ချိန်ရှင်းမူ ရောက်ရှိ လာပြီးနောက် သူက ဒွန်ဟွာကလန်မှ လူများ ရှိနေရာသို့ လျှောက်သွားသည်။ လူအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်လိုက်ကာ သူက စေတီလေးထဲမှ မိန်မပျိုအား ကြည့်လိုက်သည်။ ထိုအခိုက်တွင် စေတီငယ်လေးထဲမှ မိန်းမပျိုကား အလွန် ချောမော လှပသည်။ သူမ၏ သေးသွယ်သော ခန္ဓာက ကု့ချင်းရှေ့တွင် တည်ငြိမ် အေးဆေးစွာ ထိုင်လျက် ရှိနေသည်။ ထိုစဉ်မှာပင် ကု့ချင်ကြိုးများက စတင် လှုပ်ခတ်လာကာ သံစဉ်များ ထွက်ပေါ် လာသည်။
ဂီတသံစဉ်တွင်ကား အလွန် ထူးခြား ကောင်းမွန်သော အနုပညာ ရသသိ ပါဝင်ကာ ထိုအရာက ချင်မုံရိုအား ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါများကို ဖြစ်ပေါ်စေသည်။ သူမက ကု့ချင်းကို တီးခတ်လျှင် သူမ၏ ခန္ဓာက နေရောင်ခြည် နွေးနွေးအောက်တွင် လေတဖြူးဖြူး တိုက်ခတ်နေပြီး လင်းလက်ကာ သိမ်မွေ့ ငြိမ်သက်သော ခံစားချက်ကို ပေးသည်။
ထိုအရာကား အလွန် လွယ်ကူသော ဂီတသံစဉ် တစ်ခုဖြစ်သည်။ သံစဉ်များက ငြိမ်သက် တိတ်ဆိတ်ကာ လှပသော မြင်ကွင်းအား တည်ငြိမ် အေးချမ်းမှုကို ပေးသည်။ ဂီတသံစဉ် ကဲ့သို့ပင် သူမ၏ ကိုယ်ဟန် အမူအရာ ကလည်း သိမ်မွေ့ကာ တည်ငြိမ် အေးချမ်းသည်။
ဂီတသံစဉ်က ထူးထူးခြားခြား သိပ်မရှိ လှသော်လည်း လူတိုင်းက သာယာမှုကို ခံစားကြရ၏။
ထိုအခိုက်တွင် ဒွန်ဟွာကလန်၏ နေရာမှ ချိန်ရှင်းမူ၏ လက်ထဲတွင် အစိမ်းရောင် ပစ္စည်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာကား ဝါးပလွေတစ်ခု ဖြစ်၏။ ချိန်ရှင်းမူ၏ သူ၏ဝါးပလွေအား နှုတ်ခမ်းတွင် တေ့ကာ ဖြည်းညင်းစွာ မှုတ်လိုက်သည်။
ပလွေသံက ကု့ချင်း၏ ဂီတသံစဉ်အား လိုက်ပါ စီးမျော သွားသော်လည်း မူလသံစဉ်၏ အနုပညာ ရသသိကား ပျက်စီးသွားခြင်း မရှိပေ။ ထိုအစား ပလွေသံက ကု့ချင်းသံစဉ်နှင့် လိုက်လျောညီထွေ ရှိနေသည်။ နောက်ထပ် အနုပညာရသသိ တစ်ခု ဖြစ်ပေါ်လာကာ သဘာဝမြင်ကွင်း တစ်ခုအား ဖော်ကျူး၏။ ညင်သာသော လေညင်းက တိုက်ခတ်သော အချိန်တွင် သစ်ရွက်များ တဖြုတ်ဖြုတ် ကြွေလျက် ရှိသည်။ လူတိုင်း၏ စိတ်အာရုံတွင် ခံစားနေရသည်ကား နေရောင်နှင့် လေညင်းများသာ မဟုတ်တော့ဘဲ သူတို့က လိပ်ပြာများနှင့် သမင်ငယ်များ ပျံသန်း ပြေးလွှား နေသည်ကိုလည်း တွေ့ရ၏။
ရုတ်တရက် ကု့ချင်း၏ သံစဉ်က ပြောင်းလဲသွားသည်။ ထိုအရာကား မူလကကဲ့သို့ အေးချမ်းကာ ကြည်နူးဖွယ် မကောင်းတော့ပေ။ ထိုအစား လျင်မြန်ကာ ထက်ရှလာသည်။ ထိုအခိုက်တွင်ပင် ချင်မုံရိုကား ဓားတစ်လက်ကို ကိုင်ဆောင်ထားသော မင်းသမီးတစ်လက် ဖြစ်သွားသည်။ သူမကား စစ်မြေပြင်တွင် စစ်သည်များစွာကို ဦးဆောင် တိုက်ခိုက်နေသော ရုန့်ရင်း ကြမ်းတမ်းသော မိန်းမ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာ၏။
ပလွေ၏ သံစဉ်ကလည်း လိုက်ပါ ပြောင်းလဲသည်။ သူ့သံစဉ်ကလည်း အားကျမခံ ထက်ရှလာသည်။ သူကား စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းသော မြင်းစစ်သည်အလား ဖြစ်လာသည်။
ကု့ချင်းနှင့် ပလွေတို့၏ သံစဉ်များက အဆက်မပြတ် ပြောင်းလဲနေကာ သံစဉ်များမှ ဖြစ်ပေါ်လာသော အနုပညာ ရသသိများမှာလည်း ပိုမို၍ ဝေဝါးလာသည်။ အစပိုင်းတွင် သူတို့က ဂီတသံစဉ်မှ အနုပညာ ရသသိများကို အားကောင်းစွာ ခံစားရသည်။ နောက်ပိုင်းတွင် သူတို့၏ စိတ်အာရုံထဲတွင် မည်သည့် ရုပ်ပုံများမှ မဖြစ်ပေါ် လာတော့ပေ။ ပုံမှန်အားဖြင့် သူတို့က ချင်မုံရိုနှင့် ချိန်ရှင်းမူတို့၏ ဂီတပညာရပ်များကို သံသယ မရှိပေ။ ဖြစ်နိုင်သည်က သူတို့၏ သံစဉ်များက အလွန်အမင်း လိုက်လျောညီထွေ ရှိလှရာ သူတို့က ဂီတသံစဉ်များထဲမှ အနုပညာ ရသသိများကို ပင်လျှင် မခံစားရတော့သည်လည်း ဖြစ်နိုင်၏။
အစကနေ အဆုံးအထိ ရီဖူရှင်းကား တိတ်ဆိတ်စွာ နားထောင်နေသည်။ ဂီတသံစဉ် နှစ်ခုက လိုက်လျော ညီထွေစွာ တီးခတ်နေခြင်းက အမှန်ပင် နားထောင်၍ ကောင်းသည်။ သို့သော် အရသာရှိသော ဟင်းခွက်ထဲတွင် ယင်ကောင် တစ်ကောင် ပါလာသည်က သာလျှင် ပြဿနာတစ်ခု ဖြစ်သည်။
နောက်ဆုံးတွင် ကု့ချင်းနှင့် ပလွေသံစဉ်က တဖြည်းဖြည်း ရပ်တန့်သွားသည်။ ထိုနေရာ တစ်ခုလုံးကား တိတ်ဆိတ်နေမြဲ ဖြစ်ကာ ဤမတိုင်မီက အနုပညာ ရသသိထဲတွင် နစ်မျောနေကြဆဲ ဖြစ်ဟန်ရသည်။
လူတိုင်းက ခေါင်းမော့လျက် ချင်မုံရိုကို ကြည့်လိုက် ကြသည်။ တစ်ယောက်က အံ့အားသင့်မှုကို မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်သည်….. “မင်းသမီးရဲ့ ဂီတသံစဉ်က အရမ်း ဆွဲဆောင်မှု ရှိတာပဲ…..”
“ဂီတသံစဉ်မှာ အလွယ်တကူ ပြောင်းလဲ သွားနိုင်တဲ့ ကွဲပြားခြားနားတဲ့ အနုပညာ ရသသိတွေ အများကြီး ပါနေတယ်…..”
“ချိန်ရှင်းမူက ကု့ချင်းရဲ့ သံစဉ်နဲ့ လုံးဝ လိုက်လျော ညီထွေရှိအောင် တီးခတ်နိုင်တယ်…. သူက အရှေ့မြေရိုင်း ဒေသရဲ့ လူငယ် မျိုးဆက်ထဲမှာ အတော်ဆုံး မှော်ဂီတပညာရှင် အဖြစ် သတ်မှတ်လို့ ရတယ်…..” ဘုန်းတော်ကြီး တစ်ပါးက ချီးမြှောက်လိုက်သည်။ သူကား ချင်းရွှီ ဘုရားကျောင်းမှ ဖြစ်၏။ ချိန်ရှင်းမူက လူငယ် မျိုးဆက်ထဲတွင် အထူးချွန်ဆုံး ဂီတပညာရှင် အဖြစ် သတ်မှတ် ခံထားရသည့်တိုင် ဤနေရာတွင် သူ့အား မည်သူမှ တကူးတက ချီးမြှောက်ကာ မျက်နှာ လုပ်နေစရာ မလိုပေ။ ဤနေရာကို ရောက်ရှိ နေသူတိုင်းက ထိပ်သီး အင်အားစုများမှ ဖြစ်ကြသည်။ သို့တိုင်အောင် သူကား အမှန်ပင် ထူးချွန်ကာ ချီးမြှောက်မှုများနှင့် ထိုက်တန် ပေသည်။
ဂီတက ကောင်းမွန်သည်ဟု ရီဖူရှင်းကလည်း ပုံမှန်အားဖြင့် တွေးသည်။ ချင်းရွှီ ဘုရားကျောင်းမှ ဘုန်းကြီး၏ စကားက မှန်ကန်ပေသည်။ ကောင်းမွန်သော ဂီတသံစဉ်ကို တီးခတ်ရန်ကား မခက်ခဲပေ။ ခက်ခဲသော အပိုင်းကား ချိန်ရှင်းမူက ချင်မုံရို၏ သံစဉ် ကာရန်နှင့် အမြဲ လိုက်လျော ညီထွေ ဖြစ်အောင် တီးခတ်ခဲ့ကာ လုံးဝ တိမ်းစောင်းခြင်း မရှိခဲ့ပေ။ ကု့ချင်းနှင့် ပလွေသံစဉ်က မူလကတည်းက သံစဉ် တစ်ခုတည်းကဲ့သို့ ပြီးပြည့်စုံတွင် ပေါင်းစပ်နိုင်သည်။ ထိုအရာကား အခက်ဆုံး အပိုင်း ဖြစ်သည်။
ရီဖူရှင်းက ကု့ချင်းအား တီးခတ်နိုင် သော်လည်း သူကား နောက်တစ်ယောက်နှင့် ပူးပေါင်း တီးခတ်နိုင်စွမ်း မရှိသေးကြောင်း ဝန်ခံရပေမည်။ ထို အရည်အချင်းက ဂီတတွင် အလွန် နက်ရှိုင်းစွာ သိနားလည်ရန် လိုအပ်ပေသည်။
ကျော်ကြားသောသူ ဖြစ်ရကား သူ့တွင် အမှန်ပင် စွမ်းရည်ရှိသည်။ ချိန်ရှင်းမူက အရှေ့မြေရိုင်း ဒေသ၏ လူငယ် မျိုးဆက်ထဲတွင် အတော်ဆုံး ဂီတပညာရှင်ဟု သတ်မှတ်ထားရာ သူ့တွင် အမှန်ပင် စွမ်းရည် ရှိပေသည်။
ချင်မုံရိုက ခေါင်းမော့လျက် ချိန်ရှင်းမူကို ကြည့်လျက် အသာအယာ ခေါင်းညိတ်သည်။ သူမ၏ မျက်လုံးများက ညင်သာသော အပြုံးများနှင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်၏ အလှကိုပင်လျှင် မှေးမိန် သွားစေသည်။
“မင်းသမီးနဲ့ အတူ တီးခတ်ခွင့်ရတာ ပျော်ရွှင်စရာ ကိစ္စပါ…..” ချိန်ရှင်းမူက ဦးညွှတ်လျက် ပြောသည်။ သူ၏ လေသံကား တည်ငြိမ်ကာ လူကြီး လူကောင်း ဆန်သည်။
“အခု အဖြစ်အပျက်က နောက်ဆို ပုံပြင်တစ်ပုဒ် ဖြစ်လာမလား မသိဘူး….” ဒွန်ဟွာကလန်မှ တစ်ယောက်က ရယ်မောလျက် ပြောသည်။
လူတိုင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ သူတို့အားလုံးက ထူးခြားသော ခံစားချက်ကို ရနေသည်။ ဒွန်ဟွာကလန်မှ လူပြောသလိုပင် ယနေ့ အဖြစ်အပျက်အား ထိပ်သီး အင်အားစုတိုင်းမှ လူများက မြင်တွေ့ကြပြီး ဖြစ်သည်။ ချင်ပြည်ထောင်မှ မင်းသမီးကား အလွန်အမင်း ချောမောလှပကာ ကု့ချင်းကို တီးခတ်ရာတွင် ပြိုင်ဘက် ကင်းသလို ဒွန်ဟွာကလန်မှ ချိန်ရှင်းမိုကလည်း သူ၏ ပလွေဖြင့် ချင်မုံရို၏ ကု့ချင်းနှင့် လိုက်လျော ညီထွေစွာ တီးမှုတ်နိုင်ခဲ့သည်။ ထိုအရာက အမှန်ပင် ကောင်းမွန်သော ပုံပြင်တစ်ပုဒ် ဖြစ်သည်။
“ကျွန်မက ကောင်းကောင်း မတီးခတ်နိုင်ခဲ့ရင် ကျွန်မကို မရယ်ကြပါနဲ့…. အားနည်းချက် ရှိရင်လည်း ရှင်တို့က ကျွန်မကို ဝေဖန် ထောက်ပြလို့ ရပါတယ်….” ချင်မုံရိုက လူတိုင်းကို ပြုံးလျက် ပြောသည်။ သူမကား အထက်တန်းကျကာ သိမ်မွေ့သလို နှိမ့်ချစွာလည်း ပြောဆိုတတ်၏။
“မင်း ဘယ်လို ခံစားရလဲ….” လျိုဖေးယွန်က ရီဖူရှင်းကို မေးသည်။ သူက ဂီတတွင် သိပ်မသိရာ မည်သို့မှ မှတ်ချက် မပေးနိုင်ပေ။ ချင်မုံရိုနှင့် ချိန်ရှင်းမူတို့က ဂီတတွင် ထူးချွန်သည်ဟုသာ သူခံစားရသည်။ သို့သော် ထိုဂီတသံစဉ်အား ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်း သူ့တွင် မရှိပေ။
“အရမ်း အားကောင်းတယ်…. ချိန်ရှင်းမူက ချင်မုံရိုရဲ့ ဂီတသံစဉ်နဲ့ လိုက်ဖက်အောင် တီးခတ်ဖို့ အရမ်း ထူးခြား ထက်မြက်နေဖို့ လိုတယ်…. တကယ်လို့ သူက ကိုယ်တိုင်သာ တီးခတ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ဂီတက လူတွေကို အနုပညာ ရသသိထဲကို အလွယ်တကူ ဆွဲခေါ်နိုင်စွမ်း ရှိလိမ့်မယ်…..” ရီဖူရှင်းက ပြောသည်။ ချိန်ရှင်းမူကား တကယ်ပင် အားကောင်းသည်။ သူက ဒွန်ဟွာကလန် အပေါ် သိပ်အမြင် မကြည်သော်လည်း ထိုနေရာမှ လူများကို အထင်သေးမည် မဟုတ်ပေ။
လျိုဖေးယွန်က ရီဖူရှင်းအား ပြုံးလျက် ကြည့်လိုက်သည်။ ဤမောက်မာသော ကောင်ကား တခြားလူများကို ချီးကျူးရကောင်းမှန်း သိသေးပုံရသည်။ သို့သော်လည်း ထိုအရာကား ပုံမှန်မျှသာ ဖြစ်သည်။ ချိန်ရှင်းမူကား အရှေ့မြေရိုင်း ဒေသ၏ လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံးအဖြစ် သတ်မှတ်ခံထားရသူ တစ်ယောက် ဖြစ်သည်။ ထိုမျှထူးချွန်သော သူက မည်သို့ အားနည်း ရမည်နည်း။
“ချိန်ရှင်းမူက ဝါးပလွေ မှုတ်တာမှာပဲ ကောင်းတာ မဟုတ်ဘူး…. သူက တခြား ဂီတတူရိယာ ပစ္စည်းတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တယ်….. ပြီးတော့ ကု့ချင်းမှာလည်း ထူးချွန်တယ်…..” လျိုဖေးယွန်က ညင်သာစွာ ပြောသည်။ ရီဖူရှင်းက အသာအယာ ခေါင်းညိတ်သည်။
“မင်းသမီး… ခင်ဗျားရဲ့ သံစဉ်က အားနည်းချက် မရှိပါဘူး…..” ချိန်ရှင်းမူက ပြောသည်။ အကောင်းဆုံး မှော်ဂီတပညာရှင် တစ်ဦး အနေဖြင့် သူ့တွင် ထိုသို့ မှတ်ချက်ပြုရန် အခွင့်အရေး ရှိသည်။
“ကျွန်မက ဒီလောက် မဟုတ်ပါဘူး…..” ချင်မုံရိုက ပြုံးလျက် ပြောသည်…. “ကျွန်မ ကြားတာကတော့ မှော်ကလန်က ဂူဘိုင်ယွီနဲ့ ကော့တေးရဲ့ တပည့် ရီဖူရှင်းကလည်း ဂီတမှာ ထူးချွန်တယ်တဲ့….. သူတို့ကလည်း အရမ်း ထူးခြား ထက်မြက်နေမယ် ထင်တယ်…..”
“ကျွန်မက သခင်လေးရီထံမှာ ရှုံးနိမ့်သူပါ…..” ဂူဘိုင်ယွီက ညင်သာစွာ ပြုံးလျက် ပြောသည်။ သူမက အရှုံးအား စိတ်ထဲထားဟန် မရပေ။
လူတိုင်း၏ အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။ ရှေးဟောင်း မြေရိုင်း ဒေသတွင် သူကား အလွန် ကျော်ကြားခဲ့ကာ လူအများ၏ အာရုံကို ဆွဲဆောင်နိုင်လွန်းရာ ရှောင်ဝူကျိပင်လျှင် မှေးမှိန် သွားရသည်။ အထူးသဖြင့် သူက ဂူဘိုင်ယွီအား အစေခံ လုပ်စေခြင်းက သူ့ကို လူအများက အာရုံစိုက် လာစေသည်။ အကြောင်းပြချက်ကား ဂူဘိုင်ယွီက ရီဖူရှင်းအား ဂီတတွင် ရှုံးနိမ့်ခဲ့သော ကြောင့်ပင်။ ထို့ကြောင့်ပင် ရီဖူရှင်းက ကျော်ကြား လာသောအခါ လူအများက ထိုအဖြစ်အပျက်ကိုပါ သိလာကြရသည်။ ပုံမှန်အားဖြင့် ရီဖူရှင်းကလည်း ဂီတတွင် ထူးချွန်ကြောင်း လူအများက သိကြသည်။
ခုနက လူအများအပြားက ရီဖူရှင်းအား တမင်ပင် လျစ်လျူရှု ထားခဲ့ကြသည်။ သို့သော် ချင်မုံရိုနှင့် ဂူဘိုင်ယွီတို့၏ စကားက လူအများ၏ အာရုံကို ရီဖူရှင်းထံသို့ ရောက်လာစေသည်။
ကွဲပြား ခြားနားသော အင်အားစုများ၏ အကြည့်များက မတူညီကြပေ။ ဖူယွန်ဓားကလန်၏ ပထမတောင်ကုန်းမှ လူများ၏ အမူအရာများက သိပ်မကောင်းပေ။ အထူးသဖြင့် လီတောင်ယွန်နှင့် လီတောင်ချန်းတို့ ဖြစ်ကြသည်။ လီတောင်ယွန်၏ လက်တစ်ဖက်က ရီဖူရှင်းကြောင့် ပြတ်သွားခဲ့ခြင်း ဖြစ်ကာ သူ့ဓားကိုင်လက်အား ဘယ်ဘက်ကို ပြောင်းခဲ့ရသည်။ နောက်ထပ်တွင်ကား သူ ကြိုက်နှစ်သက်သော လျိုချန်းယွီကလည်း ရီဖူရှင်းနှင့် ပိုမို ရင်းနှီးသွားကာ သူနှင့် ပိုမိုဝေးကွာ သွားသည်။
ချင်မုံရိုက ရီဖူရှင်းအား သူမ၏ လှပသော မျက်လုံးများနှင့် ကြည့်လိုက်သည်။
ရီဖူရှင်းက ပြုံးလျက် ပြောသည်….. “ကျုပ်က ဂီတမှာ ဗဟုသုတ နည်းနည်းပဲရှိတာ…. သိပ်မကျွမ်းကျင်ဘူး…. မင်းသမီးရဲ့ ဂီတကတော့ တော်တော် ကောင်းတယ်…. မင်းသမီးက ကျုပ်ရဲ့ အကြံဉာဏ်ကို မလိုပါဘူး…..”
“ရီသခင်လေးက အရမ်း နှိမ့်ချတာပဲ…. ရှေးဟောင်း မြေရိုင်း ဒေသမှာ ရှင့်ရဲ့ ကောင်းမွန်တဲ့ ပါရမီကြောင့် တစ်နေ့တည်းနဲ့ နာမည်ကျော်လာတယ်….. ထိပ်သီး အင်အားစုတွေက ရှင့်ကို ရဖို့ အတွက် ယှဉ်ပြိုင်ကြတယ်… နောက်ဆုံး ရှင်က ကော့တေးကို ရောက်သွားတယ်…..” ချင်မုံရိုက ပြုံးလျက် ပြောသည်….. “ကော့တေးမှာ တပည့် ခုနစ်ယောက်ပဲ ရှိတယ်…. ရှင် အပါအဝင် ရှစ်ယောက်ပေါ့…. အခု အရှေ့မြေရိုင်း ဒေသက လူတွေက ပြောကြတာက ရှင်က ကော့တေးမှာ နောက်နှစ် အနည်းငယ် လေ့ကျင့်ပြီးရင် လူငယ် မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်တဲ့……”
ရီဖူရှင်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ချင်ဘုရင်၏ မြေး ချင်လီက သူ့အား လူပုံအလယ်တွင် နိမ့်ကျအောင် ပြောဆိုသော အချိန်တွင် ချင်မုံရိုက သူ့အား မြှောက်ပင့် ပြောနေသည်။ သူတို့ ဘာလိုချင်သနည်း။
လူ အများအပြားက နောက်လှည့်ကာ ရီဖူရှင်းအား တစ်ယောက်ပြီး တစ်ယောက် ကြည့်ကြသည်။ ရီဖူရှင်းက လူငယ် မျိုးဆက်ထဲတွင် ပြိုင်ဘက်ကင်း ဖြစ်လာမည်ဟု သဘောမတူသူ အများအပြား ရှိကြသည်။
အရှေ့မြေရိုင်း ဒေသတွင် ပါရမီရှင်ပေါင်း မည်မျှရှိသနည်း။ တစ်စုံတစ်ယောက်က ပြိုင်ဘက်ကင်းဟု မည်သူ ကြွေးကြော်ရဲသနည်း။ ချိန်ရှင်းမူကဲ့သို့သော သူကသာလျှင် ဂီတပညာနှင့် ပတ်သက်၍ ပြိုင်ဘက်ကင်းသည်ဟု ပြောရဲသည်။
“လောကကြီးက လူတွေက ကော့တေးက ပြိုင်ဘက်ကင်း ပါရမီရှင်တွေကိုပဲ လက်ခံတယ် ပြောတယ်…. ရှေးဟောင်း မြေရိုင်း ဒေသမှာ ရီဖူရှင်းက အရမ်းကောင်းတဲ့ ပါရမီကို ပြသခဲ့တယ်…. ဒါပေမဲ့ ကျုပ်တို့က သူ ဘယ်လောက် အားကောင်းလဲ မသိဘူး…. အခု ကျုပ်တို့က အခွင့်အရေးရပြီ…. ကျုပ်တို့ ဒွန်ဟွာကလန်က ဒါကို သိချင်နေတယ်….” ဒွန်ဟွာကလန်မှ တစ်ယောက်က ဖြည်းညင်းစွာ ပြောသည်။ ကြည့်ရသည်မှာ သူက ရီဖူရှင်းအား လူမြင်ကွင်းတွင် စိန်ခေါ်လိုပုံ ရနေသည်။
တခြား အင်အားစုများမှ လူများကလည်း စိတ်ဝင်စား သွားကြပုံ ရသည်။ ချင်မုံရိုက ရီဖူရှင်းအား ချီးမြှောက်နေသော အချိန်တွင် ဒွန်ဟွာကလန်က သူ့အား စိန်ခေါ်လိုသည်။ သူတို့က ရီဖူရှင်းအား မြှောက်ပြောပြီး အနိုင်ယူလို နေကြသည်လား။
ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာလန်က ပူးပေါင်းလိုက်ပြီဟု အစ်ကိုငါးက ကောက်ချက်ချသည်။ ယခု ချင်မုံရိုက ဤနေရာတွင် ကု့ချင်း တီးခတ်သည်။ သူက တစ်စုံတစ်ခုအား ရိပ်မိလိုက်သည်။
လက်ရှိ မြင်ကွင်းအရ သူတို့က မြှောက်ပင့်ပြောကာ အနိုင်ယူလိုသော ပုံဟန် ရှိနေသည်။
ချင်မုံရို၏ စကားများက ရီဖူရှင်းအား အလွန်မြင့်မားသော နေရာသို့ တွန်းပို့နေသည်။ အကယ်၍ သူက ရှုံးနိမ့်ခဲ့ပါက ကော့တေး၏ နာမည်ကား ရေစုံမျော သွားပေမည်။ အကယ်၍ သူနိုင်ခဲ့ပါက သူကား ကော့တေးမှ ဖြစ်ရာ ထိုအရာက ပုံမှန်မျှသာ ဖြစ်သည်။
“ဒီနေ့ ကျုပ်က မင်းသမီးရဲ့ ဖျော်ဖြေမှုကို လာပြီး နားထောင်တာပဲ…. တိုက်ပွဲက မသင့်တော်ဘူး ထင်တယ်….” ရီဖူရှင်းက ပြုံးလိုက်ကာ စိန်ခေါ်မှုကို အလေးထားခြင်း မရှိပေ။
သူ အမှန်တကယ်ပင် ငြင်းပယ်ခဲ့သည်။ လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ သူက ချင်ဘုရင်၏ မြေးဖြစ်သော ချင်လီပြောသော စကားများကို ကြားပြီး ဖြစ်ရပေမည်။ ရီဖူရှင်းက သူ၏ စွမ်းရည်များကို သက်သေ မပြလိုဘူးလား။
“မင်းက တိုက်ခိုက်ဖို့ အရမ်း ကြောက်နေတာလား…..” လီတောင်ချန်းက အေးစက်စွာ ပြောသည်။
“မင်းက စကား ပြောရဲသေးတာလား…..” ယူချင်းက လီတောင်ချန်းကို ကြည့်လိုက်သည်။ ယူချင်းကို ကြည့်လျက် လီတောင်ချန်း၏ မျက်နှာက နက်မှောင်သွားသည်။ ယူချင်းက သူ့အား ရှေးဟောင်း မြေရိုင်း ဒေသတွင် ဆိုးရွားစွာ ရိုက်နှက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
“လူတွေက ရှင့်ကို အရှေ့မြေရိုင်း ဒေသက အတော်ဆုံး ပါရမီရှင်တွေနဲ့တောင် နှိုင်းယှဉ် နေကြပြီ… အခု ဒွန်ဟွာကလန်က ချိန်ရှင်းမူက သူ့ရဲ့ ဂီတပညာကို ဒီနေရာမှာ ထုတ်ဖော် ပြသပြီးပြီ… တကယ်လို့ ရီသခင်လေးက စိန်ခေါ်မှုကို ငြင်းပယ်ရင် တခြားလူတွေရဲ့ ဝေဖန်မှုကို ပိုပြီး ခံရမှာ မစိုးရိမ်ဘူးလား…..”
ချင်မုံရို၏ စကားက ညင်သာကာ သူမ၏ မျက်နှာက ပြုံးနေရာ တစ်ဖက်လူအပေါ် အလွန် လေးစားသော ပုံဟန် ရှိနေသည်။ သို့သော်လည်း သူမ၏စကားက ရီဖူရှင်း၏ နားထဲကို ဝင်ရောက် လာသောအခါ အလွန် ရန်လိုနေသည်ဟု ခံစားရသည်။ အကယ်၍ သူက စိန်ခေါ်ပွဲကို ငြင်းဆန်ခဲ့လျှင် သူက ချိန်ရှင်းမူနှင့် နှိုင်းယှဉ်ရန် အဆင့်မမီကြောင်း သူမက ဆိုလိုနေသည်။
ရီဖူရှင်းက ပြုံးလျက် ပြောသည်…. “မင်းသမီး… ခင်ဗျားက ဒီနေ့ ဒီမှာ ကု့ချင်းကို တီးခတ်ခဲ့တယ်…. တခြားနေရာက လူတွေကလည်း လာရောက် နားထောင်ကြတယ်…. ပထမက ဒါက သာယာ ကြည်နူးဖွယ် ကောင်းတဲ့ အခြင်းအရာ တစ်ခုပဲ…. ဒါပေမဲ့ တစ်ခုခုကို ပေါင်းထည့် လိုက်ပြီး နောက်ပိုင်းမှာ ဒါက ပထမကလို မကောင်းတော့ဘူး…..”
လူတိုင်းက သူ့အား နားမလည်စွာ ကြည့်ကြသည်။ သူက ဘာကို ဆိုလိုသနည်း။
“ရီသခင်လေးက ဘာကို ဆိုလိုတာလဲ….” ချင်မုံရိုက ပြောသည်။
“မင်းသမီး… အခု ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့ ဂီတနဲ့ ပတ်သက်ပြီး အမြင်ကို ပြောခိုင်းတယ်…..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“တစ်ခုခု လိုအပ်နေတာ ရှိရင် ကျေးဇူးပြုလို့ ပြောပါ… သခင်လေးရီ…..” ချင်မုံရိုက ပြုံးလျက် ပြောသည်။
“ကောင်းပြီ….” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ပြုံးလျက် ပြောသည်…. “တကယ်လို့ ခင်ဗျားတို့ နှစ်ယောက် ဂီတကို သုံးပြီး ချိန်းတွေ့ချင်တယ် ဆိုရင် … ဆက်လုပ်ပါ….. ဒါပေမဲ့…. ကျုပ်ကို ဆွဲမထည့်ပါနဲ့…..” ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမပျိုတစ်ယောက် ဖြစ်လျှင်ကော အဘယ် အရေးနည်း။ ထိုအရာအား သူ ဂရုမစိုက်ပေ။
***