ပျက်စီးကြေမွနေသော တောအုပ်အတွင်း၌
ဇူယွမ်က လက်သီးအား ဖြည်းဖြည်းချင်း ဖြေလျော့လိုက်၏။ ပြီးခဲ့သော တိုက်ခိုက်မှုမှာ သူ့ရန်သူက သူ့အား အနည်းငယ်ပင် အသာစီး ယူနိုင်ခဲ့ခြင်း မရှိပေ။
သိသာသည်မှာ ဇူယွမ်က အံ့ဖွယ်ရွှေရောင် စပါးအုံးကြေးခွံ၊ အဆင့်သုံး နက်ရွှေရောင် လက်မှော်စာလုံး တို့အား ပေါင်းစပ် အသုံးပြုလျှင် တစ်ဝက်တစ်ပျက် မူလစဦး ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
“ဟေး … မှန်မှန်ကန်ကန် တိုက်စမ်းပါ။ အောက်တန်းကျတဲ့ လူဆိုးလူမိုက် တစ်ယောက်လို လုပ်မနေနဲ့”
ဇူယွမ်က သူ့ကိုယ်သူ ကျေနပ်နေစဉ် မှာပင် နောက်ဘက်မှ လုလျို့၏ အသံအား ရုတ်တရက် ကြားလိုက်ရသည်။
ဇူယွမ်က ကြက်သေသေ သွားသည်။ ဇူယွမ်က သူ့အား စူးစိုက်ကြည့်၍ ရှက်ရွံ့နေသော လုလျို့အား ကြည့်လိုက်ရင်း စိတ်ရှုပ်ထွေး မိသွား၏။ “အာ …”
လုလျို့က မျက်နှာ နီမြန်းစွာဖြင့် ဇူယွမ်အား အသည်းအသန် ပြန်ပြောလိုက်သည်။ “တခြားလူက မိန်းကလေးလေ။ သူမက နင်နဲ့ ဘယ်လိုလုပ် ခွန်အားချင်း ယှဉ်နိုင်ပါ့မလဲ”
ဇူယွမ်က မိုးကြိုးပစ် ချသလို ခံစားလိုက်ရ၏။ သူ့မျက်နှာပေါ်၌ အဖြူတစ်လှည့်၊ အစိမ်းတစ်လှည့် ဖြစ်နေကာ လုလျို့အား အံ့အားသင့်ဟန် ကြောင်အမ်းအမ်း ကြည့်မိလိုက်သည်။ သူက သူ့ရှက်ရွံ့မှုအား ဖုံးကွယ်ရန် ဒေါသတကြီး အော်လိုက်မိသည်။ “ပါးစပ်ပိတ်ထား”
သူက ကျူးယင်အား လက်သီးနှင့် ပတ်သက်၍ သန်မာကြောင်း ပြောဆိုသည်မှာ ရှင်းလင်းပါသည်။ သို့သော် လုလျို့က ထိုကိစ္စနှင့် ပတ်သက်၍ မည်သို့လှည့်ပတ် တွေးလိုက်သည် မသိပေ။ လုလျို့က သူ့ကိုကြည့်၍ မျက်နှာပြောင်လိုက်သည်။ သူက ကြမ်းကြုတ်ရက်စက်ပြီး အရှက်မရှိသော သူတစ်ယောက် ဖြစ်နေရသည်။
အနားမှာရှိသော ကျူးယင်က လုလျို့၏ စကားကို ကြားသောအခါ ချက်ချင်းပင် သူမက ပိုမိုရုပ်ဆိုး သွားမိသည်။ ကျူးယင်က ဒေါသထွက် လွန်းသဖြင့် သူမ၏ ဖွံ့ထွားရင့်မှည့် နေသော ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ပေါက်ကွဲ ထွက်တော့မည်ဟန် ရှိသည်။
“ခွေးကောင်။ ဒီနေ့ နင့်ကိုငါ မသေသေအောင် သတ်မယ်” ကျူးယင်က အလွန်အမင်း ဒေါသထွက်ပြီး တုန်ယင်စွာနှင့် ဇူယွမ်အား အော်ပြောလိုက်သည်။
”ဘုန်း”
အနီရောင် မူလချီများက သူမထံမှ ထွက်ပေါ်လာသည်။ မူလချီများမှာ မီးတောက်များ ဒေါမာန်တကြီး တောက်လောင် နေသကဲ့သို့ ရှိ၏။ အောက်ခြေရှိ မြေကြီးပင် စတင် အရည်ပျော် လာခဲ့ကာ ကြောက်မက်ဖွယ် ကောင်းသော အပူဓာတ်များ ထုတ်လွှတ်လျက်ရှိသည်။
“အနီရောင် နတ်ဆိုးလက်”
ကျူးယင်၏ အတွေးတစ်ချက် ဖြင့်ပင် အနီရောင် မီးတောက်များက အလွန်ကြီးမား လာပြီး ဇူယွမ်ထံသို့ ကျဆင်းလို့ လာသည်။
ဇူယွမ်က မနှောင့်နှေးရဲချေ။ သူ့ထံမှ နက်ရွှေရောင် မူလချီများ ချက်ချင်း ထွက်ပေါ်လာပြီး သူ့ခေါင်းအပေါ်မှ အခုံးသဏ္ဌာန် အကာအကွယ် ဖြစ်စေသည်။
”ဘုန်း … ဘုန်း”
မီးတောက်လက်က ပြင်းထန်စွာပင် ဆက်လက်ဝင်ရောက် တိုက်ခိုက်သည့်အတွက် ဇူယွမ်၏ နက်ရွှေရောင် မူလချီ အကာအကွယ်မှာ အဆုံးမရှိ တုန်ခါလာသည်။ သို့သော် မီးတောက်လက်က ထိုအကာအကွယ်အား လုံးဝ ပျက်စီးသွားအောင် မချိုးဖျက် နိုင်သေးပေ။
ဆယ့်နှစ်ကြိမ်ခန့် တိုက်ခိုက်ပြီးနောက် မှာတော့ ကျူးယင်က တဖြည်းဖြည်း စိတ်ပြန်ငြိမ်လာပြီး သူမမျက်လုံး ထဲ၌လည်း ပိုမိုလေးနက်လို့ လာသည်။
ပြီးခဲ့သော အပြန်အလှန် တိုက်ခိုက်မှုကြောင့် ဒီစဦးကောင်းကင် တံခါးအဆင့်သာ ရှိသေးသော လူငယ်က ထင်သလောက် မရိုးရှင်းမှန်း သူမက သိပေသည်။ သူ၏ မူလချီများမှာ များပြားပြည့်လျှံ နေပြီး စဦးကောင်းကင် တံခါးအဆင့်ထက် အလွန်သာလွန် နေကာ ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် ဖြင့်ပင် နှိုင်းယှဉ် နိုင်ပေသည်။ သူ့နက်ရွှေရောင် မူလချီများ ကလည်း အဆင့်မြင့်ချီများ ဖြစ်နေပြန်၏။
“ဟက် … ကျူးယင် ဆိုတဲ့ငါက နင့်လို ကောင်းကင်တံခါး အဆင့်လေးကို မကိုင်တွယ် နိုင်ဘူးဆိုတာ မယုံနိုင်ဘူး” ကျူးယင်က တစ်ဖန် ဒေါသ ထွက်လာပြန်သည်။ သူမ လက်ထဲမှာ နီရဲရဲ မီးယပ်တောင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ယပ်တောင်၏ မျက်နှာပြင်၌ မီးပုံစံများ ပြည့်နှက်နေပြီး ပြီးခဲ့သော မီးတောက်များ ထက်ပင် ပိုမိုလောင်ကျွမ်း နိုင်စွမ်းရှိပုံ ရသည်။ ယပ်တောင်ရှိ မီးပုံစံများမှာ ပျံသန်းနိုင်သော မီးအထူးပြု သားရဲတစ်ကောင် ထံမှ ထုတ်ယူထားသလို ရှိနေ၏။
“ငါ့ရဲ့ ငှက်ငါးကောင် မီးတောက် ယပ်တောင်ကို စမ်းကြည့်လိုက်စမ်း”
ကျူးယင်က မီးတောက်ယပ်တောင်ကို ဆတ်ခနဲ ဖြန့်ထုတ်လိုက်ရာ ကြီးမားသော အနီရောင် မီးတောက်ချီ လှိုင်းများက ထုတ်လွှတ်လို့ လာသည်။ မူလချီများက ကြီးမားသော မီးတောက်များ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ကို ဖုံးအုပ်စေသည်။ မီးတောက်များက မိုးရွာသလို ဇူယွမ်ထံသို့ တရစပ် ထိုးနှက် တိုက်ခိုက်လာသည်။
မီးတောက်တိုင်းက ကြီးစွာသော အဖျက်အဆီး စွမ်းအားများ ထုတ်လွှတ်နေပြီး ပေါက်ကွဲနေသည်။
မီးမိုးများက ဇူယွမ်အား ဝန်းရံ ထားသကဲ့သို့ ထင်ရ၏။ ဇူယွမ်က လက်ထဲရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံ မှာလည်း ရှည်မြောလာသည်။ ယွမ်စုတ်တံမှ အဖြူရောင် အမျှင်တန်းများက အပေါ်သို့ ထိုးတက်လာပြီး ဇူယွမ်အနားမှာ ဝန်းရံလာကာ အကာအကွယ် တစ်ခု ဖြစ်စေ၏။
”ဘန်း … ဘန်း”
မီးမိုးများက အမျှင်တန်း အကာအကွယ်နှင့် ထိပ်တိုက် တွေ့ဆုံမိသည်။ ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင် လေထုကိုပင် မီးမြှိုက် ဖျက်ဆီးနေသလို ထင်မှတ်ရ၏။ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အဖြူရောင် အမျှင်တန်းများက အနီရောင်သို့ ပြောင်းသွား၏။ သိုသော် ဇူယွမ်က စုတ်တံထိပ်ကို လှုပ်ယမ်း လိုက်သောအခါ အမျှင်တန်းများ တစ်ဖန် ပေါ်ထွက်လာကာ ပုံမှန် အခြေအနေသို့ ပြန်ရောက်သည်။
သို့သော် ခုလက်ရှိမှာ ကောင်းကင်ဘုံ ယွမ်စုတ်တံက အနက်ရောင် မူလလက်နက် တစ်ခုသာ ဖြစ်နေသော်လည်း လုံးဝ အံ့အားသင့်ဖွယ် ကောင်းလွန်းနေသည်။ အဖြူရောင်စုတ်တံ အမျှင်တန်းများက လောင်ကျွမ်းရန် မဖြစ်နိုင်သည့် ပုံပင်။
မီးမိုးများအား တားဆီးပြီးနောက် ဇူယွမ်က သူ့ရန်သူ နောက်ထပ် လှုပ်ရှားမှာကို ယဉ်ကျေးစွာ စောင့်မနေတော့ပေ။ သူက ရှေ့သို့ တစ်ဟုန်ထိုး တက်လိုက်ပြီး ယွမ်စုတ်တံ၏ အဖြူရောင် အမျှင်တန်း များကို ကြာဖူးသဏ္ဌာန် ဖြစ်စေလိုက်ကာ ကျူးယင်ထံသို့ လျှပ်စီးလက်သလို မြန်ဆန်စွာ တိုက်ခိုက်လိုက်၏။
ကျူးယင်က ထိုတိုက်ခိုက်မှုကို ယပ်တောင်နှင့် တားဆီးလိုက်ပြီး သူမနှုတ်ခမ်းကို ဟလိုက်ကာ အနီရောင် ချီမီးလုံး တစ်လုံး ထွက်ပေါ်လာပြီး ဇူယွမ်၏ မျက်နှာထံ ထိမှန်စေလိုက်သည်။
ဇူယွမ်၏ နှာခေါင်းထဲမှ နက်ရွှေရောင် မူလချီများ ထွက်ပေါ်လာပြီး မီးလုံးကို တားဆီးလိုက်သည်။
”ခလပ် ခလပ် ခလပ် … ”
သူတို့ နှစ်ယောက်ကြား အပြန်အလှန် တိုက်ခိုက်မှုက အလင်းပမာ မြန်ဆန်လှသည်။ စုတ်တံထိပ်နှင့် ယပ်တောင်တို့က တစ်ကြိမ်ပြီးတစ်ကြိမ် တွေ့ဆုံမိသည့် အချိန်တိုင်း မီးပွားများ ထတောက်ကြသည်။ နှစ်ယောက်လုံးက ရုန့်ရင်း ကြမ်းတမ်းစွာ တိုက်ခိုက်နေကြ၏။ သို့သော် တစ်ယောက်၏ တိုက်ခိုက်မှုတိုင်းကို နောက်တစ်ယောက်က ကာကွယ်နိုင်ကြသည်။
နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်နေကြစဉ် မှာပင် လုလျို့က ချည်နှောင်ခြင်း ခံထားရသော နှင်းခဲလေးထံ ရောက်ရှိနေ၏။ သူမက အံ့အားသင့်ဖွယ် အေးစက်နေသော ချီများကို လက်ထဲမှ ထုတ်ဖော်လိုက်ပြီး အနီရောင် မီးတောက် ကျာပွတ်နှင့် တိုက်ခိုက်ခြင်း ခံထားရသော နှင်းခဲလေး ကိုယ်ထဲသို့ စီးဆင်းစေလိုက်သည်။
လုလျို့က အံတင်းတင်း ကြိတ်ကာ ပြောလိုက်မိသည်။ “ရူးသွပ်နေတဲ့ မိန်းမ။ ငါ နှင်းခဲလေးကို လွတ်မြောက်အောင် လုပ်ပြီးရင် နင့်ကို ငါ့ရဲ့ အံ့အားသင့်ဖွယ်၊ ထိတ်လန့်ဖွယ် အရည်အချင်းကို ပြသပေးမယ်”
ကျူးယင်က လုလျို့၏ လှုပ်ရှားမှုကို အာရုံခံမိသည်။ ထို့ကြောင့် သူမက မျက်မှောင်ကြုတ် လိုက်မိပြီး စိတ်ထဲ၌ အနှောင့်အယှက် ဖြစ်လာသည်။ အစတုန်း ကတော့ သူမက ဇူယွမ်အား အလွယ်တကူ ရင်ဆိုင်နိုင်မှာပဲ ဟု တွေးထင်ခဲ့၏။ သို့သော် သူက အခုလို စွမ်းအားများ ပြည့်ဝနေမည်ဟု မည်သူက စိတ်ကူး နိုင်မည်နည်း။
လုလျို့က ရေခဲငှက်လေးကို လွတ်မြောက်အောင် လုပ်နိုင်မည် ဆိုပါက သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်လျှင် ကျူးယင်အဖို့ အလွန်အန္တရာယ် များသော အခြေအနေသို့ ရောက်ရှိ သွားပေလိမ့်မည်။
“ဒီခွေးကောင်ကို အဆုံးသတ်ပေးဖို့ လိုပြီ”
သူမ မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားသော ရက်စက်လိုမှု များက ဖြတ်ပြေးသွားသည်။ သူမက ရုတ်တရက် နောက်သို့ ဆုတ်လိုက်၏။ ထို့နောက် အသက်ပြင်းစွာ ရှူ၍ မီးယပ်တောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ အေးစက်စက် အလင်းတချို့ သူမမျက်လုံး ထဲ၌ ဖြတ်ပြေးလာသည်။ “အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဉ် မီးငှက်ငါးကောင်”
သူမက လျှာထိပ်ကို အနည်းငယ် ကိုက်လိုက်ကာ သွေးများက ယပ်တောင်ပေါ်သို့ ပြန့်ကျဲလာသည်။ ထို့နောက်သူမက စွမ်းအားပြည့် လွန်းလှသော ရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်သည်။
အနီရောင် မီးတောက်များက မြင့်တက်လာပြီး မီးလုံးအဖြစ်သို့ ပြောင်းလဲသည်။ မီးလုံးအထက်၌ မီးငှက် ငါးကောင်က လေထဲမှာ ကခုန်နေဟန် ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရ၏။ အလင်းမှော် စာလုံးများက မီးလုံးအနားမှာ ဝန်းရံလာပြီး ကြောက်မက်ဖွယ် ကောင်းသော အပူလှိုင်းများ တလှိုင်လှိုင် ထွက်ပေါ်လို့လာသည်။
ဤမီးလုံးက တောတစ်ခုလုံးအား ချစ်ချစ်တောက် ပူလောင်မှုကို ဖြစ်စေ၏။ အချိန်မရွေး မီးတောက်များအဖြစ် လောင်ကျွမ်း သွားစေနိုင်သော ခံစားမှုကိုလည်း ပေးစွမ်းနေသည်။
ဇူယွမ်က လုံးဝ တည်ကြည်လေးနက် နေသည်။ မီးလုံးက အဖျက်အဆီး စွမ်းအား များပြည့်နေသည်ကို တွေ့ရ၏။ ကောင်းကင်တံခါး အဆင့်လောက်ကို ပြောမနေပဲ တစ်ဝက်တစ်ပျက် မူလစဦး အဆင့်ဆိုလျှင်ပင် ထိုအရာဖြင့် တိုက်ခိုက်ခံရမည် ဆိုပါက ချက်ချင်း ပြာမှုန့် ဖြစ်သွားပေလိမ့်မည်။
ကျူးယင်က အမှန်တကယ်ပင် စွမ်းရည်အချို့ ရှိလေသည်။
လုလျို့က ဤအဖျက်စွမ်းအားကို အာရုံခံမိသည့် အတွက် အလျင်အမြန် လှမ်းအော်လိုက်သည်။ “ဇူယွမ် … မြန်မြန်နောက်ဆုတ်။ တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့် ကျင့်စဉ် …၊ ဒီစွမ်းအားက အရူးအမူး အားကောင်းတယ်”
ဇူယွမ်ကတော့ နည်းနည်းတောင် မလှုပ်ပေ။ သူ့အောက်ရှိ မူလချီ များကို စုဝေးလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူ့ပုံစံက အရေးတကြီး အလေးထားဟန် ရှိနေသည်။ လက်ငါးချောင်းကို အောက်သို့ ဆန့်ထုတ် လိုက်သည့်အခါ ရုတ်တရက် မိုးကြိုးများက သူ့ထံမှ ထွက်ပေါ်လာသည်။
“နင်က ငါ့ရဲ့ အဆင့်နိမ့် ကောင်းကင်ကျင့်စဉ် ကိုလည်း မင်းမြည်းစမ်း ကြည့်သင့်တယ်”
ဇူယွမ်၏ မျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ်များ တဖျတ်ဖျတ် တောက်လာတော့တယ် … ဒီအကြိမ်က သူ့အနေဖြင့် ထိုကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် ပထမဦးဆုံး အကြိမ် အသုံးပြုမှုပင် ဖြစ်သည်။ ထိုကျင့်စဉ်ကို စွမ်းအား အပြည့်အ၀ ထုတ်ဖော်လိုက်လျှင် မည်သို့ ဖြစ်မည်ကို သူ အမှန်တကယ်ပင် သိချင်လှသည်။
လေနှင့် မိုးကြိုးများက သူ၏ လက်ဖဝါးပေါ်တွင် စုစည်းလာခဲ့သည်။ အသက်ရှူချိန် ဒါဇင်ခန့်ကြာအောင် မူလချီ များကို ပေါင်းထည့်ပြီးနောက် လက်မ အချို့အချင်းရှိ အစိမ်းနက်ရောင် လေအလင်း မိုးကြိုးလုံးက သူ၏ လက်တွင် ဖြစ်တည်လာသည်။
“ကြီးမြတ်သော လေနှင့် မိုးကြိုး”
”၀ရုန်း …”
ဇူယွမ်၏ လက်မှာ အားကုန်ထည့်ကာ လှုပ်ရှားလိုက်သည်နှင့် အစိမ်းနက်ရောင် အလုံးသည် အမြောက်ဆန် တစ်ခုလို ထစ်ချုန်းသံ ပေးလျက် တိုးထွက်သွားသည်။
ခဏအကြာ မှာတော့။
မီးလုံးနှင့် မိုးကြိုးလုံးတို့ ရင်ဆိုင်မိသွားကြသည်။
”ဘုန်း”
လေထုထဲတွင် မီးစွမ်းအင်နှင့် မိုးကြိုးစွမ်းအင်တို့ ပြန့်ကျဲသွားပြီး အံ့အားသင့်ဖွယ် ကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။ တောထဲတွင် ပေတစ်ရာ အချင်းရှိ ကျတ်တီးမြေ တစ်ခုဖြစ်ပေါ် သွားပြီး မြေကြီးများပင် နက်မှောင်နေအောင် လောင်ကျွမ်းခြင်း ခံလိုက်ရသည်။
ကျူးယင်၏ ပုံရိပ်မှာ ပေါ်လာခဲ့သည်။ သူမက အံအားသင့် နေဟန်ရပြီး အစောပိုင်း တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အားလှိုင်းများက သူမ၏ မူလချီ များနှင့် သူမခန္ဓာကိုယ် အတွင်းမှ သွေးများကိုပင် တုန်ခါစေပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် သွေးများ ယိုစီးလာသည်။
“သူအခုဆိုရင် သေသွားသင့်ပြီ မလား” ကျူးယင်က အံကြိတ်ပြီး အရှေ့သို့ လှမ်းကြည့်လိုက်သည်။
ဖုန်များလွင့်ပြယ် သွားပြီးနောက် သူမ၏ မျက်နှာလေးမှာ နောက်ထပ် ဆိုးဝါးစွာ ပျက်ယွင်း သွားပြန်သည်။ ဇူယွမ်၏ ပုံရိပ်က အရင်နေရာမှ တစ်ဖဝါးမှ မရွေ့ပဲနှင့် သူ၏ အရှေ့တွင် အလင်းဒိုင်းကာ တစ်ခုရှိနေသည်။ ထို အလင်းဒိုင်းကာက ဇူယွမ်အား အားလှိုင်းများ တိုက်ခိုက်ခြင်းမှ အပြည့်အ၀ ကာကွယ်ပေးထားသည်။
“ကောင်းတယ် ဆက်လုပ်ထား ဇူယွမ်”
လုလျိုက အနီးမှနေ၍ ချီးကျူးလိုက်ကာ သူမ၏ မျက်လုံးတွင် အံ့အားသင့်မှု များဖြင့် ပြည့်နှက်နေသည်။ သူတို့ ပြန်တွေ့ပြီးနောက် ဇူယွမ်၏ သန်မာမှုက ဒီအဆင့်ထိ မြင့်တက်လာ လိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ခဲ့ ဖူးပေ။
ဇူယွမ်၏ သန်မာမှုက အသေအချာပင် သူမထက် လုံး၀ အားမနည်းပေ။
သူတော်စင် အကြွင်းအကျန် နယ်မြေကို ဝင်ရောက်ပြီးနောက် ဇူယွမ်၏ သန်မာမှုက လွန်စွာ မြင့်မားလာခဲ့သည်။
ကျူးယင်က ဒေါသထွက်စွာ သူမ၏ နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။ သူမက ဇူယွမ်ကို စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်ခုံးများက မြင့်တက်သွားကာ ရေရွတ်လိုက်သည်။ “ဇူယွမ်တဲ့လား ငါအခု ဒီနာမည်ကို ရင်းနှီးသလို ခံစားနေမိတယ်”
ခဏအကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြန်လည် အမှတ်ရ သွားတော့သည်။
“ဒါဆိုနင်က ၀ူဟောင်ရဲ့ ရန်သူတော်ကြီး ဖြစ်တဲ့ ဇူယွမ်လား”
ကျူးယင်က အေးစက်စက် ရယ်မောလိုက်ပြီး “ကောင်းလိုက်တာ နင့်ရဲ့ရန်သူတော် ကြီးလည်း ဒီမှာရှိတယ်။ နင်နဲ့ အတူကစားဖို့ ငါသူ့ကို ခေါ်ပေးပါမယ်”
သူမက စကားဆုံးသည်နှင့် လက်ကို တစ်ချက်ယမ်းလိုက်ပြီး မီးလုံးတစ်လုံးကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ မီးလုံးက ပေါက်ကွဲသွားပြီး တစ်မူထူးခြားသော လှိုင်းတစ်ခု ထုတ်လွှတ်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဇူယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ၀ူဟောင်ကလည်း ဒီမှာ ရှိနေတာလား။
ကျူးယင် အချက်ပြပြီး မကြာခင်မှာပဲ ဇူယွမ်၏ နားထဲတွင် လေတိုးသံများ ကြားလိုက်ရပြီး အဆုံးမှာတော့ အဝေး တစ်နေရာမှ ဖြည်းညင်းစွာ လမ်းလျှောက်လာသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။
တစ်ယောက်က ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ၀ူဟောင်ဖြစ်သည်။
နောက်တစ်ယောက်က အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးများက အနက်ရောင်ဝဲကြီး အသွင်ဖြစ်နေပြီး အံ့အားသင့်ဖွယ် သန်မာသော ခံစားချက်ကို ပေးစွမ်းသည်။
၀ူဟောင်က လက်နောက်ပစ်လျက် အရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ သူဇူယွမ်ကို မြင်သောအခါ ခဏ ရပ်တန့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။