Switch Mode

အပိုင်း (၂၃၀)

နာမည်ကျော် မိန်းမလှများ

လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ ထွက်ခွာ သွားကြသည်။ ပြင်ပလောက မူကား ချင်ဘုရင်၏ မြေးတော်၏ စကားကြောင့် လှုပ်ခတ်မှုများစွာ ဖြစ်ပေါ်နေသော်လည်း ကော့တေးက ဂရုစိုက်ပုံ မရပေ။ သူတို့ ဘာပြောနိုင်မည်နည်း။ အချိန်က အရာအားလုံးကို ဆုံးဖြတ် သွားပေလိမ့်မည်။
သူ၏ လက်ရှိ တန်ခိုးအဆင့်က နိမ့်သော်လည်း ရီဖူရှင်းက တန်ခိုးအဆင့် မြင့်လာသောအခါ လျိုဖန်း ခန့်မှန်းသလို ဖြစ်လာမည်ဟု လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က ယုံကြည်သည်။ ထို့နောက်တွင် ထိုလူများ အားလုံးက ပါးစပ်ပိတ် သွားရပေမည်။ သို့သော်လည်း ပြင်ပလောကမှ လူများက ထိုသို့ မမြင်ပေ။ လူများများ ပြောလေလေ ထိုကောလာဟလများက အမှန်တရား ဖြစ်လာလေပင်။
အထူးသဖြင့် ထိုကောလာဟလ များကို လွှင့်သူများက ဧကရာဇ်ချင်၏ မြေးနှင့် ဒွန်ဟွာကလန်မှ လူကဲ့သို့သော သူများ ဖြစ်လာသောအခါ ထိုကောလဟလများကို လူများ ယုံလာကြတော့သည်။ အများစုက ထိုအမြင်များကို လက်ခံလာကြသည်။ ရီဖူရှင်းက လတ်တလောတွင် အမှန်ပင် လူအများအပြား၏ အာရုံစိုက်မှုကို ရရှိထားကာ သူ၏ တန်ခိုးအဆင့်က သူ၏ ကျော်ကြားမှုကို အထောက်အပံ့မပြုပေ။ မည်သို့ပင်ဆိုစေ သူကား သူ၏ တကယ့် တိုက်ခိုက်ရေး စွမ်းရည်များကို ထုတ်ပြခြင်း မရှိခဲ့သေးပေ။ နောင်တွင် ရီဖူရှင်းက သူ၏ တန်ခိုး အဆင့် ပိုမိုမြင့်မား လာသော အခါမှ လူအများ၏ အာရုံစိုက်မှုနှင့် ထိုက်တန်သော စွမ်းရည်များကို ပြသကောင်း ပြသနိုင်ပေလိမ့်မည်။ ယခုမူကား စောလွန်းနေသည်။
ရက်များက မျက်လုံး တစ်မှိတ် အတွင်းတွင် ကုန်ဆုံးသွားသည်။ ဤနေ့ကား အိမ်ရှေ့စံ အပ်နှင်းပွဲ အခမ်းအနား တစ်ရက် အလိုဖြစ်သည်။ ယနေ့တွင် ချင်ပြည်ထောင်မှ တစ်ယောက်က ကျောင်းတော်နှင့် ကော့တေးအား  မနက်စောစောမှပင် ရောက်လာကာ ဖိတ်ကြားသည်။
ထိပ်သီး အင်အားစုတိုင်းက ဖိတ်ခေါ်မှုကို လက်ခံရရှိသည်။
ချင်ပြည်ထောင်က ထိပ်သီး အင်အားစုများကို ပွဲနေ့မတိုင်မီကပင် ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူတို့က ထိပ်သီး အင်အားစုများကို လုံလောက်သော လေးစားမှုများကို ပေးကာ အနှောင့်အယှက် မဖြစ်စေတော့ပေ။
ယနေ့တွင် ချင်နန်းတော်၏ လေးထောင့်ကွင်းပြင်တွင် လူအများအပြားက စောင့်ဆိုင်း နေကြသည်။ သူတို့က ထိပ်သီး အင်အားစုများကို ကြည့်လိုကြသည်။ ထိုအချိန်တွင် လူတစ်စု ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့အားလုံးက အလွန် အားကောင်းသော အရှိန်အဝါများ ပိုင်ဆိုင်ကြသည်။ သူတို့က ဒွန်ဟွာကလန်မှ ဖြစ်ပြီး မြေကွက်လပ်တွင် ဆင်းသက်ကာ နန်းတော်ထဲကို ဝင်ရောက် သွားကြသည်။
မကြာမီ လစန္ဒာကလန်မှ မိန်းမပျိုများ ရောက်ရှိလာကြသည်။ ခေါင်းဆောင် ဖြစ်ဟန်တူသူ မိန်းမပျိုကား အလွန်အမင်း လှပချောမောသည်။ သူမ၏ မျက်လုံးများက ရေပြင်အလား ကြည်လင်ကာ သူမ၏ အသားအရေက ပုလဲကဲ့သို့ ဖြူဝင်းနေသည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်က ဖွံ့ထွားသော တချို့နေရာများနှင့် လိုက်လျောညီထွေ ရှိလှကာ နတ်သမီးအလား ချောမော လှပနေသည်။
“လစန္ဒာကလန်က သမီးတော် ချူယောင်ယောင်…..” သူမ၏ အလှအပများကို မြင်ရသော လူတိုင်း၏ နှလုံးသားများကား တုန်ခါရသည်။ သူမ၏ အဆင့်အတန်းများကို ထိုလူများအား မေ့လျော့စေကာ သူမအား ထာဝရ ကာကွယ်လိုစိတ်များ ထိုလူများ၏ စိတ်သဏ္ဌာန်မှာ ဖြစ်ပေါ်လာစေသည်။ သူမက ထိုလူများ၏ ကာကွယ်မှုကို မလိုအပ်သော်လည်း ထိုအရာက သူမ၏ ဆွဲဆောင်မှု ဖြစ်သည်။
အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမပျိုသုံးယောက်၏ အကြောင်းကိုမူကား အမြဲလိုလို အတူနှိုင်းယှဉ်လျက် ပြောကြလေ့ ရှိသည်။ မင်းသမီး ချင်မုံရိုကား နူးညံ့သိမ်မွေ့သည်။ သူမ၏ အလှက လူတိုင်း၏ မျက်လုံးတွင် နတ်သမီးတစ်ပါး အလား ထင်မှတ်စေသည်။ ဒွန်ဟွာကလန်မှ ဟွာချင်းချင်းကား ကောလာဟလများအရ သန့်စင်ကာ ချိုသာသည်။ သူမအား မြင်သော သူတိုင်းက ညစ်ပတ်သော အတွေးများအား တွေးမိခြင်း လုံးဝမရှိကြပေ။
ချူယောင်ယောင်ကို မူကား ယနေ့ မြင်တွေ့ ရသည့်အတိုင်း လူတိုင်းက  သူမအား သနား ကရုဏာ သက်စေကာ ကာကွယ် ပေးလိုသောစိတ်ကို ဖြစ်ပေါ်စေတတ်သည်။
ယခု ချူယောင်ယောင်က ချင်နန်းတော်သို့ ရောက်လာသည်။ သူမက နောက်ထပ် အလှဆုံး မိန်းမပျိုတစ်ယောက်နှင့် မကြာမီ တွေ့ကောင်း တွေ့နိုင်ပေတော့မည်။ ထိုမြင်ကွင်းက မည်သို့ ဖြစ်မည်နည်း။ ကံမကောင်းစွာဖြင့် ဟွာချင်းချင်းက ရောက်မလာပေ။ မဟုတ်လျှင် အလှဆုံး မိန်းမပျို သုံးယောက် တွေ့ဆုံခြင်းက လှပသော ပုံပြင်တစ်ခု ဖြစ်လာနိုင်သည်။
နောက်ထပ် စွမ်းအားမြင့် တန်ခိုးရှင် အုပ်စုတစ်ခု ရောက်လာသည်။ သူတို့ကား လျိုနိုင်ငံမှ ဖြစ်သည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကလည်း လစန္ဒာကလန်နှင့် ချူယောင်ယောင်တို့ကို မြင်သည်။
“အလှဆုံး မိန်းမပျို ဆိုတဲ့အတိုင်းပဲ…. သူမက မင်းထက်တောင် လှသေးတယ်….” လျိုဖေးယွန်က သူ၏ ညီမအား ပြောသည်။ လျိုချန်းယွီ၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသော်လည်း  စိတ်ထဲ ထားဟန်မရပေ။
“ဒါပေမဲ့… အရှေ့မြေရိုင်း ဒေသရဲ့ အလှဆုံး မိန်းမပျို သုံးယောက်အစား မိန်းမပျို လေးယောက်လို့ မကြာခင် ခေါ်ရလိမ့်မယ်…..” လျိုဖေးယွန်က နောက်တစ်ယောက်ကို သတိရမိကာ ပြောသည်။
လျိုချန်းယွီက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ ဟွာဂျီယူ၏ ရုပ်ရည်က ချူယောင်ယောင်ထက် မလျော့နည်းပေ။ သူမကလည်း လစန္ဒာကလန်အား ဝင်ရောက်ထားသည်။
“သွားစို့….” လျိုနိုင်ငံမှ လူများကလည်း ချင်နန်းတော်ထဲကို ဝင်ရောက် လာကြသည်။ ချင်နန်းတော်က ထိပ်သီး အင်အားစုများ အားလုံးကို ဖိတ်ခေါ်ထားကာ နန်းတော်ထဲတွင် စုစည်းစေသည်။
သို့သော်လည်း ထိုအင်အားစုများ၏ ကိုယ်စားလှယ် များကသာ ရောက်ရှိလာခြင်း ဖြစ်သည်။ တကယ့် ခေါင်းဆောင်များက ရောက်မလာပေ။ ဤပွဲက အိမ်ရှေ့စံ နှင်းအပ်ပွဲ အခမ်းအနား တစ်ခုမျှသာ ဖြစ်ပြီး ထိုထိပ်သီး ပုဂ္ဂိုလ်များ ရောက်လာစေရအောင် အရေးကြီးခြင်း မရှိပေ။ သို့သော် ထီးနန်း လွှဲအပ်ခြင်းနှင့် ပတ်သက်လျှင်မူကား ခေါင်းဆောင်များက တက်ရောက် ကြပေမည်။
တခြား အဖွဲ့အစည်းများလည်း တဖြည်းဖြည်း ရောက်ရှိလာကြသည်။ ကျောင်းတော်နှင့် ကော့တေးကလည်း ရောက်ရှိလာသည်။ ကျောင်းတော်က ကော့တေးအား မကြိုက်ခြင်းနှင့် ကော့တေးက ကျောင်းတော်အား အထင်သေးခြင်းက အတွင်းရေး ကိစ္စများသာ ဖြစ်သည်။
ကျောင်းတော် ရောက်ရှိ လာခြင်းက များစွာသော အာရုံစိုက်မှုကို ရသည်။ ကော့တေးမှ လူသုံးယောက်က ပိုမိုသော အာရုံစိုက်မှုကို ရယူထားသည်။
သူက ကော့တေးရဲ့ ငါးယောက်မြောက် တပည့် လျိုဖန်းမလား။ သူက နိုဘယ်အဆင့်ကို ရောက်နေပြီးသားလို့ ငါကြားတယ်။
ရီဖူရှင်းအား တွေ့မြင်ရခြင်း ကလည်း သူတို့ကို အံ့အားသင့်စေသည်။ သူကား သူတို့ ထင်မှတ် ထားသည်ထက် ချောမောကာ ဆွဲဆောင်မှု ရှိသည်။
သူတို့ အုပ်စုကလည်း ကြည့်နေကြသူများအား ဂရုမစိုက်ဘဲ နန်းတော်ထဲကို တိုက်ရိုက် ဝင်ရောက် သွားကြသည်။ လူတချို့က သူတို့အား နန်းတော်အဝမှ ကြိုဆိုကြကာ တခြား အင်အားစုများရှိ နေရာသို့ လမ်းညွှန်ကြသည်။ သူတို့က လမ်းအတိုင်း လျှောက်လာသော် တခြား အင်အားစုများ ရှိနေရာသို့ ရောက်လာသည်။ တိုက်ဆိုင်စွာပင် သူတို့က လျိုမောင်နှမနှင့် တွေ့ဆုံ၏။
ရီဖူရှင်းအား မြင်လျှင် လျိုဖေးယွန်က လျှောက်လာကာ ပြုံးလျက် ပြောသည်….. “ငါက နန်းဆောင်သို့ မသွားသေးဘူး… လျှောက်ကြည့် ကြမယ်…လာ….”
ရီဖူရှင်း ရှက်ရွံ့သွားသည်။ သူက လျိုဖန်းအား ပြောသည်…. “စီနီယာအစ်ကို… ကျွန်တော် လျှောက်ကြည့် ဦးမယ်….”
“ကောင်းပြီ….” လျိုဖန်းက အသာအယာ ခေါင်းညိတ်သည်။ ရီဖူရှင်းနှင့် ယူချင်းက လျိုမောင်နှမနှင့်အတူ လိုက်ပါ သွားကြသည်။
“နန်းတော်ထဲမှာ ဘာတွေ စိတ်ဝင်စားစရာ ရှိလို့လဲ….” ရီဖူရှင်းက လျိုဖေးယွန်ကို မေးသည်။ ဤကောင်ကား သူ့ကို မည်သည့် နေရာကိုမှန်း မသိဘဲ ဆွဲခေါ်နေသည်။
“မင်းက အလှဆုံး မိန်းမပျိုကို မတွေ့ချင်ဘူးလား…..” လျိုဖေးယွန်က မျက်နှာ တည်တည်ဖြင့် မေးသည်။
ရီဖူရှင်း မျက်လုံး ပြူးသွားသည်….. “မိန်းမလှတွေက ကျုပ်အတွက် ဘာမှ မဟုတ်ဘူး…. ငါတကယ် စိတ်မဝင်စားဘူး….”
“တကယ်လား….”
“အင်း… ဒါပေမဲ့… ငါက ဒီကိုလည်း ရောက်နေပြီးပြီ… လုပ်စရာလည်း ဘာမှ မရှိတော့ သွားကြည့်တာလည်း မဆိုးပါဘူး…..” ရီဖူရှင်းက ပြောသည်။
သူ၏နောက်မှ လျိုချန်းယွီက ကြည့်သည်။ ထို့နောက် သူမ၏ ရှေ့မှ ယောကျ်ား နှစ်ယောက်အား ရွံရှာစွာဖြင့် တစ်ဖက်ကို အကြည့်လွှဲ သွားသည်။ ယောကျ်ားများကား တဏှာစိတ် ကြီးမားကာ အမြဲလိုပင် မိန်းမလှများကို စိတ်ဝင်စားကြသည်။
သူတို့က ဥယျာဉ်တစ်ခုသို့ ရောက်သွားသည်။ ထိုနေရာတွင် စေတီပုထိုးများ အများအပြား ရှိပြီး ပတ်ဝန်းကျင်ကား တိတ်ဆိတ် အေးချမ်းသည်။ ထိုနေရာတွင် လူအများအပြား ရှိကြသည်။ သူတို့အားလုံးမှာ အင်အားစု တစ်ခုစီတိုင်း၏ လူငယ်မျိုးဆက်များ ဖြစ်ကြသည်။ သူတို့အားလုံးက တစ်နေရာတည်းကို ကြည့်နေကြသည်။
လူအုပ်၏ ရှေ့တွင်ကား စေတီတစ်ဆူ ရှိသည်။ မိန်းကလေး တစ်ယောက်က ကု့ချင်းတစ်လက်ကို ချကာ စေတီထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမက သံစဉ် တစ်ခုအတွက် ပြင်ဆင်နေပုံရ၏။
အလွန် ချောမော လှပသည်။ ရီဖူရှင်းက စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချသည်။ မှန်သည်… သူက သူမ၏ အလှအား ချီးကျူးရုံသာ ဖြစ်သည်။ သစ္စာရှိသောသူ တစ်ယောက် အနေဖြင့် သူက နောက်မိန်းကလေး တစ်ယောက်အား တခြားစိတ်ဖြင့် တွေးမည် မဟုတ်ပေ။
စေတီထဲမှ မိန်းကလေးကား နူးညံ့သိမ်မွေ့သည်။ သူမ၏ အကြည့် တစ်ချက်က လူအများ၏ စိတ်နှလုံးကို လှုပ်ယမ်းစေသည်။ လူတိုင်းက ထိုသို့သော နတ်သမီးအလား မိန်းမလှအား စိတ်ကူးယဉ် ကြသည်။
ရီဖူရှင်း ရောက်ရှိလာခြင်းကို တခြားလူများက သိပ်သတိ မထားမိကြပေ။ သူတို့က ရီဖူရှင်းကို သတိမထားမိ၍ မဟုတ်ဘဲ မိန်းကလေးအား အထူးတလည် အာရုံစိုက် နေကြသော ကြောင့်သာ။ တချို့က တမင် လျစ်လျူရှု ထားကြသည်။ မည်သို့ပင်ဆိုစေ ဤနေရာမှ လူငယ်များ အားလုံးမှာ အဆင့်အတန်း မြင့်မားသူများ ချည်းသာ မဟုတ်ပါလား။
“ချင်ပြည်ထောင်က ချင်မုံရို ….” လျိုဖေးယွန်က တိုးတိုးလေး ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်၏။
“ချူယောင်ယောင်က ဟိုမှာ ရှိတယ်….” လျိုဖေးယွန်က တစ်နေရာကို လက်ညှိုးထိုး ပြသည်။  ထိုနေရာတွင်ကား မိန်းမလှ အများအပြား အုပ်စုလိုက် ရှိနေသည်။ ထိုအထဲမှ တစ်ယောက်ကား ချင်မုံရိုကဲ့သို့ အလွန် လှပချောမောသည်။ “ဘယ်သူက လှတယ်လို့ မင်းထင်လဲ…..” လျိုဖေးယွန်က မေးသည်။
“ကျုပ်ချစ်သူက အလှဆုံးပဲ….”
“ကြည့်ရတာ မင်းကို ကောင်းကောင်း သင်ပေးထားတဲ့ပုံပဲ….” လျိုဖေးယွန်က ထိုသို့ပြောလျက် ရီဖူရှင်း၏ ပခုံးကို ပုတ်လျှင် ရီဖူရှင်း၏ မျက်နှာ ညိုမည်းသွားသည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လျှင် မှော်ကလန်မှ ဂူဘိုင်ယွီ ကဲ့သို့သော ရင်းနှီးသော မျက်နှာများကို မြင်ရသည်။
ဖူယွန်ဓားကလန်မှ လီတောင်ယွန်နှင့် လီတောင်ချန်း တို့လည်း ရှိနေသည်။
ဒွန်ဟွာကလန်မှ ဟွာချိန်ချဲလည်း ရှိနေသည်။
“ဘာလို့ မစသေးတာလဲ….” ရီဖူရှင်းက နားမလည်သလို မေးသည်။ ချင်မုံရိုကား ကု့ချင်းရှေ့တွင် အဆင်သင့် ထိုင်လျက် ရှိကာ လုံးဝ မလှုပ်ရှားပေ။
“တစ်ယောက်ကို စောင့်နေတာ….” လျိုဖေးယွန်က ပြောသည်။
“ဘယ်သူ့ကိုလဲ….” ရီဖူရှင်းက ထူးဆန်းသလို ခံစားရကာ မေးလိုက်သည်။ ထိုများစွာသော အဆင့်အတန်းမြင့် လူငယ် မျိုးဆက်များကပင် တကူးတက စောင့်ဆိုင်းရသော သူက မည်သူနည်း။
“ဒွန်ဟွာကလန်က ချိန်ရှင်းမူ……” လျိုဖေးယွန်က ပြောသည်…. “မနေ့က ချင်လီက ဒွန်ဟွာကလန်က တကယ့်ပါရမီရှင် အစစ်အမှန် နှစ်ယောက်ဆိုတာ…. ချိန်ရှင်းမူက ဒီအထဲက တစ်ယောက်ပဲ…..”
ရက်များစွာ အကြာက ချင်လီက ဒွန်ဟွာကလန်မှ ထိုပါရမီရှင် နှစ်ယောက်နှင့် နှိုင်းယှဉ်၍ ရီဖူရှင်းအား ဖိအားပေးခဲ့သည်။
ထိုနှစ်ယောက်ထဲတွင် တစ်ယောက်ကား ကော့တေးမှ တတိယတပည့် ဂူတုံးလျို၊ မကြာမီ အိမ်ရှေ့စံအဖြစ် နှင်းအပ် ခံရတော့မည့် ချင်ပြည်ထောင်မှ မင်းသား ချင်ယွီတို့နှင့် တူညီသော အဆင့်တွင် နှိုင်းယှဉ်ခံရသော သူဖြစ်ကာ နောက်တစ်ယောက်ကား လူငယ် မျိုးဆက်ထဲမှ ချိန်ရှင်းမူ ဖြစ်သည်။
ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်။ ချိန်ရှင်းမူက ထိုမျှ အရေးပါသလော။ ထိုစောင့်နေကြ သူများထဲတွင် အလှပဂေးများ ဖြစ်ကြသော ချင်မုံရိုနှင့် ချူယောင်ယောင်တို့ ပင်လျှင် ပါဝင်သည်။
“ချိန်ရှင်းမူက ဂီတမှာ ကျွမ်းကျင်တယ်….” လျိုဖေးယွန်က ပြောသည်။ “သူက လူငယ် မျိုးဆက်ထဲမှာ အတော်ဆုံး မှော်ဂီတပညာရှင်လို့ ပြောလို့ရတယ်…. ချင်မုံရိုက လူတိုင်းကို ဖိတ်ခေါ် ထားတာက သူ့ရဲ့ သံစဉ်ကို နားထောင်ဖို့ပဲ… ဒါကြောင့် ငါတို့က ချိန်ရှင်းမူကို စောင့်ရမယ်…. ဒီမတိုင်ခင်က မင်းက မှော်ဂီတပညာနဲ့ ပတ်သက်ပြီး ဂူဘိုင်ယွီနဲ့ ယှဉ်ပြိုင်ခဲ့တယ်…. မင်းက ကု့ချင်းမှာ ကျွမ်းကျင်တဲ့ အတွက် ဒီဖျော်ဖြေမှုကို ကြည့်ရှုသင့်တယ်…..”
သူတို့ စကားပြော နေကြစဉ်မှာပင် လူငယ်တစ်ယောက် ဖြည်းညင်းစွာ လျှောက်လာသည်။ သူကား အလွန်ချောမောပြီး လွတ်လပ် ပေါ့ပါးသော ပုံစံရှိသည်။ သူကား အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ရှေ့ကို ကြည့်နေသော သူ့မျက်လုံးထဲတွင် မည်သူမှ သူ့အာရုံထဲ ရှိနေဟန် မတူပေ။ သူ၏ အကြည့်က မည်သူနှင့်မှ ထိုက်တန်မှု မရှိဟု သူ ယူဆပုံရသည်။
“သူ ရောက်လာပြီ….” လူတိုင်းက ချိန်ရှင်းမူအား ကြည့်လိုက်ကြသည်။ လူငယ်မျိုးဆက်၏ အတော်ဆုံး မှော်ဂီတပညာရှင်အဖြစ် သတ်မှတ်ထားသော သူကား ယခု ချင်နန်းတော်ကို ရောက်လာသည်။
“နေရာတိုင်းမှ ပါရမီရှင်များ ဤနေရာကို ရောက်ရှိနေကြရာ အနည်းငယ်သော သူများသာ သူနှင့် တူညီသော ကျော်ကြားမှုများကို ပိုင်ဆိုင်ကြသည်။ အလှပဂေးများ ဖြစ်ကြသော ချင်မုံရိုနှင့် ချူယောင်ယောင်တို့က အနည်းငယ် နိမ့်ကျသလို ဖြစ်နေသည်။ ထိုအရာက ထိုမိန်းကလေး နှစ်ယောက်က အလွန်အမင်း ချောမော လှပနေခြင်း ကြောင့်သာ ချိန်ရှင်းမူနှင့် တူညီစွာ နာမည်ကျော် နေကြခြင်း ဖြစ်သည်။
သူ၏ ပါရမီကား ငြင်းစရာ မလိုပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset