Switch Mode

အပိုင်း (၂၃၅)

ကု့ချင်းဖျော်ဖြေပွဲက ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများ

လုံးဝ တိတ်ဆိတ် သွားပြီ ဖြစ်သည်။
ထိုအခိုက်တွင် ဂူမင်၏ နာကျင်စွာ အော်ဟစ်မှုမှအပ တခြား အသံများ မကြားရပေ။ လူတိုင်းက မြေပြင်ပေါ်တွင် လူးလှိမ့်နေသော ဂူမင်အား ကြည့်နေကြသည်။
ဂူမင်ကား အားအင်များ လုံးဝ ကုန်ဆုံးသွားဟန် ရသည်။ သူ၏ အရိုးများနှင့် အကြောများ အားလုံးက ပျက်စီးသွားကာ ခန္ဓာကိုယ်မှ သဘာဝ စွမ်းအင်များကလည်း ပြိုပျက်သွားပြီ ဖြစ်သည်။ ထိုရိုက်ချက်က မည်သို့ သက်ရောက်မှုများ ဖြစ်စေနိုင်သည်ကို လူတိုင်းက ခန့်မှန်းမိနိုင်သည်။
ဂူမင်၏ စွမ်းအင်များကား ထိုရိုက်ချက် အောက်တွင ်လုံးဝ ပျက်စီးသွားရပြီ ဖြစ်သည်။
စူးရှသော အော်သံများက ထိုအချိန်တွင် လူတိုင်း၏ နားစည်ကို လာရောက် ရိုက်ခတ်နေသည်။ ဂူမင်၏ မျက်လုံးထဲတွင် မုန်းတီးမှုများ မရှိတော့ပေ။ ထိုအစား မဆုံးနိုင်သော ဝမ်းနည်းမှုနှင့် နောင်တများသာ ကျန်နေတော့သည်။ ယခုမှသာ သူ၏ ဘဝကား အဆုံးသတ် သွားပြီကို သိလိုက်သည်။ သူကား ဒွန်ဟွာကလန်၏ ပါရမီရှင် တစ်ယောက် မဟုတ်တော့ပေ။ သူ၏ ကျင့်ကြံခြင်း အုပ်မြစ် ရှိနေသရွေ့ သူကား ပြန် လေ့ကျင့်နိုင်သည်။ ယခုကား သူ၏ အကြောများနှင့် အရိုးများ ပျက်စီးသွားကာ ထပ်မံ၍ တန်ခိုးကျင့်ရန် မဖြစ်နိုင်တော့ပေ။ သူ၏ အနာဂတ်ကား အဆုံးသတ်သွားပြီ ဖြစ်သည်။
သို့သော် သူ့အား မည်သူမှ မစာနာကြပေ။ လူအများက သူ့အား ခံစားချက် ကင်းမဲ့စွာ ကြည့်ကြသည်။ သူက ကော့တေး၏ တပည့်ကို စိန်ခေါ်မှတော့ ရှုံးနိမ့်ရန် ပြင်ဆင် ထားသင့်သည်။ ရှုံးနိမ့်ပြီး နောက်ပိုင်း သူက ရီဖူရှင်းအား အလစ်တိုက်ခိုက်ကာ သတ်ရန် ကြံစည်သည်။ သူက ရီဖူရှင်းအား သတ်နိုင်ခဲ့လျှင်ပင် သူကား သေရမည်မှာ သေချာလှသည်။ သူကား မိုက်မဲစွာ ပြုမူမှတော့ ထိုအပြုအမူအတွက် ပေးဆပ်ရန် လိုအပ်ပေသည်။
သို့သော် ယူချင်းက အလွန် ဆုံးဖြတ်ချက် ပြတ်သားကာ ဒွန်ဟွာကလန် ရှေ့တွင်ပင် ဂူမင်ထံသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး သူ၏တန်ခိုး အစွမ်းများအား ဖျက်ဆီး လိုက်မည်ဟု မည်သူမှ မထင်ထားပေ။
ထိုအခိုက်တွင် ဒွန်ဟွာကလန်မှ လူများ၏ မျက်နှာများက သိပ်မကောင်းလှပေ။ သူတို့၏ ခန္ဓာကိုယ်မှ အေးစိမ့်သော အငွေ့အသက်များ ပင်လျှင် ထွက်ပေါ်နေသည်။ ယနေ့ သူတို့က ကော့တေးအား ဖိနှိပ်လိုကြသည်။ အဆုံးသတ်တွင် ဂူမင်က မြေပြင်တွင် ဒူးထောက်ရကာ တန်ခိုးစွမ်းအား ပျက်စီးခဲ့ရသည်။ နောက်တစ်ယောက်ကလည်း ပုဆိန်ရိုက်ချက် အောက်တွင် ဒဏ်ရာရခဲ့သည်။
ဒွန်ဟွာကလန်ကား မျက်နှာ ပျက်ရ၏။
မှန်သည်…. မူလကတည်းက ဂူမင်က အလစ် တိုက်ခိုက်ခြင်းကပင် အမှားဖြစ်သည်။ သို့သော် ရီဖူရှင်းက မည်သို့မှ ထိခိုက်ခြင်း မရှိသော အချိန်တွင် ဂူမင်ကား တန်ခိုးစွမ်းအား ဖျက်ဆီးခံရသည်။ ယူချင်းနှင့် ရီဖူရှင်းတို့က ဒွန်ဟွာကလန်အား လုံးဝ မျက်လုံးထဲ မထည့်ထားပေ။ မည်မျှ အတင့်ရဲလိုက်သနည်း။
ချင်မုံရို၏ အမူအရာကလည်း ပြောင်းလဲသွားကာ မပျော်မရွှင် ဖြစ်သွားဟန် ရသည်။ ယနေ့ကား သူမကပင် လူတိုင်းက ကု့ချင်းဖျော်ဖြေပွဲကို တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး သူမက ချင်ပြည်ထောင်ကို ကိုယ်စားပြုသည်။ ယခု ရီဖူရှင်းက သူမအား လုံးဝ မျက်နှာသာ မပေးဘဲ ကု့ချင်း ဖျော်ဖြေပွဲအား ဆိုးရွားစွာ မှတ်ချက်ပေးခဲ့သည်။ ယခု ယူချင်းက ပိုမိုဆိုးရွားစွာ ပြုမူနေသည်။ သူတို့က ချင်ပြည်ထောင်ကို ဂရုစိုက်ပါ သလော။
“ရှင်တို့နှစ်ယောက် ဒီလိုလုပ်တာ မလွန်ဘူးလား…..” ချင်မုံရို၏ အသံက သာယာနာပျော်ဖွယ် ကောင်းမြဲ ဖြစ်သည့်တိုင် အနည်းငယ်သော အေးစက်မှုများ ပါဝင်နေသည်။
ယူချင်းက ခေါင်းမော့လျက် ချင်မုံရိုအား ကြည့်လိုက်ကာ အေးစက်စွာ ပြောသည်…. “ပါးစပ်ပိတ်ထား…..”
ယူချင်းကား မူလကတည်းက ပြဿနာ အရင်းအမြစ် ဖြစ်သော ချင်မုံရိုနှင့် ပတ်သက်၍ အလွန် စိတ်ပျက်နေပြီး ဖြစ်သည်။ သူမက ဒွန်ဟွာကလန်မှ ကောင်နှင့် ချိန်းတွေ့သည်က သူမကိစ္စ ဖြစ်သည်။ သို့သော် သူမက ကော့တေးနှင့် ရီဖူရှင်းအား ပြဿနာထဲကို ဆွဲသွင်းသည်။ ယခု ချင်မုံရိုက သူတို့အား အပြစ်တင်နေသည်။ ယခုတွင်ပင် ဂူမင်က အလစ် တိုက်ခိုက်ခဲ့သည်။ သူက ရီဖူရှင်းအား သတ်ရန် ကြံသည်ကို လူတိုင်းက မြင်သည်။ ကံကောင်းစွာပင် ရီဖူရှင်းတွင် လုံလောက်သော  စွမ်းအားများ ရှိနေသည်။ အကယ်၍ ဂူမင်၏ အလစ် တိုက်ခိုက်မှုကြောင့် ရီဖူရှင်း သေသွားလျှင် မည်သို့ လုပ်မည်နည်း။
“ဒီကောင်…..”
လူတိုင်းက ယူချင်းကို ကြည့်လိုက် ကြသည်။ သူကား အမှန်ပင် အပေါက်ဆိုးကာ မင်းသမီး ချင်မုံရိုအား လုံးဝ မျက်လုံးထဲ မထည့်ထားပေ။ သူက ထိုမိန်းမပျိုအား အနည်းငယ်မျှသော စိတ်ဝင်စားမှုကိုပင် မပြပေ။
ထူးဆန်းသော အမူအရာတစ်ခု ချင်မုံရို၏ မျက်လုံးထဲ ပေါ်လာသည်။ သူမအား မည်သူကမှ ထိုသို့သော အမူအရာဖြင့် မဆက်ဆံခဲ့ဖူးကြပေ။ အိမ်ရှေ့စံမင်းသား ဖြစ်တော့မည့် သူမ၏ အစ်ကိုပင်လျှင် သူမအား အမြဲ ဦးစားပေးရသည်။ ချင်ပြည်ထောင်မှ လူအများအပြား ထွက်ပေါ်လာကြသည်။ ဒွန်ဟွာကလန်မှ လူများကလည်း ရှေ့ကို တက်လာသည်။ ယူချင်း၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ စတင် ပျံ့နှံ့လာသည်။
“ဒွန်ဟွာကလန်က အရှုံးကို လက်မခံနိုင် တာလား….” လျိုဖေးယွန် မျက်မှောင်ကြုတ် လိုက်သည်။ ဒွန်ဟွာကလန်က စတင်ကာ ပြဿနာ ရှာခြင်းဖြစ်ပြီး ရှုံးနိမ့်ခဲ့ပြီးနောက် အရှုံးကို လက်မခံနိုင်ဘဲ အလစ် တိုက်ခိုက်သည်။ သူတို့က ထိုအတွက် မပေးဆပ်သင့် ပေဘူးလား။
“ငါတို့ရဲ့ဒွန်ဟွာကလန်က တပည့်က တန်ခိုးအစွမ်း ဖျက်ဆီးခံရတယ်…. ငါတို့က မင်းတို့ကို ဒီအတိုင်း လွှတ်ပေးမယ် ထင်နေတာလား…..” ဒွန်ဟွာကလန်မှ တစ်ယောက်က အေးစက်စွာ ပြောသည်။ အကယ်၍ ဒီကိစ္စကိုသာလျှင် သူတို့က လွှွတ်ပေးလိုက်ပါက နောင်တွင် လူအများက ဒွန်ဟွာကလန်ကို မည်သို့ ထင်မြင်ကြ မည်နည်း။
ဒွန်ဟွာကလန်က ကော့တေးအား ကြောက်ရွံ့သည်ဟု သူတို့ ယူဆကြမည် ဖြစ်သည်။
ကော့တေးကား ကျောင်းတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ အကယ်၍ ဒွန်ဟွာကလန်က ကော့တေးအား ကြောက်ရွံ့ပါက အရှေ့မြေရိုင်းဒေသ၏ နံပါတ်တစ်ကလန် မည်သို့ ဖြစ်လာမည်နည်း။ ထို့ကြောင့် သူတို့က အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။
“မင်းတို့က ဘာဖြစ်ချင်တာလဲ….”  ရီဖူရှင်းက ရှေ့ကို လျှောက်သွားကာ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။
ယူချင်းက အပေါက်ဆိုးသည့်တိုင် ထိုအပြုအမူက သူတို့ကြောင့် မဟုတ်ပါလော။ ဂူမင်က ရီဖူရှင်းအား အလစ်တိုက်ခိုက်ကာ သတ်ရန် ကြိုးစားသည်။ သူတို့က ဂူမင်ကို ဒီအတိုင်း လွှတ်ပေးလိုက် ရမည်ဟု သူတို့က တွေးထင်သည်လား။
“ကော့တေး တပည့်တွေက အရမ်း အားကောင်းတယ် ဆိုမှတော့ ကျုပ်တို့က မင်းတို့ကို စိန်ခေါ်ချင်တယ်…..”
ချင်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဒွန်ဟွာကလန်မှ တပည့်အချို့ ရှေ့ကို တက်လာကြသည်။ တခြား အင်အားစုများ၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ မူလက ဤနေရာကား ကု့ချင်း ဖျော်ဖြေပွဲဖြစ်ပြီး ယခုကား အခြအနေက ရှုပ်ထွေး လာနေလေပြီ။
အကယ်၍ ဒွန်ဟွာ ကလန်ကသာ ရီဖူရှင်းနှင့် ယူချင်းကို ဝိုင်းဝန်း တိုက်ခိုက်ပါက ရီဖူရှင်းတို့က နှစ်ယောက်မျှသာ ဖြစ်ရာ ဒွန်ဟွာကလန်က အလေးသာ နေသည်ဟု ပြောရမည် ဖြစ်သည်။
“သူ့ကို ရိုက်ချစမ်း…..” ဒွန်ဟွာကလန်မှ လူများက ယူချင်းအား အေးစက်စွာ ကြည့်လိုက်ကြသည်။ သူက ဒွန်ဟွာကလန်မှ လူအား မသန်မစွမ်း ဖြစ်အောင် လုပ်လိုက်မှတော့ သူတို့က ယူချင်းအား အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။ ကော့တေးမှ သစ်ခုတ်သမား ယူချင်းက ဖြေရှင်းချက် ပေးရန် လိုအပ်ပေသည်။
သစ်သားဓာတ် စွမ်းအင် တိုက်ကွက်များက ယူချင်းထံ တိုးဝင်လာသည်။ ထိုအရာများက ကောင်းကင်သို့ ထိုးတက်သွားကာ ယူချင်း၏ ခန္ဓာကိုယ်ကို လာရောက် ရစ်ပတ်ရန် ကြိုးစားကြ၏။ ယူချင်းက ခေါင်းမော့လျက် သူ့ထံ တိုးဝင်လာနေသော နွယ်ပင်များကို ကြည့်လိုက်သည်။ နတ်ဆိုး အတောင်ပံများ တစ်ဖန် ထွက်ပေါ်လာကာ သဘာဝ စွမ်းအင်များက ကြီးမားသော ပုဆန်တစ်လက် အဖြစ် ပြောင်းလဲသွားသည်။ မြေပြင်ကို ဆောင့်ကန်လျက် ကောင်းကင်သို့ ခုန်တက်ကာ ယူချင်းက ပုဆိန်အား အဆက်မပြတ် ဝှေ့ယမ်းလိုက်လျှင် နွယ်ပင်များက အပိုင်းပိုင်း အစစ ဖြစ်သွားသည်။
“ဒေါင်….” ကျယ်လောင်သော အသံတစ်ခု ကြားရကာ ကောင်းကင်တွင် ရှေးဟောင်း နာရီတစ်လုံး ထွက်ပေါ်လာသည်။ ယူချင်းက နွယ်ပင်များကို အပိုင်းပိုင်း ဖြတ်တောက် လိုက်သော အချိန်တွင် ကြီးမားသော ရှေးဟောင်း နာရီကြီးက ကောင်းကင်မှ ဆင်းသက် လာသည်။ ထိုအရာကား တန်ခိုးရှင် တစ်ယောက်၏ ဓမ္မဖြစ်သည်။ အလွန် အားကောင်းသော မြေဆွဲအား တစ်ခုက ဖြစ်ပေါ်လာကာ ယူချင်းအား လာရောက် ဖိအားပေးသည်။
ရှေးဟောင်း နာရီ၏ စွမ်းအားကို ခံစားမိလျှင် ယူချင်း၏ ခန္ဓာမှ နိုဘယ်ကံစွမ်းအား ဖြာထွက်လာပြီး သူ၏ ပုဆိန်နှင့် လာရောက် ပေါင်းစပ်သည်။ ထို့နောက် သူက ရှေးဟောင်း နာရီအား မိုးလျက် ခုတ်ချလိုက်သည်။ ရှေးဟောင်း နာရီတွင် အက်ကွဲကြောင်း တစ်ခု ဖြစ်သွားကာ နောက်ကို လွင့်စဉ်သွားသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင် ကြိုးတစ်ချောင်းက မြွေတစ်ကောင် အလား ယူချင်းထံသို့ လေ၏ အလျင်ဖြင့် တိုးဝင်လာသည်။ ယူချင်း၏ သူ၏ ပုဆိန်ဖြင့် အဆက်မပြတ် ဝှေ့ယမ်းကာ ကြိုးအား ပိုင်းဖြတ်ရန် ကြိုးစားသော်လည်း ကြိုးက အမှန်ပင် ပိုင်းပြတ်သွားခြင်း မရှိတော့ဘဲ ပုဆိန်က ပြန်ကန်ထွက် လာသည်။
ယူချင်းက ကောင်းကင်တွင် လျင်မြန်စွာ လှည့်ပတ်လာသည်။ သူ၏ ပုဆိန်ကလည်း များစွာသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ရုတ်တရက် ပုဆိန်ဖြင့် လှမ်းပိုင်းလိုက်သည်။ ဤတစ်ကြိမ်တွင်ကား ကြိုးက ပြန်ကန်ခြင်း မရှိတော့ပေ။  သို့သော်လည်း ကြိုးအား ကြည့်ရသည်မှာ မဆုံးနိုင်အောင် ရှည်လျားပုံရပြီး ယူချင်းထံသို့ အဆက်မပြတ် တိုးဝင်လာနေသည်။ တိုက်ကွက်များက ယူချင်းထံသို့ ဆက်တိုက်ပင် ရောက်ရှိ လာနေကြသည်။
ရှေးဟောင်းနာရီက တုန်ခါလျက် ယူချင်းထံ ဆင်းသက်လာသည်။ ထိုမျှသာမက တခြား မှော်တိုက်ကွက် များကလည်း ယူချင်းကို လာရောက် တိုက်ခိုက်သည်။ ဒွန်ဟွာကလန်မှ လူများက ကောင်းကင်တွင် ဝင့်ကြွားစွာ ရပ်လျက် ယူချင်းအား ဝန်းရံကာ တိုက်ခိုက် နေကြသည်။ မြေပြင်တွင် ဂူမင်အား ဒွန်ဟွာကလန်မှ တစ်ယောက်က ပြန်လည် သယ်ယူသွားသည်။
“ဘယ်လောက်တောင် အားကောင်းတဲ့ ကောင်လဲ…..” လူတိုင်းက ကောင်းကင်မှ ယူချင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။ ယူချင်း၏ တိုက်ခိုက်ရေး စွမ်းရည်ကား အလွန် သိသာလှကာ သူ့ထက် တန်ခိုး အဆင့်မြင့်မားသော လူများကိုပင်လျှင် အလွယ်တကူ ရင်ဆိုင်နိုင်သည်။ သူက တန်ခိုး အဆင့်တူချင်း ဆိုပါက ဒွန်ဟွာကလန်မှ မည်သူကမှ သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် ရှေးဟောင်း မြေရိုင်း ဒေသတွင် မှန်တောင်ကုန်း၌ နိုဘယ်ပုံရိပ်လေးခု ဖြစ်အောင် စွမ်းဆောင်နိုင်သူ၏ စွမ်းရည်များကား အမှန်ပင် အကောင်းဆုံးထဲမှ အကောင်းဆုံးသာ ဖြစ်ရပေမည်။
ရီဖူရှင်းက အလွန်အမင်း မပျော်မရွှင် ဖြစ်လာသည်။ ဒွန်ဟွာကလန်က ယူချင်းအား အမှန်ပင် ပူးပေါင်း၍ တိုက်ခိုက်နေကြသည်။ သူတို့က ဂူမင်၏ တန်ခိုး အစွမ်းပျက်စီးခြင်းကို အကြောင်းပြ၍ ယူချင်းအား တိုက်ခိုက် နေကြသည်။
လျိုဖေးယွန်နှင့် လျိုချန်းယွီက ရှေ့ကို တိုးလာကြသည်။ ချင်မုံရိုက သူတို့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်….. “ဒီကိစ္စက ဒွန်ဟွာကလန်နဲ့ ကော့တေးရဲ့ ကိစ္စပဲ…. လျိုနိုင်ငံကလည်း ဝင်ပါမလို့လား…..”
ချင်မုံရိုသာ မဟုတ်ဘဲ ဒွန်ဟွာကန်မှ တခြား အဆင့်မြင့် ဓမ္မတန်ခိုးရှင်များ ကလည်း အခြေအနေကို ကြည့်နေကြဆဲ ဖြစ်သည်။ သူတို့က လျိုဖေးယွန်နှင့် သူ၏ အဖွဲ့အား အေးစက်စွာ ကြည့်လိုက်ကြသည်။
ရီဖူရှင်းက ချင်မုံရိုကို ကြည့်ကာ အလွန်အမင်း အေးစက်သော အမူအရာ ဖြစ်လာသည်။ ဤမတိုင်မီက သူမအား သဘောမကျရုံမျှသာ ဖြစ်သော်လည်း ယခုကား သဘောမကျရုံမျှသာ မဟုတ်တော့ပေ။
“အစ်ကိုငါးကို သွားရှာလိုက်…..” ရီဖူရှင်းက လျိုဖေးယွန်အား ပြောလိုက်သည်။ ဒွန်ဟွာကလန်က ဤကိစ္စကို အကြောင်းပြ၍ သူတို့နှင့် ရင်ဆိုင် လိုက်သည် ဆိုပါက သူနှင့် ယူချင်းက ဤပြဿနာအား ကိုယ်တိုင် ဖြေရှင်း၍ မရတော့ပေ။
ဘေးတွင်ကား တခြား အဆင့်မြင့် ဓမ္မတန်ခိုးရှင်များက အခြေအနေကို ကြည့်နေကြဆဲ ဖြစ်သည်။ ထို့အပြင် သူတို့တွင် လူငယ်မျိုးဆက်၏ အတော်ဆုံး မှော်ဂီတ ပညာရှင်လည်း ရှိနေသည်။
“ကောင်းပြီ….” လျိုဖေးယွန်က ခေါင်းညိတ်ကာ ထိုနေရာမှ လျင်မြန်စွာ ပြေးထွက်သွားသည်။ ကော့တေးမှ တပည့်များက မည်သို့သော သူများ ဖြစ်သည်ကို သူ နားလည်သည်။ ဒွန်ဟွာကလန်က ဤနည်းဖြင့် ဖြေရှင်းသည် ဆိုပါက ပြဿနာက သာမန်လူငယ်များ တိုက်ခိုက်သည်နှင့် ပြေလည် သွားတော့မည် မဟုတ်တော့ပေ။
ဓားသခင်တောင်မှ လူများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့က ကော့တေးနှင့် ဆက်စပ်မှု တချို့ရှိသည်။ သို့သော် ဤနေရာမှာ ရောက်ရှိနေသူများ အားလုံးက လူငယ်များ ဖြစ်ကြကာ မည်သူမှ အလွယ်တကူ ဝင်စွက်ဖက်မည် မဟုတ်ပေ။
ကျောင်းတော်က ပင်လျှင် ဝင်မပါပေ။ ကျောင်းတော်မှ လူများကိုမူကား စုမူဂီနှင့် တန့်ယွီတို့က ဦးဆောင်လာသည်။ သို့သော်လည်း သူတို့က ကော့တေးအား သဘောမကျရာ ရီဖူရှင်းကိုလည်း သဘောမကျပေ။ ထို့ကြောင့် သူတို့က ဘေးမှ ရပ်ကြည့် နေကြသည်။
တခြား အင်အားစုများမူကား ဤကိစ္စများကို ပွဲကြည့်ရုံမျှအပ တခြား အာရုံမရှိပေ။ ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ကော့တေးကြားမှ ပြဿနာများက သူတို့နှင့် သက်ဆိုင်ခြင်း မရှိပေ။
သူတို့က အချိန်ကြာမြင့် လာသည့်တိုင် အနိုင် မယူနိုင်သည်ကို မြင်လျှင် ဒွန်ဟွာကလန်မှ ဓမ္မအဆင့် ခုနစ်ရှိသော သူတစ်ယောက်က ရှေ့ကို တက်လာကာ ယူချင်းအား စတင် တိုက်ခိုက်သည်။ သိသာစွာပင် သူတို့က ယူချင်းအား အနိုင်ယူရန် ကြံရွယ်နေသည်။
ရီဖူရှင်းက မြေကို ဆောင့်ကန်လိုက်လျှင် ချက်ချင်းပင် ကောင်းကင်သို့ ထိုးတက်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော မီးလျှံများ သူ့ကိုယ်မှ ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် သူကား အလွန် ရုန့်ရင်း ကြမ်းတမ်းသော မီးလျှံလူသား ဖြစ်သွားပုံရသည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်တွင် နေမင်းဓမ္မ ဖြစ်ပေါ်လာသည်။ သူ လှုပ်ရှားတိုင်း ပတ်ဝန်းကျင်တွင် မီးလျှံ သစ်ရွက်များ ဖြစ်ပေါ်လာကာ ကခုန်ကြသည်။ သစ်ရွက် ကခုန်ခြင်း မှော်တိုက်ကွက်တွင် အလွန်အမင်း အားကောင်းသော မီးအသိ ပါဝင်နေသာ ယူချင်းထံ ပြေးဝင်လာသော ဓမ္မအဆင့်ခုနစ် တန်ခိုးရှင်ထံသို့ တိုးဝင်သွားသည်။
မီးလျှံသစ်ရွက်များ ကခုန်ခြင်း တိုက်ကွက်ကြောင့် ယူချင်းကို လာရောက် တိုက်ခိုက်သော ထိုလူ၏ တိုက်ကွက်က အားပျော့သွားသည်။ ဒွန်ဟွာကလန်မှ လူများက ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်ကြသည်။ ရီဖူရှင်းက တိုက်ခိုက်မှတော့ ယခု သူတို့ နှစ်ယောက်လုံးကို တိုက်ခိုက်မည် ဖြစ်သည်။ သူတို့ဘက်ကလည်း နောက်ဆုတ်ရန် စိတ်ကူးလုံးဝ မရှိပေ။
လူတိုင်းက ကောင်းကင်ကို ကြည့်လိုက်ကြသည်။ မီးလျှံများဖြင့် လွှမ်းခြုံထားသော ရီဖူရှင်းကား ယူချင်းနှင့်အတူ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည်။ ဒွန်ဟွာလန်က ရီဖူရှင်းအား တိုက်ခိုက်ရန် အဆက်မပြတ် ဖိအားပေးနေသည်။ ယခု သူတို့က ရီဖူရှင်း၏ တကယ့် စွမ်းရည်များကို တွေ့ရတော့မည် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset