ချင်နန်းတော်ကား အလွန်အမင်း ထည်ဝါခန့်ညားသည်။ သူတို့က များစွာသော လေမုန်တိုင်းများ ဘေးအန္တရာယ်များကို ရင်ဆိုင်ခဲ့ရပြီး ဖြစ်ကာ အရှေ့မြေရိုင်း ဒေသတွင် တည်တံ့စွာ ရပ်တည်နိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း ချင်ပြည်ထောင်က အင်အားအကြီးဆုံး အဖွဲ့သုံးဖွဲ့ထဲတွင် ပါဝင်ရုံမျှဖြင့် စိတ်ကျေနပ်ခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ သူတို့ကား အရှေ့မြေရိုင်း ဒေသ၏ တစ်ချိန်တစ်ခါက အုပ်စိုးသူများ ဖြစ်ကြသည်။ ချင်ဘုရင် မျိုးဆက်တိုင်းက ရှေးမှ သူတို့၏ ကြီးကျယ် ခမ်းနားမှုများကို ပြန်လည် ရရှိအောင် အပြင်းအထန် ကြိုးစားကြသည်။
နန်းတော်၏ အပြင်တွင်ကား အစောင့်များ စောင့်ကြပ်နေသော ကြီးမားသော လေးထောင့်ကွက်ကြီး တစ်ခုရှိသည်။ ထိုလေးထောင့်ကွက်၏ ဘေးပတ်ပတ်လည်ကို မူကား လှေကားထစ်များဖြင့် ပြုလုပ်ထားသည်။ ထိုနေရာတွင်ကား ရွှေရောင် စားပွဲတစ်လုံးဖြင့် သရဖူတစ်ခုကို တင်ထားသည်။ ထိုအချိန်တွင် စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်မှ ဆင်းသက်လာကာ လှေကားထစ် ရှေ့တွင် ဆင်းသက်ကြသည်။
အိမ်ရှေ့စံအပ်နှင်းပွဲ အခမ်းအနားကား ကြီးကျယ်သော အဖြစ်အပျက် တစ်ခုပင်။
ဤနေရာတွင် မဟုတ်ဘဲ ချင်ပြည်ထောင် အနီးမှ တခြား ဒေသများတွင်လည်း ကြီးစွာသော လှုပ်ခတ်မှုများ ရှိနေသည်။ ကောလာဟလများအရ အင်အားကြီး အဖွဲ့အစည်းတိုင်းက ချင်ပြည်ထောင် နန်းမြို့တော်ကို ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့က တည်းခိုခန်းများတွင် တည်းနေကြပြီး အိမ်ရှေ့စံအပ်နှင်းပွဲ အခမ်းအနားကို တက်ရောက် ကြမည် ဖြစ်သည်။
ထိုအခိုက်တွင် အဖြူရောင် ဝတ်စုံဝတ် လူတစ်စုက ကောင်းကင်မှ ဆင်းသက်လာကာ အဆောင်တစ်ခု အပေါ်သို့ ရောက်ရှိလာသည်။ လူတိုင်းက သူတို့အား လှမ်းကြည့် လိုက်ကြကာ ဆွေးနွေးကြသည်။
“ဒွန်ဟွာကလန် ရောက်လာပြီ…..”
“ဟုတ်တယ်…. သူတို့က ဒီနေရာနဲ့ အနီးဆုံးမှာ တည်ရှိတယ်….”
လူအများအပြားက တီးတိုး ဆွေးနွေးကြသည်။ ဒွန်ဟွာကလန် ဆင်းသက်လာသော အဆောင်ကား ချင်ပြည်ထောင် နန်းမြို့တော်တွင် သူတို့ပိုင်ဆိုင်သော မြေနေရာ ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအဆောင်တွင် လူနေလေ့မရှိဘဲ အဆောင်အား ထိန်းသိမ်းရန် အစေခံတချို့သာ ရှိသည်။ ဒွန်ဟွာကလန် အပြင် ထိပ်သီး အင်အားစုတိုင်းက ချင်ပြည်ထောင်၏ နန်းမြို့တော်တွင် မြေနေရာများ ပိုင်ဆိုင်ကြသည်။ ဤကိစ္စက သာမန် အကြောင်းအရာမျှသာ ဖြစ်သည်။
ကောင်းကင်၏ အခြားတစ်နေရာတွင် နတ်သမီးကဲ့သို့ လှပသော မိန်းမပျိုများ ထွက်ပေါ်လာသည်။ အများအပြားက ရှားပါးသော မိန်းမလှများ ဖြစ်ကြသည်။ တခြား သတင်းတစ်ခုက လျင်မြန်စွာ ပြန့်နှံ့သွားသည်။ လစန္ဒာကလန်မှ နတ်မိမယ်များကလည်း လစန္ဒာ အိမ်တော်ကို ရောက်ရှိလာကြသည်။ တူညီစွာပင် ထိုနေရာက သူတို့ ပိုင်ဆိုင်သည်။
နောက်ထပ် သတင်းတစ်ခုက ဖူယွန်ဓားကလန်က ဓားအိမ်တော်ကို ရောက်ရှိသည်။
ဓားသခင် တောင်ကုန်းမှ လူများကလည်း ရောက်ရှိ လာသည်ဟု ဆိုသည်။ သူတို့က ဓားအိမ်တောင်နှင့် သိပ်မဝေးသော နှစ်ဖက်သွား ဓားအိမ်တော်တွင် တည်းကြသည်။ အကယ်၍ တင်းမာမှုများ ဖြစ်ပေါ်ခဲ့လျှင် ထိုအင်အားစုနှစ်ခုက ရင်ဆိုင် တိုက်ခိုက်ကြမည်လား လူအများက စိတ်ဝင်စားကြသည်။
ကျောင်းတော်ကလည်း ရောက်ရှိလာသည်။ သူတို့က ချင်ပြည်ထောင် နန်းမြို့တော်မှ စာအုပ်မျှော်စင်သို့ သွားရောက် တည်းခိုကြသည်။ ထိုနေရာကား ငြိမ်းချမ်းကာ အလွန် တိတ်ဆိတ်သည်။ ရီဖူရှင်း၊ လျိုဖန်းနှင့် ယူချင်းတို့က အဆောင်ငယ်လေး တစ်ခုကို ရွေးလျှင် အစေခံ တစ်ယောက်က သူတို့အတွက် သန့်ရှင်းရေး လာလုပ်ပေးသည်။
“အစ်ကိုငါး… ခင်ဗျား ပြောတော့ ထိပ်သီး အင်အားတွေ အကုန်လုံးက ဒီမှာ ကိုယ်ပိုင်နေရာကို ပိုင်ကြတယ်ဆို…. လစန္ဒာကလန်က ဒီကိုလာရင် ဘယ်မှာ တည်းကြမှာလဲ…..” ရီဖူရှင်းက အဆောင်ထဲတွင် လျိုဖန်းအား မေးလိုက်သည်။ ဂျီယူလည်း လာမည်လား သူသိလိုသည်။ သူမ မရှိသော တစ်ရက်ကား သုံးနှစ်ကာလ အလား ထင်ရသည်။
“လစန္ဒာအိမ်တော်…. မင်းက လစန္ဒာကလန်က တပည့်မတွေကို လိုက်ကြံမလို့လား…..” လျိုဖန်းက ရယ်မောလိုက်သည်။ သူက ဟွာဂျီယူနှင့် ပတ်သက်၍ မသိပေ။ ကော့တေးက ရှေးဟောင်း မြေရိုင်းဒေသမှ ကိစ္စများကို စိတ်မဝင်စားပေ။ အကယ်၍ ဂူတုံးလျိုက ရီဖူရှင်းအား ကော့တေးမှ လက်ခံမည့် အကြောင်းကို မပြောခဲ့လျှင် သူတို့က ရှေးဟောင်း မြေရိုင်းဒေသတွင် ရီဖူရှင်း မည်သည့်အရာများ လုပ်ခဲ့သည်ကိုပင်လျှင် သိမည် မဟုတ်ပေ။
“ကျွန်တော် အချိန်ရရင် သွားကြည့်မယ်….” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။
“မင်းက တော်တော် ရည်ရွယ်ချက် ကြီးတာပဲ…..” လျိုဖန်းက ရီဖူရှင်း၏ ပခုံးကို ပုတ်လျက် ပြောသည်…. “မင်းက လစန္ဒာကလန်ရဲ့ သမီးတော်ကို လက်ထပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်….”
“ လစန္ဒကလန်မှာလည်း သမီးတော် ရှိတာလား….” ရီဖူရှင်းက မေးလိုက်သည်။
“သေချာတာပေါ့… လက်ရှိ သမီးတော်က အရှေ့မြေရိုင်း ဒေသရဲ့ အလှဆုံး မိန်းမပျို သုံးယောက်ထဲက တစ်ယောက်ပဲ…..” လျိုဖန်းက ရယ်မောလျက် ပြောသည်…. “မင်း စိတ်ဝင်စား နေပြီမလား….”
ရီဖူရှင်း၏ အမူအရာက ထူးဆန်းသွားသည်။ အကယ်၍ လစန္ဒာကလန်တွင် အရှေ့မြေရိုင်း ဒေသ၏ အလှဆုံးစာရင်းဝင် သမီးတော် ရှိသည်ဆိုပါက ဂျီယူက ထိုနေရာကို ရောက်သွားလျှင် မည်သို့ ဖြစ်မည်နည်း။
“အစ်ကိုငါး… ကျွန်တော်က ဒီလို မဟုတ်ဘူး……” ရီဖူရှင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်သည်။ သူက အဘယ်ကြောင့် ဤသို့ နားလည်မှု လွဲသွားရသနည်း။ လျိုဖန်းက ပြုံးနေသော အချိန်တွင် ရီဖူရှင်း၏ မျက်လုံးများက လင်းလက်လာကာ ပြောသည်…. “နောက် နှစ်ယောက်ကရော….”
လျိုဖန်း၏ မျက်လုံးများက ပြူးကျယ် သွားသည်။ သူက ရီဖူရှင်းကို ယုံကြည်လု နီးပါးပင်။
“ချင်ပြည်ထောင်က မင်းသမီး မုံ့ရိုနဲ့ ဒွန်ဟွာကလန်က ဟွာချင်းချင်းတို့ပဲ…. ဒါပေမဲ့ ဟွာချင်းချင်းနဲ့ ပတ်သက်ပြီး မတွေးနဲ့…. သူမက ပိုင်ဆိုင်သူ ရှိပြီးနေပြီ….” လျိုဖန်းက ပြောသည်။
“အစ်ကို… ကျွန်တော်က ဘာမှ မတွေးပါဘူး… ဒီအတိုင်း မေးကြည့်တာ….” ရီဖူရှင်းက ပြောသည်။
“အင်း… ငါ မင်းကို ယုံတယ်…” လျိုဖန်းက ပြုံးလျက် ခေါင်းညိတ်သည်။
ရီဖူရှင်းက သက်ပြင်း ချလိုက်သည်။ သူကား ထိုသို့ အထင်လွဲ ခံရခြင်းများဖြင့် အသားကျနေလေပြီ။
***
ထိပ်သီး အင်အားစုများ အားလုံးက ချင်ပြည်ထောင်ကို ရောက်ရှိနေကြပြီး ဖြစ်ကာ မြို့တော်က ပိုမိုလှုပ်ရှား အသက်ဝင် လာနေသည်။ စားသောက်ဆိုင်များ လောင်းကစား ဝိုင်းများတွင် လူတိုင်းက ထိပ်သီး အင်အားစုများမှ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆွေးနွေး ပြောဆိုကြသည်။ အများစု ဆွေးနွေးကြသော အကြောင်းအရာမှာ ချင်ပြည်ထောင်မှ ချင်ယွီ၏ အကြောင်း ဖြစ်ပေသည်။
မည်သူ့ကို အိမ်ရှေ့စံအဖြစ် အပ်နှင်းမည်ကို လူတိုင်း သိကြသည်။ သူကား ချင်ယွီဖြစ်သည်။ သူကား အလွန် ထူးခြား ထက်မြက်သော မင်းသားဖြစ်ကာ ငယ်ရွယ်စဉ် ကတည်းက သူ့မျိုးဆက်တွင် အတော်ဆုံး ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသည်။ သူက နိုဘယ်တန်ခိုး အဆင့်ကို အသက် သုံးဆယ်မတိုင်မီ ဝင်ရောက်ခဲ့ပြီး အလွန် လျင်မြန်စွာ တိုးတက်ခဲ့သည်။ သူ၏ တန်ခိုးအဆင့်ကား ပိုမို ထူးခြားပေသည်။ လက်ရှိတွင် သူ၏ တန်ခိုးအဆင့်က ချင်ဘုရင်နှင့်ပင် သိပ်မကွာတော့ပေ။ ဆယ်စုနှစ် တစ်ခုအတွင်း ချင်ယွီက ဘုရင်သစ် ဖြစ်လာမည်မှာ သေချာနေသည်။ ထို့ကြောင့် လူအများအပြားက သူနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ သူက ပါရမီသာ မြင့်သည် မဟုတ်ဘဲ ယဉ်ကျေး သိမ်မွေ့ကာ နိုင်ငံအပေါ် သစ္စာတရား ကြီးမားပေသည်။ လက်ရှိတွင် သူက ဒွန်ဟွာကလန်အား ကိုယ်တိုင် သွားရောက် နှုတ်ဆက်နေသည်။ သူ့အပြင် ရှောင်ဝူကျိနှင့် ရီဖူရှင်းတို့ အကြောင်းများကိုလည်း မကြာခဏ စကားဝိုင်းများတွင် ကြားရသည်။
ရီဖူရှင်း ပေါ်မလာမီ ကာလ တစ်ခုအထိ ရှောင်ဝူကျိကား ရှေးဟောင်း မြေရိုင်း ဒေသတွင် အတော်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ် ခံထားရသည်။ သူက ကျောင်းတော်၏ ဖိတ်ခေါ်မှုကို ရကာ လက်ရှိတွင် အကာနာအဆင့်ကို တက်ရောက် သွားပြီဖြစ်သည်။ သူ့လိုလူကို မည်သို့ မဆွေးနွေးဘဲ နေကြမည်နည်း။
ရီဖူရှင်း၏ စွမ်းဆောင်ရည်မူကား ရှောင်ဝူကျိထက် ပင်လျှင် မြင့်မားသည်။ ထို့အပြင် သူက ကော့တေးကို တရားဝင် ဝင်ရောက်သွားကာ အနာဂတ်တွင် ပိုမိုမြင့်မားသော အောင်မြင်မှုများကို ရရှိရန် အခွင့်အလမ်း များနေသည်။
လက်ရှိတွင် စွမ်းအားမြင့် တန်ခိုးရှင် အုပ်စုတစ်စုက စာအုပ် မျှော်စင်ကို လာရောက် လည်ပတ်နေသည်။ ခေါင်းဆောင်ဖြစ်ဟန် တူသူကား အလွန် အဖိုးထိုက်တန် လှသော ဝတ်စုံကို တောက်ပြောင်စွာ ဝတ်ဆင်ထားသည်။ လာရောက် လည်ပတ်သူကား မကြာမီ အိမ်ရှေ့စံ မင်းသားအဖြစ် အပ်နှင်း ခံရတော့မည့် ချင်ယွီဖြစ်ကာ စစ်ထိုဝူကိုယ်တိုင် လာရောက် ကြိုဆိုဧည့်ခံသည်။ သူက ကျောင်းတော်နှင့် အတန်ကြာ စကားပြောပြီးနောက် ချင်ယွီက လျိုဖန်းနှင့် ရီဖူရှင်းတို့ ရှိနေရာသို့ ရောက်ရှိ လာသည်။
မကြာမီ အိမ်ရှေ့စံမင်းသား ဖြစ်တော့မည့် ချင်ယွီက လာရောက် လည်ပတ်သည်ကို မြင်လျှင် ရီဖူရှင်းက အံ့အားသင့် သွားသည်။ ချင်ယွီက လက်ရှိတွင် အလွန် အလုပ်များနေမည်ဟု သူ ထင်မှတ် ထားသည်။
ချင်ယွီက သူတို့အား ပြုံးလျက် နှုတ်ဆက်သည်…. “ကော့တေးက တပည့်တွေကို တွေ့ရတာ ဂုဏ်ယူစရာ ကောင်းပါတယ်….”
“ချင်မင်းသား… ခင်ဗျားက အရမ်း ယဉ်ကျေးတာပဲ…” လျိုဖန်းက ပြောသည်။
“ကျုပ်က ကော့တေးမှာ အမြဲ တန်ခိုးကျင့်ချင်ခဲ့တယ်… ဒါပေမဲ့ ဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး…. စိတ်မကောင်းတာက ဂူတုံးလျိုကို ဒီတစ်ကြိမ် မတွေ့ရတာပဲ… ကျုပ်က သူနဲ့ ယှဉ်ကြည့် ချင်တယ်….” ချင်ယွီက ပြောသည်။ သူ၏ လေသံက စိတ်အနှောင့်အယှက် မပေးဘဲ ကောင်းမွန်စွာ ထိန်းချုပ် ထားနိုင်သည်ကို တွေ့ရသည်။
“အစ်ကိုသုံးက နည်းနည်း အလုပ်များနေလို့ ဒီကို မလာနိုင်ဘဲ ဖြစ်သွားတယ်….” လျိုဖန်းက ပြုံးလျက် ပြောသည်။
“ပြဿနာမရှိဘူး…. ခင်ဗျား ရောက်လာတာကိုပဲ ကျုပ်က ဂုဏ်ယူမိတယ်…. ပြီးတော့ ကျုပ်က ရှေးဟောင်း မြေရိုင်း ဒေသမှာ စံချိန်တွေ အများကြီး တင်ထားတဲ့ သူကိုလည်း တွေ့ရတယ်….” ချင်ယွီ၏ မျက်လုံးက ရီဖူရှင်းထံ ရင်းနှီးစွာ ရောက်လာသည်။
“ချီးကျူးလွန်း နေပါပြီ… ချင်မင်းသား….” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။
ချင်ယွီက ခေါင်းညိတ်လျက် လျိုဖန်းကို မေးသည်… “လျိုအစ်ကို… ကျုပ်တို့ စကားပြောလို့ ရမလား….”
“ပြောပါ…” လျိုဖန်းက ပြောသည်။
ချင်ယွီက သူ့ဘေးမှ သူနှင့် ရုပ်ချင်းဆင်သော လူငယ်ကို ကြည့်လိုက်သည်။ သူကား အသက် နှစ်ဆယ်ခန့်ရှိကာ နန်းထိုက် တော်ဝင်သော ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။ သူကား ဤနေရာကို ရောက်လာ ကတည်းက ရီဖူရှင်းကို စိတ်ဝင်တစား အကဲခတ်နေသည်။
“အစ်ကိုရီ… ခင်ဗျားက တစ်နေရာကို ရှောင်ပေးလို့ ရမလား….” သူက ရုတ်တရက် ပြောသည်။
“မလိုဘူး… ရီဖူရှင်းက ကော့တေးရဲ့ အငယ်ဆုံး ညီလေးပဲ…. သူက နေလို့ရတယ်….” လျိုဖန်းက သူတို့၏ သဘောထားကို နားလည်ကာ ပြောသည်။
“ဒီလိုဆိုရင်လည်း ကျုပ်က တည့်တိုးပဲ ပြောတော့မယ်….” ချင်ယွီက ပြောသည်….. “လျိုအစ်ကို… ခင်ဗျားက ကော့တေးကို ကိုယ်စားပြုသလား…..”
လျိုဖန်းက ချင်ယွီအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလျက် ခေါင်းညိတ်သည်…. “မှန်တာပေါ့…. ကော့တေးရဲ့ တပည့်တိုင်းက ကော့တေးကို ကိုယ်စားပြုတယ်…. ကျုပ်တို့ရဲ့ အမြင် သဘောထားက ကော့တေးရဲ့ သဘောထားပဲ…. ညီငယ်လေး… မင်းမှတ်ထားရမှာက မင်းက ကော့တေးရဲ့ အပြင်ဘက်မှာ ကော့တေးကို အပြည့်အဝ ကိုယ်စားပြုတယ်…..”
ရီဖူရှင်းက သူ၏ အစ်ကိုငါးကို ကြည့်လိုက်သည်။ အမှန်ပင် ထိုနေရာကား ကျောင်းဟူသည်ထက် မိသားစုတစ်ခုနှင့် ဆင်တူလှသည်။
သူက ထိုနေရာကို ရောက်ရှိသည်မှာ မကြာသေးသော်လည်း သူက ပြင်ပတွင် ကော့တေးကို ကိုယ်စားပြုနိုင်သည်။ သူတို့အားလုံးက တစ်မိသားစုတည်း ဖြစ်ကာ တစ်ယောက်က လူတိုင်းကို ကိုယ်စားပြု၏။
“ဟုတ်ကဲ့… အစ်ကိုငါး….” ရီဖူရှင်းက ခေါင်းညိတ်သည်။
ချင်ယွီက ပြုံးလိုက်သည်…. “ကောင်းပြီ…. ဒါဆို ကော့တေးက အရှေ့မြေရိုင်း ဒေသရဲ့ အင်အား အကြီးဆုံး ကျောင်းတော် မဖြစ်လိုဘူးလား…..”
“ဘာကိုဆိုလိုတာလဲ….. ” လျိုဖန်းက မေးလိုက်သည်။
“ကျောင်းသားတွေ အကုန်လုံးက ကော့တေးကို အရှေ့မြေရိုင်း ကျောင်းတော်ထက် မြင့်တဲ့ အမြင့်ဆုံးနေရာ အဖြစ် သတ်မှတ်ကြလိမ့်မယ်….” ချင်ယွီက ပြောသည်။
လျိုဖန်းက ခေါင်းယမ်းက ပြုံးလျက် ပြောသည်… “အခုလို စဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ်….”
ချင်ယွီက သူ့အား ထူးဆန်းစွာ ကြည့်လိုက်သည်။ သူ၏ စကားပင် မဆုံးသေးခင် လျိုဖန်းက အဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်။
သူက တစ်ဖက်လူကို အကဲခတ်လိုက် ပြီးနောက် လျိုဖန်းက ဆက်ပြောသည်…. “ကော့တေးမှာ ကျုပ်တို့ရဲ့ ကိုယ်ပိုင် မူဝါဒတွေ ရှိတယ်…. မင်းသားပြောတာက ကျုပ်တို့ရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး….”
“ကျုပ် နားလည်ပြီ…” ချင်ယွီက ခေါင်းညိတ်သည်။ သူ့မျက်နှာတွင် ပြုံးရောင်သန်းလျက် အနည်းငယ် ဦးညွှတ်ကာ ပြောသည်…. “နှုတ်ဆက်ပါတယ်….”
ထို့နောက် ချင်ယွီက သူ့လူများကို ခေါ်ကာ ထွက်သွားသည်။ သူ ထွက်ခွာခါနီးတွင် ချင်ယွီ၏ဘေးမှ လူငယ်က ရီဖူရှင်းအား တစ်ချက် ကြည့်လိုက်သည်။ ချင်ယွီ ထွက်သွား ပြီးသည်နှင့် လျိုဖန်း၏ မျက်နှာက အလွန် လေးနက် တည်ကြည် သွားသည်။ ဤခရီးကား သာမန် မဟုတ်တော့ပေ။
မကြာမီ အိမ်ရှေ့စံမင်းသား ဖြစ်တော့မည့် ချင်ယွီကား အလွန် ရည်မှန်းချက် ကြီးပုံရ၏။
တောင်ဝင် မိသားစုမှလူများ ထွက်ခွာ သွားပြီးနောက် သူတို့က လမ်းမပေါ်တွင် လျှောက်နေရင်းက တစ်စုံတစ်ခုကို ကြားလိုက်ကြရသည်။ ထိုအချိန်တွင်ကား ရီဖူရှင်း၏ နာမည်က စားသောက်ဆိုင် များတွင် မကြာခဏ ထည့်သွင်း ပြောဆိုရသည့် နာမည်တစ်ခု ဖြစ်လာနေသည်။
“ရှောင်ဝူကျိက ရှေးဟောင်း မြေရိုင်းဒေသမှာ ပြိုင်ဘက် ကင်းတာကို လူတိုင်းက မြင်တယ်… ဘယ်သူမှ သူ့ကို မကျော်ဖြတ်နိုင်ဘူး… ဒါပေမဲ့ အဲဒီနေ့မှာ ရီဖူရှင်းက စံချိန်တွေကို အဆက်မပြတ် ရိုက်ချိုးခဲ့တယ်…. လအနည်းငယ် ကြာတဲ့အခါ သူက မှန်တောင်ကုန်းက ကြီးမြတ်မှုတွေကို အကုန်လုံး ဆောင်ယူသွားလေရဲ့….. ပါရမီ အရာမှာတော့ ဒီကောင်လေးကို ဘယ်သူမှ ယှဉ်နိုင်ဖွယ် မရှိဘူး…..”
ပြောနေသူကား ပုံပြင်ပြောသူ ဖြစ်သည်။
ချင်ယွီ၏ ဘေးမှ လူငယ်တစ်ယောက်က ရယ်မောလျက် ပြောသည်…. “လူတွေက အတိတ်က ကြီးကျယ် ခမ်းနားမှုတွေကို အမြဲတမ်း မေ့ထားလေ့ ရှိကြတယ်…. နောက်ပိုင်း မျိုးဆက်တွေက ဘာတွေပဲ လုပ်လုပ် သူတို့က တကယ့် ဒဏ္ဍာရီတွေ ဖြစ်လာတယ်…..”
လူအများအပြားက လှမ်းကြည့်လိုက်သည်။ သူတို့က ချင်ယွီ၏ အုပ်စုကိုမြင်လျှင် ထိတ်လန့် သွားကြသည်။ စကားပြောလိုက်သူကို ကြည့်လျက် ထိုလူ မည်သူ ဖြစ်သူကို ခန့်မှန်းလျက် သူတို့၏ မျက်လုံးများက အရောင်လက် သွားသည်။
သူကား မင်းသား၏ နာမည်ကြီး သားတော် ဖြစ်သည်။
“စံချိန်တွေ ဆိုတာက ချိုးဖျက်ဖို့ ဖြစ်လာတာပဲ…. နောက်ပိုင်း လူတွေက အရင် လူတွေထက် အားသာချက် ရှိတယ်…. မျိုးဆက်တိုင်းက ဒီလိုပဲ… ဒါပေမဲ့ စံချိန်ချိုးတဲ့လူ ဘယ်နှယောက်က အရှေ့မြေရိုင်း ဒေသရဲ့ ထိပ်ဆုံးမှာ ရပ်နေနိုင်လဲ…..” လူငယ်က ဆက်ပြောသည်…. “မင်းတို့က ဒွန်ဟွာကလန်က တကယ့်ပါရမီရှင် နှစ်ယောက် လုပ်ခဲ့တာကို မေ့သွားပြီလို့ ပြောရဲတယ်…. သူတို့ရဲ့ အောင်မြင်မှုတွေက ပါရမီဆိုတဲ့ စကားလုံးလောက်နဲ့ တင်စားလို့ မရတော့ဘူး…..”
***