Switch Mode

အခန်း ( ၆၉ )

ငါ့ရဲ့ ဓားကိုထုတ်ရအောင် ဖိအားမပေးနဲ့

အစတွင် လီချန်ရှို့သည် စက္ကူရုပ်အတွင်းသို့ သူ၏ စိတ်အာရုံအား မည်သို့ထည့်ရမည်ကို မသိခဲ့ပေ။

စက္ကရုပ်အတွင်းသို့ စိတ်အာရုံထည့်လိုက်သောအခါ သူသည် နုနယ်မှု၊ ဖျော့တော့မှု၊ အားနည်းမှု၊ ကူရာကယ်ရာမဲ့မှု၊ အထိခိုက်လွယ်မှုနှင့် မလုံခြုံမှုတို့ကို ခံစားခဲ့ရ၏။

သို့သော် အချိန်အနည်းငယ်ကြာ လေ့ကျင့်ပြီးသောအခါ အသားကျသွားခဲ့၏။

မြို့ထဲမှထွက်လာပြီးနောက် သူ့‌နောက်သို့ နောက်ယောင်ခံလိုက်သူများ ပါလာကြောင်း လီချန်ရှို့သေချာသိလေသည်။ သူသည် မသိဟန်ဆောင်၍ တိမ်စီးကာ ကြိုတင်ပြင်ဆင်ထားသော နေရာသို့ ပျံသန်းသွားလိုက်သည်။

လင်းဟိုင်မြို့ အနီးတွင် ဓာတ်ငါးပါးကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ မရသော မန္တန်အစီအရင်များကာထားသဖြင့် သူသည် ဤသို့ တိမ်စီးကာ ပျံနေရခြင်းပင်။ ထို့ကြောင့် အဝေးတစ်နေရာသို့ သွားပြီးမှ မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးရပေမည်။

သူ့နောက်သို့ လိုက်လာသော ထူးဆန်းသည့်လူနှစ်ဦးသည် သူ့အရှေ့သို့ ကျော်သွားကာ ရှေ့မှကြို၍ မန္တန်အစီအရင်များနှင့် ထောင်ချောက်များ ဆင်ထားသည်ကို သူ အာရုံခံမိလိုက်သည်။

‘ ငါ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ထုတ်လိုက်ကတည်းက အဲ့လူတွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရတာနေမယ် ’
လီချန်ရှို့သည် တစ်ကိုယ်တည်း တွေးတောလိုက်ပြီး စိတ်ရှုပ်သွားသည်။

ဝိညာဉ်ကျောက်တုံးများသည် အရှေ့ကျွန်းနှင့် အလယ်ကျွန်းတို့တွင် အသုံးများသဖြင့် အားလုံး၏ သည်းခြေကြိုက် ငွေကြေးဖြစ်သည်။ ထို့ပြင် ချီကျင့်ကြံသူများသည် ဝိညာဉ်ကျောက်တုံများကို လိုအပ်သော်လည်း ၎င်းတို့ကို ထုတ်လုပ်မှုမှာ ပုံမှန်သာဖြစ်သည်။ သို့သော် ပုံမှန်အားဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ဝိညာဉ်ကြော၏ အလယ်ကြောရိုးမှ ထုတ်ယူကြ၏။ ၎င်းတို့သည် ရှားပါး၍ အဖိုးတန်ပြီး တန်ဖိုးသည်လည်း သာမန် ဝိညာဉ်ကျောက်တုံးများထက် အဆပေါင်းများစွာ များလေသည်။

‘ ရှေ့ကျန့်(၃၀)အကွာမှာရှိတဲ့ တောအုပ်ထဲကျရင် သူတို့ ငါ့ကိုတိုက်ခိုက်မယ် ထင်တယ် ’
သူသည် ဓာတ်ကြီးငါးပါး ကိုယ်ယောင်ဖျောက်အတတ်ကို ကန့်သတ်ထားသည့် မန္တန်အစီအရင်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထိုတောအုပ်အတွင်း သူ‌ မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးနိုင်လေသည်။

နောက်ယောင်ခံလိုက်လာသူများသည် သေချာပြင်ဆင်ခဲ့ကြခြင်း ဖြစ်နိုင်၏။

စက္ကူကိုယ်ပွား၏ တိုက်ခိုက်နိုင်စွမ်းသည် သိပ်၍ မကောင်းသေးဘဲ ကာကွယ်နိုင်စွမ်းမှာလည်း ညံ့လေသည်။ ၎င်းသည် ဗလာနတ္ထိအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးလောက်သာ အစွမ်းရှိလေသည်။

သို့သော် သူသည် ၎င်းကိုယ်ပွားအတွင်း သူ၏ နတ်တန်ခိုးအနည်းငယ်ကို ထည့်ပေးထားရာ ၎င်းသည် စွမ်းအားပြင်း ဓမ္မမန္တန်များကို သုံးနိုင်လေသည်။

ထိုတောအုပ်သည် လူသူကင်းရှင်းသော်လည်း မြို့နှင့် သိပ်၍ မဝေးသေးချေ။ တောအုပ်အတွင်းမှနေ၍ နတ်တန်ခိုးများ ပေါ်ထွက်လာလျှင် ချီကျင့်ကြံသူအများစုသည် အာရုံခံမိနိုင်၏။

ထို့ပြင် အကယ်၍ စက္ကူကိုယ်ပွားသည် ၎င်း၌ရှိသော နတ်တန်ခိုးအများအပြားကို သုံးမိလျှင် ချီယွမ်စောင့်နေသော နေရာသို့ပြန်သွားရန်ပင် အားရှိတော့မည် မဟုတ်ချေ။ ထိုစက္ကူကိုယ်ပွားသည် သူပိုင်သည့် စက္ကူကိုယ်ပွားအရုပ် သုံးရုပ်ထဲမှ တစ်ရုပ်ဖြစ်သည်။

သူ့တွင် စက္ကူကိုယ်ပွား အမှတ်(၂)နှင့် အမှတ်(၃)တို့ ကျန်သေးသော်လည်း အမှတ်(၁)ကိုလည်း အဆုံးရှုံးမခံနိုင်ပေ။

သူသည် တိုက်ပွဲကို အမြန်အဆုံးသတ်ရမည်ဖြစ်ပြီး နောက်ယောင်ခံလိုက်လာသူများကြောင့် ဒဏ်ရာရသွား၍ မရချေ။ နောက်ယောင်ခံလိုက်သူများ ဆင်ထားသည့် ‌ထောင်ချောက်များအနီးသို့ရောက်လာလေလေ သူ့ကို စောင့်ကြည့်နေသည်ဟု ပို၍ခံစားလာရလေလေ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အစစ်အမှန်သည် အဝေး၌ရှိနေ၍ တုန်လှုပ်သည့် ခံစားချက်ကိုတော့ မခံစားရပေ။

လီချန်ရှို့သည် သူ၏ ခါးရှိ စိန်ပုံသဏ္ဍာန်ရှိသော ကျောက်မျက်လေးကို ကြည့်လိုက်သည်။ ၎င်းသည် သူလုပ်ခဲ့သည့်အရာများထဲတွင် စိတ်ကျေနပ်မှုအရှိဆုံး ဒုတိယတစ်ခုဖြစ်‌သော အာရုံခံကျောက်မျက်ပင်။

ပထမအခုမှာကား ဝိညာဉ်ထိန်းပုလဲလုံးဖြစ်သည်။

လွန်ခဲ့သည့် ခြောက်နှစ်အတွင်း စက္ကူရုပ်များအပေါ်တွင် ‘ စိတ်အပ်နှံ’ တံဆိပ်တော်များ၊ ‘ တည်ငြိမ်အမတ ’ တံဆိပ်တော် စသည့်တံဆိပ်တော်များကို ရေးဆွဲထည့်သွင်းခဲ့သည့်အပြင် ထိုကျောက်မျတ်ကိုလည်း ပြုလုပ်ခဲ့ခြင်းဖြစ်၏။

ကျောက်မျက်လေးသည် ခရမ်းနီရောင်ရှိ၏။ သူ့အပေါ်သို့ နတ်အာရုံသုံးခုနှင့် စိတ်အာရုံသုံးခုကျရောက်နေကြောင်းကို ၎င်းကျောက်မျက်က အာရုံခံမိလိုက်သည်။

အရှေ့ရှိတောအုပ်အတွင်း၌ သစ်ပင်များနောက်တွင် ပုန်းနေကြသော လူရိပ်နှစ်ခုသည် သတိကြီးကြီးထား၍ စောင့်ကြည့်နေ၏။

ကောင်းကင်ပေါ်ရှိ တိမ်တိုက်တစ်ခုအတွင် ပုန်းအောင်းနေသူတစ်ဦးလည်း ရှိ၏။ ထိုသူသည် လမ်းမှဖြတ်သွားသူတစ်ဦးဟုထင်ရသော်လည်း လီချန်ရှို့သွားသည့် ဦးတည်ရာကိုပင် တူညီသောအရှိန်ဖြင့် သွားနေလေသည်။

ဆိုးရွားလှပေစွ။

လင်းဟိုင်မြို့သည် အမှန်ပင် လူပေါင်းစုံလှပေ၏။ ထိုမြို့သည် လေလွင့်ကျင့်ကြံသူများစွာ ဖြတ်သန်းသွားရာ မြို့ဖြစ်သည့်အပြင် မြို့ပြင်တွင်မူကား မည်သည့် စည်းမျဉ်းစည်းကမ်းမှ မရှိချေ။

သူသည် ရန်သူ့ထောင်ချောက်နှင့် ကျန့်(၁၀၀)ခန့် ကွာသေးသည်။

ကျန်(၅၀)…

ကျန့်(၁၀)…

လီချန်ရှို့သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အော်လိုက်သည်။
“ အာ… ငါဝယ်ဖို့ တစ်ခုမေ့ခဲ့ပြီ ”

ထို့နောက် သူသည် နောက်ပြန်လှည့်ကာ မြို့သို့ပြန်သွားရန်ပြင်လိုက်၏။

ရုတ်တရက်ပင် အပေါ်မှနေ၍ အလင်းတန်းတစ်ခု ကျလာ၏။ လူရိပ်နှစ်ခုသည် လီချန်ရှို့၏ အရှေ့နှင့် အနောက်တွင် ပေါ်လာလေတော့သည်။ သူတို့သည် လီချန်ရှို့ထံသို့ ပြေးဝင်လာပြီး သူတို့လက်တွင်းရှိ ရတနာများသည်လည်း အရောင်လက်သွား၏။

လီချန်ရှို့၏ နှုတ်ခမ်းစွန်းနှစ်ခုသည် အတန်ငယ် တွန့်ကွေးသွား၏။ သို့သော် သူ၏မျက်နှာထားသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး တောနက်ပိုင်းသို့ ပျံ၍ပြေးလေသည်။
“ မင်းတို့…မင်းတို့က ဘယ်သူတွေလဲ ”

သူ (၁)ကျန့်လောက်သာ ပျံလိုက်ရပြီးနောက် သူ့အရှေ့တွင် သုံးချီရှည်သော တံဆိပ်တော်တစ်ခု ရောက်လာ၏။

လေပြင်းများတိုက်ခတ်သွားပြီး လီချန်ရှို့၏ ဆံပင်ရှည်များသည် ဝဲပျံသွားလေတော့သည်။

သူမြေပေါ်သို့ ပြန်ကျလာသောအခါ သူ့အနောက်မှနေ၍ လူရိပ်ငါးခုသည် ပြေးလိုက်လာ၏။ လီချန်ရှို့သည် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး သူ့ဓားရိုးကို လက်ယာလက်ဖြင့် ဆုတ်ကိုင်ထားလိုက်သည်။

သူ အော်ပြောလိုက်၏။
“ နေကြဦး… ငါတို့ စကားနဲ့ပဲ ပြောလို့ရပါတယ် ”

ထိုငါးယောက်သည် မရပ်သွားကြပေ။ ထိုထဲမှ နှစ်ယောက်သည် သူတို့၏အတတ်များကိုသုံးကာ လီချန်ရှို့ထံ ရတနာများပစ်လွှတ်လိုက်သည်။

လီချန်ရှို့ မျက်လုံးပြူးသွား၏။ သူသည် ဓားကို ဓားအိမ်အပြင်သို့ သုံးလက်မခန့် ဆွဲထုတ်လိုက်သည်။ သူ့နတ်ခိုးများကြောင့် အရောင်အဆင်းမဲ့ဆေးမှုန့်များသည် ထိုငါးဦးထံသို့ မျောလွင့်သွားကြလေသည်။

ထို့နောက် ဆန်းကြယ်သော ခြေလှမ်းကွက်ကိုသုံးကာ သူ့ထံသို့ ဝင်လာသော ဓမ္မရတနာများ၊ ဓမ္မမန္တန်များနှင့် အဆောင်များကို ရှောင်တိမ်းလိုက်၏။

ကောင်းကင်ပေါ်ရှိ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးသူသည် သူ၏ လက်ဝဲလက်ဖဝါးကို ဖြန့်ကာ လီချန်ရှို့ကို ရွယ်လိုက်လေသည်။

လီချန်ရှို့၏ ‌ဘေးပတ်လည်တွင် ထူးဆန်းသော လှိုင်းများပေါ်ပေါက်သွားပြီး သူ၏ လှုပ်ရှားမှုများ ‌နှေးကွေးသွားပေသည်။

တံဆိပ်တော်သည် သူ့ပေါ်သို့ တဖန်ပြန်၍ ကျလာ၏။

လီချန်ရှို့၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ကိုယ်ရောင်ကိုယ်ဝါများ တုန်ခါသွား၏။ သူသည် မူလနတ်ဝိဇ္ဇာအဆင့်ထိ ဖော်ပြလိုက်ပြီး သူ့ဘေးရှိ လှိုင်းများကို တွန်းလှန်လိုက်သည်။ ထို့နောက်သူသည် ကျလာသော အတားအဆီးကို ထပ်၍ ပွတ်ကာသီကာ ရှောင်နိုင်လိုက်လေသည်။

သူ့မျက်လုံးများထဲ၌ ဒေါသအရိပ်အယောင်များ ပေါ်လာပြီး သူ အော်ပြောလိုက်သည်။
“ ငါ့ကို ဓားသုံးပြီးတိုက်ရအောင် ဖိအားမပေးနဲ့နော် ”

ကောင်းကင်ပေါ်ရှိ အတုမဲ့နတ်ဝိဇ္ဇာအဆင့်သို့ ရောက်ခါစ သက်လတ်ပိုင်း တာအိုရသေ့သည် အေးစက်စက်ရယ်မောလိုက်သည်။ သူသည် တံဆိပ်တော်ကို ပြန်ယူကာ လီချန်ရှို့၏ နဖူးထံသို့ ပစ်လွှတ်လိုက်သည်။

မြေပြင်ရှိ လေးဦးသည် သူတို့၏ ဓမ္မမန္တန်များနှင့် တန်ခိုးများကို သုံးလိုက်ပြီး လီချန်ရှို့ကို ချောင်ပိတ်ရန် ကြိုးစားလိုက်သည်။

အာဒိကပ္ပလောကမှာပင်ဖြစ်စေ လူတစ်ယောက်ကို ချောင်ပိတ်တိုက်ခိုက်ခြင်းသည် သိက္ခာမဲ့သော အပြုအမူဖြစ်သည်။

ရုတ်တရက် ထိုသူတို့အထဲမှ ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံး တာအိုပေါင်းစည်းခြင်းအဆင့်ရှိသူသည် တုန်လှုပ်သော အသံဖြင့် အော်လိုက်၏။
“ မင်း…. ”

ကျန်သူများသည် ထိုလူကို လှမ်းကြည့်လိုက်၏။ သူတို့၏ အမြင်များလည်း ဝေဝါးလာကြသည်။

လေထဲရှိ အတုမဲ့နတ်ဝိဇ္ဇာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ သူသည် လှည့်၍ ပျံပြေးရန်ကြံလိုက်ချန်တွင် ကောင်းကင်မှနေ၍ ခွေးကျဝက်ကျ ပြုတ်ကျသွားလေတော့သည်။

မြေပြင်ပေါ်မှ လူလေးဦးသည် ပို၍ပင် လျင်မြန်စွာ ပြိုလဲကုန်၏။ သူတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် တောအုပ်အတွင်းရှိ မြေပြင်ပေါ်တွင် မှောက်သွားကြပေပြီ။

လီချန်ရှို့သည် သူ၏ လက်ဝဲလက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ရတနာထီးသည် ကောင်းကင်ပေါ်သို့ ပျံထွက်သွားပြီး မန္တန်အစီအရင်တစ်ခုဖြစ်ပေါ်လာ‌လေသည်။

လီချန်ရှို့သည် ဓားရိုးကို ကိုင်ရင်း ရပ်တန့်လိုက်၏။ ထို့နောက် ဆတ်ခနဲ ရှေ့သို့ပြေးထွက်သွားပြီး ဓားရှည်ကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်လေသည်။

၎င်းသည် ဓားမဟုတ်ပေ။

ဓားသည် နောက်ပိုင်းတစ်ဝက်သာပါ၍ ဓားသွားလည်းမရှိပေ။ ကျန် ဓားထိပ်ပိုင်းတစ်ဝက်ကိုမူ သက်တံ့ရောင်ကြိုးစများဖြင့် ပြုလုပ်ထား၏။

လီချန်ရှို့သည် ထိုဓားကိုယမ်းလိုက်ရာ ထိပ်ရှိ ကြိုးစများသည် ရှည်ထွက်လာ၏။ ထိုအရာသည် ချီယွမ်၏ မြင်းမြီးနှင်တံကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မြေပေါ်သို့ ပြုတ်ကျလာသော အတုမဲ့နတ်ဝိဇ္ဇာနှင့် ကျန်လူများကို ဖမ်းချုပ်လိုက်ပေပြီ။

လီချန်ရှို့သည် ကြိုးကိုဆွဲလိုက်ရာ လူငါးဦးသည် သူ့ရှေ့သို့ ရုတ်ခြည်းရောက်လာကြသည်။ တချိန်တည်းမှာပင် စက္ကူရုပ်သုံးရုပ်သည် လီချန်ရှို့၏ အင်္ကျီလက်အတွင်းမှ ထွက်လာကြ၏။ ၎င်းတို့သည်‌ မြေပေါ်သို့ မရောက်သေးခင်မှာပင် မျက်နှာမှုန်ကုတ်နေသော တာအိုရသေ့အိုကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

စက္ကူရုပ် အမှတ်(၁)သည် မိစ္ဆာနှိမ်နင်းသစ်သားငါးကို ထုတ်ယူလိုက်ပြီး အမှတ်(၂)မှာ ဝိညာဉ်နှိမ်နင်းရွှေဓာတ်လုံးနှင့် နတ်ဝိဇ္ဇာပြာချဆေးမှုန့်ဘူး နှစ်ဘူးကို ထုတ်ယူလိုက်သည်။ စက္ကူရုပ်အမှတ်(၃)ကား သားကောင်ကို ခုန်အုပ်လိုက်သော ကျားပမာ ထိုသူများထံ ခုန်၍ သွားလိုက်လေသည်။

၎င်းတို့သည် လီချန်ရှို့၏ အရှေ့တွင် ရပ်လိုက်ကြ၏။ စက္ကူရုပ်အမှတ်(၂)သည် နတ်ဝိဇ္ဇာပြာချဆေးမှုန့်များကို ဖြူးလိုက်ပြီး စက္ကူရုပ်အမှတ်(၃)သည် ထိုသူတို့ထံမှ ဓမ္မရတနာများကို ယူလိုက်လေသည်။

လီချန်ရှို့၏ လက်ဖဝါးအတွင်းမှနေ၍ သမာဓိမီးတောက်လုံး အနည်းငယ်ထွက်ပေါ်လာပြီး ထိုမီးတောက်လုံးများသည် ထိုငါးဦး၏ကြားသို့ ပျံသန်းသွား၏။

မီးတောက်များသည် ရုတ်ချည်းပင် ပြန့်ကားသွား၏။

စက္ကူရုပ်အမှတ်(၁)သည် သစ်သားငါးလေးကို တီးခတ်၍ ခေါင်းလောင်းများကို လှုပ်ရမ်းလိုက်ကာ သုတ္တန်များရွတ်ဆိုလိုက်သည်။

လီချန်ရှို့၏ အကြည့်သည် မြို့ရှိရာ အရပ်သို့ ဦးတည်နေ၏။ လူတချို့သည် ဤနေရာသို့ ကြည့်နေကြကြောင်း သူအာရုံခံလိုက်မိသော်လည်း မည်သူမှတော့ ရောက်မလာပေ။

သူသည် နတ်အာရုံသုံး၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး သတိကြီးကြီးထားနေလိုက်သည်။ ထို့နောက် သူသည် ဝိညာဉ်ထိန်းပုလဲလုံးကို ပစ်လွှတ်လိုက်သည်။ ပုလဲလုံးသည် လျင်မြန်စွာ လည်ပတ်သွားပြီး ထိုငါးယောက်၏ ဝိညာဉ်များကို တစ်ပြိုင်နက်တည်း စုပ်ယူလိုက်၏။

သူပြန်၍တိုက်ခိုက်လိုက်သဖြင့် ထိုလူများသည် ပြာဖြစ်သွားလေပြီ။ ဆယ်မိနစ်မျှပင် မကြာလိုက်ချေ။

လီချန်ရှို့သည် ဓားကို ဓားအိမ်အတွင်း ပြန်ထည့်၍ မြေကိုယ်ယောင်ဖျောက်အတတ်ကို ထုတ်လိုက်သည်။ စက္ကူရုပ်များသည်လည်း သူ၏ အင်္ကျီလက်အတွင်းသို့ ပြန်ဝင်သွားပြီဖြစ်သည်။

သမာဓိမီးတောက်ကြောင့် ပျက်ဆီးနေသော မြေပြင်ပေါ်ရှိ ဓမ္မရတနာများကိုလည်း အမှိုက်များသိမ်းရာ သိုလှောင်ဓမ္မအဆောင်ထဲတွင် သိမ်းဆည်းထားပြီး ဖြစ်၏။

နောက်ဆုံးအဆင့်အနေဖြင့် လီချန်ရှို့သည် အင်္ကျီလက်ကိုလှုပ်ခါလိုက်ရာ ပြာများသည် လေနှင့်အတူ ပါသွားပြီး အပင်နှင့် ဟင်းသီးဟင်းရွက်များအတွက် အာဟာရဖြစ်သွားလေတော့သည်။

ထို့နောက် အဆင့်မြှင့်ထားသော ကောင်းကင်ရတနာထီးကို ပြန်သိမ်းလိုက်ပြီး အရှေ့ရှိ သဲနွံတစ်ခုနှင့် တူသော မြေကြီးအတွင်းဝင်ကာ မြောက်အရပ်သို့ ဦးတည်သွားလိုက်လေသည်။

ထိုနေရာသို့ လာရောက်စူးစမ်းကြသော သူများသည် လီချန်ရှို့၏ နောက်ကျောကိုသာ မြင်လိုက်ကြရ၏။ လီချန်ရှို့သည် မြေကြီးထဲသို့ တစ်ကိုယ်လုံးမဝင်သွားမီ စကားတစ်ခွန်းအော်သွားခဲ့သေး၏။
“ ငါ့ရဲ့ ဓားကိုထုတ်ရအောင် ဖိအားမပေးပါနဲ့လို့ မင်းတို့ကို ငါပြောသားပဲ ”

ထို့ကြောင့် လာစူးစမ်းကြသူများသည် ထိုဓားသုံးသော ကျင့်ကြံသူသည် အလွန်တန်ခိုးစွမ်းအားကြီးသည်ဟု ထင်သွားကြလေတော့သည်။

*******

လီချန်ရှို့သည် ထိုစက္ကူကိုယ်ပွားရှိ နတ်တန်ခိုးများ များပြားသေးကြောင်း အာရုံခံမိ၍ ရှေ့ဦးစွာ မြောက်အရပ်သို့ လီ(၁၀၀၀) ကျော်အရင်သွားပြီးမှ အရှေ့အရပ်သို့ လှည့်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းရှိရာသို့ ဦးတည်သွားလိုက်သည်။

‘ ခုနက အခြေအနေက တကယ် အန္တရာယ်များတာပဲ ’

တော်သေးသည်မှာ ထိုအတုမဲ့နတ်ဝိဇ္ဇာသည် သတိမရှိဘဲ သူ၏ ရန်သူကို အထင်သေးတတ်သူ တစ်ယောက်ဖြစ်နေခြင်းပင်။ ထိုသူသည် ဓမ္မရတနာများသုံး၍ ရန်သူကို တိုက်ခိုက်ခြင်းကိုမူ ကျွမ်းကျင်၏။ သူ၏ အစွမ်းအကုန်မထုတ်ရသေးခင် အဆိပ်မှုန့်များနှင့် တိုက်ခိုက်မှုကို ခံလိုက်ရ၍ ရှုံးနိမ့်သွားရခြင်းဖြစ်သည်။

ယခုအခါတွင် လီချန်ရှို့ထံ၌ အားအင်မဲ့နတ်ဆေးထက် ပို၍ကောင်းသော ဝိညာဉ်ဖျက်ဆီးဆေးမှုန့်များ ရှိနေပေပြီ။

သူ ဓားကိုဆွဲထုတ်လိုက်စဉ်တွင် အဆိပ်မှုန့်အမျိုးအစား စုစုပေါင်း ခြောက်မျိုး ထွက်သွားခြင်းပင်။ အတုမဲ့နတ်ဝိဇ္ဇာ ကောင်းကင်မှ ပြုတ်ကျလာချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ဝက်သည် သေနေပြီ ဖြစ်သည်။ နောက်ဆုံး၌ ထိုအတုမဲ့နတ်ဝိဇ္ဇာသည်လည်း သမာဓိမီးတောက်၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်သာ။ ဝါးမျိုခံနေရစဉ်တွင် သူ၏ မူလဝိညာဉ်သည် တုန်လှုပ်နေဆဲဖြစ်၏။

‘ ငါသာ အဲ့နတ်ဝိဇ္ဇာလို သတိမရှိတဲ့သူဆို ငါ သေသွားနိုင်တယ် ’
လီချန်ရှို့သည် သက်ပြင်းချ၍ မိမိကိုယ်ကို သတိပေးလိုက်သည်။

သူသည် အနိုင်ရရှိခဲ့ပြီး ထိုလူများ၏ ပစ္စည်းများကို အချောင်ရလိုက်၍ အားရကျေနပ်နေသည်။

အမှန်တွင် ဝမ်းသာစရာကောင်းသောအရာ တစ်ခုမှမရှိပေ။ သူသည် အခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံရခြင်းမှာ လုံလောက်အောင် သိုသိုသိပ်သိပ် မရှိသေးဘဲ သတိလက်လွတ်ပြုမိ၍ဖြစ်သည်။

‘ စက္ကူကိုယ်ပွားပြန်ရောက်လာရင် ငါ့ရဲ့ အမှားတွေကို ပြန်သုံးသပ်ရမယ်။ နောက်ကျရင်တော့ ဆရာ့ကို အပြင်မှာ ရက်ကြာကြာ နေခိုင်းရမယ် ’

သို့သော်…

သူ၏ အင်္ကျီလက်အတွင်းရှိ ဝိညာဉ်ဆေးပင်များ၊ အဆိပ်ဆေးပင်များနှင့် ဝိညာဉ်သားရဲပေါက်လေးများနှင့် ပြည့်နေသော သိုလှောင်ဓမ္မရတနာကို ကြည့်၍ သူသည် နောက် သုံးနှစ်မှ ငါးနှစ်အတွင်း အလုပ်များနေပေတော့မည်ဟု တွေးလိုက်မိသည်။

သူသည် ချမ်းသာကြွယ်ဝလာလို၏။

သူ၏ တာအိုကို ပို၍ ပြီးပြည့်စုံလာအောင်လုပ်ရန် ပိုက်ဆံများစွာ လိုချင်၏။

လီချန်ရှို့သည် သူ၏ဆရာစောင့်နေသော တောအုပ်အတွင်းသို့ လျင်မြန်စွာသွားနေလေသည်။

တောအုပ်အတွင်းသို့‌ရောက်သောအခါ စက္ကူကိုယ်ပွားသည် မြေပြင်ပေါ်သို့ ခေါင်းပြူ၍ ကြည့်လိုက်၏။ သူသည် အာရုံခံကျောက်မျက်ကို ကြည့်လိုက်ရာ အနည်းငယ်လင်းနေသည်ကို တွေ့လိုက်ရသဖြင့် အာရုံခံကြည့်ရာ (၁၀)လီအကွာတွင် ပုန်းအောင်းနေသော သူ၏ဆရာကို အာရုံခံမိလိုက်၍ အသံပို့လွှတ်လိုက်သည်။
“ ဆရာ… ကျေးဇူးပြုပြီး ဆရာ့ရဲ့ နတ်အာရုံကို ပြန်သိမ်းထားပေးပါဦး ”

ချီယွမ်သည် ထိုစက္ကူကိုယ်ပွားကို တစ်ချက်အာရုံခံလိုက်ပြီးနောက် ချက်ချင်းပင် သူ၏ နတ်အာရုံကို ပြန်သိမ်းလိုက်သည်။

စိန်ပုံသဏ္ဍာန်ရှိသော ကျောက်မျက်လေးသည် လင်းမနေတော့ပေ။ ထို့နောက် ၎င်းသည် မြေပေါ်သို့ ထွက်လိုက်ပြီး ပုခုံးကျုံ့ကာ ရေရွတ်လိုက်၏။
“ သေးစေ…သေးစေ….သေးစေ… ”

စက္ကူကိုယ်ပွား ဘေးတွင် နတ်အလင်းတန်းများ ထပ်၍ ပေါ်ပေါက်လာပြန်သည်။ သူ့ပုခုံးပေါ်ရှိ အဝတ်အိတ်လေးသည် ဖောင်းကားနေပေပြီ။ သူသည် သေတ္တာပေါ်သို့ ခုန်တက်လိုက်ပြီး အဖုံးဖွင့်ကာ အထဲသို့ ဝင်လိုက်၏။
“ ဆရာ.. သေတ္တာလေးကို ပြန်ယူလို့ရပြီ။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ဂိုဏ်းကို ပြန်သွားလိုက်တော့။ နောက်တစ်ခေါက်ကျရင် အကြောင်းပြချက်ကောင်းတစ်ခုရှာပြီး ထပ်ထွက်ကြတာပေါ့ ”

တာအိုရသေ့အိုကြီး ချီယွမ်သည် ရယ်လိုက်သည်။ သူသည် တိမ်စီး၍ရောက်လာပြီး လေးထောင့်သေတ္တာလေးကိုယူလိုက်၏။

လီချန်ရှို့၏ စိတ်သည် ဆေးဖော်ဆောင်အတွင်းရှိ ခန္ဓာကိုယ်အစစ်အတွင်းသို့ ပြန်ရောက်သွားလေသည်။ သူသည် ချက်ချင်းပင် စိတ်သက်သာရာရသွားဟန် သက်ပြင်းရှည်ကြီးချလိုက်လေသည်။

သူခံစားနေရသော နှနယ်မှု၊ ကူကယ်ရာမဲ့မှု၊ အားနည်းမှု၊ ဖျော့တော့မှုတို့သည် ပျောက်ကွယ်သွားပေပြီ။

‘ ခန္ဓာကိုယ်အစစ်ကပဲ သက်တောင့်သက်သာ အရှိဆုံးနဲ့ အလုံခြုံဆုံးပဲ ’

******

‘ ဂိုဏ်းတူအစ်ကို ချန်ရှို့က ဘာကြိုက်လောက်လဲ ’
တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်ခွင်းတောင်ရှိ ကျိုးနတ်ဝိဇ္ဇာကိုးပါးတို့၏ နေရာနှင့် သိပ်မဝေးသည့် ကျောက်နံရံတစ်ခုရှိ ဂူလေးထဲတွင်…

ဂူ၏ အပြင်ပန်းသည် သာမန်သာဖြစ်သော်လည်း အတွင်းပိုင်းမှာမူ အလွန်ခမ်းနားလှ၏။

ဂူအတွင်းသို့ ဝင်ဝင်ချင်း လှပသောခန်းမကြီးထဲ ရောက်သွားမည်ဖြစ်ပြီး လက်ဝဲဘက်တွင် (၁)ကျန့်ခန့်ရှည်သည့် ကြာကန်လေးကို တွေ့ရပေမည်။ ကန်၏ အောက်ခြေတွင် ဝိညာဉ်ကျောက်စိမ်းများ ပြန့်ကျဲနေသည်။ ကန်အတွင်းမှ ရေသည် အလင်းရောင်များ တောက်ပနေပြီး ကြာရွက်များ၏ အောက်တွင် ငါးကြင်း တစ်ကောင်၊ နှစ်ကောင် ရှိနေလေသည်။

လက်ယာဘက်တွင်မူ ကျယ်ပြန့်သော ဧည့်ခန်းမဆောင်ကြီး ရှိလေသည်။ ထိုခန်းမဆောင်ထဲတွင် တရားထိုင်ဖျာများ၊ ထိုင်ခုံများနှင့် အခန်းဖွဲ့တစ်ခုလည်း ရှိ၏။ ထိုခန်းမဆောင်၏ ဝင်ပေါက်၊ ထွက်ပေါက်နှစ်ခုလုံးကို ခန်းဆီးများဖြင့် ကာထား၏။ နံရံများတွင်လည်း တောင်တန်းများ၊ မြစ်များပုံကို ပန်းချီဆွဲထားလေသည်။

ဂူအတွင်းပိုင်းသို့ ဆက်၍သွားလျှင် လမ်းခွဲနှစ်ခုရှိနေသည်ကို သိရပေမည်။ တစ်လမ်းသည် ထိုဂူတွင် တရားကျင့်ကြံနေထိုင်သော ဂူပိုင်ရှင် အတုမဲ့နတ်ဝိဇ္ဇာ ကျန်းကျင်းရှန်၏အခန်းသို့ ရောက်သည်။ ကျန်တစ်လမ်းသည် ကျန်းကျင်းရှန်၏ တပည့် ယုံချင်ရွှမ်းယာ၏ အခန်းသို့ရောက်၏။ သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ မျိုးဆက်သစ်တပည့်များ၏ ခေါင်းဆောင် ဖြစ်သည်။

တာအိုဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှ နိုးလာခါစဖြစ်သော ယုံချင်ရွှမ်းယာသည် မေးခွန်းတစ်ခုကို စဉ်းစားနေခြင်းဖြစ်သည်။
‘ ဆရာ အရင်ကပြောတာကတော့ လက်ဆောင်ပေးတာက မိတ်ဆွေဆက်ဆံရေးကို ပိုပြီး ချောမွေ့လာစေတဲ့ နည်းလမ်းပဲတဲ့ ’

သူမသည် ဂိုဏ်းတူအစ်ကို ချန်ရှို့ကို လက်ဆောင်တစ်ခုပေးလို၍ သူ့ထံမှလည်း လက်ဆောင်တစ်ခု ပြန်လိုချင်လေသည်။ ထိုသို့ဆိုလျင် သူသည် သူမကို မိတ်ဆွေတစ်ယောက်ကဲ့သို့ သဘောထားကြောင်း သက်သေပြနိုင်ပေမည်။

မိတ်ဆွေများသည် အချင်းချင်း အမြဲမပြတ်ဆက်သွယ်ကာ သူတို့၏ ဆက်ဆံရေးကို တိုးတက်‌အောင် လုပ်ရပေမည်။ တစ်ဦးကိုတစ်ဦး အရာအားလုံး ပြောပြနိုင်သည့် မိတ်ဆွေဆက်ဆံ‌ရေးကို ယုံချင်ရွှမ်းယာ လိုချင်၏။

ကံဆိုးစွာပင် သူမတွင် မိတ်ဆွေတစ်ယောက်မှ မရှိသေးပေ။
‘ အစ်ကို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်ဘူး။ ပြီးတော့ အစ်ကို့မှာ မြေကိုယ်ယောင်ဖျောက်အတတ်တစ်ခုပဲ လောက်လောက်လားလားရှိတယ်။ တခြားသူတွေသာ အဲ့အကြောင်းကိုသိသွားရင် အစ်ကို အလှောင်ခံရလိမ့်မယ် ’

မြေကိုယ်ယောင်ဖျောက်အတတ်…

ယုံချင်ရွှမ်းယာ မျက်တောင်ခတ်လိုက်သည်။ သူမ၏ မျက်တောင်မွေးလေးများ လှုပ်ခတ်သွားပြီး အကြံတစ်ခု ပေါ်လာလေတော့သည်။

သူမသည် နောက်လှည့်၍ ဗီရိုဆီသို့ လမ်းလျှောက်သွားလိုက်သည်။ သူမအခန်းတွင်းရှိ ပရိဘောဂများသည် ရိုးရိုးရှင်းရှင်းသာဖြစ်သော်လည်း ၎င်းတို့ကို ထူးခြားဆန်းကြယ်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

သူမသည် ဗီရိုအတွင်းမှနေ၍ ရတနာသေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူမသည် ထိုသေတ္တာကိုဖွင့်လိုက်ရာ တောက်ပသွားပြီး ဝိညာဉ်အလင်းများထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

ထိုရတနာများသည် အမတလမ်းစဉ်ကိုလျှောက်ရန် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ မလာမီ သူမ၏ မိဘများက ချီးမြှင့်လိုက်သော ရတနာများဖြစ်သည်။ တောင်ကျွန်းရှိ သေမျိုးလောကသည် ပရမ်းပတာဖြစ်နေသော်လည်း လူသား ဧကရာဇ်များ၏ ကုသိုလ်ကံသည် ကြီးမားလွန်းလှသည်။ မည်သည့် ချီကျင့်ကြံသူမှ လူသားဧကရာဇ်များ၏ အသက်ကို ရန်မရှာဝံ့ပေ။

သို့သော် ဧကရာဇ်များသည်လည်း နည်းလမ်းပေါင်းစုံသုံး၍ ချီကျင့်ကြံသည့် အတတ်များကို ရအောင်ပြုလုပ်နေကြ၏။

သေမျိုးလောကရှိ လူသားဧကရာဇ်ထဲမှ တစ်ဝက်ခန့်သည် ထိုနည်းစနစ်များကိုသုံးကာ သူတို့၏ အသက်ကို ရှည်အောင် ဆွဲဆန့်ကြလေသည်။ ဥပမာအားဖြင့် ယုံချင်တိုင်းပြည်သည် သာမန်လူများနှင့် ချီကျင့်ကြံသူများ လိုက်လျောညီထွေနေကြသည့် တိုင်းပြည်တစ်ခု ဖြစ်သည်။ ဧကရာဇ်မှစ၍ စစ်သူကြီးများအထိ သာမန်နတ်ဝိဇ္ဇာတစ်ပါးနှင့် ယှဉ်နိုင်သော ကျင့်ကြံခြင်းအဆင့်ရှိကြသည်။

ယုံချင်ရွှမ်းယာသည် ရတနာသေတ္တာကို အတန်ကြာမွှေနှောက်ပြီးနောက် အဝါရောင်ပုလဲလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။

ထိုပုလဲလုံးသည် ဓမ္မရတနာ မဟုတ်ပေ။ ဝိညာဉ်ကြောမှ သဘာဝအတိုင်းဖြစ်ပေါ်လာသော ပုလဲလုံးဖြစ်သည်။ ၎င်းတွင် ဓာတ်ကြီးငါးပါးထဲမှ တစ်ပါး ဖြစ်သည့် သန့်စင်သော မြေဓာတ်အစွမ်းများ ပါလေသည်။ ၎င်းသည် အဖိုးတန်ရတနာတစ်ခု မဟုတ်သော်လည်း မြေဓာတ်နှင့်ဆိုင်သော ဓမ္မမန္တန်များအတွက် အထောက်အကူပေး၏။

မြေကိုယ်ယောက်ဖျောက်အတတ်သည်လည်း သာမန်အတတ်တစ်ခုသာ ဖြစ်သည်။ သို့သော် မြေကိုယ်ယောင်‌ယောင်ဖျောက်အတတ်အတွက် ထိုပုလဲသည် အဖိုးတန် ဓမ္မရတနာများ၊ ဓမ္မအဆောင်များထက် များစွာပို၍ အသုံးဝင်လေသည်။

“ ဂိုဏ်းတူအစ်ကိုက ဒီလက်ဆောင်ကို သေးသေးမွှားမွှားလို့များ တွေးမိလောက်လား ”
ယုံချင်ရွှမ်းယာသည် အတန်ကြာတွေးတောပြီး‌နောက် ဆုံးဖြတ်ချက်ချလိုက်လေသည်။ သူမသည် ယွန်းဘူးအသေးလေးတစ်ခုကိုယူ၍ ပုလဲလုံးကို ထိုယွန်းဘူးထဲသို့ ထည့်လိုက်၏။

သူမသည် ထပ်၍ တွေးတောလိုက်ပြီးနောက် ပန်းထိုးထားသော လက်ကိုင်ပဝါတစ်ထည်ကိုယူကာ အတန်ငယ်ချီတုံချတုံဖြစ်နေပြီး နောက်ဆုံးတွင် ထိုလက်ကိုင်ပဝါပေါ်၌ စာ‌ရေးလိုက်လေသည်။

“ အစ်ကိုချန်ရှို့ အတွက်… ”
ထို့နောက် ပုလဲလုံးကို ထိုလက်ကိုင်ပဝါဖြင့် ထုတ်ပိုးလိုက်ပြီး ယွန်းဘူးကို ပိတ်လိုက်၏။ သူမသည် နှုတ်ခမ်းစေ့၍ ပြုံးလိုက်သည်။ သူမ၏ ခြေလှမ်းများပင် ပေါ့ပါးတက်ကြွနေလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset