Switch Mode

အပိုင်း (၂၃၇)

အရေးကြီးလာပြီ

ဘန်းခနဲ မြည်သံနှင့် အတူ ယူချင်းက မြေပြင်ပေါ်ကို ကျကာ မြေကြီးက အက်ကွဲ သွားသည်။ ထိုရိုက်ချက်က မည်မျှ အားပြင်းမည်ကို ခန့်မှန်းနိုင်သည်။
ယူချင်း၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ ယူချင်း၏ ခန္ဓာကိုယ်မှ ချပ်ဝတ်များ ပင်လျှင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ နိုဘယ်အဆင့် တန်ခိုးရှင်က ဒေါသတကြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူ့ရိုက်ချက်၏ အားအင်ကို စဉ်းစားကြည့်၍ ရ၏။
နိုဘယ်အဆင့် တန်ခိုးရှင်က ဓမ္မအဆင့် တန်ခိုးရှင်ကို တိုက်ခိုက်သောအခါ မည်သည့် ခံနိုင်ရည်အား ရတော့မည်နည်း။ ယူချင်းက အသက်မသေဘဲ ကျန်ရှိနေသည်ကပင် သူ၏ ခံနိုင်ရည်အား မည်မျှ ကောင်းသည်ကို သိနိုင်သည်။
“ယူချင်း….” ရီဖူရှင်းက ချက်ချင်းပင် ယူချင်း၏ ရှေ့ကို ပြေးသွား လိုက်သည်။ ထိုအခိုက်တွင် ယူချင်းကား မြေပြင်တွင် လဲလျောင်းနေ၏။ သူက ခက်ခဲစွာဖြင့် မတ်တတ် ရပ်လိုက်သည်။ သူက တိုးညင်းစွာ ပြောသည်… “ငါ အဆင်ပြေတယ်…” သူက ထိုသို့ ပြောပြီးသည်နှင့် နောက်ထပ် သွေးတစ်ပွက် အန်သည်။ ထို့နောက် သူက မြေပြင်ပေါ်သို့ ပြန်လည် ပြိုလဲကျသွားသည်။ သူကား နိုဘယ်တစ်ဦး၏ ရိုက်ချက်ကို ခံရသည်။ သူ အသက် မသေခဲ့သည်ကပင် ကံကောင်းမှု ဖြစ်သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က ဒေါသကြောင့် တုန်ခါနေကာ ယူချင်းအား ကူညီ၍ တွဲထူလိုက်သည်။ ထို့နောက် ခေါင်းမော့လျက် လေထဲမှ ယူချင်းကို ရိုက်သော နိုဘယ်အား အလွန်အမင်း အေးစက်စွာ ကြည့်လိုက်သည်။
ကောင်းကင်မှ နိုဘယ်က ရီဖူရှင်း၏ မျက်လုံးနှင့် ဆုံမိလျှင် အမှန်တကယ်ပင် ထူးဆန်းသော ခံစားချက်ကို ရသည်။ ထိုမျက်လုံးထဲတွင် ရီဖူရှင်းက နောင်တွင် ကြီးပြင်း လာသောအခါ သူ့အား မလွဲမသွေ သတ်မည့် ဆုံးဖြတ်ချက် ခိုင်မာမှုများကို မြင်နေရသည်။
နိုဘယ်ထံမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက ဘာလုပ်ခဲ့သည်ကို သိလိုက်သည်။ သူကား ကော့တေးမှ တစ်ယောက်ကို သတ်လုနီးပါးပင်။
သို့သော်လည်း သူကား နောင်တမရပေ။ သူက ဤနေရာကို ရောက်ရှိ လာသောအခါ ကော့တေးမှ လူများက ဒွန်ဟွာကလန်မှ လူများအား အလွန်အမင်း ကြမ်းတမ်းစွာ တိုက်ခိုက်နေပြီး ဒွန်ဟွာကလန်မှ လူများမှာလည်း အကြီးအကျယ် ဒဏ်ရာ ရနေသည်။ သူတို့က ကော့တေး တပည့်များ ဆိုလျှင်ပင် ဤမျှ အတင့်ရဲသည်ကို သူ လက်မခံနိုင်ပေ။
ဒွန်ဟွာကလန်ကား အရှေ့မြေရိုင်း ဒေသတွင် အင်အား အကောင်းဆုံး အင်အားစု တစ်ခုဖြစ်သည်။ တခြားတစ်ဖက်တွင် ကော့တေးကား ကျောင်းတော်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ ထိုနေရာမှ လူများက အမှန်ပင် ဤနေရာတွင် ရိုင်းစိုင်းစွာ ပြုမူရဲသည်။
လေထဲမှ နိုဘယ်၏ လူသတ်လိုသော အငွေ့အသက်များကို ခံစားမိကြလျှင် အခြေအနေက ထိန်းချုပ် မရတော့သည်ကို လူတိုင်းက သိလိုက်သည်။ ဒွန်ဟွာကလန်မှ လူအများအပြားကား တန်ခိုးအစွမ်းများ ပျက်စီးသွားသလို တချို့ကား ဒဏ်ရာ အပြင်းအထန် ရသွားသည်။ သို့သော်လည်း ဒွန်ဟွာကလန်က မူလကတည်းက ကော့တေးအား တိုက်ခိုက်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။ ယူချင်းနှင့် ရီဖူရှင်းက ပြန်လည် ခုခံ တိုက်ခိုက်ရုံမျှသာ ဖြစ်၏။
ယခု ဒွန်ဟွာကလန်မှ လူများက ပူးပေါင်း တိုက်ခိုက်ရုံမျှမကဘဲ နိုဘယ် တစ်ယောက်ကပါ ဝင်ရောက် တိုက်ခိုက်သည်။ သူက ရိုက်ချက် တစ်ချက်ဖြင့် ယူချင်းအား ဖိနှိပ်ခဲ့ကာ သူ၏ အသက်အား သတ်လုနီးပါးပင်။ ယခု သူက လူသတ်လိုသော အငွေ့အသက်များကို ပင်လျှင် ပြသနေသည်။ ကော့တေးကရော ဤကိစ္စကို အလွယ်တကူ လက်လွှတ် ပါမည်လော။
ချင်မုံရိုနှင့် ချိန်ရှင်းမူတို့ ကလည်း ဤသို့သော အခြေအနေကို မမျှော်လင့်ခဲ့ကြပေ။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ကော့တေးအား ဖိနှိပ်လိုကြသည်။ သို့သော်လည်း ကော့တေး တပည့်များ၏ စွမ်းအားများကား သူတို့ မျှော်မှန်းထားသည်နှင့် တခြားစီ ဖြစ်နေသည်။ ယခုကား ဒွန်ဟွာကလန်က ထိုအရှုပ်အထွေးကို ကိုယ်တိုင် ရှင်းလင်းရန် တတ်နိုင်တော့ဟန် မတူတော့ပေ။
ဝုန်း…. အလွန် ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါ တစ်ခု လေဟာနယ်ထဲ ပျံ့နှံ့သွားလျှင် နိုဘယ်က သူတို့အား အမှန်သတ်ရန် ကြံစည်နေသည်ကို လူအများက သိလိုက်သည်။ သို့သော်လည်း ထိုအခိုက်တွင် လူအနည်းငယ်က ရီဖူရှင်း၏ ရှေ့ကို လျပ်တစ်ပြက် ရောက်လာသည်။ သူတို့ကား ဓားသခင် တောင်ကုန်းမှ တပည့်များ ဖြစ်ကြသည်။ တစ်ယောက်က ကောင်းကင်ကို မော့ကြည့်လျက် မေးသည်…. “စီနီယာ… ခင်ဗျားက မတိုက်ခိုက်မီ သေချာ စဉ်းစား ပြီးပြီလား….”
နိုဘယ်၏ မျက်လုံးက အရောင်လက် သွားသည်။ သူက ထိုလူငယ်အား ခံစားချက် ကင်းမဲ့စွာ ကြည့်လျက် ပြောသည်…. “မင်းက ငါ့ကို ခြိမ်းခြောက် နေတာလား….”
“ကျုပ်က မရဲပါဘူး….” သူက ဆက်ပြောသည်…. “ဒါပေမဲ့ ရီဖူရှင်းက ကော့တေးရဲ့ အသစ် လက်ခံထားတဲ့  တပည့်ပဲ…. ကျုပ်ဆရာရဲ့ ညီငယ်လည်း ဖြစ်တယ်…. တကယ်လို့ ခင်ဗျားက သူ့ကို သတ်ခဲ့ရင် ကော့တေးကို မပြောနဲ့ ကျုပ်ဆရာကလည်း ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး….”
“ပြီးတော့ ခင်ဗျားက ဒီနေ့ ပြဿနာရဲ့ တကယ့် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ ကျုပ် ယုံကြည်တယ်…. ခင်ဗျားက ဒါကို သိအောင် အရင် လုပ်သင့်တယ်….”
နိုဘယ်က မျက်မှောင်ကြုတ် သွားသည်။ ဓားတောင်ကုန်း တပည့်က မရဲဘူး ပြောသော်လည်း သူ၏ စကားက အမှန်ပင် ခြိမ်းခြောက် နေသည်။ သို့သော်လည်း ထိုလူငယ် ကိုယ်တိုင်က ခြိမ်းခြောက်ရန် အစွမ်းမရှိသည့်တိုင် သူ၏ ဆရာ ဓားသခင်မူကား ထိုအစွမ်း ရှိနေသည်။
သူ၏ စကားကား မှန်ကန်သည်။ အကယ်၍ သူကသာ ရီဖူရှင်းကို သတ်ခဲ့လျှင် ကော့တေးကို မပြောနှင့် ကော့တေး၏ အစ်ကိုကြီးဖြစ်သူ ဓားသခင်က သူ့အား ခွင့်လွှတ်မည် မဟုတ်ပေ။
ကော့တေးတွင် တပည့် အများအပြား မရှိပေ။ ရီဖူရှင်း အပါအဝင် ရှစ်ယောက်မျှသာ ဖြစ်သည်။ ထို့အပြင် ကော့တေးက ကလန်များနှင့် ကွာခြားသည်။ ထို့ကြောင့် ကော့တေးမှ တပည့် တစ်ယောက်စီတိုင်းက အလွန် အရေးပါသော သူများ ဖြစ်ကြသည်။ ဒွန်ဟွာကလန်၏ အတော်ဆုံး ပါရမီရှင်ဖြစ်သော ချိန်ချင်းမူကဲ့သို့သော သူကသာလျှင် ကော့တေး၏ တပည့်တစ်ယောက်နှင့် ညီမျှသည်။
အဝေးမှ လူများ ထပ်မံ ပြေးလာကြသည်ကို မြင်ရသည်။ တိုက်ပွဲက တခြား အင်အားစုများ၏ အကြီးအကဲများ အားလည်း အာရုံစိုက်မိစေသည်။ သူတို့က ထိုနေရာမှ အခြေအနေကို မြင်လျှင် ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။ ဒွန်ဟွာကလန်နှင့် ကော့တေးက ပြဿနာ ဖြစ်နေသည်လား။
နောက်ထပ် လူတချို့ ရောက်လာသည်။ ထိုနေရာမှ လူများ၏ အမူအရာများ လေးနက်သွားကြ၏။
ကျောင်းတော်မှ လူများလည်း ရောက်ရှိ လာကြ၏။
ကော့တေး၏ ငါးယောက်မြောက် တပည့် လျိုဖန်းလည်း ရောက်ရှိလာ၏။
ကျောင်းတော်၏ အကြီးအကဲ စစ်ထိုဝူက စုမူဂီနှင့် တန့်ယွီ၏ ဘေးနားကို လျှောက်သွားလိုက်သလို လျိုဖန်းကလည်း ရီဖူရှင်းနှင့် ယူချင်းတို့၏ ဘေးနားကို ရောက်လာသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့လည်း ရောက်ရှိလာကြသည်။ သူတို့က လျိုဖန်းအား အဖြစ်အပျက်များကို အကျဉ်းချုပ် ပြောပြကြသည်။
လျိုဖန်းနှင့် စစ်ထိုဝူတို့က ယူချင်း၏ ဒဏ်ရာကို မြင်ကြသည်။ ရီဖူရှင်းက သိပ်မသိသာသော အသေးစား ဒဏ်ရာများကိုသာ ရရှိခဲ့သော်လည်း ယူချင်း၏ ဒဏ်ရာကား အနည်းငယ် ပြင်းထန်ပုံရသည်။ သူ၏ ဒဏ်ရာများကို တစ်ချက် ကြည့်လျှင် သိနိုင်၏။
“မင်းတို့က တစ်ချိန်လုံး ဘေးက ရပ်ကြည့် နေကြတာလား….” စစ်ထိုဝူက ကျောင်းတော်မှ တပည့်များ ဖြစ်ကြသော စုမူဂီနှင့် တန့်ယွီတို့ကို မေးသည်။ ကျောင်းတော်မှ တပည့်များ၏ မျက်နှာများ ပျက်သွားကြသည်။ ကော့တေးက ကျောင်းတော်နှင့် သီးခြား ဖြစ်နေသည့်တိုင် ကျောင်းတော်၏ အစိတ်အပိုင်း တစ်ခုပင် မဟုတ်ပါလား။ ကော့တေးနှင့် ဒွန်ဟွာကလန်တို့ ပြဿနာ ဖြစ်နေသော အချိန်တွင် သူတို့က အမှန်ပင် ရပ်ကြည့် နေခဲ့ကြသည်။ ထိုအရာက အမှန်ပင် ဆိုးရွားသော အပြုအမူပင်။
“မင်း လုပ်ခဲ့တာလား….” ဘေးတွင် ရပ်လျက်က လျိုဖန်းက ရီဖူရှင်း၏ အကြည့်နောက်ကို လိုက်ပါ ကြည့်လိုက်လျှင် ကောင်းကင်တွင် ရပ်နေသော ဒွန်ဟွာကလန်မှ နိုဘယ်အား မြင်သည်။ သူက ဘာဖြစ်ခဲ့သည်ကို သိလိုက်၏။
ဒွန်ဟွာကလန်မှ နိုဘယ်က ယူချင်းကို တိုက်ခိုက်ခဲ့သည်လား။
“မင်းတို့ ကော့တေးက တပည့်တွေက အထိန်းအကွပ် မရှိဘူး….” ကောင်းကင်မှ နိုဘယ်က အေးစက်စွာ ပြောသည်။ လျိုဖန်း၏ အမူအရာကား အလွန် တည်ငြိမ်သည်။ သို့သော်လည်း လျိုဖန်းထံမှ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်း အရှိန်အဝါတစ်ခု ဖြစ်ပေါ် လာနေသည်ကို သူခံစားရသည်။
“သူတို့ကို ကြည့်ပေးထား…” လျိုဖန်းက နောက်လှည့်ကာ စစ်ထိုဝူအား ကြည့်လိုက်ည်။
“ကောင်းပြီ….” စစ်ထိုဝူက ခေါင်းညိတ်လျှင် လျိုဖန်းက ရှေ့ကို လျှောက်သွားသည်။
ဘန်း….။ ကြောက်မက်ဖွယ် ကောင်းသော မီးအသိတစ်ခု လေဟာနယ်ထဲတွင် ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် လူတိုင်းက အလွန်အမင်း အားကောင်းသော အပူလှိုင်းများ မြင့်တက်လာကာ ထိုနေရာ တစ်ခုလုံး အလွန်အမင်း ပူပြင်းလာသည်ကို ခံစားကြရသည်။ သူတို့ အမှန်ပင် ချွေးစေးများ ပြန်လာ၏။
လျိုဖန်း၏ ခန္ဓာတွင် ပုံရိပ်ယောင် မီးလျှံများ ဖြာထွက် နေသည်ကို လူတိုင်းက မြင်သည်။ ထိုအရာများက တကယ့်မီးလျှံများနှင့် မတူသော်လည်း ထိုအရာများက မီးလျှံ အစစ်များထက် ကြောက်မက်ဖွယ် ကောင်းပုံရ၏။ ပုံရိပ်ယောင် မီးလျှံများက ကောင်းကင်ကို ထိုးတက်သွားလျှင် လေဟာနယ် ပင်လျှင် ထိုအရာများနှင့် ပေါင်းစပ် သွားပုံရ၏။ မီးဓာတ် သဘာဝ စွမ်းအင်များက ပုံရိပ်ယောင် မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် တစ်ခွင်လုံးအား စတင် လောင်ကျွမ်း လာသည်။
ပူသည်။ ထိုအခိုက်တွင် လူတိုင်းက အလွန်အမင်း ပူပြင်းမှုကို ခံစားကြရ၏။
ထိုအချိန်တွင် နိုဘယ်တစ်ယောက် ရှေ့ကို လှမ်းထွက်လာသည်။ သူကား ချင်ပြည်ထောင်မှ ဖြစ်သည်…. “ဒီနေ့ နှစ်ဖက်လုံးက ထိခိုက်ဒဏ်ရာ ရတယ်…. နှစ်ဖက်လုံးက ရပ်ပြီး ဆွေးနွေး အဖြေရှာကြရင် ဘယ်လိုလဲ….”
“ဆွေးနွေးစရာ အကြောင်း မရှိဘူး….” လျိုဖန်း၏ ပါးစပ်မှ အေးစက်သော အသံတစ်ခု ထွက်လာသည်။ ကော့တေး၏ တပည့်က မျှတသော ယှဉ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ရလဒ်က မည်သို့ ဖြစ်နေပါစေ သူတို့က လက်ခံမည် ဖြစ်သည်။ သို့သော် ကော့တေးကား တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။ ယခုကား ဒွန်ဟွာကလန်မှ နိုဘယ်က ကော့တေးမှ တပည့်ကို အနိုင်ကျင့် နေသည်။ ဆွေးနွေးစရာ နောက်ထပ် မရတော့ပေ။
လျိုဖန်းက ထိုသို့ ပြောပြီးသည်နှင့် ခေါင်းမော့လျက် ဒွန်ဟွာကလန်မှ နိုဘယ်ကို ကြည့်လိုက်သည်။ ချက်ချင်းပင် ပုံရိပ်ယောင်မီးလျှံ စီးကြောင်းများက ကောင်းကင်တစ်ခွင် တဝုန်းဝုန်း ပေါက်ကွဲလာနေသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် မီးလျှံများက ကောင်းကင် တစ်ခုလုံးကို ပြည့်နှက်သွားပြီး ကောင်းကင်မှ နိုဘယ်အား စတင် လှည့်ပတ်လာသည်။ ထိုကောင်းကင်မှ နိုဘယ်ကား လောင်ကျွမ်းနေပုံ ရသည်။ လူတိုင်းက ထူးဆန်းသော မြင်ကွင်းကို တွေ့မြင်ကြရသည်။ ပုံရိပ်ယောင် မီးလျှံလေပွေက ကောင်းကင်မှ နိုဘယ်အား စတင် လောင်ကျွမ်း လာနေသည်။
ထိုအရာကား နိုဘယ်အဆင့် မှော်တိုက်ကွက် ဖြစ်သည်။ သူ၏ စွမ်းအားမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
မီးလျှံအသိက သူ၏ ကိုယ်ထဲကို စိမ့်ဝင်လာသည်ကို ခံစားမိလျှင် ဒွန်ဟွာကလန်မှ နိုဘယ်၏ အမူအရာ ပြောင်းလဲသွားသည်။ ထိုပုံရိပ်ယောင် မီးလျှံလေပွေကား လောကမှ အသန့်စင်ဆုံးသော မီးလျှံများဖြင့် ဖွဲ့စည်းထားဟန် ရကာ သူ့အား ပြာမှုန့်များအဖြစ် ပြောင်းလဲပစ်လိုနေသည်။
ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင် ကိုယ်ဝါတစ်ခု သူ့ကိုယ်မှ ထွက်ပေါ်လာကာ မီးလျှံများထဲမှ ထွက်ရန် ကြိုးစား လိုက်သော်လည်း မီးလေပွေအား သူက မည်သို့ပင် ကြိုးစား ထိုးဖောက်ပါစေ မထူးခြားပေ။ မီးလျှံများက သူ့အား ဆက်လက် လောင်ကျွမ်း လာနေသည်။ ထိုနိုဘယ်၏ ခန္ဓာကိုယ်မှ အသားအရေများကား ခြောက်သွေ့လာကာ အသက်ဓာတ်များ ကင်းမဲ့လာသည်။ သူ အမှန်တကယ်ပင် အလွန်အမင်း နာကျင်မှုကို ခံစားလာရ၏။
ထိုမြင်ကွင်းက လူအများအပြား၏ အမူအရာများအား ပြောင်းလဲစေသည်။ ကော့တေးမှ ငါးယောက်မြောက် တပည့်အား အမှန်ပင် အလွန် အားကောင်းနေသည်။
“ဝူး… ဝူး…” လေကို ခွင်းလျက် ရေဓာတ် စွမ်းအင်များက မီးလောင်ကျွမ်း နေသော နိုဘယ်ထံ ရောက်ရှိလာကာ ပုံရိပ်ယောင် မီးလျှံများအား ကာကွယ်ပေးသည်။
ဒွန်ဟွာကလန်မှ တန်ခိုးရှင်တချို့ ရှေ့ကို တက်လာကြသည်။ သူတို့ အားလုံးက နိုဘယ်အဆင့် ကိုယ်ရောင် ကိုယ်ဝါအား ထုတ်လွှတ် လိုက်ကြ၏။ လျိုဖန်းကလည်း သူ၏ နောက်ကျောမှ မီးနှင်တံအား ထုတ်ယူလိုက်သည်။ ထို့နောက်တွင် မီးနှင်တံက အလွန်အမင်း နီရဲလာသည်ကို တွေ့ကြရ၏။ ထို့နောက် သူက ကောင်းကင်သို့ ခုန်တက်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော မီးမုန်တိုင်းတစ်ခု ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ မဆုံးနိုင်သော သဘာဝစွမ်းအင်များက မီးနှင်တံထံသို့ တိုးဝင်ကာ စုစည်း လာနေကြသည်။ ထို့နောက် မီးနှင့်တံ၏ ခေါင်းမှ များစွာသော မီးနဂါးများ ဖြစ်ပေါ်လာသည်။
မီးလျှံနဂါးများက ကောင်းကင်တွင် တဖြည်းဖြည်း ပြည့်နှက် လာသည်ကို မြင်လျှင် လူတိုင်းက ထိတ်လန့် သွားကြသည်။ မီးနဂါး တစ်ကောင်စီက ကြောက်မက်ဖွယ် မီးဓာတ်များ ပါဝင်နေပုံရသည်။
လျိုဖန်းက သူ၏ လက်အား ဝှေ့ယမ်းလိုက်သည်။ မီးနှင်တံက ရွေ့လျားလျှင် မီးနဂါးများက လေကိုခွင်းလျက် ဒွန်ဟွာကလန်မှ နိုဘယ်များထံ တိုးဝင်သွားသည်။
ဒွန်ဟွာကလန်မှ နိုဘယ်များ၏ အမူအရာများကား တည်ငြိမ်သည်။ သူတို့က လက်များကို ဝှေ့ယမ်းကာ အားကောင်းသော ခုခံတိုက်ကွက်များအား ဖော်ထုတ်ကြသည်။ တချို့က ရေဓာတ် အကာအရံများကို ဖန်တီးသည်။ သို့သော် မီးလျှံနဂါးများ ရောက်ရှိ လာသောအခါ လေဟာနယ်က နှစ်ခြမ်း ကွဲသွားပုံရကာ များစွာသော မီးနဂါးများက ဒွန်ဟွာကလန်မှ နိုဘယ်များကို သွားထိသည်။
တစ်ယောက်ကား ချက်ချင်းပင် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာကား ကြောက်မက်ဖွယ် ကောင်းလှသည်။ မီးလျှံများက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသည်။
“ဝုန်း… ဝုန်း… ဝုန်း…..” နောက်ထပ် ထိရိုက်သံများ ထွက်ပေါ်လာကာ နိုဘယ်များစွာ နောက်ကို လွင့်စဉ်သွားသည်။ ယူချင်းအား တိုက်ခိုက်ခဲ့သော နိုဘယ်၏ မျက်နှာက ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ များစွာသော မီးနဂါးများက သူ့ထံ တိုးဝင်လာသည်ကို မြင်နေရသည်။ သူ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။
“မင်းက ဘောင်ကျော်လာပြီ….” ကြောက်မက်ဖွယ် ကောင်းသော ဓားအသိတစ်ခုက များစွာသော မီးနဂါးများကို အပိုင်းပိုင်း ဖြစ်သွားစေသည်ကို မြင်ကြရသည်။
ဓားတစ်လက်ကို ကိုင်ထားသော အကြီးအကဲ တစ်ယောက်က လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည်။ သူက လျိုဖန်းအား ပြောသည်…. “လျိုဖန်း… ဒီနေရာက ချင်နန်းတော်ပဲ….” သူကား ချင်ပြည်ထောင်မှ အလွန် အားကောင်းသော နိုဘယ်တစ်ယောက် ဖြစ်သည်။
ထိုအခိုက်တွင် ဒွန်ဟွာကလန်မှ ပိုမို အားကောင်းသော နိုဘယ်များက ရှေ့ကို တက်လာကြသည်။ လျိုဖန်းက အလွန် အားကောင်းသော်လည်း သူလုပ်နိုင်စွမ်း သိပ်မရှိကြောင်း လူတိုင်းက သိသည်။
“ချင်နန်းတော်…ဟုတ်လား…..” လျိုဖန်းက ကောင်းကင်မှ နိုဘယ်များကို ကြည့်ကာ ပြောသည်…. “ဒီနေ့ ဒီကိစ္စက တကယ် အရေးကြီးလာပြီ…..”

***


Comment

Leave a Reply

Options

not work with dark mode
Reset