အပိုင်း(၂၂၇)

အစ်ကိုငါးနှင့်အတူ တောင်အောက်ကိုဆင်းခြင်း

လျိုဖန်းကား အလွန်အမင်း ပျော်ရွှင်သွားသည်။ သို့သော် ရီဖူရှင်းကား သိပ်မပျော်ရွှင်ပေ။ ကော့တေးမှ အစားအစာများကား အလွန် ကောင်းမွန်ကာ စီနီယာ အစ်မများမှာလည်း အလွန် ချောမော လှပကြပေသည်။ သူက တစ်ရက်မျှပင် ကော့တေးမှ မထွက်ခွာ သွားချင်ပေ။
“အစ်မနှစ်… ကျွန်တော့်အစား အစ်ကိုခုနစ်က ကိုယ်စားသွားရင် ဘယ်လိုလဲ….” ရီဖူရှင်းက အစ်မနှစ်အား ကြည့်လိုက်သည်။ ယိရှောင်ရှီက ရီဖူရှင်းအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ သူ၏ ညီငယ်ကား သူ့အပေါ် အလွန် ကောင်းသည်။
“ဆရာက တစ်ခါက ပြောဖူးတယ် …. စာအုပ် တစ်ထောင်ကို ဖတ်တာက မိုင်ပေါင်း တစ်ထောင် ခရီးသွားတာလောက် မကောင်းဘူးတဲ့ … မင်းရဲ့ အစ်ကိုခုနစ်က ခရီးတွေ အများကြီး သွားပြီးပြီ …. မင်းက အရှေ့မြေရိုင်း ဒေသကို အခုမှ ရောက်ဖူးတာ ဆိုတော့ ခဏခဏ အပြင် သွားသင့်တယ်….” အစ်မနှစ်က ပြုံးလျက် ပြောသည်။
ရွှီယီနှင့် ယိရှောင်ရှီတို့က အစ်မနှစ်အား သနားစဖွယ် ကြည့်ကြသည်။ ညီငယ်လေးက အဘယ်ကြောင့် သူတို့ထက် အရေးပေး ခံနေရသနည်း။
“ဟုတ်ကဲ့….” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ယူချင်းကိုလည်း ခေါ်သွားလိုက်…. သစ်ခုတ်တာနဲ့ ထမင်းချက်တာက ရွှီယီနဲ့ ယိရှောင်ရှီ တာဝန်ယူလိုက် …” အစ်မနှစ်က ပြုံးလျက် ပြောလျှင် ရွှီယီနှင့် ယိရှောင်ရှီတို့က သူတို့၏ ရင်ဘတ်များ သွေးစိမ်းများ စီးကျလာသလို ခံစားရသော်လည်း မည်သို့မှ စောဒက မတက်ရဲပေ။
နောက်တစ်နေ့တွင် ယူချင်းက တောထဲမှ ပြန်လာရာ လျိုဖန်း၊ ရီဖူရှင်းနှင့် ယူချင်းတို့က အတူတူ ထွက်ခွာ သွားကြသည်။
တောင်ပေါ်တွင် လျှောက်နေရင်းက ရီဖူရှင်းက ယူချင်းကို မေးသည် …. “မင်းက ဒီကြားကာလမှာ ဘယ်မှာ သွားကျင့်နေတာလဲ….”
“သစ်ခုတ်နေတာ ….” ယူချင်းက ပြန်ပြောသည်။
“သစ်ခုတ်တာလား ….” ရီဖူရှင်းက မျက်လုံးပြူးကျယ် သွားသည်။
“အင်း…” ယူချင်းက ခေါင်းညိတ်သည်။
ရီဖူရှင်း ဆွံ့အသွားသည်။ အစ်မနှစ်က ယူချင်းအား အစ်ကိုသုံးက တန်ခိုးကျင့်ရာတွင် ကူညီပေးနေသည်ဟု ပြောသည်။ ထိုအရာက တန်ခိုးကျင့်သည်ဟု ခေါ်သလော။
“ဘယ်လိုနေလဲ….” ရီဖူရှင်းက မေးသည်။
“ဒါ အရမ်း မိုက်တယ် …. ငါက အရမ်း တိုးတက် လာတယ်လို့ ခံစားရတယ်….” ယူချင်းက အလေးအနက် ပြောသည်။ ရီဖူရှင်းက သူ့အား ကြည့်ကာ မေးသည်…“ယူချင်း … မင်းက တကယ် ပြောနေတာလား….”
“အစ်ကိုသုံးက ပြောတယ်…. လူတိုင်းရဲ့ နဂိုဗီဇက ကွဲပြား ခြားနားတယ်တဲ့ …. ဒါကြောင့် ငါတို့က ကွဲပြားခြားနားတဲ့ နည်းတွေနဲ့ လေ့ကျင့်ရမယ်လို့ ပြောတယ် …. အစ်ကိုလေးက စာအုပ်ကူးတာက တန်ခိုးကျင့်တာပဲ….. အစ်ကိုငါးက အစားအသောက် ချက်ပြုတ်တာကလည်း တန်ခိုးကျင့်တာပဲ…. အတူတူပဲ ငါကလည်း သစ်ခုတ်ရင်း တန်ခိုးကျင့်တယ်….. ငါက အရင်ကထက် ပိုပြီး မြန်မြန် တိုးတက် လာတယ်လို့ ခံစားနေရတယ်…. ငါက အခု ဓမ္မအဆင့်လေးကို တက်ရောက် သွားပြီးပြီ…..” ယူချင်းက ပြောသည်။
အစ်ကိုသုံးအပေါ် ရီဖူရှင်း၏ လေးစားမှုက ပိုမို အားကောင်း လာသည်။ သူက ချက်ပြုတ်ခြင်း၊ စာအုပ် ကူးရေးခြင်းနှင့် သစ်ခုတ်ခြင်းတို့အား တန်ခိုးကျင့်ခြင်း အဖြစ် ပြောင်းလဲနိုင်သည်။ သူကား အမှန်ပင် ညဏ်ကြီးရှင် ဖြစ်သည်။
“နေဦး … မင်းကလည်း အစ်ကိုသုံးလို့ ခေါ်တာလား….” ရီဖူရှင်းက ပြောသည်။
“အင်း … အစ်ကိုသုံးက ပြောတယ် … နောက်ဆို ကျန်တဲ့လူတွေကို မင်းလိုပဲ ခေါ်တဲ့….” ယူချင်းက ခေါင်းညိတ်ကာ ပြောသည်။
ရီဖူရှင်းက ယူချင်းအား ထူးဆန်းစွာ ကြည့်ကာ ပြောသည်…. “အစ်ကိုသုံးကို မင်းက ဘယ်လို ခံစားရလဲ….”
“အသိပညာ ကြွယ်ဝတယ် …. စွမ်းအား ကောင်းတယ်…. တန်ခိုးကျင့်တာမှာ ထူးခြားတယ်….” ယူချင်းက လေးနက်စွာ ပြောသည်။
“ဟား… ဟား… ဟား…” ရှေ့မှ လျှောက်နေသော လျိုဖန်းက မဟန်နိုင်တော့ပဲ ဝါးလုံးကွဲ ရယ်မော လိုက်သည်။ ရီဖူရှင်းက မေးသည်….“အစ်ကိုငါး… ချက်ပြုတ် တာကလည်း တန်ခိုး ကျင့်တာလား….”
“သေချာတာပေါ့….” လျိုဖန်းက ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် ပြောသည်။ ရီဖူရှင်းက ထပ်မေးလိုက်သည်…. “ဒါဆို အစ်ကိုတွေက ဘာလို့ တောင်အောက်ကို ဒီလောက် ဆင်းချင် နေရတာလဲ….”
“အဟမ်း…” လျိုဖန်းက ခြောင်းဟန့်လိုက်သည်။ ထို့နောက် သူက အစ်မနှစ်၏ လေသံကို အတုယူလျက် လေးနက်စွာ ပြောသည်… “ဆရာက တစ်ခါက ပြောတယ်…. စာအုပ် တစ်ထောင် ဖတ်တာထက် ခရီးမိုင် တစ်ထောင် သွားတာက ပိုထိရောက်တယ်…..”
“….” ရီဖူရှင်းက အမှန်ပင် မည်သို့ ပြောရမည် မသိတော့ပေ။
တောင်နှစ်လုံးကြားမှ မြေကွက်လပ်ကြီး တွင်ကား လူအများအပြားက စုစည်း နေကြသည်။ ကျောင်းတော်တွင် ကျောင်းအုပ် တစ်ယောက်နှင့် တောင်ကုန်း ခုနစ်လုံးကို အုပ်ချုပ်သော အကြီးအကဲ ခုနစ်ယောက် ရှိသည်။ သူတို့၏ အောက်တွင် ကျောင်းသားများကို လေ့ကျင့်ပေးသော သင်တန်း ဆရာများစွာ ရှိသည်။
ကော့တေးမူကား ကျောင်းတော်တွင် ထူးခြားသော နေရာတစ်ခုဖြစ်ကာ သူတို့နှင့် ကွဲပြား ခြားနားသည်။
အစ်ကိုကြီးက ကော့တေးမှ ဆင်းကာ တိုက်ပွဲ တစ်ပွဲတည်းနှင့် ကျော်ကြား သွားပြီးနောက် လူတိုင်းက ကော့တေးမှာ ကျောင်းတော်၏ အစိတ်အပိုင်း တစ်ခုမျှသာဟု မြင်ကြသည်။ ထိုအချိန်မှ စတင်၍ ကျောင်းတော်နှင့် ကော့တေး၏ ဆက်ဆံရေးမှာလည်း အနည်းငယ် အေးစက်ခဲ့သည်။
ချင်ပြည်ထောင်က ကျောင်းတော်အား ဖိတ်ခေါ်ခဲ့သလို ကော့တေးကိုလည်း ဖိတ်ခေါ်ခဲ့သည်။ ကျောင်းတော်မှ တောင်ကုန်းတိုင်းက တစ်စုံတစ်ယောက်စီအား ကိုယ်စားလှယ်များ အဖြစ် စေလွှတ်ကြမည် ဖြစ်သည်။
လျိုဖန်းနှင့် ရီဖူရှင်းတို့က လှေကားထစ် အတိုင်း အောက်ကို ဆင်းလာကြလျှင် လူအများအပြားက သူတို့အား စိုက်ကြည့်ကြသည်။ အထူးသဖြင့် ရီဖူရှင်းနှင့် ယူချင်းတို့က လူတိုင်း၏ အာရုံကို ဆွဲခေါ်သွားသည်။
လနည်းငယ်က ရီဖူရှင်းက စာအုပ်တောင်ကို တက်ကာ ကော့တေးကို ဝင်ရောက်ခဲ့ခြင်းက ကျောင်းတော်မှ အကြီးအကဲများအား ဒေါသထွက်စေခဲ့သည်။ အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများက ရီဖူရှင်းက ကော့တေးကို တရားဝင် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်ကို သိထားကြသည်။
ကော့တေးကား တခြား အင်အားစုများနှင့် ကွဲပြားခြားနားကာ သူတို့တွင် တပည့် ခုနစ်ယောက်သာ ရှိခဲ့သည်။ အစ်ကိုကြီးက သူ၏ ကိုယ်ပိုင်ကလန်ကို ထူထောင်ခဲ့ကာ သူ့မျိုးဆက်၏ မားမားမတ်မတ် ရပ်တည်ပေးနိုင်သော ကျောက်တိုင်ကြီး ဖြစ်လာသည်။ ကျန်သော ခြောက်ယောက်ထဲတွင် တတိယ တပည့်ကလည်း အလွန်ကြာမြင့်သော အချိန်ကတည်းက ကျော်ကြားခဲ့သည်။ ထို့ကြောင့် တခြား တပည့်များကလည်း လူအများအား စိတ်ဝင်စား စေသည်။
“ဒီတစ်ကြိမ် ကော့တေးကလည်း သွားမှာလား….” ထိုအချိန်တွင် ခံစားချက် ကင်းမဲ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ သူကား ဂုဏ်သရေရှိ လူကြီးမင်းပုံဟန် ရှိနေသော လူကြီးတစ်ယောက် ဖြစ်သည်။
လျိုဖန်းက သူ့အား ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်အား ရှေ့တွင် ထားလျက် အနည်းငယ် ဦးညွှတ်ကာ ပြောသည်… “ဆရာ ဦးလေးကို နှုတ်ဆက်ပါတယ်….” ထိုအခိုက်တွင် လျိုဖန်းကား အလွန် သိမ်မွေ့ကာ ယဉ်ကျေးသော ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသော လူငယ်တစ်ဦး ဖြစ်နေသည်။ သူကား ကော့တေးမှ စားဖိုမှူးပုံဟန် လုံးဝ မရှိတော့ပေ။
ထိုမျှကြီးမားသော ပြောင်းလဲမှုကို မြင်ကာ ရီဖူရှင်းက သက်ပြင်းချသည်။
“လအနည်းငယ်က ကျောင်းတော်မှာ ကျောင်းသားသစ်တွေ အတွက် စစ်ဆေးမှု တစ်ခုရှိခဲ့တယ်…. ကော့တေးက ဘာလို့ ဝင်ပြီး မစစ်ဆေးတာလဲ….” စစ်ထိုဝူက ပြောသည်။ သူကား ကျောင်းအုပ်နှင့် ဆွေမျိုးရင်းချာ ဖြစ်ကာ စီနီယာ ကျပေသည်။ ပုံမှန်အားဖြင့် သူက ကော့တေးမှ တပည့်များကို မေးခွန်း ထုတ်ပိုင်ခွင့်ရှိ၏။
လျိုဖန်းက ဂရုစိုက်ဟန် မရပေ။ သူက ပြောသည်…. “ကျောင်းတော်က စစ်ဆေးမှုက အဓိပ္ပာယ်မရှိဘူးလို့ ဆရာက အမြဲတမ်း ယုံကြည်ခဲ့တယ်…. အသစ် ဝင်ရောက်လာတဲ့ တပည့်တွေက ကွဲပြားခြားနားတဲ့ တန်ခိုး အဆင့်တွေမှာ ရှိတယ်…. ဒါကြောင့် ဘယ်သူက ပိုစွမ်းတယ် ဆိုတာကို စမ်းသပ်ဖို့ ခက်ခဲတယ်…. တကယ်လို့ ပါရမီကိုပဲ စစ်ဆေးတယ် ဆိုရင်လည်း ကော့တေးက ဝင်မပါဖို့ ပိုမိုတဲ့ အကြောင်းပြချက် ရှိတယ်… ကျောင်းသား သစ်တွေထဲမှာ ဘယ်သူက ညီငယ်လေးထက် ပါရမီမြင့်သလဲ…. တကယ်လို့ ကော့တေးက ဝင်နွှဲရင် ပထမနေရာက အဓိပ္ပာယ် ဘယ်ရှိပါတော့မလဲ….”
“မောက်မာတယ်….” တခြား အကြီးအကဲ တစ်ယောက်က အေးစက်စွာ ပြောသည်။ ကော့တေးမှ လူများကား အမြဲလိုပင် မာနကြီးကာ မောက်မာကြသည်။ ယခု လျိုဖန်းကား ကြီးပြင်းလာပြီ ဖြစ်ကာ သူက အကြီးအကဲများကို ပင်လျှင် မလေးစားတော့ပေ။
ကျောင်းတော်မှ တပည့်များကလည်း လျိုဖန်းအား ဒေါသတကြီး ကြည့်လိုက်ကြသည်။ အကယ်၍ ကော့တေးသာ ဝင်ပြိုင်လျှင် ပထမနေရာက အဓိပ္ပာယ် ကင်းမဲ့သွားမည်။ မည်မျှ မောက်မာလိုက် သနည်း။
“ကျုပ်က အမှန်ကို ပြောနေတာ…. ကျောင်းတော်က စစ်ဆေးမှုက ရှေးဟောင်း မြေရိုင်းဒေသက မှန်တောင်ကုန်းထက် တိကျတယ်လို့ ထင်နေတာလား…..” လျိုဖန်းက ပြုံးလျက် ပြောသည်။ ရှေးဟောင်းမြေရိုင်း ဒေသတွင် ရီဖူရှင်းက တခြားလူများ မလုပ်နိုင်သော အလုပ်များကို လုပ်ခဲ့သည်။ အကယ်၍ တန်ခိုးအဆင့်ကို မေ့ထား၍ ပါရမီကိုသာလျှင် နှိုင်းယှဉ်မည် ဆိုပါက ရီဖူရှင်းက ပထမနေရာကို ရမည်မှာ သေချာလှသည်။
“ဒါဆိုရင် ငါတို့က တန်ခိုးအဆင့်တူတဲ့ လူတစ်ယောက်ကို ရှာပြီးတော့ စမ်းသပ်လို့ရတယ်…. ကျုပ်က အခု ဓမ္မအဆင့်ငါးကို ရောက်နေပြီ…..” အသံတစ်သံ ကြားရသည်။ ပြောလိုက်သူကား ကျောင်းသားသစ် ထို့ပါယွန် ဖြစ်သည်။ လအနည်းငယ်က သူက စာအုပ်တောင်ကို တက်ရာတွင် ရီဖူရှင်းအား သရော်ခဲ့သည်။ နောက်ဆုံးတွင်ကား သူသာလျှင် အရှက်ကွဲခဲ့ရသည်။
ကျောင်းတော်ကို ဝင်ရောက်ပြီးနောက် သူက ကျောင်းသားသစ်များကို စမ်းသပ်ပွဲတွင် ရီဖူရှင်း မည်မျှ ထူးချွန်သည်ကို တိုက်ခိုက်၍ စမ်းသပ်လိုခဲ့သည်။ သို့သော် ရီဖူရှင်းက စမ်းသပ်ပွဲကို မတက်ရောက်ခဲ့ပေ။ ပုံမှန်အားဖြင့် မိမိကိုယ်ကို ပါရမီရှင်ဟုသူက ယူဆထားရာ ရီဖူရှင်းနှင့် ယှဉ်ကြည့် လိုနေသည်။ ထို့ကြောင့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ သူက ရီဖူရှင်းအား စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
လျိုဖန်းက ရီဖူရှင်းအား ကြည့်လိုက်လျှင် ရီဖူရှင်းက ထို့ပါယွန်အား ကြည့်လျက် ပြောသည်…. “မင်းက ကိုယ့်ကိုယ်ကိုယ် ရှောင်ဝူကျိလို့ ထင်တာလား….”
ထို့ပါယွန် မျက်နှာပျက် သွားသည်။ စာအုပ်တောင်ကို တက်ရောက်သော လှေကားထစ်တွင် သူက ရီဖူရှင်းကို ထိုသို့ စကားလုံးဖြင့် သရော်ခဲ့သည်။
“အခု ရှောင်ဝူကျိက အကာနာအဆင့်ကို တက်ရောက်သွားပြီ…. မင်းက ရှေးဟောင်း မြေရိုင်း ဒေသမှာ စွမ်းဆောင်ရည် ကောင်းတယ် ဆိုပေမဲ့ မင်းရဲ့ လက်ရှိအဆင့်နဲ့ ရှောင်ဝူကျိရဲ့ အဆင့်ကို သွားမှန်းတာ သင့်တော်လို့လား…..” စုမူဂီက လူအုပ်ထဲမှ လှမ်းပြောသည်။ သူကား ထိုနေ့က ယိရှောင်ရှီက သရော်ခံရသော တစ်ယောက် ဖြစ်သည်။
တန့်ယွီလည်း သူ့ဘေးတွင် ရှိနေသည်။
“ကျောင်းတော်က သင်ပေးတဲ့ တပည့်တွေထဲမှာမှ မင်းက ဘာလို့ ဒီလောက် ရူးရတာလဲ …” လျိုဖန်းက စုမူဂီအား အံ့အားသင့်စွာ ကြည့်သည်။
“မင်း…..” စုမူဂီကား ရီဖူရှင်းကို တိုက်ရိုက် သရော်နေသော်လည်း လျိုဖန်းကဲ့သို့ တည့်တိုး အရှက်မခွဲပေ။ မည်သို့ပင်ဆိုစေ သူကား ကျောင်းတော်၏ ပါရမီရှင်ဖြစ်ကာ ကျောင်းအုပ်ကြီး၏ လက်ရင်းတပည့် ဖြစ်သည်။
“ငါက ဘာလဲ…. ငါတို့ရဲ့ တန်ခိုးအဆင့်နဲ့ ယှဉ်ပြိုင်ပြီး အရည်အချင်းကို ဆုံးဖြတ်မယ်… အခုငါက နိုဘယ်အဆင့်မှာ… မင်းက ဘာလဲ….” လျိုဖန်း၏ မျက်လုံးများက အထင်သေးမှုများ ပြည့်နှက်နေသည်။
“အရမ်းမိုက်တာပဲ….” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ဒါက ကော့တေးတွင် ချက်ပြုတ်သည့် သူ၏ တကယ့် အစ်ကိုငါးလား။
အမှန်ပင် တစ်စုံ တစ်ယောက်အား သူ၏ ရုပ်ရည်ဖြင့် ဆုံးဖြတ်၍ မရပေ။
လက်ရှိတွင် အစ်ကိုငါး၏ ဟန်ပန်ကို တွေးမိကာ ကော့တေးတွင် သူတို့၏ အဆင့်အတန်းကို နှိုင်းယှဉ်ကြည့်လျှင် အဘယ်ကြောင့် သူ၏ အစ်ကိုများက တောင်အောက်ကို ဆင်းရန် ယှဉ်ပြိုင် နေကြသည်ကို သူနားလည် လိုက်သည်။
တောင်ပေါ်မှ ဆင်းပြီးနောက် သူတို့၏ အဆင့်အတန်းကား အလွန် မြင့်သွားနိုင်ပေသည်။
ကွာခြားချက်ကား အလွန် ကြီးမားသည်။
ကျောင်းတော်မှ အကြီးအကဲများ၏ အမူအရာများက စိတ်ပျက်ကာ အေးစက်သော ပုံဟန်များ ဖြစ်သွားကြသည်။ ထို့ကြောင့်လည်း ကောျင်းတော်က ကော့တေးကို သဘောမကျကြခြင်း ဖြစ်သည်။ သူတို့အား အလွန် မောက်မာကြသည်။ သို့သော်လည်း ကျောင်းတော်က ကော့တေးအား မည်သို့မှ မလုပ်နိုင်ပေ။ သူတို့က ကော့တေးအား မေးခွန်းထုတ်တိုင်း ကော့တေးမှ ကျောင်းသားများက သူတို့ထက် ပိုမို၍ အကြောင်းပြချက် ခိုင်မာသည်ကို တွေ့ရှိကြရသည်။
အကယ်၍ သူတို့က စွမ်းအားမြင့်သည်ကို နှိုင်းယှဉ်လျှင်လည်း ကျောင်းတော်မှ အကြီးအကဲများ ပင်လျှင် ကော့တေးမှ အစ်ကိုသုံးအား ယှဉ်နိုင်မည်ဟု ယုံကြည်ချက် မရှိကြပေ။ ကော့တေးတွင်ကား အရှေ့မြေရိုင်း ဒေသတွင် ဘုရင်တစ်ဆူအလား အစ်ကိုကြီးလည်း ရှိနေသေးသည်။ ထို့ကြောင့် ကျောင်းတော်က ကော့တေးအား ယှဉ်ရန် အလွန် ခက်နေသည်။
“သွားစို့….” စစ်ထိုဝူက ပြောသည်။ ထို့နောက် ကြီးမားသော သတ္တဝါဆန်းများ လေထဲမှ ဆင်းသက်လာကာ သူတို့က ထိုအကောင်များ ပေါ်သို့ တက်လျက် ထွက်ခွာ သွားကြသည်။
“ကျွန်တော်တို့က ဘယ်ကို သွားမလဲ….” ရီဖူရှင်းက လျိုဖန်းအား ကြည့်လိုက်သည်။ အကယ်၍ သူတို့က ကော့တေးတွင် ဖမ်းချုပ်ထားသော သားရဲဘုရင်များအား ခေါ်သွားရလျှင် ဘယ်လောက် ကောင်းလိုက် မည်နည်း။
လျိုဖန်းက သူ၏ နောက်ကျောပေါ်မှ အထုပ်အား ဖြေလိုက်လျှင် မီးနှင်တံကြီးတစ်ခု ထွက်ကျလာသည်။
“မီးနှင်တံ….” ရီဖူရှင်း မျက်လုံးပြူး သွားသည်။
“ဒါက လူသုံးယောက်ကို ဆံ့လောက်ပါတယ်….” လျိုဖန်းက အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ပြုံးလျက် ပြောသည်။
“အာ….” ကျောင်းတော်မှ လူအများအပြားက သူတို့ဘက်ကို ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်း အရှက်ရသွားသည်။ သို့သော် လျိုဖန်းက ဂရုစိုက်ဟန် မရပေ။ သူက ခေါင်းမော့လျက် မီးနှင်တံ အပေါ်အား တက်ကာ သူ၏ လက်များအား နောက်တွင် ထားလျက် ဟန်ဟန် အပြည့်ဖြင့် ရပ်နေလိုက်သည်။
ယူချင်းနှင့် ရီဖူရှင်းတို့ကလည်း နှင်တံပေါ်သို့ တက်လိုက်သည်။ ထို့နောက် မီးနှင်တံက မီးတောက်များ ထွက်ပေါ်လာကာ ကောင်းကင်သို့ ပျံတက်သွားသည်။

***

အရှေ့မြေရိုင်း ဒေသအား အုပ်စိုးခဲ့ဖူးသည့် အင်အားစုတစ်ခု ဖြစ်သည့် အလျောက် ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသ၏ အဓိကကျသော မြေနေရာတွင် အခြေစိုက်သည်။ ချင်ပြည်ထောင်၏ နန်းမြို့တော်၊ ဒွန်ဟွာကလန်၏ နေရာနှင့် ကျောင်းတော်တို့ အားလုံးက အရှေ့မြေရိုင်း ဒေသ၏ အစည်ကားဆုံးသော မြို့သုံးမြို့တွင်ကိုယ်စီ အခြေစိုက် ကြသည်။
ထိုအခိုက်တွင် ချင်ပြည်ထောင်၏ နန်းမြို့တော်ကား အလွန် စည်ကားနေသည်။ မရေမတွက်နိုင်သော လူများက ကွဲပြား ခြားနားသော နေရာများမှ လာကြကာ ချင်ပြည်ထောင်အား လာရောက်ကာ ဂုဏ်ပြုကြသည်။ ချင်ပြည်ထောင်၏ ဘုရင်က သူ၏ အိမ်ရှေ့ မင်းသားအား ရွေးချယ်တော့မည် ဖြစ်သည်။ ဤကိစ္စကား အရှေ့မြေရိုင်း ဒေသအား ကြီးမားသော သက်ရောက်မှုကို ဖြစ်စေတော့မည် ဖြစ်သည်။ နောက်ထပ် အနည်းငယ်သော အချိန်ကာလတွင် ချင်ပြည်ထောင်၏ ဘုရင်က ပြောင်းသွားနိုင်ပေသည်။
ချင်ဘုရင်ကား အရှေ့မြေရိုင်း ဒေသတွင် လွှမ်းမိုးမှု အများဆုံး လူတစ်ယောက် အဖြစ် သတ်မှတ်၍ ရသည်။ သူ၏ ထီးနန်းနေရာက ပြောင်းလဲသွားလျှင် မည်မျှ အကျိုး သက်ရောက်မှု ကြီးမားမည်ကို တွေးကြည့်၍ ရသည်။
ထိုအခိုက်တွင် ကောင်းကင်၌ အလွန် အားကောင်းသော တန်ခိုးရှင်များက အများအပြား ပျံသန်းနေကြသည်။ တချို့ ဤနေရာကို ရောက်ရန် များစွာသော ဒေသများကို ဖြတ်ကျော်ခဲ့ရသည်။ အရှေ့မြေရိုင်း ဒေသ၏ အင်အားစုတိုင်းက ချင်ပြည်ထောင်၏ ဖိတ်ခေါ်မှုကို ရရှိကြသည်။ ထို့ကြောင့် သူတို့၏ လူများကို စေလွှတ်၍ ချင်ပြည်ထောင်အား လာရောက် ဂုဏ်ပြုကြခြင်း ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset