Switch Mode

အပိုင်း (၂၃၄)

ဒေါသ

“ ဘန်း….”
ကျယ်လောင်သော အသံနှင့် အတူ ယူချင်းက ရီဖူရှင်း၏ ရှေ့တွင် တည်ငြိမ်စွာ ကျသည်။ သူက ဒွန်ဟွာကလန်မှ လူများအား အထင်သေးစွာ ကြည့်လိုက်သည်။
ဒွန်ဟွာကလန်မှ တန်ခိုးရှင်များက ရှေ့ကို တစ်ယောက်ပြီး တစ်ယောက် လျှောက်လာ ကြသည်။ ယူချင်းနှင့် ပထမက တိုက်ခိုက်ခဲ့သော လူကား အနည်းငယ်မျှသာ နှေးကွေးခဲ့ပါက နှစ်ပိုင်း ပြတ်သွားမည်ကို တွေးကာ ထိတ်လန့်လျက် ရှိသည်။ ယူချင်း၏ တန်ခိုး အဆင့်ကား ဓမ္မအဆင့်လေးမျှသာ ရှိသော်လည်း သူကား ဓမ္မအဆင့်ခြောက် ဖြစ်ပေသည်။
“သူ ဘယ်သူလဲ…” လူတချို့က တိတ်လန့် သွားကြသည်။ ထို့နောက် သူတို့က ရှေးဟောင်း မြေရိုင်း ဒေသတွင် ရီဖူရှင်း၏ နောက်မှ လိုက်ပါလာသော နိုဘယ် ပုံရိပ်လေးခု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်သူ တစ်ယောက်ကို သတိရလာသည်။ သူ၏ နာမည်ကား ယူချင်း ဖြစ်၏။
ရှေးဟောင်း မြေရိုင်း ဒေသတွင် အတော်ဆုံး ပါရမီရှင်များကသာ နိုဘယ် ပုံရိပ်လေးခုကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ယူချင်းအား လူသိပ်မသိကြပေ။ ထိုအရာက ရီဖူရှင်းကြောင့် ဖြစ်သည်။ သူက မှန်တောင်ကုန်းအား မှေးမှိန်စေကာ နောက်ပိုင်း ကော့တေးကို ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ယူချင်းကား လူအများစု၏ အမေ့ခံ ဖြစ်လာသည်။ သို့သော်လည်း လက်ရှိတွင် ရီဖူရှင်းအပြင် ကော့တေးတွင် ယူချင်းလည်း ရှိနေသေးကြောင်း သူတို့ သိလာရသည်။
ယူချင်းဟု ခေါ်သော လူငယ်ကား သူ၏ ပုဆိန်ကို သာမန် ဝှေ့ယမ်းမှုက ဒွန်ဟွာကလန်မှ ဓမ္မအဆင့်ခြောက် တန်ခိုးရှင်အား နှစ်ပိုင်းပြတ်လု နီးပါးပင်။
“ကျုပ်က ကော့တေးက သစ်ခုတ်သမားပဲ…. မင်းက ကျုပ်ကိုတောင် မနိုင်ဘူး…. ကော့တေးရဲ့ တပည့်ကို စိန်ခေါ်ဖို့ အဆင့်ရှိလို့လား…..” ယူချင်းက တစ်ဖက်လူကို ကြည့်ကာ အေးစက်စွာ ပြောသည်…. “စိန်ခေါ်တာက အဆင်ပြေတယ်…. အခု မင်းတို့က မနိုင်တော့ ဝိုင်းပြီး တိုက်ခိုက်ချင်လို့လား….”
ထိုပတ်ဝန်းကျင်မှ လူများ အားလုံးက ဆွံ့အ သွားကြသည်။ ယူချင်းက သူက ကော့တေးမှ သစ်ခုတ်သမားဟု ပြောခဲ့သည်။ ဒွန်ဟွာကလန်မှ ပါရမီရှင်များကား သစ်ခုတ်သမားထက် ပင်လျှင် နိမ့်ကျသည်။ ထို့အတူ ခုနက ယူချင်း ဝှေ့ယမ်းလိုက်သော ပုဆိန်တွင်လည်း မည်သည့် နည်းစနစ်မျှ မပါဘဲ သစ်ခုတ်နေသည်နှင့်သာ တူသည်ကို တွေ့ကြရသည်။
တိုက်ပွဲ၏ အခြားတစ်ဖက်တွင် ရူးသွပ်စွာ တောင့်ခံနေသော ဂူမင်ကား အရှုံးပေးရန် လုံးဝ မလိုလားပေ။ သူက အားကောင်းသော စိတ်အသိကို သုံးလျက် ရီဖူရှင်းထံမှ ဂီတသံစဉ် ဖိအားများကို တောင့်ခံနေသည်။ သို့သော်လည်း သူ၏ စိတ်အင်အားကား နောက်ဆုံးတွင် ပြိုလဲ လာတော့သည်။ သွေးတစ်ပွက် အန်လျက် သူ၏ မျက်နှာက ပြာနှမ်းသွားသည်။
သူက ယိုင်လဲခါနီးတွင် အရှုံးပေးလိုခဲ့သည်။ သို့သော် သူ၏ စိတ်အင်အားက လုံးဝ ပျက်စီး သွားသောအခါ ဂီတသံစဉ်၏ ဧကရာဇ်ဖိအားက သူ့အား အရှုံးပေးခြင်း မရှိဘဲ ခစားစေလိုစိတ်ကို ဖြစ်ပေါ်စေသည်။ သူ၏ ဒူးထောက်သံကား သိပ်မကျယ်လောင် သော်လည်း လူတိုင်းက ထိုအဖြစ်ကြောင့် စိတ်နှလုံး တုန်ခါရသည်။
ယနေ့တွင် ဒွန်ဟွာကလန်ကား လုံးဝ မျက်နှာပျက် ရတော့သည်။
တိုက်ပွဲ နှစ်ခုလုံးတွင် ဒွန်ဟွာကလန်မှ လူများကား တန်ခိုးအဆင့် ပိုမြင့်ကြသည်။ တစ်ယောက်ကား သာမန်ပုဆိန် ဝှေ့ယမ်းချက်တွင် ဒဏ်ရာရသည်။ နောက်တစ်ယောက်ကား ပြိုင်ဘက်၏ ရှေ့မှောက်၌ ဒူးထောက်နေသည်။
“ပြန်ထစမ်း…..” အသံတစ်သံက ဝင်ရောက်လာလျှင် ဂီတသံစဉ်က ပျက်စီးသွားပြီး ဂူမင်အား တုန်ခါသွားစေသည်။ သူက အသိစိတ် ဝင်လာသောအခါ မြေပြင်တွင် ဒူးထောက်နေသော မိမိကိုယ်ကို မြင်ရသည်။ အလွန်အမင်း အရှက်ရသော စိတ်က သူ့ခေါင်းထဲကို တိုးဝင်လာသည်။
ဒွန်ဟွာကလန်မှ ပါရမီရှင် တစ်ယောက် အနေဖြင့် သူက ကု့ချင်း ဖျော်ဖြေပွဲတွင် တခြား ထိပ်သီး အင်အားစုများ၏ ရှေ့မှောက်တွင်ပင် ဒူးထောက်ခဲ့ရသည်။ ဆိုလိုသည်က ယနေ့မှ စ၍ သူကား ထိုအရှက်ရမှုကို ဖယ်ရှားနိုင်တော့မည် မဟုတ်ဟူ၍ ဖြစ်၏။
အနာဂတ်တွင် ဂူမင်က မည်သည့် နေရာကို သွားပါစေ တခြားလူများက သူ့အား ယနေ့တွင် ဒူးထောက်နေသော ဂူမင်အဖြစ် အမှတ်ရကြမည် ဖြစ်သည်။ ဒွန်ဟွာ ကလန်ကလည်း သူ့အား ထုတ်ပယ်ရန် ဖြစ်နိုင်ခြေများ နေသည်။ ဒွန်ဟွာကလန်၏ အရေးအကြီးဆုံး ရည်မှန်းချက်မှာ အရှေ့မြေရိုင်း ဒေသတွင် ကျောင်းတော်နှင့် ကော့တေးအား ကျော်ဖြတ်လျက် နံပါတ်တစ်ကလန် ဖြစ်ရန် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကလန်မှ တစ်ယောက်က ကော့တေး၏ တပည့်ထံတွင် ဒူးထောက်ရသည်ကို လုံးဝ လက်ခံမည် မဟုတ်ပေ။
သံစဉ်မုန်တိုင်းက ပျက်ပြယ်သွားသလို ရီဖူရှင်း၏ ကု့ချင်းဝိညာဉ်လည်း ပျောက်ကွယ် သွားသည်။ ချိန်ရှင်းမူက ရီဖူရှင်းအား ဂီတကို နားမလည်သူဟု သတ်မှတ်ခဲ့သည်။ ယခု သူမည်သို့ ခံစားနေရမည်နည်း။
ရီဖူရှင်းက ခေါင်းမော့လျက် သူ၏ မျက်နှာချင်းဆိုင်မှ ချိန်ရှင်းမူအား ကြည့်လိုက်သည်။ ဂီတသံစဉ်အား နှောင့်ယှက် ဖျက်ဆီး၍ ရသော်လည်း ချိန်ရှင်းမူက သူပြောပြီးသော စကားကို ပြန်မျို၍ မရတော့ပေ။
ချိန်ရှင်းမူ၏ အဆင့်အတန်းဖြင့် သူက ရီဖူရှင်းအား ဂီတကို နားမလည်သူဟု သတ်မှတ် ပြောဆိုခဲ့သည်။ ယခု ရီဖူရှင်းက တမင်ပင် ဂီတကို သုံးလျက် ဒွန်ဟွာကလန်မှ ပါရမီရှင်အား အနိုင်ယူပြခဲ့သည်။
ချိန်ရှင်းမူက ရီဖူရှင်းအား ကြည့်လိုက်သည်။ သို့တိုင်အောင် သူ၏ မျက်လုံးထဲတွင် မည်သည့် ခံစားချက်မှ မတွေ့ရပေ။ ချိန်ရှင်းမူက တည်ငြိမ်အောင် နေနိုင်သော်လည်း ဂူမင်က မနေနိုင်ပေ။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကောင်းကင်တွင် လျှပ်စီးများ ဝင်းလက်လာပြီး ဓားအရှိန်အဝါတစ်ခုက သူ၏ ဒေါသနှင့် အတူ ပေါက်ကွဲထွက်လာသည်။ ဂူမင်၏ အလျင်ကား လျှပ်စီးထက်ပင်လျှင် မြန်ဆန်ပုံ ရသည်။ ထိုအခိုက်တွင် သူ၏ လက်ထဲမှ ပန်းနုရောင် လျှပ်စီးကား များစွာသော အမုန်းတရားများ အရှက်ရသော စိတ်များ ဒေါသများ ပါဝင်နေသည်။
ဤတိုက်ပွဲကား သူ့တွင် ရှိရှိသမျှသော အရာများကို ဆုံးရှုံးစေသည်။
ခေါင်းမော့လျက် ကြည့်လိုက်လျှင် သူမ၏ မျက်လုံးထဲမှ အမုန်းတရားများကို မြင်သောအခါ ရီဖူရှင်းက ဂူမင်၏ ခံစားချက်များကို နားလည်နိုင်သည်။ သို့သော် ဂူမင်က ကော့တေး၏ တပည့်အား အနိုင်ယူလျက် နာမည် ကျော်ကြားရန် စိတ်ကူးသောအခါ ဤကဲ့သို့သော ရလဒ်ကိုလည်း ကြိုတွေးထားကာ ပြင်ဆင်ထားရန် လိုအပ်ပေသည်။
“ဘန်း….”
ကျယ်လောင်သော အသံတစ်ခုကို ကြားကာ အလွန် ကြမ်းတမ်းသော စွမ်းအားတစ်ခု ပေါက်ကွဲ ထွက်လာသည်။ ဂူမင်က ရီဖူရှင်းအား အလွန် လျင်မြန်သော အလျင်ဖြင့် သူ၏ ရှိရှိသမျှသော လျှပ်စီး စွမ်းအားကိုသုံးလျက် ရိုက်နှက် လိုက်သည်ကို မြင်ကြရသည်။
ထိုအခိုက်တွင် ရီဖူရှင်းက အဆင်သင့် မဖြစ်သေး၍ သော်လည်းကောင်း ဂူမင်က ရုတ်တရက် တိုက်ခိုက်၍ သော်လည်းကောင်း လျှပ်စီးရိုက်ချက်က ရီဖူရှင်း၏ ခန္ဓာကိုယ်အား တိုက်ရိုက် လာရောက် ထိမှန်သည်။ ထိုထက်ရှလာသော လျှပ်စီးများက ရီဖူရှင်းအား သေစေနိုင်လောက် ပေသည်။
ထိုအခိုက်တွင် လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားသည်။ ဂူမင်က အရှက်ခွဲ ခံရသည့်တိုင် တစ်ယောက်နှင့် တစ်ယောက် စိန်ခေါ်ကာ တိုက်ခိုက်ခြင်းတွင် ထိုသို့သော အခြေအနေက သာမန်ကိစ္စမျှသာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူကား ပြိုင်ဘက်ထက် အရည်အချင်း နည်း၍ ဖြစ်သည်။ သို့သော် သူသာလျှင် ကော့တေး၏ တပည့်အား သတ်ခဲ့မည် ဆိုပါက အလွန့်အလွန် ပြဿနာ များသွားတော့မည် ဖြစ်သည်။
အမှန်က ဂူမင်က ရီဖူရှင်းအား မသတ်နိုင်ခဲ့ပေ။ သူက ရွေ့လျားသည်နှင့် ရီဖူရှင်းက သတိထားမိပြီး ဖြစ်သည်။ ဂူမင်၏ တိုက်ခိုက်မှုက သူ့ထံကို ရောက်ရှိ လာသောအခါ ရီဖူရှင်း၏ ခန္ဓာကိုယ်ကား အသွေးအသားများဖြင့် ဖန်တီး ထားရမည့်အစား တကယ့် နတ်လူဝံကြီး၏ ခန္ဓာအလား မာကျော နေလေသည်။
ရီဖူရှင်းတွင် စွမ်းရည်များစွာ ရှိသည်။ လွတ်လပ်ခြင်း စွမ်းရည်နှင့် သက်စောင့်ဝိညာဉ် အများအပြားကို ပိုင်ဆိုင်သည့်အပြင် သူက ဧကရာဇ်ရီချင်က သူ့ကို လက်ဆင့်ကမ်းခဲ့သော ခန္ဓာကိုယ် လေ့ကျင့်သည့် နည်းစနစ်ကိုလည်း လေ့ကျင့်သည်။ ထိုခန္ဓာကိုယ် လေ့ကျင့်သည့် နည်းစနစ်ကား သူ၏ ခန္ဓာကိုယ်ကို မယုံကြည်နိုင်ဖွယ် ကောင်းအောင် သန်မာစေသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ ရုပ်ခန္ဓာက မည်မျှ သန်မာသနည်း။ ဂူမင်၏ တိုက်ခိုက်မှုက ရီဖူရှင်းအား ဆံခြည်တစ်မျှင်စာပင် ထိခိုက်စေပုံ မရပေ။
လူတိုင်း၏ မျက်လုံးအောက်တွင် ပန်းနုရောင် လျှပ်စီးက ရီဖူရှင်း၏ ခန္ဓာကိုယ်ကား ထွင်းဖောက် သွားသည်။ သို့သော်လည်း ထိုအခိုက်တွင် ဂူမင်ကား အမှန်ပင် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာသည်။ သူ၏ မျက်လုံး မယုံကြည်နိုင်ခြင်း များစွာဖြင့် ပြည့်နှက်နေသည်။
ရီဖူရှင်း၏ အကြည့်ကား ခံစားချက် ကင်းမဲ့သည်။ သူကား မည်သည့်အရာကိုမှ ဂရုစိုက်ဟန် မရှိပေ။ သူ၏ မျက်လုံးများက ဂူမင်အား ကျောစိမ့်စေသည်။ ထိုအခိုက်တွင်မှ ရီဖူရှင်းက သူ့အား မည်သည့်အခါကမှ ပြိုင်ဘက် တစ်ယောက် အနေဖြင့် မသတ်မှတ်ထားကြောင်း သိလိုက်ရသည်။ သူ၏ အမုန်းတရားနှင့် အရှက်ရမှုက သူ၏ ယုံကြည်မှုမှ လာခြင်းသာ ဖြစ်သည်။
သူကား တိုက်ခိုက်ရေး စွမ်းရည်တွင် အလွန် အားသန်သည်။ သို့သော် သူ၏ တိုက်ခိုက်မှုက ရီဖူရှင်း၏ခန္ဓာကို ထိသောအခါ ရီဖူရှင်းအား အနည်းငယ်မျှပင် ဒဏ်ရာ မရစေခဲ့ပေ။ ဂူမင်၏ ခံစားချက်ကို ခန့်မှန်း၍ ရသည်။
သူ ဘာလုပ်ခဲ့သည်ကို သိလိုက်သော အချိန်တွင် ဂူမင် ကျောချမ်းသွားသည်။ သူကား ကော့တေး တပည့်ကို အလစ်တိုက်ကာ သတ်ရန် ကြိုးစားခဲ့သည်။ စိန်ခေါ်ပွဲကို ရှုံးနိမ့်ခြင်းက သူ့အား ဆုံးရှုံးမှု အများအပြား ဖြစ်စေသည့်တိုင် အကယ်၍ သူက ကော့တေး၏ တပည့်အား သတ်မိပါက သူ၏ ဘဝက မည်သို့ အဆုံးသတ်မည်ကို သူ မတွေးရဲပေ။
ကော့တေးက သူ့အား ခွင့်လွှတ်ပါ့မလား။
ကော့တေးက သူ့အား ရှာတွေ့ရန် အချိန်အထိပင် စောင့်စရာ လိုအပ်မည် မထင်ပေ။
ရီဖူရှင်းထံမှ အလွန်အမင်း အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဂူမင်က နောက်ကို ဆုတ်ရန် ကြိုးစားလိုက်သော အချိန်တွင်ပင် ရီဖူရှင်းက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ အလွန် ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ဂူမင်အဝေးကို လွင့်စဉ်သွား၏။
ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းက ထိတ်လန့် သွားကြသည်။ ရီဖူရှင်းကား အမှန်တကယ်ပင် ဒဏ်ရာမရခဲ့ပေ။ ထိုမျှ အားကောင်းသော ရိုက်ချက်က သူ့ခန္ဓာကိုယ်ကို ထိမိခဲ့ကာ သူ မည်သို့မှ မဖြစ်ခဲ့ပေ။ ရီဖူရှင်းက မည်သို့သော ခုခံအားကောင်းသော စွမ်းရည်ကို လေ့ကျင့်သနည်း။
ယခုကား ဂူမင်အတွက် ကံဆိုးမိုးမှောင် ကျမှုပင်။
ဂူမင်ကား ရီဖူရှင်းထံတွင် အလွယ်တကူ ရှုံးနိမ့်ခဲ့ပြီး မြေပြင်တွင် ဒူးထောက် ခဲ့ရသည်။ ထို့နောက် သူက အလစ်တိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မည်သို့မှ အသုံးမဝင်ပေ။
ထိုအခိုက်တွင် ယူချင်းက အလွန် လျင်မြန်စွာဖြင့် ဂူမင်ထံ လှမ်းသွားသည်။ ခုနက သူ၏ အလစ် တိုက်ခိုက်မှုက ရီဖူရှင်းအား ထိခဲ့သည်။ သူက ရီဖူရှင်းအား သတ်ရန် ကြံစည်သည်လား။
ဂူမင်၏ အလစ် တိုက်ခိုက်မှု မအောင်မြင်ခဲ့သည့်တိုင် ထိုအဖြစ်က ယူချင်းအား အလွန်အမင်း ဒေါသထွက်စေသည်။ ထိုအခိုက်တွင် အလွန် ကြမ်းတမ်းသော အရှိန်အဝါက ယူချင်းထံမှ ထွက်ပေါ်လာလျှင် သူ၏ဒေါသ မည်သည့် အဆင့်တွင် ရှိနေသည်ကို လူတိုင်းက ခန့်မှန်းမိသည်။
ချက်ချင်းပင် ယူချင်းက ဂူမင်၏ရှေ့ကို ရောက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင် အလင်းတစ်ခု သူ၏ လက်တွင် ဖြစ်ပေါ်လာကာ ဂူမင်အား ရိုက်ချရန် ဟန်ပြင်လိုက်သည်။
“မင်း ဘာလုပ်ချင်တာလဲ….” ဂူမင်က ခေါင်းမော့လျက် မေးသည်။ သူက ယူချင်း၏ မျက်လုံးများထဲမှ အရိုင်းဆန်မှုကို ခံစားရဟန် တူသည်။
ယူချင်းက သူ့အား ဘာလုပ် လိုသနည်း။
ဒွန်ဟွာကလန်မှ လူများကလည်း အံ့အားသင့် သွားကြသည်။ သူတို့ အားလုံးက မျက်မှောင်ကြုတ် သွားကြကာ ယူချင်းအား ကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက်က အေးစက်စွာ မေးသည်… “မင်းက ဘာလုပ်ချင်တာလဲ….”
ယူချင်းက သူ့အား လျစ်လျူရှုကာ သူ၏ လက်အား မြှောက်လိုက်သည်။
“ရပ်စမ်း…”
“မင်း လုပ်ရဲလား…”
ဒွန်ဟွာကလန်မှ လူများက ဒေါသတကြီး အော်ဟစ်ကြသည်။ ယူချင်း၏ အားအင်ဖြင့် သူ၏ ရိုက်ချက်က ဂူမင်ကို ထိလျှင် မည်သို့ ဖြစ်မည်ကို လူတိုင်းက သိသည်။
ယူချင်းက ထိုလူများ၏ စကားသံများကို ကြားဟန်မရဘဲ သူ၏ လက်ဝါးအား ဂူမင်၏ ရင်ဘတ်ပေါ်သို့  ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ ဂူမင်၏ နာကျင်စွာ အော်ဟစ်သံနှင့် အရိုးများ ကျိုးအက်သံတို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset