ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က ရီဖူရှင်းကို မော့ကြည့် လိုက်ကြသည်။
တခြား လူများကလည်း မီးလျှံများ ဖုံးလွှမ်းနေသော သူ့အား ကြည့်နေကြသည်။
သူကား ရှေးဟောင်း မြေရိုင်းဒေသတွင် အံ့ဖွယ်များကို ဖန်တီးခဲ့သော လူငယ်ဖြစ်သည်။ ရှေးဟောင်း မြေရိုင်း ဒေသမှ လူငယ် အများစုက သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို စိတ်ဝင်စား ကြသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ မီးအသိလဲ…..”
ရီဖူရှင်းထံမှ ဖြာထွက်လာသော မီးအသိကို ခံစားမိလျှင် လူတိုင်းက အံ့အားသင့်စွာ ကြည့်ကြသည်။ လီတောင်ယွန်၏ အကြည့်ကား အေးစက်နေသည်။ ရှေးဟောင်း မြေရိုင်း ဒေသတွင် သူ၏ လက်တစ်ဖက်ကား ရီဖူရှင်းထံတွင် လောင်ကျွမ်း ခံရသည်။ ရီဖူရှင်း၏ မှော်ဂီတ ပညာကား အလွန် အားကောင်းသည်။ သို့သော်လည်း သူ၏ အကျွမ်းကျင်ဆုံးက မီးဓာတ်ပညာလား။
ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“တိုက်ခိုက်စမ်း…..” ဒွန်ဟွာကလန်မှ တစ်ယောက်က အေးစက်စွာ ပြောသည်။ များစွာသော မှော်တိုက်ကွက်များက ရီဖူရှင်းနှင့် ယူချင်းထံ တိုးဝင်လာကြသည်။ သို့သော်လည်း ထိုအခိုက်တွင် အလွန် အားကောင်းသော မီးအလင်းတစ်ခု ရီဖူရှင်း၏ နေဓမ္မထံမှ ဖြာထွက်လာသည်။ များစွာသော မှော်တိုက်ကွက် များကား နေဓမ္မထံတွင် ချက်ချင်း လောင်ကျွမ်းခံရ၏။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား ရှေးဟောင်း သင်္ကေတအချို့က ရီဖူရှင်း၏ နေဓမ္မထံမှ ထွက်ပေါ် လာကြခြင်းပင်။
ဒွန်ဟွာကလန်၏ တချို့သော အဆင့်နိမ့် ဓမ္မတန်ခိုးရှင်းများ၏ မျက်လုံးထဲတွင် မီးအသိတစ်ခု ဖြစ်ပေါ်လာကာ ရှေးဟောင်း သင်္ကေတများက စိတ်အင်အားများ အဖြစ် ပြောင်းလဲသွားပြီး သူတို့ထံသို့ တိုးဝင်သွားသည်။ သူတို့က နာကျင်စွာ အော်ဟစ်လျက် မျက်လုံးများကို ပိတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲမှ သွေးများ စီးကျလာကြ၏။
တချိန်တည်းမှာပင် တချို့လူများမှာလည်း စတင် လောင်ကျွမ်း ခံလာရ၏။ ကြောက်မက်ဖွယ် ကောင်းသော ရှေးဟောင်း သင်္ကေတများက စိတ်အင်အား၏ အကူအညီဖြင့် သူတို့၏ ခန္ဓာကိုယ်သို့ ရောက်ရှိလာသည်။
ဒွန်ဟွာကလန်မှ ရေဓာတ်စွမ်းအားတွင် အားကောင်းသော တန်ခိုးရှင်တချို့က ရေဓာတ်ကို သုံးလျက် လူတိုင်း၏ ခန္ဓာကိုယ်မှ မီးများကို ငြှိမ်းသတ်ရန် ကြိုးစားကြသည်။ သို့တိုင်အောင် လူတချို့အား ဒဏ်ရာ ရသွားစေသည်။
“အား….”
လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားကြသည်။ ဒဏ်ရာ ရသူများထဲတွင် ဓမ္မအဆင့်ခြောက်မှ လူတစ်ယောက်ပင်လျှင် ပါဝင်သည်။ သူက ရီဖူရှင်းထံ၏ ဓမ္မမှ လာသော အလင်းကိုပင်လျှင် ခံနိုင်ရည် မရှိပေ။
“ဝုန်း….” ပိုမို အားကောင်းသော မီးလျှံများ ထွက်ပေါ်လာသည်။ ကောင်းကင် တစ်ခုလုံး မီးပင်လယ် ဖြစ်သွား၏။ ရီဖူရှင်း၏ ခန္ဓာမှ ရွှေရောင်နတ်မီးလျှံများ စတင် လောင်ကျွမ်း လာသည်။ သူ၏ နေဓမ္မထံမှ ထွက်ပေါ်လာသော အလင်းများကလည်း ရွှေရောင်များ ဖြစ်သည်။ သူ၏ ဓမ္မကား ရှေးဟောင်း မြေရိုင်း ဒေသမှ လို့လန်ရှေးဟောင်း နယ်မြေတွင် ရှီအဆင့် မီးလျှံစာအုပ်ဖြင့် ပေါင်းစပ်ခဲ့ရာ အလွန်အမင်း အားကောင်းသည်။
ထိုနေရာရှိ ရေခဲ အချုပ်အနှောင်များ အားလုံး နေမင်း၏ မီးလျှံ အလင်းများ အောက်တွင် အရည်ပျော် ပျောက်ကွယ် သွားကြသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက်အတွင်း ပုံရိပ်ယောင် အဖြစ် ပြောင်းလဲ သွားသည်။ သူကား ကွဲပြား ခြားနားသော ဓာတ်စွမ်းအင်များ၏ နိုဘယ် အသိများကို သုံးစွဲရာတွင် ကျွမ်းကျင်သည်။ သူက လေဓာတ်ကို သုံးလျက် ရွေ့လျားနိုင်ရာ အလွန်အမင်း လျင်မြန်သည်။
ဒွန်ဟွာကလန်မှ တန်ခိုးရှင် တစ်ယောက်က အန္တရာယ်ကို ခံစားမိကာ နောက်ကို လျင်မြန်စွာ ဆုတ်လိုက်၏။ ထို့နောက်တွင် ဓမ္မ၏ အလင်းရောင်က သူ့အား ဖုံးလွှမ်းသွားသည်။ ရီဖူရှင်းက သူ၏ လက်ဝါးကို ရိုက်ထုတ်လိုက်လျှင် နောက်ထပ် တန်ခိုးရှင် တစ်ယောက်က ခုခံရန် ကြိုးစားလိုက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ထိုတန်ခိုးရှင်ကား နောက်ကို လွင့်စဉ်သွားပြီး သူ၏ ရင်ဘတ်တွင် မီးလက်ဝါးရာ ကြီးနှင့်အတူ ဝါးတိုးဝါးတား မြင်ရကာ မီးသင်္ကေတ တစ်ခုက သူ့ခန္ဓာကိုယ်ကား လောင်ကျွမ်း လာနေသည်။
“သတိထား…..“ ရေဓာတ်စွမ်းအားတွင် ကျွမ်းကျင်သော တစ်ယောက်က သူ့အား ချက်ချင်းပင် ရေခဲဓာတ်ဖြင့် ပိတ်လှောင် ကုသလိုက်သည်။ မဟုတ်လျှင် သူကား ခဏ အတွင်းတွင် သေဆုံးသွားနိုင်၏။
ရီဖူရှင်းထက် အဆင့်နှစ်ဆင့်မြင့်သော ဓမ္မအဆင့်ခြောက် တန်ခိုးရှင်ကား ရီဖူရှင်းထံမှ ရိုက်ချက် တစ်ချက်ကိုပင် မခုခံနိုင်ပေ။
“ဒိန်း….” ကျယ်လောင်သော အသံနှင့်အတူ ရှေးဟောင်း နာရီကြီးက တစ်ဖန် ရီဖူရှင်းကို ကြောက်မက်ဖွယ် မြေဆွဲအားများ လာရောက် သက်ရောက် စေသည်။ ယူချင်းက ရှေ့ကို တက်လာလျှင် တခြား မှော်တိုက်ကွက်များ ကလည်း သူ့ထံ ရောက်ရှိလာသည်။
ရီဖူရှင်းက သူ့ထံ ဆင်းသက်လာသော ရှေးဟောင်း နာရီကြီးအား ကြည့်လိုက်သည်။ သူ့နောက်တွင် လစန္ဒာဓမ္မ ဖြစ်ပေါ်လာသည်။ နေနှင့်လ တစ်လှည့်စီ လင်းလက်ကာ အပူနှင့်အအေး ဓာတ်စွမ်းအင်များက ပတ်ဝန်းကျင်အား ဖြန်းပက် ထားသည်။
သူ့ထံ တိုးဝင်လာနေသော ရှေးဟောင်း နာရီကား တစ်မုဟုတ်ချင်းပင် ရေခဲတစ်လှည့် မီးတစ်လှည့် စွမ်းအားများ ရစ်ပတ်ခံရလျှင် ထိုရှေးဟောင်းနာရီ ဓမ္မပိုင်ရှင် တန်ခိုးရှင်၏ စိတ်အသိက အလွန်အမင်း ပူလောင်မှုနှင့် အေးစက်မှုကို တစ်လှည့်စီ ခံစားရ၏။ သူက စိတ်ကို ထိန်းချုပ်ကာ သူ၏ ဓမ္မအား ပြန်လည် ရုပ်သိမ်းရန် ကြိုးစား လိုက်သည်။
နေနှင့်လထံမှ အလင်းများက ရှေးဟောင်း နာရီထံသို့ တစ်လှည့်စီ ဆင်းသက် လာနေကာ တဖြည်းဖြည်းနှင့် ရှေးဟောင်း နာရီက အေးခဲလာသည်။ ထို့နောက် အလွန်ပူပြင်းသော အလင်းက ကျရောက်လာလျှင် ရှေးဟောင်း နာရီကြီးက အမှန်တကယ်ပင် အက်ကွဲလာ၏။
“မဟုတ်ဘူး…..” ဒွန်ဟွာကလန်မှ ဓမ္မအဆင့်ခုနစ် တန်ခိုးရှင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သို့သော် အက်ကွဲသံက အဆက်မပြတ် ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် သူ၏ သက်စောင့်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော ဓမ္မများ ပြိုပျက် သွားလေသည်။ ဒွန်ဟွာကလန်မှ တန်ခိုးရှင်၏ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ကာ ပြေပြင်ပေါ်သို့ လဲကျသွားသည်။
“အရမ်း အားကောင်းတာပဲ….” လူတိုင်းက စိတ်နှလုံး တုန်ခါစွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ရီဖူရှင်းက အဆင့်သုံးဆင့် ကျော်ဖြတ်လျက် တဖက်လူ၏ ဓမ္မအား တိုက်ရိုက် ဖျက်ဆီးခဲ့သည်။
ချင်ဘုရင်၏ မြေး ချင်လီက ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်များကို မေးခွန်း ထုတ်ခဲ့သည်။ ချင်မုံရိုကလည်း သူ့အား တိုက်ခိုက်ရန် ဖိအားပေးသည်။ ယခု ဒွန်ဟွာလန်နှင့် ချင်မုံရိုတို့က သူ၏ စွမ်းရည်များကို တွေ့မြင်ရပြီ ဖြစ်သည်။
ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်များကား အလွန့်အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဒွန်ဟွာကလန်မှ လူများ၏ မျက်နှာများကား သိပ်မကောင်းတော့ပေ။ သူတို့က ရီဖူရှင်းနှင့် ယူချင်းအား ပူးပေါင်း တိုက်ခိုက်ရန် လူအများအပြား စေလွှတ်ခဲ့သည်။ ယခုကား သူတို့၏ ပါရမီရှင် နောက်တစ်ယောက်က ဓမ္မပျက်စီးသွားကာ သူ၏ တန်ခိုးစွမ်းအားလည်း ပျက်စီးသွားရပြီ ဖြစ်သည်။ မည်မျှ ရှက်စရာ ကောင်းသနည်း။
များစွာသော တန်ခိုးရှင်များ ထပ်မံ ထွက်လာကြသည်။ ဤတစ်ကြိမ်တွင်ကား အဆင့်မြင့် ဓမ္မတန်ခိုးရှင်များ ပါဝင်လာသည်။
ဤသည်ကို မြင်လျှင် ယူချင်းက သူ၏ နောက်ကျောတွင် လွယ်ပိုးထားသော သူ၏ နိုဘယ်အဆင့် ပုဆိန်အား ထုတ်ယူလိုက်သည်။ သူကား သဒ္ဓိဝင် ပုဆိန်ကို အမြဲ သယ်ဆောင် လာခဲ့သည်။ နိုဘယ်အသိက ပုဆိန်ထဲကို ဝင်ရောက်သွားကာ ပုဆိန်ထဲမှ နိုဘယ်စွမ်းအားကို နိုးထစေသည်။ မာန်တစ်ချက် သွင်းလျက် ယူချင်းက ရောက်ရှိလာသော ဒွန်ဟွာကလန်မှ တန်ခိုးရှင်များအား ပုဆိန်ဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ၏ ပုဆိန်က လေဟာနယ်ကို ပိုင်းဖြတ်သွားဟန် ရှိကာ ဒွန်ဟွာလန်မှ လူများအားလုံးက ထိုပုဆိန်ရိုက်ချက်အား ရှောင်လိုက်ကြသည်။
ထို့နောက် ယူချင်း ရွေ့လျားလိုက်သည်။ သူက နတ်ဆိုးတစ်ကောင်အလား သူ၏ပုဆိန်အား အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ ပုဆိန်ခုတ်ချက် တစ်ချက်စီက အဆင့်မြင့် ဓမ္မတန်ခိုးရှင်၏ အားကောင်းသော ရိုက်ချက်များနှင့် ညီမျှသည်။ နိုဘယ်အသိကား ပုဆိန်အတွင်းမှ နိုဘယ်စွမ်းအားများနှင့် ပေါင်းစပ်ထားရာ ယူချင်း၏ ကိုယ်ပိုင် စွမ်းအားများဖြင့် ဆိုလျှင် အလွန်အမင်း အားကောင်းလှသည်။
ရီဖူရှင်းက ယူချင်းအား မကြည့်ပေ။ သူ့ထံတွင်ကား နိုဘယ်အဆင့် ပုဆိန်ရှိရာ ယူချင်းနှင့် ပတ်သက်၍ အလွန် ယုံကြည်မှုရှိသည်။
အမြွှာဓမ္မဖြစ်သော နေနှင့်လက ကြောက်မက်ဖွယ် စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေကာ ဒွန်ဟွာကလန်မှ တန်ခိုးရှင်တချို့ကို သွားရောက် ရိုက်ခတ်သည်။
ထိုနေရာအနီးမှ လူတိုင်းက တိုက်ပွဲနေရာအား အံ့အားသင့်စွာ ကြည့်နေကြသည်။ ဒွန်ဟွာ ကလန်ကား ဓမ္မအဆင့်လေးမှ လူငယ်နှစ်ယောက်ကို ပင်လျှင် အနိုင်မယူနိုင်ပေ။
ကော့တေးကား ကော့တေးသာ ဖြစ်သည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က ကော့တေးအား ဖိနှိပ်ရန် အလွန်ခက်ခဲမည့် သဘောရှိနေသည်။
ချိန်ရှင်းမူက မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာကိုလည်း တွေ့ရ၏။ ထို့နောက် သူက ဝါးပလွေအား ထုတ်ကာ နှုတ်ခမ်းတွင် တေ့လိုက်သည်။
ပလွေ၏ သံစဉ်က လေထုတစ်ခုလုံးကို ပျံ့နှံ့သွားကာ မမြင်ရသော စိတ်ဝိညာဉ် စွမ်းအားများက ရီဖူရှင်းနှင့် ယူချင်းကို တိုက်ရိုက် လာရောက် ရိုက်ခတ်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ နားစည်ထဲကို လာရောက် ရိုက်ခတ်သော အသံစူူးစူးများကိုသာ ကြားရသည်။ သူ၏ မှော်တိုက်ကွက် များကလည်း နဂို တည်ငြိမ်မှုများ ပျက်ပြား လာသည်။
သူက မျက်မှောင်ကြုတ် လိုက်ကာ ချိန်ရှင်းမူအား ကြည့်လိုက်သည်။ သူ၏ အကြည့်ကား အလွန်အမင်း အေးစက်နေသည်။
ချိန်ရှင်းမူကား ဒွန်ဟွာကလန်မှ အကောင်းဆုံး ပါရမီရှင် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ဤသို့သော အခြေအနေတွင် သူက အမှန်ပင် ဝင်ရောက် တိုက်ခိုက်သည်။
ပိုမိုပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ရီဖူရှင်းထံမှ ဖြာထွက်လာကာ သူက ချိန်ရှင်းမူ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ခြေထောက်အား မြေတွင် ဆောင့်ကန်လျက် သူက မှော်တိုက်ကွက်များကို အသုံးမပြုဘဲ ဒွန်ဟွာလန်မှ တစ်ယောက်အား လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ၏ လက်ဝါးမှ ရှေးဟောင်း သင်္ကေတစ်ခု ဝင်းလက်သွားကာ အရာအားလုံးကို အရည်ပျော် သွားစေအောင် အားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် ထိုတန်ခိုးရှင်၏ ခန္ဓာကိုယ်က နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ ကျသည်။ သူ၏ ခန္ဓာကိုယ်ကလည်း စတင် လောင်ကျွမ်းလာသည်။
ထိုမြင်ကွင်းကို မြင်လျှင် လူတိုင်း၏ မျက်မှောင်များ ကုတ်သွားသည်။ ထိုအရာက ချိန်ရှင်းမူ၏ ဝင်စွက်ဖက်မှုအတွက် တုံ့ပြန်မှုလား။
ပလွေသံစဉ်က ပိုမို မြန်ဆန် လာသည်။ ထိုအခိုက်တွင် များစွာသော မြွေစိမ်းများ ဖြစ်ပေါ်လာကာ သူ့အား လာရောက် ကိုက်ခဲနေကြသလို ရီဖူရှင်းက ခံစားနေရသည်။ သူ၏ စိတ်ဝိညာဉ်ကလည်း နာကျင်မှုကို ခံစားရကာ သက်သောင့် သက်သာ မဖြစ်တော့ပေ။
ရီဖူရှင်းက သူ၏ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအားကို သုံးလျက် ဂီတသံစဉ်ကို ခုခံသော်လည်း ဂီတသံစဉ်အား နေရာတိုင်းတွင် ရှိနေသည်။ ရီဖူရှင်း၏ ပတ်ဝန်းကျင်မှ မီးလျှံများပင်လျှင် အားနည်း လာနေသည်။
ထိုအခိုက်တွင် ဒွန်ဟွာလကန်မှ တန်ခိုးရှင် တစ်ယောက်၏ မှော်တိုက်ကွက် တစ်ခု ရောက်ရှိလာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ ရီဖူရှင်းကို နောက်ကို ခြေနှစ်လှမ်းမျှ ဆုတ်သွားစေသည်။ သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင်မှု အလွန် ကောင်းသည့်တိုင် သူက သွေးတစ်ပွက်မျှ အန်ကျသည်။
ရီဖူရှင်းကား ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းစိတ်ရာ တိုက်ခိုက်မှု နှစ်မျိုးလုံးကို ခံစားနေရ၏။
ယူချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူကလည်း ချိန်ရှင်းမူထံမှ တူညီသော တိုက်ခိုက်မှုကို ခံစားနေရ၏။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော အလင်းတစ်ခု ယူချင်းထံမှ ဖြာထွက်လာကာ သူ့ကိုယ်တွင် နတ်ဆိုးအလား ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ နတ်ဆိုး အတောင်ပံ တစ်စုံဖြင့် ဆိုလျှင် သူကား တကယ့် နတ်ဆိုး တစ်ကောင်နှင့် ချွတ်စွပ်နီးပါး တူနေ၏။
သူ၏ မျက်လုံးများက နတ်ဆိုး၏ မျက်လုံးအလား ရွှေအိုရောင် အလင်းများ စူးရှစွာ ထွက်ပေါ်လာနေသည်။ သူ၏ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာနေ၏။ သူ၏ လက်ထဲမှ နိုဘယ်ပုဆိန်ကလည်း စွမ်းအားများ အားလုံး အသက်ဝင်လာပုံ ရကာ စူးရှစွာ လင်းလက် နေသည်။
ချိန်ရှင်းမူ၏ ဂီတကို လျစ်လျူရှုလျက် ယူချင်းက သူ၏ ပုဆိန်အား ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကောင်းကင်ကို ပိုင်းပြတ်လျက် အလင်းတန်းတစ်ခု ကောင်းကင်မှ ဆင်းသက် လာသည်။ စက္ကန့်ပိုင်းအတွင်း ဒွန်ဟွာကလန်မှ တန်ခိုးရှင်များ အားလုံး အဝေးကို လွင့်စဉ်သွားသည်။ ထိုပုဆိန် ခုတ်ချက်၏ အောက်တွင် များစွာသော ဒွန်ဟွာကလန်မှ တန်ခိုးရှင်များ ဒဏ်ရာရကြသည်။ တချို့က လက်ပိုင်း ခြေပိုင်း ဖြစ်သွားကြ၏။ တချို့က သူ၏ ဓမ္မများ တိုက်ရိုက် ဖျက်ဆီးခံရသည်။
လူတိုင်းက ထိုတိုက်ခိုက်မှုကို မြင်လျှင် ထိတ်လန့် သွားကြသည်။ ယူချင်းက နိုဘယ်အဆင့် ပုဆိန်ကို သုံးခဲ့သော်လည်း သူကား ဓမ္မအဆင့်လေးမျှသာ ရှိသေးပေသည်။ ထိုမျှ အားကောင်းသော ခုတ်ချက်က သူ့ထံမှ ထွက်ပေါ်လာသည်။ သူ၏ ပုဆိန်ခုတ်ချက်ကား သစ်ခုတ်သည့် အလားပင် ဒွန်ဟွာကလန်မှ လူများကို အပိုင်းပိုင်း ဖြစ်သွားစေသည်။
ရီဖူရှင်း ဒဏ်ရာ ရသောကြောင့် သူက ဒေါသ ထွက်သွားသည်လား။
ချိန်ချင်းမူ၏ ပုံစံက မူလကလို တည်ငြိမ်မှု မရှိတော့ပေ။ သူက တိုက်ပွဲတွင် ပါဝင်သည့်တိုင် ဒွန်ဟွာကလန်မှ လူတချို့ကား အပြင်းအထန် ဒဏ်ရာ ရနေဆဲဖြစ်သည်။ ဒွန်ဟွာကလန်မှ အကောင်းဆုံး ပါရမီရှင် တစ်ယောက် အနေဖြင့် ဤအဖြစ်ကာ အရှက်ရစရာပင်။
ထိုအခိုက်တွင် လူအများအပြားက အဝေးမှ ပြေးလာနေကြသည်။ တိုက်ပွဲကား အချိန် အနည်းငယ်မျှသာ ကြာသေးပြီး သူ၏ ရိုက်ခတ်မှုများက အားကောင်းလှသည်။ ပထမဆုံး ရောက်လာသူများကား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများဖြစ်ကြသည်။ ယနေ့တွင် ချင်မုံရိုနှင့် ချိန်ရှင်းမူတို့က တွေ့ဆုံသော နေ့ဖြစ်ရာ ကု့ချင်း ဖျော်ဖြေပွဲအား သူတို့က သတိထားကာ စောင့်ကြည့်နေကြသည်။ ထို့ကြောင့် သူတို့က ဦးစွာ ရောက်ရှိလာသည်။ သို့သော် ဤနေရာကို ရောက်ရှိတော့မှ ကု့ချင်းဖျော်ဖြေပွဲမှာ သူတို့ ထင်မှတ်ထားသလို ငြိမ်းချမ်းသော အခြေအနေတွင် ရှိမနေပေ။ သူတို့ကလန်မှ လူတချို့မှာ မသန်မစွမ်းများ ဖြစ်လျက်ရှိပြီး တချို့မှာ ဒဏ်ရာ ပြင်းထန်စွာ ရလျက် ရှိသည်။
ထိုမြင်ကွင်းက ဒွန်ဟွာကလန်မှ လူများအား အလွန်အမင်း ဒေါသထွက် စေသည်။ နိုဘယ် တစ်ယောက်က လေထဲတွင် နတ်ဆိုးအလား ရပ်နေသော ယူချင်းအား အေးစက်စွာ ကြည့်လိုက်သည်။
သူက အမှန်ပင် ဤနေရာတွင် ရုန့်ရင်း ကြမ်းတမ်းစွာ ပြုမူရဲသည်။
ဘန်း… နိုဘယ် တန်ခိုးရှင်က ရှေ့ကို တက်လာသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခုက ယူချင်းအား လာရောက် ရိုက်ခတ်၏။
ယူချင်းကလည်း သူ့ထံ လာရောက် တိုက်ခိုက်သော နိုဘယ်အား အေးစက်စွာ ကြည့်လိုက်သည်။
သို့သော်လည်း သူက နိုဘယ်တန်ခိုးရှင်၏ တိုက်ခိုက်မှုကို မည်သို့ ခုခံမည်နည်။
အားလှိုင်းက သူ့အား ရိုက်မိလျှင် ယူချင်း ကောင်းကင်မှ ကျသည်။ သူကား နိုဘယ်၏ ရိုက်ချက်ကို ခုခံနိုင်စွမ်း မရှိပေ။
***