လျှပ်စီးတာအို ပထမတွဲသည် အမှန်ပင် အထင်ကြီးဖွယ်ကောင်းပေသည်။ သို့သော် မမလေးထံတွင် ပို၍ကောင်းသည့်အရာရှိလိမ့်မည်ဟု ဝမ်ပေါင်လဲ့ခံစားနေရသည်။ သူသည် အနက်ရောင်မျက်နှာဖုံးလေးကို စိတ်အားထက်သန်စွာ ထုတ်ယူလိုက်ပြီး ပုံရိပ်ယောင်နယ်မြေကို စတင်လိုက်သည်။ သူမျက်လုံးပြန်ဖွင့်လိုက်ရာ သူသည် ပုံရိပ်ယောင်နယ်မြေအတွင်း ရပ်နေပေပြီ။
သူသည် နှင်းများဖုံးလွှမ်းနေသောလွင်ပြင်တစ်ခုတွင် ရပ်နေ၏။ အရိုးစိမ့်အောင်အေးသည့် ဆောင်းလေပြေလေး တိုက်ခိုက်သွားရာ လေတိုးသံကြားလိုက်ရသည်။ ယခုအကြိမ် သူ ပုံရိပ်ယောင်နယ်မြေအတွင်းသို့ ဝင်ခဲ့ပုံသည် ယခင်ကဝင်ခဲ့သောအကြိမ်များနှင့် ကွဲပြားလေသည်။ သူသည် မမလေးကို ခေါ်စရာမလိုခဲ့ပေ။ သူသည် အဝေးတွင်ရှိနေသော သူမကိုမြင်နိုင်ပေသည်။ သူမသည် နတ်သမီတမျှလှပပြီး သူမ၏ ပိတုန်းရောင်ဆံနွယ်များနှင့် အဖြူရောင်ဝတ်ရုံသည် ဆောင်းလေပြေ၊ လေညင်းထဲတွင် ဝဲလွင့်နေသည်။ သူမသည် ဝမ်ပေါင်လဲ့ကို ကျောပေး၍ ရပ်နေ၏။ သူမ၏မျက်နှာကို လေပြေလေညင်းလေးများ တိုးဝှေ့နေပြီး သူမ၏အကြည့်သည် ပုံရိပ်ယောင်နယ်မြေ၏ ဝေးကွာသောမိုးကုပ်စက်ဝိုင်းအပေါ် ကျရောက်နေပုံပေါ်လေသည်။
သူသည် သူမ၏မျက်နှာကိုမမြင်ရဘဲ ဝဲလွင့်နေသည့် သူမ၏ဆံပင်ရှည်ကြီးကိုသာ မြင်ရလေသည်။ သူသည် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းကိုလည်း မမြင်နိုင်ဘဲ လေတွင်ဝဲနေသည့် သူမ၏ဝတ်ရုံဖြူကိုသာမြင်ရပေသည်။
သူမသည် ဤလောကမှမဟုတ်သည့်သူတစ်ယောက်ကဲ့သို့ ထင်ရပေသည်။ ထိုခံစားချက်သည် နှင်းဖုံးလွှမ်းနေသောလွင်ပြင်တစ်ပြင်လုံးပေါ်သို့ ကျရောက်သွားသောအခါ ထိုနှင်းလွင်ပြင်ကို မသေမျိုးများ၏ နတ်ဘုံတစ်ခုဟူ၍ပင် ထင်မိသွားလေသည်။ သူမ၏နောက်ကျောကိုငေးကြည့်နေရုံဖြင့်ပင် ငေးကြည့်နေသူသည် ရှက်ရွံလာကာ အပြစ်ရှိသကဲ့သို့ခံစားလာရမည် ဖြစ်သည်။ သူမ၏အရှေ့တွင် တန်ခိုးအာဏာကြီးမားသူများပင် ဦးညွှတ်ကာ သူတို့တွင်ရှိသမျှအရာအားလုံးကို သူမကို ဆက်သလိုက်မည်ဟု ထင်ရပေသည်။
အကယ်၍ ထိုမြင်ကွင်းကိုသာ ပန်းချီကားတစ်ချပ်တွင် ထည့်ဆွဲခဲ့ပါက မမလေးသည် ပန်းချီကားအတွင်းရှိ ထူးကဲလှပသောမိန်းမပျိုလေးဖြစ်ပေလိမ့်မည်။ သူမ၏ အလှသည် သိမ်မွေ့သောအလှဖြစ်ပြီး သူမသည် ဤလောကမှ မဟုတ်နိုင်သော နတ်သမီးတစ်ပါးဟုပင် ထင်ရပေသည်။ သူမသည် လေနှင့်အတူလွင့်စင်ပျောက်ကွယ်သွားတော့မည့်အလားပင်။
ဝမ်ပေါင်လဲ့သည် သူ့မျက်စိရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း သူ့ရင်ထဲရှိ ခံစားချက်များကို မထိန်းချုပ်နိုင်ဖြစ်လာသည်။
အမှန်တွင် မမလေး၏ ဖြူဖွေးနူးညံ့လှပသော အချိုးအစားကျလှသည့် မျက်နှာလေးကို ဝမ်ပေါင်လဲ့၏မျက်စိဖြင့် မမြင်နိုင်ချေ။ သူမ၏ မျက်လုံးများသည် အဝေးရှိမိုးကုပ်စက်ဝိုင်းကိုကြည့်နေသည့်ဟန်ရှိသော်လည်း အမှန်တွင် ထိုအကြည့်များထဲ၌ မရိုးဖြောင့်သောအရိပ်အယောင်များနှင့် မိမိကိုယ်ကိုကျေနပ်နေသော အရိပ်အယောင်များ ရှိနေလေသည်။
‘ ဒီဖက်တီးလေးက ဒီရက်ပိုင်းမှာ ငါ့ကိုသိပ်ပြီး လေးစားတဲ့ပုံမပြဘူး။ သူ့ရဲ့မျက်လုံးတွေကလည်း နှာဘူးမျက်လုံးတွေ။ ငါ လကမ္ဘာပေါ်မှာ သူ့အတွက်လုပ်ပေးခဲ့တာတွေအတွက် သူ ငါ့ကိုကျေးဇူးတင်နေတာကို အသုံးချပြီး ဒီ သခင်-ကျွန် ဆက်ဆံရေးမှာ ဘယ်သူက သခင်ဆိုတာကို သိသိသာသာပြပေးရမှာပေါ့ ’
အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော မိန်းမပျိုလေးသည် ထိုသို့တွေးမိသွားသောအခါ သူမ၏မေးကို မော့လိုက်လေသည်။ သူမ၏မျက်ဝန်းများအတွင်းရှိ အလင်းကြောင့် သူမ၏အလှသည် ပို၍ပင်ပေါ်လွင်နေပေသည်။ ထိုအလှတရားသည် ကြည့်မိသူတိုင်းကို ရူးသွပ်သွားစေကာ သူမကို လိုလိုချင်ချင် ဦးညွှတ်လာစေမည့် အလှတရားမျိုးဖြစ်သည်။
ဝမ်ပေါင်လဲ့၏ အသက်ရှူသံများ မြန်လာ၏။ သူသည် မမလေးထံမှထွက်ပေါ်နေသော နူးညံ့သိမ်မွေ့သည့် အငွေ့အသက်များကို ခံစားနိုင်လေသည်။ သူ့ရင်ထဲတွင် သိလိုစိတ်များပြင်းပြလာ၏။ သူသည် လကမ္ဘာပေါ်တွင် တွေ့ကြုံခဲ့သည်များနှင့် သူသေမင်းနှုတ်ခမ်းဝမှ သီသီလေးလွတ်လာသည့်အကြောင်းကို ပြန်တွေးတောလိုက်သည်။ မမလေးသာမရှိပါက သူသည် ကမ္ဘာမြေပေါ်သို့ပြန်လာကာ နေမင်းကြီးကို ထပ်မံကြည့်ခွင့်ရှိတော့မည်မဟုတ်ကြောင်း တွေးတောလိုက်သည်။ ထိုသို့သာဆိုလျှင် သူသည် ဤလောကကြီးကို နှုတ်ဆက်သွားရမည်ဖြစ်သည်။
ထိုအတွေးများသည် ဝမ်ပေါင်လဲ့၏လှုပ်ရှားနေသောစိတ်ကို အတန်ငယ်တည်ငြိမ်သွားစေလေသည်။ သူသည် ထိုထူးကဲလှပသောမမလေး၏နောက်ကျောကိုကြည့်ကာ အတန်ငယ်ဦးညွှတ်လိုက်သည်။
ဆက်၍ပြောရန် မရှိတော့ပေ။ ထိုတစ်ချက်ဖြင့်ပင် ပွဲသိမ်းသွားပေပြီ။ ဝမ်ပေါင်လဲ့သည် မမလေးဆီသို့ တိတ်တဆိတ်လျှောက်သွားလိုက်ပြီး သူမ၏ဘေးတွင် ရပ်လိုက်သည်။ သူသည် သူမနှင့်ဘေးချင်းယှဉ်ရပ်၍ အဝေးရှိ မိုးကုပ်စက်ဝိုင်းကိုငေးကြည့်လိုက်သည်။
ပုံရိပ်ယောင်နယ်မြေအတွင်းတွင် အချိန် ရပ်တန့်သွားသကဲ့သို့ပင်။ ပုံရိပ်ယောင်နယ်မြေ၏ ကောင်းကင်အောက်တွင် ဝမ်ပေါင်လဲ့နှင့် မိန်းမပျိုလေးသည် ကျဆင်းနေသောနှင်းများအကြားတွင်ရပ်ကာ အဝေးရှိ ကောင်းကင်ကို တိတ်တဆိတ်ငေးကြည့်နေကြလေသည်။ နှင်းပွင့်များသည် သူတို့၏ဆံပင်များပေါ်သို့ ကျဆင်းနေပြီး ဆံပင်ပေါ်တွင် အေးခဲ၍ဆက်ရှိနေကြသည်။ ထိုသို့ဖြင့် သူတို့၏ဆံပင်များသည် မကြာခင် စွတ်စွတ်ဖြူသွားနိုင်ပေသည်။
ထိုမြင်ကွင်းသည် လှပသောပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ ဝမ်ပေါင်လဲ့၏ စိတ်သည် တဖြည်းဖြည်းဖြင့် တည်ငြိမ်အေးချမ်းလာသည်။ ထိုတည်ငြိမ်အေးချမ်းမှုသည် သူယခင်က တစ်ခါမှမခံစားခဲ့ဖူးသည် ခံစားချက်ဖြစ်သည်။ သူသည် လောက၏ဝန်ထုပ်ဝန်ပိုးများမှ ကင်းလွတ်သွားသကဲ့သို့ပင်။ နှင်းဖုံးလွင်ပြင်သည် သူကို စိတ်အပန်းပြေစေလေသည်။ သူသည် သူ့ဘေးရှိ မမလေးကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ကွဲပြားသောအလင်းတစ်ချက်လက်သွား၏။
မမလေးသည် ဝမ်ပေါင်လဲ့ကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။ သူမသည် သူမလုပ်ဆောင်ထားသည့်မြင်ကွင်းများ၏ သက်ရောက်မှုကို လွန်စွာကျေနပ်နေလေသည်။ သူမသည် ထပ်၍ တိုးမြှင့်လုပ်ဆောင်ရန် ဟန်ပြင်လိုက်စဉ် ဝမ်ပေါင်လဲ့သည် ခပ်ဖွဖွချောင်းဟန့်ကာ သူ၏ညာဘက်လက်ကိုမြှောက်၍ အာလူးကြော်တစ်ထုတ်ကို ထုတ်ယူလိုက်၏။ သူသည် အာလူးကြော်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေပေရာ ခံစားချက်ကလေး ရုတ်ခြည်း ပျက်ဆီးသွားလေသည်။
အာလူးကြော်ဝါးသံများသည် နှင်းလွင်ပြင်ထဲကို ထွင်းဖောက်ပျံ့နှံ့နေ၏။ ထိုအခိုက်တွင်… မိန်းမပျိုလေးသည် ဘေးသို့လှည့်၍ ဝမ်ပေါင်လဲ့ကိုကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့ အနည်းငယ်ရှက်သွားပုံပေါ်၏။ သူ ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး အာလူးကြော်ထုတ်ကို မမလေးထံလှမ်းပေးလိုက်သည်။
“ မမလေးရော စားချင်လို့လား… ဒီနယ်မြေထဲမှာ ကျွန်တော်တို့ မုန့်စားလို့ရမှန်းမသိခဲ့ဘူး။ အရသာက တကယ့်လောကအစစ်ထဲက မုန့်တွေရဲ့အရသာအတိုင်းပဲ… စားပါဦး… ဒါကအသားကင်အရသာလေ… ”
“ တော်ပါပြီ ”
မမလေးသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူမသည် ကြီးထွားလာသောဒေါသများကို ပြန်မျိုသိပ်လိုက်ပြီး ဆက်၍ တည်တည်ငြိမ်ငြိမ်နှင့် ဟန်မပျက်နေနိုင်ရန် ကြိုးစားလိုက်သည်။ သူမသည် ဝမ်ပေါင်လဲ့ကို အေးစက်စက်ကြည့်လိုက်သည်။ သူမ၏ထိုအကြည့်သည် မည်သူ့ကိုမဆို သူတို့ကိုယ်သူတို့ရှက်ရွံ့သွားစေမည်ဖြစ်ကြောင်းကို သူမ၏အတွေ့အကြုံများအရ သိလေသည်။
အမှန်ပင် ထိုကဲ့သို့ ဖြစ်ခဲ့လေသည်။ သူမ၏အကြည့်အောက်တွင် ဝမ်ပေါင်လဲ့သည် ရှက်ကိုးရှက်ကန်း စတင်ခံစားလိုက်ရသည်။ သူသည် အာလူးကြော်ထုတ်ကို ပြန်သိမ်းလိုက်ပြီး ဝိညာဉ်ရေခဲရေတစ်ပုလင်းကို ထုတ်လိုက်သည်။ သူသည် တစ်ငုံမျှသောက်လိုက်ပြီး မမလေးကိုကြည့်ကာ ဆက်သောက်လိုက်လေသည်။
ဝတ်ရုံဖြူနှင့် မိန်းမပျိုလေးသည် ဝမ်ပေါင်လဲ့လုပ်နေသည့်အရာများကို ကြည့်၍ လက်တစ်ဖက်မြှောက်၍ သူမ၏နှဖူးကို ထိန်းကိုင်လိုက်လေသည်။ သူမသည် ကျွဲပါးစောင်းတီးနေသကဲ့သို့ ခံစားနေရပြီး ရင်ထဲတွင် ကြိတ်မှိတ်သည်းခံလိုက်ရသည်။ ထို့နောက် သူမသည် သူမ၏ညာလက်ကို ရုတ်တရက် မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ဝမ်ပေါင်လဲ့၏အရှေ့တွင် ပုံရိပ်ယောင်ကျောက်စိမ်းပြားတစ်ပြားပေါ်လာ၏။
“ အနန္တသစ်သားရေခဲနှလုံးသား ပညာရပ်ပဲ။ ဒီအတတ်က မင်းအတွက်အသင့်တော်ဆုံး အခြေတည်အဆင့်ပညာရပ်ပဲ။ မင်းဒီကိုလာခဲ့တာလည်း ဒီအတွက်ကြောင့်ပဲမလား။ ယူပြီး ထွက်သွားတော့ ”
ဝမ်ပေါင်လဲ့၏မျက်လုံးများ အရောင်လက်သွား၏။ သူသည် အနည်းငယ် ရှက်နေပုံပေါ်သော်လည်း ကျောက်စိမ်းပြားကို ချက်ချင်းဆုပ်ကိုင်လိုက်လေသည်။ ထိုပညာရပ်သည် ဓာတ်ကြီးငါးပါးထဲမှ သစ်သားဓာတ်ကို အခြေခံသော ပညာရပ်ဖြစ်ကြောင်း သူသဘောပေါက်လေသည်။ ထိုပညာရပ်သည် အတန်ငယ်ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲသည်။ ထို့ပြင် ထိုပညာရပ်သည် ဓာတ်ငါးပါးပေါင်းစည်းအတတ်ကဲ့သို့ အထင်ကြီးစရာမကောင်းပေ။ သူသည် အနည်းငယ် စိတ်ပျက်သွား၏။ သူသည် မမလေးကိုကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သည်။
“ ဘာလဲ… ပြောစရာရှိတာပြော ”
ဝတ်ရုံဖြူနှင့်မိန်းမပျိုလေးသည် ဝမ်ပေါင်လဲ့၏ မျက်နှာထားကိုတွေ့သဖြင့် မျက်ခုံးပင့်ကာပြောလိုက်သည်။
ဝမ်ပေါင်လဲ့သည် မမလေးက သူ့ကိုပြောခိုင်းသည်ကို ကြားလိုက်သောအခါ ခါးမတ်မတ်ရပ်လိုက်သည်။ သူသည် သူ၏တောင်းဆိုချက်ကို ခပ်မြန်မြန်ပြောလိုက်ပြီး အရေးကြီးသောနောက်ဆုံးအချက်ကိုလည်း ထည့်ပြောလိုက်သည်။
“ ကျွန်တော်က တကယ်ကိုစွမ်းအားကြီးတဲ့ ပညာရပ်မျိုးကိုလိုချင်တာ။ အဲ့ပညာရပ်ကိုမြင်လိုက်တာနဲ့ လူတွေရဲ့ရင်ထဲမှာ အကြောက်တရားတွေဝင်လာမယ့် စွမ်းအားကြီးပညာရပ်မျိုးပေါ့ ”
သူမသည် ဝမ်ပေါင်လဲ့ပြောသည့်စကားကိုကြားသောအခါ မျက်လုံးများ အရောင်စူးရှလာလေသည်။ သူမသည် ရည်မှန်းချက်ကြီးသော ဝမ်ပေါင်လဲ့ကို မည်သည့်အခါမှ မမေ့နိုင်မည့် သင်ခန်းစာတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် ကိုယ့်အလားအလာကို ကိုယ်တိုင်မှန်မှန်ကန်ကန်သိအောင် သင်ယူရပေမည်။ လမ်းမလျှောက်တတ်ခင် ပြေးချင်၍မရကြောင်း သိရပေမည်။ ထိုသို့မသိလျှင် သူသည် စွမ်းအားကြီး၍ ထူးကဲသာလွန်သောအဆင့်သို့ မည်ကဲ့သို့ ရောက်နိုင်မည်နည်း။ သူမ၏ မျက်ဝန်းများထဲတွင် မထင်ရှားသောအလင်းတစ်ချက် ဖြတ်သန်းသွားပြီး ချောင်းဟန့်လိုက်သည်။
“ အဲ့လိုလား… ငါ စဉ်းစားပါရစေဦး…အင်း… ငါ့မှာ ဒဏ္ဍာရီလာ မှော်ပညာရပ်တစ်ခုတော့ရှိတယ်။ အဲဒီပညာရပ်က မင်းရှာနေတာနဲ့ ကွက်တိပဲ။ အဲ့ဒါကိုသာ သုံးလိုက်ရင် ကောင်းကင်နဲ့မြေကြီးကိုပါ ရွှေ့ပစ်နိုင်တယ်။ အဲ့ပညာရပ်ကို မြင်လိုက်ရတဲ့သူတိုင်းရဲ့ ရင်ထဲမှာ အကြောက်တရားတွေ ပြည့်နှက်သွားလိမ့်မယ်။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်သွားလိမ့်မယ် ”
“ ဒဏ္ဍာရီလာ မှော်ပညာရပ်ဟုတ်လား ”
ဝမ်ပေါင်လဲ့သည် ထိုစကားများကိုကြားလိုက်ရသောအခါ ချက်ချင်းခါးမတ်သွားသည်။ သူသည် မတ်မတ်ရပ်၍ ဂရုတစိုက်နားထောင်လိုက်သည်။
“ ဟုတ်တယ်… အနန္တသစ်သားရေခဲနှလုံးသား ပညာရပ်ထက် အဆပေါင်းများစွာပိုကြီး စွမ်းအားကြီးတဲ့ ဒဏ္ဍာရီလာပညာရပ်ပဲ။ အဲ့ ပညာရပ်နှစ်ခုရဲ့ အဆင့်က တော်တော်လေးကွာခြားတယ်။ မင်းသာ အဲ့ပညာရပ်ကို တတ်ကျွမ်းသွားရင် ပြိုင်ဘက်ကင်းတစ်ယောက်နီးပါးဖြစ်လာမှာပဲ။ အဲ့ပညာရပ်ရဲ့ နာမည်က တကယ်ကောင်းတယ်… ရုပ်အလောင်းမျက်နှာပညာရပ်တဲ့ ”
“ အဲ့ပညာရပ်ရဲ့ နာမည်အပြည့်အစုံကတော့… အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်တဲ့… ဘယ်လိုလဲ… အဲ့နာမည်က အမှန်တကယ်စွမ်းအားကြီးတယ်လို့ မထင်ရဘူးလား ”
သူမသည် ဘေးသို့လှည့်၍ ဝမ်ပေါင်လဲ့ကို တက်ကြွသောအရိပ်အယောင်များ တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ အဲဒါက… တကယ့်ကို စွမ်းအားကြီးတယ်လို့ ထင်ရတာပဲ။ ဒါပေမယ့် အဲ့နာမည်က နည်းနည်းကြောက်စရာကောင်းတယ်လို့ ခံစားနေရတာလဲ ”
ဝမ်ပေါင်လဲ့သည် အတန်ငယ်မှင်တက်သွားပြီးနောက် သူ၏ခေါင်းကိုကုတ်လိုက်သည်။
“ ကြောက်စရာကောင်းတယ်လို့ မင်းခံစားရနိုင်ပါတယ်…ဒါပေမဲ့ မင်းရဲ့ရန်သူတွေသာ အဲ့ပညာရပ်ကို မျက်ဝါးထင်ထင်မြင်လိုက်ရရင် ပိုတောင်ကြောက်သွားကြလိမ့်ဦးမယ် ”
သူမသည် အခိုင်အမာပြောလိုက်၏။ သူမ၏မျက်ဝန်းအတွင်းရှိ တက်ကြွမှုများသည် ပို၍တောက်ပလာသည်။ သူမသည် ဝမ်ပေါင်လဲ့၏ ပခုံးကိုပင် ပုတ်လိုက်သေးသည်။
“ အဲဒါက… အဓိပ္ပာယ်တော့ရှိပုံပေါ်ပါတယ်… ”
ဝမ်ပေါင်လဲ့ တုန်လှုပ်သွား၏။ ဝတ်ရုံဖြူနှင့် မိန်းမပျိုလေးသည် သူ့ကိုစဉ်းစားချိန်မပေးခဲ့ပေ။ သူမသည် အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်သည် မည်သို့အလုပ်လုပ်ကြောင်း ချက်ချင်းအသေးစိတ်ရှင်းပြလိုက်၏။
ထိုအမှောင်ပညာရပ်တွင် ဝိညာဉ်ချီအတွင်း၌တွေ့ရသော အရာတစ်မျိုးပါဝင်လေသည်။ ဝတ်ရုံဖြူနှင့်မိန်းမပျိုသည် လူသားများ၏ ဝိညာဉ်ချီအပေါ်နားလည်မှုသည် လိုအပ်ချက်များရှိနေသေးကြောင်း ဝမ်ပေါင်လဲ့ကို ရှင်းပြလိုက်၏။ သာမန်ကျင့်ကြံသူတစ်ဦးသည် ဝိညာဉ်ချီကို ထုတ်လွှတ်နိုင်သော်လည်း ဝိညာဉ်ချီကိုအပြည့်အဝမစုပ်ယူနိုင်ပေ။ စုပ်ယူခြင်းကိုခုခံသော တစ်စိတ်တစ်ပိုင်းသည် အမြဲကျန်ခဲ့မည်ဖြစ်ပြီး ၎င်းသည် လူသားခန္ဓာကိုယ်အတွင်းမှ သဘာဝအတိုင်း စွန့်ထုတ်ပစ်ခြင်းကိုခံရမည်ဖြစ်သည်။
ကမ္ဘာမြေပေါ်ရှိ ကျင့်ကြံသူကိုးဆယ့်ကိုးရာခိုင်နှုန်းသည် ကျင့်ကြံခြင်းလုပ်ငန်းစဉ်အတွင်း ထိုအရာကို စွန့်ထုတ်နိုင်စွမ်းရှိကြလေသည်။ ထိုမှသာ အတားအဆီးမရှိ ဆက်ကျင့်ကြံနိုင်မည်ဖြစ်သည်။
သို့သော် အမှန်တွင် ထိုစွန့်ထုတ်ခံရသော အရာကိုလည်း ကျင့်ကြံခြင်းတွင် အသုံးပြုနိုင်ပေသည်။ ထိုသို့ဖြင့် အမှောင်ပညာရပ်ဟုခေါ်သော ပညာရပ်များ ပေါက်ဖွားလာခြင်းပင်။
သူမလာခဲ့သောနေရာတွင် ဝိညာဉ်ချီအတွင်း တွေ့ရသည့် စွန့်ထုတ်ခံရသည့်အရာကို အမှောင်ဝိညာဉ်ချီဟုခေါ်လေသည်။
အမှောင်ပညာရပ်ကိုကျင့်ကြံလျှင် ကျင့်ကြံသူသည် အမှောင်ဝိညာဉ်ချီကို စုပ်ယူနိုင်လာပြီး ခန္ဓာကိုယ်အတွင်း အမှောင်မီးတောက်တန်းတစ်ခုကို ဖန်တီးနိုင်လေသည်။ ထိုမီးတောက်သည် လောကအတွင်းရှိ မည်သည့်အရာကိုမဆို လောင်ကျွမ်းနိုင်သည်။ ၎င်း၏အစွမ်းသည် လွန်စွာကြီးမားရာ စကားလုံးများဖြင့်ပင် မဖော်ပြနိုင်ပေ။ အမှောင်ဝိညာဉ်ချီသည် သာမန်ဝိညာဉ်ချီနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ပို၍အစွမ်းကြီးသော အရည်အသွေးရှိလေသည်။ ထို့ကြောင့် ထိုကျင့်ကြံခြင်းပညာရပ်သည် အနည်းနှင့်အများဆိုသလို အခြားကျင့်ကြံခြင်းပညာရပ်အားလုံးကို အနိုင်ယူနိုင်ပေသည်။
အမှောင်ပညာရပ်ကို ကျင့်ကြံချိန်တွင် ကျင့်ကြံသူသည် အခြေတည်အစောပိုင်းအဆင့်၌ သူ၏ခန္ဓာကိုယ်အတွင်း အမှောင်မီးတောက်တန်းတစ်ခုကို ဖန်တီးနိုင်သည်။ အခြေတည်အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားလျှင် နောက်ထပ်အမှောင်မီးတောက်တစ်ခု ထပ်မံပေါက်ဖွားလာမည်ဖြစ်သည်။ အကယ်၍ ကျင့်ကြံသူသည် တတိယမြောက် အမှောင်မီးတောက်တန်းတစ်ခုကို ထပ်၍ဖန်တီးနိုင်ပါက ထိုတတိယမီးတောက်ကို ဖန်တီးသည့်ဖြစ်စဉ်ကိုမှီခို၍ အခြေတည်အလယ်အလတ်အဆင့်မှနေ၍ အခြေတည်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းသွားနိုင်ပေသည်။
အချိန်ကျလာလျှင် ထိုအမှောင်မီးတောက်တန်းသုံးတန်းသည် တစ်တန်းတည်းအဖြစ်ပေါင်းစည်းသွားကာ ဆိုးဝါးမီးတောက်တစ်ခုအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအဆင့်ရောက်သွားလျှင် ကျင့်ကြံသူသည် အခြေတည်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ထိုအမှောင်ပညာရပ်ကို ရုပ်အလောင်းမျက်နှာဟု ခေါ်ရခြင်းမှာ ထိုပညာရပ်၏ လုပ်ဆောင်ပုံကြောင့်ဖြစ်သည်။ ၎င်း၏အစွမ်းသည် ၎င်း၏အမည်နှင့် တူပေသည်။
ကျင့်ကြံသူသည် အမှောင်မီးတောက်ကိုသုံး၍ ရန်သူ၏မျက်နှာပေါ်တွင် ရေးခြယ်နိုင်လေသည်။ ပထမဦးဆုံး ရုပ်အလောင်းမျက်ခုံးများ၊ ထို့နောက် ရုပ်အလောင်းမျက်လုံးများ၊ ပြီးနောက် ရုပ်အလောင်းနှာခေါင်းနှင့် နှုတ်ခမ်းများ … ထိုသိုဖြင့် နောက်ဆုံးတွင် ရုပ်အလောင်းမျက်နှာတစ်ခုကိုရမည် ဖြစ်သည်။
ရုပ်အလောင်းမျက်နှာတစ်ခု ဖြစ်ပေါ်လာလျှင် ၎င်းသည် ပေါက်ကွဲကာ အရာအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် မမလေး၏ပြောပြချက်များကို နားထောင်ပြီးသောအခါ မျက်လုံးပြူးသွားလေသည်။ သူသည် ရုတ်တရက် ပင့်သက်ရှိုက်လိုက်၏။ သူ၏ ကျောရိုးတစ်လျှောက် အေးစက်စက်အငွေ့အသက်တစ်ခု စီးဆင်းသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကြောင်း ခံစားလိုက်ရသည်။ ထိုအမှောင်ပညာရပ်သည် အလွန်ကိုးရိုးကားရားနိုင်လေသည်။
“ ဒါက… ”
ဝမ်ပေါင်လဲ့ တွန့်ဆုတ်နေ၏။ မမလေးသည် သူ့ကိုအရူးလုပ်နေခြင်းဖြစ်နိုင်သည်ဟု သူခံစားနေရ၏။
မိန်းမပျိုလေးသည် ဝမ်ပေါင်လဲ့၏တွန့်ဆုတ်နေသည့်ဟန်ကိုမြင်သောအခါ မျက်ဝန်းများထဲတွင် တက်ကြွမှုများ ပို၍တောက်ပလာသည်။ သူမသည် အမှောင်ပညာရပ်သည် မည်သို့အထင်ကြီးစရာကောင်းသည်ကို ဆက်၍ရှည်ရှည်လျားလျားရှင်းပြလိုက်သည်။ သူမသည် ဝမ်ပေါင်လဲ့မှာ သံသယဖြစ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသောအခါ စူးစူးဝါးဝါးကြည့်လိုက်၏။
“ ငါ့ကိုပြောစမ်းပါ ဝမ်ပေါင်လဲ့ရဲ့… မင်း ရှေးဟောင်းသိုင်းအဆင့်မှာပဲရှိကတည်းကနေ အခုထိ ငါကမင်းကို ဘယ်နှစ်ခါများ လမ်းမှားကို ပို့ဖူးလို့လဲ ”
ဝမ်ပေါင်လဲ့သည် မမလေး၏ စကားကို တွေးတောကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ရှက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရလေသည်။ မမလေး၏ စကားသည်အမှန်ပင်။ မမလေးသည် သူ့ကို အစကတည်းက ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပေသည်။ သူမသည် သူ့ကို တစ်ခါမှ မလိမ်ခဲ့ဖူးပေ။
“ ကျွန်တော် သင်ယူပါ့မယ်… မမလေးပြောတာ မှန်ပါတယ်။ မမလေးက ကျွန်တော့်ကို တစ်ခါမှ မလိမ်ခဲ့ဖူးပါဘူး ”
ဝမ်ပေါင်လဲ့ ပြတ်ပြတ်သားသားခေါင်းညိတ်ပြလိုက်သည်။
ဝတ်ရုံဖြူနှင့် မိန်းမပျိုသည် ထိုစကားကိုကြားသောအခါ အလွန်အမင်းဝမ်းသာသွား၏။ ထို့နောက် သူမသည် မည်သည်ကြောင့်မှန်းမသိဘဲ စိတ်ပျက်မှုကို စတင်ခံစားလိုက်ရ၏။ သူမသည် ဝမ်ပေါင်လဲ့ကို အကြိမ်မည်မျှ အရူးလုပ်ခဲ့ကြောင်းကို သူမဘာသာပင် မမှတ်မိတော့ချေ။ သူမသည် ထိုဖက်တီး သူ့ကိုယ်သူအရူးလုပ်တော့မည်ကို ကြည့်ရန် ပြင်ဆင်ထားသည့်အခါတိုင်း ထိုဖက်တီးသည် သူမ၏မျှော်လင့်ချက်များကို ကျော်လွန်သွားနိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။ ထိုအရာသည် ဖက်တီး၏ မွေးရာပါအစွမ်းပေလော၊ အခြားအကြောင်းတစ်ခုခုကြောင့်ပေလောကို သူမ မသိပေ။ သူမသည် သူမကိုယ်သူမပင် သံသယဝင်မိလုနီးပါး ဖြစ်နေသည်။
‘ ဒါပေမဲ့ ဒီတစ်ခါတော့ ရွှေခန္ဓာကိုယ်လို ကိစ္စမျိုးဖြစ်လာမှာမဟုတ်ပါဘူး။ ဒါက တားမြစ်ထားတဲ့ ဒဏ္ဍာရီလာ မှော်အတတ်ပဲ။ ငါလည်း အနန္တသစ်သားရေခဲနှလုံးသားပညာရပ်ကို အထင်သေးခဲ့ပြီး မကျင့်ကြံချင်ခဲ့ဘူး။ ဒီနည်းနဲ့ပဲ ငါ့အမေက ငါ့ကို အရာအားလုံးရဲ့ အမှန်တရားကိုမြင်အောင် ပညာပေးခဲ့တာ။ အဲဒီလိုနဲ့ ငါက စွမ်းအားကြီးပြီး ထူးခြားတဲ့ အဖွဲ့ကိုဝင်ခဲ့တယ် … ငါတောင် အမှောင်ပညာရပ်ကို မကျွမ်းကျင်ခဲ့ဘူး။ ငါ အဲ့ပညာရပ်ကို သင်ယူဖို့ကြိုးစားရင်း အခက်အခဲဘယ်လောက်ကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာ ပြောနေစရာတောင်မလိုဘူး။ နောက်ဆုံးတော့ တခြားတစ်ယောက် အဲ့အခက်အခဲတွေ ခံစားရတာကို မြင်ရတော့မယ်။ သူ ကျွမ်းကျင်တဲ့ထိ ကျင့်ကြံနိုင်လိမ့်မယ်လို့ ငါမယုံဘူး ’