Switch Mode

အပိုင်း (၂၃၃)

အလွန်အကျူး အားကောင်းသော

ကု့ချင်းထံမှ ဂီတသံစဉ်က ထွက်ပေါ်လာသည်။ မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်လျက် ရီဖူရှင်းက ကု့ချင်းအား စတင် တီးခတ်သည်။ သူ၏ သေးသွယ်သော လက်ချောင်းများက ကြိုးများကို ထိခတ်လျှင် သူကား ထိုတစ်နေရာလုံးတွင် သူ တစ်ယောက်တည်း အလား ဖြစ်သွားသည်။ ကု့ချင်းနှင့် သူ၏ အာရုံက တစ်သားတည်း ဖြစ်သွားသည်။ ချက်ချင်းပင် ရီဖူရှင်းက တိုက်ပွဲ အတွင်းသို့ ဝင်ရောက်သွားသည်။
ဂူမင်က အေးစက်သော အမူအရာဖြင့် ရှေ့ကို တက်လာသည်။ သူ၏ ခန္ဓာကိုယ်ကား ချက်ချင်းပင် မဆုံးနိုင်သော ပန်းနုရောင် လျှပ်စီးများ လွှမ်းခြုံလာကာ ကြောက်မက်ဖွယ် အားလှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ် လာနေသည်။ အလွန် အားကောင်းသော အားလှိုင်းများက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးအုပ်သွားကာ လေထု တစ်ခုလုံး ကြောက်မက်ဖွယ် လျှပ်စီး မုန်တိုင်းများ ရိုက်ခတ်လာသည်။ ထိုလျှပ်စီး မုန်တိုင်းထဲတွင် ထိတ်လန့်ဖွယ် လျှပ်စီးဓားများ တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းကား ရင်သပ် ရှုမောဖွယ် ကောင်းလှသည်။
ထိုနေရာမှ လူတိုင်းက ဂူမင်အား ကြည့်လိုက် ကြသည်။ သူကား ဓမ္မအဆင့်ငါးမျှသာ ရှိသေးသော်လည်း သူကား ဒွန်ဟွာကလန်တွင် အလွန် ကျော်ကြားသည်။ ပုံမှန်အားဖြင့် သူကား တိုက်ခိုက်ရေး ပိုင်းတွင် အလွန် အားသန်သည်။ မဟုတ်လျှင် ဒွန်ဟွာကလန်က ရီဖူရှင်းနှင့် တိုက်ခိုက်ရန် သူ့အား စေလွှတ်မည် မဟုတ်ပေ။ ရီဖူရှင်းက သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို မပြသခဲ့သေးလျှင်ပင် ရှေးဟောင်းမြေရိုင်း ဒေသမှ စွမ်းဆောင်ရည်များ အရ သူကား လုံးဝ အားမနည်းပေ။
ဒွန်ဟွာ ကလန်ကား အရှေ့မြေရိုင်း ဒေသတွင် နံပါတ်တစ်ကလန် ဖြစ်ရန် အရိပ်အယောင်များ ပြသနေပြီ ဖြစ်ရာ သူတို့၏ တိုက်ကွက်များက မည်မျှ အားကောင်းမည်ကို ခန့်မှန်း၍ ရသည်။ ကြီးမား ကျယ်ပြန့်သော အားစက်ကွင်းက ထိုနေရာ တစ်ခုလုံးကို လွှမ်းခြုံထားလျှင် ရီဖူရှင်း၏ တည်ရှိမှုက အလွန် သေးငယ် သွားသယောင် ထင်ရသည်။ ဂူမင်၏ နောက်တွင် သူ၏ ဓမ္မအသိ ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးဓားများ ပေါ်ထွက် လာနေသည်။
အားကောင်းသော မာန်သွင်းသံ တစ်ချက်နှင့်အတူ လျှပ်စီး အားအင်များက ကု့ချင်း သံစဉ်များကို ဖုံးလွှမ်းသွားကာ တိုက်ကွက်တစ်ခု ဖြစ်ပေါ်လာသည်။ လျှပ်စီး နတ်ဓားတစ်လက်က ကောင်းကင်မှ ရီဖူရှင်းထံသို့ တိုက်ရိုက် ဆင်းသက်လာသည်။
ထိုအန္တရာယ်များသော တိုက်ခိုက်မှုက ရီဖူရှင်းထံသို့ လျင်မြန်စွာ ဆင်းသက် လာသည့်တိုင် ရီဖူရှင်း၏ လက်ချောင်းများက ကု့ချင်းအား ညင်သာ ချောမွေ့စွာ တီးခတ်နေဆဲ ဖြစ်သည်။ ရုတ်တရက် လျှပ်စီး အက်ကွဲသံတစ်ခု ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် ဂီတသံစဉ်တစ်ခု ဖြစ်ပေါ်လာပြီး ရောက်ရှိလာသော လျှပ်စီးနတ်ဓားနှင့် ရင်ဆိုင်မိကာ လေထုများက အဆက်မပြတ် ပေါက်ကွဲသွားပြီး လျှပ်စီးနတ်ဓားက သဘာဝစွမ်းအင် အပိုင်းအစများ အဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားသည်။
လူတိုင်း၏ မျက်လုံးက အရောင် လင်းလက် သွားသည်။ ရီဖူရှင်း၏ ဂီတသံစဉ်က ထိုပတ်ဝန်းကျင် တစ်ခုလုံးတွင် ဂူမင်၏ လျှပ်စီး စက်ကွင်းအတွင်း ဖိနှိပ်ခံနေရဟန် ရှိသော်လည်း တကယ်တမ်း လျှပ်စီးတိုက်ကွက်က ရီဖူရှင်းထံ ရောက်ရှိ လာသောအခါ ရီဖူရှင်း၏ သာမန် ဂီတင်္ကေတ တစ်ခုတည်းကြောင့်ပင် ပျက်စီး သွားရသည်။
ထိုတိုက်ခိုက်မှု အပြီးတွင် ရီဖူရှင်းက သူ၏ သံစဉ်အား ဖြည်းညင်းစွာ ဆက်လက် တီးခတ်ပြန်သည်။ ဂီတသံစဉ်ကား ညင်သာကာ ပတ်ဝန်းကျင် တစ်ခုလုံးအား ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့လာသည်။
ဂူမင် မျက်မှောင်ကြုတ် လိုက်သည်။  နောက်တစ်ကြိမ် ကောင်းကင်တွင် ပိုမို ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးနတ်ဓား တစ်လက် ဖြစ်ပေါ်လာပြန်ကာ ကောင်းကင်မှတစ်ဆင့် ရီဖူရှင်းထံ ဆင်းသက် လာပြန်သည်။
ရီဖူရှင်းက သူ၏ ခေါင်းအား လုံးဝ မမော့ပေ။ ကု့ချင်းကြိုးကာ တုန်ခါသွားကာ ဂီတ သင်္ကေတတစ်ခု လေထဲ ဖြစ်ပေါ်လာသည်။ တစ်ဖက်လူ၏ တိုက်ကွက်ကာ သူ့ခေါင်းပေါ် ရောက်ရှိလာသည်နှင့် ထိုဂီတသင်္ကေတက ပေါက်ကွဲကာ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမမြင်ရသော ဂီတအားလှိုင်းတွင် သူ၏ နိုဘယ်စိတ်အသိ ရောနှောပါနေကာ ထိုထက်ရှလှသော ဓားအား တိုက်ရိုက် ဖျက်ဆီးပြီး လျှပ်စီးများအား ပျောက်ကွယ် သွားစေသည်။
ရီဖူရှင်း၏ ကိုယ်ဟန် အမူအရာကလည်း တဖြည်းဖြည်း ပြောင်းလဲ လာနေသည်ကို လူတိုင်းက သတိထားမိကြသည်။ ဂီတသံစဉ်က ပတ်ဝန်းကျင်ကို ဖြန့်ကြက်ထားလျှင် သူကား နိုဘယ် တစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ ရသည်။ ဤမတိုင်မီက သေးငယ်သော သူ၏ ဖြစ်တည်မှုက ယခုကား တုန်လှုပ်ခြင်း ကင်းမဲ့သော နိုဘယ်တစ်ယောက် ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဂီတ မုန်တိုင်းကလည်း ပိုမို၍ အားကောင်း လာကာ ဂူမင်အား ရစ်ပတ် လွှမ်းခြုံ လာနေသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ စိတ်ဝိညာဉ် အားလဲ…..” လူတိုင်းက တစ်စုံတစ်ခုကို ခံစားမိဟန် တူသည်။ ထိုအခိုက်တွင် ဂူမင်၏ ပတ်ဝန်းကျင် တစ်ခုလုံးကို ကြောက်မက်ဖွယ် သံစဉ် မုန်တိုင်းများ ဝါးမျိုထားပြီး ဖြစ်သည်။
ချင်မုံရိုက စေတီငယ်လေးထဲမှ ထွက်လာသည်။ သူမကား သိမ်မွေ့ကာ ညင်သာသည်။ ထိုအခိုက်တွင် သူမက ရီဖူရှင်းအား စိုက်ကြည့်နေသည်။ သူ၏ ဂီတကား အလွန် သန့်စင်သည်။ မည်သူမှ သူ၏ သံစဉ်အား ဖျက်ဆီးနိုင်စွမ်း ရှိပုံမရပေ။
သူက ကု့ချင်းကို ထိလိုက်သော အချိန်တွင်ပင် ရီဖူရှင်းက ဂီတနှင့် ပေါင်းစပ် သွားပုံရသည်။ ဂူမင်ကလည်း ကြောက်မက်ဖွယ် ကောင်းသော ဂီတ သံစဉ်အားလှိုင်းက ပတ်ဝန်းကျင် တစ်ခုလုံးကို ပြည့်နှက် လာသည်ကို ခံစားမိသည်။
မှော်ဂီတပညာကား စိတ်ဝိညာဉ် စွမ်းအင် အမျိုးအစားထဲတွင် ပါဝင်သည်။ သူတို့အား စိတ်ဝိညာဉ် တိုက်ခိုက်မှုတွင် အလွန် အားကောင်း ကြသည်။ ပုံမှန်အားဖြင့် ဂူမင်က တိုက်ပွဲအား တာရှည်စွာ တိုက်ခိုက်၍ မရသည်ကို နားလည်သည်။
သူ့ခန္ဓာကိုယ်မှ အားကောင်းသော နိုဘယ် ကံစွမ်းအား ပေါက်ကွဲထွက် လာသည်။ ဒွန်ဟွာကလန်က သူ့အား ရီဖူရှင်းနှင့် ယှဉ်ပြိုင်ရန် စေလွှတ်မှတော့ သူ့တွင် နိုဘယ်ကံစွမ်းအား ရှိနေရမည် ဖြစ်သည်။ ရီဖူရှင်းတွင်ကား အဆင့်မြင့် နိုဘယ်ကံစွမ်းအား ရှိသည်။ ထို့ကြောင့် သူ၏ ပြိုင်ဘက်က သူ့ထက် တန်ခိုး အဆင့်မြင့်ပြီး နိုဘယ် ကံစွမ်းအား မရှိပါက ရီဖူရှင်းက အလွယ်တကူ အနိုင်ယူနိုင်သည်။
ထိုအခိုက်တွင် ဂူမင်၏ အရှိန်အဝါက ပိုမို အားကောင်း လာသည်။ သူ၏ ဓမ္မမုန်တိုင်းထဲတွင် ပန်းနုရောင် နိုဘယ် လျှပ်စီးဓားတစ်လက် မွေးဖွားလာသည်။ ချက်ချင်းပင် လျှပ်စီး အက်ကွဲသံ တစ်ချက်နှင့်အတူ လေဟာနယ်အား ခွင်းလျက် လျှပ်စီးဓားက ရီဖူရှင်းထံသို့ ကြောက်မက်ဖွယ် အလျင်ဖြင့် ဆင်းသက် လာသည်။
ရီဖူရှင်းက ထိုဓားအား သတိထားမိပုံ မရပေ။ သူက ကု့ချင်း ကြိုးများအား တီးခတ်လိုက်လျှင် သံစဉ် အားလှိုင်း တစ်ခုက လျှပ်စီးဓားထံသို့ ပြေးဝင်သွားသည်။ ချက်ချင်းပင် လျှပ်စီးဓား ပျက်စီး သွားသည်။
ဂူမင်၏ အမူအရာ ထပ်မံ ပြောင်းလဲ သွားသည်။ သူ၏ ဓမ္မအသိမှ ပိုမိုအားကောင်းသော လျှပ်စီးဓားတစ်လက် ဖြစ်ပေါ် လာပြန်သည်။ သို့သော်လည်း သူ၏ ဓားပေါ်လာသည်နှင့် ချက်ချင်းပင် ထိတ်လန့်ဖွယ် သံစဉ်မုန်တိုင်း တစ်ခုက သူ့ထံသို့ ဆင်းသက် လာသည်။ ထို့နောက်တွင် အလွန် ဆိုးရွားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဂူမင်က တိုက်ကွက်ဖော်ရန် ကြံလိုက်တိုင်း ထိုအရာက ချက်ချင်းပင် ဖျက်ဆီး ခံရခြင်းပင်။
ပို၍ ကြောက်စရာ ကောင်းသည်ကား ဂီတသံစဉ်က ပိုမို၍ သိပ်သည်းလာကာ ဂူမင်၏ ဓမ္မထံသို့ တိုးဝင် လာနေခြင်းပင်။ ဂူမင်က သူ၏ ဓမ္မက ပြိုလဲတော့မည့်အပြင် သူ၏ သက်စောင့် ဝိညာဉ်က တုန်ခါ လာနေသည်ကို ခံစားရသည်။
ဂီတက လူတိုင်း၏ နားထဲကို ဝင်ရောက်လာသည်။ သူတို့ ခံစားနေရသည်ကား ရီဖူရှင်းက နိုဘယ် တစ်ယောက် မျှသာ မဟုတ်တော့ဘဲ ဧကရာဇ်တစ်ပါး၊ ဘုရင်ငယ်တစ်ပါး အဖြစ် ပြောင်းလဲ သွားသည်ဟုပင်။ သူက ထိုနေရာမှ ထိုင်လျှင် အရာအားလုံးကို ငုံ့ကြည့် နေပုံရသည်။
ဂူမင်ခံစားနေရသော အနုပညာ ရသသိအား ထို့ထက် ပိုမို၍ ပြင်းထန်အား ကောင်းသည်။ အနုပညာ ရသသိအပြင် အလွန်ရန်လိုသော မှော်တိုက်ကွက် များကလည်း သံစဉ် မုန်တိုင်းထဲတွင် ပြည့်နှက်နေကာ သူ့အား အချိန်မရွေး ဖျက်ဆီး တော့မည်ကဲ့သို့ ဂူမင် ခံစားနေရသည်။ သူက သဘာဝ စွမ်းအင်များကို စုစည်းရန် ကြံရွယ်လိုက်တိုင်း ထိုအရာက ချက်ချင်း ဖျက်ဆီးခံရသည်။
ဂူမင်၏ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များက တဖြည်းဖြည်း အားနည်း လာသည်ကို လူတိုင်းက မြင်သည်။ သူ၏ ဓမ္မပင်လျှင် ဖိအားများ အောက်တွင် ပိုမို အားနည်း လာသည်။
ထိုအခိုက်တွင် အလွန်အမင်း အားကောင်းသော ဂူမင်ကား တဖြည်းဖြည်း ခံနိုင်ရည်အား မဲ့လာကာ အချိန်မရွေး ပြိုလဲတော့မည ်ကဲ့သို့ ဖြစ်လာသည်။
တခြား တစ်ဖက်တွင်ကား ရီဖူရှင်းက ကု့ချင်းကို ဆက်လက် တီးခတ်နေဆဲ ဖြစ်သည်။ သူက တိတ်ဆိတ်စွာ တီးခတ်နေကာ တိုက်ခိုက် နေသည်နှင့်ပင် မတူပေ။
ဂီတသံစဉ်က ဆက်လက် ဖြစ်ပေါ်နေကာ ဧကရာဇ် အရှိန်အဝါဖြင့် တီးခတ်နေသော သူ့ထံမှ လူတိုင်းအား ဦးခိုက် ခစားစေလိုသော ဆွဲဆောင်အားများ ဖြစ်ပေါ် လာနေသည်။
ဂူမင်၏ နဖူးမှ ချွေးစေးများ ပြန်လာသည်။ သူ၏ တစ်ကိုယ်လုံးအား သံစဉ်မုန်တိုင်းက ဖိနှိပ်ထားကာ သူ၏ စိတ်အင်အား ကလည်း ပြိုလဲတော့မည် ကဲ့သို့ ဖြစ်နေလေပြီ။
“သူရှုံးနေပြီ….” လူတိုင်း၏ မျက်လုံးများက အရောင်များ လက်သွားသည်။
သိသာစွာပင် ဂူမင်ကား ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ အစကနေ အဆုံးအထိ ရီဖူရှင်းက လုံးဝ တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူကား သံစဉ်ကိုသာ တီးခတ် နေခဲ့သည်။
သို့သော်လည်း ဂူမင်ကား ခံနိုင်ရည်အား မဲ့နေပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကား တုန်ခါနေသည်။ သူကား မြေပြင်ပေါ်သို့ အချိန်မရွေး ဒူးထောက် ကျသွားနိုင်သည်။
ချင်ဘုရင်၏ မြေးက ရီဖူရှင်းက သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို တစ်ခါမှ ပြသခဲ့ခြင်း မရှိဟု ပြောခဲ့သည်။ သို့သော် ရှေးဟောင်း မြေရိုင်း ဒေသမှ ရီဖူရှင်း၏ စွမ်းဆောင်ရည်များ အရ သူက မည်သို့ အားနည်း မည်နည်း။
ဒွန်ဟွာကလန်က ထိုအရာကို စမ်းသပ်လိုသည်။ ဂူမင်က ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့သည်။ သို့သော် သူတို့က ရီဖူရှင်း၏ စွမ်းရည် မည်မျှအထိ တွေ့မြင် ခဲ့ရသနည်း။ မည်သူမှ မသိပေ။ သူက သူ၏ ဂီတ စွမ်းရည်ကိုသာ ပြသခဲ့ခြင်း ဖြစ်သည်။
ဂူမင်၏ ပါးစပ်မှ မာန်သွင်းသံ တစ်ချက် ထွက်ပေါ်လာသည်။
“ရပ်စမ်း….”
သူ ခြေထောက်များကား အနည်းငယ် ကွေးညွတ် လာပြီ ဖြစ်သည်။ ရီဖူရှင်းက သူ့အား သတ်လိုပါက မူလကတည်းက သတ်လိုက်ပြီ ဖြစ်သည်ကို သိသည်။ သို့သော် ဒွန်ဟွာကလန်၏ တပည့်အား ရီဖူရှင်းက သတ်မည် မဟုတ်ပေ။ ထို့ကြောင့် ရီဖူရှင်းက ဤနည်းဖြင့် သူ့အား အရှက်ခွဲလိုသည်။
ထိုသို့သော အရှက်ရမှုကို ဂူမင်က မည်သို့ သည်းခံ နိုင်မည်နည်း။
“ကျုပ်က ဂီတနဲ့ ပတ်သက်ပြီး မသိဘူး…. ဘာလို့ မင်းက ကျုပ်ကို ရပ်ခိုင်းချင်ရတာလဲ….” ရီဖူရှင်းက မရပ်တန့်ဘဲ ခံစားချက်မဲ့သော လေသံဖြင့် ပြောသည်။ မူလက သူကား တိုက်ခိုက်ရန် စိတ်မဝင်စားပေ။ သို့သော် သူတို့က အလွန် တွန်းအား ပေးနေသည်။ ဤသို့ဆိုလျှင် သူက တိုက်ခိုက်ရန် သဘောတူလိုက်သည်။ ယခု ဂူမင်က ရှုံးပြီးဖြစ်ကာ အရှုံးပေးကြောင်း ဝန်မခံသေးပေ။ ထိုစကား တစ်ခွန်းမျှဖြင့် ရီဖူရှင်းအား ရပ်တန့်ရန် သူ မျှော်လင့်သလော။
ဂူမင်က ကော့တေးအား ရီဖူရှင်းကို အနိုင်ယူလျက် နှိမ့်ချချင်သည် ဆိုမှတော့ ပုံမှန်အားဖြင့် သူကလည်း အရှက်ခွဲခံရရန် ပြင်ဆင် ထားသင့်ပေသည်။
ပတ်ဝန်းကျင်မှ လူတိုင်းကလည်း စိတ်ဝင်စား သွားကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူက ဂီတကို နားမလည်ဟု ပြောလိုက်သည်။ ထိုစကားက ဒွန်ဟွာကလန်မှ လူများအား ပါးရိုက် လိုက်သလို ခံစားရစေသည်။
ဒွန်ဟွာကလန်မှ အကောင်းဆုံး လူငယ် ဂီတပညာရှင်က ရီဖူရှင်းက ဂီတနှင့် ပတ်သက်၍ နားမလည်ဟု မှတ်ချက်ပေးသည်။ ယခု ဒွန်ဟွာကလန်မှ တပည့် တစ်ယောက်က ရီဖူရှင်း၏ ဂီတသံစဉ် အောက်တွင် ကျရှုံးနေလေပြီ။
“မင်း လုပ်ရဲသလား….” ဂူမင်က အရှက်ခွဲ ခံရတော့မည်ကို မြင်လျှင် ဒွန်ဟွာကလန်မှ တစ်ယောက်က ရှေ့ကို ထွက်လာသည်။ သူကား ဂူမင်၏ ရင်းနှီးရသော မိတ်ဆွေ တစ်ယောက် ဖြစ်ကာ ဓမ္မအဆင့် ခြောက်တွင် ရှိပြီး အလွန် သန်စွမ်းသည်။ အကယ်၍ ဂူမင်သာ ဒူးထောက်ခဲ့ရလျှင် ဒွန်ဟွာကလန်ကား နောင်တွင် အရှက်ကွဲတော့မည် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက်ပင် ရီဖူရှင်းထံသို့ ပြေးဝင်လာကာ သူ၏ ခန္ဓာကိုယ်မှလည်း ရွှေရောင် အလင်းများ ဖြာထွက် လာသည်။
လျိုဖေးယွန် မျက်မှောင်ကြုတ် သွားသည်။ ဤယှဉ်ပြိုင်မှုက စိန်ခေါ်ပွဲတစ်ခု ဖြစ်ရာ ဂူမင်ကလည်း အရှုံးပေးခြင်း မရှိသေးရာ ရီဖူရှင်းက အဘယ်ကြောင့် ရပ်တန့်ရမည်နည်း။ ယခု ဒွန်ဟွာကလန်က နောက်တစ်ယောက်က အမှန်ပင် ဝင်ရောက် တိုက်ခိုက်နေသည်။ ထို့အပြင် ဒွန်ဟွာကလန်မှ တခြားလူများကလည်း သူ့အား ရပ်တန့်မည့်ပုံ မရှိပေ။
လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ဒွန်ဟွာကလန်က စတင် စိန်ခေါ်ခြင်း ဖြစ်ပြီး ယခု သူတို့က အထိန်းအကွပ် မဲ့နေသည်။
လျိုဖေးယွန်နှင့် လျိုချန်းယွီ၏ ဘေးမှ ယူချင်းက ရှေ့ကို ထွက်လာသည်။ သူ၏ နောက်ကျောမှ နတ်ဆိုး၏ အတောင်ပံများ ထွက်ပေါ်လာကာ ကောင်းကင်သို့ ခုန်တက် လိုက်သည်။ ပုဆိန် တစ်လက်အား ကိုင်ဆောင်လျက် သူက ရီဖူရှင်း၏ ရှေ့တွင် လျင်မြန်စွာ ဆင်းသက် လာသည်။
ထိုအခိုက်တွင်ပင် သူ၏ ခန္ဓာကိုယ်ကြီးက နတ်ဆိုး တစ်ကောင်အလား ပြောင်းလဲ သွားသည်။
ဒွန်ဟွာကလန်မှ တန်ခိုးရှင်က နှာခေါင်းတစ်ချက်ရှုံ့ကာ လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်သည်။ သူကား သိုင်းပညာတွင် အလွန် ထူးချွန်ကာ သူ၏ တိုက်ခိုက်ရေး စွမ်းအင်ကလည်း ထိတ်လန့်ဖွယ် ကောင်းသည်။ သူက လက်ဝါးရိုက်ချက်က အလွန် အားကောင်းသော ရွှေရောင် စွမ်းအင်များ ရောနှော ပါဝင်နေကာ လေဟာနယ်ကို ခွင်းလျက် ယူချင်းထံ ရောက်လာသည်။
ကြောက်မက်ဖွယ် ကောင်းသော အလင်းတစ်ချက်က ယူချင်း၏ အတောင်ပံများက လင်းလက်သွားပြီး သူ၏ လက်ထဲမှ ပုဆိန်က လေထဲတွင် ကြောက်မက်ဖွယ် အလျင်ဖြင့် လှည့်ပတ်နေသည်။ ကောင်းကင်တွင် ပုဆိန်၏ ပုံရိပ်များက လက်ဝါးရိုက်ချက် အားလှိုင်းကို တဖြည်းဖြည်း တိုက်ဖြတ် သွားသည်ကို မြင်နေရသည်။
“သူက တိုက်ခိုက် နေတာလား… သစ်ခုတ် နေတာလား….” တခြား လူများက ယူချင်း၏ တိုက်ခိုက်မှုကို မြင်လျှင် သူတို့၏ မျက်နှာများတွင် ထူးခြားသော အမူအရာများ ဖြစ်ပေါ်လာသည်။
ယူချင်း၏ ပုဆိန်က သစ်များကို ခုတ်ဖြတ် သွားသလိုပင် ဒွန်ဟွာကလန်မှ လူ၏ လက်ဝါးရိုက်ချက်ကို အပိုင်းပိုင်း ဖြစ်အောင် ဖြတ်တောက်ပြီး နောက်ဆုံး ပုဆိန်က သူ့ရင်ဘတ်သို့ အထိ ရောက်လာသည်။ ထို့နောက် ဖြတ်တောက်သံ တစ်ချက် ကြားလိုက်ရကာ ဒွန်ဟွာကလန်မှ လူက နောက်ကို လျင်မြန်စွာ ဆုတ်လိုက်သည်။ သူ၏ ရင်ဘတ်တွင် သွေးစီးကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ သူကား ယူချင်း၏ ပုဆိန်အောက်တွင် နှစ်ပိုင်း ဖြစ်လုနီးပါးပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset