ချင်ဘုရင်၏ မြေးနာမည်ကား ချင်လီဟု ခေါ်သည်။ သူသည်လည်း အရှေ့မြေရိုင်း ဒေသတွင် ပါရမီ အမြင့်ဆုံး လူငယ်မျိုးဆက် တစ်ယောက် ဖြစ်သည်။ ယခုတွင် သူ၏ အဖေက ချင်ပြည်ထောင်၏ အိမ်ရှေ့စံ မင်းသားအဖြစ် အပ်နှင်း ခံရတော့မည် ဖြစ်ကာ အရှေ့မြေရိုင်း ဒေသ၏ လွှမ်းမိုးနိုင်စွမ်း အရှိဆုံး လူတစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် ချင်လီ၏ လှုပ်ရှားမှုများ အားလုံးက လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သည်။
ချင်လီ၏ စကားက မသင့်တော်သောပုံ မဟုတ်သလို သူက ရီဖူရှင်း၏ နာမည်ကိုလည်း ထည့်မပြောခဲ့ပေ။ သို့သော် သူက ထိုအချိန်တွင် ဝင်ပြောခြင်းက လူ အများအပြားအား လွဲမှားစွာ နားလည် သဘောပေါက် စေသည်။ ဖြစ်နိုင်သည်က နားလည်မှု လွဲခြင်း မဟုတ်ဘဲ သူ၏ မူလ သဘောထားလည်း ဖြစ်နိုင်လောက် ပေသည်။
ရီဖူရှင်းကား ကော့တေး၏ တပည့်တစ်ယောက် ဖြစ်သော်လည်း ချင်ဘုရင်၏ မြေးက ဒွန်ဟွာကလန်မှ တပည့်များကို ချီးကျူးနေသည်။ နောက်ကွယ်မှ အဓိပ္ပာယ်များကား အမှန်ပင် ရှုပ်ထွေးသည်။
မှန်သည်… တခြားတစ်ဖက်မှ ကြည့်လျှင် ချင်ဘုရင်၏ မြေးပြောသည်မှာ သဘာဝ ကျပေသည်။ စံချိန်များက ချိုးဖျက်ရန် ဖြစ်လာခြင်းပင်။ ရီဖူရှင်းက အလွန် အားကောင်းသော နည်းလမ်းဖြင့် ချိုးဖျက်ခဲ့ခြင်း ကြောင့်သာ ရီဖူရှင်းက တန်ခိုး အဆင့်နိမ့်သည့်တိုင် သူ့အား အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို ကျော်ကြား သွားစေခြင်း ဖြစ်သည်။
အနာဂတ်တွင် ရီဖူရှင်းက မည်မျှ အင်အား ကြီးလာမည်ကို မည်သူမှ မသိပေ။ သို့သော်လည်း လက်ရှိတွင် သူကား တန်ခိုးအဆင့် နိမ့်သော သူတစ်ယောက်မျှသာ ဖြစ်သည်။
ဒွန်ဟွာကလန်မှာ တကယ့် အစစ်အမှန် ပါရမီရှင် နှစ်ယောက်မူကား သူတို့ နှစ်ယောက်လုံးမှာ အလွန်အမင်း ထူးချွန်လွန်းလှပြီး တစ်ယောက်မှာ လက်ရှိတွင် အရှေ့မြေရိုင်း ဒေသ၏ အတော်ဆုံး တန်ခိုးရှင် တစ်ယောက်အဖြစ် ရပ်တည်နေသည်။ အိမ်ရှေ့စံမင်းသား ချင်ယွီနှင့် ကော့တေးမှ ဂူတုံးလျိုတို့ကသာ သူနှင့် နှိုင်းယှဉ် နိုင်လောက် ပေသည်။
ချင်လီ၏စကားက အားလုံးသော အင်အားစုများ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ပြောကြသည်မှာ တစ်စုံတစ်ယောက်က ဒွန်ဟွာကလန်မှ တပည့်တစ်ယောက်နှင့် တွေ့ရာ ချင်လီ၏စကားနှင့် ပတ်သက်၍ သူ့အမြင်ကို မေးကြည့်သည်။ ဒွန်ဟွာကလန်မှ တပည့်က ပြုံးလျက် ရီဖူရှင်းက ရှေးဟောင်း မြေရိုင်းဒေသတွင် စွမ်းဆောင်ရည် မြင့်မားသည့်တိုင် ပါရမီရှင်တစ်ယောက် အနေဖြင့် သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို သက်သေပြနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ဒွန်ဟွာကလန်မှ တပည့်က ပြောခဲ့သည်မှာ ဖြစ်နိုင်သည်က ရီဖူရှင်းက နောက်နှစ် အနည်းငယ် အတွင်းတွင် သူ၏ တန်ခိုးအဆင့်များ မြင့်လာသောအခါ တကယ့် ပါရမီရှင်များနှင့် နှိုင်းယှဉ် နိုင်လောက်ပေသည် ဟူ၍ပင်။
လူအများအပြားက ချင်လီ၏ စကားနှင့် ဒွန်ဟွာကလန်မှ လူ၏ မှတ်ချက်က ဆီလျော်သည်ဟု ခံစားမိကြသည်။ တခြား တစ်ဖက်တွင် ရီဖူရှင်း၏ ပါရမီက အလွန် ထူးခြား ထက်မြက်သော်လည်း ရှေးဟောင်း မြေရိုင်းဒေသမှ ရီဖူရှင်း၏ စွမ်းဆောင်ရည် များကို ပြန်တွေးကြည့်လျှင် အမှန်တကယ် သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို ကိုယ်စား မပြုနိုင်ကြောင်း တွေ့ရသည်။
မှန်သည်… သူတို့က ရီဖူရှင်းအား မူလကတည်းက အရှေ့မြေရိုင်း ဒေသ၏ အတော်ဆုံး ပါရမီရှင်များနှင့် နှိုင်းယှဉ် နေကြသော ကြောင့်ပင်။
ထိုကိစ္စအပြင် လူအများက တခြား မူမမှန်သော အကြောင်းအရာ တချို့ကိုလည်း သတိထားမိ ကြသည်။
ချင်ဘုရင်၏ မြေး ချင်လီကား အိမ်ရှေ့စံမင်းသား၏ သားတော် မကြာမီ ဖြစ်လာတော့မည် ဖြစ်သည်။ သူက ကော့တေးမှ တပည့်နှင့် ဒွန်ဟွာကလန်မှ တပည့်များအား အဘယ်ကြောင့် မှတ်ချက် ချရသနည်း။
ရီဖူရှင်းက ချင်လီနှင့် ဒွန်ဟွာကလန်မှ လူ၏ မှတ်ချက်များကို မသိပေ။ လျိုနိုင်ငံက သူ့ထံ လာရောက် လည်ပတ်သော အချိန်တွင်မှ သိတော့သည်။
“စီနီယာလျိုကို နှုတ်ဆက်ပါတယ်….” ရီဖူရှင်းထံ ရောက်လာသော လျိုနိုင်ငံမှ လူများမှာ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ ဖြစ်ကြသည်။ သူတို့က လျိုဖန်းအားမြင်လျှင် ဦးညွှတ်ကာ အရိုအသေ ပေးကြသည်။ ရီဖူရှင်းက ထိုအခြင်းအရာများအား အသားကျနေပြီး ဖြစ်သည်။ ချင်ပြည်ထောင်မှ မင်းသားပင်လျှင် လျိုဖန်းအား အဆင့်အတန်း တူသောသူ အဖြစ် သတ်မှတ်ရသည်။
မှန်သည်… ထိုအခြင်းအရာမှာ ရီဖူရှင်းက လျိုဖန်းအား ပထမ စတွေ့သော အချိန်က အစားအစာ ချက်ပြုတ် နေသည်ကို တွေ့ခဲ့သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ပြင်ပလောကမှ သူ၏ အဆင့်အတန်းကို မြင်လျှင် ထူးဆန်းသလို ဖြစ်နေခြင်းပင်။
ကော့တေး၏ တပည့်တစ်ယောက်က စာအုပ်တောင်ပေါ်တွင်နှင့် တောင်အောက်တွင် အဆင့်အတန်းက မိုးနှင့် မြေပမာ ကွာခြားပေသည်။
“မင်းရဲ့ သူငယ်ချင်းတွေလား…” လျိုဖန်းက ရီဖူရှင်းကို မေးသည်။
“ဟုတ်ကဲ့….” ရီဖူရှင်း ခေါင်းညိတ်သည်။
“မင်းတို့ ပြောကြ….” လျိုဖန်းက ပြောသည်။ ထို့နောက် သူက ဘေးနားတွင် သွားရောက် ထိုင်နေသည်။
“မင်းရဲ့ ဝူချင်းက ဘယ်မှာလဲ….” ရီဖူရှင်းက လျိုချန်းယွီအား ပြုံးလျက် ကြည့်ကာ မေးလိုက်သည်။
လျိုချန်းယွီက ရီဖူရှင်းအား မျက်လုံး ပြူးကျယ်လျက် ကြည့်ကာ ပြောသည်…. “ငါ လိုက်မေးကြည့် ပြီးပြီ …. ဝူချင်း ရောက်မလာဘူး…. နင်တို့ထဲမှာ နင်နဲ့ ယူချင်းပဲ ဒီကိုလာတယ်….” လျိုချန်းယွီက ပြောသည်။
“ဂျီယူလည်း မလာဘူးလား…..” ရီဖူရှင်းက မေးသည်။
“မလာဘူး….” လျိုချန်းယွီက ခေါင်းယမ်းလျက် ပြောသည်။ ရီဖူရှင်း စိတ်ပျက် သွားသည်။ သူ လာမည်ကို ဟွာဂျီယူက မသိသည်လည်း ဖြစ်နိုင်သည်။
“မင်းက ချင်ဘုရင်ရဲ့ မြေးနဲ့ ဒွန်ဟွာကလန်တို့နဲ့ ပတ်သက်တာကို ကြားပြီးပြီလား…..” လျိုဖေးယွန်က မေးသည်။
ရီဖူရှင်းက ခေါင်းယမ်းလျက် မေးသည်… “ဘာဖြစ်လို့လဲ…..”
လျိုဖေးယွန်က ရီဖူရှင်းအား ဖြစ်ပျက်နေသမျှအား ပြောပြသည်။ သိပ်မဝေးသော နေရာမှ လျိုဖန်းက သူတို့ဘက်ကို ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေသည်။ သို့သော် ချက်ချင်းပင် သူ၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားကာ ထပ်မံ၍ ဂရုစိုက်ဟန် မပြတော့ပေ။
ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်လာကာ ပြောသည်… “ချင်လီက ဘာလို့ ဒီလို ပြောရတာလဲ….”
“ငါ ကြားတာကတော့ မင်းသားချင်ယွီက ထိပ်သီး အင်အားစုတွေ အကုန်လုံးကို သွားရောက် လည်ပတ်နေတယ်တဲ့…. သူ့မှာ ရည်ရွယ်ချက်ကြီး တစ်ခု ရှိလိမ့်မယ်…” လျိုဖေးယွန်က ပြောသည်။
“ချင်ယွီက ချင်ပြည်ထောင်ကို သူ့လက်ထက်မှာ ပြန်တည်ဆောက် ချင်တယ်….. ဒါပေမဲ့ ဒီကိစ္စက သူ စဉ်းစားသလောက် မလွယ်ဘူး…. သူက ဒွန်ဟွာကလန်နဲ့ ပူးပေါင်း လိုက်ရင်တောင်မှ အရှေ့မြေရိုင်း ဒေသကို အုပ်စိုးဖို့ ဆိုတာ….” လျိုဖန်းက ပြုံးလျက် ခေါင်းယမ်းလိုက်သည်။
“စီနီယာလျို… ခင်ဗျား ပြောတာက ချင်ပြည်ထောင်က ဒွန်ဟွာကလန်နဲ့ ပူးပေါင်းလိုက်ပြီလား…..” လျိုဖေးယွန်၏ မျက်လုံးများက အရောင်လက် သွားသည်။
“ချင်ပြည်ထောင်က သူတို့ရဲ့ နဂို ခမ်းနားမှုကို ပြန်လည် လိုချင်တယ်… ဒွန်ဟွာကလန်က အကောင်းဆုံး ကလန်တစ်ခု ဖြစ်ချင်တယ်…. သူတို့က တစ်ခုနဲ့တစ်ခု မဆန့်ကျင်ဘူး….” လျိုဖန်းက ပြုံးလိုက်သည်…. “နောက်ထပ် အင်အား တစ်ခုလည်း ထပ်ပေါင်းလို့ ရသေးတယ်…. ဥပမာ…. ပညာသင်ပေးတဲ့ ကျောင်းတော်လိုမျိုး…..”
လျိုဖေးယွန် ထိတ်လန့်သွားသည်။ ကြည့်ရသည်မှာ ချင်ယွီက လျိုဖန်းနှင့် စကားပြောပြီး သွားပြီထင်သည်။ အကယ်၍ ထို ထိပ်သီး အင်အား သုံးခုကသာ ပေါင်းစပ်သွားလျှင် အလွန် ကြောက်မက်ဖွယ် ကောင်းသွား ပေတော့မည်။ ထို့အပြင် ထိုအင်အားစု သုံးခုက မတူကွဲပြားသော ဖြစ်တည်မှုများ ဖြစ်ကာ ပြဿနာ မရှိနိုင်ပေ။
နိုင်ငံတစ်ခု၊ ကလန်တစ်ခုနှင့် ကျောင်းတော်တစ်ခုက အမှန်ပင် လိုက်လျော ညီထွေရှိသည်။
ရီဖူရှင်းက လျိုဖန်းအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ၏ အစ်ကိုငါးက ချင်ဘုရင်၏ သားတော်နှင့် မြေးတော်တို့ကို တစ်ခါမျှ တွေ့ရုံမျှဖြင့် ထိုမျှတိကျသော ကောက်ချက်ကို ချနိုင်မည်ဟု သူလုံးဝ မထင်ထားမိပေ။
“ကျောင်းတော်က ငြင်းပယ်ခဲ့တာလား…..” လျိုဖေးယွန်က မေးသည်။ အကယ်၍ ကျောင်းတော်က သဘောတူခဲ့လျှင် သူတို့၏ လွှမ်မိုးနိုင်စွမ်းဖြင့် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က အလွန် ကြောက်မက်ဖွယ် ကောင်းလာတော့ ပေမည်။
“အခု ကျောင်းတော်က အရှေ့မြေရိုင်း ဒေသရဲ့ အကောင်းဆုံး ကျောင်းတော် ဖြစ်နေပြီးပြီပဲ…. ဘာလို့ သူတို့က ကြောင်တစ်ကောင်ရဲ့ လက်သည်းအဖြစ် ခံရမှာလဲ….. အဲဒီ အဘိုးကြီးတွေက ဒီလောက် မတုံးဘူး…..” လျိုဖန်းက ပြုံးလိုက်သည်…. “ဒါကြောင့် သူတို့က ကော့တေးကို တွေးတယ်…. ဒါပေမဲ့ ချင်ပြည်ထောင်က ကော့တေးကို အထင်သေးတာပဲ…. ဆရာက ပျင်းရိပေမဲ့ သူ့မှာ ရည်မှန်းချက် ရှိတယ်…..”
ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ ယခုတွင်ပင် အစ်ကိုငါးက ချင်ယွီတွင် သူ၏ ရည်မှန်းချက် ရှိသည်ဟု ပြောသည်။ ယခု ကော့တေးတွင်လည်း ရည်မှန်းချက် ရှိနေသည်။ သူက စိတ်ဝင်တစား မေးလိုက်သည်…. “ဆရာရဲ့ ရည်မှန်းချက်က ဘာလဲ….”
“ငါမေ့သွားပြီ… မင်းက ဆရာကို တွေ့တဲ့အခါ ကိုယ်တိုင်သာ မေးကြည့်တော့….” လျိုဖန်းက ပြုံးလျက် ပြောသည်။ ရီဖူရှင်း ဆွံ့အသွားသည်။
“ဒါဆို ချင်ဘုရင်ရဲ့ မြေးက ရီဖူရှင်းရဲ့တန်ဖိုးကို တမင် နှိမ့်ချပြီးတော့ ဒွန်ဟွာကလန်ကို မြှောက်ပြောတာပေါ့…” လျိုဖေးယွန်၏ မျက်လုံးများက လင်းလက် သွားသည်။ သူကား လျိုဖန်း၏ စကားများကို သိပ်မအံ့သြတော့ပေ။ ချင်ပြည်ထောင်ကား အမြဲလိုပင် အရှေ့မြေရိုင်း ဒေသကို ပြန်လည် အုပ်စိုးချင်ခဲ့သည်။ ဒွန်ဟွာကလန်ကလည်း အရှေ့မြေရိုင်း ဒေသတွင် နံပါတ်တစ်ကလန် ဖြစ်လိုနေသည်။ ထိုကိစ္စများက လျှို့ဝှက်ချက်များ မဟုတ်ပေ။
“ဖြစ်ကောင်း ဖြစ်နိုင်တယ်….” လျိုဖန်းက ပြုံးလျက် ပြောသည်။
“ကျုပ်တို့က တန်ပြန် တိုက်စစ်ဆင်ဖို့ မလိုဘူးလား….” လျိုဖေးယွန်က မေးသည်။
“ကော့တေးက တခြားလူတွေရဲ့ အမြင်တွေကို ဂရုမစိုက်ဘူး…. အရင်တုန်းက အစ်ကိုကြီးက တောင်အောက်ကို မဆင်းခင်က လူတွေက သူ့ကို အများကြီး မေးခွန်း ထုတ်ခဲ့ကြတယ်…. သူ့ကို ကျော်ကြားစေတဲ့ တိုက်ပွဲဖြစ်ပြီး နောက်မှာ လူတိုင်းက သူ့ကို သိသွားတယ်…. တချို့က အစ်ကိုကြီးရဲ့ ထူးချွန်မှုက တိုက်ဆိုင်မှု သက်သက်လို့ ထင်ကြတယ်… ဒါပေမဲ့ အစ်ကိုသုံးက တောင်အောက်ကို ဆင်းသွားတဲ့ အချိန်မှာ အဲဒီအသံတွေအကုန် တိတ်ဆိတ်သွားတယ်….” လျိုဖန်းက ခံစားချက်မဲ့သော လေသံဖြင့် ပြောသည်။ ကော့တေး၏ သမိုင်းကား ရိုးရှင်းသည်။ သူတို့၏ သမိုင်းကား တပည့်နှစ်ယောက်က တောင်အောက်ကို ဆင်းသည့် အကြောင်းမျှသာ။
သို့သော်လည်း ထိုမျှ ရိုးရှင်းသော ပုံပြင်က အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို လှုပ်ယမ်းစေနိုင်သည်။ အစ်ကိုကြီးက တောင်အောက်ကို ဆင်းကာ ဖူယွန်ဓားကလန် ခေါင်းဆောင်အား စိန်ခေါ်ခဲ့သည်။ သူကား ထိုတိုက်ပွဲ တစ်ခုတည်းဖြင့် နာမည်ကျော်သွားကာ သူ၏ ကိုယ်ပိုင်ကလန်ကို ထူထောင်ခဲ့သည်။
အစ်ကိုသုံး၏ ပုံပြင်က ထိုထက် ရိုးရှင်းသည်။ ကော့တေး၏ ဆရာကား တစ်ကြိမ် တစ်ခါက ခရီးသွားနေရင်းက မတရားမှုတစ်ခုနှင့် ကြုံသည်။ အင်အားကြီး အဖွဲ့အစည်း တစ်ခုမှ လူငယ် တစ်ယောက်က မိသားစုတစ်ခုမှ မိန်းကလေး တစ်ယောက်အား သဘောကျသည်။ သူမထံမှ ငြင်းပယ် ခံရပြီးနောက် ထိုမိသားစုကား အမှန်ပင် အမြစ်ပြုတ် သတ်ဖြတ်ခံရသည်။ ကော့တေးမှ ဆရာက ထိုနေရာကို ရောက်သွားသောအခါ ၎င်းမိသားစုမှ ကျန်ရစ်သော မိဘမဲ့ကလေး တစ်ယောက်သာ ရှိတော့သည်။
ကောလာဟလများအရ ကော့တေးဆရာကား တန်ခိုးကျင့်ခြင်းတွင် မစွမ်းဘဲ တခြား လူများကိုသာလျှင် သင်ပေးတတ်သည်။ ထိုအင်အားစုမှ လူငယ်က ကော့တေး ဆရာအား မလေးမစား ပြုမူသော်လည်း ကော့တေးမှ အကြီးဆုံး တပည့်၏ အရှိန်အဝါကြောင့် ဘာမှ မလုပ်ရဲဘဲ ကော့တေး ဆရာကာ မိဘမဲ့ ကလေးအား ခေါ်သွားခြင်းကို ခွင့်ပြုပေးခဲ့ရသည်။
ပုံပြင်၏ နောက်ပိုင်းကား ပိုမို၍ ရိုးရှင်းသည်။ ကော့တေးမှ တတိယ တပည့်က တောင်အောက်ကို ဆင်းသွားလျှင် ထိုအင်အားကြီး အဖွဲ့အစည်းက ထိုအချိန်မှစ၍ အရှေ့မြေရိုင်း ဒေသမှ လုံးဝ ပျောက်ကွယ် သွားသည်။
ထိုအဖြစ်အပျက် နှစ်ခုနောက်ပိုင်း ကော့တေးကား အလွန် နာမည် ကျော်ကြား လာကာ လူငယ်တိုင်း၏ လိုလား တောင့်တရသော တန်ခိုးကျင့်ရာ မြင့်မြတ်နယ်မြေ ဖြစ်လာခဲ့သည်။ ကော့တေးမှ တပည့်များက ပြင်ပလောကတွင် သိပ်မတွေ့ရသော်လည်း တပည့်တစ်ယောက်က တောင်အောက်ကို ဆင်းတိုင်း မည်သည့် အင်အားစုကမှ မလေးမစား မပြုမူရဲတော့ပေ။ မဟုတ်လျှင် မည်သို့သော အကျိုးဆက် ခံစားရမည်ကို ဘုရားသာလျှင် သိပေတော့မည်။
ထိုအခြင်းအရာကို တွေးပြီး လျိုဖန်းက ပြုံးကာ ပြောသည်…. “အမှန်က ချင်ဘုရင်ရဲ့ မြေးပြောတာ မှန်တယ်…. လူတွေက အတိတ်က လူတွေရဲ့ ထွန်းတောက်မှုတွေကို အလွယ်တကူ မေ့သွားလေ့ရှိကြတယ်…. ဒီအလေ့အထတွေကို သူတို့က ဘယ်တော့မှ မပြင်နိုင်ကြဘူး…..”
လျိုဖန်း၏ စကားကိုကြားလျှင် လျိုဖေးယွန်က ဆွံ့အသွားသည်။ ကော့တေးကား အမှန်ပင် ကော့တေး ဖြစ်သည်။ သူတို့ကား အလွန် မာနကြီးကြသည်။ ထိုအရာက ကော့တေးမှ တပည့်တိုင်းက ထိုပုံစံ ဖြစ်နေခြင်းပင်။ သူက ဂူတုံးလျို၏ မောက်မာ ဝင့်ကြွားမှုကိုလည်း ကန်ယီနိုင်ငံတွင် မြင်ဖူးပြီး ဖြစ်သည်။ ကော့တေးမှ အစ်ကိုငါးကလည်း တူညီစွာပင် မောက်မာသည်။
ရီဖူရှင်းကား မူလကတည်းက မာနကြီးကာ မောက်မာသောသူ ဖြစ်သည်။ ယခု သူက ထိုသို့သော နေရာကို ရောက်ရှိ သွားပြီဖြစ်ရာ နောင်တွင် ရီဖူရှင်းက မည်သို့ ဖြစ်လာမည်နည်း။
***