင်အား ကြည့်နေသည်။ ဘုရင်၏ဘေးမှ ချင်ယွီကလည်း ဂူတုံးလျိုအား ကြည့်နေသည်။
“ဂူတုံးလျို… မင်းက ဘာကို ဆိုလိုချင်တာလဲ…” ချင်ယွီက မေးသည်။
“ဘာမှ မဟုတ်ဘူး… ကျုပ်ရဲ့ ညီငယ်လေးက ချင်နန်းတော်မှာ မတရား တိုက်ခိုက်ခံရတယ်… ဒါကြောင့် ကျုပ်က ဒီမေးခွန်းကို မေးမှ ဖြစ်မယ်…. တကယ်လို့ ဒါက ချင်ပြည်ထောင်နဲ့ ဘာမှ မသက်ဆိုင်ဘူး ဆိုရင် ကျုပ်က တစ်စုံတစ်ယောက်ကို ခေါ်သွားရင် ခင်ဗျားတို့က စိတ်မဆိုးဘူး… ဟုတ်တယ်မလား…..” ဂူတုံးလျိုကား ချင်ဘုရင်ကို ကြည့်နေဆဲ ဖြစ်သည်။
ထိုစကားကို ကြားလျှင် ဒွန်ဟွာကလန်မှ လူများ၏ မျက်နှာများ ပျက်သွားသည်။
ဂူတုံးလျိုက ချင်ဘုရင်အား သူက တစ်စုံတစ်ယောက်ကို ခေါ်သွားရန် ရောက်လာသည်ဟု ပြောသည်။ မည်သူက မေးခွန်းထုတ် နေသည်ကို လူတိုင်း သိသည်။ ဂူတုံးလျိုက ဒွန်ဟွာကလန်အား လုံးဝ မျက်လုံးထဲ မထားပေ။
သူက တစ်စုံတစ်ယောက်အား ခေါ်ဆောင်ရန် လာသည်ကြားလျှင် ထိပ်သီး အင်အားစုများ အားလုံးက ဆွံ့အ သွားကြသည်။ ဘုရင်၏ အမူအရာပင်လျှင် ပြောင်းသွားသည်။ ဤနေ့ကား အိမ်ရှေ့စံ နှင်းအပ်ပွဲဖြစ်သည်။ သို့သော် ဂူတုံးလျိုက ဂုဏ်ပြုရန် ရောက်လာသည် မဟုတ်ဘဲ တစ်စုံတစ်ယောက်အား ခေါ်ဆောင် သွားလိုနေသည်။ သူက ဟာသ လာလုပ်နေသည်လား။
သို့သော် ဂူတုံးလျိုကား မည်သည့်အခါကမှ ဟာသမပြောပေ။ သူက ဘုရင်အား လေးစားမှု မရှိခြင်းမျှသာ။
***